← Chapters

အခန်း (၁၇၃-၁၇၄)

Vol. 15 Ch. 173-174

အခန်း (၁၇၃-၁၇၄)

Vol. 15 Ch. 173-174

အခန်း (၁၇၃)

"တဆိတ်လောက်၊ ဒါက အော်ကပ်စ်မြို့ လား" လို့ သူတို့က လူတစ်ပိုင်းသတ္တဝါကို သတိထားပြီး မေးလိုက်ကြတယ်။

"ဟင်" ဇိုင်ယွန် က စဉ်းစားဟန်နဲ့ "မဟုတ်ဘူး၊ ဒီနေရာကို နီယိုအော်ကပ်စ် လို့ ခေါ်တယ်" လို့ ပြန်ဖြေတယ်။

"အာ၊ ဒါဆို ငါတို့ မှားသွားတာပေါ့"

"မဟုတ်ဘူး၊ နေဦး။ အဲဒါ မှန်တယ်။ နီယိုအော်ကပ်စ်က ငါတို့ ဒီကို မရောက်ခင်တုန်းက အော်ကပ်စ်မြို့လို့ ခေါ်ခဲ့တာလေ" လို့ ဇိုင်ယွန် က သူ့ရဲ့ ကွတ်ကီးကို အေးအေးလူလူ ဝါးရင်း ပြောလိုက်တယ်၊ သူ နည်းနည်းလေး မှားပြောလိုက်ရင် နားလည်မှုလွဲတာ အကြီးအကျယ် ဖြစ်သွားနိုင်မှန်း သူ မသိခဲ့ဘူး။

ကုန်သည်တွေကတော့ ဒီအမှန်တရားကို သိလိုက်ရလို့ အံ့သြသွားပြီး တစ်ယောက်နဲ့တစ်ယောက် တိုးတိုးတိုးတိုး ပြောနေကြတယ်။ သူတို့ တကယ်ကြီး မယုံနိုင်အောင် ဖြစ်နေတာပါ။

"မင်း သေချာလို့လား။ ဒါက ငါမှတ်မိနေတဲ့ ပုံစံနဲ့ လုံးဝကို ကွဲပြားနေတာပဲ" လို့ ဝါရင့်ကုန်သည်ကြီးက ပြောတယ်။ သူက ရွှေလမ်းမကြီး ရဲ့ အောင်မြင်ခဲ့တဲ့ အချိန်တွေကို မှတ်မိနေသေးတဲ့ ရှေးလူကြီးတွေထဲက တစ်ယောက်ပါ။ ဒါက သူမှတ်မိနေတဲ့ အော်ကပ်စ်မြို့ မဟုတ်ပါဘူး။

"ခင်ဗျားတို့ ကိုယ်တိုင် ကြည့်ချင်လား" ဇိုင်ယွန်က သူတို့ မှားနေကြောင်း သက်သေပြဖို့အတွက် စိန်ခေါ်သလိုမျိုး အထဲကို ဖိတ်ခေါ်လိုက်တယ်။

ကုန်သည်တွေက တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ပြီး ဖြည်းဖြည်းချင်း အရှေ့ကို လျှောက်သွားကြတယ်။ သူတို့တွေဟာ တည်ဆောက်ဆဲ ကွန်ကရစ်လမ်းပေါ်ကို ခြေချလိုက်တဲ့အခါ လမ်းက ပြန့်ပြူးနေပေမဲ့ အရမ်း ခိုင်မာနေတာကြောင့် အံ့သြသွားကြတယ်။ ကြည့်ရတာ ကျောက်ပြား အကြီးကြီး တစ်ခုကို သုံးထားသလိုပဲ။

လမ်းတွေက တည်ဆောက်ဆဲ ဖြစ်ပေမဲ့ ရေမြောင်းတွေ၊ လမ်းဘေး ပလက်ဖောင်းတွေနဲ့ ပြည့်စုံတဲ့ ကောင်းမွန်တဲ့ ဗိသုကာလက်ရာတွေနဲ့ ပုံဖော်ထားတာပါ။ လမ်းတိုင်းရဲ့ အဆုံးမှာ အပေါ်ဘက်ကနေ အစိမ်းရောင်၊ လိမ္မော်ရောင်နဲ့ အနီရောင် မှန်တွေပါတဲ့ ထူးဆန်းတဲ့ တိုင်တစ်ခုတောင် ရှိနေပါသေးတယ်။

"အဲဒါက ဘာလဲ" လို့ သူတို့က ဇိုင်ယွန် ကို မေးလိုက်ကြတယ်။

"ဒါက မီးပွိုင့်တိုင်လေ။ ဒါပေမဲ့ ခင်ဗျားတို့ အခုထိတော့ အဲဒါကို နားလည်ဦးမှာ မဟုတ်ပါဘူး"

