← Chapters

အခန်း (၁၆၇-၁၆၈)

Vol. 14 Ch. 167-168

အခန်း (၁၆၇-၁၆၈)

Vol. 14 Ch. 167-168

အခန်း (၁၆၇)

ဝံပုလွေအော့ခ်တွေ သူတို့ရဲ့ ရွာကို ပြန်ရောက်လာတဲ့အခါမှာတော့ ပေါင်တွေကို ပြင်းပြင်းထန်ထန် ရိုက်ပုတ်တဲ့ လက်ခုပ်သံတွေနဲ့ ချက်ချင်းပဲ ကြိုဆိုခြင်း ခံလိုက်ရပါတယ်။ သေတ္တာထဲမှာ ဘာရှိလဲဆိုတာ သူတို့ မတွေ့ရသေးပေမဲ့ သူတို့ရဲ့ နှာခေါင်းတွေက သိသင့်သမျှ အကုန်လုံးကို ပြောပြနေပြီလေ။

"ဘူ.. တို… တို.. အောင်မြင်ခဲ့လား" လို့ သူတို့ရဲ့ အော့ခ် မျိုးနွယ်စုဝင်တွေက မျှော်လင့်တကြီး မေးလိုက်ကြတယ်။

ဒါပေမဲ့ ပျော်ရွှင်မှုနဲ့ စိတ်လှုပ်ရှားမှုတွေကို မြင်ရမယ့်အစား အော့ခ်တွေရဲ့ မျက်နှာမှာတော့ ကသိကအောက် ဖြစ်နေတဲ့ အမူအရာတွေကိုပဲ တွေ့လိုက်ရတယ်။

အသားတွေအပြည့်ပါတဲ့ သေတ္တာကို သယ်လာပြီးတဲ့နောက်မှာတော့ လူတိုင်းက သူတို့ ကုန်သည်ရဲ့ မျက်နှာသာပေးမှုကို ရရှိပြီး အလုပ်ရသွားပြီလို့ ထင်နေကြတာပါ။ လိပ်ပြာဆူးအော့ခ် မျိုးနွယ်စုကို အသာစီး ရလိုက်ပြီလို့လည်း သူတို့ ထင်ခဲ့ကြတာပေါ့။

"ခေါင်းဆောင်" လို့ အော့ခ်တွေက သူတို့ရဲ့ ခေါင်းဆောင် သူ့ရဲ့ အဆောင်ထဲက ထွက်လာတာကို မြင်တဲ့အခါ အော်ခေါ်လိုက်ကြတယ်။

"ဘာဖြစ်လို့လဲ" လို့ ခေါင်းဆောင်က သူတို့ရဲ့ မျက်နှာတွေကို မြင်လိုက်ရတဲ့အခါ မေးလိုက်ပါတယ်။ ဒါက အောင်မြင်မှု ရခဲ့တဲ့ ပုံစံမျိုး မဟုတ်သလို၊ ထူးဆန်းတာက ရှုံးနိမ့်သွားတဲ့ ပုံစံမျိုးလည်း မဟုတ်နေပြန်ဘူး။

"ကျွန်တော်တို့ လူသားကုန်သည်နဲ့ တွေ့ခဲ့ပါတယ်..."

အော့ခ်တွေက မိုက်ကယ်နဲ့ တွေ့ဆုံခဲ့ပုံ၊ ပြီးတော့ သူတို့ရဲ့ ပြိုင်ဘက် လိပ်ပြာဆူးအော့ခ်တွေက ဘယ်လိုနည်းနဲ့ သိသွားတယ်မသိဘဲ သူတို့ထက်အရင် ရောက်နေခဲ့ပုံတွေကို သူတို့ ခေါင်းဆောင်ကို စတင် ရှင်းပြကြပါတော့တယ်။

"ငါ သေချာအောင် ပြန်မေးပါရစေ... အဲဒီလူသားက ငါတို့ကို ဘာမှ ပြန်မလုပ်ပေးရဘဲနဲ့ အသားတွေနဲ့ ရေကို ပေးမယ်ပေါ့။ သူက ငြိမ်းချမ်းရေးပဲ တောင်းဆိုနေတာလား" လို့ ခေါင်းဆောင်က မေးလိုက်တယ်။

"ဟုတ်ကဲ့ပါ" လို့ အော့ခ်က ပြန်ဖြေတယ်။

"သူတို့တွေ အော်ကပ်စ်မြို့က ဖြစ်ရမယ်" လို့ ခေါင်းဆောင်က ခန့်မှန်းလိုက်တယ်။

လူသားတွေက သူတို့ကို ဘာလို့ ပြည်တွင်းစစ်ရပ်တန့်ခိုင်းရသလဲဆိုတဲ့ အကြောင်းရင်းကို ခန့်မှန်းရတာ မခက်ပါဘူး။ ဘာပဲဖြစ်ဖြစ် သူတို့ရဲ့ ရန်ငြိုးက အခုတလော တောအုပ်တစ်ခုလုံးကို ထိခိုက်နေတာလေ၊ အထူးသဖြင့် လိပ်ပြာဆူးအော့ခ် ခေါင်းဆောင်က သူ့ရဲ့ မကြာသေးမီက ဝတ်ပြုမှုတွေမှာ ပိုပြီးတော့တောင် ရဲတင်းလာခဲ့တာပေါ့။

