← Chapters

အခန်း (၁၅၇-၁၅၈)

Vol. 14 Ch. 157-158

အခန်း (၁၅၇-၁၅၈)

Vol. 14 Ch. 157-158

အခန်း (၁၅၇)

မိုက်ကယ်နဲ့ ရီနေးတားနိုင်ငံသားတွေဟာ သူတို့နဲ့အတူ သယ်လာတဲ့ စားစရာတွေနဲ့ အရင်းအမြစ်အားလုံးကို အငတ်ဘေးဆိုက်နေတဲ့ အော်ကပ်စ်မြို့ဒေသခံတွေဆီ ဝေငှပေးကြပါတယ်။ စားပွဲပေါ်မှာ စုပုံထားတဲ့ အရသာရှိလှတဲ့ အသီးအနှံပုံကြီးတွေဆီကို လူတွေ ဝိုင်းအုံလာဖို့ သိပ်မကြာလိုက်ပါဘူး။

ကလေးတွေဟာ အခုချက်ချင်းပဲ ဗိုက်ဝအောင် စားချင်နေကြပေမဲ့လည်း ဒီအချိန်အတောအတွင်း သူတို့ကို စောင့်ရှောက်ခဲ့တဲ့ လူကြီးသူမတွေရဲ့ ကျေးဇူးကိုတော့ မမေ့ကြပါဘူး။

သူတို့ဟာ မြို့ထဲက အိမ်တိုင်းရဲ့ တံခါးဝတွေဆီ သွားပြီး အိမ်ထဲမှာ အိပ်ပျော်နေတဲ့ အဘိုးအဘွားတွေကို လိုက်နှိုးကြပါတော့တယ်။

"ထကြပါဦး… အစားအသောက်တွေ ရနေပြီ….စားစရာတွေ ရနေပြီ"

"အပြင်ထွက်ခဲ့ကြပါဦး… ရီနေးတားကုမ္ပဏီက ကျွန်တော်တို့ကို စားစရာတွေ ပေးနေတယ်"

အဘိုးအဘွားတွေဟာ အိပ်ချင်မူးတူးနဲ့ နိုးလာကြပြီး တချို့ဆိုရင် အာဟာရချို့တဲ့လွန်းလို့ မတ်တတ်ရပ်ဖို့တောင် ခက်ခဲနေကြတယ်။

"ဘာတွေ ပြောနေတာလဲ"

"ကျွန်တော်တို့ လိုက်ပြမယ် လာကြည့်ကြပါ"

ကလေးတွေဟာ သူတို့ကို အပြင်ဘက်ဆီ ခေါ်သွားပေးကြတယ်၊ အဲဒီမှာတော့ ဆင် အကောင်နှစ်ဆယ်လောက်ကို ကျွေးလို့ရမယ့် အစားအသောက်တွေ စုပုံထားတဲ့ စားပွဲတွေဟာ နေရာအနှံ့မှာ ရှိနေတာပါ။ သူတို့ရဲ့ ခန္ဓာကိုယ်ထဲက အအေးဒဏ်ကို အန်တုနိုင်ဖို့အတွက် အသားနဲ့ ဟင်းသီးဟင်းရွက် စွပ်ပြုတ်တွေ နွေးနေအောင် လုပ်ထားတဲ့ အိုးကြီးတွေတောင် ရှိပါသေးတယ်။

သူတို့တွေကတော့ အခုထိ အိပ်မက်မက်နေတုန်းပဲလို့ ထင်နေကြတာပေါ့။

"စားကြရအောင်" လို့ မိုက်ကယ်ကပြောရင်း စွပ်ပြုတ်တွေကို ပန်းကန်လုံးတွေထဲ လောင်းထည့်ပြီး တန်းစီနေတဲ့သူ တစ်ယောက်ချင်းစီကို လိုက်ဝေပေးနေပါတယ်။

သူတို့လက်ထဲက နွေးထွေးတဲ့ အသားနဲ့ ဟင်းသီးဟင်းရွက် စွပ်ပြုတ်ကို ကြည့်ပြီး အော်ကပ်စ်မြို့က ဒေသခံ အဘိုးအဘွားတွေဟာ တစ်ပြိုင်တည်းမှာတင် ရယ်လည်းရယ်၊ ငိုလည်း ငိုနေကြပါတော့တယ်။ စွပ်ပြုတ်ပန်းကန်လုံးကို ပါးစပ်နားကပ်တဲ့အခါ ခံစားလိုက်ရတဲ့ နွေးထွေးမှုက ဒါဟာ အိပ်မက်မဟုတ်ဘဲ တကယ်ဖြစ်နေတာပါလားဆိုတာကို သူတို့ သဘောပေါက်သွားစေတဲ့ အသိတရားတစ်ခု ဖြစ်လာခဲ့တယ်။

