လမ်းထောင့်က ကံပါလာတဲ့ အခွင့်အရေး
Vol. 1 Ch. 3
ဇူလိုင်လ ၁၅ ရက်၊၊
နံနက်ခင်းတွင် ဟွာပြည်ထောင်စု အလယ်ပိုင်းတောင်ဘက်ဒေသ၌ အမြန်ရထားတစ်စင်းသည် အနောက်ဘက်သို့ ချောမွေ့စွာ ခုတ်မောင်းနေသည်၊၊ ပြတင်းပေါက်အပြင်ဘက်တွင်မူ လယ်ကွင်းပြင်များက တဖြတ်ဖြတ်ကျန်ရစ်ခဲ့သည်၊၊
ရထားတွဲတစ်ခုအတွင်းတွင် ဝမ်ရှန်းသည် သူ၏ပါးပြင်ကို အသာအထိကြည့်ရင်း နာကျင်လွန်းသဖြင့် ရှူးရှူးရှဲရှဲ အသံထွက်သွားသည်၊၊
“အား”
ဥ
ထိုအညိုအမည်းစွဲနေသော ဒဏ်ရာမှာ မနေ့က ဖခင်ဖြစ်သူထံမှ ရရှိခဲ့သည့် လက်သီး၏ သက်သေပင်ဖြစ်သည်၊၊
ဝမ်ရှန်းသည် မပျောက်ကင်းသေးသော သူ၏မျက်နှာကို ကြည့်ရင်း စိုးရိမ်နေသည်၊၊ သူသည် ရုပ်ရည်ကို အထူးတလည်ဂရုစိုက်သူမဟုတ်သော်လည်း ဒဏ်ရာကြီးဖြင့် ဆရာသွားရှာပါက အထင်သေးခံရမည်ကို စိုးရိမ်နေမိသည်၊၊
မနေ့က... အခြေအနေက တကယ့်ကို ဆိုးဝါးခဲ့သည်၊၊
ဝမ်ရှန်း မှတ်မိသလောက်ဆိုလျှင် သူ၏ဖခင်သည် တစ်ခါမျှ ဒေါသမထွက်ဖူးချေ၊၊ သို့သော် မနေ့ကမူ အမျက်ချောင်းချောင်းထွက်နေသော ခြင်္သေ့တစ်ကောင်ကဲ့သို့ ဟိန်းဟောက်နေခဲ့သည်၊၊ မိခင်ဖြစ်သူက အပြင်းအထန်တားဆီးခဲ့သဖြင့် ဖခင်ဖြစ်သူက လက်သီးတစ်ချက်သာ ထိုးနိုင်ခဲ့သော်လည်း ၎င်းသည် ဝမ်ရှန်း၏ ဆုံးဖြတ်ချက်အပေါ် မိဘများ မည်မျှအထိ ဒေါသထွက်နေသည်ကို သိသာစေသည်၊၊
ဝမ်ရှန်းသည် တစ်ဖက်တွင် ထိုင်နေသော မိဘများကို လှမ်းကြည့်လိုက်သည်၊၊ ဖခင်ဖြစ်သူက အဝေးသို့ မျက်နှာလွှဲထားပြီး မိခင်ဖြစ်သူကမူ အားတင်းထားသည့် နူးညံ့သော အပြုံးဖြင့် သူ့ကို ကြည့်နေသည်၊၊
မနေ့ညက အခြေအတင် စကားများခဲ့သည့် အသံများမှာ နားထဲတွင် ပဲ့တင်ထပ်နေဆဲဖြစ်သည်၊၊ အခက်အခဲများကြားမှ ဝမ်ရှန်း၏ ပြတ်သားမှုနှင့် ခေါင်းမာမှုတို့က နောက်ဆုံးတွင် မိဘများကို နားဝင်သွားစေခဲ့သည်၊၊
သူတို့က အခြေအနေတစ်ခု သတ်မှတ်ပေးခဲ့သည်၊၊ ကျောင်းနားခြင်းသည် တစ်နှစ်ထက် မပိုစေရ၊၊ ကံကောင်းသည်မှာ ထိုတစ်နှစ်တာအတွင်း တာအိုပညာရပ်များ၏ ထူးခြားဆန်းကြယ်မှုကို မိဘများအား သက်သေပြနိုင်လောက်သည့် တိုးတက်မှုမျိုး ရရှိနိုင်မည်ဟု သူယုံကြည်ထားသည်၊၊
