← Chapters

အခန်း (၁၆၅-၁၆၆)

Vol. 14 Ch. 165-166

အခန်း (၁၆၅-၁၆၆)

Vol. 14 Ch. 165-166

အခန်း (၁၆၅)

ဒီအတောအတွင်း တောနက်ထဲမှာတော့ ဝံပုလွေအော့ခ်မျိုးနွယ်စုက အစောင့်နှစ်ယောက်ဟာ သူတို့ရွာရဲ့ အဝင်ဝနားမှာ ကင်းစောင့်နေကြတယ်။ သူတို့နယ်မြေနားကို အဲဒီ လိပ်ပြာဆူးအော့ခ်တွေ အနားမကပ်နိုင်အောင် စောင့်ကြည့်ဖို့ သူတို့မှာ တာဝန်ရှိတာကိုး။

အစောင့်နှစ်ယောက်ဟာ အပျော်တမ်းအားကစားတစ်ခုလို တစ်ယောက်ကိုတစ်ယောက် ရိုက်ပုတ်ပြီး အချိန်ဖြုန်းနေကြစဉ်မှာပဲ၊ ရုတ်တရက် သူတို့ရဲ့ နှာခေါင်းတွေက လှုပ်ရှားသွားကြတယ်။

လေထုထဲမှာ အနံ့တစ်ခု ရလိုက်တာပါ၊ အဲဒါက သူတို့ မရလိုက်တာ တော်တော်လေး ကြာနေပြီဖြစ်တဲ့ အနံ့မျိုးပေါ့။

တောအုပ်ထဲမှာ သမင်တွေ ဒါမှမဟုတ် နွားတွေရဲ့ အနံ့ကို မရခဲ့တာ ရာသီအနည်းငယ်လောက် ရှိပါပြီ။ ငလျင်တွေကြောင့် တောအုပ်ထဲက သတ္တဝါတွေ အကြီးအကျယ် ပြောင်းရွှေ့သွားကြတာကြောင့် အသားစိမ်းကို အဓိက စားသုံးတဲ့ အော့ခ်တွေအတွက် အရင်းအမြစ်တွေ ရှားပါးသွားစေခဲ့တာပါ။

ဒါပေမဲ့ အခုတော့ သူတို့ လေထဲမှာ သွေးနံ့ကို ရနေပါပြီ။ လတ်ဆတ်တဲ့ သွေးနံ့ပေါ့။

သူတို့ရဲ့ စူးစမ်းလိုစိတ်နဲ့ အသားစိမ်းအပေါ် မပြေနိုင်တဲ့ ဆာလောင်မှုတွေကြောင့် အော့ခ်အစောင့်နှစ်ယောက်ဟာ သူတို့ရဲ့ ကင်းစခန်းကနေ ထွက်ပြီး လေထဲက အနံ့နောက်ကို လိုက်သွားခဲ့ကြတယ်။

မကြာခင်မှာပဲ သူတို့တွေ တောအုပ်ရဲ့ အစွန်းကို ရောက်သွားကြပြီး အဲဒီမှာတော့ ပလ္လင်လိုမျိုး ပြားချပ်နေတဲ့ ကျောက်တုံးမျက်နှာပြင်ပေါ်မှာ သေသေချာချာ တင်ထားတဲ့ အသားစိမ်းတုံးကြီး တစ်တုံးကို တွေ့လိုက်ရတယ်၊ ဘေးနားမှာလည်း သွေးတွေက အိုင်ထွန်းနေတုန်းပဲ။

အော့ခ်နှစ်ယောက် အနားကို တိုးသွားတဲ့အခါ အသားထဲမှာ အလံတစ်ခု စိုက်ထားတာကို တွေ့လိုက်ရတယ်၊ အဲဒီ အဖြူရောင်ပိတ်စပေါ်မှာ ရွှေရောင်စာလုံး သင်္ကေတတစ်ခုကို ရေးသားထားတာပါ။

ဒီလို ပူဇော်သက္ကာမျိုးကို မတွေ့ရတာ နှစ်နဲ့ချီနေပြီဆိုပေမဲ့ အော့ခ်အစောင့်နှစ်ယောက်ကတော့ ဒီအလံက ဘာကို ဆိုလိုသလဲဆိုတာ အသေအချာ သိကြတယ်။

တစ်စုံတစ်ယောက်က သူတို့ကို ဆက်သွယ်ဖို့ ကြိုးစားနေတာပဲ။

ရွှေရောင်လမ်းမကြီး ပျက်ယွင်းသွားပြီး နှစ်အတော်ကြာမှ တစ်စုံတစ်ယောက်က သူတို့ရဲ့ ဝန်ဆောင်မှုကို တောင်းဆိုဖို့ ပြန်ပြီး ဆက်သွယ်လာလိမ့်မယ်လို့ သူတို့ တစ်ခါမှ မထင်ထားခဲ့ကြပါဘူး။