"သူက တခြား ဘာမှ မတောင်းဆိုဘူးလား" လို့ ခေါင်းဆောင်က သေချာအောင် ထပ်မေးတယ်။

"ဘာမှ ပြန်မရဘဲနဲ့ ဒီလောက် အဖိုးတန်တဲ့ အသားတွေကို ပေးမယ်ပေါ့"

ခေါင်းဆောင်က ဒါကို ယုံရခက်နေတဲ့ အကြောင်းရင်းကတော့ သူတို့တွေ တောအုပ်ရဲ့ နေရာအနှံ့ကို ရှာဖွေခဲ့ပြီး ကျောက်တုံးတွေကိုတောင် လှန်ကြည့်ခဲ့ကြပေမဲ့ အမဲလိုက်ဖို့ သားကောင် တစ်ကောင်မှ မတွေ့ခဲ့ကြလို့ပါပဲ။

အော်ကပ်စ်မြို့က လူသားတွေလည်း အမဲလိုက်နိုင်မှာ မဟုတ်ဘူးလို့ သူ ခန့်မှန်းထားပါတယ်။

ဒါဟာ အစားအသောက်က အလွန် ရှားပါးတဲ့ အရင်းအမြစ် ဖြစ်နေတယ်ဆိုတာကို ဆိုလိုတာပါ၊ အထူးသဖြင့် အသားစိမ်းပေါ့။ ဒါပေမဲ့ ဒီမိုက်ကယ် ဆိုတဲ့ လူသားကတော့ တစ်နည်းနည်းနဲ့ သူတို့ကို အသားသေတ္တာတွေကို အလကား ပေးဝေနိုင်စွမ်း ရှိနေတာပါ။ ဒါတင်မကသေးဘဲ မိုက်ကယ်က လိပ်ပြာဆူးအော့ခ် မျိုးနွယ်စုကိုလည်း ဒီလို အရင်းအမြစ်မျိုးကိုပဲ ကမ်းလှမ်းထားပါသေးတယ်။

"ရီနေးတား..." လို့ ခေါင်းဆောင်က သေတ္တာပေါ်မှာ ရေးဆွဲထားတဲ့ ရီနေးတားကုမ္ပဏီရဲ့ တံဆိပ်ကို ကြည့်ရင်း စဉ်းစားနေမိတယ်။

"အဲဒီနာမည်ကို ငါ တစ်ခါမှ မကြားဖူးဘူး။ သူက ဘယ်လိုပုံစံလဲ"

"ရွှေရောင် ဆံပင်တွေနဲ့ လူသား ကောင်လေး တစ်ယောက်ပါ။ သူ့ဘေးမှာ နဂါးတွေ ရှိနေတယ်..." အော့ခ်တွေက ဒရာဂွန်ဘွန်း လေးယောက်အကြောင်းကို သတင်းပို့ကြပါတယ်၊ သူတို့ရဲ့ ဖော်ပြချက်တွေက အရှိထက် ပိုပြီး အရှိန်အဝါ ကြီးနေသလိုပါပဲ။ သူတို့ရဲ့ မှတ်ဉာဏ်ထဲမှာတော့ ဒရာဂွန်ဘွန်းတွေက တကယ့် လက်တွေ့ထက် ပိုပြီး ကြောက်စရာ ကောင်းနေပုံရပါတယ်။

ဂျာကူကတော့ သူ့ရဲ့ လက်တွေကို ဓားလက်ကိုင်ပေါ်မှာ အမြဲတင်ထားပြီး သူ့လမ်းမှာ ပိတ်နေတာ မှန်သမျှကို ခုတ်ထစ်ဖို့ အဆင်သင့် ဖြစ်နေတဲ့ အန္တရာယ်ရှိတဲ့ စစ်သည်တော်ကြီး တစ်ယောက် ဖြစ်သွားတယ်။

ရှီနာကိုတော့ တစ်ချက် ကြည့်လိုက်ရုံနဲ့တင် တစ်စုံတစ်ယောက်ကို သတ်ပစ်နိုင်မယ့် ကြောက်စရာကောင်းတဲ့ နဂါးဖြူကြီး တစ်ကောင်အဖြစ် မှတ်မိနေကြတယ်။

အော့ခ်တွေက ယူမီစု အကြောင်းကိုတော့ သိပ်မမှတ်မိကြဘဲ တစ်စုံတစ်ယောက်က သူတို့ကို ပုန်းကွယ်ရာကနေ အကဲခတ်နေသလိုမျိုး ပြင်းထန်တဲ့ ခံစားချက်ကိုပဲ မှတ်မိနေကြပါတယ်။

ထူးဆန်းတာက ဇိုင်ယွန်ကိုတော့ သူ အမြဲတမ်း ဖြစ်နေကျအတိုင်း တက်ကြွလှုပ်ရှားနေတဲ့ ကောင်လေး တစ်ယောက်အဖြစ်ပဲ မှတ်မိနေကြတာပါ။

