အခန်း (၁၇၁-၁၇၂)
Vol. 15 Ch. 171-172
အခန်း (၁၇၁)
မိုက်ကယ်က ကိုကိုးစေ့ကီလိုပေါင်း ရာနဲ့ချီပြီး ပိုင်ဆိုင်ခွင့်ရလိုက်လို့ ဝမ်းသာနေပေမဲ့ ဒါတွေ ဘယ်လိုဖြစ်ပျက်ခဲ့သလဲ ဆိုတာကိုတော့ သူ ဘာမှ မသိသေးပါဘူး။
ပြီးခဲ့တဲ့ ငလျင်တွေကြောင့် အခုရှိနေတဲ့ မြေမျက်နှာသွင်ပြင် အနေအထားနဲ့ဆိုရင် ကိုကိုးစေ့တွေက မျိုးတုံးလုနီးပါး ဖြစ်နေပြီလို့ သူ ထင်ထားခဲ့တာပါ၊ ဒါပေမဲ့ အော့ခ်တွေမှာတော့ သူတို့ ရိတ်သိမ်းဖို့အတွက် ကိုကိုးစေ့တွေ အများကြီး ထွက်တဲ့ ကိုယ်ပိုင်စိုက်ခင်းရှိနေပုံရပါတယ်။
လိပ်ပြာဆူးအော့ခ် မျိုးနွယ်စုက တောအုပ်ထဲကို ပြန်ဝင်သွားတာကို မိုက်ကယ်က သူ့စိတ်ထဲမှာ တစ်ခုခုကို စဉ်းစားရင်း ကြည့်နေမိတယ်။
"ဖတ်ချ်။ ငါ ဒီမှာ ရှင်းပြချက်တစ်ခု ရသင့်တယ်လို့ ထင်တယ်..."
ခရမ်းရောင် အလုံးလေးတစ်ခုက အရိပ်ထဲကနေ အောင်နိုင်သူတစ်ယောက်လို ပေါ်ထွက်လာပါတယ်။ သူက သူ့ရဲ့ မရှိတဲ့ ခါးပေါ်မှာ သူ့ရဲ့ လက်လေးတွေကို တင်ထားပြီး သူ့ရဲ့ မရှိတဲ့ မေးစေ့ကိုလည်း မိုက်ကယ်ဆီကနေ ချီးကျူးစကားတွေ ရဖို့ မျှော်လင့်နေသလိုမျိုး မော့ထားတာပေါ့။
"ဟဲဟဲ... သခင်။ ကျွန်တော် သူတို့ကို တွေ့ဆုံပွဲမှာ တွေ့တုန်းက အော့ခ်တွေဆီမှာ ကျွန်တော့်ရဲ့ ကိုယ်ပွားတွေကို ဖြန့်ကျက်ထားနိုင်ခဲ့တယ်..."
ဖတ်ချ်က သူ မျိုးနွယ်စုတွေဆီကို ဘယ်လို ခိုးဝင်ခဲ့ပြီး အတွင်းထဲကနေ သူတို့ကို ဘယ်လို ကြိုးကိုင်ခဲ့သလဲဆိုတဲ့ သူ့ရဲ့ သူရဲကောင်းဆန်တဲ့ပုံပြင်ကို အနည်းငယ် ပိုပြီး ချဲ့ကားပြောပြပါတော့တယ်။ သူက နင်ဂျာကောင်း တစ်ယောက်ပီသစွာနဲ့ အကြိမ်အနည်းငယ် ဖမ်းမိလုနီးပါး ဖြစ်တာကို ဘယ်လို ကျွမ်းကျင်စွာ ရှောင်ရှားခဲ့သလဲဆိုတဲ့ ပုံပြင်အချို့ကိုလည်း ထည့်ပြောလိုက်သေးတာပေါ့။
မိုက်ကယ်က နားထောင်ပြီး အော့ခ်တွေရဲ့ သန့်စင်မွန်မြတ်သောနယ်မြေအကြောင်းကို နောက်ဆုံးမှာ သိလိုက်ရတယ်။
"ဘာလို့ သူတို့မှာ ကိုကိုးစေ့တွေ အများကြီး ရှိနေတာလဲ" လို့ မိုက်ကယ်က မေးလိုက်တယ်။
ဒါပေမဲ့ ဖတ်ချ်ကတော့ သူ့ရဲ့ ချောကလက် ဆုလာဘ်တွေအတွက် အရမ်း စိတ်လှုပ်ရှားနေတာကြောင့် အော့ခ်တွေက ကိုကိုးစေ့တွေကို ဘာလို့ ဒီလောက်အထိ တန်ဖိုးထားပြီး သန့်စင်မွန်မြတ်သောနယ်မြေလို့တောင် ခေါ်နေကြရတာလဲ ဆိုတာကိုတော့ သိပ်ပြီး အာရုံမစိုက်မိခဲ့ပါဘူး။
