ထာဝရလူပျိုကြီးဖြစ်မည့်ကံဇာတာ
Vol. 1 Ch. 2
ယခင်ဘဝ၌ ဝမ်ရှန်းသည် အသက် ၃၁နှစ်အရွယ်အထိ ရှင်သန်ခဲ့သူ ဖြစ်သည်။ ထူးထူးခြားခြား အောင်မြင်မှုမရှိခဲ့သော်လည်း ဘဝတစ်လျှောက်တွင် မိန်းကလေးအချို့နှင့်တော့ ပတ်သက်ဖူးလေသည်။ ထို့ကြောင့်ပင် ယနေ့တွင် အလှပြင်လာသည့် ချောမောလှပသော စီနီယာအစ်မနှင့် ထိပ်တိုက်တွေ့သည့်တိုင် သူသည် တည်ငြိမ်စွာနေနိုင်ခြင်း ဖြစ်သည်။ သို့သော်လည်း အတိတ်တစ်ချိန်ကမူ သူမကြောင့် သူ၏ရင်ခုန်သံများ မြန်ခဲ့ခြင်းမှာတော့ အမှန်ပင်။
ဘဝနှစ်ခုစာအတွင်း သူသည် မိန်းကလေးအများအပြားကို စိတ်ကူးယဥ်နှစ်သက်ခဲ့ဖူးသော်လည်း အများစုမှာ အဝေးကနေ ငေးမောရုံ သဘောကျရုံမျှသာဖြစ်သည်။
“အစ်မ…အထဲဝင်လေ၊၊ အားတော့နာပါတယ်…. အခန်းက နည်းနည်းရှုပ်နေတယ် ”
ဝမ်ရှန်းသည် ဆိုဖာရှိရာသို့ ညွှန်ပြလိုက်ပြီး ရေခဲသေတ္တာဆီသို့ သွားကာ အအေးနှစ်ဘူး ယူလိုက်သည်။
လက်ဆောင်ဘူးလေးကို ကိုင်ထားသည့် မိန်းကလေးသည် အထဲဝင်ရန် သတ္တိမွေးခဲ့သော်လည်း အိမ်ရှေ့ခန်း၌သာ အနေရခက်စွာ ရပ်နေပြီး ဝမ်ရှန်းကို စိုးရိမ်တကြီး ကြည့်နေမိသည်။
သွယ်လျသောမျက်နှာ၊ လှပသော မျက်ခုံးတန်းနှင့် ချစ်စရာနှာတံလေးတို့က သူမအား အရှေ့တိုင်းဆန်သော သဘာဝအလှတရားတစ်ခုအဖြစ် ဖော်ပြပေးနေသည်။
ဝမ်ရှန်း အထက်တန်းပထမနှစ်ကတည်းက ရှန်ချန်းလင်သည် ကျောင်း၏ နာမည်ကြီးမိန်းမလှလေးတစ်ဦးဖြစ်ခဲ့သည်။ စာတော်ပြီး စာရိတ္တကောင်းမွန်ရုံသာမက သူမ၏ အလှတရားမှာလည်း ရင်သပ်ရှုမောဖွယ်ဖြစ်သည့်အပြင် မကောင်းသတင်းများလည်း လုံးဝမရှိခဲ့ပေ။
ဝမ်ရှန်းသည် သူမနှင့် စကားပြောဖူးသည်က အလွန်နည်းပါးပေသည်။ သို့သော် လွန်ခဲ့သည့် တစ်လကျော်ကမူ သူ၏ မရေမရာဖြစ်နေသော မှတ်ဉာဏ်များကို အသုံးပြု၍ သူမကို အခက်အခဲတစ်ခုမှ ကူညီပေးခဲ့ကာ တက္ကသိုလ်ဝင်ခွင့်စာမေးပွဲမတိုင်မီညတွင် ဖြစ်ပွားမည့် ကြောက်မက်ဖွယ် ကားအက်စီးဒင့်မှ ကာကွယ်ပေးနိုင်ခဲ့သည်။