သူတို့ လမ်းတွေတစ်လျှောက် ဆက်ပြီး လမ်းလျှောက်လာကြရင်း လူတစ်ပိုင်းသတ္တဝါ တွေက သတ္တုပိုက် အကြီးကြီးတွေကို လေထဲမှာ မြှောက်ပြီး တည်ဆောက်ဆဲ အိမ်တွေထဲမှာ တပ်ဆင်နေတာကို တွေ့လိုက်ရတယ်။ မြေအောက်မှာ ပိုက်တွေကို ဆက်လိုက်တဲ့အခါ အဲဒီပိုက်တွေထဲကနေ ကြည်လင်တဲ့ ရေတွေ ရုတ်တရက် ပန်းထွက်လာပြီးနောက်မှာတော့ လူတစ်ပိုင်းသတ္တဝါ တွေက လက်ကိုင်တစ်ခုကို လှည့်ပြီး ရေစီးတာကို ရပ်လိုက်ကြတယ်။

"ရေလား။ အော်ကပ်စ်မြို့က မိုးရေကိုပဲ သုံးရတာလို့ ငါ ထင်ထားတာ"

အဲဒီအချိန်မှာပဲ လူသားတစ်ယောက်က လူတစ်ပိုင်းသတ္တဝါအလုပ်သမားတွေဆီ လမ်းလျှောက်လာပြီး ချက်ပြုတ်ပြီးကာစ အခိုးအငွေ့တွေ ထွက်နေတုန်းဖြစ်တဲ့ အသားတွေ၊ ဟင်းသီးဟင်းရွက်တွေ ပါတဲ့ သေတ္တာတစ်လုံး ပေးလိုက်တယ်။

"ဒါ ခင်ဗျားတို့အတွက် အစားအစာပါ" လို့ အဲဒီလူက ပြောလိုက်တဲ့အခါ လူတစ်ပိုင်းသတ္တဝါတွေက ကျေးဇူးတင်စကား ပြန်ပြောကြတယ်။

ကုန်သည်တွေထဲက တစ်ယောက်က သူ့ရဲ့ စပ်စုချင်စိတ်ကို မထိန်းနိုင်တော့ဘဲ အဲဒီအမျိုးသမီးကို သွားမေးပါတော့တယ်။

"တဆိတ်လောက်၊ ဒါပေမဲ့ ဒီနေရာမှာ အစားအစာနဲ့ ရေက ဘယ်လိုလုပ် ရှိနေတာလဲ။ အော်ကပ်စ်မြို့ က ငတ်မွတ်ခေါင်းပါးပြီး ရေဓာတ်ခန်းခြောက်နေရမှာလေ၊ ဒါပေမဲ့ အခုကြည့်ရတာ လူတိုင်းက အစားအသောက် ဝဝလင်လင်နဲ့ ကျန်းမာနေပုံရတယ်"

အမျိုးသမီးက ခေါင်းညိတ်လိုက်ပြီး စိတ်အေးသွားသလိုမျိုး သက်ပြင်းချလိုက်တယ်။

"ငါတို့ တကယ်ပဲ အဲဒီလို ဖြစ်နေခဲ့တာပါ။ ဒါပေမဲ့ ကံကောင်းထောက်မစွာနဲ့ပဲ ရီနေးတားကုမ္ပဏီက ငါတို့ကို အဲဒီဆိုးရွားတဲ့ ကံကြမ္မာကနေ ကယ်တင်ပေးခဲ့တယ်"

"ရီနေးတားကုမ္ပဏီ ..." ကုန်သည်တွေက တိုးတိုးလေး ရေရွတ်လိုက်ကြတယ်။

စီးပွားရေးလုပ်ငန်းဆိုတာ သူတို့ရဲ့ ကျွမ်းကျင်မှု၊ သူတို့ရဲ့ အဓိက အသက်မွေးဝမ်းကျောင်း ဖြစ်တာပေါ့။ ဒါပေမဲ့ ဒီလိုမျိုး အရင်းအမြစ်တွေ အများကြီးရှိတဲ့ ကုမ္ပဏီအကြောင်းကိုတော့ သူတို့ လုံးဝ မမှတ်မိကြပါဘူး။

"ပင်လယ်ရပ်ခြား ကုမ္ပဏီတစ်ခုလား" လို့ ဝါရင့်ကုန်သည်ကြီးက စဉ်းစားနေတယ်။

"လူတိုင်းက ဘာလို့ အဲဒီလိုပဲ ထင်နေကြတာလဲ။ မဟုတ်ဘူး။ ငါတို့ရဲ့ အကြီးအကဲက လူသားပဲ။ ငါ့ရဲ့ အစ်ကိုက ကင်းစ်နယ်မြေ မှာ အချမ်းသာဆုံး လူသားပဲ" လို့ ဇိုင်ယွန် က ကြွားလုံးထုတ်လိုက်တယ်။

ကုန်သည်တွေက နောက်ထပ်တစ်ကြိမ် ဇဝေဇဝါမျက်နှာအမူရာတွေဖြစ်ကုန်တယ်။ သူတို့ ကင်းစ်နယ်မြေကနေ ပြန်လာခဲ့တာ နှစ်အနည်းငယ်ရှိသေးပေမဲ့ ဒီကုမ္ပဏီအကြောင်း တစ်ခါမှ မကြားဖူးခဲ့ပါဘူး။