'နိုဗာ၊ သူတို့ရဲ့ အစားအစာက ကိုကိုးစေ့တွေကိုပဲ အဓိက စားကြတာလား'
[ဒါကတော့ ဖြစ်နိုင်ခြေ နည်းပါတယ်။ သူတို့ရဲ့ ကြီးမားတဲ့ ကိုယ်ခန္ဓာ တည်ဆောက်ပုံကို ထိန်းသိမ်းဖို့အတွက် ကိုကိုးစေ့တွေမှာ အာဟာရဓာတ် လုံလောက်အောင် မရှိပါဘူး။ ဒါပေမဲ့ အဲဒါကို အပြည့်အဝ သက်သေပြဖို့အတွက် အထောက်အထား မလုံလောက်သေးပါဘူး။]
[အော့ခ်တွေရဲ့ ကိုယ်ခန္ဓာ တည်ဆောက်ပုံနဲ့ ကိုကိုးစေ့တွေကြားက ဆက်နွှယ်မှုကို ဆော့ဖ်ဝဲလ်ကနေ အပြည့်အဝ နားလည်နိုင်ဖို့အတွက် သူတို့ရဲ့ ပါရမီတစ်ခုကို နှိုးဆွပေးတာက အကောင်းဆုံးပါပဲ။]
[ပြီးတော့ အော့ခ်တွေဆီကနေ ကိုယ်ခံပညာရပ်မန္တန်တွေ အများကြီး သင်ယူနိုင်မယ့် ဖြစ်နိုင်ခြေလည်း အများကြီး ရှိပါတယ်၊ ဘာလို့လဲဆိုတော့ အဲဒါက သူတို့ နေ့စဉ်ဘဝမှာ အဓိက အသုံးပြုနေတဲ့ အရာမို့လို့ပါ။]
မိုက်ကယ်ကတော့ သူတို့ရဲ့ ပြည်တွင်းစစ်ကို အပြည့်အဝ မဖြေရှင်းနိုင်သေးခင်နဲ့ သူတို့ကို ရီနေးတားနိုင်ငံတော်ထဲမှာ မပေါင်းစည်းနိုင်သေးခင်အထိတော့ သူတို့ရဲ့ ပါရမီကို မနှိုးဆွပေးချင်သေးပါဘူး။ ဒါကြောင့် နိုဗာ ရဲ့ အကြံပြုချက်ကတော့ ခဏလောက် စောင့်ရဦးမှာပါ။
"ကျွန်တော် ဘယ်လိုလဲ သခင်။ ကျွန်တော်က နင်ဂျာကောင်း တစ်ယောက် မဟုတ်လား၊ ဟဲဟဲ"
ဖတ်ချ်က သူ့မျက်လုံးတွေကို မှိတ်ပြီး မိုက်ကယ်ဆီကနေ ချီးကျူးစကားတွေနဲ့ အချစ်တွေကို မျှော်လင့်နေခဲ့တယ်။ ဒါပေမဲ့ စက္ကန့်အနည်းငယ် ကြာသွားတဲ့အထိ သူ့သခင်ဆီကနေ တိတ်ဆိတ်မှုကိုပဲ ရရှိခဲ့ပါတယ်။
"ဒါဆို ငါ တစ်ခုလောက် သေချာအောင် မေးပါရစေ။ အော့ခ် မျိုးနွယ်စုတွေက ငါ့ကို ကိုကိုးစေ့တွေ ပေးနေရတဲ့ အကြောင်းရင်းက မင်းက သူတို့ကို တစ်ယောက်နဲ့တစ်ယောက် ပြိုင်ဆိုင်အောင် လှုံ့ဆော်ခဲ့လို့ပေါ့၊ ဟုတ်လား"
"ဟုတ်တယ်" လို့ ဖတ်ချ်က ဂုဏ်ယူစွာနဲ့ ပြောလိုက်တယ်။
"ငါက သူတို့ကို အချင်းချင်း ငြိမ်းချမ်းစေချင်ပြီး သူတို့ရဲ့ ပြည်တွင်းစစ်ကို ရပ်တန့်စေချင်တာကို သိလျက်နဲ့ မင်းက ဒါကို လုပ်ခဲ့တာလား"
နင်ဂျာစလိုင်းမ်လေးဟာ သူ မသိလိုက်ဘဲနဲ့ မျိုးနွယ်စု နှစ်ခုကို တစ်ယောက်နဲ့တစ်ယောက် ပြန်ပြီး ရန်လိုလာအောင် လုပ်မိသွားပြီဆိုတာကို နားလည်လိုက်တဲ့အခါ စိတ်ဓာတ်ကျသွားပါတယ်။