သူတို့ရဲ့ စကားတွေကို နားထောင်နေကြတဲ့ ကျန်တဲ့ အော့ခ်တွေဟာ ဒရာဂွန်ဘွန်းတွေအကြောင်းကို ကြားလိုက်ရတဲ့အခါ အံ့ဩတုန်လှုပ်သွားကြပါတယ်။

သူတို့ရဲ့ ဘိုးဘေးတွေဆီကနေ နဂါးတွေအကြောင်း ပုံပြင်တွေ ကြားဖူးခဲ့ကြပေမဲ့ ကိုယ်တိုင်တော့ တစ်ခါမှ မတွေ့ဖူးခဲ့ကြဘူးလေ။ ဒါက သူတို့အတွက် နဂါးတွေကိုတောင် သူ့ရဲ့ အမိန့်အောက်မှာ ထားနိုင်တဲ့ ဒီလူသားကို သတိထားစရာ ဖြစ်သွားစေခဲ့ပါတယ်။

"သူတို့တွေက နတ်ဘုရားမနဲ့ ဆက်သွယ်နိုင်ကြတယ်။ အဆိုးဆုံးကတော့ အဲဒီလူသားပဲ။ သူက အသံကို သုံးနိုင်တယ်" လို့ သူတို့က မိုက်ကယ်ရဲ့ ဝိညာဉ်ကို တုန်ခါသွားစေတဲ့ စကားလုံးတွေကို သတိရရင်း ပြောလိုက်ကြတယ်။

ခေါင်းဆောင်က အော့ခ်တွေကို သံသယရှိတဲ့ အကြည့်နဲ့ ကြည့်လိုက်တယ်။

"အဲဒီလူသားကောင်လေးက အဲဒါကို လုပ်နိုင်တယ် ဟုတ်လား"

ခေါင်းဆောင်က အဲဒီလူသားကို အထင်သေးခဲ့ပုံ ရပါတယ်။ မိုက်ကယ်က ငှားရမ်းဖို့ စစ်သည်တော်တွေ လိုအပ်နေတဲ့ သာမန်ကုန်သည်တစ်ယောက်ပဲလို့ သူ ထင်ခဲ့တာပါ။

ဒါပေမဲ့ သူ့ရဲ့ အော့ခ်တွေ ဖော်ပြတဲ့ မိုက်ကယ်နဲ့ သူ့ရဲ့ အစေခံတွေအကြောင်းကို ကြားရတဲ့အခါမှာတော့ သူက စစ်သည်တော်တွေ မလိုအပ်တဲ့ အလွန် အင်အားကြီးပြီး သြဇာညောင်းတဲ့ ကုမ္ပဏီတစ်ခုက လာတာဖြစ်ရမယ်လို့ ထင်ရပါတယ်။

ပြီးတော့ ရီနေးတားလို ကုမ္ပဏီမျိုးက အော်ကပ်စ်မြို့မှာ အလုပ်ရှိနေရတဲ့ အကြောင်းရင်းက တစ်ခုပဲ ရှိပါတယ်။

"ရွှေရောင်လမ်းမကြီးကို ပြန်ပြီး တည်ဆောက်လိုက်ပြီလား" လို့ ခေါင်းဆောင်က သူ့ဘာသာ တိုးတိုးလေး ရေရွတ်လိုက်တယ်။

အကယ်၍ ဒီရီနေးတား ကုမ္ပဏီမှာ အော်ကပ်စ်မြို့အထိ အသားတွေကို သယ်ယူနိုင်တဲ့ အရင်းအမြစ်တွေ ရှိနေတယ်ဆိုရင် ဒါဟာ သူတို့ရဲ့ အင်အားကို အပြည့်အဝ ပြသနေတာပါပဲ။ ရွှေရောင်လမ်းမကြီးရဲ့ ဘုန်းကြီးခဲ့တဲ့ ခေတ်တုန်းက ကုမ္ပဏီတွေတောင်မှ အော်ကပ်စ်မြို့ ပတ်ပတ်လည်က ပျက်စီးနေတဲ့ တောအုပ်တွေကို ဖြတ်ကျော်နိုင်ခဲ့ကြတာ မဟုတ်ဘူးလေ။

ပြီးတော့ ဒီလောက် အတိုင်းအတာ ရှိတဲ့ ကုမ္ပဏီတစ်ခုက အော်ကပ်စ်မြို့အပေါ်ကို အာရုံစိုက်နေရတဲ့ တစ်ခုတည်းသော အကြောင်းရင်းကတော့ ရွှေရောင်လမ်းမကြီးရဲ့ အလားအလာတွေကြောင့်ပဲ ဖြစ်ရမယ်။

"ခေါင်းဆောင်၊ သူက ခေါင်းဆောင်နဲ့ တွေ့ချင်နေတာပါ။ မျိုးနွယ်စု နှစ်ခုလုံးရဲ့ ပူးပေါင်းဆောင်ရွက်မှုကို သူက တောင်းဆိုနေပါတယ်" လို့ အော့ခ်တွေက မိုက်ကယ်ရဲ့ စကားကို ပြန်ပြောပြကြတယ်။