ဒါကြောင့် ဒီလိုကုမ္ပဏီမျိုးက နှစ်အနည်းငယ်အတွင်းမှာ ရုတ်တရက်ပေါ်ထွက်လာတယ်ဆိုတာကို သူတို့ ယုံရခက်နေတာပါ။

ကုန်သည်တွေက နီယိုအော်ကပ်စ် မှာ သူတို့မြင်တွေ့နေရတာတွေကို နားလည်အောင် ကြိုးစားနေတုန်းမှာပဲ သူတို့ရဲ့ နောက်ဘက်ကနေ ကျယ်လောင်တဲ့ အသံတစ်ခု ကြားလိုက်ရတယ်။

သူတို့ နောက်လှည့်ကြည့်လိုက်တဲ့အခါ ကျောက်တုံးကြီးတစ်ခုလောက် ကြီးမားတဲ့ သတ္တုသေတ္တာကြီးတွေက မြင်းတွေထက်တောင် ပိုမြန်တဲ့ အရှိန်နဲ့သူတို့ဆီကို ဦးတည်လာနေတာကို တွေ့လိုက်ရတယ်။

အဝေးပြေးလမ်းကနေလာနေတဲ့ ရီနေးတားရဲ့ ကုန်တင်ကားအုပ်စုကြီးကို ကြည့်ပြီး သူတို့တွေက ကြောက်လန့်တုန်လှုပ်သွားတာကြောင့် ရှောင်ဖို့တောင် မေ့နေကြတယ်။

ဇိုင်ယွန် က သူတို့ကို လမ်းဘေး ပလက်ဖောင်းပေါ်ကို အမြန် ဆွဲခေါ်လိုက်ရတယ်၊ ကုန်သည်တွေဟာ မျက်နှာပေါ်မှာ ကြောက်လန့်မှုတွေနဲ့အတူ မြေပြင်ပေါ်ကို ဖင်ထိုင်လျက် ကျသွားကြတယ်။

ကုန်တင်ကားတွေက လမ်းရဲ့ တစ်ဖက်မှာတင် ရပ်လိုက်ကြတယ်။

စက္ကန့်အနည်းငယ် ကြာတဲ့အခါ အရှေ့ဘက် တံခါးပွင့်လာပြီး ကားမောင်းသူက ကားပေါ်ကနေ ဆင်းလာတယ်၊ သူက ပုပုဆုဆု ကိုယ်ခန္ဓာနဲ့ လူပု တစ်ယောက် ဖြစ်နေတာကို တွေ့လိုက်ရတယ်။

"လူပုတစ်ယောက်လား" လို့ သူတို့အားလုံး အော်ဟစ်လိုက်ကြတယ်။

"အေး။ အဲဒါ ဘာဖြစ်လို့လဲ" လို့ လူပုက စိတ်ပျက်တဲ့ ပုံစံနဲ့ သူတို့ကို ပြန်အော်လိုက်တယ်။

"နောက်တစ်ခါ လမ်းလယ်ခေါင်မှာ ငူငူကြီး ရပ်မနေကြနဲ့"

လူပု က ခေါင်းခါလိုက်ပြီး ကုန်သည်တွေရဲ့ အံ့သြနေတဲ့ အကြည့်တွေကို လျစ်လျူရှုကာ ကားပေါ်ကနေ သတ္တုပိုက် အမြောက်အမြားကို စတင် ချပါတော့တယ်။

"ဒါပေမဲ့ ဘယ်လိုလုပ်ပြီး ... ဒါက ... ဘယ်လို ..."

ဇိုင်ယွန် က ဂုဏ်ယူတဲ့ အပြုံးမျိုးနဲ့ "အခုတော့ ငါ့ကို ယုံပြီလား။ ဟဲဟဲ၊ အစ်ကို မိုက်ခ်က လူပုတွေနဲ့ မဟာမိတ် ဖွဲ့နိုင်ခဲ့တယ်ဆိုတာ သိသွားရင် လူတိုင်းက အမြဲတမ်းအံ့သြသွားကြတာပဲ" လို့ ပြောလိုက်တယ်။

ဇိုင်ယွန် ရဲ့ ကြွားလုံးတွေကြောင့် သူတို့ရဲ့ မေးခွန်းတွေ အားလုံးက အဖြေရသွားပေမဲ့ ကုန်သည်တွေကတော့ ဒီအမှန်တရားကို လုံးဝ မယုံနိုင်ကြသေးပါဘူး။ ကွင်းစ်နယ်မြေ ထဲက ဘယ်သူမှလည်း ဒါကို ယုံမှာ မဟုတ်ပါဘူး။

