အခန်း (၁၅၅-၁၅၆)
Vol. 13 Ch. 155-156
အခန်း(၁၅၅)
အော်ကပ်စ်မြို့ ဟာ ရွှေရောင်လမ်းမကြီး ကုန်သွယ်မှုကြောင့် အရင်တုန်းက ရေလူသားတွေနဲ့ နဂါးမျိုးနွယ်တွေ မကြာခဏ လာရောက်တတ်တဲ့ နေရာဖြစ်ခဲ့တယ်။ ဒါကြောင့် ဘက်သ်နဲ့ လူကြီးအချို့ဟာ ဒီသူစိမ်းတွေဆီမှာ နဂါးသွေးပါဝင်နေတာကို ရိပ်မိလိုက်ကြတာပါ။
တစ်ချက်ကြည့်လိုက်ရုံနဲ့တင် ဒီဒရာဂွန်ဘွန်းတွေဆီမှာ မှော်စွမ်းအင်နဲ့ ပါရမီတွေ ပြည့်လျှံနေတာဟာ သူတို့ရဲ့ နဂါးသွေးမျိုးဆက် ဆက်နွှယ်မှုကြောင့်ဆိုတာ သူတို့ သိလိုက်ကြတယ်။
"ခွင့်လွှတ်ပါ တန်ခိုးရှင်တို့" လို့ ဘက်သ်က ဒရာဂွန်ဘွန်းတွေဆီ ရိုရိုသေသေ ချဉ်းကပ်ရင်း ပြောလိုက်တယ်။
"သင်တို့ရဲ့ နာမည်တွေကို သိခွင့်ရမလားရှင့်"
ဒရာဂွန်ဘွန်းတွေထဲမှာ သူမရဲ့ မေးခွန်းကို ပြန်ဖြေနိုင်တာဆိုလို့ ရှီနာတစ်ယောက်ပဲ ရှိတယ်။ ဂျာကူ ကတော့ ပျင်းနေလို့ အကြောဆန့်နေတုန်း၊ ယူမီစု ကတော့ ဘယ်သူနဲ့မှ စကားမပြောရဲဘဲ ကြောက်နေတုန်း၊ ဇိုင်ယွန် ကတော့ ကလေးတွေရှေ့မှာ သူ့စွမ်းရည်တွေကို ထုတ်ကြွားနေတာနဲ့ အလုပ်ရှုပ်နေလို့ပါပဲ။
"ကျွန်မတို့က ရီနေးတားကုမ္ပဏီရဲ့ ကိုယ်စားလှယ်တွေပါ" လို့ သူမက ဂုဏ်ယူစွာ ပြန်ဖြေလိုက်တယ်။
ဘက်သ်နဲ့ လူကြီးတွေ အချင်းချင်း ကြည့်လိုက်ကြပြီး ဒီကုမ္ပဏီနာမည်ကို တစ်ခါမှ မကြားဖူးဘူးဆိုတာ သဘောပေါက်သွားကြတယ်။
"ကျွန်မတို့မြို့ကို ရွေးချယ်ပြီး ဆိုက်ရောက်လာတာ ဂုဏ်ယူမိပါတယ်၊ ဒါပေမဲ့ သင်တို့လို မျိုးရိုးမြင့်တဲ့အဖွဲ့ကို ကောင်းကောင်းမွန်မွန် ကြိုဆိုဖို့အတွက် ကျွန်မတို့ဆီမှာ ဘာအရင်းအမြစ်မှ မရှိတော့တာကို စိတ်မကောင်းဖြစ်မိပါတယ်။ သင်တို့ရဲ့ နှစ်ပေါင်းများစွာ ကြာမြင့်ခဲ့တဲ့ ခရီးစဉ်ကို အလဟဿ ဖြစ်စေခဲ့သလို ဖြစ်သွားပေမဲ့ ကျွန်မတို့မြို့က အခြေအနေလုံးဝမကောင်းတော့လို့ပါ"
အော်ကပ်စ်မြို့က ဒေသခံတွေအားလုံးဟာ ဒရာဂွန်ဘွန်းတွေဘက်ကို ခေါင်းငုံ့ပြီး သူတို့ရဲ့ ချို့ယွင်းချက်တွေအတွက် တောင်းပန်လိုက်ကြတယ်။
ဒရာကောနစ် မျိုးနွယ်ဝင် အဖွဲ့တစ်ဖွဲ့ကို ကြိုဆိုဖို့ဆိုရင် အနည်းဆုံး တစ်ပတ်လောက်ကြာအောင် သိုးတွေ၊ နွားတွေနဲ့ စားသောက်ပွဲကြီး ကျင်းပပေးဖို့ လိုအပ်တာကိုး။
"ဒါက ဘာမှမဟုတ်ပါဘူး၊ အများဆုံး ရက်အနည်းငယ်လောက်ပဲ ကြာတာပါ" လို့ ဂျာကူ က မော်တော်ကားကို ပေါ့ပေါ့ပါးပါး မှီရင်း ပြောလိုက်တယ်။