ဖတ်ချ်ဆီကနေ လေပူကြီးတစ်ချက် ထွက်လာပြီး ခရမ်းရောင်ရေအိုင်လေးတစ်ခုအဖြစ် တဖြည်းဖြည်းနဲ့ လျော့ကျသွားပါတော့တယ်။
မိုက်ကယ်က တဟားဟား ရယ်လိုက်ပြီး ကောင်လေးကို ပုတ်ပေးလိုက်တယ်။ သူ့ရဲ့ ချစ်စဖွယ် အိမ်မွေးတိရစ္ဆာန်လေးကို သူ ဘယ်လိုလုပ်ပြီး စိတ်ဆိုးနိုင်မှာလဲ။
"မဟုတ်ပါဘူး၊ မင်း တော်ပါတယ်။ ငါတို့ကို ချောကလက်လုပ်ဖို့ ကိုကိုးစေ့တွေ အများကြီးပေးပြီး မင်း ငါ့ကို တကယ် ကူညီပေးခဲ့တာပဲ။ မင်းရဲ့ နည်းလမ်းက နည်းနည်းတော့... မရိုးသားပေမဲ့လည်း ဘာပဲဖြစ်ဖြစ် ကောင်းကောင်း လုပ်နိုင်ခဲ့တယ် ကောင်လေး" လို့ သူက ဖတ်ချ်ကို နှစ်သိမ့်ပေးလိုက်တယ်။
ဖတ်ချ်က မိုက်ကယ်ရဲ့ ချီးကျူးစကားတွေကြောင့် တဖြည်းဖြည်းနဲ့ မူလပုံစံ ပြန်ရလာပါတယ်။
"ဟုတ်တယ်။ အခု မင်းက အော့ခ်တွေရဲ့ ယုံကြည်မှုကို ရသွားပြီဆိုတော့ ငါ မင်းကို သူတို့ဆီမှာ စောင့်ကြည့်ခိုင်းပြီး သူတို့ကြားမှာ ဘာလို့ ဒီလောက် ရန်ငြိုးကြီးနေကြတာလဲ ဆိုတာကို ရှာဖွေစေချင်တယ်။ ဒါကို မင်း တစ်ယောက်တည်းပဲ လုပ်နိုင်တာမို့လို့ မင်းကိုပဲ အားကိုးရတော့မယ်၊ ဟုတ်ပြီလား"
ခရမ်းရောင် စလိုင်းမ်လေးက ခုန်တက်လိုက်ပြီး လေထဲမှာတင် သူ့ရဲ့ နင်ဂျာဝတ်စုံကို ချက်ချင်း ပြောင်းလဲလိုက်ပါတယ်။
"သေချာတာပေါ့ သခင်။ အရှင့်ရဲ့ အလိုတော်အတိုင်း ဖြစ်စေရပါ့မယ်" လို့ ဖတ်ချ်က သူ့ဘာသာ တည်ကြည်တဲ့ လေထုတစ်ခုကို ဖန်တီးရင်း အက်ကွဲတဲ့ အသံနဲ့ ပြောလိုက်တယ်။
သူ့ရဲ့ ပြောင်းလဲမှုက အရမ်းမြန်လွန်းတာကြောင့် တချို့လူတွေဆိုရင် သူ့ရဲ့ စောစောက စိတ်ဓာတ်ကျနေတဲ့ ပုံစံဟာ သနားစရာကောင်းအောင် လိမ်ညာထားတာလို့တောင် ထင်မိကြမှာပါ။
ဖတ်ချ်က မိုက်ကယ်ရဲ့ အရိပ်ထဲကို ချက်ချင်း ပြန်ဝင်သွားပြီး သူ့ရဲ့ နင်ဂျာတာဝန်တွေကို ဆက်လုပ်ပါတော့တယ်။
ဒီအတောအတွင်းမှာတော့ မိုက်ကယ်က ဒရာဂွန်ဘွန်းတွေကို ကိုကိုးစေ့တွေကို ချောကလက်အဖြစ် ပြောင်းလဲနိုင်မယ့် နီယိုအော်ကပ်စ်ထဲကို သယ်ခိုင်းလိုက်ပါတယ်။
ဒေသခံတွေနဲ့ ရီနေးတားက လူအများအပြားဟာ မိုက်ကယ်က ခါးသက်တဲ့ ကိုကိုးစေ့တွေကို ချိုမြိန်တဲ့ ချောကလက်တွေအဖြစ် ဘယ်လိုပြောင်းလဲပစ်သလဲ ဆိုတာကို ကြည့်ဖို့ သူတို့မြို့ရဲ့ အလယ်ဗဟိုမှာ စုရုံးလာကြပါတယ်။
