← Chapters

ဝူတန်းတောင်တန်းဆီသို့

Vol. 1 Ch. 1

ဝူတန်းတောင်တန်းဆီသို့

Vol. 1 Ch. 1

လေထုအတွင်း၌ ပုစဉ်းရင်ကွဲကောင်များ၏ တစီစီမြည်သံများ ပျံ့လွင့်လျက်ရှိသည်။

ဗီရိုပုံစံ လေအေးပေးစက်သည် ရိုးရှင်းလှသော ဧည့်ခန်းလေးအတွင်း အေးမြမှုပေးနိုင်ရန် အစွမ်းကုန်ကြိုးစားနေသော်လည်း ဝရန်တာအပြင်၌မူ အပူရှိန်က တငွေ့ငွေ့ကျန်ရှိနေဆဲဖြစ်ရာ အခွင့်သာသည်နှင့် အခန်းတွင်းသို့ ပြန်လည်ကျူးကျော်ရန် ချောင်းမြောင်းနေသကဲ့သို့ ရှိနေသည်။

ဧည့်ခန်းဆိုဖာရှေ့ရှိ ကော်ဖီစားပွဲဘေးတွင်မူ သိပ်မကျယ်လှသော ကျောပြင်တစ်ခုသည် စည်းချက်ကျစွာ နိမ့်ချည်မြင့်ချည်ဖြစ်နေသည်။

ခန္ဓာကိုယ်အနှံ့မှ ချွေးစက်များသည် တပေါက်ပေါက်ကျဆင်းနေပြီး အပြင်ဘက်ရှိ ပုစဉ်းရင်ကွဲသံများက သူ၏လေ့ကျင့်ခန်းအတွက် စည်းချက်လိုက်ပေးနေသယောင် ထင်မှတ်ရသည်။ ယောဂဖျာဘေးတွင်မူ ချွေးကွက်များ ပေကျံနေသည့် ရိုးရှင်းသော လေ့ကျင့်ခန်းသုံးပစ္စည်းအချို့ ပြန့်ကျဲလျက်ရှိသည်။

ယခုအချိန်သည် နွေရာသီကျောင်းပိတ်ရက်ဖြစ်သည်။ အသက်တစ်ဆယ့်ခုနစ်နှစ်အရွယ် လူငယ်တစ်ယောက်ပီပီ သူငယ်ချင်းများနှင့် လျှောက်လည်ခြင်း၊ အင်တာနက်ကဖေးတွင် ဂိမ်းကစားခြင်း သို့မဟုတ် လေအေးပေးစက်အောက်၌ ဖုန်းတစ်လုံး၊ မုန့်တစ်ထုပ်ဖြင့် အဖိုးတန်လှသော လူငယ်ဘဝအချိန်များကို အလဟဿဖြုန်းတီးနေရမည်ဖြစ်သော်လည်း...

ဝမ်ရှန်းကမူ ထိုသို့လုပ်ရန် မဝံ့ရဲပေ။ အကြောင်းမှာ သူ၏ ယခင်ဘဝတုန်းက ယခုကဲ့သို့သော နွေရာသီမျိုးကို အပျင်းထူရင်း ဖြုန်းတီးခဲ့ဖူးသောကြောင့် ဖြစ်သည်။

ယခင်ဘဝ၌ သူသည် သေဆုံးသွားသည့်တိုင်အောင် မည်သည့်အရာတွင်မျှ ကောင်းစွာ မအောင်မြင်ခဲ့သူဖြစ်သည်။

ယခုမူ ပြင်ဆင်ရန် ကျန်ရှိသောအချိန်က နည်းသထက် နည်းလာချေပြီ။

“ယခုဘဝ” နှင့် “ယခင်ဘဝ” ဟု ဆိုနေရခြင်းမှာ သူသည် သေဆုံးပြီးမှ ပြန်လည်မွေးဖွားလာခြင်းကြောင့်ပင် ဖြစ်သည်။ ယင်းသည် ဂုဏ်ယူစရာကိစ္စမဟုတ်ဘဲ ကပ်ဘေးတစ်ခုမှ လွတ်မြောက်လာပြီး သက်ပြင်းတစ်ချက်နှင့် မိမိကိုယ်ကိုယ် ပြန်လည်နှိုးဆော်မှုဟုသာ ဆိုရပေမည်။