ဘက်သ်က ခေါင်းလေးစောင်းပြီး "ရက်အနည်းငယ်ပဲ ဟုတ်လား... မေးရတာ အားနာပေမဲ့ သင်တို့ ပင်လယ်ရပ်ခြားကနေ လာတာ မဟုတ်ဘူးလား"
ဒရာဂွန်ဘွန်းတွေက ခေါင်းခါပြလိုက်ကြတယ်။ အဲဒီနောက် ရှီနာ က တိုက်ကြီးကို ပိုင်းခြားထားတဲ့ တောင်တန်းကြီးတွေရဲ့ ဘေးနားက မြေပြန့်လွင်ပြင်တွေဆီကို လက်ညှိုးထိုးပြလိုက်တယ်။
"ကျွန်မတို့ ကင်းစ်နယ်မြေကနေ လာတာပါ" လို့ ရှီနာ က ပြန်ဖြေတယ်။
ဒါက ဒေသခံတွေကို ပိုပြီး ဇဝေဇဝါ ဖြစ်စေခဲ့တယ်။ အကယ်၍ ဒရာဂွန်ဘွန်းတွေက ကင်းစ်နယ်မြေ ကနေ လာတာဆိုရင် သူတို့ ဖြတ်သန်းလာနိုင်တာဆိုလို့ လူပုနိုင်ငံတစ်ခုပဲ ရှိတယ်။ ဒါပေမဲ့ လူပုနိုင်ငံဟာ တန်ခိုးကြီးတဲ့ နဂါးမျိုးနွယ်တွေနဲ့တောင် စီးပွားရေးလုပ်ဖို့ ငြင်းပယ်ထားတယ်ဆိုတာ လူတိုင်းသိထားတဲ့ အချက်ပဲလေ။
"နဂါးဘုရင်မက လူပုဘုရင်ကို သဘောတူညီချက်တစ်ခုအတွက် ဖျောင်းဖျနိုင်လိုက်တာလား" လို့ ဘက်သ်က သူမဘာသာ တိုးတိုးလေး ရေရွတ်လိုက်မိတယ်။
"နဂါးဘုရင်မ ဟုတ်လား" လို့ ဇိုင်ယွန် က ကြားဖြတ်ပြောလိုက်တယ်။
"မဟုတ်ဘူးလေ၊ လူပုဘုရင်နဲ့ သဘောတူညီချက်လုပ်ခဲ့တာက ကျွန်တော်တို့ရဲ့ သခင်ပါ"
ဘက်သ်အနေနဲ့ ဒီထက်ပိုပြီး ဇဝေဇဝါ မဖြစ်နိုင်တော့ပါဘူး။
"ကုမ္ပဏီတစ်ခုက လူပုနိုင်ငံနဲ့ မဟာမိတ်ဖွဲ့နိုင်ခဲ့တယ် ဟုတ်လား၊ ဒါဆိုရင်တော့ သတ္တုမြင်းရထားတွေအကြောင်း သိသာသွားပြီပေါ့... ဒီ ရီနေးတားကုမ္ပဏီဆိုတာ ဘာကြီးလဲ"
ရွှေရောင်လမ်းမကြီး အထွန်းကားဆုံး အချိန်တုန်းကတောင် ဘယ်လူပုကိုယ်စားလှယ်မှ ကုန်သွယ်မှုမှာ ပါဝင်တာမျိုး သူမ မကြားဖူးခဲ့ပါဘူး။ လူပုတွေအတွက် ရွှေဒင်္ဂါးသန်းပေါင်းများစွာ အမြတ်ထွက်နိုင်မယ့် အခြေအနေမျိုးမှာတောင် သူတို့က တံခါးပိတ်ဝါဒကိုပဲ ဆက်လက် ကျင့်သုံးခဲ့ကြတာပါ။
အခုတော့ ကုမ္ပဏီတစ်ခုတည်းကတင် အဲဒီခေါင်းမာတဲ့ လူပုတွေရဲ့ စိတ်ကို ပြောင်းလဲနိုင်ခဲ့တယ် ဟုတ်လား။ နဂါးမျိုးနွယ်တစ်ခုလုံး ဒါမှမဟုတ် နတ်သူငယ်တွေတောင် မဟုတ်ဘဲ ကုမ္ပဏီတစ်ခုတည်းကနော်။
အကယ်၍ ရွှေရောင်လမ်းမကြီးသာ ရှိနေသေးရင် ဒီသတင်းက ကွင်းစ်နယ်မြေ တစ်ခုလုံးကို ဟိုးလေးတကျော် ပျံ့နှံ့သွားမှာပါ။ ရက်အနည်းငယ်အတွင်းမှာတင် လူတိုင်းဟာ လူပုတွေရဲ့ ပစ္စည်းတွေအကြောင်း စုံစမ်းဖို့ ရီနေးတားကုမ္ပဏီရဲ့ တံခါးဝကို လာခေါက်ကြမှာ အသေအချာပဲ။