ကလေးတွေကတော့ လူကြီးတွေလောက် စိတ်မလှုပ်ရှားနေဘဲ စွပ်ပြုတ်တွေကို တစ်ထိုင်တည်းနဲ့ မြန်မြန်သောက်လိုက်ကြပြီး ပန်းကန်ထဲမှာ တစ်စက်မှ မကျန်အောင် လျက်နေကြတာပေါ့။

ရီနေးတားနိုင်ငံသားတွေကလည်း စွပ်ပြုတ်တွေကို ချက်ချင်းပြန်ဖြည့်ပေးတာကြောင့် ကလေးတွေဟာ တကယ့်ကို ပျော်ရွှင်သွားကြပါတယ်။

မိုက်ကယ်ကတော့ ဒါကို ကျေနပ်တဲ့ အပြုံးနဲ့ ကြည့်နေတယ်။ အော်ကပ်စ်မြို့က လူတွေရဲ့ ငတ်မွတ်မှုကို နောက်ဆုံးတော့ ဖြေရှင်းပေးနိုင်ခဲ့ပြီပေါ့။ ဒါပေမဲ့ သူတို့အတွက် လိုအပ်နေတာ တစ်ခုပဲ ကျန်ပါတော့တယ်၊ အဲဒါကတော့ ရေ ပါပဲ။

သူက အောက်ကို ငုံ့ကြည့်လိုက်ပြီး သူ့ရဲ့ အဆင့်မြင့်စွမ်းရည် ဖြစ်တဲ့ သဟဇာတ ပေါင်းစည်းခြင်းကို သုံးကာ မြေအောက်မှာ ရှိနေတဲ့ မှော်စွမ်းအင် အားလုံးကို လေ့လာလိုက်တယ်။

သူ မြင်ရသမျှရဲ့ အများစုက မြေဒြပ်စင်မှော်စွမ်းအင်တွေ ဖြစ်တာပေါ့။ ဒါပေမဲ့ သူ့ရဲ့ စူးရှတဲ့ မျက်လုံးတွေနဲ့ မှော်စွမ်းအင်အပေါ် အာရုံခံနိုင်စွမ်း အလွန်မြင့်မားလွန်းတာကြောင့်မြေအောက် နက်နက်မှာ ရှိနေတဲ့ ရေကြောတစ်ခုကို သူ ရှာတွေ့သွားခဲ့တယ်။ အဲဒီမှာ ရေအောက်လွှာ ရှိနေတာပဲ။

ရေကို မြင်လိုက်ရတာနဲ့ မိုက်ကယ်က လက်ကို ဖြန့်လိုက်ပြီး မြေအောက်က ရေမော်လီကျူးတွေကို ဆုပ်ကိုင်လိုက်ကာ သူ့အနားကို လာဖို့ ဆွဲခေါ်လိုက်ပါတယ်။

ရေတွေက မျဉ်းဖြောင့်အတိုင်း အပေါ်ကို တက်လာပြီး မြေလွှာထဲက မြေသားတွေနဲ့ ကျောက်တုံးတွေကို ဖြည်းဖြည်းချင်း ဖောက်ထွင်းလာခဲ့တယ်။ မိုက်ကယ်ရဲ့ အမိန့်ကို နာခံနေတဲ့ ဒီရေဒြပ်စင်မှော်စွမ်းအင်တွေကို တားဆီးနိုင်မယ့် ဘာအတားအဆီးမှ မရှိပါဘူး၊ နောက်ဆုံးမှာတော့ ကြမ်းပြင်ကို ဖောက်ထွက်လာပြီး ကောင်းကင်အထိ ရောက်လုနီးပါး ဖြစ်နေတဲ့ ကြီးမားတဲ့ ရေပူစမ်းကြီးတစ်ခု ဖြစ်ပေါ်လာပါတော့တယ်။

ဘက်သ်နဲ့ လူကြီးတွေဟာ မြေကြီး တုန်ခါလာတာကို ခံစားလိုက်ရပြီး နောက်ထပ် မြေငလျင်တစ်ခု လာနေပြီလို့ ထင်လိုက်ကြတယ်။

ဒါပေမဲ့ အဲဒီနောက်မှာတော့ ကျောက်လမ်းမကြီးကို ဖောက်ထွက်ပြီး မြေကြီးထဲကနေ ရေတွေ ရုတ်တရက် ပန်းထွက်လာတာကို သူတို့ မြင်လိုက်ရတယ်၊ အဲဒီက ထွက်လာတဲ့ ရေမှုန်ရေမွှားတွေက ကောင်းကင်မှာ ခေတ္တခဏအတွင်း သက်တံတစ်ခုကိုတောင် ဖန်တီးပေးလိုက်ပါသေးတယ်။