သူသည် အသက် ၃၁နှစ် အရွယ်တွင် လူမိုက်ဂိုဏ်းနှစ်ခု၏ ရှုပ်ထွေးသောတိုက်ပွဲအတွင်း အသတ်ခံခဲ့ရခြင်းဖြစ်သည်။

ရယ်စရာကောင်းသည်မှာ ဝမ်ရှန်းသည် သူ့ကို မည်သူက သတ်သွားမှန်းတောင် မသိလိုက်ရခြင်းပင်။ သူ မြင်လိုက်ရသည်မှာ နဂါးရုပ်ထွင်းထားသည့် ငွေရောင်အပ်တစ်ချောင်း သူ၏မျက်စိရှေ့၌ လက်ခနဲ ဖြတ်ပြေးသွားခြင်းသာဖြစ်သည်။ နောက်တစ်စက္ကန့်တွင်မူ ထိုအပ်သည် သူ၏ဝိညာဉ်ကို နှုတ်ယူသွားခဲ့လေသည်။

သေဆုံးသွားခြင်းက အဆုံးသတ်ဟု သူထင်မှတ်နေစဉ်မှာပင် အဆုံးမဲ့အမှောင်ထုထဲမှ ရုတ်တရက် နိုးထလာပြီး အသက်တစ်ဆယ့်ခုနစ်နှစ်အရွယ် နွေရာသီကျောင်းပိတ်ရက်သို့ ပြန်လည်ရောက်ရှိနေကြောင်း သိလိုက်ရသည်။

ကံကြမ္မာက ငါ့ကို နောက်ဆုံးတော့ သနားငဲ့ညှာမှုပေးလိုက်တာပဲ…

ထိုစဉ်က သူ၏သေဆုံးမှုသည် မည်သည့်အဓိပ္ပာယ်မျှမရှိခဲ့ကြောင်း ဝမ်ရှန်း ကောင်းစွာသိထားသည်။ ထိုတိုက်ပွဲ၏ ရလဒ်ကိုလည်း မပြောင်းလဲနိုင်ခဲ့ပေ။

နောင်နှစ်ပေါင်းများစွာ ကြာသည့်အခါ ကမ္ဘာမြေပေါ်တွင် ကမ္ဘာဦးချီများ ပြန်လည်နိုးထလာပြီးနောက် အွန်လိုင်းမှ ကျင့်စဉ်များကို ဆယ်စုနှစ်တစ်ခုကျော် လေ့ကျင့်ခဲ့သော်လည်း အရာဝတ္ထုများကို စိတ်ဖြင့်မရွှေ့နိုင်၊ မန္တန်များ မသုံးနိုင်သည့် သူ့လိုလူစားမျိုးသည် လမ်းဘေးရှိ မြက်ပင်များသဖွယ် အလွယ်တကူ ဖိနှိပ်ခံနေရမည်သာဖြစ်သည်။

ဒီလိုသာမန်ဘဝမျိုးက တကယ်တော့ အသုံးမကျတဲ့ဘဝထက် မပိုပါဘူး။ သနားစရာကောင်းလိုက်တာ…

သို့သော် ယခုအချိန်တွင် အကြောင်းပြချက်မရှိဘဲ ရုတ်တရက် အတိတ်သို့ ပြန်လည်ရောက်ရှိလာသဖြင့် ဝမ်ရှန်းသည် ကံကြမ္မာ၏စုတ်တံကို ခိုင်မြဲစွာဆုပ်ကိုင်နိုင်ခဲ့ပြီဖြစ်သည်။

ဒုတိယအကြိမ် အခွင့်အရေးရလာသည့်အခါ သူသည် လူအုပ်ကြား၌ပင် ဆက်၍ ရောယောင်၍နေထိုင်သွားမည်လား။ သို့မဟုတ် အတောင်ပံဖြန့်၍ လေဟုန်စီးမည်လား။

