အခန်း (၁၆၁-၁၆၂)
Vol. 14 Ch. 161-162
အခန်း (၁၆၁)
နီယို အော်ကပ်စ်မြို့ကို ပြန်လည် မွမ်းမံနေစဉ်အတွင်းမှာ ဒေသခံတွေဟာ လောလောဆယ် နေထိုင်ဖို့အတွက် အိမ်အသေးလေးအချို့နဲ့ပဲ အဆင်ပြေအောင် နေကြရပါတယ်။ ရိုးရှင်းပေမဲ့လည်း အချိန်မရွေး ပြိုကျပြီး သူတို့ကို ပိမိသွားနိုင်တဲ့ အရင်က အိမ်ဟောင်းတွေထက်စာရင် အများကြီး ပိုကောင်းပါတယ်။
ဒါတင်မကဘဲ သူတို့မှာ ဗိုက်ဝအောင် စားသောက်နိုင်ဖို့ အစားအသောက်နဲ့ ရေလည်း အစုံအလင် ရှိနေပါတယ်။ မိုက်ကယ်ရဲ့ ကားထဲက ရေခဲသေတ္တာစနစ်ကြောင့် အသားတုံးကြီးတွေက မပုပ်မသိုးဘဲ အချိန်အတော်ကြာအောင် သိမ်းထားလို့ ရနေတာပါ။ လိုအပ်လာရင်လည်း သူက ရီနေးတားနိုင်ငံတော်ဆီ အချိန်မရွေး ပြန်သွားပြီး အစားအသောက်တွေ သွားသယ်လို့ ရနေတာကိုး။
ဒါကြောင့် လူတိုင်းဟာ တက်ကြွလန်းဆန်းနေကြပြီး နီယိုအော်ကပ်စ်ကို ပိုမိုကြီးမား ကောင်းမွန်တဲ့ နေရာဖြစ်လာအောင် ရီနေးတားကုမ္ပဏီက အင်ဂျင်နီယာတွေကို ဝိုင်းကူပေးနေကြတယ်။
"ပေါင်မုန့် စားချင်သူ ရှိလား" လို့ ဘက်သ်က မေးလိုက်ပါတယ်။
သူမက မုန့်ဖုတ်သမား ပါရမီ နိုးထလာတာကြောင့် အလုပ်လုပ်နေကြသူတွေ အားအင်ပြည့်ဝစေဖို့အတွက် မုန့်မျိုးစုံကို ချက်ချင်း ဖုတ်ပေးနေတာပါ။
မိုက်ကယ်က သူမကို သူ့အရင်ဘဝက နာမည်ကြီး ပေါင်မုန့်တစ်မျိုးဖြစ်တဲ့ ခရွိုင်ဆန့်လုပ်နည်းကိုတောင် သင်ပေးခဲ့ပါသေးတယ်။
သူမဟာ အင်ဂျင်နီယာတွေ လုပ်ပေးထားတဲ့ ယာယီမုန့်ဖုတ်ခန်းလေးထဲမှာပဲ အချိန်အတော်များများ ကုန်ဆုံးစေခဲ့ပြီး လူတိုင်းကို ဗိုက်ဆာလာစေမယ့် မွှေးကြိုင်လှတဲ့ မုန့်တွေကို ဆက်တိုက် ဖန်တီးပေးနေခဲ့တယ်။
မိုက်ကယ်ရဲ့ ပါရမီ နိုးထပေးခြင်းခံရသူတွေလိုပဲ နီယိုအော်ကပ်စ်က ဒေသခံတွေဟာလည်း အနည်းဆုံး ဆယ်နှစ်လောက် ပြန်ငယ်သွားသလို ဖြစ်နေကြတယ်။ သူတို့ရဲ့ ခန္ဓာကိုယ်တွေကလည်း ပိန်ချောင်မနေတော့ဘဲ ပိုပြီး ကျန်းမာသန်စွမ်းတဲ့ ပုံစံ ပေါက်လာကြတာပေါ့။
ဆောက်လုပ်ရေးလုပ်ငန်းခွင်က အသံတွေ၊ အဆောက်အအုံဖြိုချသံတွေ ကြားနေရပေမဲ့ ဒါက နီယို အော်ကပ်စ်က လူသားတွေအတွက်တော့ ငြိမ်းချမ်းတဲ့ အချိန်ကာလတစ်ခု ဖြစ်နေခဲ့ပါတယ်။
ဒီအတောအတွင်းမှာပဲ နီယိုအော်ကပ်စ်မြို့ကို ဝန်းရံထားတဲ့ တောအုပ်ရဲ့ တစ်နေရာမှာတော့ ဝံပုလွေအော့ခ် မျိုးနွယ်စုဝင်တွေရဲ့ သစ်သားကျေးရွာလေးတစ်ခု ရှိနေပါတယ်။