နောင်တစ်ချိန်မှာ နီယိုအော်ကပ်စ်က ဒေသခံတွေကို သူတို့ဘာသာ ချောကလက်လုပ်တတ်အောင် သင်ပေးချင်တာကြောင့် မိုက်ကယ်က ဒါကို လူအများရှေ့မှာပဲ လုပ်ပြတာပါ။ ဘာပဲဖြစ်ဖြစ် ဒါကို ဒီမြို့ရဲ့ အဓိက ထွက်ကုန် ဖြစ်လာအောင် သူ စီစဉ်ထားတာကိုး။
ဒါက ဘက်သ်နဲ့ တခြားသူတွေရဲ့ ပါရမီကို တောက်ပလာစေဖို့ အခွင့်အရေးပေးမှာပါ။ ဘာလို့လဲဆိုတော့ ချောကလက်က ကိတ်မုန့်၊ ပေါင်မုန့် ဒါမှမဟုတ် ရေထဲမှာတောင် ထည့်လို့ရတဲ့ လိုက်လျောညီထွေရှိတဲ့ ပါဝင်ပစ္စည်းတစ်ခု ဖြစ်နေလို့ပါပဲ။
ချောကလက်ရဲ့ စီးပွားရေး ဖြစ်နိုင်ခြေတွေက အဆုံးမရှိပါဘူး။
* * * * * * * * *
ဒီအတောအတွင်းမှာတော့ တောအုပ်အစပ်၊ ကွင်းစ်နယ်မြေ ထဲကို ပိုပြီး နက်ရှိုင်းတဲ့ နေရာမှာတော့ ကျောပိုးအိတ် အကြီးကြီးတွေကို လွယ်ထားတဲ့ ကုန်သည်အချို့ စုဝေးနေကြပါတယ်။
ဒီကုန်သည်တွေကတော့ အော့ခ်တွေ အချင်းချင်း အော်ဟစ်နေကြတဲ့ အသံတွေကို ကြားပြီး ထွက်ပြေးသွားခဲ့ကြတဲ့ ကုန်သည်တွေပါပဲ။
သူတို့တွေဟာ အော့ခ်တွေဆီက လာနိုင်တဲ့ အန္တရာယ်တွေနဲ့ အရှေ့မှာ ရှိနေတဲ့ ဘေးအန္တရာယ်များတဲ့ မြေပြင်အနေအထားတွေကြောင့် သေလောက်အောင် ကြောက်နေကြပေမဲ့လည်း အော်ကပ်စ်မြို့ က သနားစရာကောင်းတဲ့ ဒေသခံတွေကို ငတ်မွတ်ခေါင်းပါးမှု ဘေးကနေ ကယ်တင်ဖို့အတွက် သူတို့ရဲ့ အသက်တွေကို ရင်းပြီး ပြန်လာဖို့ ဆုံးဖြတ်ခဲ့ကြတာပါ။
ကုန်သည်တွေအနေနဲ့ သူတို့ကသာ အော်ကပ်စ်မြို့ကို အနည်းဆုံး နောက်ထပ် တစ်လစာလောက် လုံလောက်တဲ့ အစားအစာတွေ ထောက်ပံ့ပေးနိုင်မယ့် တစ်ဦးတည်းသော သူတွေပါ။
အကယ်၍ သူတို့သာ ပြန်မလာခဲ့ဘူးဆိုရင် အော်ကပ်စ်မြို့ကို သူတို့ဘာသာသေဆုံးသွားအောင် ထားခဲ့သလို ဖြစ်နေမှာပေါ့။ အဲဒီလို အသိစိတ်မျိုးကိုတော့ သူတို့လက်မခံနိုင်ကြပါဘူး။
အံ့ဩဖို့ကောင်းတာက အော့ခ်တွေရဲ့ အော်ဟစ်သံတွေက ရပ်တန့်သွားပုံ ရပါတယ်။ တောအုပ်ထဲကို ပိုပြီး နက်ရှိုင်းအောင် သွားနေတဲ့ အချိန်မှာတောင် သူတို့ရဲ့ နားထဲမှာ လှောင်ပြောင်သံတွေနဲ့ အော်ဟစ်သံတွေ ထွက်ပေါ်မလာခဲ့ပါဘူး။
"ဒါဟာ ငါတို့အတွက် အခွင့်အရေးပဲ။ ငါတို့ အော်ကပ်စ်မြို့ကို ကူညီရမယ်"
ဒါက သူတို့ကို တောအုပ်ထဲကို ပိုပြီး နက်ရှိုင်းအောင် ဝင်သွားဖို့ သတ္တိတွေ ပေးလိုက်ပြီး နောက်ဆုံးမှာတော့ အော်ကပ်စ်မြို့ လို့ လူသိများတဲ့ နယ်မြေဆီကို ရောက်ရှိလာခဲ့ပါတယ်။