အဖြေမှာ ရှင်းလင်းနေပေသည်။

ဘီပ်— ဘီပ်—

ကော်ဖီစားပွဲပေါ်ရှိ ဖုန်းသည် ရုတ်တရက် လင်းလာသည်၊၊ ဇူလိုင်လ ၁၄ ရက်၊ ညနေ ၃ နာရီတွင် ပေးထားသည့် အချက်ပေးသံ စတင်တုန်ခါလာသဖြင့် အသံထွက်မလာခင်မှာပင် သူ ပိတ်လိုက်သည်။

ဝမ်ရှန်းသည် တီဗွီစင်ပေါ်ရှိ ပြက္ခဒိန်ကို လှမ်းကြည့်လိုက်ရာ ၁၄ ရက်နေ့ကို အနီရောင်ဖြင့် ထင်ရှားစွာ မှတ်သားထားသည်ကို တွေ့လိုက်ရသည်။

ယနေ့တွင် လူသားမျိုးနွယ်၏ သမိုင်းကြောင်းကို ပြောင်းလဲစေမည့်ဖြစ်ရပ်တစ်ခု ပေါ်ပေါက်လာတော့မည် ဖြစ်သည်။ သူအတိတ်သို့ ပြန်ရောက်ကတည်းက ဤအချိန်ကိုပင် စောင့်စားနေခဲ့ခြင်း ဖြစ်သည်။

တစ်အချက်က သူ စမ်းသပ်နေသည့် သီအိုရီအောင်မြင်ခြင်း ရှိမရှိပင်ဖြစ်သည်။ အကယ်၍ ဤဖြစ်ရပ်သည် သူမှတ်မိနေသည့်အတိုင်း အတိကျဖြစ်လာမည်ဆိုပါက သူသည် အတိတ်သို့ အမှန်တကယ်ပြန်ရောက်လာခြင်းဖြစ်ပြီး လွန်ခဲ့သည့် ၄ လက မိုးရွာသည့်ညတွင် ဖြစ်ပျက်ခဲ့သည်များမှာ အိပ်မက်မဟုတ်ကြောင်း အတည်ပြုနိုင်မည် ဖြစ်သည်။

သူသည် အသက်ကို ခပ်မှန်မှန်ရှူသွင်းရင်း ဒိုက်ထိုးခြင်းကို ဆက်လက်လုပ်ဆောင်နေသည်။ သူ၏ တိုကပ်နေသောဆံပင်သည် ချွေးများဖြင့် ရွှဲနစ်နေပြီ ဖြစ်သည်။

အရာအားလုံးကို ပြောင်းလဲပစ်မည့် လကမ္ဘာခရီးစဥ်- လူလိုက်ပါသွားသော အာကာသယာဉ်ကို ညနေ ၄ နာရီ ၁၅ မိနစ် ၂၄ စက္ကန့်တွင် လွှတ်တင်မည်ဖြစ်သည်။ ဤအချိန်ကို ယခင်ဘဝ၌ အကြိမ်ပေါင်းများစွာ ကြားဖူးခဲ့သဖြင့် သူမေ့လျော့နေရန်မှာ မဖြစ်နိုင်သလောက်ပင်။

ဝမ်ရှန်းသည် ဒိုက်ထိုးခြင်းကို နောက်ထပ် အကြိမ်အနည်းငယ် ထပ်လုပ်လိုက်သည်။

လေးရာ့ငါးဆယ့်တစ်... လေးရာ့ငါးဆယ့်နှစ်…

သူ၏လက်မောင်းများ ထုံကျင်ဖောင်းကားလာသည်ကို ခံစားရသည့်အခါ ခွေလိပ်ထားသော စပရင်တစ်ခု ပြန်ကန်ထွက်လာသကဲ့သို့ ဝုန်းခနဲ မတ်တတ်ရပ်လိုက်သည်။ ခွန်အားများကို အလဟဿအကုန်မခံနိုင်ပေ။

ဖြောင်း။

သူသည် လက်ဝါးနှစ်ဖက်ကို ရိုက်၍ ယှက်လိုက်ကာ မတ်တပ်ရပ်လျက် မျက်လုံးမှိတ်လိုက်သည်။ ထို့နောက် အသက်ပြင်းပြင်းရှူ၍ အာရုံစူးစိုက်လိုက်သည်။ စိတ်ထဲတွင် စွဲမြဲနေသော အခြေခံကျင့်စဉ်ဂါထာကို ရွတ်ဆိုရင်း ခန္ဓာကိုယ်၏ အပြောင်းအလဲများကို အာရုံစိုက်ကြည့်နေသည်။