ဒါက ထူးဆန်းနေပေမဲ့လည်း ဒါဟာ သူတို့မျိုးနွယ်စုအတွက် အကြီးအကျယ် အထောက်အကူပြုနိုင်မယ့် အရင်းအမြစ်တွေကို ရရှိနိုင်မယ့် အခွင့်အရေးတစ်ခုဆိုတာ သူတို့ သိကြတယ်။

သူတို့ဟာ အသားတုံးကြီးကို ယူပြီး သူတို့မျိုးနွယ်စုဆီ အမြန် ပြန်သွားကြတယ်။ သူတို့ ရွာထဲကို ဝင်ဝင်ချင်းမှာတင် ပျံ့လွင့်လာတဲ့ သွေးနံ့နဲ့ အသားနံ့ကြောင့် ကျန်တဲ့ ဝံပုလွေအော့ခ်တွေအားလုံး နိုးကြားသွားကြပါတော့တယ်။

"ဘူ… တို… တို…" လို့ သူတို့တွေ စိတ်လှုပ်ရှားစွာ အော်ဟစ်လိုက်ကြတယ်။ အသားရဲ့ အငွေ့အသက်ကို မခံစားရတာ တကယ်ကို ကြာလှပါပြီ။

အဲဒီ စိတ်လှုပ်ရှားမှုတွေက အော့ခ်တွေ တစ်ယောက်ပြီး တစ်ယောက်ဆီ ကူးစက်သွားပြီး အားလုံးက ကိုကိုးသစ်ပင်တွေကို ဝတ်ပြုတုန်းကလိုမျိုး သူတို့ရဲ့ ပေါင်တွေနဲ့ ရင်ဘတ်တွေကို ရိုက်ပုတ်နေကြပါတော့တယ်။

မကြာခင်မှာပဲ ဝံပုလွေအော့ခ် ခေါင်းဆောင်က ဘာတွေဖြစ်နေလဲဆိုတာ သတိထားမိသွားတယ်။

သူက သူ့ရဲ့ အဆောင်ထဲက ထွက်လာပြီး အသားတုံးနဲ့ အလံကို လာပြကြတဲ့ အော့ခ်အစောင့်နှစ်ယောက်ဆီကို လျှောက်သွားလိုက်တယ်။

"မရင်းနှီးတဲ့ ကုမ္ပဏီတစ်ခုပဲ" လို့ ခေါင်းဆောင်က သူ့ဘာသာ ရေရွတ်လိုက်တယ်။ ဒီအလံရဲ့ တံဆိပ်က ရွှေရောင်လမ်းမကြီးရဲ့ ဘုန်းကြီးခဲ့တဲ့ ခေတ်တုန်းက သူ မှတ်မိခဲ့တဲ့ တံဆိပ်မျိုး မဟုတ်ပါဘူး။

"ဒါကို တွေ့တာ ဘယ်လောက်ကြာပြီလဲ" လို့ ခေါင်းဆောင်က မေးလိုက်တယ်။

"ရိုက်ချက် အနည်းငယ်လောက်ပဲ ရှိပါသေးတယ် ခေါင်းဆောင်" လို့ သူတို့က ပြန်ဖြေတယ်။

"မင်းတို့ ကောင်းကောင်း လုပ်နိုင်ခဲ့တယ်" လို့ ခေါင်းဆောင်က ဆိုတယ်။

"ဒါကို ငါ့ဆီ အမြန်ဆုံး လာအစီရင်ခံရုံတင်မကဘဲ ငါတို့ရဲ့ ပြိုင်ဘက်တွေကိုလည်း ဒီအခွင့်အရေးအကြောင်း မကြားမိအောင် လုပ်နိုင်ခဲ့တယ်။ ကောင်းတယ်၊ တကယ်ကို ကောင်းတယ်" လို့ သူက ပြောလိုက်တယ်။

ဝံပုလွေအော့ခ်တွေက သူတို့ရဲ့ ဝံပုလွေသွေးကြောင့် အနံ့ခံအာရုံမှာ အထူး ဂုဏ်ယူကြတာပါ။

လိပ်ပြာဆူးအော့ခ် မျိုးနွယ်စုဆိုရင် ဒီအသားအလံကိုတွေ့ဖို့ တစ်နေ့လုံး အချိန်ပေးရပါလိမ့်မယ်။ ဒါပေမဲ့ သူ့အစောင့်တွေရဲ့ လျင်မြန်တဲ့ လုပ်ဆောင်မှုကြောင့် လိပ်ပြာဆူးအော့ခ်တွေအနေနဲ့ ဒီစီးပွားရေး အပေးအယူအကြောင်း သိခွင့်ရမှာ မဟုတ်ပါဘူး။

တကယ်လို့ ဒါကို သူတို့ သေချာ ကိုင်တွယ်နိုင်မယ်ဆိုရင် ဒီတာဝန်က ရမယ့် ဆုလာဘ်အားလုံးကို သူတို့ တစ်ဦးတည်း မူပိုင်ယူနိုင်မှာဖြစ်ပြီး အဲဒီအရင်းအမြစ်တွေက သူတို့ဘက်က အသာစီးရဖို့အတွက် လုံလောက်တဲ့ အထောက်အပံ့ ဖြစ်လာပါလိမ့်မယ်။