ဒါပေမဲ့ သူတို့ နီးနီးကပ်ကပ် ရောက်သွားတဲ့အခါ တစ်ခုခု မှားယွင်းနေတာကို သူတို့ သတိထားမိလိုက်ပါတယ်။ အော်ကပ်စ်မြို့က အရမ်းကို... အလုပ်ရှုပ်နေတာပါ။
* * * * * * * * *
စာစဉ်(၁၅)
အခန်း (၁၇၂)
မိုက်ကယ်က သူ့လက်ကို မြှောက်လိုက်ပြီး အိတ်ထဲက ကိုကိုးစေ့တွေကို လေထဲမှာ မြှောက်လိုက်ကာ လူတိုင်းရဲ့ မျက်စိရှေ့မှာတင် မီးမန္တန်ကို သုံးပြီး လှော်လိုက်ပါတယ်။
မိုက်ကယ်က အဲဒီစေ့တွေကို ခွဲလိုက်တဲ့အခါ သူတို့တွေ အကုန်လုံး သိနေကြတဲ့ ချောကလက်နံ့နဲ့ ဆင်တူတဲ့ အနံ့တွေ ထွက်လာတာကို မြင်လိုက်ရတာကြောင့် ကလေးတွေရဲ့ မျက်လုံးတွေက အံ့သြမှုတွေနဲ့ တောက်ပလာပါတယ်။
ကိုကိုးစေ့တွေကို တစ်နေရာတည်းမှာ စုစည်းပြီးတဲ့နောက် မိုက်ကယ်က သူတို့ရဲ့ ဓာတုဗေဒ တည်ဆောက်ပုံကို ဖျက်ဆီးလိုက်ပြီး ချောမွေ့တဲ့ အသွင်အပြင်နဲ့ အရသာရှိတဲ့ အရည်တစ်ခုအဖြစ် ပြောင်းလဲလိုက်ပါတယ်။
မကြာခင်မှာပဲ သန့်စင်တဲ့ ချောကလက်အရည်လုံးလေးက လူတိုင်းစားသုံးနိုင်တဲ့ အတုံးလေးတွေ အဖြစ် ခဲသွားပါတော့တယ်။
ဇိုင်ယွန်နဲ့ ကလေးတွေက ကောင်းကင်ကနေ ကျလာတဲ့ ချောကလက်တွေကို ဖမ်းဖို့အတွက် ခုန်ပေါက်နေကြတယ်။ ဒါပေမဲ့ ဂျာကူကတော့ သူ့ရဲ့ လက်ဖဝါးကို ဖြန့်လိုက်ပြီး တစ်တုံးကို သူ့လက်ထဲကို အသာလေး ကျလာစေခဲ့ပါတယ်။ ဒီအတောအတွင်းမှာတော့ ယူမီစုနဲ့ ရှီနာတို့က ဘယ်သူမှ မသိလိုက်ခင်မှာပဲ လေထဲက အတုံးလေးတွေကို လျင်မြန်စွာ ဖမ်းယူလိုက်ကြတာပေါ့။
ယူနာနဲ့ သူမရဲ့ လူတစ်ပိုင်းသတ္တဝါအစောင့်အရှောက်တွေကိုလည်း တစ်တုံးစီ ပေးလိုက်ပါတယ်၊ သူတို့တွေက ဒါကို ကွင်းစ်နယ်မြေမှာ နာမည်ကြီးတဲ့ ဘယ်တော်ဝင်သကြားလုံး ဒါမှမဟုတ် မုန့်တွေထက်မဆို ပိုပြီး နှစ်သက်နေကြတာပါ။
မိုက်ကယ်က ချောကလက်အတုံးလေးတွေကို ညီတူညီမျှ ခွဲဝေပေးလိုက်ပေမဲ့ သူ့အတွက်လည်း အနည်းငယ် ချန်ထားပါသေးတယ်။ ဒါတွေအတွက် သူ တခြားစီမံကိန်းတွေ ရှိသေးလို့ပါ။
လူတိုင်းက သန့်စင်ပြီးချိုမြိန်တဲ့ ချောကလက် အရသာကို ခံစားနေကြစဉ်မှာ မိုက်ကယ်က ဘက်သ် ဆီကို လမ်းလျှောက်သွားပြီး သူမရဲ့ အကူအညီကို တောင်းခံလိုက်တယ်။
"ကျွန်တော် စမ်းကြည့်စေချင်တဲ့ မုန့်ဖုတ်နည်းတစ်ခု ရှိတယ်။ မင်း လုပ်ပေးနိုင်မလား" လို့ သူက သူမကို မေးလိုက်တယ်။