မိုက်ကယ်ရဲ့ ကမ်းလှမ်းချက်ကို ငြင်းပယ်ဖို့ အကြောင်းပြချက်မရှိပါဘူး။ ဘာပဲဖြစ်ဖြစ် ဒါက သူတို့ရွာမှာ ဖြစ်နေတဲ့ ငတ်မွတ်ခေါင်းပါးမှု ပြဿနာကို ဖြေရှင်းပေးနိုင်မှာကိုး။

ဒါပေမဲ့ မျိုးနွယ်စု နှစ်ခုကြားမှာ အကြွင်းမဲ့ ငြိမ်းချမ်းရေးရဖို့ဆိုတာကတော့ လုံးဝကို မဖြစ်နိုင်တဲ့ ကိစ္စမှန်း သူ သိပါတယ်။ လိပ်ပြာဆူးအော့ခ် ခေါင်းဆောင်နဲ့ သူ့ကြားမှာ ရန်ငြိုး ရှိနေတာလေ၊ အဲဒါကို စကားလုံးတွေနဲ့တင် ဖြေရှင်းလို့ မရပါဘူး။

သူတို့ရဲ့ ရန်ငြိုးက အရမ်းကို ကြာမြင့်နေခဲ့ပြီလေ။

ဒါပေမဲ့ လောလောဆယ်မှာတော့ ဝံပုလွေအော့ခ် ခေါင်းဆောင်က ပြိုင်ဘက် မျိုးနွယ်စုနဲ့ ယာယီ စစ်ပြေငြိမ်းဖို့ကိုတော့ သဘောတူနိုင်ပါတယ်။ လိပ်ပြာဆူးအော့ခ် ခေါင်းဆောင်လည်း ဒါကို သဘောတူမှာ အသေအချာပါပဲ၊ ဘာလို့လဲဆိုတော့ မိုက်ကယ်ရဲ့ ကမ်းလှမ်းချက်ကနေ ရမယ့် ဆုလာဘ်တွေက တကယ်ကို ဆွဲဆောင်မှု ရှိလွန်းလို့ပါပဲ။

"ငါတို့တွေ အောင်ပွဲခံပြီး စားသောက်ပွဲကြီး လုပ်ကြရအောင်" လို့ ခေါင်းဆောင်က သူ့ရွာကို အော်ပြောလိုက်တယ်။

"ငါတို့ရဲ့ ကျေးဇူးရှင်က ငါတို့ကို အသားတွေ ပေးထားတယ်၊ ဒါကြောင့် ငါတို့တွေ အဝစားကြမယ်"

သူတို့ရဲ့ အောင်ပွဲခံ စားသောက်ပွဲမှာတော့ ဝံပုလွေအော့ခ်တွေဟာ သူတို့ရဲ့ ပေါင်တွေကို ရိုက်ပုတ်ပြီး နတ်ဘုရားမကို နောက်တစ်ကြိမ် ကျေးဇူးတင်ကြပါတယ်၊ သူတို့ရဲ့ ဝတ်ပြုမှုကို သူတို့ရဲ့ သန့်ရှင်းတဲ့နေရာဆီကို ဦးတည်ပြီး လုပ်ဆောင်ကြတာပေါ့။

သေတ္တာထဲက အသားတွေကို ကင်တာတွေ၊ မီးခိုးမှိုင်းတိုက်တာတွေ စလုပ်လိုက်ကြတဲ့အချိန်မှာ ဝံပုလွေအော့ခ် မျိုးနွယ်စုရဲ့ ပျော်ပွဲရွှင်ပွဲတွေကြောင့် ကိုကိုးသစ်ပင်တွေဟာ ရှေ့တိုးနောက်ငင် ယိမ်းထိုးနေကြပါတယ်။

ဒီအတောအတွင်းမှာတော့ သေးငယ်တဲ့ အရိပ်လေးတစ်ခုက အော့ခ် တစ်ယောက်ဆီကနေ နောက်တစ်ယောက်ဆီကို လျှို့ဝှက်စွာ ခုန်ကူးရင်း ဝံပုလွေအော့ခ် တစ်ဦးချင်းစီရဲ့ အရိပ်တွေထဲမှာ သူ့ရဲ့ ကိုယ်ပွားတွေကို ဖြန့်ကျက်ထားလိုက်ပါတယ်။

မိုက်ကယ်က အဖွဲ့အသစ် ဒါမှမဟုတ် မျိုးနွယ်စု အသစ်တွေနဲ့ တွေ့တိုင်း ဖတ်ချ်က သူ့ရဲ့ ကိုယ်ပွားတွေကို သူတို့ရဲ့ အရိပ်တွေထဲ ထည့်ထားပြီး သူတို့ရဲ့ လှုပ်ရှားမှု မှန်သမျှကို စောင့်ကြည့်ရတာကို အမြဲတမ်း သဘောကျပါတယ်။ ဘာပဲဖြစ်ဖြစ် ဒါက နင်ဂျာကောင်း တစ်ယောက် လုပ်ရမယ့် အလုပ်ပဲလေ။