ဒီအော့ခ်တွေဟာ ချပ်ဝတ်တန်ဆာကို အနည်းငယ်သာ ဝတ်ဆင်ကြပြီး အရေးကြီးတဲ့နေရာကို ကာကွယ်ဖို့ ပုဆိုးလို အဝတ်စတစ်ခုပဲ ရှိကြတာပါ။ သူတို့ရဲ့ အမွှေးတွေ၊ ကြွက်သားတွေနဲ့ အဆီတွေကတင် သူတို့ဆီ လာမယ့် ဘယ်လိုတိုက်ခိုက်မှုကိုမဆို ကာကွယ်ဖို့ လုံလောက်နေတာကိုး။
ဒါဟာ အော့ခ်တွေအတွက်တော့ ဂုဏ်ယူစရာ ကိစ္စတစ်ခု ဖြစ်လာခဲ့တယ်။ ဓားတွေ၊ လှံတွေကို ကိုယ်တုံးလုံးနဲ့ ကြံ့ကြံ့ခံနိုင်တဲ့သူတွေဟာ တခြားသူတွေထက် ပိုပြီး သူရဲကောင်းဆန်တယ်လို့ သတ်မှတ်ခံရပြီး လူတိုင်းရဲ့ ချီးကျူးမှုကို ရရှိကြတာပေါ့။
သူတို့ရဲ့ ဝံပုလွေနားရွက်တွေမှာတော့ သူတို့ရဲ့ စွမ်းဆောင်ချက်တွေနဲ့ အောင်မြင်မှုတွေကို ကိုယ်စားပြုတဲ့ နားကွင်းတွေ၊ ငှက်မွှေးတွေကို ဆင်မြန်းထားကြတယ်။ အမဲလိုက်ရာမှာ အောင်မြင်တာ၊ ကလေးရတာ ဒါမှမဟုတ် ရန်ဘက်မျိုးနွယ်စုအပေါ် လွှမ်းမိုးနိုင်တာမျိုးတွေက အဲဒီလို ဆင်မြန်းနိုင်တဲ့ အောင်မြင်မှုတွေပေါ့။
အဆောင်အယောင်တွေ ပိုများတဲ့သူတွေကို အဆင့်မြင့်သူတွေလို့ သတ်မှတ်ကြပြီး ရွာထဲမှာလည်း ပိုပြီး ကောင်းမွန်တဲ့ ဆက်ဆံမှုကို ရကြပါတယ်။
သူတို့ရဲ့ ခေါင်းဆောင်ကတော့ အသာလွန်ဆုံးပါပဲ။ သူ့ရဲ့ အမွှေးတွေက လူတိုင်းထက် ထူသလို၊ အဆီတွေကလည်း လူတိုင်းထက် ပိုတောင့်တင်းပြီး၊ သူ့ရဲ့ အစွယ်ကလည်း ဘယ်ဓားထက်မဆို ပိုပြီး ထက်မြနေတာပါ။
ကောင်းကင်ဝံပုလွေနဲ့အော့ခ်စပ် မျိုးနွယ်စုရဲ့ ခေါင်းဆောင်ဟာ ရန်သူတွေရဲ့ အမွှေးတွေ၊ ဆူးတွေနဲ့ အလှဆင်ထားတဲ့ သူ့ရဲ့ ပလ္လင်ပေါ်မှာ ထိုင်နေတယ်။ သူ့ရဲ့ နားရွက်တွေမှာတော့ အဆောင်အယောင်တွေ အများကြီး ရှိနေပြီးသားပေါ့။
"သူတို့ လက်နက်ချပြီလား" လို့ ဝံပုလွေအော့ခ် ခေါင်းဆောင်က သူ့ရဲ့ အစေခံတွေကို ပင်ပန်းနွမ်းနယ်နေတဲ့ အသံနဲ့ မေးလိုက်တယ်။
မြေဒြပ်စင် နတ်ဘုရားမက သူမရဲ့ ဒေါသကိုပြသပြီး မြေငလျင်တွေ ပေးကတည်းက သူတို့ဟာ လိပ်ပြာဆူးအော့ခ် မျိုးနွယ်စုနဲ့ ပြည်တွင်းစစ် ဖြစ်နေခဲ့တာပါ။ သူတို့ရဲ့ အဓိက အစားအသောက် အရင်းအမြစ်ဖြစ်တဲ့ တောအုပ်တွေဟာ ငလျင်ကြောင့် ပျက်စီးသွားတာမို့ သူတို့လည်း အကြီးအကျယ် ထိခိုက်ခဲ့ရတာပေါ့။