ဒါက အဲဒီ လိပ်ပြာဆူးအော့ခ်တွေကို နှင်ထုတ်ပစ်ဖို့အတွက် သူ စောင့်နေခဲ့တဲ့ အခွင့်အရေးပါပဲ။

အဲဒီနောက်မှာ သူက တခြား အစေခံတွေကို လှည့်ပြောလိုက်တယ်။

"မနက်ဖြန်မနက် ကုန်သည်နဲ့ တွေ့ဆုံဖို့အတွက် ငါတို့ရဲ့ အတော်ဆုံး စည်းရုံးရေးမှူးကို ပြင်ဆင်ထားလိုက်။ အဲဒီ လိပ်ပြာဆူးအော့ခ်တွေ ဒီအကြောင်းကို ဘာအရိပ်အယောင်မှ မရစေနဲ့"

ကျန်တဲ့ အော့ခ်တွေကလည်း သူတို့ခေါင်းဆောင်ရဲ့ အမိန့်ကို သဘောတူတဲ့အနေနဲ့ စိတ်လှုပ်ရှားစွာ အော်ဟစ်လိုက်ကြတယ်။ အသားကို နောက်ဆုံးမှာ စားရတော့မယ်ဆိုတဲ့ မျှော်လင့်ချက်က သူတို့ကို တက်ကြွလန်းဆန်းသွားစေပြီး ညဖက်အထိတောင် သူတို့ရဲ့ ဝတ်ပြုမှုတွေကို ဆက်တိုက် လုပ်ဆောင်နေကြပါတော့တယ်။

နောက်တစ်နေ့မနက်မှာတော့ ဝံပုလွေအော့ခ် လေးယောက်ပါတဲ့ အဖွဲ့တစ်ဖွဲ့ဟာ အသားကို စတင်တွေ့ရှိခဲ့တဲ့ တောအုပ်အစွန်းဆီကို ထွက်လာခဲ့ကြတယ်။

သူတို့ရဲ့ စိတ်လှုပ်ရှားမှုက သိသိသာသာကို ပေါ်လွင်နေပြီး နားရွက်တွေ ထောင်နေသလို အမြီးတွေကလည်း ဘယ်ညာ ယိမ်းခါနေကြတာပေါ့။

ဒါပေမဲ့ အဲဒီနေရာကို နီးသထက် နီးလာတဲ့အခါမှာတော့ အနံ့မျိုးစုံက သူတို့ရဲ့ နှာခေါင်းကို လာပြီး ရိုက်ခတ်တယ်။

လူသားအချို့ရဲ့ အနံ့တွေအပြင် သူတို့ တစ်ခါမှ မတွေ့ဖူးတဲ့ တခြားသော အမည်မသိ မျိုးနွယ်စုတွေရဲ့ အနံ့တွေလည်း ပါဝင်နေတာပါ။

ဒါပေမဲ့ အဲဒါက သူတို့ကို စိတ်မချမ်းမသာ ဖြစ်စေတာ မဟုတ်ပါဘူး။ သူတို့နဲ့ တကယ့်ကို ရင်းနှီးလွန်းတဲ့ အနံ့တစ်ခုကို ရလိုက်တာကမှ ပြဿနာပါ။

တွေ့ဆုံမယ့်နေရာကို နောက်ဆုံးမှာ သူတို့ ရောက်သွားတဲ့အခါ သူတို့ စိုးရိမ်ခဲ့တာတွေက အမှန်ဖြစ်နေတာကို တွေ့လိုက်ရတယ်။

လိပ်ပြာဆူးအော့ခ် မျိုးနွယ်စုကလည်း တွေ့ဆုံမယ့်နေရာမှာ ရောက်နေတာပါပဲ

သူတို့လည်း တောအုပ်ရဲ့ တစ်ဖက်ခြမ်းမှာ စောင့်နေတဲ့ လူသားတွေနဲ့ ဆွေးနွေးဖို့အတွက် အော့ခ်လေးယောက်ပါတဲ့ စေလွှတ်ရေးအဖွဲ့ကို စေလွှတ်ခဲ့ကြတာပေါ့။

အော့ခ်မျိုးနွယ်စု နှစ်ခုဟာ တစ်ယောက်ကိုတစ်ယောက် မြင်လိုက်တာနဲ့ သူတို့ရဲ့ ဒေါသတွေက မီးတောင်ပေါက်ကွဲသလို ပြင်းထန်လာပြီး နောက်ထပ် အော်ဟစ်ယှဉ်ပြိုင်မှုတစ်ခု ဖြစ်တော့မလိုတောင် ဖြစ်သွားခဲ့တယ်။

ဒါပေမဲ့ သူတို့ခေါင်းဆောင်ရဲ့ စကားတွေက သူတို့ခေါင်းထဲမှာ ပဲ့တင်ထပ်နေတာကြောင့် သူတို့တွေ တည်ငြိမ်အောင် ထိန်းထားလိုက်ကြတယ်။