ဥပမာပြောရရင် ဒမတ်စကတ်စတီးလ်ဆိုရင် တကယ့်ကို ရောင်းပန်းလှတဲ့ ကုန်ပစ္စည်းတစ်ခု ဖြစ်လာမှာပါ။ ရွှေရောင်လမ်းမကြီးခေတ်တုန်းကတောင် အဲဒါကို ဈေးကွက်ထဲ ထုတ်လိုက်တာနဲ့ ဈေးပြိုင်လုတာတွေ ဖြစ်တတ်ကြတယ်။
ဟက်ဖေးစတပ်စ် ကုမ္ပဏီဆိုရင် သူတို့ရနိုင်သမျှ ဒမတ်စကတ်စတီးလ်တွေကို အကုန်ဝယ်ဖို့အတွက် ပိုက်ဆံတွေကို လေထဲ ကျဲပစ်နိုင်လောက်အောင် နာမည်ကြီးခဲ့တာပါ။
"ရွှေရောင်လမ်းမကြီး ပျောက်ကွယ်သွားပြီးနောက် ဈေးကွက်မှာ အပြောင်းအလဲတွေ အများကြီး ဖြစ်သွားတာပဲ" လို့ ဘက်သ်က မှတ်ချက်ပေးလိုက်တယ်။
"ဒါပေမဲ့ ကျွန်မတို့ ပြောခဲ့သလိုပဲ၊ ကျွန်မတို့မြို့က သင်တို့ကို ကြိုဆိုဖို့ အဆင်သင့် မဖြစ်သေးပါဘူး။ နဂါးဘုရင်မကိုလည်း ကျွန်မတို့ရဲ့ တောင်းပန်စကား ပါးပေးပါဦး"
"ကျွန်မတို့က နဂါးဘုရင်မရဲ့ လက်အောက်ခံတွေ မဟုတ်ပါဘူး" လို့ ရှီနာ က ချက်ချင်း ပြန်ပြောလိုက်တယ်။
ဘက်သ်က ဒရာဂွန်ဘွန်းတွေရဲ့ လွှမ်းမိုးမှု အပြည့်ရှိနေတဲ့ သူတို့ရဲ့ မျက်နှာတွေကို ကြည့်လိုက်မိတယ်။ အကယ်၍ သူတို့က နဂါးမျိုးနွယ် မဟုတ်ဘူးဆိုရင် ဘာတွေများလဲ။
"ဒီနားလည်မှုလွဲတာကို ကျွန်မ ဖြေရှင်းပေးနိုင်မယ် ထင်တယ်" လို့ အမျိုးသမီး အသံတစ်ခု ထွက်လာတယ်။
ယူနာနဲ့ သူမရဲ့ အော့ဂ်အစေခံ အက်ဂ်နက်စ်တို့ဟာ မိုက်ကယ်ရဲ့ ကမ်ပါဗန်နောက်က မော်တော်ကားထဲကနေ ထွက်လာကြတယ်။
"မောင့်ဂိုမာရီ မိသားစုရဲ့ အငယ်ဆုံးသမီးလေးပဲ" လို့ ဘက်သ်က မှတ်မိသွားတယ်။
လွန်ခဲ့တဲ့ ရက်သတ္တပတ်အနည်းငယ်က အဲဒီကလေးမလေး သူတို့ဆီကို လာလည်ခဲ့တာကို သူမ မှတ်မိနေတာပါ။
သူမက မောင့်ဂိုမာရီ မျိုးနွယ်ဝင်တစ်ယောက် ဖြစ်တာကြောင့် ဘက်သ်နဲ့ ဒေသခံတွေဟာ ယူနာကို တရိုတသေ ဆက်ဆံကြတယ်။ ဘာလို့လဲဆိုတော့ သူတို့မိသားစုဟာ ရွှေရောင်လမ်းမကြီး ပေါ်မှာ နေ့တိုင်း ဖြစ်ပျက်နေတဲ့ ပဋိပက္ခတွေနဲ့ ရန်ပွဲတွေကို ဖြေရှင်းပေးရာမှာ နာမည်ကြီးလို့ပါပဲ။
သူတို့ဆီမှာ အငြင်းပွားမှုတွေကို ဆုံးဖြတ်ပေးနိုင်တဲ့ အာဏာရှိတာကြောင့် ကွင်းစ်နယ်မြေ ရဲ့ နယ်မြေတိုင်းမှာ သြဇာအာဏာအများကြီး ရှိကြတာပါ။
"သခင်မလေးယူနာ" လို့ ဘက်သ်က ဦးညွှတ်နှုတ်ဆက်လိုက်ပြီး ယူနာ ကလည်း ပြန်ပြီး ဦးညွှတ်လိုက်တယ်။
"ကျွန်မတို့ကို ရီနေးတား ကုမ္ပဏီအကြောင်း ရှင်းပြပေးနိုင်မလားရှင့်"
ယူနာ ကတော့ မျှော်လင့်ထားတဲ့အတိုင်းပဲ အော်ကပ်စ်မြို့က ဒေသခံတွေ နားလည်နိုင်မယ့် စကားလုံးတွေနဲ့ ကင်းစ်နယ်မြေထဲမှာ ဘာတွေ ဖြစ်ပျက်နေသလဲဆိုတာကို ရှင်းပြပေးလိုက်ပါတော့တယ်။