ထိုသို့ ကယ်တင်လိုက်ခြင်းက ကံကြမ္မာ၏ အကျိုးဆက်များကို ပြောင်းလဲပစ်ကာ သူသိထားသမျှကို ရှုပ်ထွေးစေမည်လားဟု သူ စိုးရိမ်ခဲ့ဖူးသည်။ ကံကောင်းထောက်မစွာပင် လကမ္ဘာခရီးစဥ် အာကာသယာဉ်လွှတ်တင်မှုသည် သူသိထားသည့်အတိုင်း အချိန်ကိုက်ဖြစ်ပျက်ခဲ့လေသည်။
ယခင်ဘဝတုန်းက ကျောင်းမိတ်ဆုံစားပွဲများတွင် သူငယ်ချင်းများပြန်ဆုံကြသည့်အခါ ရှန်ချန်းလင်၏ အကြောင်းမှာ အမြဲတမ်း ပြောစရာဖြစ်ခဲ့ရသည်။ သူမသည် ကားအက်စီးဒင့်ကြောင့် အသက်ဘေးက လွတ်မြောက်ခဲ့သော်လည်း ဘဝတစ်လျှောက်လုံးကို ဝှီးချဲပေါ်တွင်သာ ကုန်ဆုံးခဲ့ရသည်။ သူမ၏ မိသားစုက ချမ်းသာသဖြင့် စားဝတ်နေရေး မပူရသော်လည်း ထိုမျှလှပသော မိန်းကလေးတစ်ဦး ဝှီးချဲပေါ်တွင် အဆုံးသတ်သွားရခြင်းမှာ အလွန်ပင် စိတ်မကောင်းစရာဖြစ်ခဲ့ရသည်။
ထိုအကြောင်းကို တွေးမိသည့်အခါ ဝမ်ရှန်း၏ ရင်ထဲ၌ ဂုဏ်ယူမှုတစ်ခု ဖြစ်ပေါ်လာသည်။ သူသည် လှပသော အရာတစ်ခုကို ကာကွယ်ပေးနိုင်ခဲ့ပြီ ဖြစ်သည်။
“ဘ... ဘာဖြစ်လို့ အဲဒီလိုကြီး ကြည့်နေတာလဲ”
“အယ်... အအေးသောက်ပါဦး။ စီနီယာအစ်မက လာမယ်ဆိုရင်လည်း ဖုန်းလေးဘာလေး ကြိုမဆက်ဘူးရယ်”
ဝမ်ရှန်းက ရှန်ချန်းလင်အား ဆိုဖာတွင် ထိုင်ရန် ထပ်၍ညွှန်ပြလိုက်ပြီး သူကိုယ်တိုင်က စားပွဲ၏ တစ်ဖက်တွင် ဝင်ထိုင်လိုက်သည်။
“ကျွန်တော် ဘာမှလည်း ပြင်ဆင်မထားမိဘူး။ ဧည့်ဝတ်မကျေရင် ခွင့်လွှတ်ပါ”
ရှန်ချန်းလင်က မျက်တောင်လေးခတ်လိုက်ပြီး ရေရွတ်လိုက်သည်။
“တကယ်ပဲ... လူကြီးဆန်လိုက်တာ”
“အမ်”
“အ... ဟုတ်သားပဲ”
ရှန်ချန်းလင်က ချောင်းတစ်ချက်ဟန့်လိုက်ပြီး လက်ဆောင်ဘူးကို ဝမ်ရှန်းထံ လက်နှစ်ဖက်ဖြင့် ကမ်းပေးလိုက်သည်။
“အစ်မက မောင်လေးကို ကျေးဇူးလာတင်တာပါ။ အဲဒီနေ့က မောင်လေးသာ ဆွဲမထားခဲ့ရင် အစ်မအခုလောက်ဆို မြေကြီးထဲရောက်နေလောက်ပြီ။ ကျေးဇူးပြုပြီး... အစ်မရဲ့ လက်ဆောင်လေးကို လက်ခံပေးပါ”
ဝမ်ရှန်းက နွေးထွေးစွာ ပြုံးလိုက်ပြီး လက်ဆောင်ကို သေချာစွာ ယူလိုက်သည်။ ထို့နောက် အတွင်းမှ ထုပ်ပိုးမှုကို ကြည့်လိုက်ရာ...