လိပ်ပြာဆူးအော့ခ်တွေအပေါ်မှာ ရှိတဲ့ သူတို့ရဲ့ မုန်းတီးမှုကတော့ ခဏ စောင့်ရဦးမှာပါ။ အခုလောလောဆယ် သူတို့ရဲ့ အဓိက ရည်မှန်းချက်ကတော့ သူတို့ရဲ့ အလုပ်ရှင်လောင်းတွေနဲ့ တွေ့ဆုံပြီး မျက်နှာသာပေးခံရဖို့အတွက် ယှဉ်ပြိုင်ဖို့ပါပဲ။

အော့ခ်မျိုးနွယ်စု နှစ်ခုလုံးဟာ တစ်ဖက်လူကို သေချာ အကဲခတ်ရင်းနဲ့ မိုက်ကယ်တို့ အုပ်စုဆီကို လျှောက်လာကြတယ်။

"ကျွန်ုပ်တို့ ဝံပုလွေအော့ခ် မျိုးနွယ်စုဟာ လူသားကုန်သည်နဲ့ တွေ့ဆုံပါတယ်။ ကျွန်ုပ်တို့က မဆုတ်မနစ်တဲ့ ခွန်အားတွေကို ကမ်းလှမ်းပါတယ်" လို့ သူတို့က သူတို့ရဲ့ ပြိုင်ဘက်ကို ရန်စတဲ့အနေနဲ့ ကြည့်ရင်း ဂုဏ်ယူစွာ အော်ပြောလိုက်တယ်။

"ကျွန်ုပ်တို့ကတော့ လိပ်ပြာဆူးအော့ခ် မျိုးနွယ်စုပါ။ ဒီလူသန်ကြီးတွေနဲ့ မတူတာက ကျွန်ုပ်တို့က မတုန်မလှုပ်တဲ့ အကာအကွယ်တွေကို ကမ်းလှမ်းမှာပါ။ ကျွန်ုပ်တို့ထက် ပိုကောင်းတဲ့ ခံစစ်ဆိုတာ မရှိပါဘူး" လို့ သူတို့ကလည်း သူတို့ရဲ့ ဆူးတွေ၊ အမွှေးအမျှင်တွေကို ဖြန့်ပြရင်း ပြန်လည် ချေပလိုက်တယ်။

"လူသန်ကြီး ဟုတ်လား အဲဒီစကားကို ပြန်ရုပ်သိမ်းစမ်း။ မင်းတို့က ကြောက်တတ်တဲ့ ကောင်တွေပဲ"

အော့ခ်မျိုးနွယ်စု နှစ်ခုဟာ အော်ဟစ်ယှဉ်ပြိုင်မှုတွေ ဖြစ်နေကြပြီး မိုက်ကယ်ရဲ့ မျက်နှာသာပေးမှုကို ရဖို့အတွက် သူတို့ကိုယ်သူတို့ ကြွားလုံးထုတ်နေကြပါပြီ။

မိုက်ကယ်က သူတို့လို အော့ခ်တစ်ယောက် မဟုတ်ဘူးဆိုတာကို သူတို့တွေ မေ့နေကြပုံရပြီး သူတို့ရဲ့ ပေါင်တွေကို ရိုက်ပုတ်ပြတာ ဒါမှမဟုတ် ဆူးတွေကို တီးခတ်ပြတာတွေနဲ့ပဲ သူ့ကို အထင်ကြီးအောင် ကြိုးစားနေကြတာပါ။

ဒါက တကယ့်ကို ထူးဆန်းတဲ့ မြင်ကွင်းတစ်ခုပါပဲ။

* * * * * * * * *

စာစဉ်(၁၄)

အခန်း (၁၆၆)

အော့ခ်တွေက သူတို့နဲ့ ထိတွေ့ဆက်ဆံဖို့ ကြိုးစားတာကို လက်ခံဖို့ အဆင်သင့် ဖြစ်နေတာကို တွေ့ရတာ ဝမ်းသာစရာ ကောင်းပေမဲ့ အော့ခ်မျိုးနွယ်စု နှစ်ခုဟာ တစ်ခုနဲ့တစ်ခု အဲဒီလောက်အထိ ရန်လိုနေကြတာကိုတော့ မိုက်ကယ် မကြိုက်ပါဘူး။ သူတို့ကြားက တင်းမာမှုက တကယ့်ကို ဓားနဲ့လှီးလို့ ရလောက်တဲ့အထိ ပြင်းထန်နေတာပေါ့။

"ဒီလူသား ကြောက်တတ်တဲ့ကောင်တွေကို မယုံနဲ့။ သူတို့က တစ်နေရာတည်းမှာ ဝပ်နေပြီး သူတို့ရဲ့ ဆူးတွေကို ထောင်ပြတာကလွဲလို့ ဘာမှမလုပ်တတ်ဘူး" လို့ ဝံပုလွေအော့ခ် အစောင့်တွေက ပြောလိုက်ကြတယ်။