ဒီမျိုးနွယ်စု နှစ်ခုဟာ အစကတည်းက ပြိုင်ဘက်တွေ ဖြစ်ခဲ့ကြပေမဲ့ အဲဒါက အချင်းချင်း နောက်ပြောင်ကျီစယ်တဲ့ ပုံစံမျိုးပဲ ရှိခဲ့တာပါ။ ဒါပေမဲ့ တောအုပ်တွေ ပျက်စီးသွားပြီး ရွှေရောင်လမ်းမကြီးလည်း ပျက်ယွင်းသွားတဲ့အခါ အရင်းအမြစ်တွေ ရှားပါးလာတာကြောင့် ကျန်ရှိနေတဲ့ အရင်းအမြစ်တွေကို တစ်ဦးတည်း မူပိုင်ယူချင်ကြရာကနေ ပြည်တွင်းစစ်အထိ ဖြစ်လာခဲ့တာပါ။
မျိုးနွယ်စုနှစ်ခုအတွက် တောအုပ်က သေးလွန်းတဲ့ နေရာဖြစ်သွားခဲ့ပါပြီ။
တကယ်လို့ မျိုးနွယ်စု နှစ်ခုလုံး ဒီနယ်မြေမှာ ဆက်နေမယ်ဆိုရင် အငတ်ဘေးဆိုက်ပြီး အကုန်သေကုန်ကြလိမ့်မယ်ဆိုတာ သူတို့ သိကြတယ်။ ဒါကြောင့် တစ်ဖွဲ့ကတော့ နယ်မြေကနေ ထွက်ခွာပေးရမှာပါ။
ဒါပေမဲ့ မျိုးနွယ်စုတိုင်းကတော့ သူတို့ကိုယ်သူတို့ပဲ ဒီနယ်မြေမှာ နေဖို့ ထိုက်တန်တယ်လို့ ယူဆနေကြတာပေါ့။ ဝံပုလွေအော့ခ်တွေက သူတို့ဟာ ကြောက်တတ်တဲ့ လိပ်ပြာဆူးအော့ခ်တွေထက် ပိုသန်မာတယ်လို့ ယူဆသလို၊ လိပ်ပြာဆူးအော့ခ်တွေကလည်း ဦးနှောက်မရှိတဲ့ ဝံပုလွေအော့ခ်တွေက မြေပြင်ကို ပြုစုပျိုးထောင်မယ့်အစား ဖျက်ဆီးရုံပဲ လုပ်လိမ့်မယ်လို့ ယူဆနေကြတယ်။
မျိုးနွယ်စုတိုင်းက သူတို့နယ်မြေအတွက် အခွင့်အရေး ရှိနေတာမို့ ဘယ်သူမှတော့ အလျှော့ပေးမှာ မဟုတ်ပါဘူး။
"ခေါင်းဆောင်၊ အဲဒီ အရိုးမရှိတဲ့ အော့ခ်တွေက လမ်းဖယ်ပေးဖို့ ငြင်းနေကြပါတယ်။ ကျွန်တော်တို့ နယ်မြေကနေ ထွက်သွားဖို့ ဆန္ဒရှိပုံ မရပါဘူး" လို့ အော့ခ်တစ်ယောက်က လာအစီရင်ခံတယ်။
ဝံပုလွေအော့ခ် ခေါင်းဆောင်က နှာခေါင်းရှုံ့လိုက်တယ်။ "ပုံမှန်အတိုင်းပါပဲ" လို့ သူက ဆိုတယ်။
ခေါင်းဆောင်ဟာ တစ်ကိုယ်လုံး ဆူးတွေ၊ အမွှေးအမျှင်တွေနဲ့ ပြည့်နေတဲ့ လိပ်ပြာဆူးအော့ခ်တွေက 'အရိုးမရှိ' သလိုမျိုး (ကျောရိုးမရှိသလိုမျိုး) ဖြစ်နေပြီး သူတို့မျိုးနွယ်စုအတွက် နယ်မြေသစ် မရှာဘဲ ငြင်းဆန်နေတာကို တကယ်ပဲ ရယ်ချင်စရာ ကောင်းတယ်လို့ တွေးနေမိတာပေါ့။
"တပ်သားတွေ ပိုစေလွှတ်လိုက်။ ငါတို့ကသာ ကောင်းချီးပေးခံရသူတွေဆိုတာ သူတို့ကို ပြလိုက်စမ်း" လို့ ခေါင်းဆောင်က အမိန့်ပေးလိုက်တယ်။
သူတို့ရဲ့ ရန်ငြိုးက နက်ရှိုင်းပေမဲ့ အော့ခ်မျိုးနွယ်စု နှစ်ခုလုံးဟာ အကြမ်းဖက်နည်းနဲ့ ဖြေရှင်းဖို့တော့ ငြင်းဆန်ထားကြတယ်။ ဘာပဲဖြစ်ဖြစ် သူတို့က အရိုင်းအစိုင်းတွေမှ မဟုတ်တာလေ။