ကျောင်းတစ်နှစ်နားရန်အပြင် မိဘများက သူ့ကို ကတိသုံးချက်လည်း ပေးခိုင်းခဲ့သည်၊၊ ၎င်းတို့မှာ ခေါင်းတုံးမတုံးရန်၊ အန္တရာယ်ရှိသော အလုပ်များကို အတတ်နိုင်ဆုံးရှောင်ကြဉ်ရန်နှင့် နောက်ဆုံးတစ်ခုမှာ သူတို့ကိုယ်တိုင် တောင်ပေါ်အထိ လိုက်ပို့ပြီး သူအခြေကျမှသာ အိမ်ပြန်ကြမည်ဟူသော အချက်များဖြစ်သည်၊၊
ထိုသို့ဖြစ်လာစေရန်အတွက် သူတို့ဇနီးမောင်နှံသည် တစ်ဆယ့်ကိုးကြိမ်မြောက် မင်္ဂလာနှစ်ပတ်လည် အားလပ်ရက်ခရီးစဉ်ကို ဖျက်သိမ်းကာ ခွင့်ရက်များ အလျင်အမြန်ယူခဲ့ကြရသည်၊၊ လက်မှတ်များကို အလုအယက်ဝယ်ယူခဲ့ရပြီး ခရီးသည်နှစ်ဦးကိုလည်း ခုံချင်းလဲပေးရန် ရှေ့မျက်နှာနောက်ထား၍ တောင်းဆိုခဲ့ရသည်၊၊
သူတို့ခမျာ အလွန်ကြိုးစားပေးခဲ့ကြရသည်၊၊
ဝမ်ရှန်းသည် ဖုန်းထဲရှိ မြေပုံကို စစ်ဆေးလိုက်သည်၊၊ ရောက်ရှိမည့်နေရာသို့ ကီလိုမီတာသုံးရာကျော်လိုသေးပြီး လမ်းခရီးတွင် ခဏနားမည့် နေရာအချို့ ရှိသည်၊၊ နောက်ထပ် နှစ်နာရီခန့်အကြာတွင် သူ၏ တောင်တက်ခရီးစဉ်၏ ပထမဆုံးမှတ်တိုင်သို့ ရောက်ရှိပေတော့မည်၊၊
ဝူတန်း၊၊
ဝမ်ရှန်းတွင် ရှင်းလင်းသော ရည်မှန်းချက်ရှိသည်၊၊ သူသည် ဝူတန်းတောင်သို့သွားပြီး တွေ့ရာမြင်ရာကျောင်းတစ်ခုတွင် အလှူငွေအနည်းငယ်ပေးကာ တည်းခိုနေထိုင်ချင်ရုံသက်သက်မဟုတ်ပေ၊၊ ထိုသို့လုပ်ခြင်းက သူ့အတွက် အကျိုးမရှိနိုင်ချေ၊၊
သူသည် ကျင့်ကြံခြင်းလမ်းစဉ်တွင် လမ်းပြပေးနိုင်မည့် ဆရာတစ်ဦးနှင့် နောင်တစ်ချိန်တွင် သူ့ကို အကာအကွယ်ပေးနိုင်မည့် ဂိုဏ်းတစ်ခုကို ရှာဖွေရန် သွားခြင်းဖြစ်သည်၊၊
အင်တာနက်ပေါ်တွင် သတင်းအချက်အလက်များစွာ ရှိနေသည့်အတွက် ချီစွမ်းအင်များ ပြန်လည်နိုးထလာပြီးနောက် ကျင့်ကြံရေးဂိုဏ်းများ မှိုလိုပေါက်လာသည့် သတင်းများမှာ အွန်လိုင်းတွင် ပျံ့နှံ့နေခဲ့သည်၊၊ ဝမ်ရှန်းသည် ထိုအရာများကို အမြဲမပြတ် စောင့်ကြည့်ခဲ့သူဖြစ်သည်၊၊
မကျော်ကြားသေးသော ဂိုဏ်းများသည် တပည့်လက်ခံရာတွင် ကန့်သတ်ချက်သိပ်မရှိလှပေ၊၊ လိုအပ်သည်မှာ စိတ်ရင်းစေတနာနှင့် အလှူငွေအနည်းငယ်သာဖြစ်သည်၊၊
ဝမ်ရှန်းသည် ယခုအချိန်တွင် အသက် တစ်ဆယ့်ခုနစ်နှစ်ရှိပြီဖြစ်ရာ တပည့်များ၏ အသက်သည် တစ်ဆယ့်ခုနစ်နှစ်ထက် မကျော်ရဟူသော စည်းကမ်းနှင့် ကံကောင်းထောက်မစွာ ကိုက်ညီနေသည်၊၊