မိနစ်အနည်းငယ်အကြာတွင် သူ မျက်လုံးကို အေးဆေးစွာ ဖွင့်လိုက်သည်။ ချွေးများသည် လေအေးပေးစက်ကြောင့် ခြောက်သွေ့လုနီးပါးရှိနေပြီဖြစ်သည်။ သူ မျှော်လင့်ထားသည့်အတိုင်းပင် မည်သည့်တုံ့ပြန်မှုမျှ မရှိသေးပေ။ ကမ္ဘာဦးချီစွမ်းအင်၏ အစအနကို ခံစားရန်အသာထားဦး… ခန္ဓာကိုယ်တွင်းရှိ သွေးကြောများကိုပင် မခံစားမိသေးပေ။ ကျင့်စဉ်က ခန္ဓာကိုယ်တွင်းမှ အညစ်အကြေးများကို ဖြည်းဖြည်းချင်း စွန့်ထုတ်နေသဖြင့် ကျောပြင်၌ အနည်းငယ် တင်းကျပ်နေခြင်းသာရှိသည်။

ဤအချိန်၌ ကမ္ဘာမြေသည် ကမ္ဘာဦးချီများ ပြန်လည်နိုးထသည့် အစောပိုင်းကာလသို့ပင် မရောက်ရှိသေးပေ။ သို့သော် ဤအခြေအနေကို ဖြတ်သန်းဖူးသည့် ဝမ်ရှန်းကမူ နောက်ထပ်တစ်နှစ်ကျော်ခန့်ကြာလျှင် ဝေးလံခေါင်ဖျားသည့် တောင်တန်းတောအုပ်များ၌ သာမန်လူများ ကျင့်ကြံနိုင်သည်အထိ ချီစွမ်းအင်များ ပြန်လည်ပြည့်ဝလာတော့မည်ကို သိရှိနေသည်။

သူသည် တီဗွီဖွင့်လိုက်ပြီး မိဘများ မနေ့ညက ကြည့်ထားသည့် လိုင်းမှ ဟွာသမ္မတနိုင်ငံ၏ အကြီးဆုံးသတင်းဌာနလိုင်းကို ပြောင်းလိုက်သည်။ အသံကိုလည်း အိမ်နီးနားချင်းများအား မနှောင့်ယှက်မိစေရန် သူကြားရရုံမျှသာ ထားလိုက်သည်။ ထို့နောက် အဝတ်အစားယူကာ ရေချိုးခန်းထဲသို့ ဝင်သွားသည်။

ကံကြမ္မာကို ပြောင်းလဲရန် အခွင့်အရေးကို လက်ဦးမှုယူရမည် ဖြစ်သည်။ လက်ဦးသူက အကောင်းဆုံးရမည်သာ။ မဟုတ်ပါက သူ၏ သာမန်ပါရမီဖြင့်ဆိုလျှင် အင်အားကြီးသူတို့က အားနည်းသူတို့ကို နှိပ်စက်မည့် အနာဂတ်ကာလတွင် နောင်တများဖြင့်သာ ထပ်မံနိဂုံးချုပ်ရပေလိမ့်မည်။

လေးလကြာ လေ့ကျင့်ပြီးနောက်၌မူ အရင်ကတည်းက လေ့ကျင့်ခန်းလုပ်ရသည်ကို ဝါသနာပါသော ဝမ်ရှန်း၏ ခန္ဓာကိုယ်သည် သိသိသာသာထွားကျိုင်းလာသည်။ သူကိုယ်တိုင် ရေးဆွဲထားသည့် အချိန်ဇယားအတိုင်း တစ်မိနစ်မျှ မလွဲစေဘဲ လူသားတစ်ယောက် မလုပ်နိုင်လောက်သည့်အထိ ပြင်းပြင်းထန်ထန် လေ့ကျင့်နေခဲ့ခြင်းဖြစ်သည်။