သူမက သူတို့ကို ရီနေးတားနိုင်ငံတော် အကြောင်းနဲ့ ရီနေးတားအရောင်းဌာန ရှိတဲ့ နယ်မြေတိုင်းမှာ ရေနဲ့ အစားအစာတွေ ဘယ်လောက် ပေါများနေသလဲဆိုတာကို ပြောပြလိုက်တယ်။
ရီနေးတားကုမ္ပဏီက လုပ်ဆောင်နိုင်ခဲ့တဲ့ အောင်မြင်မှုတစ်ခုချင်းစီကို ယူနာ ပြောပြနေတုန်းမှာ ဘက်သ်နဲ့ ကလေးတွေကတော့ အံ့သြတုန်လှုပ်နေကြတာပေါ့။ ညီညာတဲ့ ကွန်ကရစ်လမ်းတွေကနေ အလကားရနေတဲ့ ရေပိုက်စနစ်တွေအထိ အရာအားလုံးဟာ အိပ်မက်တစ်ခုလိုပါပဲ။
"ကြယ်စင်မြို့တော် ဟုတ်လား... ဝိုး..." လို့ ကလေးတစ်ယောက်က မျက်လုံးလေးတွေ တောက်ပရင်း ရေရွတ်လိုက်တယ်။
"အဲဒီမှာဆိုရင် ဒင်္ဂါးအနည်းငယ်နဲ့တင် သတ္တုမြင်းရထားကို လူတိုင်း စီးလို့ရတာလား"
"ငါ အဲဒီကို သွားချင်တယ်၊ အဲဒီမှာ နေချင်တယ်"
ဇိုင်ယွန် ကလည်း သခင်လေးမိုက်ကယ်လို့ ခေါ်တဲ့ သူ့သခင်အကြောင်းကို လိမ်တစ်ဝက်၊ အရှိတစ်ဝက်၊ အပိုတစ်ဝက်တွေနဲ့ ပုံပြင်တွေ ပြောပြနေပါတော့တယ်။
ကလေးတွေကတော့ သူ့ရဲ့ ပုံပြင်တွေကို အံ့သြမှင်သက်တဲ့ အမူအရာတွေနဲ့ နားထောင်နေကြတာပေါ့။
တစ်ဖက်မှာတော့ ဘက်သ်က ယူနာကို မယုံကြည်နိုင်တဲ့ မျက်နှာနဲ့ ကြည့်နေမိတယ်။
"သခင်မလေးက ရီနေးတားကုမ္ပဏီနဲ့ ပတ်သက်နေတာလား"
ယူနာ က ခေါင်းညိတ်လိုက်တယ်။
"ကျွန်မ သူတို့ကို နည်းနည်းလောက် ကူညီပေးနေတာပါ"
ဘက်သ်အနေနဲ့ မယုံနိုင်အောင် ဖြစ်နေရတယ်။ မောင့်ဂိုမာရီ မျိုးနွယ်ဝင်တစ်ယောက်နဲ့ သံတမန်တစ်ယောက်အနေနဲ့ ယူနာ ဟာ ဘယ်ဘက်ကိုမှ ဘက်မလိုက်တဲ့ တရားစီရင်ရေးအဖွဲ့ဝင်တစ်ယောက် ဖြစ်သင့်တာလေ။
မောင့်ဂိုမာရီတွေဟာ တရားသူကြီးတွေလို ပြုမူကြတာပါ။ ဒါကြောင့် သူတို့နဲ့ ပတ်သက်တဲ့ အမှုအခင်းတွေ ရှိလာတဲ့အခါ သူတို့ဘက်ကနေ ရပ်တည်ပေးဖို့ မျှော်လင့်ချက်နဲ့ သူတို့ကို မျက်နှာချိုသွေးချင်တဲ့လူတွေ အများကြီး ရှိနေတာပါ။
တော်ဝင်မျိုးနွယ်အချို့နဲ့ ချမ်းသာတဲ့ စီးပွားရေးသမားတွေဟာ မောင့်ဂိုမာရီ ရဲ့ မျက်နှာသာပေးမှုကို ရဖို့ ကြိုးစားခဲ့ကြပေမဲ့ အားလုံး ကျရှုံးခဲ့ကြရတာပါ။
ဒါပေမဲ့ အခုတော့ ကင်းစ်နယ်မြေ က ကုမ္ပဏီတစ်ခုတည်းကတင် မောင့်ဂိုမာရီရဲ့ အငယ်ဆုံးသမီးလေး၊ သူမရဲ့ အဘွားနောက်ကို ဆက်ခံမယ့် မိန်းကလေးရဲ့ မျက်နှာသာပေးမှုကို ရရှိသွားခဲ့ပြီ ဟုတ်လား။