"ဒီအော့ခ်တွေက အရမ်းတုံးအလွန်းတော့ ကောင်းမွန်တဲ့ ခံစစ်ရဲ့ အရေးပါပုံကိုတောင် နားမလည်ကြဘူး" လို့ လိပ်ပြာဆူးအော့ခ်တွေက ပြန်လည် ချေပလိုက်ကြတယ်။

ဒီအတောအတွင်း ဒရာဂွန်ဘွန်းတွေကတော့ အော့ခ်တွေကို ကြည့်ရင်း သူတို့ တစ်ယောက်နဲ့တစ်ယောက် ဘာလို့ အဲဒီလောက်အထိ မုန်းတီးနေကြတာလဲဆိုတာ နားမလည်နိုင်ဖြစ်နေကြတယ်။ သူတို့အတွက်တော့ မိသားစုက အရာရာပါပဲ။

"သူတို့တွေ ဘာလို့ အတူတူ လက်တွဲ မလုပ်ဆောင်ကြတာလဲ" လို့ ဇိုင်ယွန်က အပြစ်ကင်းစင်စွာ မေးလိုက်တယ်။

"အဲဒါက အော့ခ်တွေရဲ့ သဘာဝပဲလေ။ သူတို့က တော်တော်လေး စိတ်ထက်သန်ကြတာ" လို့ ယူနာက ပြောလိုက်တယ်။

"မိုက်ကယ် မင်း ဘယ်ဘက်ကို ငှားရမ်းဖို့ ရွေးချယ်မှာလဲ။ တစ်ဖက်ကို ရွေးလိုက်ရင် နောက်တစ်ဖက်က ဒေါသထွက်သွားနိုင်တယ်ဆိုတာ ငါ သတိပေးပါရစေ"

"နှစ်ဖွဲ့လုံးပဲ။ တစ်ဖွဲ့တည်းကိုပဲ ကိုယ့်ဘာသာကိုယ် ရုန်းကန်ဖို့ ပစ်မထားနိုင်ဘူး" လို့ မိုက်ကယ်က ပြန်ဖြေလိုက်တယ်။

ဒီအော့ခ် နှစ်မျိုးကို သူ့မျက်စိနဲ့ကိုယ်တိုင် အကဲခတ်ပြီးတဲ့နောက်မှာတော့ နိုဗာက သူတို့နဲ့ ပတ်သက်တဲ့ အချက်အလက် အချို့ကို ထပ်ပေးနိုင်ခဲ့တယ်။

- - အော့ခ်နဲ့ ဝံပုလွေ မျိုးစပ်

- - ဒြပ်စင်: မြေ၊ မီး

- - အော့ခ်နဲ့ လိပ်ပြာ မျိုးစပ်

- - ဒြပ်စင်: မြေ၊ ရေ

'ဒီအော့ခ်တွေအပေါ် မင်း ဘယ်လို မြင်လဲ' လို့ မိုက်ကယ်က နိုဗာကို မေးလိုက်တယ်။

[ဒီအော့ခ်တွေက အချက်တစ်ခုမှာ အရမ်းတော်ပေမဲ့ တခြားအချက်မှာတော့ ညံ့ကြပါတယ်။ အကယ်၍ သူတို့တွေ အတူတူ လက်တွဲ လုပ်ဆောင်မယ်ဆိုရင် နိုင်ငံတော်အတွက် ကောင်းမွန်တဲ့ ဖြည့်စွက်မှု တစ်ခု ဖြစ်လာပါလိမ့်မယ်။]

မိုက်ကယ်အနေနဲ့ မျိုးနွယ်စု တစ်ခုတည်းနဲ့ပဲ မဟာမိတ်ဖွဲ့မယ်ဆိုရင် ဒါဟာ တကယ့်ကို နှမြောစရာကောင်းမှာပါ။ ဝံပုလွေအော့ခ်တွေနဲ့ လိပ်ပြာဆူးအော့ခ်တွေသာ အတူတူ လက်တွဲပြီး နီယိုအော်ကပ်စ်ကို ကာကွယ်မယ်ဆိုရင် နောက်ပိုင်းမှာ ရွှေရောင်လမ်းမကြီးကိုပါ ကာကွယ်ပေးနိုင်မယ်ဆိုတာကို သူ မြင်ယောင်နေမိတယ်။

သူ့ရဲ့ အစီအစဉ်တွေကို အကောင်အထည်ဖော်ဖို့ ပိုပြီး မခက်ခဲလာစေဖို့အတွက် ဒီအော့ခ်မျိုးနွယ်စု နှစ်ခုကို ပြန်လည် သင့်မြတ်အောင် လုပ်နိုင်မယ့် နည်းလမ်းကို သူ ရှာဖွေဖို့ လိုအပ်ပါတယ်။