ဒါပေမဲ့ လူပုတစ်ယောက်က သူတို့ရဲ့ မျက်စိရှေ့မှာတင် ရှိနေတာက ခိုင်မာတဲ့သက်သေပါပဲ။

သူတို့ဟာ နီယိုအော်ကပ်စ်ထဲကိုဝင်လာပြီး မိနစ်အနည်းငယ်အတွင်း သိလိုက်ရတဲ့ အရာအားလုံးကို ပြန်တွေးရင်း စက္ကန့်အနည်းငယ်ကြာအောင် တိတ်ဆိတ်နေကြတယ်။

ခြုံပြီးပြောရရင် အရာအားလုံးက ရီနေးတားကုမ္ပဏီ ဆီကိုပဲ ဦးတည်နေတာပါ။

ဒီလို ကျေးလက်ဒေသနယ်မြေမှာ အိပ်ပျော်နေတဲ့ နဂါးတစ်ကောင် ပုန်းအောင်းနေလိမ့်မယ်လို့ သူတို့ မသိခဲ့ကြပါဘူး။ ဒီလိုကုမ္ပဏီမျိုးက ပေါင်းသင်းရ ခက်ခဲလှတဲ့ လူပုတွေနဲ့တောင် မိတ်ဆွေဖြစ်နိုင်တယ်ဆိုတာကို ကွင်းစ်နယ်မြေက လူတွေအားလုံး မသိခဲ့ကြပါဘူး။

အဲဒီအချိန်မှာပဲ ရွှေဝါရောင်ဆံပင်တွေနဲ့ လူသားကောင်လေးတစ်ယောက်က သူတို့ဆီ လမ်းလျှောက်လာပြီး ကူညီပေးဖို့ လက်ကမ်းပေးလိုက်တယ်။

"ငါတို့ အဆင်ပြေပါတယ် ကလေးလေးရယ်။ ဒီ ရီနေးတားကုမ္ပဏီက ဒါတွေ အားလုံးကို ဘယ်လိုများ လုပ်နိုင်ခဲ့တာလဲ ဆိုတာကိုပဲ စဉ်းစားနေတာပါ"

"အဲဒါဆိုလည်း မေးကြည့်လိုက်ရုံပဲလေ" လို့ ကောင်လေးက သူတို့ကို အေးအေးဆေးဆေး ပြန်ဖြေလိုက်တယ်။

"မဟုတ်တာ၊ မဟုတ်တာ" လို့ ဝါရင့်ကုန်သည်ကြီးက ငြင်းလိုက်တယ်။

"ဒီ ရီနေးတားကုမ္ပဏီ ရဲ့ ပိုင်ရှင်နဲ့ တွေ့ဖို့ဆိုတာ ခက်ခဲလိမ့်မယ်။ သူတို့က အိုင်းဇ် တို့လို လူတွေနဲ့ အဆင့်အတန်း တူလောက်မှာပဲ"

ရှီနာ က ပြုံးပြီး ကုန်သည်တွေဆီ ချဉ်းကပ်လာတယ်။

"ခင်ဗျားတို့ကို သခင်လေး မိုက်ကယ် က ဖိတ်ခေါ်လိုက်တာပါ။ ရီနေးတားကုမ္ပဏီ မှာ သူကလွဲလို့ တခြား အကြီးဆုံးအာဏာပိုင်မရှိပါဘူး"

ကုန်သည်တွေက အမြန်ပဲ ထရပ်လိုက်ပြီး သူတို့ရဲ့ အဝတ်အစားတွေကို ပြန်ပြင်လိုက်ကြတယ်။

"ဒါက တကယ်ကို ကောင်းတာပဲ။ သူ့ကို ဘယ်မှာတွေ့နိုင်မလဲ"

ရှီနာ က ပြုံးလိုက်ပြီး ရွှေဝါရောင် ဆံပင်နဲ့ ကောင်လေးဆီကို သူတို့ရဲ့ အကြည့်တွေကို လမ်းညွှန်ပေးလိုက်တယ်။

"ဒါက သခင်လေး မိုက်ကယ် ပါ။ ခင်ဗျားတို့ ရှာနေတဲ့သူက သူပါပဲ"

ဒီကောင်လေးက ထင်ထားတာထက် ပိုပြီး ထူးခြားနေမှန်း သိလိုက်ရတဲ့အခါ ကုန်သည်တွေဟာ နောက်တစ်ကြိမ် ပါးစပ်အဟောင်းသားနဲ့ အံ့သြသွားကြပြန်တယ်။

"လာကြ" လို့ မိုက်ကယ် က ပြောလိုက်တယ်။

"ငါတို့ ဆွေးနွေးစရာ စီးပွားရေးကိစ္စအချို့ ရှိတယ်။ ငါ သိထားသလောက်ဆိုရင် ခင်ဗျားတို့က ကွင်းစ်နယ်မြေ ထဲမှာ လှည့်လည်သွားလာနေတဲ့ ကုန်သည်တွေပဲ၊ ဟုတ်တယ်မလား။ အဲဒီဘက်ကို ပျံ့နှံ့သွားစေချင်တဲ့ ထုတ်ကုန်အချို့ ငါတို့ဆီမှာ ရှိနေတာနဲ့ အတော်ပဲပေါ့ ..."