"ဝိုး ရေတွေဟေ့ ဟားဟားဟား"

"ငါ ရေချိုးတော့မယ် ဝအောင် သောက်လိုက်မယ်"

"ဟိဟိဟိ မိုးရွာနေတာပဲ"

ကလေးတွေဟာ ရေတွေဆီကို ချက်ချင်း ပြေးသွားကြပြီး ကြည်လင်နေတဲ့ ကောင်းကင်အောက်မှာ မုန်တိုင်းကျနေသလိုမျိုး စိတ်ကြိုက် ရေစိုခံနေကြပါတော့တယ်။ သူတို့တွေဟာ မြေကြီးထဲကနေ ပန်းထွက်နေတဲ့ သန့်ရှင်းတဲ့ ရေမှုန်တွေကို ခံယူပြီး တတ်နိုင်သလောက် ဝအောင် သောက်နေကြတာပေါ့။

အော်ကပ်စ်မြို့က လူကြီးသူမတွေတောင်မှ ရေပူစမ်းမှာ ပျော်နေကြတဲ့ ကလေးတွေနဲ့အတူ ဝင်ရောက်ဆင်နွှဲရင်း ခေတ္တခဏလောက် ကလေးပြန်ဖြစ်သွားကြသလိုပါပဲ။ သူတို့တွေဟာ အိပ်မက်ထဲ ရောက်နေသလိုမျိုး ခုန်ပေါက်ပြီး အော်ဟစ်ကခုန်နေကြတယ်။

ဘာပဲဖြစ်ဖြစ် ဒီလိုနေ့မျိုးကို ဘယ်အချိန်မှာ ထပ်ကြုံရဦးမှာလဲ။ သူတို့တွေဟာ အာဟာရပြည့်တဲ့ စားစရာတွေကို ဗိုက်ဝအောင် စားခဲ့ရပြီးပြီ၊ အခုဆိုရင်လည်း လျှံထွက်နေတဲ့ ရေတွေရှေ့မှာ ရောက်နေတာကိုး။

တချို့ဆိုရင် ရေတွေကို တတ်နိုင်သလောက် များများ သိုလှောင်ထားဖို့အတွက် ရေဘူးတွေ၊ မြေအိုးတွေနဲ့ တွေ့သမျှ ပစ္စည်းတွေကို ယူလာကြတယ်။ မိုးကတော့ အခုလောလောဆယ် ရွာဦးမှာ မဟုတ်တာကြောင့် ဒါဟာ အချိန်အတော်ကြာအောင် သူတို့အတွက် တစ်ခုတည်းသော ရေအရင်းအမြစ် ဖြစ်လာလိမ့်မယ်ဆိုတာ သူတို့ သိနေကြတယ်။

"စိတ်မပူကြပါနဲ့" လို့ မိုက်ကယ်က သူတို့ကို စိတ်ချစေပါတယ်။ "ခင်ဗျားတို့အားလုံး နေ့တိုင်း ရေဝအောင် သောက်နိုင်ဖို့အတွက် အဲဒီရေအရင်းအမြစ်ကို သေချာသွယ်တန်းပေးပါ့မယ်"

ရီနေးတားနိုင်ငံသား ပါရမီရှင် အင်ဂျင်နီယာတွေကလည်း သူတို့အလုပ်ကို မလစ်ဟင်းကျပါဘူး၊ သူတို့ဟာ ပတ်ဝန်းကျင်ကို ချက်ချင်း စစ်ဆေးပြီး ရေပိုက်စနစ်ကို ဘယ်လို တည်ဆောက်ရမလဲဆိုတာကို တွက်ချက်နေကြပါပြီ။

အော်ကပ်စ်မြို့ဟာ အခုဆိုရင် နေ့စဉ်ဘဝမှာ ရှင်သန်နိုင်ဖို့အတွက် ရေနဲ့ အစားအသောက်တွေကို ရရှိသွားပါပြီ။

သူတို့တွေ အကူအညီတောင်းခဲ့တာ ကြာလှပေမဲ့ ဘယ်သူမှ လာမကယ်ခဲ့ကြပါဘူး။ ဘယ်သူမှ သူတို့ကို ကူညီမှာ မဟုတ်တော့ဘူးလို့ ယုံကြည်ရတဲ့ အခြေအနေအထိ ရောက်ခဲ့ရတာပေါ့။

ဒါပေမဲ့ အခုတော့ ဘာသတိပေးချက်မှ မရှိဘဲ မိုက်ကယ်နဲ့ သူ့ရဲ့ ရီနေးတားကုမ္ပဏီဟာ တောအုပ်ထဲကနေ ထွက်လာပြီး သူတို့ကို တစ်နှစ်ပတ်လုံး ဗိုက်ဝနေစေမယ့် အစားအသောက်တွေကို ပေးခဲ့ပါပြီ။