တောအုပ်ထဲကနေ နေ့တိုင်း မနားတမ်းအော်ဟစ်သံတွေ ထွက်ပေါ်နေမယ်ဆိုရင် ဘယ်သူ့အတွက်မှ စိတ်ဝင်စားစရာကောင်းတဲ့ နေရာတစ်ခု ဖြစ်လာမှာ မဟုတ်ပါဘူး။ အဲဒီလိုသာ ဖြစ်နေမယ်ဆိုရင် သူကိုယ်တိုင်တောင် နီယိုအော်ကပ်စ်မြို့မှာ နေချင်မှာ မဟုတ်ဘူးလေ။

ဒီမျိုးနွယ်စုနှစ်ခုကို အမြင်ချင်းတူလာအောင် လုပ်နိုင်မယ့် အကောင်းဆုံးနည်းလမ်းကတော့ သူတို့ လက်ရှိ ဖြစ်နေတဲ့ ပြဿနာကို အရင်ဆုံးဖြေရှင်းပေးဖို့ပဲလို့ သူ တွေးလိုက်မိတယ်။

ယူနာ့ အဆိုအရတော့ သူတို့ရဲ့ ပြည်တွင်းစစ် ဖြစ်နေရတဲ့ အကြောင်းရင်းက အရင်းအမြစ်တွေ ရှားပါးနေတာကြောင့် ဖြစ်နိုင်ပါတယ်။

ဒါကြောင့် အဖြေကတော့ လွယ်ကူပါတယ်။ သူတို့ကို အစားအသောက် ပေးလိုက်ရုံပါပဲ။

"အော့ခ်တို့ ငါ့စကားကို နားထောင်ကြ" လို့ မိုက်ကယ်က အော့ခ်တွေ ဝတ်ပြုမှု လုပ်ဆောင်တဲ့ နည်းလမ်းအတိုင်း သူ့ရဲ့ အသံထဲမှာ မြေဒြပ်စင်မှော်စွမ်းအင်တွေကို ထည့်သွင်းပြီး ပြောလိုက်တယ်။

ဒါပေမဲ့ သူ့ရဲ့ နည်းလမ်းက ပိုပြီး သိမ်မွေ့လှတယ်။ အသံလှိုင်းကို သယ်ဆောင်ပေးတဲ့ လေမော်လီကျူးတွေထဲအထိ မြေဒြပ်စင်မှော်စွမ်းအင်တွေကို စုစည်းထည့်သွင်းထားတာပါ။ ဒါက အော့ခ်တွေအပေါ် ပြင်းထန်တဲ့ တုံ့ပြန်မှုကို ဖြစ်ပေါ်စေခဲ့ပြီး မိုက်ကယ်ရဲ့ အသံကြောင့် သူတို့ရဲ့ ဝိညာဉ်တွေတောင် တုန်ခါသွားသလို ခံစားလိုက်ရတယ်။

အော့ခ်တွေဟာ ချက်ချင်းပဲ အသံတိတ်သွားကြပြီး မိုက်ကယ်ကို ရိုသေလေးစားမှုရော ကြောက်ရွံ့မှုပါ ပါဝင်နေတဲ့ မျက်ဝန်းတွေနဲ့ မတ်မတ်ရပ်ကြည့်နေကြတယ်။

သူတို့ရဲ့ ရှေ့မှာ သူတို့ရဲ့ ခေါင်းဆောင်ကြီးတွေ ရောက်နေသလိုမျိုး ခံစားလိုက်ရတာပါ။ မိုက်ကယ်ရဲ့ ဟိန်းထွက်နေတဲ့ အသံက အော့ခ်တွေရဲ့ အတွင်းစိတ်ထဲက ပင်ကိုယ်ဗီဇကို နိုးထစေခဲ့ပြီး မိုက်ကယ်ရဲ့ စကားတွေကို အာဏာရှိတဲ့ စကားတွေလိုမျိုး သူတို့ သတ်မှတ်လိုက်ကြတယ်။

ဘာပဲဖြစ်ဖြစ် သူတို့ရဲ့ ယဉ်ကျေးမှုမှာတော့ အသံကို ဟိန်းထွက်အောင် လုပ်နိုင်တဲ့သူတွေက သူတို့ရဲ့ သန့်ရှင်းတဲ့နေရာကို ပိုပြီး ကာကွယ်နိုင်သလို မြေဒြပ်စင်နတ်ဘုရားမနဲ့လည်း ပိုပြီး ဆက်သွယ်နိုင်တယ်လို့ ယူဆကြတာကိုး။ အဲဒါကြောင့်လည်း ဒီမျိုးနွယ်စု နှစ်ခုဟာ သူတို့ရဲ့ ရန်ငြိုးကို ဝတ်ပြုကကွက်တွေနဲ့ ယှဉ်ပြိုင်ပြီး ဖြေရှင်းဖို့ ကြိုးစားနေကြတာပါ။

ခေတ္တခဏအတွင်းမှာပဲ အဖွဲ့နှစ်ခုလုံးက တိုက်ခိုက်နေတာကို ရပ်တန့်လိုက်ပြီး မိုက်ကယ်ကို ကြည့်ရင်း သူ ပြောတဲ့အတိုင်း အတိအကျ လုပ်ဆောင်ကြပါတယ်၊ အဲဒါကတော့ နားထောင်တာပါပဲ။