အဲဒီအစား သူတို့က ကိုးကွယ်ယုံကြည်မှုနဲ့ သူတို့ရဲ့ အသာစီးရမှုကို ပြသဖို့ ရွေးချယ်ခဲ့ကြတာပါ။
ဒီအော့ခ်တွေဟာ သူတို့ ရှင်သန်နိုင်ဖို့အတွက် အထောက်အပံ့ပေးတဲ့ မြေဒြပ်စင် နတ်ဘုရားမကို ကြောက်ရွံ့ရိုသေကြတယ်။ သူမ ပေးထားတဲ့ လက်ဆောင်တွေအတွက် ကျေးဇူးတင်ကြောင်း ပြသတဲ့အနေနဲ့ အော့ခ်တွေဟာ သူတို့ရဲ့ ခန္ဓာကိုယ်တွေကို ရိုက်ပုတ်ပြီး အားကုန် အော်ဟစ်ကြတာပေါ့။
နတ်ဘုရားမကို ပိုပြီး ကြိုးကြိုးစားစား ကိုးကွယ်တဲ့သူကသာ သူမရဲ့ ကောင်းချီးအောက်မှာ နေထိုင်ဖို့ ထိုက်တန်တယ်လို့ အော့ခ်တွေက ယုံကြည်နေကြတယ်။
ဝံပုလွေအော့ခ်တွေရော၊ လိပ်ပြာဆူးအော့ခ်တွေရောဟာ သူတို့ကိုယ်သူတို့ပဲ ကိုးကွယ်ယုံကြည်မှုမှာ ပိုပြီး သာလွန်တယ်လို့ ထင်နေကြတာပါ။
"နတ်ဘုရားမက ငါတို့ဘက်မှာ ရှိတယ်ဆိုတာ သူတို့ကို ပြရမယ်။ သစ်ပင်တွေက အဲဒီအတိုင်း ပြောနေတာပဲ" လို့ ပြောရင်း ခေါင်းဆောင်ဟာ ပလ္လင်ပေါ်က ထလိုက်ပြီး သူ့တဲပြင်ကို ထွက်လာခဲ့တယ်။
အော့ခ်တွေက သူ့ကို မြင်တာနဲ့ လေးစားတဲ့အနေနဲ့ သူတို့ရဲ့ ပေါင်တွေကို ရိုက်လိုက်ကြတယ်။ ဒါဟာ ခေါင်းဆောင် ရောက်နေပြီဆိုတာကို တခြားသူတွေကို အချက်ပေးလိုက်တာလည်း ဖြစ်ပါတယ်။
"ငါ့ကို ငါတို့ရဲ့ သန့်စင်မွန်မြတ်သောနယ်မြေဆီ ခေါ်သွားပေး" လို့ ခေါင်းဆောင်က ဆိုတယ်။
အော့ခ်အစောင့်တွေက သူတို့ရဲ့ ခေါင်းဆောင်ကို တောအုပ်ထဲမှာရှိတဲ့ သန့်ရှင်းတဲ့ ကိုးကွယ်ရာနေရာဆီကို လမ်းပြခေါ်သွားပေးကြတယ်။
သူတို့တွေ တောအုပ်ထဲကို လျှောက်သွားရင်းနဲ့ သစ်ပင် အမျိုးအစားတွေက တစ်ဖြည်းဖြည်းနဲ့ ဆင်တူလာပြီး နောက်ဆုံးမှာတော့ နယ်မြေတစ်ခုလုံးမှာ သစ်ပင်တစ်မျိုးတည်းပဲ ရှိပါတော့တယ်။
ဒီသစ်ပင်အမျိုးအစားက ပင်စည်လည်း မထူသလို၊ အရွက်ပုံကြီးလည်း မကျယ်ပါဘူး၊ အရပ်လည်း သိပ်မရှည်လှပါဘူး။ ဒါဟာ အော့ခ်တွေ အနားသွားပြီး အကိုင်းတွေမှာ သီးနေတဲ့ အသီးတွေကို ခူးယူဖို့အတွက် အနေတော်ပါပဲ။
ခေါင်းဆောင်ဟာ သူ့အရှေ့က အနီးဆုံး အသီးကို မော့ကြည့်လိုက်တယ်။ အချိန်အတော်ကြာပြီးတဲ့နောက်မှာတော့ အဲဒီအသီးဟာ အညိုရောင် ပြောင်းသွားပြီမို့ ရိတ်သိမ်းဖို့ အဆင်သင့် ဖြစ်နေပါပြီ။
"ဒီကတ်ကေးအိုးကို ပေးသနားတဲ့အတွက် နတ်ဘုရားမကို ကျေးဇူးတင်ပါတယ်" လို့ သူက ပြောရင်း အကိုင်းပေါ်က အသီးတစ်ခုကို ဆွဲခူးလိုက်တယ်။