ချီစွမ်းအင် မရှိသေးခင်ကတည်းက ကြိုတင်ကျင့်ကြံနေသည့် သက်တူရွယ်တူများထက် သူအများကြီးနောက်ကျနေသည်ကို ဝမ်ရှန်း သိပေသည်။ သူက ထိုကွာဟချက်ကို ချွေးများ၊ ကြိုးစားအားထုတ်မှုများဖြင့် အကြိမ်ပေါင်းများစွာ အစားထိုးရပေလိမ့်မည်။

ကမ္ဘာမြေ၏ ချီစွမ်းအင်များ မနိုးထမီတွင် သူ၏ခန္ဓာကိုယ်ကို ကျင့်ကြံရန် အသင့်ဖြစ်နေအောင် ပြင်ဆင်ထားရပေမည်၊၊

သူ၏ခန္ဓာကိုယ်တွင်းရှိ မူလစွမ်းအင်များ မဆုံးရှုံးစေရန် ကွန်ပျူတာအတွင်းမှ ဒေတာများကို ဖျက်ပစ်ကာ Cloud အတွင်း ဝှက်ထားသော ဖိုင်တွဲများကိုလည်း ရှင်းလင်းလိုက်သည်။ ကျောင်းမှ မိန်းကလေးများနှင့်လည်း ထိတွေ့ဆက်ဆံမှုကို အထူးရှောင်ရှားခဲ့သည်။

သူ့၌ တခြားရွေးချယ်စရာ မရှိပေ။ ကျင့်ကြံခြင်း၏ အခြေခံအဆင့် သုံးဆင့်ဖြစ်သော ချီစုစည်းခြင်း၊ ဝိညာဉ်ပေါင်းစည်းခြင်း၊ အမြုတေဖွဲ့စည်းခြင်းအဆင့်များကို မဖြတ်ကျော်ရသေးသည့် အမျိုးသားကျင့်ကြံသူများအတွက် မူလစွမ်းအင်မှာ အလွန်အရေးကြီးလှသည်။

သူ နှစ်နှစ်ခန့် တိတ်တခိုး Crush ခဲ့ရပြီး မကြာသေးမီကပင် ကူညီခဲ့ဖူးသည့် စီနီယာအစ်မ ရှန်ချန်းလင်ကိုယ်တိုင် သူ့ဆီပြေးလာကာ အတူခရီးသွားကြဖို့ လာခေါ်လျှင်ပင် သူတုန်လှုပ်တော့မည် မဟုတ်ပေ။

အင်း... အာလို့ လုံးဝကြီးတော့ မဟုတ်သေးဘူးလေ။ ဘာပဲဖြစ်ဖြစ် အရင်ကလည်း ဒါတွေကို အလကားဖြုန်းတီးခဲ့ဖူးတာပဲမဟုတ်လား၊၊ အခုနည်းနည်းလောက် ထပ်ကုန်သွားတော့လည်း ဘာဖြစ်လဲ။

ရေကျသံကို နားထောင်ရင်း ဝမ်ရှန်းသည် နောက်လာမည့် ဆယ်စုနှစ်၏ မှတ်ဉာဏ်များပေါ် အခြေခံထားသော စီမံကိန်းကို ပြန်လည်သုံးသပ်နေသည်။ သူ၏အခြေခံက အားနည်းနေဦးတော့… ယခု သူသည် အရင်ဘဝက ပါရမီရှင်ဆိုသူများနှင့် တန်းတူစမှတ်၌ ရပ်နေနိုင်ပြီ ဖြစ်သည်။

ထို့ကြောင့် သူသည် ယှဉ်ပြိုင်လိုစိတ် ပိုပြင်းထန်လာသည်၊၊

သူ၏အနာဂတ်အတွက် သူသည် အဘယ်ကြောင့် တိုက်ပွဲမဝင်ဘဲနေရမည်နည်း။

အဆိုးဆုံးကြုံရလည်း နောက်တစ်ကြိမ် ထပ်မံသေဆုံးရုံသာ ရှိပေသည်၊၊ ဘာကို ကြောက်နေစရာလိုလဲ… အရင်ဘဝကအတိုင်း အေးဆေးစွာ နေထိုင်ပြီး အသက် ၃၁နှစ်တွင် သေဆုံးရမည့်အန္တရာယ်ကို ရှောင်လွှဲနိုင်သော်လည်း ထိုနောက်ပိုင်း၌ရော ဘယ်လိုဆက်ဖြစ်လာမလဲ…