ဘက်သ် ရဲ့ ပါရမီက မုန့်ဖုတ်တာဖြစ်ပြီး မိုက်ကယ်က သူ့ရဲ့ အရင်ကမ္ဘာက မုန့်ဖုတ်နည်းအတော်များများဟာ ချောကလက် ထည့်လိုက်တာနဲ့တင် အရသာ ပိုကောင်းသွားနိုင်တယ် ဆိုတာကို သိထားတာကိုး။ အဲဒါအတွက် အကောင်းဆုံး ဥပမာကတော့ တခြား မဟုတ်ဘဲ ချောကလက်ချစ်ပ် ကွတ်ကီးတွေပါပဲ
မိုက်ကယ်က နိုဗာ ဆီကနေ ရထားတဲ့ မုန့်ဖုတ်နည်းကို တိုးတိုးလေး ပြောပြလိုက်တဲ့အခါ ဘက်သ် က ဒီလို ထုတ်ကုန်မျိုးရဲ့ အလားအလာကို စတင် နားလည်လာတာကြောင့် သူမရဲ့ ခေါင်းကို ဖြည်းဖြည်းချင်း ညိတ်လိုက်ပါတယ်။
"ကျွန်မကိုပဲ လွှဲထားလိုက်ပါ မိုက်ကယ်" လို့ သူမက သူမရဲ့ အေပရွန်ကို ဝတ်ရင်း ပြောလိုက်တယ်။
"ကျွန်မ ကွတ်ကီးတွေ လုပ်ပေးမယ်"
သူမက သူမရဲ့ မုန့်ဖုတ်ဆိုင်ကို ပြန်သွားပြီး ပြင်ဆင်မှုတွေ စလုပ်ပါတော့တယ်။ မိုက်ကယ်က သူမကို ဥ၊ ဂျုံမှုန့်နဲ့ တခြားလိုအပ်တဲ့ ပါဝင်ပစ္စည်းတွေ အကုန်ပေးထားတာကြောင့် သူမ လုပ်ရမှာက အဲဒါတွေကို ပေါင်းစပ်ဖို့ပါပဲ။
မွှေတာနဲ့ နယ်တာလိုမျိုး နည်းလမ်းတွေက သူမအတွက် အသစ်အဆန်း ဖြစ်နေပေမဲ့ သူမရဲ့ မွေးရာပါ မုန့်ဖုတ်ပါရမီကြောင့် သူမဟာ ဒါကို ပထမဆုံးအကြိမ် လုပ်တာဖြစ်ပေမဲ့လည်း တော်တော်လေး ကောင်းကောင်း လုပ်နိုင်ခဲ့ပါတယ်။
သူမက မုန့်နှစ်တွေကို မီးဖိုထဲ ထည့်လိုက်တဲ့အခါ အချိန်တိုင်းစရာမလိုဘဲနဲ့ ကျက်ပြီဆိုတာကို သူမ သိနေပါတယ်။ မွှေးပျံ့တဲ့ ရနံ့လေးက သူမရဲ့ နှာခေါင်းထဲကို ဝင်လာတာနဲ့ ကျက်သွားပြီဆိုတာကို သူမ သိလိုက်တာပါ။
သူမက မီးဖိုထဲကနေ လင်ဗန်းကို ထုတ်လိုက်တဲ့အခါ လတ်လတ်ဆတ်ဆတ် ဖုတ်ထားတဲ့ ချောကလက်ချစ်ပ် ကွတ်ကီးတွေရဲ့ သွားရည်ကျစရာ မြင်ကွင်းကို တွေ့လိုက်ရပါတယ်။ ဒါဟာ သူမကိုယ်တိုင် လုပ်ထားတဲ့ အရာဆိုတာကို သူမတောင် မယုံနိုင်လောက်အောင်ပါပဲ။
သူမက တစ်ခုယူပြီး မြည်းကြည့်လိုက်တယ်။ အဲဒါက အတွင်းထဲမှာ နူးညံ့ပြီး စေးပိုင်နေကာ အပြင်ဘက်ကတော့ ကြွပ်ရွနေပါတယ်။ ပေါင်မုန့်ထဲမှာ မြှုပ်ထားတဲ့ ချောကလက်ချစ်ပ် တစ်ခုကို ကိုက်လိုက်တာနဲ့ ကြွယ်ဝတဲ့ အရသာ ရောနှောမှုတစ်ခုက သူမရဲ့ လျှာပေါ်မှာ ပြည့်နှက်သွားပါတော့တယ်။
မိုက်ကယ်ကတော့ မစောင့်နိုင်တော့ဘဲ တစ်ခု ယူစားလိုက်ပါတယ်။ အဲဒီအရသာက သူ့ရဲ့ မွေးနေ့မှာ မိဘတွေက ကွတ်ကီးတွေ လက်ဆောင်ပေးခဲ့တဲ့ သူ့ရဲ့ အရင်ဘဝဆီကို ချက်ချင်း ပြန်ခေါ်သွားသလို ခံစားလိုက်ရတယ်။