သူတို့က ကွင်းစ်နယ်မြေကတောင် မဟုတ်ကြပါဘူး။ သူတို့က ကင်းစ်နယ်မြေက လာတာဖြစ်ပြီး အော်ကပ်စ်မြို့ရဲ့ လက်ရှိအခြေအနေရော၊ အရင်က ဘယ်လိုဖြစ်ခဲ့လဲဆိုတာကိုပါ ဘာမှ မသိကြတဲ့သူတွေပါ။

လူတိုင်းက ပေးထားတဲ့ စားစရာတွေကို ပျော်ပျော်ပါးပါး စားနေကြတုန်းမှာ ဘက်သ်ဟာ နေရခက်တဲ့ ခြေလှမ်းတွေနဲ့ မိုက်ကယ်ဆီကို ချဉ်းကပ်လာခဲ့တယ်။ အခု သူ့ကို ဘယ်လို ခေါ်ရမလဲဆိုတာ သူမ မသိတော့ဘူး။ ရီနေးတားကုမ္ပဏီလို လုပ်ငန်းကြီးရဲ့ ပိုင်ရှင် မဟုတ်ဘဲ လမ်းပျောက်နေတဲ့ မိဘမဲ့ကလေးတစ်ယောက်လိုမျိုး သူမ သူ့အပေါ် ဆက်ဆံခဲ့တာတွေကို ပြန်သတိရသွားမိလို့ပါ။

"လူကြီးမင်း...မိုက်ကယ်... ကျွန်မတို့ ကျေးဇူးကို ဘယ်လို ဆပ်ရမလဲတောင် မသိတော့ပါဘူး"

"ကျွန်တော်က ခင်ဗျားတို့ပေးခဲ့တာကို ပြန်ဆပ်ရုံပါပဲ။ အားကိုးရာမဲ့နေတဲ့ အချိန်မှာ ခင်ဗျားတို့ရဲ့ ပေါင်မုန့်ကို ကျွန်တော့်ကို ပေးခဲ့ပြီး ကိုယ့်လူတစ်ယောက်လို ဆက်ဆံခဲ့ကြတယ်။

အခုတော့ ကျွန်တော်က ခင်ဗျားတို့ကို ကျွန်တော့်လူတွေလို ဆက်ဆံနေတာပါ။ ပြီးတော့ ရီနေးတားနိုင်ငံသား မှန်သမျှ အစားအသောက်နဲ့ ရေအတွက် ဘယ်တော့မှ ပူစရာ မလိုစေရဘူးလို့ ကျွန်တော် အာမခံပါတယ်။ ကျွန်တော်တို့ဆီမှာ အရင်းအမြစ်တွေ အများကြီး ရှိတာမို့ ဒါကို ကိစ္စကြီးတစ်ခုလို့ သဘောထားစရာ မလိုပါဘူး" လို့ သူက ပုခုံးတွန့်ရင်း သူမကို ပြောလိုက်တယ်။

ဘက်သ်ဟာ စိတ်လှုပ်ရှားမှုတွေ ပြည့်လျှံသွားပြီး သူ့ကို ဦးညွှတ်လိုက်ပါတော့တယ်။

"နေပါဦး အဲဒီလို လုပ်စရာမလိုပါဘူး" လို့ မိုက်ကယ်က လက်ကာပြရင်း ပြောလိုက်တယ်။

"ဒါပေမဲ့ လူကြီးမင်းက ကျွန်မတို့ မြို့ကို ပျက်သုဉ်းတော့မယ့် ဘေးကနေ ကယ်တင်ခဲ့တာပဲ။ လူကြီးမင်းသာ မရှိရင် ကျွန်မတို့တွေ ငတ်ပြီး သေကုန်ကြမှာ။ အရင်လို သနားစရာကောင်းတဲ့ ကလေးလေးတစ်ယောက်လို ကျွန်မ ဘယ်လိုလုပ် ဆက်ဆံနိုင်တော့မှာလဲ"

မိုက်ကယ်ဟာ စွပ်ပြုတ်သောက်ရင်း သီးမလိုတောင် ဖြစ်သွားတယ်။

"သနားစရာ ကောင်းတယ် ဟုတ်လား ကျွန်တော် ကြည့်ရတာ တကယ်ပဲ အဲဒီလောက်အထိ ဆိုးနေလို့လား"

"သခင်လေးမိုက်ကယ်... အဲဒါကြောင့်ပဲ ကျွန်မတို့က သခင်လေးရဲ့ အဆင့်အတန်းနဲ့ လိုက်ဖက်တာကို ဝတ်ပါလို့ ခဏခဏ ပြောနေတာပေါ့" လို့ ရှီနာက ကြားဖြတ်ပြောလိုက်တယ်။