နာရီတစ်လုံးလား….ငါ့ကို နာရီလက်ဆောင် ပေးတာလား…*
“စာမေးပွဲပြီးတော့ အလုပ်ဝင်လုပ်လို့ ရတဲ့ ပထမဆုံးလစာလေးနဲ့ ဝယ်ထားတာပါ။ ဖေဖေပေးတဲ့ မုန့်ဖိုးနဲ့ ဝယ်တာမဟုတ်လို့...ကျေးဇူး… ကျေးဇူးပြုပြီး လက်ခံပေးပါ”
ရှန်ချန်းလင်၏ ပါးပြင်လေးများ အနည်းငယ် နီမြန်းလာပြီး အကြည့်များကလည်း ဝေဝါးနေသည်။ သူမ သတိမထားမိခင်မှာပင် ဝမ်ရှန်းသည် လက်ဆောင်ကို ယူကာ သူမဘေး၌ ဝင်ထိုင်လိုက်ပြီး ဖြစ်သည်။
သူ၏ ဘေးတိုက်မျက်နှာကို ကြည့်ရင်း သူမ၏ ရင်ခုန်သံများ ပို၍မြန်ဆန်လာသည်။
တက္ကသိုလ်ဝင်ခွင့် စာမေးပွဲပြီးသွားပြီ ဖြစ်သဖြင့် သူမသည် အခုဆိုလျှင် လွတ်လပ်ပေါ့ပါးသူတစ်ဦးဖြစ်နေလေပြီ။ မိဘများကလည်း အန္တရာယ်မရှိသရွေ့ ပထမဆုံးအချစ်၏ ပျော်ရွှင်မှုကို ခံစားခွင့်ပြုထားပေသည်။
ဂျူနီယာမောင်လေးက အတော်ချောတာပဲ။ တည်ငြိမ်ပြီး အားကိုးရမယ့် ပုံစံမျိုးလည်း ရှိတယ်….
ရှန်ချန်းလင်၏ ပါးလေးနှစ်ဖက်က ပို၍ နီမြန်းလာပြန်သည်။
“ကျေးဇူးတင်ပါတယ် စီနီယာအစ်မ။ ကျွန်တော် လက်ခံပါ့မယ်”
ဝမ်ရှန်းသည် လက်ဆောင်ဘူးကို သေချာစွာ သိမ်းလိုက်သည်။ ယင်းမှာ အခြေခံယဉ်ကျေးမှုတစ်ခုပင် ဖြစ်သည်။ သူသည် ဘေး၌ ထိုင်နေသော ချစ်စရာကောင်းသည့် မိန်းကလေးကို အကြိမ်အနည်းငယ်လောက် လှမ်းကြည့်ပြီးနောက် ဖုန်းမျက်နှာပြင်ကို ငုံ့ကြည့်လိုက်သည်။
သူ၏ မိဘများ မကြာမီ ပြန်ရောက်တော့မည် ဖြစ်သည်။
တကယ်လို့ သူ့မိဘတွေသာ ဒီလောက်လှတဲ့ ကောင်မလေးတစ်ယောက်နဲ့ သူနဲ့ နှစ်ယောက်တည်း ရှိနေတာကို တွေ့သွားရင် ဝူတန်းတောင်ကို သွားခွင့်တောင်းဖို့ကို အသာထား… သူတို့ရဲ့ စပ်စုအတင်းတုတ်မီးလျှံများကြားတွင် သူ သူပြာကျသွားနိုင်လေသည်။
“မောင်လေးကို နာမည်နဲ့ပဲ ခေါ်လို့ ရမလား။ ဪ... အစ်မလည်း ကိုယ့်ကိုယ်ကိုယ် မိတ်မဆက်ရသေးဘူးပဲ။ အစ်မနာမည်က ရှန်ချန်းလင်ပါ… မောင်လေးထက် တစ်နှစ်ကြီးတယ်”
သူမသည် နှုတ်ခမ်းကို ကိုက်ထားပြီး နှုတ်ခမ်းနီ၏ အချိုဓာတ်ကို ခံစားရင်း ဝမ်ရှန်းကို စိုးရိမ်တကြီး ကြည့်လိုက်သည်။
“ကျွန်တော် အစ်မကို သိပါတယ်။ ကျောင်းမှာ ဒီလောက်နာမည်ကြီးပဲဟာ”