* * * * * * * * *

စာစဉ်(၁၅)

အခန်း (၁၇၄)

ကုန်သည်တွေက မိုက်ကယ် ရဲ့ နောက်ကနေ သူ့အိမ်ဆီကို လိုက်သွားကြတယ်၊ ဒရာဂွန်ဘွန်းတွေနဲ့ နီယိုအော်ကပ်စ်က ဒေသခံလူကြီးသူမတွေကလည်း အနီးကပ် လိုက်ပါလာကြတယ်။

လမ်းတစ်လျှောက်လုံးမှာ ကုန်သည်တွေဟာ မိုက်ကယ်ရဲ့ သေးငယ်တဲ့ ကိုယ်ခန္ဓာကိုပဲ စူးစိုက်ကြည့်နေကြပြီး သူတို့ မြင်နေရတာတွေက တကယ်ပဲလား ဒါမှမဟုတ် မျက်လှည့်တစ်ခုလား ဆိုတာကို ဝေခွဲမရ ဖြစ်နေကြတယ်။

အိမ်ထဲရောက်တဲ့အခါ မိုက်ကယ်က သူတို့ရဲ့ ကျောပိုးအိတ်တွေကို ချထားပြီး သူ့ရဲ့ ဆိုဖာပေါ်မှာ ထိုင်ဖို့ ဖိတ်ခေါ်လိုက်တယ်။

"ကျွန်တော့်ရဲ့ ရိုင်းပျမှုကို ခွင့်လွှတ်ပေးပါ၊ ဒါပေမဲ့ ခင်ဗျားက တကယ်ပဲ ရီနေးတားကုမ္ပဏီရဲ့ ပိုင်ရှင်လား။ ခင်ဗျား အသက် ဘယ်လောက်ရှိပြီလဲ။ ခင်ဗျားများ လူကို ပြန်ငယ်သွားစေတဲ့ ဆေးရည်တစ်ခုခုကို တွေ့လိုက်လို့ ကလေးပြန်ဖြစ်သွားတာလား။ ဘာလို့လဲဆိုတော့ ကျွန်တော် လုံးဝကို နားမလည်နိုင်လို့ပါ"

ဝါရင့်ကုန်သည်ကြီးက သူ့ရဲ့ မေးခွန်းတွေကို တစ်ပြိုင်တည်း ထုတ်မေးလိုက်ပါတော့တယ်။ သူဟာ သူ့ရဲ့ စပ်စုချင်စိတ်ကို တော်တော်ကြာအောင် အောင့်ထားခဲ့ရတာကိုး။

မိုက်ကယ် က တဟားဟား ရယ်လိုက်တယ်။

"စိတ်မပူပါနဲ့၊ ကျွန်တော် အခုမှ အသက် ၁၂ နှစ် ပြည့်တော့မှာပါ။ ဒါပေမဲ့… ဟုတ်ပါတယ်။ ကျွန်တော်က ရီနေးတားကုမ္ပဏီ ရဲ့ ပိုင်ရှင်ပါ"

ကုန်သည်တွေက သူ့စကားရဲ့ မှန်ကန်မှုကို သံသယဝင်နိုင်ပေမဲ့ နဂါးနဲ့တူတဲ့ လူတစ်ပိုင်းသတ္တဝါငါးယောက်က သူ့ဘေးမှာ ရပ်နေတာကတော့ သူ ပြသနိုင်တဲ့ ဘယ်လို အထောက်အထား စာရွက်စာတမ်းထက်မဆို ပိုပြီး ခိုင်မာနေပါတယ်။ နဂါးမျိုးနွယ်ဝင်များ ရဲ့ လေးစားမှုနဲ့ သစ္စာစောင့်သိမှုကို ရရှိဖို့ဆိုတာ ပိုက်ဆံရှိရုံနဲ့တင် သာမန်လူသားတစ်ယောက် မလုပ်နိုင်တဲ့အရာပါ။

"စီးပွားရေးအကြောင်း ဆွေးနွေးကြရအောင်လား"

မိုက်ကယ်က ရှီနာ ကို အစောပိုင်းက ပြင်ဆင်ထားတဲ့ ကွတ်ကီးတွေနဲ့ ချောကလက်တွေကို ယူလာဖို့ အချက်ပြလိုက်တယ်။

သေတ္တာကို လက်ခံရရှိတဲ့အခါ စီးပွားရေး အမြင်ရှိတဲ့ ကုန်သည်တွေရဲ့ မျက်လုံးတွေက ဒီထုတ်ကုန်တွေရဲ့ ထူးခြားပြီး မျက်စိကျစရာကောင်းတဲ့ ထုပ်ပိုးမှုကို ချက်ချင်း သတိထားမိလိုက်ကြတယ်။