အော့ခ် တစ်ယောက်ပြီး တစ်ယောက်ဆီကို လှည့်လည်သွားလာရင်းနဲ့ ဖတ်ချ်ဟာ သူတို့ရဲ့ သန့်စင်မွန်မြတ်သောနယ်မြေဆီကို ရုတ်တရက် ရောက်သွားခဲ့ပါတယ်၊ အဲဒီနေရာမှာတော့ အသီးတွေ ရင့်မှည့်နေတဲ့ သန့်ရှင်းစင်ကြယ်တဲ့ ကိုကိုးသစ်ပင်ပေါင်း ထောင်နဲ့ချီပြီး ရှိနေတာပါ။

"အဲဒါ ချောကလက်တွေပဲ... ဟဲဟဲဟဲ မမယူနာနဲ့ သခင်ကတော့ ဒါကို သေချာပေါက် ကြိုက်ကြမှာပဲ..."

* * * * * * * * *

စာစဉ်(၁၄)

အခန်း (၁၆၈)

ဒီအတောအတွင်းမှာတော့ နီယိုအော်ကပ်စ် ဆိုတဲ့ နယ်မြေသစ်ကို ပြန်လည် တည်ဆောက်ဖို့နဲ့ ပြန်လည် နိုးထလာစေဖို့အတွက် ရီနေးတားကုမ္ပဏီက လူသားအမြောက်အမြား နောက်ဆုံးမှာ ရောက်ရှိလာကြပါပြီ။

သူတို့တွေက အိမ်တွေဆောက်တာ၊ ရေပိုက်စနစ်နဲ့ အိမ်သာတွေကို တပ်ဆင်တာတွေအပြင် လမ်းစနစ် တစ်ခုလုံးကိုလည်း ကွန်ကရစ်လမ်းတွေအဖြစ် ပြောင်းလဲပေးခဲ့ကြပါတယ်။

မိုက်ကယ်က နောင်တစ်ချိန်မှာ ရထားလမ်းစနစ်နဲ့ လျှပ်စစ်စနစ်ကိုပါ ချိတ်ဆက်ဖို့ စီစဉ်ထားပါတယ်၊ ဒါပေမဲ့ ကင်းစ်နယ်မြေမှာရှိတဲ့ ရေနွေးငွေ့တာဘိုင်ကတော့ အခုထိ တည်ဆောက်နေဆဲ စီမံကိန်းတစ်ခု ဖြစ်နေပါသေးတယ်။

ဒါပေမဲ့ နောင်တစ်ချိန်မှာ လိုင်းတွေ ချိတ်ဆက်နိုင်ဖို့အတွက် အိမ်တွေမှာ လျှပ်စစ်စနစ်တွေနဲ့ ပလပ်ပေါက်တွေကို ကြိုတင်ထည့်သွင်းထားဖို့တော့ သူ သေချာအောင် လုပ်ဆောင်ခဲ့ပါတယ်။

နီယိုအော်ကပ်စ်မှာ အခုတော့ ရီနေးတားက ပညာရှင်တွေ စီမံကိန်းတွေမှာ ရောက်နေတာကြောင့် အလုပ်တွေက အေးအေးဆေးဆေး ဖြစ်သွားပါပြီ။ အဝေးကနေ အော့ခ်တွေရဲ့ အော်ဟစ်သံတွေလည်း မကြားရတော့တာကြောင့် လူတိုင်းဟာ ပိုပြီး အလုပ်တွင်လာကြတာပေါ့။

ဒါက မိုက်ကယ်နဲ့ ဒရာဂွန်ဘွန်းတွေကို လောလောဆယ်မှာ လုပ်စရာ မရှိသလို ဖြစ်သွားစေခဲ့ပါတယ်။

ဒါကြောင့် ဒရာဂွန်ဘွန်းတွေက နီယိုအော်ကပ်စ်ဆီကို ဘေ့စ်ဘောကစားနည်းကို ယူဆောင်လာခဲ့ကြပါတယ်။

ဇိုင်ယွန်က ဘောလုံးကို ကွင်းပြင်အပြင်ဘက် တောအုပ်ထဲအထိ ရောက်အောင် ရိုက်လိုက်တဲ့အခါ စိတ်ကျေနပ်စရာကောင်းတဲ့ 'ဒေါင်' ဆိုတဲ့ အသံကြီးက တောအုပ်ထဲမှာ ပဲ့တင်ထပ်သွားခဲ့တယ်။

ကြောင်လူသားတစ်ယောက်က သူမဆီကို ပျံလာတဲ့ ဘောလုံးကို ခုန်ဖမ်းဖို့ ကြိုးစားပေမဲ့ သူမရဲ့ လက်နဲ့ မျက်စိက အချိတ်အဆက် မမိတာကြောင့် ဘောလုံးက သူမလက်ကြားကနေ လွတ်ထွက်သွားခဲ့ပါတယ်။