ဝမ်ရှန်းက ပြုံး၍ ပြန်ပြောလိုက်သည်။
ရှန်ချန်းလင်သည် မျက်တောင်လေးခတ်ရင်း တစ်စုံတစ်ခုကို သတိရသွားဟန်ဖြင့် ပြောလိုက်သည်၊၊
“ဆောရီးနော်… အစ်မ ရုတ်တရက် ရောက်လာတာကို စိတ်ထဲမထားပါနဲ့… မောင်လေးရဲ့ ဖုန်းနံပါတ် ရှာမတွေ့လို့ ဆရာမဆီမှာ လိပ်စာလိုက်မေးခဲ့ရတယ်။ ဘာပဲဖြစ်ဖြစ်... အစ်မအသက်ကို ကယ်ပေးခဲ့လို့ ကျေးဇူးအများကြီးတင်ပါတယ် ဝမ်... ဝမ်ရှန်း”
ဟင်…
ဝမ်ရှန်းက စီနီယာအစ်မ၏ အမူအရာကို ခိုးကြည့်လိုက်သည်။ သူမသည် သူ့ကို တည့်တည့်မကြည့်ရဲဘဲ ရှက်သွေးဖြာနေလေသည်၊၊
သူမက ငါ့ကို သဘောကျနေတာလား…
လှပသော စီနီယာအစ်မတစ်ဦးနှင့် နွေရာသီအချစ်ဇာတ်လမ်း စတင်ရခြင်းမှာ အလွန်ကောင်းမွန်လှသော်လည်း သူအသေချာရေးဆွဲထားသည့် အနာဂတ်စီမံကိန်းများကိုတော့ အချစ်ကြောင့် အပျက်မခံနိုင်ပေ။
တကယ်လို့ ကျင့်ကြံခြင်းလမ်းစဉ်အတွက် ထာဝရအထီးကျန်ရမည်ဆိုလျှင်လည်း ဖြစ်ပါစေတော့။ လူတိုင်းအားကျရတဲ့ တစ်ကိုယ်တော် နတ်ဘုရားတစ်ပါးဖြစ်အောင်ပဲ ကြိုးစားတာ ပိုကောင်းပါတယ်လေ…
“ဝမ်ရှန်း...”
ရှန်ချန်းလင်သည် သတ္တိမွေးလိုက်ပုံရသည်။ စီနီယာတစ်ဦး၏ အမူအရာမျိုးဖြင့် သူ့ကို မော့ကြည့်ကာ တိုးတိုးလေး မေးလိုက်သည်။
“မနက်ဖြန် မဟုတ်ရင် သဘက်ခါဖြစ်ဖြစ်... ဆိုလိုတာက ဒီကျောင်းပိတ်ရက်အတွင်း မောင်လေးအားတဲ့အချိန်များ ရှိမလားဟင်”
မေးပြီးသွားသည်နှင့် သူမသည် ထိုနေရာ၌ပင် မြေကြီးထဲ တိုးဝင်သွားချင်စိတ် ပေါက်သွားသည်။ ချိန်းတွေ့ရန် သူမဘက်က စပြောရခြင်းမှာ အလွန်ပင် ရှက်ဖို့ကောင်းလှသည်။
ဝမ်ရှန်းက ခေါင်းခါပြလိုက်သည်၊၊ “မအားလောက်ဘူးထင်တယ်”
“အင်း... အဲဒါဆို အချိန်တစ်ခု သတ်မှတ်လိုက်ရအောင်လေ။ မောင်လေးကို မုန့်လိုက်ကျွေးချင်___”
ရှန်ချန်းလင်သည် ကြိုတင်ပြင်ဆင်ထားသော စကားများကို ရပ်လိုက်မိသည်။ သူများ နားကြားမှားသလားဟု ထင်မှတ်ကာ မျက်တောင်လေးခတ်လိုက်ပြီး အံ့သြတကြီး ပြန်မေးလိုက်သည်။
ဝမ်ရှန်းက အားနာစွာ ပြုံးလိုက်ပြီး သူ၏ဘေးမှ ခရီးဆောင်အိတ်ကို လက်ညှိုးထိုးပြလိုက်သည်၊၊
“ကျွန်တော် တခြားမြို့ကို သွားစရာရှိလို့ပါ။ အိမ်မှာ အချိန်အတော်ကြာရှိမှာ မဟုတ်ပါဘူး”