ယူနာ သာ လူသားမျိုးနွယ်တစ်ခုလုံးရဲ့ အမြင့်ဆုံးတရားသူကြီး ဖြစ်လာခဲ့မယ်ဆိုရင်ပေါ့။
ပြီးတော့ ရီနေးတားကုမ္ပဏီသာ သူမလို အဆင့်အတန်းရှိတဲ့သူကို သူတို့ဘက်မှာ ရထားမယ်ဆိုရင်တော့ ဒါဟာ သူတို့ကို မတရားသဖြင့် အသာစီးရသွားစေဖို့ အလွန် လွယ်ကူသွားစေမှာပါ။
* * * * * * * * *
စာစဉ်(၁၃)
အခန်း(၁၅၆)
ရီနေးတားကုမ္ပဏီမှာ အလွန်အမင်း အဆင့်မြင့်တဲ့နည်းပညာတွေ ရှိနေတယ်။ သူတို့မှာ နဂါးမျိုးနွယ်တွေနဲ့ နှိုင်းယှဉ်လို့ရတဲ့ လူတစ်ပိုင်းသတ္တဝါတွေ ရှိနေတယ်။ မောင့်ဂိုမာရီ မျိုးနွယ်ရဲ့ အကူအညီကို ရထားတယ်။ အရေးကြီးဆုံးကတော့ ဘယ်သူမှ မလုပ်နိုင်ခဲ့ဖူးတဲ့ လူပုနိုင်ငံနဲ့ ကုန်သွယ်ခွင့်ကိုပါ ရရှိထားတာပါပဲ။
ဒါတွေအားလုံးက ဘက်သ်ကို တွေးတောမိစေတာကတော့ -
ဒီကုမ္ပဏီရဲ့ နောက်ကွယ်က ကြိုးကိုင်သူက ဘယ်သူလဲ။ နှစ်အနည်းငယ် အတွင်းမှာတင် ဒီလောက်အထိ အောင်မြင်တဲ့ စီးပွားရေးလုပ်ငန်းတစ်ခုကို ဘယ်သူက ဖန်တီးနိုင်ခဲ့တာလဲ။
"ရီနေးတား ကုမ္ပဏီအနေနဲ့ ကျွန်မတို့ဆီကို လာရောက်လည်ပတ်ပေးတာ ကျေးဇူးတင်ပါတယ်" လို့ ဘက်သ်က တတ်နိုင်သမျှ ရိုရိုသေသေ ပြောလိုက်တယ်။ သူမဟာ အော့စဘုန်း အစုအဖွဲ့၊ ဂိုးလ်စတုန်း အုပ်စုနဲ့ ဗန်ဒါဘစ် စီးပွားရေးလုပ်ငန်းတွေလိုမျိုး အဆင့်အတန်းမြင့်တဲ့ ကုမ္ပဏီတစ်ခုရှေ့မှာ ရောက်နေတာကိုး။
"ကျွန်မတို့ ဘာများ ကူညီပေးရမလဲရှင့်" လို့ သူမက သူတို့ကို မေးလိုက်တယ်။
"ပထမဆုံးအနေနဲ့ ကျွန်မတို့က ကျွန်မတို့ရဲ့ သခင်ကို လာတွေ့တာပါ၊ သူ ဒီမှာ ရှိနေရမယ်" လို့ ရှီနာ က ပတ်ဝန်းကျင်ကို ဝေ့ကြည့်ရင်း ပြောလိုက်တယ်။
အဲဒါကို ကြားလိုက်ရတဲ့အခါ ဘက်သ် ထိတ်လန့်သွားတယ်။ နဂါးကြီးတစ်ကောင်က ကောင်းကင်ပေါ်မှာ တစ်နေရာရာကနေ သူတို့ရဲ့ လှုပ်ရှားမှုတိုင်းကို စောင့်ကြည့်နေမလားလို့ တွေးမိတာနဲ့တင် သူမ ရင်တုန်လာရတယ်။
သူမရဲ့ စိတ်ထဲမှာတော့ ဒီလောက်အထိ အောင်မြင်တဲ့ ကုမ္ပဏီကို ဖန်တီးနိုင်တာဆိုလို့ နဂါးတစ်ကောင်ပဲ ရှိနိုင်မယ်လို့ ထင်နေတာပါ။
"ကျွန်မတို့ သင်တို့ရဲ့ သခင်ကို မတွေ့မိသေးပါဘူး" လို့ ဘက်သ်က ဒရာဂွန်ဘွန်းတွေကို ဦးညွှတ်ရင်း ပြောလိုက်တယ်။
"အို... သူ ဒီမှာပဲလေ၊ သခင်လေးမိုက်ကယ်" လို့ ရှီနာ က ဘက်သ်ရဲ့ နောက်မှာ ရှိနေတဲ့ ရွှေရောင်ဆံပင်နဲ့ ကောင်လေးကို မြင်လိုက်တဲ့အခါ လှမ်းပြီး လက်ယပ်ခေါ်လိုက်ပါတော့တယ်။