"ကျွန်မတို့ရဲ့ မိုင်းတွေက ထွက်တဲ့ ရွှေတွေ၊ လူပုတွေဆီက ရတဲ့ ရတနာတွေနဲ့ အလှဆင်ထားတဲ့ တော်ဝင်ဝတ်စုံကို သခင်လေးအတွက် ပြင်ဆင်ထားပြီးသားပါ"

မိုက်ကယ်ကတော့ ချက်ချင်းပဲ ခေါင်းခါလိုက်တယ်။ သူက ရိုးရိုးရှင်းရှင်း အဝတ်အစားတွေကိုပဲ ဝတ်ချင်တာလေ။

ဘာပဲဖြစ်ဖြစ် သူက အေးအေးဆေးဆေး နေတတ်တဲ့သူ တစ်ယောက်ပဲကို။

* * * * * * * * *

စာစဉ်(၁၄)

အခန်း (၁၅၈)

အော်ကပ်စ်မြို့က ဒေသခံတွေဟာ မိုက်ကယ် ပြင်ဆင်ပေးထားတဲ့ စားသောက်ပွဲကြီးကို တစ်နေ့လုံး ပျော်ပျော်ပါးပါး ဆင်နွှဲခဲ့ကြတယ်။

ကလေးမလေးတစ်ယောက်က မိုက်ကယ်ဆီ လျှောက်လာပြီး သူမဆီက လက်ဆောင်တစ်ခုနဲ့အတူ သူ့ရဲ့ လက်ဆောင်တွေအတွက် ကျေးဇူးတင်စကား ပြောခဲ့ပါတယ်။

သူမဟာ အော်ကပ်စ်မြို့ရဲ့ အရင်နေထိုင်သူတွေ ထားခဲ့တဲ့ အပျက်အစီးတွေကြားထဲက ကောက်ရထားပြီး သိမ်းထားခဲ့တဲ့ အသုံးအဆောင်မျိုးစုံကို ထုတ်ပြလိုက်တယ်။

"ဒါက သမီးမှာ ရှိသမျှ အကုန်ပါပဲ" လို့ သူမက ဆိုတယ်။

"ဦးလေးပေးတဲ့ စားစရာတွေအတွက် ဒါနဲ့ ပေးချေလို့ လုံလောက်မယ်လို့ သမီး မျှော်လင့်ပါတယ်"

မိုက်ကယ်ဟာ စိတ်ထိခိုက်သွားပြီး လက်ဆောင်တွေကို လက်ခံလိုက်ပါတယ်။ သူ့ကို ပေးခဲ့တာတွေကတော့ သံချေးတက်နေတဲ့ လက်ဝတ်ရတနာတွေ၊ ညစ်ပတ်နေပေမဲ့ အရောင်စုံတဲ့ အကျီကြယ်သီးတွေ၊ နတ်ဘုရားမရဲ့ သစ်သားအဆောင်တွေ၊ ဘီးတွေနဲ့ ရွှေရောင်လမ်းမကြီး ခေတ်တုန်းကတော့ တန်ဖိုးရှိခဲ့မယ့် တခြား အပိုင်းအစလေးတွေပါပဲ။

တကယ့်တန်ဖိုး မရှိပေမဲ့လည်း သူကတော့ အဲဒါတွေကို တန်ဖိုးထားပါတယ်။

"ကျေးဇူးတင်ပါတယ်" လို့ သူက သူမကို ပြောလိုက်တယ်။

ဒါကို မြင်လိုက်တဲ့အခါ တခြားကလေးတွေကလည်း သူတို့ရဲ့ ပစ္စည်းတွေကို ထုတ်ယူပြီး သူတို့ကို ပေးခဲ့တဲ့ အစားအသောက်နဲ့ ရေအတွက် မိုက်ကယ်ကို ပေးချေမှုအနေနဲ့ လိုက်ပေးကြပါတော့တယ်။

သူကတော့ အကုန် လက်ခံလိုက်တာပေါ့။ အကယ်၍ လက်မခံဘူးဆိုရင် ဒါက အလိုက်မသိရာ ရောက်သလို တစ်ကိုယ်ကောင်းဆန်ရာလည်း ကျမှာလေ။ ဘာပဲဖြစ်ဖြစ် ဒီအသုံးအဆောင်လေးတွေက သူ့ကို ကျေးဇူးတင်ကြောင်း ပြသတဲ့ သူတို့ရဲ့ စစ်မှန်တဲ့ စိတ်ထားတွေပဲကို။

ကလေးတစ်ယောက်ကတော့ တောအုပ်ထဲမှာ သူတို့တွေ့ခဲ့တဲ့ ထူးဆန်းတဲ့ အာမွန်ပုံစံ အစေ့တစ်ခုကို မိုက်ကယ်ကို ပေးပါတယ်။