ရှန်ချန်းလင်၏ မျက်လုံးရွဲကြီးများတွင် စိတ်ပျက်မှု အရိပ်အယောင်များ ဖြတ်ပြေးသွားသည်၊၊
“တခြားမြို့ကိုလား။ မောင်လေး ဘယ်ကိုသွားမှာလဲ… အစ်မ မေးလို့ရမလား”
“လောလောဆယ်တော့ ဝူတန်းတောင်ကို သွားမယ် စဉ်းစားထားတယ်။ အဲဒီနောက်ပိုင်းတော့ တခြားနေရာတွေလည်း ရောက်ဖြစ်မှာပါ”
ဝမ်ရှန်းက အမှန်အတိုင်းဖြေလိုက်သည်။
“ဝူတန်းတောင်ကိုလား။ ဘာလုပ်ဖို့လဲ။ နွေရာသီ စခန်းသွင်းလေ့ကျင့်ပွဲလား”
“ဟုတ်တယ်၊၊ သိုင်းပညာလေ့ကျင့်မလို့ပါ”
ရှန်ချန်းလင်၏ မျက်ဝန်းများမှာ ကြယ်ပွင့်များအလား တောက်ပသွားပြီး ဝမ်ရှန်းကို အထင်ကြီးလေးစားစွာ ကြည့်လိုက်သည်။
“သိုင်းပညာလား။ အဲဒါက တော်တော်ပင်ပန်းတယ်လို့ ကြားဖူးတယ်။ မောင်လေးမှာ အဲဒီလို စိတ်ဓာတ်ရှိတာ တကယ်ချီးကျူးစရာပဲ။ အစ်မလည်း တိုက်ကွမ်ဒိုတို့ ဘာတို့ သင်ချင်ပေမဲ့ မိဘတွေက ခွင့်မပြုကြဘူးလေ”
ဝမ်ရှန်းကတော့ အပြုံးဖြင့်သာ တုံ့ပြန်လိုက်သည်။
ချိန်းတွေ့ရန် မအောင်မြင်သဖြင့် စိတ်မကောင်းဖြစ်နေသော်လည်း ရှန်ချန်းလင်သည် စကားဝိုင်းမပြတ်သွားအောင် အစွမ်းကုန်ကြိုးစားနေရှာသည်။ သူမသည် သိုင်းပညာနှင့် ပတ်သက်သည့် အကြောင်းအရာများကို အသည်းအသန်စဉ်းစားကာ ဝမ်ရှန်းနှင့် မိနစ်အနည်းငယ်ကြာ အနေရခက်စွာ စကားပြောနေမိသည်။
သူမ၏ အနေအေးသောသဘာဝကြောင့် ယောကျာ်းလေးတစ်ယောက်၏ အိမ်တွင် အကြာကြီးမနေရဲပေ။ ဝမ်ရှန်း စကားကောင်းနေစဉ်မှာပင် သူမသည် ပြန်ရန် ထရပ်လိုက်သည်။
“အစ်မတို့ ဖုန်းနံပါတ်ချင်း... ဒါမှမဟုတ် YouChat အကောင့်ချင်း ဖလှယ်ကြမလား”
သူမက စိုးရိမ်တကြီး မေးလိုက်သည်။
“ရတာပေါ့။ မဟုတ်ရင် အစ်မို ကျွန်တော်က ရန်ငြိုးရှိနေတယ်လို့ ထင်နေဦးမယ်”
“ဝိုး... သဘောထားကြီးလိုက်တာ”
ဝမ်ရှန်းသည် ထိုတောင်းဆိုချက်ကို မငြင်းပယ်ခဲ့သော်လည်း နောင်တွင် သူတို့နှစ်ဦး ပြန်ဆုံရန် အခွင့်အရေးမရှိသလောက်ပင်ဖြစ်ကြောင်း ရင်ထဲ၌ သိနေသည်။ သူသည် ရှန်ချန်းလင်ကို မုန်းတီးခြင်းမရှိပေ။ ဆန့်ကျင်ဘက်အနေဖြင့် သူမနှင့် စကားပြောသည့်အခါတိုင်း ချိုမြိန်ကာ နှစ်လိုဖွယ်ကောင်းသည်ဟု ခံစားနေရသည်။