မိုက်ကယ်ကတော့ ရွှေရောင်လမ်းမကြီး ရဲ့ ပျက်စီးနေတဲ့ အကြွင်းအကျန်တွေကို ကြည့်ရင်းနဲ့ အာရုံရောက်နေတုန်းပါပဲ။ ရှီနာ လှမ်းခေါ်လိုက်တော့မှ သူက သတိဝင်လာပြီး သူတို့ကို ပြန်ပြီး လက်ပြလိုက်တယ်။
တစ်ဖက်မှာတော့ ဘက်သ်က ရှီနာကို ကြောင်တောင်တောင်နဲ့ ကြည့်နေမိတယ်။ သူမ လက်ပြနေတာက သူမဘက်ကို မဟုတ်ဘဲ သူမရဲ့ နောက်ဘက်ကိုဆိုတာ သိဖို့ စက္ကန့်အနည်းငယ် အချိန်ယူလိုက်ရတယ်။
သူမ နောက်လှည့်ကြည့်လိုက်တဲ့အခါမှာတော့ ကလေးအချို့နဲ့ သူတို့ရဲ့ လူသစ်လေး မိုက်ကယ်ကလွဲလို့ ဘယ်သူ့မှ မတွေ့ရပါဘူး။
ဒရာဂွန်ဘွန်းတွေက မိုက်ကယ် ဆီကို လျှောက်သွားကြပြီး သူက အကြာကြီး ပျောက်နေခဲ့သလိုမျိုး ပျော်ရွှင်စွာနဲ့ ကြိုဆိုနှုတ်ဆက်ကြတယ်။
"သခင်၊ ကျွန်တော့်ကိုလည်း အဲဒီအရိပ်စွမ်းရည်ပေးပါဦး၊ နော်... နော်... ကျွန်တော်လည်း တယ်လီပို့ လုပ်ချင်လို့ပါ"
မိုက်ကယ်က ရယ်မောလိုက်ပြီး ကလေးဆန်တဲ့ ဇိုင်ယွန်ကို နှစ်သိမ့်လိုက်တယ်။
"တောင်းပန်ပါတယ် ငါ့ညီရာ၊ အဲဒါအတွက်က ကိုယ်ခံပညာရပ်မန္တန်လိုအပ်တယ်။ ငါ နောက်ထပ်မန္တန် တွေ အများကြီး ရလာတဲ့အခါ မင်းရဲ့ စွမ်းရည်တွေနဲ့ ကိုက်ညီအောင် ပြန်ပြင်ပေးမယ်နော်"
ယူနာကလည်း သူ့အနားကို တိုးသွားပြီး နှုတ်ခမ်းဆူပြလိုက်တယ်။
"အဲဒီအရိပ်ဂျူဆုမှာ နောက်ထပ် လူပိုတစ်ယောက်စာအတွက် နေရာမရှိဘူးလား"
တစ်ဖက်မှာတော့ ဘက်သ်နဲ့ ကျန်တဲ့ ဒေသခံတွေဟာ ဒီမြင်ကွင်းကို ပါးစပ်အဟောင်းသားနဲ့ ကြည့်နေကြရပါတော့တယ်။
သူတို့ ပြောနေတဲ့ သခင်ဆိုတာ လွန်ခဲ့တဲ့ အချိန်လေးတင်ကမှ သူတို့နဲ့အတူ ရှိနေတဲ့ မိုက်ကယ် ဖြစ်လိမ့်မယ်လို့ သူတို့ ဘယ်တုန်းကမှ မထင်ထားခဲ့မိပါဘူး။ တစ်တိုက်လုံးမှာ အမြန်ဆုံး ကြီးထွားနေတဲ့ စီးပွားရေးလုပ်ငန်းကြီးကို အသက်ဆယ့်တစ်နှစ်အရွယ် ကောင်လေးတစ်ယောက်က တာဝန်ယူထားတယ်ဆိုတာကို ဘယ်သူကမှ စိတ်ကူးတောင် မယဉ်ဖူးကြဘူးလေ။
"မိုက်ကယ်... ဒါ... ဒါက တကယ်ပဲလား" လို့ ဘက်သ်က မယုံနိုင်တဲ့ မျက်နှာထားနဲ့ မေးလိုက်တယ်။
"ဒီ မော်တော်ကားတွေ အားလုံးက မင်းပိုင်တာလား"
"မင်းမှာ အစားအသောက်နဲ့ ရေတွေ ပေါများတဲ့ ကိုယ်ပိုင်နိုင်ငံတော် ရှိတာလား"
"ဒါဆို မင်းက ရွှေဒင်္ဂါးထောင်ပေါင်းများစွာ ရှာနေတာပေါ့"
ကလေးတွေက မိုက်ကယ်ကို ပေါင်မုန့်ဖဲ့ပေးတုန်းကလိုပဲ သူ့ကို ဝိုင်းအုံနေကြပြန်တယ်။ ဒါပေမဲ့ အခုတော့ သူတို့ရဲ့ မျက်လုံးတွေထဲမှာ အံ့သြမှင်သက်တဲ့ အကြည့်တွေနဲ့ပေါ့။