အော့ခ်တွေ ကိုးကွယ်နေကြတဲ့ အဲဒီသစ်ပင်တွေဟာ ကိုးကိုးသစ်ပင်တွေ ဖြစ်နေတာပါပဲ။
* * * * * * * * *
စာစဉ်(၁၄)
အခန်း (၁၆၂)
အော့ခ်တွေဟာ ကိုးကိုး(ဒေသအခေါ် ကတ်ကေးအိုး)ကို မြေဒြပ်စင် နတ်ဘုရားမနဲ့ နက်နက်ရှိုင်းရှိုင်း ဆက်နွှယ်နေတဲ့ သန့်ရှင်းတဲ့အရာတစ်ခုအဖြစ် သတ်မှတ်ထားကြတယ်။
အဲဒါကြောင့်ပဲ သူတို့နယ်မြေ ပတ်ပတ်လည်မှာ ကိုးကိုးသစ်ပင်တွေ ထောင်နဲ့ချီပြီး ရှိနေတာဖြစ်ပြီး အပင်တိုင်းကလည်း တစ်နှစ်ပတ်လုံး အသီးသီးဖို့ အဆင်သင့် ဖြစ်နေတာပါ။
ဝံပုလွေအော့ခ် မျိုးနွယ်စုနဲ့ လိပ်ပြာဆူးအော့ခ် မျိုးနွယ်စု နှစ်ခုလုံးဟာ ဒီသစ်ပင်တွေကို ကိုးကွယ်ကြပြီး ဘာအန္တရာယ်မှ မဖြစ်အောင်လည်း ကာကွယ်ပေးကြတယ်။ အဲဒီနေရာမှာ သေသွားတဲ့ သစ်ပင်ရှိရင် မျိုးစေ့ဆယ်စေ့ ပြန်စိုက်ပြီး အစားထိုးရတာက သူတို့ရဲ့ အစဉ်အလာ တစ်ခုပါပဲ။ ဒါဟာ သူတို့ရဲ့ သန့်ရှင်းတဲ့နေရာကို နတ်ဘုရားမက ကောင်းချီးပေးထားဆဲ ဖြစ်တယ်ဆိုတာ သေချာအောင် လုပ်တာဖြစ်ပါတယ်။
ဒါကို သူတို့ရဲ့ ဘိုးဘေးတွေက စတင်ခဲ့တာဖြစ်ပြီး မျိုးဆက်အဆက်ဆက်က ခေါင်းဆောင်တွေကလည်း ဆက်လက် ထိန်းသိမ်းခဲ့ကြတာပါ။
ဒါဟာ အော့ခ်မျိုးနွယ်စုတွေအတွက် ဒီနေရာက ဘာလို့ အရေးကြီးရသလဲဆိုတဲ့ အကြောင်းရင်းပါပဲ။ ဒီနေရာကနေ ထွက်သွားတာဟာ နတ်ဘုရားမရဲ့ ကောင်းချီးပေးထားတဲ့ နေရာကို စွန့်ခွာသွားတာနဲ့ အတူတူပါပဲ။
တခြား နေရာကောင်းတွေမှာ မြေဆီလွှာ ကောင်းတာတွေ တွေ့နိုင်ပေမဲ့ အသီးသီးနိုင်မယ့် ကိုးကိုးသစ်ပင် တောအုပ်ကြီး ဖြစ်လာဖို့ဆိုရင် နှစ်နဲ့ချီပြီး အချိန်ပေးရဦးမှာကိုး။
ဘယ်သူမှ မထွက်သွားချင်ကြပါဘူး။ ဒါပေမဲ့ ကိုးကိုးသစ်ပင်တွေ ရေရှည်ရှင်သန်ဖို့အတွက်ဆိုရင်တော့ အော့ခ်မျိုးနွယ်စု နှစ်ခုလုံးက ထွက်သွားဖို့ ဆန္ဒရှိကြပါတယ်။ ဒါပေမဲ့ ခေါင်းဆောင် တစ်ယောက်ချင်းစီက သူတို့ရဲ့ ပြိုင်ဘက်မျိုးနွယ်စုဟာ ဒီသန့်ရှင်းတဲ့ ကိုးကိုးသစ်ပင်တွေကို ကာကွယ်စောင့်ရှောက်နိုင်စွမ်း မရှိဘူးလို့ ထင်နေကြတာပါ။