“ဘိုင့်... လိုက်မပို့နဲ့တော့နော်။ အောက်မှာ ဖေဖေတို့ ကားစောင့်နေတာမို့”
“ကောင်းပါပြီ… ဘိုင့်”
ဝမ်ရှန်းသည် ခြေလှမ်းများကို ရပ်လိုက်ပြီး ရှန်ချန်းလင် ဓာတ်လှေကားထဲ ဝင်သွားသည်ကို ကြည့်နေလိုက်သည်။
ဟူး... ဒီလို စီနီယာအစ်မလှလှလေးနဲ့ အချစ်ဦးကို စွန့်လွှတ်လိုက်ရတာဆိုတော့... ဝူတန်းတောင်မှာ ငါ့ကို ကူညီပေးမယ့် အဆင့်မြင့်ကျင့်ကြံသူတွေ အများကြီးရှိနေပါစေလို့ပဲ ကောင်းကင်ဘုံကို ဆုတောင်းရတော့မယ်…
တံခါးပိတ်လိုက်ပြီးနောက် ဝမ်ရှန်းသည် ရေချိုးခန်းထဲ ခဏဝင်ကာ မှန်ထဲရှိ ပုံရိပ်ကိုကြည့်လိုက်ရာ ငယ်ရွယ်စဉ်ကာလက သူသည် အတော်လေး ချောမောကြောင်း သိလိုက်ရသဖြင့် အံ့သြသွားသည်။
သို့သော် ရုပ်ချောရုံဖြင့် လုပ်စား၍မရပေ။ ကမ္ဘာဦးချီများ ပြန်လည်နိုးထလာပြီးနောက်တွင် လူသားမျိုးနွယ်၏ ရုပ်ရည်သွင်ပြင်မှာလည်း အနည်းငယ် တိုးတက်လာမည်ဖြစ်သည်။ ထို့ကြောင့် ပန်အန်းလို အလွန်ချောမောသူ သို့မဟုတ် ရှီမန်ချင်းလို ဆွဲဆောင်မှုရှိသူ မဟုတ်လျှင် ရုပ်ကိုပဲ အရင်းပြု၍ အသက်ရှင်ရန်ခက်ခဲလှပေလိမ့်မည်။**
သူသည် လေထုထဲမှ နှာခေါင်းထဲ တိုးဝင်လာသော ရေမွှေးနံ့သင်းသင်းလေးကို ရှူလိုက်မိသည်။ ဝမ်ရှန်းသည် လေသန့်စင်ဆေးဘူးကို ယူ၍ အခန်းအနှံ့ဖြန်းလိုက်သည်။ သူ့မိဘများအား အတင်းအဖျင်းပြောရန် အခွင့်အရေး လုံးဝမပေးလိုပေ။
ယနေ့ စကားဝိုင်းကို သူကိုယ်တိုင်ထိန်းချုပ်ရပေမည်။
ဝမ်ရှန်းသည် လက်ဆောင်ဘူးကို ဖွင့်ကြည့်ရန် အစီအစဉ်မရှိပေ။ ၎ကို လူငယ်ဘဝ၏ အမှတ်တရတစ်ခုအဖြစ်သာ ချိတ်ပိတ်သိမ်းဆည်းထားခြင်းက ပို၍ ကောင်းမွန်ပေလိမ့်မည်။
ညနေ ၅ နာရီ ၄၀ မိနစ်။
တီ၊၊
လက်ဗွေတံခါးသော့မှ အချက်ပေးသံ ထွက်ပေါ်လာသည်။ ထို့နောက် ဖခင်ဖြစ်သူ၏ အော်သံကို ကြားလိုက်ရသည်။
“ရှန်းလေး... အိမ်မှာ ရှိလား။ ငါတို့ ပြန်လာပြီဟေ့”
ချွေးကြောင့် အနည်းငယ် မိတ်ကပ်ပျက်နေသော မိခင်နှင့် ရာသီဥတုဆိုးရွားပုံကို ပွစိပွစိပြောနေသော ဖခင်တို့သည် ဧည့်ခန်းထဲသို့ ဝင်လာကြသည်။