အွန်လိုင်းမှ ကျင့်စဉ်များကိုသာ လေ့ကျင့်ရင်း အဆင့်နိမ့်ကျင့်ကြံသူတစ်ယောက်အဖြစ် အစွမ်းထက်သည့် နတ်ဘုရားတို့၏ အလိုအတိုင်းဘဝကို အဆုံးသတ်သွားမှာလား…

မဟုတ်ဘူး… နောက်တစ်ခါ ဒီလိုအဖြစ်မခံနိုင်တော့ဘူး….

သူသည် ရေချိုးခန်းကြွေပြားကို လက်သီးဖြင့် ထိုးချလိုက်သည်။ နာကျင်မှုကြောင့် အသက်ကို ပြင်းပြင်းရှူလိုက်ရသော်လည်း သူ ပြုံးမိသွားသည်။

ကံကြမ္မာက သူ့ကို အခွင့်အရေးနောက်တစ်ကြိမ် ပေးအပ်လိုက်ပြီဖြစ်သည်။ ရှေ့တွင်မူ ကြီးမားသော အပြောင်းအလဲများ၊ အင်မော်တယ်တာအိုလမ်းစဉ်များ ပြန်လည်ထွန်းကားလာမည့် အချိန်များက စောင့်ကြိုနေသည်။

ဝမ်ရှန်းသည် ဤဘဝတွင်မူ သူ၏နာမည်နှင့်လိုက်အောင် ထူးချွန်သူတစ်ဦးဖြစ်လာချင်သည်၊၊ သူသည် ကောင်းကင်ဘုံသို့ တက်လှမ်းမည်၊ လမင်းကို ဆုပ်ကိုင်မည်၊ လမ်းစဉ်အတွက် ရဲဝံ့စွာ တိုက်ပွဲဝင်ပြီး မသေမျိုးသူရဲကောင်းများနှင့်အတူ ရယ်မောနိုင်အောင် ကြိုးစားမည်ဖြစ်သည်။

ကံကြမ္မာကို ပြောင်းလဲရန် ပထမဆုံးခြေလှမ်းမှာ တောင်ပေါ်သို့ တက်ရန်ပင် ဖြစ်သည်။

ရေချိုးခန်းအတွင်းမှ ထွက်လာသောအခါ တီဗွီ၌ ဂြိုဟ်တုလွှတ်တင်ရေးစခန်းမှ တိုက်ရိုက်ထုတ်လွှင့်နေသည်ကို တွေ့ရသည်။ ကြေညာထားသည့် အချိန်ကို ကြည့်ခြင်းဖြင့် သူသိရှိထားသော အပြောင်းအလဲကြီးမှာ အချိန်မီရောက်ရှိလာတော့မည်ဖြစ်ကြောင်း သူ ယုံကြည်သွားပြီဖြစ်သည်။

ပျော်ရွှင်ခြင်း၊ စိတ်လှုပ်ရှားခြင်းတို့ မရှိပေ။ သူ အတိတ်သို့ ပြန်ရောက်လာကြောင်း သိလိုက်ရစဉ်ကကဲ့သို့ပင် ရင်ထဲ၌ လှိုင်းကလေးတစ်ခု ထသွားသလို ခံစားရခြင်းသာရှိသည်။

သူဘာလို့ ဤမျှ စိတ်အေးလက်အေးနေနိုင်သည်ကို သူကိုယ်တိုင်ပင် မသိပေ။ ယခုအချိန်တွင် ခံစားနေရသည်မှာ ဤအိမ်ကလေးကို ခွဲခွာရမည်ကို နှမြောခြင်းနှင့် မိဘများအပေါ် အပြစ်မကင်းသလိုခံစားနေရခြင်းသာရှိသည်။