ဝံပုလွေအော့ခ် မျိုးနွယ်စုဟာ ကောင်းဝံပုလွေနဲ့ အော့ခ်စပ်မျိုးနွယ်ဖြစ်တာကြောင့် ခွန်အားနဲ့ တန်ခိုးမှာတော့ အထူး သာလွန်ကြတယ်။ ဒါပေမဲ့ သူတို့ရဲ့ ခံစစ်ပိုင်းကတော့ လိုအပ်ချက်တွေ ရှိနေပါသေးတယ်။ သူတို့ရဲ့ ရန်လိုတတ်တဲ့ သဘာဝက တခြားသူတွေကို တိုက်ခိုက်ဖို့အတွက် ကောင်းပေမဲ့ သန့်ရှင်းတဲ့ ကိုးကိုးသစ်ပင်တွေကို ပြင်ပကနေ လာတိုက်ခိုက်ရင် ကာကွယ်ဖို့အတွက်ကျတော့ သိပ်ပြီး အသုံးမဝင်လှပါဘူး။
တစ်ဖက်မှာတော့ ခံစစ်ပိုင်းမှာ အထူး ကျွမ်းကျင်တဲ့ လိပ်ပြာဆူးအော့ခ် မျိုးနွယ်စု ရှိနေပါတယ်။
သူတို့တွေက ကောင်းကင်လိပ်ပြာဆူးဝက်နဲ့အော့ခ်စပ်မျိုးနွယ်ဖြစ်တာကြောင့် သူတို့မှာ အကာအကွယ်ဖြစ်စေတဲ့ ဆူးတွေ၊ အမွှေးအမျှင်တွေ ရှိကြတယ်။ အဲဒါတွေက ဘယ်လို သတ္တုချပ်ဝတ်ကိုမဆို ဖောက်ထွက်နိုင်တဲ့ လှံတွေလိုမျိုး အရပ်မျက်နှာ အနှံ့ကို ပစ်လွှတ်နိုင်တာပါ။
သူတို့က ခံစစ်မှာ အရမ်းတော်ပေမဲ့ တိုက်စစ်ပိုင်းမှာတော့ ဘာမှ မလုပ်နိုင်သလောက်ပါပဲ။ သူတို့ရဲ့ အဓိက ဗျူဟာကတော့ တစ်နေရာမှာပဲ အခိုင်အမာ နေပြီးတော့ အနားလာတဲ့သူမှန်သမျှကို ပစ်ခတ်တာပါပဲ။
ဒါပေမဲ့ အဲဒါမှာလည်း အားနည်းချက် ရှိပါတယ်။ တိုက်စစ် စွမ်းရည်မရှိဘဲနဲ့ဆိုရင် သူတို့ရဲ့ ရန်သူတွေက သူတို့ ကြိုက်သလို လာတိုက်လိုက်၊ ပြန်ဆုတ်လိုက် လုပ်လို့ ရနေတာကိုး။ ရန်သူတွေက အနားယူပြီး အားအင်ပြန်ဖြည့်နိုင်ချိန်မှာ လိပ်ပြာဆူးအော့ခ်တွေကတော့ တစ်နေရာတည်းမှာတင် ပိတ်မိပြီး အနားမယူနိုင်ဘဲ ဖြစ်နေမှာပါ။ နောက်ဆုံးမှာတော့ သူတို့ ပင်ပန်းနွမ်းနယ်သွားတဲ့အခါ ရန်သူတွေက အလွယ်တကူ ဖောက်ထွက်သွားနိုင်မှာ ဖြစ်ပါတယ်။
ဝံပုလွေအော့ခ်တွေနဲ့ လိပ်ပြာဆူးအော့ခ်တွေမှာ သူတို့ရဲ့ အားသာချက်၊ အားနည်းချက်တွေ ကိုယ်စီ ရှိနေကြတာပေါ့။ ပြဿနာကတော့ သူတို့နှစ်ဖွဲ့လုံးက ဒီသန့်ရှင်းတဲ့ နယ်မြေကို အပြည့်အဝ မကာကွယ်နိုင်ကြတာပါပဲ၊ ဒါကြောင့်လည်း ဘယ်သူမှ အလျှော့မပေးနိုင်တာ ဖြစ်ပါတယ်။
"သူ ဘာလို့ နားမလည်ရတာလဲ" လို့ ဝံပုလွေအော့ခ် ခေါင်းဆောင်က သူ့ဘာသာ ရေရွတ်လိုက်တယ်။ "ပြင်းထန်တဲ့ တိုက်စစ်ကသာ အကောင်းဆုံး ခံစစ်ပဲလေ။ အထူးသဖြင့် ငါတို့ နတ်ဘုရားမရဲ့ ကောင်းချီးနဲ့ဆိုရင်ပေါ့"
ခေါင်းဆောင်ဟာ ကိုးကိုးအသီးတစ်ခုကို သူ့လက်ဗလာနဲ့ပဲ ခွဲလိုက်တယ်။ သူဟာ အပြင်ဘက်က အညိုရောင် အခွံမာအောက်မှာ ရှိနေတဲ့ ဖြူဖွေးနေတဲ့ မျိုးစေ့လေးတွေကို လိုက်ရှာလိုက်တယ်။