"မိုက်ကယ်လေး... ဒီကွတ်ကီးက တကယ်ကို ကောင်းတာပဲ"
ပိုပြီး စားချင်နေပေမဲ့လည်း ဘက်သ်က ကလေးတွေနဲ့ နီယိုအော်ကပ်စ် ဒေသခံတွေသာ ဒီကွတ်ကီး အရသာကို ရသွားရင် ထပ်ပြီး တောင်းကြမှာကို သိနေတာကြောင့် နောက်ထပ် တစ်သုတ်ကို ချက်ချင်း ထပ်ဖုတ်ပါတော့တယ်။
သူမ ဖုတ်လိုက်တာနဲ့အမျှ ကွတ်ကီးတွေရဲ့ လတ်ဆတ်တဲ့ အနံ့က နယ်မြေတစ်ခုလုံးကို ပျံ့နှံ့သွားတာကြောင့် လူတွေက ဘက်သ်ရဲ့ မုန့်ဖုတ်ဆိုင်မှာ ဘာတွေ ချက်ပြုတ်နေတာလဲ ဆိုတာကို စူးစမ်းချင်နေကြတယ်။
"သခင်လေး မိုက်ကယ်... ကျွန်ုပ်တို့ ဒီကနေ အနံ့တစ်ခု ရနေတယ်" လို့ ရှီနာက တံခါးခေါက်ပြီး မုန့်ဖုတ်ဆိုင်တံခါးကို ဖွင့်လိုက်တယ်။ သူမက တည်ငြိမ်အောင် ဟန်ဆောင်နေပေမဲ့ သူမရဲ့ မျက်လုံးတွေကတော့ စားပွဲပေါ်က လတ်လတ်ဆတ်ဆတ်ဖုတ်ထားတဲ့ ကွတ်ကီးတွေဆီကိုပဲ ရောက်နေတာပေါ့။
"ရှီနာ.. မင်း အချိန်ကိုက် ရောက်လာတာပဲ။ ကွတ်ကီးတွေ ကျက်ပြီလို့ လူတိုင်းကို ပြောလိုက်ပါ။ ရော့... တစ်ခု စားကြည့်ဦး"
မိုက်ကယ်က သူမဆီကို ကွတ်ကီးတစ်ခု ပစ်ပေးလိုက်တယ်။ သူမက အဲဒါကို စူးစမ်းစွာ ကြည့်ပြီးမှ ကိုက်လိုက်ပါတယ်။ သူမ ကိုက်လိုက်တာနဲ့ သူမရဲ့ အဖြူရောင် အကြေးခွံတွေက ပန်းရောင်အဖြစ် ပြောင်းသွားတာက သူမ စိတ်လှုပ်ရှားနေတဲ့ လက္ခဏာပါပဲ။
သူမက မိုက်ကယ်ကို အဲဒီလို ရှက်ကိုးရှက်ကန်း ဖြစ်နေတဲ့ ပုံစံနဲ့ မတွေ့စေချင်တာကြောင့် အခန်းထဲကနေ ချက်ချင်း ထွက်သွားပါတော့တယ်။ ဒါပေမဲ့ သူမက အဲဒီ အံ့သြဖို့ကောင်းတဲ့ ကွတ်ကီးကို နောက်တစ်ကိုက် မကိုက်ရသေးခင်မှာပဲ ဂျာကူက သူမလက်ထဲကနေ လုယူပြီး စားပလိုက်ပါတယ်။
ဒရာဂွန်ဘွန်း မောင်နှမ နှစ်ယောက် ရန်ဖြစ်နေကြစဉ်မှာပဲ လူတွေက မုန့်ဖုတ်ဆိုင်ထဲကို ဝင်လာကြကာ သူတို့ရဲ့ ချောကလက်ချစ်ပ် ကွတ်ကီးတွေကို ဝါးရင်းနဲ့ မျက်နှာပေါ်မှာ ကြီးမားတဲ့ အပြုံးတွေနဲ့ ပြန်ထွက်သွားကြပါတယ်။
မကြာခင်မှာပဲ နီယိုအော်ကပ်စ်ထဲက လူတိုင်းဟာ တစ်နေကုန် ကွတ်ကီးတွေကို စားသုံးနေကြပါတော့တယ်။
တော်သေးတာက ဇိုင်ယွန်နဲ့ သူ့ရဲ့ နောက်လိုက်လေးတွေဆီက ကွတ်ကီးစားသုံးနှုန်းကို ဖြေရှင်းဖို့အတွက် ဘက်သ်ကို ကူညီပေးတဲ့ တခြား မုန့်ဖုတ်ဆရာတွေနဲ့ စားဖိုမှူးအချို့ ရှိနေလို့ပါပဲ။
* * * * * * * * *