သူသည် အိမ်အတွင်း လျှောက်သွားရင်း နံရံကပ်စက္ကူများကို လက်ဖြင့် လိုက်၍စမ်းကြည့်နေမိသည်။ မိဘများနှင့် ရိုက်ကူးထားသော ဓာတ်ပုံများရှိသည့် နံရံရှေ့သို့ ရောက်သောအခါ နှာခေါင်းထဲ၌ တစ်မျိုးကြီးဖြစ်လာသည်။

မိဘများ မျှော်လင့်ထားသကဲ့သို့ ဂုဏ်ထူးများဖြင့် ကျောင်းပြီးအောင် မလုပ်ဆောင်နိုင်ခဲ့သည့်အပြင် ယခု တောင်ပေါ်တက်၍ တာအိုရသေ့လုပ်မည်ဆိုသည်က သူတို့အတွက် လက်ခံရန် ခက်ခဲပေလိမ့်မည်။

သို့သော် ကမ္ဘာဦးချီစွမ်းအင်များ ပြန်လည်နိုးထလာခြင်းသည် သာမန်လူများအတွက် ဘဝကို ပို၍စိတ်လှုပ်ရှားစေမည်မဟုတ်ပေ။ အသက်ရှင်သန်ရန် အခွင့်အလမ်းများကိုပင် လျော့နည်းသွားစေမည် ဖြစ်သည်။

ဝမ်ရှန်းကမူ သူ၏မိဘများကို ကာကွယ်ပေးလိုသည်။ ၎င်းတို မကျင့်ကြံနိုင်လျှင်ပင် အေးချမ်းစွာ အနားယူနိုင်ရန် ဖန်တီးပေးချင်သည်။ ထိုရည်မှန်းချက်များအတွက်မူ ယခုရှိနေသော မိသားစုပျော်ရွှင်မှုကို သူစွန့်လွှတ်ရပေလိမ့်မည်။

လောက၌ အရာအားလုံးကိုတော့ တစ်ခါထဲရနိုင်မည်မဟုတ်ပေ။

ဧည့်ခန်းရှိ တီဗွီအတွင်းမှ အောင်ပွဲခံသံများထွက်ပေါ်လာသည်။ ဝမ်ရှန်း တီဗွီရှေ့သို့ သွားလိုက်ရာ လွှတ်တင်ရေးစင်မြင့်၌ အောင်ပွဲခံနေကြသည်ကို တွေ့ရသည်။

လွှတ်တင်မှု အောင်မြင်သွားပြီ ဖြစ်သည်။

အချိန်မှာ ညနေ ၄ နာရီ ၁၅ မိနစ်တိတိပင် ဖြစ်သည်။

သူ့မှတ်ဉာဏ်အရဆိုလျှင် ဤလကမ္ဘာခရီးစဉ်၌ တရုတ်အာကာသယာဉ်မှူးများသည် မပုပ်မသိုးသော အမျိုးသမီးအလောင်းတစ်လောင်းနှင့် ရှေးဟောင်းကောင်းကင်ကျောက်စာချပ် ခြောက်ခုကို ယူဆောင်လာခဲ့ကြခြင်း ဖြစ်သည်။ သို့သော် ထိုတွေ့ရှိမှုကို ကမ္ဘာသို့ အသိမပေးဘဲ လျှို့ဝှက်ထားခဲ့ကြသည်။

မည်သို့သောအကြောင်းရင်းဖြင့် ချီစွမ်းအင်များ ရုတ်တရက် ပြန်လည်ရောက်ရှိလာသည်ကို ဝမ်ရှန်း မသိပေ။ ဆယ်စုနှစ်များစွာကြာသည့်တိုင်အောင် ၎င်းသည် ထိပ်တန်းလျှို့ဝှက်ချက်ဖြစ်နေပြီး သူ့လို သာမန်လူတစ်ယောက် သိရှိနိုင်သည့် ကိစ္စမဟုတ်ပေ။

သို့သော် အွန်လိုင်းမှ ကောလာဟလများအရမူ ထိုအမျိုးသမီးအလောင်းကို တရုတ်သိပ္ပံပညာရှင်များ သုတေသနပြုရာမှ စတင်ခဲ့ခြင်းဖြစ်ကြောင်းမှာ သေချာလှသည်။