မိခင်ဖြစ်သူမှာ အရင်တိုင်းပဲ လှပနေဆဲဖြစ်ပြီး အိမ်ထဲဝင်လာသည်နှင့် ဒေါက်ဖိနပ်များကို ကန်ထုတ်လိုက်သည်။ သူမသည် ခန္ဓာကိုယ်အလှကို အမြဲထိန်းသိမ်းထားသူဖြစ်သဖြင့် ရင့်ကျက်သော အမျိုးသမီးတစ်ဦး၏ အလှတရားက ပေါ်လွင်နေသည်။
သို့သော် သူမ၏ အပြုအမူမှာမူ ရုပ်ရည်နှင့် လုံးဝဆန့်ကျင်ဘက်ပင်။ ကျောင်းပြီးကာစ မိန်းကလေးတစ်ယောက်လိုပင် ဆိုဖာပေါ်သို့ ပစ်လှဲချလိုက်ပြီး ခြေထောက်များကို မြှောက်လိုက်သည်။
အိမ်တွင် ယခုကဲ့သို့ နေထိုင်တတ်သော သူမကို ကြည့်ပြီး ရုံးတွင် အလုပ်လုပ်နေသည့် ယဉ်ကျေးသိမ်မွေ့သော အမျိုးသမီးတစ်ဦး ဖြစ်သည်ဟု တွေးကြည့်ရန် ခဲယဉ်းလှသည်။
“အား... အဲကွန်းကမှာ ငါ့ရဲ့ အချစ်စစ်ပဲ။ ဟူး... ငါ့သားလေးရဲ့ အနာဂတ်အတွက် ငါတော့ ရုံးမှာ အသေအလဲလုပ်ခဲ့ရတာ။ အခုတော့ စိတ်သက်သာရာရဖို့ ရေခဲမုန့်စားမှ ဖြစ်တော့မယ်။ ရေခဲမုန့်... ရေခဲမုန့်... ရေခဲမုန့်လိုချင်တယ်”
မိခင်ဖြစ်သူ၏ ကလေးဆန်စွာ ဂျီကျနေသံကို ကြားရသည့်အခါ ဝမ်ရှန်းက ခေါင်းအသာယမ်းကာ ပြုံးလိုက်ပြီး ရေခဲသေတ္တာထဲမှ ရေခဲမုန့်နှစ်ချောင်း သွားယူလိုက်သည်။
ဘာမှမဖြစ်ပျက်ခဲ့သည့်အလား ပုံစံနှင့် ဝမ်ရှန်းက ရေချိုးခန်းထဲမှ ထွက်လာသော အဖေဖြစ်သူအား ရေခဲမုန့်တစ်ချောင်းပေးလိုက်ပြီး မိခင်ဖြစ်သူထံသို့လည်း တစ်ချောင်းယူလာပေးလိုက်သည်။
“မေမေ... ကျွန်တော် ပြောစရာရှိတယ်”
ကျွတ်... ကျွတ်...
“ဘာလဲ... မင်းအဖေကိုတော့ မပြောချင်ဘူးလား”
ထိပ်ပြောင်စပြုနေသော ဖခင်ဖြစ်သူက အားရပါးရ ရယ်မောရင်း အနားသို့ လျှောက်လာသည်။ ရေခဲမုန့်ကို လျက်ရင်း ဆိုဖာဘေးက ခရီးဆောင်အိတ်ကို လက်ညှိုးထိုးကာ မေးလိုက်သည်။
“ဘယ်သွားမလို့လဲ ရှန်းလေး။ ခရီးထွက်မလို့လား။ ဘယ်သူတွေနဲ့လဲ။ အတန်းဖော်တွေလား။ မိန်းကလေးတွေရော ပါလား။ ဘာလို့ စောစောစီးစီး မပြောတာလဲ။ ဟဲဟဲ... မင်းသွားဖို့ ငါ့ရဲ့ လျှို့ဝှက်ဘဏ်စုငွေထဲကနေ အတိုးမဲ့ချေးပေးရမလား”
ဝမ်ရှန်းသည် ယခုကဲ့သို့ ပျော်ရွှင်စရာကောင်းသော မိသားစုလေးထဲတွင် သူ၏ တည်ငြိမ်လွန်းသော စရိုက်က အံဝင်ခွင်ကျမဖြစ်သလို ခံစားရလေ့ရှိသည်။