နောက်တစ်နေ့မှာတော့ ရှီနာက မြို့ထဲမှာ အမည်မသိ လူတွေ ရောက်နေတဲ့ အကြောင်းကို အသိပေးဖို့ မိုက်ကယ်ရဲ့ တံခါးကို နောက်တစ်ကြိမ် ခေါက်လိုက်ပြန်ပါတယ်။
"သခင်လေး မိုက်ကယ်၊ ကျွန်ုပ်တို့ဆီမှာ ဧည့်သည်အသစ်တွေ ရောက်နေပါတယ်"
မိုက်ကယ်က အိပ်ချင်မူးတူးနဲ့ နိုးလာပြီး သူ့ရဲ့ အဆင့်မြင့်စွမ်းရည် ဖြစ်တဲ့ သဟဇာတ ပေါင်းစည်းခြင်း ကို ဖွင့်လိုက်တယ်။ သူက အော့ခ်တွေဆီက နောက်ထပ် ပစ္စည်းရောက်လာတာလို့ ထင်နေခဲ့တာပါ၊ ဒါပေမဲ့ သူတို့ရဲ့ ခန္ဓာကိုယ်ပေါ်က အလင်းစွမ်းအင်ကို အာရုံစိုက်လိုက်တဲ့ အခါမှာတော့ သူတို့ဟာ လူသားတွေ ဖြစ်မှန်း မိုက်ကယ် သိလိုက်ရတယ်။
သူက ကုတင်ပေါ်ကဆင်းပြီး သူစိမ်းအသစ်တွေကို ကြိုဆိုလိုက်ပါတော့တယ်။
ဒီအတောအတွင်းမှာတော့ ကုန်သည်တွေဟာ နီယိုအော်ကပ်စ်ရဲ့ နံရံတွေထဲကို မဝင်ခင် ခြေလှမ်းအနည်းငယ် အကွာမှာတင် ရပ်တန့်သွားကြပါတယ်။ သူတို့ရဲ့ မျက်နှာပေါ်မှာတော့ ဇဝေဇဝါ ဖြစ်မှုတွေနဲ့ တုန်လှုပ်မှုတွေ အပြည့်ပါပဲ။
"ဒါ အော်ကပ်စ်မြို့ မဟုတ်ဘူး..."
"ဟုတ်မှာပါကွာ" လို့ ဝါရင့်ကုန်သည်ကြီးက ပြန်ဖြေပါတယ်။
နံရံတွေ ပျက်စီးပြီး အဆောက်အဦးတွေ ဟောင်းနွမ်းနေတဲ့ မြို့ပျက်ကြီးကို မြင်ရမယ့်အစား ကုန်သည်တွေက လုံးဝကို ကွဲပြားခြားနားတဲ့ အရာတစ်ခုကို မြင်နေရတာပါ။
သူတို့ဟာ နယ်မြေကို ဝိုင်းရံထားတဲ့ အဖြူရောင် နံရံအသစ်တွေကိုတွေ့ရပြီး အဲဒါတွေက သူတို့ မျှော်လင့်ထားတာထက်တောင် ပိုပြီး ကောင်းမွန်တဲ့ အရည်အသွေး ရှိနေတာပါ။ ဒါတင်မကသေးဘဲ ဒီကလမ်းတွေကလည်း တည်ဆောက်ဆဲ ဖြစ်နေပေမဲ့ ကွင်းစ်နယ်မြေရဲ့ မြို့တော်တွေက ကျောက်လမ်းတွေထက်တောင် ပိုကောင်းမယ့် လက္ခဏာတွေ ပြသနေပါတယ်။
အော်ကပ်စ်မြို့ တစ်ခုလုံးက သက်ဝင်လှုပ်ရှားနေပြီး လူတွေနဲ့ လူတစ်ပိုင်းသတ္တဝါတွေဟာ မြို့ကို အရင်ကထက် ပိုကောင်းတဲ့ အခြေအနေ ဖြစ်အောင် ပြန်လည်တည်ဆောက်ဖို့အတွက် သူတို့ရဲ့ သွေး၊ ချွေး၊ မျက်ရည်တွေကို ရင်းပြီး ဘေးချင်းယှဉ် အလုပ်လုပ်နေကြတာပါ။
သူတို့တွေ ကြောင်တောင်တောင် ဖြစ်နေကြစဉ်မှာပဲ ထူးဆန်းတဲ့ နဂါးလိုမျိုး လူတစ်ပိုင်းသတ္တဝါ တစ်ယောက်က သူတို့ဆီကို လက်ထဲမှာ အညိုရောင် အဝိုင်းလေး တစ်ခု ကိုင်ပြီး ချဉ်းကပ်လာတာကို တွေ့လိုက်ရပါတယ်။
* * * * * * * * *