ဂျာကူ၊ ရှီနာနဲ့ ယူမီစုတို့ကတော့ အေးအေးဆေးဆေးပဲ ပတ်ပြေးကြပြီး သူတို့ရဲ့ ညီလေးကို စတုတ္ထတိုင်မှာ လက်ချင်းရိုက်ပြီး နှုတ်ဆက်လိုက်ကြတယ်။

"ဒါပဲကွ" လို့ ဇိုင်ယွန်က အော်ပြောလိုက်တယ်။ "ငါ့ညီတို့ မြင်လိုက်ကြလား"

ဘေးနားကနေ ကြည့်နေကြတဲ့ ကလေးငယ်လေးတွေက သူတို့ရဲ့ အိုင်ဒေါကို အားပေးပြီး အော်ဟစ်လိုက်ကြပါတယ်။ ကလေးတွေက ဒရာဂွန်ဘွန်းတွေထဲက အငယ်ဆုံးဖြစ်တဲ့ ဇိုင်ယွန်ကို တော်တော်လေး သဘောကျနေကြတာပါ၊ ဘာလို့လဲဆိုတော့ သူကိုယ်တိုင်လည်း ကလေးတစ်ယောက်လို ပြုမူနေလို့ပါပဲ။

"အဲဒီ ချောကလက်က ငါ့အပိုင်ပဲ" လို့ ဇိုင်ယွန်က ကြေညာလိုက်တယ်။

"တောင်းပန်ပါတယ် ဆရာဇိုင်ယွန်။ ဒါပေမဲ့ ကျွန်မရဲ့ သခင်မကတော့ အဲဒါကို သူမကိုယ်တိုင်အတွက်ပဲ လိုချင်နေတာပါ" လို့ အက်ဂ်နက်စ်က နောက်တစ်ကြိမ် ရိုက်ဖို့အတွက် အဆင်သင့် ပြင်ရင်း ပြောလိုက်တယ်။

တောအုပ်ထဲမှာ ကိုကိုးတွေက အကန့်အသတ်နဲ့ပဲ ရှိနေတာကြောင့် မိုက်ကယ်က လူတိုင်းစားဖို့အတွက် ချောကလက်အနည်းငယ်ပဲ လုပ်နိုင်ခဲ့တာပါ။ သူတို့တွေ အားနေတာနဲ့ ဒရာဂွန်ဘွန်းတွေ၊ အထူးသဖြင့် ဇိုင်ယွန်က ဘယ်အဖွဲ့က ချောကလက်ရမလဲဆိုတာကို ဆုံးဖြတ်ဖို့ ဘေ့စ်ဘောကစားကြမယ်လို့ အကြံပြုခဲ့ကြတာပါ။

ဒါကတော့ ယူနာနဲ့ သူမရဲ့ လူတစ်ပိုင်းသတ္တဝါ အစောင့်အရှောက်တွေနဲ့ ဒရာဂွန်ဘွန်းတွေ၊ ရီနေးတားက လူတွေရဲ့ ပြိုင်ပွဲပေါ့။

ယူနာကတော့ ဘေ့စ်ဘော ဘယ်လိုကစားရမလဲဆိုတာ သိပြီးသားပါ။ မိုက်ကယ်တောင် သူမ ဂိမ်းအချို့ ကစားဖို့အတွက် ဖျော်ဖြေရေး အစီအစဉ်တစ်ခုကို သွားခဲ့တာကို သတိရနေပါသေးတယ်။ သူမနဲ့ အက်ဂ်နက်စ်တို့ရဲ့ ကိုယ်ခံပညာရပ်ပါရမီတွေနဲ့ဆိုရင် သူတို့တွေက ဒရာဂွန်ဘွန်းတွေကို ယှဉ်ဖို့အတွက် သင့်တော်တဲ့ စွမ်းရည်တွေကို မြန်မြန်ဆန်ဆန်ပဲ တတ်မြောက်သွားကြပါတယ်။ အဲဒါက ခေါင်းတစ်လုံးကို ဖြတ်ရတာထက်တောင် ပိုလွယ်သေးတယ်လို့ အက်ဂ်နက်စ်က ပြောလိုက်ပါသေးတယ်။

နီယိုအော်ကပ်စ်က ဒေသခံအချို့လည်း လာကြည့်ကြပြီး သူတို့လည်း ဘေ့စ်ဘောကစားနည်းကို တော်တော်လေး စိတ်ဝင်စားသွားကြပါတယ်။

ကံမကောင်းတာက မိုက်ကယ်ကတော့ သူတို့ရဲ့ ကစားပွဲမှာ ပါဝင်ခွင့် မရခဲ့ပါဘူး။ မတရားသလို ဖြစ်နေမှာစိုးလို့ ဆိုလားပဲ၊ အဲဒါကလည်း တစ်ဝက်လောက်တော့ မှန်နေတာပါ။ ဘာပဲဖြစ်ဖြစ် သူသာ ဟုမ်းရန်း ရိုက်ချင်တယ်ဆိုရင် ဘောလုံးကိုတောင်ထိစရာ မလိုတာကိုး။