ဒီအမြင်အာရုံပိုင်းဆိုင်ရာ တင်ပြပုံတစ်ခုတည်းနဲ့တင် ဒီထုတ်ကုန်ကို ကြည့်လိုက်တဲ့ ဘယ်ဖောက်သည်ကိုမဆို ဆွဲဆောင်နိုင်ဖို့ လုံလောက်နေပါပြီ။ ခရမ်းရောင်နဲ့ ရွှေရောင်ပါတဲ့ စက္ကူလိုမျိုး ထုပ်ပိုးမှုကလည်း ဇိမ်ခံပစ္စည်းဆန်သလို မရှိမဖြစ်လိုအပ်တဲ့ အရာတစ်ခုလို ခံစားချက်မျိုးကို ပေးစွမ်းနေပါတယ်။

ဒါက ဈေးကြီးပေမဲ့ပေးရတဲ့ဈေးနဲ့ ထိုက်တန်တဲ့ ထုတ်ကုန်မျိုးနဲ့ တူနေတာပါ။

"ဒါကို ခင်ဗျားတို့ ရောင်းနေတာလား" လို့ ဝါရင့်ကုန်သည်ကြီးက မိုက်ကယ်ကို မေးလိုက်တယ်။

သူ့မျက်လုံးထဲမှာ ဇဝေဇဝါဖြစ်မှုတွေ မရှိတော့ပါဘူး။ ရီနေးတားထုတ်ကုန်တွေရဲ့ ဒီလို သရုပ်ပြမှုလေးတစ်ခုတည်းနဲ့တင် သူဟာ စီးပွားရေးနယ်ပယ်မှာ အရမ်းကို ကျွမ်းကျင်ပြီး ဗဟုသုတ ကြွယ်ဝတဲ့သူတစ်ယောက်နဲ့ ဆက်ဆံနေရတာပဲဆိုတာ ဝါရင့်ကုန်သည်ကြီး သိလိုက်ပါပြီ။

ဘာပဲဖြစ်ဖြစ်၊ သူ့နှာခေါင်းက ယားကျိကျိ ဖြစ်နေတာကိုး။ သူ့ရဲ့ ခန္ဓာကိုယ်ကလည်း သူ့လက်ထဲမှာ ရှိနေတဲ့ ထုတ်ကုန်က သူ့အတွက် အမြတ်အစွန်းတွေ အများကြီး သယ်ဆောင်လာပေးနိုင်တဲ့ အရာတစ်ခု ဖြစ်လိမ့်မယ်လို့ ပြောနေပါတယ်။

မိုက်ကယ် ကလည်း အဲဒါကို သိနေပုံရလို့ပဲ ကုန်သည်တွေနဲ့ တွေ့ဖို့ တောင်းဆိုခဲ့တာ ဖြစ်ရမယ်။

"ဒါက ကျွန်တော်တို့ နောက်ဆုံးမှာ ထွက်လာမယ့် 'ချောကလက်' ထုတ်ကုန်တွေရဲ့ နမူနာပုံစံပဲ ရှိပါသေးတယ်၊ ဒါကြောင့် ဒီဇိုင်းကတော့ မပြီးသေးပါဘူး။ ကျွန်တော်တို့ ချောကလက်တွေကို အခုထိ ရောင်းဖို့ အစီအစဉ် မရှိသေးပါဘူး၊ ဒါပေမဲ့ ကံတရားအရ ခင်ဗျားတို့က အချိန်ကိုက် ရောက်လာကြတာပဲလေ"

ဝါရင့်ကုန်သည်ကြီးက ချောကလက်တုံး တစ်တုံးကို ယူပြီး စက္ကူထုပ်ကို ခွာလိုက်တယ်။

ချိုမြိန်တဲ့ အနံ့တစ်ခုက သူ့နှာခေါင်းထဲကို ပျံ့လွင့်လာတယ်။

သူ တစ်ကိုက် ကိုက်လိုက်တဲ့အခါ သူ့ရဲ့ ပါးစပ်ထဲမှာ သကြားဓာတ်တွေ ပေါက်ကွဲထွက်သွားသလို ခံစားလိုက်ရတာကြောင့် သူ အံ့သြသွားတယ်။

"ဆရာကြီး" တခြားကုန်သည်တွေက စိုးရိမ်တကြီး အော်လိုက်ကြတယ်။

"ငါ အဆင်ပြေပါတယ်" လို့ ဝါရင့်ကုန်သည်ကြီးက သူတို့ရဲ့ စိုးရိမ်မှုကို လက်ကာပြရင်း ပြောလိုက်တယ်။

"ဒီ ... ချောကလက် က ... သကြားနဲ့ လုပ်ထားတာလား"

ကျန်တဲ့ ကုန်သည်တွေလည်း သူတို့ရဲ့ ခြင်းတောင်းတွေထဲကို မွှေနှောက်ပြီး ချောကလက်တုံးတွေကို ထုတ်ကာ ထုပ်ပိုးမှုကို ခွာပြီး တစ်ပြိုင်တည်း ကိုက်စားလိုက်ကြတယ်။