"ဟဲဟဲ၊ ဟုတ်ပါတယ်။ ကျွန်တော်က ရီနေးတားကုမ္ပဏီရဲ့ ပိုင်ရှင်ပါ" လို့ သူက အပြစ်ရှိသလို ခံစားချက်နဲ့ ဝန်ခံလိုက်တယ်။
"ခင်ဗျားတို့ကို စောစောကတည်းက ပြောပြသင့်တာပါ"
"ဒါပေမဲ့ ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ၊ မင်းက ကလေးတစ်ယောက်ပဲ ရှိသေးတာလေ" လို့ ဘက်သ်က အော်ဟစ်လိုက်တယ်။ သူမ သနားမိခဲ့တဲ့ အကူအညီမဲ့နေတဲ့ ကလေးလေးက ဘီလီယံနာတစ်ယောက် ဖြစ်နေတာကိုး။
"အဲဒီစကားကို ကျွန်တော် ခဏခဏ ကြားဖူးပါတယ်" လို့ သူက သူမကို ပြောလိုက်တယ်။
"ဒါပေမဲ့ ကျွန်တော် ပြန်ဖြေနိုင်တာကတော့ ကျွန်တော်က မြင်ရတဲ့ အရွယ်ထက် ပိုကြီးတယ်ဆိုတာပါပဲ ဟဲဟဲ"
မိုက်ကယ်က သူမဘက်ကို လှည့်လိုက်တယ်။
"ကျွန်တော် ဒီနေရာကို ကိုယ်တိုင် လာကြည့်ချင်ခဲ့တာ၊ သင်တို့သိတဲ့အတိုင်း ကိုယ်တိုင်မြင်ချင်လို့ပေါ့။ ကျွန်တော် မြင်ခဲ့ရတဲ့အရာတွေက ကျွန်တော့်ကို တကယ်ကို ထိတ်လန့်သွားစေခဲ့ပါတယ်။
ခင်ဗျားတို့မှာ စားစရာ သိပ်မရှိတာတောင် ခင်ဗျားတို့ရဲ့ အစားအသောက်တွေကို ကျွန်တော်နဲ့ ဝေမျှပေးခဲ့ကြတယ်။ ဒီပတ်ဝန်းကျင်ရဲ့ ဆိုးရွားတဲ့ အခြေအနေတွေကြားမှာတောင် ကျွန်တော့်ကို ကူညီဖို့ ခင်ဗျားတို့ တွန့်ဆုတ်မနေခဲ့ကြဘူး။
အခုတော့ ခင်ဗျားတို့ ကျွန်တော့်ကို ပေးခဲ့တဲ့ ပေါင်မုန့်တွေအတွက် ကျွန်တော့်ဘက်က လက်ဆောင်လေးတစ်ခုနဲ့ ကျေးဇူးပြန်ဆပ်ချင်ပါတယ်"
အဲဒီနောက် သူက ရှီနာ ဘက်ကို လှည့်ပြီး မေးလိုက်တယ်၊
"ငါတို့ရဲ့ ဝန်စည်တွေ ကောင်းကောင်းမွန်မွန် ရောက်လာရဲ့လား"
အဖြူရောင်အကြေးခွံတွေရှိတဲ့ ဒရာဂွန်ဘွန်းမလေးက ခေါင်းညိတ်ပြလိုက်ပြီး မိုက်ကယ်ဆီကို သူတို့ သယ်လာတဲ့ ကုန်တင်ကားတွေကို ပြသလိုက်ပါတော့တယ်။
သူမက လက်ဖျောက်တစ်ချက် တီးလိုက်တာနဲ့ ကုန်တင်ကားရဲ့ နောက်တံခါးက လူတိုင်းမြင်အောင် တဖြည်းဖြည်း ပွင့်လာခဲ့တယ်။
ဘက်သ် ပထမဆုံး သတိထားမိလိုက်တာကတော့ အနံ့ပါပဲ။ အဲဒါက ရင်းနှီးနေသလို ခံစားရတယ်။ အဲဒါက အနံ့တစ်ခုတည်း မဟုတ်ဘဲ သူမရဲ့ အတိတ်က အမှတ်တရတွေကို နှိုးဆွပေးလိုက်တဲ့ အနံ့ပေါင်းများစွာရဲ့ အရောအနှောပါပဲ။
သူမဟာ ကလေးဘဝတုန်းက ရွှေရောင်လမ်းမကြီး ပေါ်မှာ လမ်းလျှောက်ရင်း လမ်းဘေးက ဆိုင်တန်းတွေမှာ အသီးအနှံတွေ၊ ဟင်းသီးဟင်းရွက်တွေနဲ့ စားစရာမျိုးစုံ စုပုံနေတာတွေကို မြင်ခဲ့ရတဲ့ အချိန်ဆီကို ချက်ချင်း ပြန်ရောက်သွားခဲ့တယ်။