"အဲဒါက တော်တော် ခါးတယ်" လို့ ကောင်လေးက ဆိုတယ်။

"ကျွန်တော်တို့ တစ်ခါတလေ စားကြပေမဲ့ အများကြီး စားလို့မရဘူး၊ ဗိုက်နာတတ်လို့"

မိုက်ကယ်က သူ့လက်ထဲက အစေ့ကို ကြည့်လိုက်ပြီး ဒါက သူ့အတွက် ရင်းနှီးနေသလို ခံစားလိုက်ရတယ်။ အဲဒါက အသီးရနံ့နဲ့ အစေ့ရနံ့ ရောယှက်နေတာမို့ သူ့ရဲ့ အရင်ဘဝတုန်းက ဒီလို အစေ့မျိုးကို မြင်ဖူးခဲ့တယ်လို့ တွေးမိစေပါတယ်။

‘နိုဗာ၊ ဒီအစေ့ကို သိလား’

[ဒီအစေ့ရဲ့ မော်လီကျူး ဖွဲ့စည်းပုံက ကိုကိုးအစေ့လို့လည်း ခေါ်တဲ့ သီယိုဘရိုးမားကိုးကိုးသစ်ပင်က ရတဲ့ အသီးနဲ့ တူညီတာတွေ အများကြီး ရှိနေပါတယ်] လို့ နိုဗာ က ရှင်းပြပါတယ်။

တစ်နည်းအားဖြင့် ပြောရရင် မိုက်ကယ်ဟာ ချောကလက်ကို သူ့လက်ထဲမှာ ကိုင်ထားတာပါပဲ။

သူ့ရဲ့ အရင်ဘဝတုန်းက လူသန်းပေါင်းများစွာကို ဆွဲဆောင်နိုင်ခဲ့တဲ့ အရသာရှိတဲ့ စားစရာဟာ အခုတော့ သူ့လက်ထဲ ရောက်နေပါပြီ။

အစစ်အမှန် ပုံစံအတိုင်းဆိုရင်တော့ ဒီ အစေ့က ဘယ်လောက်တောင် တန်ဖိုးရှိလဲဆိုတာ ဘယ်သူမှ မသိကြပါဘူး။ ကလေး ပြောသလိုပဲ ကိုးကိုးအစေ့ကို အစိမ်းအတိုင်း စားမယ်ဆိုရင်တော့ ခါးသက်သက် အရသာပဲ ရမှာပါ၊ ဒါပေမဲ့ မိုက်ကယ်ကတော့ အဲဒါကို ဒီကမ္ဘာမှာ အချိုဆုံး အရာတစ်ခုအဖြစ် ပြောင်းလဲနိုင်မယ်ဆိုတာ သိနေတာပေါ့။

"ဒါကို ဘယ်မှာ တွေ့တာလဲ" လို့ သူက ကလေးတွေကို မေးလိုက်တယ်။

"တောအုပ်ထဲမှာပါ" လို့ သူတို့က ဆိုတယ်။

"ဒါပေမဲ့ သစ်ပင်အများစုကတော့ ကြေမွကုန်တာ ဒါမှမဟုတ် မြေကြီးထဲက အက်ကြောင်းတွေထဲ ကျကုန်တာတွေ များတယ်"

မိုက်ကယ်က သူတို့ကို ကျေးဇူးတင်စကား ပြောလိုက်ပြီး ပျံသန်းခြင်းမန္တန် ကို သုံးကာ တောအုပ်ဆီကို တန်းပြီး ထွက်ခွာသွားတာကြောင့် ကလေးတွေကတော့ အံ့သြမှင်သက်ပြီး ကြည့်ကျန်ခဲ့ကြတာပေါ့။

မိနစ်အနည်းငယ်အတွင်းမှာတင် အော်ကပ်စ်မြို့ကို ဝန်းရံထားတဲ့ တောအုပ်တစ်ခုလုံးရဲ့ မြင်ကွင်းကို အပေါ်စီးကနေ သူ မြင်လိုက်ရပါပြီ။ အပေါ်ကနေ ကြည့်လိုက်တဲ့အခါ မြေငလျင်ကြောင့် ဖြစ်ပေါ်လာတဲ့ ကြီးမားတဲ့ အက်ကြောင်းကြီးတွေကို တွေ့ရပြီး တောအုပ်ရဲ့ မြေပြင် အစိတ်အပိုင်း အတော်များများက တခြားတစ်ဖက်အောက်ကို ငုပ်လျှိုးသွားပြီး ချောက်ကမ်းပါးကြီးတွေ ဖြစ်နေတာကို မြင်လိုက်ရတယ်။

သစ်ပင် အများစုကတော့ အမြစ်ကနေ ကျွတ်ထွက်နေကြပြီး တချို့ဆိုရင် အက်ကြောင်းတွေရဲ့ အောက်ခြေအထိ ကျသွားကြတာပါ။

နိုဗာ၊ နောက်ထပ် အစေ့တွေကို ထပ်ရှာပေးနိုင်မလား

[နားလည်ပါပြီ။ ဒီကမ္ဘာမှာ ရှိတဲ့ ကိုးကိုးနဲ့ တူတဲ့ အစေ့ရဲ့ ဒြပ်စင်မှော်စွမ်းအင် ဖွဲ့စည်းပုံကို မှတ်သားနေပါတယ်...]