ချောကလက်က သူတို့ရဲ့ ပါးစပ်ထဲမှာ အရည်ပျော်သွားတာကို ခံစားလိုက်ရတဲ့အခါ သူတို့ရဲ့ မျက်လုံးတွေ ပြူးကျယ်သွားကြပြီး ခဏအကြာမှာတော့ အားလုံးကို နှစ်ကိုက်၊ သုံးကိုက်အတွင်းမှာပဲ အကုန် စားပစ်လိုက်ကြပါတော့တယ်။

မိုက်ကယ် ကတော့ ကျေနပ်တဲ့ အပြုံးနဲ့ ကြည့်နေတယ်။ "တခြားတစ်ခုကိုလည်း စမ်းကြည့်ပါဦး။ အဲဒါကိုတော့ ချောကလက်ချစ်ပ်ကွတ်ကီး လို့ ခေါ်တယ်"

သူတို့တွေက ဆလင်ဒါပုံစံ ထုပ်ပိုးမှုကို စတင်ခွာလိုက်ကြတဲ့အခါ လတ်လတ်ဆတ်ဆတ် ဖုတ်ထားတဲ့ ချောကလက်ချစ်ပ်ကွတ်ကီး အနည်းငယ်ကို တွေ့လိုက်ရတယ်။

သူတို့ အဲဒါကို မြည်းစမ်းကြည့်လိုက်ကြတဲ့အခါ ချောကလက် သီးသန့်ထက်တောင် ပိုပြီး ကြိုက်သွားကြပါသေးတယ်။ ဒီကွတ်ကီးတွေကို မနက်စာ၊ နေ့လယ်စာ ဒါမှမဟုတ် ညစာအဖြစ် စားရင်တောင် အရသာက ငြီးငွေ့သွားမှာ မဟုတ်ပါဘူး။

"ကုန်သည်တွေအနေနဲ့ ခင်ဗျားတို့ဟာ ဒီလို မုန့်မျိုးကို ဘယ်လို ဈေးကွက်မှာ ရောင်းရမလဲဆိုတာ ကောင်းကောင်း သိမှာပါ၊ ဟုတ်တယ်မလား"

ဝါရင့်ကုန်သည်ကြီးက ခေါင်းညိတ်လိုက်တယ်။

"ဒါတွေက လူဦးရေ များတဲ့ မြို့ကြီးတွေမှာ လူကြိုက်များမှာပါ။ မြို့တော်တွေမှာဆိုရင် ပိုပြီးတော့တောင် အဆင်ပြေနိုင်ပါတယ်"

မိုက်ကယ် လည်း အဲဒီအတိုင်းပဲ တွေးထားတာပါ။ အကယ်၍ သူသာ ထုတ်ကုန်တွေရဲ့ ဈေးကွက်မြှင့်တင်မှုကို သေချာ လုပ်နိုင်မယ်ဆိုရင် နှစ်ပတ်လည်နေ့တွေ ဒါမှမဟုတ် မွေးနေ့တွေမှာ ချောကလက်ပေးတဲ့ ယဉ်ကျေးမှုမျိုးကို သူ ဖန်တီးနိုင်မှာပါ။ သူ့ရဲ့ အရင်ကမ္ဘာမှာတုန်းကဆိုရင် ဗယ်လင်တိုင်းနေ့ကို တစ်ကမ္ဘာလုံးမှာ ကျင်းပကြပြီး ပန်းတွေနဲ့ ချောကလက်တွေ ရောင်းအား အရမ်း တက်လေ့ရှိတာကိုး။

"ဘယ်လိုထင်လဲ။ ခင်ဗျားတို့ ချောကလက် ကုန်သည်တွေ ဖြစ်ချင်ကြလား"

မိုက်ကယ် ရဲ့ မေးခွန်းကြောင့် ကုန်သည်တွေက သူတို့ရဲ့ ဝါရင့်ခေါင်းဆောင်ကို လှည့်ကြည့်လိုက်ကြတယ်။ သူ ဘာပဲ ဆုံးဖြတ် ဆုံးဖြတ် သူတို့လည်း လိုက်ပြီး ဆုံးဖြတ်ကြမှာပါ။

ဝါရင့်ကုန်သည်ကြီးက ချောကလက်ပေါ်မှာ တံဆိပ်နှိပ်ထားတဲ့ ရွှေရောင် 'R' စာလုံးကို ကြည့်လိုက်တယ်၊ အဲဒါက ရီနေးတားကုမ္ပဏီ ရဲ့ နာမည်ကို ရှင်းရှင်းလင်းလင်း ပြနေပြီး ချောကလက်ကို ကိုက်လိုက်တိုင်း လူတိုင်းရဲ့ စိတ်ထဲမှာ စွဲထင်သွားစေမှာပါ။