ဘက်သ်က မျက်လုံးတွေကို ဖြည်းဖြည်းချင်း ဖွင့်ကြည့်လိုက်တဲ့အခါ ကုန်တင်ကားရဲ့ အမိုးအထိ စုပုံထားတဲ့ အစားအသောက် အမြောက်အမြားကို တွေ့လိုက်ရတယ်။ ကျန်တဲ့ ကလေးတွေနဲ့ လူကြီးအချို့လည်း သူတို့ မြင်နေရတာ တကယ်ပဲလားဆိုတာကို သိဖို့ ကားအနားကို တိုးသွားကြတယ်။
"အနံ့ရတယ်၊ အဲဒါက မွှေးလိုက်တာ"
"အစားအသောက်တွေ၊ နောက်ဆုံးတော့ အစားအသောက်တွေ ရပြီဟေ့"
ကုန်တင်ကားတစ်စီးမှာတော့ ခရီးဝေးလာခဲ့ပေမဲ့ လတ်ဆတ်ပြီး စိုပြည်နေဆဲဖြစ်တဲ့ ဟင်းသီးဟင်းရွက်တွေ ပြည့်နေတယ်။ နောက်ထပ် ကုန်တင်ကားတစ်စီးမှာတော့ အရောင်အမျိုးမျိုး၊ အရသာအမျိုးမျိုးနဲ့ ထူးဆန်းတဲ့ အသီးတွေကော၊ သာမန်အသီးတွေကော သေတ္တာလိုက် ပြည့်နေတာပါ။
နောက်ဆုံး ကုန်တင်ကား တစ်စီးကတော့ ကားရဲ့ အအေးပေးစနစ်ထဲမှာ ခဲနေအောင် လုပ်ထားတဲ့ အသားတွေနဲ့ ပြည့်နေပုံရပါတယ်။
"အသားတွေ ဟုတ်လား" လို့ ဘက်သ်က အော်ဟစ်လိုက်တယ်။ ဒီလောက်အထိ များပြားလှတဲ့ အစားအသောက်တွေကို မြင်လိုက်ရတဲ့အတွက် သူမကိုယ်တိုင်တောင် ပျာယာခတ်သွားရတယ်။ သူမအနေနဲ့ ဂေါ်ဖီထုပ်တွေ၊ ဟင်းနုနွယ်တွေနဲ့ တခြားအရာတွေ စုပုံထားတဲ့ သေတ္တာတွေကြားမှာ တကယ်ကို ရေကူးလို့ရနေပြီလေ။
"ဒါက ဘာတွေလဲ" လို့ သူမက မိုက်ကယ်ကို မေးလိုက်တယ်။
သူက ပြုံးပြီး ပုခုံးတွန့်ပြလိုက်တယ်။
"ဘာရှိဦးမှာလဲ၊ ဒါက ခင်ဗျားတို့ အားလုံးအတွက် ကျွန်တော့်ရဲ့ လက်ဆောင်ပေါ့။ ဗိုက်ဝအောင် စားကြပါ။ ကျွန်တော် ဒီမှာရှိနေသရွေ့တော့ ငတ်မွတ်တာတွေ၊ ရေဆာတာတွေ ရှိမှာ မဟုတ်ဘူး" လို့ သူက ကြေညာလိုက်ပါတော့တယ်။
ဒါပေမဲ့ သူတို့ထဲက ဘယ်သူမှ မလှုပ်ရှားကြပါဘူး။ အရာအားလုံးက တကယ်ဖြစ်ဖို့အတွက် ကောင်းလွန်းနေတာကိုး။
အကယ်၍ သူတို့သာ လှုပ်ရှားလိုက်ရင် ဒီအိပ်မက်ထဲကနေ တစ်နည်းနည်းနဲ့ နိုးသွားမှာကို သူတို့ ကြောက်နေကြတာပါ။
မိုက်ကယ်ကတော့ စောင့်မနေတော့ဘဲ ကားပေါ်တက်ပြီး ငတ်မွတ်နေတဲ့ အော်ကပ်စ်မြို့ ဒေသခံတွေဆီကို ပန်းသီးတွေ၊ စပျစ်သီးတွေ၊ လိမ္မော်သီးတွေနဲ့ အသီးအနှံမျိုးစုံကို လှမ်းပစ်ပေးလိုက်ပါတော့တယ်။
သူတို့လည်း ဘာမှ အလေအလွင့် မရှိစေရအောင် တတ်နိုင်သမျှ ဖမ်းယူကြတာပေါ့။
ကလေးတွေအတွက်တော့ ဒါဟာ သူတို့ရဲ့ ဘဝမှာ ပထမဆုံးအကြိမ် ဗိုက်ဝအောင် စားရမယ့် အချိန်ပဲ ဖြစ်ပါတော့တယ်။
* * * * * * * * *