[ပြီးပါပြီ။ သခင်လေး လက်ထဲက ကိုကိုးအစေ့နဲ့ ကိုက်ညီတဲ့ အစေ့တွေကို တွေ့ရှိရပါတယ်။ တည်နေရာကို သခင်လေးရဲ့ ဦးနှောက်ထဲ ပေးပို့နေပါတယ်...]

တောအုပ်ရဲ့ မြေပြင်ပေါ်မှာ တောက်ပနေတဲ့ အစက်လေးအချို့ကို မြင်လိုက်ရတဲ့အခါ မိုက်ကယ်ရဲ့ မျက်လုံးတွေက တောက်ပသွားတယ်။ အနီးကပ် သွားကြည့်လိုက်တဲ့အခါ အဲဒါက တကယ်ပဲ သူ့လက်ထဲမှာ ရှိနေတဲ့ အစေ့မျိုးပါပဲ။

သူ မြင်ရသမျှရဲ့ အများစုကတော့ မြေကြီးပေါ်က အက်ကြောင်းတွေထဲမှာ ရောက်နေတာမို့ ချောက်ထဲ ကျသွားတဲ့အချိန်မှာ ကြေမွသွားပုံရပါတယ်။ ဒါပေမဲ့ မြေငလျင် ဘေးဒဏ်ကနေ လွတ်ကင်းပြီး ကျန်နေတာ အနည်းငယ်တော့ ရှိပါသေးတယ်။

သူက လက်ကို မြှောက်လိုက်ပြီး ကောင်းမွန်တဲ့ အခြေအနေမှာ ရှိနေဆဲဖြစ်တဲ့ ကိုကိုးအစေ့ အနည်းငယ်ပေါ်ကို အာရုံစိုက်လိုက်တယ်။ သဘာဝ ဘေးအန္တရာယ်ကြောင့် ပျက်စီးသွားတာ ဒါမှမဟုတ် သက်တမ်းကုန်သွားတာတွေကိုတော့ သူ ချန်လှပ်ထားခဲ့တာပေါ့။

သူက ကိုကိုးအစေ့တွေရဲ့ ထူးခြားတဲ့ မြေဒြပ်စင်မှော်စွမ်းအင် အမှတ်အသားပေါ်ကို အာရုံစိုက်ပြီး အဲဒါတွေကို သူ့အနားကို ဆွဲယူလိုက်ကာ မြေပြင်ကနေ မြှောက်တင်ပြီး သူ့ရှေ့မှာ စုစည်းလိုက်ပါတယ်။

ဖြူဖွေးနေတဲ့ ကိုကိုးအစေ့တွေဟာ မိုက်ကယ်ရဲ့ နောက်ထပ် ညွှန်ကြားချက်ကို စောင့်ဆိုင်းရင်း လေထဲမှာ အစုလိုက်အပြုံလိုက် ငြိမ်ငြိမ်လေး ပျံဝဲနေကြတာပေါ့။

‘နိုဗာ… ကိုကိုးအစေ့ကနေ ချောကလက်ဖြစ်အောင် ဘယ်လို လုပ်ရမလဲဆိုတဲ့ ညွှန်ကြားချက်တွေကို ပေးပါဦး’

သတင်းအချက်အလက်တွေက သူ့ရဲ့ စိတ်ထဲကို စီးဝင်လာတဲ့အခါမှာတော့ ရင်းနှီးနေတဲ့ ခံစားချက်တစ်ခုကို သူ ခံစားလိုက်ရတယ်။ အဲဒီ ဗဟုသုတတွေကြောင့် ခါးသက်သက် ကိုကိုးအစေ့ကို ကမ္ဘာအနှံ့ ပျံ့နှံ့သွားနိုင်မယ့် နောက်ထပ် စီးပွားရေး အခွင့်အလမ်းတစ်ခုအဖြစ် ဘယ်လို ပြောင်းလဲရမလဲဆိုတာကို သူ သိသွားခဲ့ပါပြီ။

မြေငလျင်ကြောင့် ကိုကိုးသစ်ပင်တွေ လုံးဝ ပျက်စီးသွားတာကတော့ တကယ့်ကို စိတ်မကောင်းစရာပါပဲ၊ မဟုတ်ရင် သူ့ရဲ့ ချောကလက် စီးပွားရေးအတွက် အစကောင်းတစ်ခု ဖြစ်လာမှာပါ။