ဒါက တကယ်ကို တော်တဲ့ စိတ်ကူးပါပဲ။ ဝါရင့်ကုန်သည်ကြီးက ရီနေးတားကုမ္ပဏီ ရဲ့ အကြံဉာဏ်တွေကို အဲဒီအတိုင်းပဲ ဖော်ပြလိုက်ပါတယ်။ သူတို့ရဲ့ ချောကလက်တွေတင် မဟုတ်ပါဘူး။ ဒီမြို့ထဲမှာရှိတဲ့ တခြားအရာအားလုံးကလည်း အဲဒီအတိုင်းပါပဲ။ တသွင်သွင် စီးနေတဲ့ ရေတွေ၊ ပြန့်ပြူးနေတဲ့ လမ်းတွေနဲ့ မြင်းမပါတဲ့ ကားကြီးတွေကလည်း တကယ့်ကို အံ့မခန်းပါပဲ။

ရီနေးတားကုမ္ပဏီက စီးပွားရေးလောကမှာ အပြတ်အသတ် သာလွန်နေတာဖြစ်ပြီး သူတို့ရဲ့ လှိုင်းလုံးတွေက ကွင်းစ်နယ်မြေဆီကို ပျံ့နှံ့သွားဖို့က အချိန်တစ်ခုပဲ လိုတော့တာပါ။

အဲဒီအချိန်ရောက်ရင်တော့ သူတို့လို ကုန်သည်လေးတွေအတွက် ပါဝင်ဖို့က အရမ်းနောက်ကျသွားပါလိမ့်မယ်။

ဒါဟာ သူ ပါဝင်နိုင်မယ့် တစ်ခုတည်းသော အချိန်ပါပဲ။ သူသာ ဒီလှိုင်းလုံးကို စီးနိုင်မယ်ဆိုရင် အဲဒါက သူတို့ကို ထိပ်ဆုံးဆီ ခေါ်ဆောင်သွားမှာပါ။

ဒါဟာ ဘဝကို ပြောင်းလဲစေမယ့် ဆုံးဖြတ်ချက်တစ်ခုပါပဲ။

"ဟုတ်ကဲ့၊ ကျေးဇူးပြုပြီး ခွင့်ပြုပါ။ ကျွန်တော်တို့ ဒီချောကလက်တွေကို ရောင်းချချင်ပါတယ်" လို့ ဝါရင့်ကုန်သည်ကြီးက ဂုဏ်ယူစွာနဲ့ လက်ခံလိုက်တယ်။

မိုက်ကယ် က မတ်တတ်ရပ်လိုက်ပြီး ကုန်သည်တွေကို တစ်ယောက်ချင်းစီ လက်ဆွဲနှုတ်ဆက်လိုက်တယ်။

"ကဲ၊ ဒါက ကျွန်တော့်ရဲ့ အဆိုပြုချက်ပါ။ ခင်ဗျားတို့ကို ကွင်းစ်နယ်မြေရဲ့ နေရာတိုင်းမှာ ဒီထုတ်ကုန်တွေကို ရောင်းစေချင်တယ်၊ ရောင်းရငွေရဲ့ ရာခိုင်နှုန်းတစ်ခုကိုတော့ ခင်ဗျားတို့အတွက် ကော်မရှင်အဖြစ် ပေးသွားမှာပါ ..."

မိုက်ကယ်က ဒီစီးပွားရေးအတွက် သူတို့ရဲ့ သဘောတူညီချက်ကို အသေးစိတ် ရှင်းပြပါတော့တယ်။ သူက ချောကလက်တွေကို ဘယ်လောက်နဲ့ ရောင်းမလဲဆိုတာကို ပြောပြခဲ့တယ်၊ အဲဒီဈေးနှုန်းက သာမန်မုန့်တစ်ခုရဲ့ ပျမ်းမျှဈေးထက် နည်းနည်းလေးပဲ ပိုတာပါ။ ဒါက ဈေးကြီးတဲ့ဘက်ကို ရောက်ပေမဲ့ ဝယ်ယူနိုင်တဲ့ အနေအထားမှာ ရှိနေပါသေးတယ်။

အဲဒီဈေးနှုန်းရဲ့ အစိတ်အပိုင်းတစ်ခုက သူတို့ရဲ့ ဝင်ငွေ ဖြစ်လာမှာပါ၊ ကုန်သည်တွေဟာ သူတို့ မျှော်လင့်ထားတာထက်တောင် ပိုကောင်းတဲ့သဘောတူညီချက် ဖြစ်နေတာကြောင့် အံ့သြသွားကြတယ်။

ဘာပဲဖြစ်ဖြစ် သူတို့တွေက ချောကလက်တွေကို ဝယ်ယူစရာတောင် မလိုဘူးလေ။ သူတို့ လုပ်ရမှာက အဲဒါတွေကို ရောင်းပေးဖို့ပဲ ရှိတာပါ။

"ဪ၊ ပြီးတော့ ခင်ဗျားတို့ဆီမှာ တခြားကုန်သည်မိတ်ဆွေတွေ ရှိသေးရင်လည်း ဒီအခွင့်အရေးအကြောင်း ပြောပြလိုက်ပါဦး။ သူတို့လည်း ချောကလက်ကုန်သည်တွေ ဖြစ်ချင်ရင် ဖြစ်မှာပေါ့"

* * * * * * * * *

All Chapters