"မင်းတို့ မျိုးနွယ်စု နှစ်ခုလုံး ပြည်တွင်းစစ်ကို ရပ်တန့်မယ်ဆိုရင် မင်းတို့အတွက် အစားအသောက်နဲ့ ရေကို ထောက်ပံ့ပေးဖို့ ငါတို့ အသင့်ရှိပါတယ်။ အသံတွေက အရမ်း ဆူညံလွန်းတယ်" လို့ မိုက်ကယ်က ပြောလိုက်တယ်။

"အရင်းအမြစ်တွေအတွက် တိုက်ခိုက်နေစရာ မလိုတော့ဘူး။ ငါတို့ အသားတွေ ပေးနိုင်တယ်"

မိုက်ကယ်က ဂျာကူနဲ့ ဇိုင်ယွန်ဆီကို အချက်ပြလိုက်တဲ့အခါ သူတို့က ကြီးမားတဲ့ သစ်သားသေတ္တာကြီး တစ်လုံးကို မလာပြီး အော့ခ်တွေရဲ့ ရှေ့မှာ ချလိုက်ကြတယ်။

အနံ့တစ်ခုတည်းနဲ့တင် အဲဒါက အသားတွေဆိုတာ အော့ခ်တွေ သိလိုက်ကြပါတယ်။ အသားစိမ်းတွေပေါ့။

ဒရာဂွန်ဘွန်းတွေက သေတ္တာကို ဖွင့်ပြလိုက်တဲ့အခါ အကယ်၍ သူတို့သာ မိုက်ကယ်ရဲ့ ကမ်းလှမ်းချက်ကို သဘောတူမယ်ဆိုရင် အပတ်တိုင်းရရှိမယ့် ပစ္စည်းတွေကို အော့ခ်တွေ တွေ့လိုက်ရတယ်။

ဝံပုလွေအော့ခ်တွေဟာ သူတို့မျက်စိရှေ့က လတ်ဆတ်တဲ့ အသားတွေကို ကြည့်ပြီး တံတွေးတွေတောင် ထွက်လာကြတယ်။

"ငါ့ကို မိုက်ကယ်လို့ ခေါ်နိုင်ပါတယ်"

"လူသား မိုက်ကယ်" လို့ ဝံပုလွေအော့ခ် အစောင့်က ပြောလိုက်တယ်။

"မင်း ပြောတဲ့အတိုင်း လုပ်ဖို့ ငါတို့ အသင့်ရှိပါတယ်။ မင်းကို ရန်စတဲ့သူ မှန်သမျှကို ချေမှုန်းပစ်ဖို့ ငါတို့ရဲ့ ခွန်အားတွေကို ကမ်းလှမ်းပါတယ်"

ဒါပေါ့၊ လိပ်ပြာဆူးအော့ခ်တွေလည်း သူတို့ရဲ့ ပြိုင်ဘက်တွေက ဒီလောက် ရက်ရောတဲ့ အလှူရှင်ကို အပိုင်သိမ်းသွားမှာကို ဒီအတိုင်း ကြည့်မနေနိုင်ကြပါဘူး။

"ငါတို့ တစ်မျိုးနွယ်လုံးက မင်းနဲ့ မင်းရဲ့ ကုမ္ပဏီကို တစ်သက်လုံး ကာကွယ်ပေးဖို့ အသင့်ပါပဲ" လို့ သူတို့က ကတိပေးလိုက်ကြတယ်။

မျိုးနွယ်စု နှစ်ခုလုံးက မိုက်ကယ်ရဲ့ မျက်နှာသာပေးမှုကို ရဖို့က အရေးကြီးတယ်ဆိုတာကို သိသွားကြတယ်။ ဒါကြောင့် အော့ခ်တွေက သူတို့ ရင်းနှီးတဲ့အတိုင်း လုပ်ဆောင်ကြပြန်တယ်။ အဲဒါကတော့ တစ်ယောက်နဲ့တစ်ယောက် ပြိုင်ဆိုင်ကြတာပါပဲ။

ဝံပုလွေအော့ခ်တွေက ချက်ချင်းပဲ တန်ပြန် ကမ်းလှမ်းချက်တစ်ခု လုပ်လိုက်ကြတယ်။

"မဟုတ်ဘူး၊ ငါတို့က…"

ဒါပေမဲ့ အော့ခ်တွေ သူတို့ရဲ့ ရန်ငြိုးတွေနဲ့ အာရုံလွင့်မသွားခင်မှာပဲ ရှီနာက ချက်ချင်း တားလိုက်ပါတယ်။