အကယ်၍ အခု မျိုးစေ့ကို စိုက်မယ်ဆိုရင်တောင်မှ အန်း နဲ့ တခြား ရွှေလယ်ယာ က လူတွေက သူတို့ရဲ့ စွမ်းရည်တွေကို သုံးပြီး အမြန်ကြီးထွားအောင် လုပ်ရင်တောင် အပင်ကြီးလာဖို့အတွက် နှစ်နဲ့ချီပြီး အချိန်ပေးရဦးမှာပါ။

သူကတော့ ကိုကိုး စိုက်ခင်းတစ်ခု ချက်ချင်း စတင်နိုင်ဖို့အတွက် ရီနေးတားနိုင်ငံတော်ဆီ မျိုးစေ့အချို့ ပြန်ပို့ပေးဖို့ ဆုံးဖြတ်လိုက်ပါတယ်။ ဒါပေမဲ့ လောလောဆယ်မှာတော့ ရီနေးတားရဲ့ ထုတ်ကုန်တွေထဲမှာ ချောကလက်ကို ထည့်သွင်းနိုင်ဦးမှာ မဟုတ်သေးဘူးလို့ ထင်ရတယ်။

အခုလောလောဆယ်တော့ လူတိုင်းအတွက် ချောကလက် လုပ်ပေးနိုင်မယ့် အစေ့တွေ ရှိနေတာပဲ တော်သေးတာပေါ့...

ဒီကတ်ကေးအိုး အစေ့တွေကို ချောကလက် ဖြစ်အောင် လုပ်ဖို့အတွက် မိုက်ကယ်က အဲဒါတွေကို ဘူးတစ်ခုထဲမှာ ရက်အနည်းငယ်ကြာအောင် အချဉ်ဖောက်ဖို့ လိုအပ်ပါတယ်။ ဒါပေမဲ့ ဒီကမ္ဘာက သက်ရှိတိုင်းမှာ အလင်းဒြပ်စင်မှော်စွမ်းအင် တစ်မျိုးမျိုး ပါဝင်နေတာကြောင့် မိုက်ကယ်က ဘက်တီးရီးယားတွေ ကြီးထွားမှုကို မြှင့်တင်ပေးပြီး အချဉ်ဖောက်တဲ့ ဖြစ်စဉ်ကို မိနစ်ပိုင်းအတွင်းမှာတင် ပြီးဆုံးအောင် လုပ်နိုင်ခဲ့တယ်။

မူလ ဖြူဖွေးတဲ့ အရောင်ကနေ အညိုရောင် ပြောင်းသွားပြီဆိုတော့ အဲဒါတွေကို လှော်ရမယ့်အချိန် ရောက်ပါပြီ။

ရိုးရှင်းတဲ့ မီးမန္တန်လေးတစ်ခုနဲ့တင် ကတ်ကေးအိုးရဲ့ သဘာဝ ချောကလက် အရသာကို ထွက်ပေါ်လာအောင် လုပ်နိုင်ခဲ့ပြီး ကိုကိုးအဆီခဲလေးတွေကို ဖန်တီးနိုင်ခဲ့ပါတယ်။

အဲဒါတွေကို ထူထဲတဲ့အနှစ်ဖြစ်အောင် ကြိတ်ပြီးတဲ့နောက်မှာတော့ မိုက်ကယ်က အရည်ကို သန့်စင်ပြီး အပူအအေး မျှတအောင် လုပ်လိုက်တယ်။ အဲဒီနောက်မှာမှ လူသိများလှတဲ့ လေးထောင့်ပုံစံ အတုံးလေးတွေ ဖြစ်အောင် နောက်ဆုံးမှာ ပြောင်းလဲလိုက်ပါတော့တယ်။

မိုက်ကယ်က ချောကလက်ကို ပိုပြီး ချိုသွားအောင်လို့ သကြားနဲ့ တခြား ပါဝင်ပစ္စည်းတွေ ထည့်ဖို့အတွက် ရီနေးတားနိုင်ငံတော်ဆီ ခဏပြန်သွားခဲ့ရပါသေးတယ်။

ပြီးသွားတာနဲ့ မိုက်ကယ်ဟာ ချောကလက်ကို တစ်ကိုက် ကိုက်ကြည့်လိုက်ရာ၊ ကြွယ်ဝပြီး ချိုမြိန်လှတဲ့ အရသာက စက္ကန့်ပိုင်းအတွင်းမှာတင် သူ့ရဲ့ ပါးစပ်ထဲမှာ ပျော်ဝင်သွားပါတော့တယ်။

* * * * * * * * *

စာစဉ်(၁၄)

All Chapters