နောက်ဆုံးတော့ သူလည်း ဘေးကနေပဲ ကစားပွဲကို အေးအေးဆေးဆေး ကြည့်နေလိုက်ရတယ်၊ ဒါကလည်း သူ့ဘာသာသူတော့ ကောင်းပါတယ်။

"ဖတ်ချ် မင်း အဲဒီမှာ ရှိလား" လို့ မိုက်ကယ်က သူ့ခြေထောက်အောက်က အရိပ်ကို လှမ်းပြောလိုက်တယ်။

ပုံမှန်ဆိုရင်တော့ ချစ်စဖွယ် စလိုင်းမ်လေးက နောက်ဆုံး ကျန်နေတဲ့ ချောကလက်တုံးတွေကို ရဖို့အတွက် ပထမဆုံး ယှဉ်ပြိုင်မယ့်သူပါ၊ ဒါပေမဲ့ အခုတလော သူက ထူးထူးဆန်းဆန်း ငြိမ်နေပါတယ်။

သူက ယူနာ့ဆီမှာတောင် လာပြီး ပွတ်သပ်ခိုင်းတာမျိုး မလုပ်တော့ပါဘူး။

ဒါတွေအားလုံးက အော့ခ်တွေနဲ့ တွေ့ပြီးကတည်းက စတင်ခဲ့တာမို့ မိုက်ကယ်ကတော့ နည်းနည်း သံသယ ဖြစ်နေမိတယ်။

အဲဒီ စလိုင်းမ်က ဘယ်တွေ ရောက်နေတာလဲ။

ဒီအတောအတွင်းမှာတော့ ဝံပုလွေအော့ခ် ခေါင်းဆောင်ဟာ နတ်ဘုရားမကို ကျေးဇူးတင်ဖို့အတွက် သန့်ရှင်းတဲ့နေရာဆီကို နောက်တစ်ကြိမ် ရောက်ရှိလာခဲ့ပါတယ်။

ရီနေးတားကုမ္ပဏီက ကတိပေးထားတဲ့အတိုင်းပဲ မျိုးနွယ်စု နှစ်ခုကြားက ယာယီ စစ်ပြေငြိမ်းမှုအတွက် အသားစိမ်းတွေနဲ့ တခြား လတ်ဆတ်တဲ့ အရင်းအမြစ်တွေကို သူတို့ ရရှိခဲ့ကြပါတယ်။

တောအုပ်ထဲမှာ မျိုးနွယ်စု နှစ်ခု တစ်ယောက်နဲ့တစ်ယောက် ဆုံမိတာမျိုးတွေ ရှိနေသေးပေမဲ့ အဲဒါက အချင်းချင်း ရန်ဖြစ်ရုံလောက်ပဲ ရှိပြီး အရင်လို အော်ဟစ်ယှဉ်ပြိုင်မှုတွေအထိတော့ မဖြစ်လာတော့ပါဘူး။

ဒါက မျိုးနွယ်စုဝင်တွေကို ပိုပြီး ပျော်ရွှင်လာစေခဲ့ပါတယ်။ တခြား မျိုးနွယ်စုတွေနဲ့ ယှဉ်ပြိုင်နေစရာ မလိုတော့တာကြောင့် သူတို့ရဲ့ ကိုယ်ပိုင် မိသားစုတွေအပေါ်မှာပဲ အာရုံစိုက်နိုင်ကြပြီး မျိုးဆက်သစ်တွေကို ပိုပြီး ပြုစုပျိုးထောင်နိုင်လာကြတာပေါ့။

ဒီအခြေအနေက နောင်အနာဂတ်မှာလည်း ဆက်ရှိနေမယ်ဆိုရင် ဒါက အကောင်းဆုံးပါပဲ၊ အဲဒါကြောင့်လည်း ရီနေးတားကုမ္ပဏီရဲ့ ပိုင်ရှင်နဲ့ တွေ့ဆုံမယ့်ပွဲက မျိုးနွယ်စု နှစ်ခုလုံးအတွက် အရမ်း အရေးကြီးတဲ့ အချိန် ဖြစ်နေတာပါ။

ဝံပုလွေအော့ခ် ခေါင်းဆောင်ကတော့ နတ်ဘုရားမနဲ့ ဆက်သွယ်ပြီး ဒီတွေ့ဆုံပွဲအတွက် သူမရဲ့ လမ်းညွှန်မှုကို တောင်းဆိုချင်နေတာပါ။ ဘာပဲဖြစ်ဖြစ် ခေါင်းဆောင်ကတော့ ရီနေးတားကုမ္ပဏီနဲ့ သူတို့ရဲ့ မျိုးနွယ်စုကို တွေ့ဆုံစေခဲ့တာက သူမပဲလို့ ယုံကြည်နေပြီး ဒါက နှစ်ဖက်စလုံးအတွက် အကျိုးရှိစေမယ့် ရလဒ် ဖြစ်လာလိမ့်မယ်လို့ တွေးနေတာပါ။