သူက မျိုးစေ့တစ်ခုကို ယူပြီး စူးစမ်းစွာ ကြည့်လိုက်တယ်။ ဒီလို သေးငယ်တဲ့ မျိုးစေ့လေးထဲမှာ နတ်ဘုရားမရဲ့ ကောင်းချီးတွေ အများကြီး ပါဝင်နေတယ်ဆိုတာ ယုံရခက်လှပါတယ်။
အဲဒီနောက်မှာတော့ သူက အဲဒီမျိုးစေ့ကို သွားကြားထဲ ထည့်ပြီး ဝါးစားပစ်လိုက်ရာ၊ တစ်ခါတည်းနဲ့ပဲ မျိုချလိုက်ပါတော့တယ်။
"ခါးလိုက်တာ" လို့ သူက မျက်နှာပျက်ပျက်နဲ့ မှတ်ချက်ပေးလိုက်တယ်။
ကိုးကိုးစေ့ကို အကြိမ်ကြိမ် စားဖူးကြပေမဲ့ အော့ခ်တွေဟာ သူတို့ရဲ့ ပါးစပ်ထဲက ခါးသက်သက် အရသာကို အခုထိ ရွံရှာနေကြတုန်းပါပဲ။ ဒါဟာ သူတို့ အမုန်းဆုံး အရသာပဲလေ။
တကယ်လို့သာ ဒါဟာ နတ်ဘုရားမရဲ့ ကောင်းချီး မဟုတ်ဘူးဆိုရင် သူတို့တွေ ကိုးကိုးစေ့ကို စားမိတာနဲ့ ချက်ချင်း ပြန်ထွေးထုတ်ပစ်ကြမှာပါ။
အရသာကို ဘယ်လောက်ပဲ မုန်းပါစေ၊ သူတို့တွေကတော့ စားနေကြတုန်းပါပဲ။
ဒါကို နတ်ဘုရားမရဲ့ စမ်းသပ်မှုတစ်ခုလို့ သူတို့ ယူဆထားကြတယ်။ သူမရဲ့ အဖိုးတန်ဆုံး ဖန်တီးမှုတစ်ခုရဲ့ အရသာကိုတောင် မခံစားနိုင်ဘူးဆိုရင် သူမရဲ့ ကောင်းချီးကို ရဖို့ မထိုက်တန်ဘူးလို့ သူတို့ ထင်ကြတာကိုး။
ခေါင်းဆောင်ဟာ နတ်ဘုရားမရဲ့ ကောင်းချီးကို ခံယူဖို့အတွက် မျက်လုံးတွေကို မှိတ်လိုက်တယ်။
ရုတ်တရက်ဆိုသလိုပဲ ခေါင်းဆောင်ရဲ့ ခန္ဓာကိုယ် ပတ်ပတ်လည်မှာ မြင်သာတဲ့ အနီရောင် အရှိန်အဝါတွေ ထွက်ပေါ်လာပြီး သူ့ကို အားအင်တွေနဲ့ ခွန်အားတွေ ဖြည့်ဆည်းပေးလိုက်ပါတယ်။
သူ့ရဲ့ ကြွက်သားတွေက ဖောင်းကားလာပြီး သွေးကြောတွေလည်း ထောင်ထွက်လာတယ်။ ကိုးကိုးစေ့က ပေးလိုက်တဲ့ ကြီးမားလှတဲ့ ကိုယ်ခန္ဓာ ခွန်အားကို သူ့ခန္ဓာကိုယ်က အမွှေးအမျှင်တွေကပါ ဗီဇအသိနဲ့ ခံစားလိုက်ရတာပါ။
မျိုးစေ့ တစ်စေ့တည်းနဲ့တင် သူ့ရဲ့ ကြွက်သားထုထည်ကို နှစ်ဆနီးပါး ကြီးထွားစေခဲ့သလို၊ သူ့ရဲ့ ပုံမှန်ခန္ဓာကိုယ်ထက် နှစ်ဆလောက် ပိုသန်မာတဲ့ ခွန်အားကို ပြသနိုင်စေခဲ့တယ်။
ဒါဟာ သူတို့အတွက် နတ်ဘုရားမရဲ့ ကောင်းချီးပါပဲ။
တကယ်တော့ ကိုးကိုးစေ့တွေထဲမှာ ထူးခြားတာ ဘာမှမရှိပါဘူး။ ဒါဟာ သဘာဝလောကက တခြားမျိုးစေ့တွေ၊ အသီးတွေနဲ့ ဘာမှ မခြားနားပါဘူး။
ဒါပေမဲ့ ကိုးကိုးစေ့ထဲမှာ ပါဝင်တဲ့ ဓာတုဗေဒနဲ့ မှော်စွမ်းအင် ဖွဲ့စည်းပုံဟာ အော့ခ်တွေရဲ့ ခန္ဓာကိုယ်ထဲမှာ ရှိနေတဲ့ မူလ ခွန်အားနဲ့ တန်ခိုးတွေကို နှိုးဆွပေးနိုင်တဲ့ တုံ့ပြန်မှုတစ်မျိုးကို ဖြစ်ပေါ်စေခဲ့တာပါ။