"အဲဒါတွေ မလိုပါဘူး။ သခင်လေး မိုက်ကယ်မှာ လိုအပ်တဲ့ အကာအကွယ်တွေ အားလုံး ရှိပြီးသားပဲ" လို့ သူမက ပြုံးရင်း ပြောလိုက်ပေမဲ့ သူမရဲ့ မျက်ဝန်းထဲက စူးရှမှုကြောင့် အော့ခ်တွေရဲ့ ကျောထဲမှာ စိမ့်သွားခဲ့တယ်။

အခုမှပဲ သူတို့တွေ ဒရာဂွန်ဘွန်းတွေရှိနေတာကို သတိထားမိသွားကြတာပါ။ သူတို့ရဲ့ ပုံစံက ကြောက်စရာ ကောင်းနေရုံတင်မကဘဲ အော့ခ်တွေ ခံစားမိတာကတော့ ဒီလူတွေရဲ့ မြေဒြပ်စင် နတ်ဘုရားမနဲ့ ဆက်နွှယ်မှုက သူတို့ထက် အများကြီး ပိုပြီး အားကောင်းနေတယ်ဆိုတာပါပဲ။ ဒါက အော့ခ်တွေအတွက် အချက်တစ်ခုပဲ ရှိပါတယ်၊ အဲဒါကတော့ ဒီလူသားနဲ့ သူ့နောက်က နဂါးလိုသတ္တဝါတွေကို သွားပြီး မရှုပ်ဖို့ပါပဲ။

"ငါ ပြောပြီးပြီလေ၊ ယှဉ်ပြိုင်နေဖို့ မလိုပါဘူး။ မင်းတို့ မျိုးနွယ်စုတွေ ပြည်တွင်းစစ်ကို ရပ်တန့်ကြ၊ မဟုတ်ရင် ငါကိုယ်တိုင် ရပ်တန့်ပစ်ရလိမ့်မယ်" လို့ မိုက်ကယ်က ပြောလိုက်တယ်။

အော့ခ်တွေက အားနာတဲ့ ပုံစံ ဖြစ်သွားကြတယ်။

"တောင်းပန်ပါတယ် လူသား မိုက်ကယ်။ ဒါပေမဲ့ ဒီ...လိပ်ပြာဆူးအော့ခ်တွေ...အပေါ်မှာ ထားတဲ့ ငါတို့ရဲ့ ရန်ငြိုးက အဲဒီလောက် လွယ်လွယ်နဲ့ ဖြေရှင်းလို့ မရပါဘူး"

"ဟုတ်ပါတယ်။ ငြိမ်းချမ်းရေးရမယ်လို့တော့ ကတိမပေးနိုင်ပေမဲ့ ကြိုးစားကြည့်ပါ့မယ်"

ယူနာက မိုက်ကယ်ရဲ့ ပခုံးကို ပုတ်ပြီး သူ့နားနား ကပ်ပြောလိုက်တယ်။

"သူတို့က သာမန် အော့ခ်တွေပဲလေ။ သူတို့ ဘာမှ မလုပ်နိုင်ကြဘူး။ မင်းရဲ့ ငြိမ်းချမ်းရေး အစီအစဉ် အောင်မြင်ဖို့ဆိုရင် သူတို့ရဲ့ ခေါင်းဆောင်တွေနဲ့ တွေ့ဖို့ လိုလိမ့်မယ်"

မိုက်ကယ်က ယူနာ့ရဲ့ သုံးသပ်ချက်ကို သဘောတူတဲ့အနေနဲ့ ခေါင်းညိတ်လိုက်တယ်။

"မင်းတို့ရဲ့ ခေါင်းဆောင်တွေကို ငါနဲ့ တွေ့ချင်တယ်လို့ သွားပြောလိုက်။ ငါတို့ ဆွေးနွေးစရာ စီးပွားရေး ကိစ္စတွေ ရှိတယ်" လို့ သူက သူတို့ကို ပြောလိုက်တယ်။

အော့ခ်တွေက တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြပြီးမှ မိုက်ကယ်ဘက်ကို ပြန်လှည့်ပြီး ခေါင်းတွေကို ညင်သာစွာ ညိတ်ပြလိုက်ကြတယ်။

"ဒါကို ငါတို့ ခေါင်းဆောင်ဆီ သွားပြောလိုက်ပါ့မယ်" လို့ အော့ခ်တွေက ပြောပြီး အသားသေတ္တာတွေကို သယ်ကာ သူတို့ရဲ့ ရွာတွေဆီကို ပြန်သွားကြပါတော့တယ်။

ဒါပေမဲ့ သူတို့ မသိလိုက်တာကတော့ သူတို့ရဲ့ အရိပ်တွေက ပုံမှန်မဟုတ်တဲ့ နည်းလမ်းတွေနဲ့ ရှည်ထွက်လိုက်၊ ကျုံ့ဝင်လိုက် ဖြစ်နေတာပါပဲ။

ဖတ်ချ်က သူ့ရဲ့ ကိုယ်ပွားတွေနဲ့ အော့ခ်တွေကြားထဲကို အောင်အောင်မြင်မြင် ခိုးဝင်သွားခဲ့ပါပြီ။

* * * * * * * * *

All Chapters