ထားလိုက်ပါ… ဒါတွေကို စဉ်းစားဖို့က စောလွန်းပါသေးတယ်…

အရာအားလုံးသည် သူသိရှိထားသည့်အတိုင်း မပြောင်းလဲဘဲဖြစ်လာတော့မည်မှာ သေချာသွားပြီဖြစ်သဖြင့် ဝမ်ရှန်းလည်း အိမ်၌ အချိန်ထပ်မဖြုန်းချင်တော့ပေ။

သူ တီဗွီရှေ့၌ ငိုင်နေမိရာမှ သတိပြန်ဝင်လာသောအခါ ညနေ ၅ နာရီ ၁၅ မိနစ် ရှိနေပြီဖြစ်သည်။

သွားရမည့် အချိန်ရောက်ပြီ ဖြစ်သည်။ ဤနွေးထွေးသော အသိုက်အမြုံလေးမှ ထွက်ခွာရတော့မည်။

သူသည် အိပ်ခန်းထဲသို့ ပြန်ဝင်၍ မီးခိုးရောင်အားကစားဝတ်စုံကို လဲလှယ်လိုက်သည်။ သူအကြိုက်ဆုံးဖိနပ်ကို စီးကာ မနေ့ကတည်းက အသင့်ပြင်ထားသည့် ခရီးဆောင်အိတ်ကို ထုတ်လိုက်သည်။

မှတ်ပုံတင် ပါ၊ မပါ စစ်ဆေးပြီး ဖုန်းအတွင်းရှိ ညနေပိုင်း အမြန်ရထားလက်မှတ်ကို ကြည့်လိုက်သည်။ ထို့နောက် အိတ်ကို ဧည့်ခန်းသို့ ဆွဲထုတ်လာသည်။ သူသည် ဆိုဖာထောင့်၌ ထိုင်ရင်း တီဗွီမှ သတင်းများကို ဒီအတိုင်းကြည့်နေလိုက်သည်။ တံခါးဂျောက်ခနဲ ပွင့်လာမည့် အသံကိုသာ ငြိမ်သက်စွာ စောင့်စားနေမိသည်။

မိဘများ ပြန်လာသောအခါ သူဖြစ်ချင်သည့် ဆန္ဒကို အမှန်အတိုင်း ဖွင့်ပြောလိုက်မည်။ သူတို့ သဘောမတူလျှင်ပင် သူ၏ဉာဏ်ပညာနှင့် ပြတ်သားမှုတို့ကို အသုံးပြု၍ နားဝင်အောင် ပြောရပေလိမ့်မည်။

ဒေါက် ဒေါက် ဒေါက်...

တံခါးခေါက်သံက ဘာလို့ ဒီလောက် ညင်သာနေရတာလဲ။ ပစ္စည်းပို့သည့်သူက အားပြတ်နေတာလား။

“လာပြီ လာပြီ”

ဝမ်ရှန်းက ပျင်းရိစွာ ပြန်လည်ထူးရင်း လက်ကို ဆန့်လိုက်သည်။ တံခါးနားသို့ ရောက်သောအခါ အကျင့်အတိုင်း ချောင်းကြည့်ပေါက်မှတစ်ဆင့် လှမ်းကြည့်လိုက်ပြီး မျက်မှောင်ကြုတ်သွားသည်။

“ရင်သားကတော့ အကြီးကြီးပဲ... ဟို... စီနီယာအစ်မလား”

ယခုခေတ် မိန်းမလှလေးများသည် သူတို့အကြောင်း တွေးတောနေသည်ကိုပင် သိနိုင်ကြတာလား…

သူ ရေချိုးစဉ်က သူမအကြောင်း ခဏမျှ တွေးမိသော်လည်း အပြင်၌ ထုတ်ပြောမိခြင်းမဟုတ်ပေ။ သူမက ဘာလို့ သူ့အိမ်တံခါးကို လာခေါက်နေရသနည်း။

တံခါးအပြင်ဘက်မှ မိန်းကလေးသည် စိတ်လှုပ်ရှားနေသော အသံဖြင့် တိုးညှင်းစွာ ပြောလိုက်သည်။

“အထဲ… အိမ်ထဲမှာ... လူရှိလားဟင်။ ကျွန်မ ဝမ်ရှန်းကို တွေ့ချင်လို့ပါ”

All Chapters