သို့သော် ယင်းကပင် သူ့မိဘများ ပျော်ရွှင်နေကြသည်ဟူသော သက်သေပင် ဖြစ်သည်။
ဝမ်ရှန်း အသက်ကို ပြင်းပြင်းရှူလိုက်သည်။ မိဘများ၏ မျက်နှာကို သေချာကြည့်ရင်း တည်ငြိမ်ပြတ်သားစွာ ပြောလိုက်သည်။
“ကျွန်တော် ကျောင်းခဏ နားချင်တယ်။ ဝူတန်းတောင်ကို သွားပြီး နှစ်နှစ်လောက် တာအိုရသေ့သွားလုပ်မလို့ပါ”
သူ မျှော်လင့်ထားသည့်အတိုင်းပင် ပျော်ရွှင်နေသော စုံတွဲသည် တစ်စုံတစ်ဦးက သူတို့၏ အဓိကသွေးကြောများကို ပိတ်လိုက်သကဲ့သို့ အမူအရာများဖြစ်သွားကြသည်။***
ဧည့်ခန်းအတွင်း၌ နှစ်မိနစ်၊ သုံးမိနစ်ခန့် တိတ်ဆိတ်မှုက လွှမ်းမိုးသွားသည်။
ဖုတ်။
ဝမ်ရှန်း၏ မိဘများ ကိုင်ထားသော ရေခဲမုန့်များသည် ကြမ်းပြင်ပေါ်သို့ တစ်ပြိုင်နက်တည်း ပြုတ်ကျသွားလေသည်။
….
မှတ်ချက်-
*တရုတ်ယဉ်ကျေးမှုတွင် တစ်စုံတစ်ဦးအား နာရီလက်ဆောင်ပေးခြင်း (送钟 ) သည် “ဈာပနပို့ဆောင်ခြင်း” သို့မဟုတ် “နောက်ဆုံးခရီး လိုက်ပါပို့ဆောင်ခြင်း” (送终 ) ဟူသော စကားလုံးနှင့် အသံထွက်တူနေသဖြင့် မကောင်းသောနိမိတ်ဟု ယူဆကြသည်။
**ပန်အန်းသည် ရှေးဟောင်းတရုတ်ပြည်မှ အလွန်အမင်း ချောမောလှပသူအဖြစ် ကျော်ကြားသော ကဗျာဆရာတစ်ဦးဖြစ်သည်။ ထိုသူ၏ ရုပ်ရည် ထူးခြားချောမောပုံသည် သူသွားရာလမ်းတစ်လျှောက် အမျိုးသမီးများက သူ၏ရထားလုံးထဲသို့ သစ်သီးများနှင့် ပန်းများ ပစ်သွင်း၍ ဂုဏ်ပြုကြရသည်အထိ ဖြစ်ရာ တရုတ်ယဉ်ကျေးမှုတွင် အမျိုးသားတို့၏ ခန့်ညားမှုဆိုင်ရာ သမိုင်းဝင်ပြယုဂ်တစ်ခုဖြစ်လာခဲ့သည်။
စီမန်ချင်းသည် တရုတ်ဂန္ထဝင်ဝတ္ထုဖြစ်သော “Water Marginထဲမှ ဇာတ်ကောင်တစ်ဦးဖြစ်ပြီး ခန့်ညားထည်ဝါ၍ သပ်ရပ်သော ရုပ်ရည်ကြောင့် လူသိများသည်။ သူ၏ ချောမောသော ရုပ်ရည်အောက်တွင် ကောက်ကျစ်စဉ်းလဲမှုနှင့် ကိုယ်ကျင့်တရားပျက်ပြားမှုများကို ဖုံးကွယ်ထားသဖြင့် ပုံပြင်ထဲ၌ နာမည်ဆိုးဖြင့် ကျော်ကြားသော်လည်း ဆွဲဆောင်မှုရှိသော ပုံရိပ်တစ်ခုအဖြစ် တည်ရှိနေသည်။
***တစ်စုံတစ်ဦးအား လှုပ်ရှား၍မရအောင် သို့မဟုတ် စကားပြော၍မရအောင် တားဆီးရာတွင် အသုံးပြုသည့် သိုင်းလောက၏ ကျော်ကြားလှသော အကြောပိတ်ခြင်းအတတ်ပညာဖြစ်သည်။