ဒါဟာ သူတို့က ကိုးကိုးသစ်ပင်တွေကို သူတို့ရဲ့ သန့်ရှင်းတဲ့နယ်မြေအဖြစ် ဘာလို့ သတ်မှတ်ရသလဲဆိုတဲ့ အကြောင်းရင်းပါပဲ။ ဒါက သူတို့ရဲ့ နယ်မြေကို အန္တရာယ်မှန်သမျှကနေ ကာကွယ်ဖို့ ခွန်အားတွေ ပေးတာကိုး။
တကယ်လို့သာ ကိုးကိုးစေ့ရဲ့ အရသာက အခုလောက်အထိ မခါးဘူးဆိုရင် သူတို့တွေဟာ ဒါကို အဆာပြေမုန့်လိုမျိုး အမြဲတမ်း စားနေကြမှာဖြစ်ပြီး အမြဲတမ်းလည်း ခွန်အားကြီးနေကြမှာပါ။
ကံမကောင်းစွာနဲ့ပဲ ဒီအော့ခ်တွေဟာ အဲဒီခါးတဲ့အရသာကို အရမ်းမုန်းတာကြောင့် အရေးပေါ်အခြေအနေမျိုး ဒါမှမဟုတ် တကယ် လိုအပ်တဲ့ အချိန်မျိုးမှာပဲ စားကြပါတော့တယ်။
ခေါင်းဆောင်ဟာ မျက်လုံးတွေကို မှိတ်ပြီး နတ်ဘုရားမရဲ့ ကောင်းချီးအတွက် ကျေးဇူးတင်နေမိတယ်။ သူဟာ သူ့ရဲ့ ပေါင်တွေကို မြေပြင်နဲ့ မျဉ်းပြိုင်နီးပါးဖြစ်အောင် ဆောင့်ကြောင့်ထိုင်လိုက်တယ်။
သူဟာ သူ့ရဲ့ ပေါင်တွေကို တစ်ပြိုင်တည်း ရိုက်ပုတ်လိုက်ရာ၊ ကိုးကိုးသစ်ပင် တောအုပ်တစ်ခုလုံးမှာ ပဲ့တင်ထပ်သွားတဲ့ စည်းချက်ကျကျ အသံတစ်ခု ထွက်ပေါ်လာပါတယ်။
"ဘူ.. တို… တို…" လို့ ခေါင်းဆောင်က အားကုန် အော်ဟစ်လိုက်တယ်။
သူဟာ ကိုးကိုးစေ့ကြောင့် ပြောင်းလဲသွားတဲ့ သူ့ရဲ့ ခန္ဓာကိုယ်ဟာ ဘယ်လောက်အထိ ကြံ့ခိုင်သလဲဆိုတာကို ပြသတဲ့အနေနဲ့ သူ့ကိုယ်သူ ပိုပြီး ပြင်းပြင်းထန်ထန် ရိုက်ပုတ်နေပါတော့တယ်။
အံ့ဩစရာကောင်းတာက သူ့ရဲ့ အသံဟာ သူ့ခန္ဓာကိုယ်က ထွက်ပေါ်လာတဲ့ အသံတွေနဲ့ ပဲ့တင်ထပ်နေတာပါပဲ။ ရိုက်ပုတ်လိုက်တဲ့ အသံတိုင်းမှာ ခေါင်းဆောင်ရဲ့ ခန္ဓာကိုယ်က ထွက်ပေါ်လာတဲ့ မြေဒြပ်စင်မှော်စွမ်းအင်တွေက ဝန်းရံပေးထားပြီး အဲဒီအသံတွေက ပတ်ဝန်းကျင်ဆီကို အသံလှိုင်းတွေအဖြစ် ပျံ့လွင့်သွားပါတယ်။
မြေဒြပ်စင်မှော်စွမ်းအင်တွေ ပါဝင်နေတဲ့ အသံလှိုင်းတွေက ကိုးကိုးသစ်ပင်တွေကို ဖြတ်သန်းသွားတဲ့အခါ သစ်ကိုင်းတွေဟာ လေပြင်းတိုက်ခံရသလိုမျိုး ယိမ်းထိုးလာကြတယ်။
ခေါင်းဆောင်ရဲ့ ရိုးရာဝတ်ပြုမှုက ပိုပြီး ပြင်းထန်လာသလို၊ အသံတွေကြောင့် သစ်ကိုင်းတွေရဲ့ ယိမ်းထိုးမှုကလည်း ပိုများလာရာ၊ နောက်ဆုံးမှာတော့ သစ်ပင်တွေဟာ ကခုန်နေသလိုမျိုး ဘယ်ညာ ယိမ်းထိုးနေကြပါတော့တယ်။
* * * * * * * * *