ဒါပေမဲ့ ဝံပုလွေအော့ခ် ခေါင်းဆောင် မသိလိုက်တာကတော့ သူ့ရဲ့ ခြေထောက်အောက်မှာ သူလုပ်သမျှကို စောင့်ကြည့်နေတဲ့ အနောက်အယှက်ပေးတတ်တဲ့ အရိပ်လေး တစ်ခု ရှိနေတာပါပဲ။

'ကိုကိုးပင်တွေ အများကြီးပဲ၊ ချောကလက်တွေ အများကြီးပဲ' လို့ ဖတ်ချ်က သူ့ဘာသာ တွေးနေမိတယ်။

သူက လိပ်ပြာဆူးအော့ခ် မျိုးနွယ်စုနဲ့ သူ့ရဲ့ ခေါင်းဆောင်ဆီကိုလည်း ခိုးဝင်ခဲ့ပြီးဖြစ်လို့ သူတို့ဆီမှာလည်း ခူးဖို့ အဆင်သင့် ဖြစ်နေတဲ့ ကိုကိုးပင် ရာနဲ့ချီပြီး ရှိနေတာကို သူ သေချာအောင် စစ်ဆေးပြီးပါပြီ။

'ဒါကို သခင်ကို သွားပြောရမလား'

ဖတ်ချ်က မိုက်ကယ်ရဲ့ ဘေးကို ပြန်သွားဖို့ ပြင်လိုက်ပေမဲ့ ရုတ်တရက် အကြံတစ်ခု ရသွားပါတယ်။

'ငါ သခင်ကို ကူညီပေးရင်ကော။ သခင် ချောကလက် တောင်ပုံရာပုံ လုပ်ဖို့ လိုအပ်တဲ့ ကိုကိုးစေ့တွေ အကုန်လုံး ရအောင် ငါကပဲ ကူညီပေးလိုက်ရင်ကော။ ဟဲဟဲဟဲ... အဲဒါဆို သခင်က ငါ့ကို အများကြီး ပေးမှာပဲ'

သူ့ရဲ့ စိတ်ကူးထဲမှာတော့ ချောကလက်တွေ အပြည့်ရှိတဲ့ ပင်လယ်ကြီးထဲမှာ ကူးခတ်ရင်း ပါးစပ်ထဲ ဆံ့သမျှ ချောကလက်တွေကို စားနေပြီး သူ့ရဲ့ သခင်တွေဆီကနေ ချီးကျူးစကားတွေ အများကြီး ရနေတဲ့ ပုံရိပ်ယောင်တစ်ခုက ဖျတ်ခနဲ ပေါ်လာခဲ့ပါတယ်။

"ငါ နင့်ကို အကြိမ်ပေါင်း ထောင်နဲ့ချီပြီး ပွတ်သပ်ပေးမယ်" လို့ ယူနာက ပြောမယ်။

"မင်းက အကောင်းဆုံး နင်ဂျာပဲ" လို့ သူ့ရဲ့ သခင်က ပြောမယ်။

ဒီအကြံနဲ့တင် ဒီ အနောက်အယှက်ပေးတတ်တဲ့ နင်ဂျာစလိုင်းမ်ဟာ အရိပ်ထဲကနေ ထွက်လာပြီး ခေါင်းဆောင်ရဲ့ ရှေ့က သစ်ပင်တစ်ပင်ပေါ်ကို တက်သွားလိုက်ပါတယ်။

ခေါင်းဆောင်ဟာ သူတို့ရဲ့ သန့်စင်မွန်မြတ်သောနယ်မြေထဲမှာ တစ်စုံတစ်ခုသော အမည်မသိ အရာတစ်ခုရဲ့ ရှိနေမှုကို ခံစားလိုက်ရတာကြောင့် လန့်သွားခဲ့ပါတယ်။

"ဘယ်သူလဲ" လို့ သူက သတိထားပြီး မေးလိုက်တယ်။

သူ့မျက်လုံး ထောင့်ကနေ သစ်ကိုင်း တစ်ခုပေါ်မှာ တွားသွားနေတဲ့ တစ်စုံတစ်ခုကို သူ မြင်လိုက်ရပါတယ်။ အဲဒါက ပါးလွှာပြီး အကြေးခွံတွေ ပါရှိတဲ့ အရာတစ်ခုပါ။

သူ ခေါင်းလှည့်ကြည့်လိုက်တဲ့အခါ မျက်လုံးအနီရောင်နဲ့ နဂါးတစ်ကောင်လို စိမ်းဖန့်ဖန့် အကြေးခွံတွေ ပါတဲ့ မြွေတစ်ကောင်က သူ့ကို စိုက်ကြည့်နေတာကို တွေ့လိုက်ရတယ်။

ခေါင်းဆောင်အနေနဲ့ ကောက်ချက်ချနိုင်တာ တစ်ခုပဲ ရှိပါတော့တယ်။

"နတ်ဘုရားမဆီက စေလွှတ်လိုက်တဲ့ တမန်တော်လား" လို့ သူက ဟစ်အော် ပြောလိုက်ပါတော့တယ်။

* * * * * * * * *

All Chapters