သူ့တွင် ရွေးချယ်စရာများစွာရှိသော်လည်း သေချာစဉ်းစားပြီးနောက် တပည့်လက်ခံမှု သိပ်မတင်းကျပ်သည့် တာအိုဘာသာ၏ သန့်ရှင်းသောမြေဖြစ်သည့် ဝူတန်းတောင်ကိုသာ ရွေးချယ်ခဲ့သည်၊၊
သူ၏ လွန်ခဲ့သော ၃၁ နှစ်တာ ဘဝသက်တမ်း၏ နောက်ဆုံးလပိုင်း၌ အင်မော်တယ်တာအိုကောင်စီက အင်တာနက်ပေါ်တွင် အင်မော်တယ်တာအို၏ ထိပ်သီးပညာရှင် အယောက် ၁၀၀ စာရင်းကို ထုတ်ပြန်ခဲ့သည်၊၊ ၎င်းတို့အထဲတွင် ဝူတန်းမှ တာအိုဆရာအချို့ ပါဝင်နေသည်၊၊ သူတို့သည် ထိပ်ဆုံးတွင် မရှိသော်လည်း ဝမ်ရှန်းအတွက် ဆရာအဖြစ် ချဥ်းကပ်ရန် အကောင်းဆုံးရွေးချယ်မှုများပင် ဖြစ်သည်၊၊
လွန်ခဲ့သော လေးလအတွင်း ဝမ်ရှန်းသည် ပြင်းထန်သော လေ့ကျင့်ခန်းများဖြင့် ခန္ဓာကိုယ်ကို တည်ဆောက်ခဲ့ရုံသာမက မည်သူမျှ သံသယမဝင်စေဘဲ နာမည်ကျော်ကြားလာမည့် ဆရာတစ်ဦးကို ရှာဖွေနိုင်ရန် ဘက်ပေါင်းစုံမှ ပြင်ဆင်ခဲ့သည်၊၊
အချိန်အနည်းငယ် ပိုနေသေးသဖြင့် သူသည် နားထင်ကို အသာအယာနှိပ်ရင်း နာမည်ကျော် တာအိုကျမ်းစာအချို့မှ အချက်အလက်များကို ပြန်လည်သုံးသပ်နေသည်၊၊ တောင်ပေါ်တွင် ဆရာတစ်ဦးကို ရှာဖွေခြင်းမှာ အလုပ်အင်တာဗျူး ဖြေဆိုရသည်ထက် မသာလျှင်တောင် မလျော့နိုင်ပေ၊၊
ဝူတန်းတောင်သည် သိုင်းစာအုပ်များထဲတွင် ဖြောင့်မတ်သော လမ်းမှန်ဂိုဏ်းများ၏ ခံတပ်ကြီးအဖြစ် ဖော်ပြခြင်းခံရပြီး တစ်ကိုယ်တော်ကျင့်ကြံသူများနေထိုင်ရာ သမိုင်းဝင်နေရာတစ်ခုဖြစ်သည်၊၊ ၎င်းကို နာမည်အမျိုးမျိုးဖြင့် ဖော်ပြခံရပြီး ထိုက်ဟယ်တောင်ဟုလည်း ခေါ်ကြသည်၊၊
သိုင်းစာအုပ်များ ပျံ့နှံ့မှုကြောင့် ဝူတန်းတောင်ဟု ဆိုလိုက်သည်နှင့် ယွမ်နှင့် မင်မင်းဆက်နှောင်းပိုင်းမှ ထိုက်ကျိသိုင်းပညာကို စတင်တည်ထောင်ခဲ့သည့် သိုင်းပညာရှင်ကြီး ကျန်းစန်းဖုန်းကို ချက်ချင်း ပြေးမြင်ကြသည်၊၊ ၎င်းသည် ရင်ကျစ်ပင်းဟု ဆိုလိုက်သည်နှင့် ချွမ်းချန်ဂိုဏ်း၏ ခြောက်ယောက်မြောက်ခေါင်းဆောင်ဟု မထင်ဘဲ ကံကောင်းသွားသည့် နှာဘူးတာအိုဆရာတစ်ဦးဟုသာ ပြေးမြင်ကြသကဲ့သို့ပင် ဖြစ်သည်၊၊
သို့သော် ဝမ်ရှန်း ရှာဖွေနေသည့် ပန်းတိုင်မှာ ဒဏ္ဍာရီလာ ကျန်းစန်းဖုန်းနှင့် သိပ်ပြီးမသက်ဆိုင်လှပေ၊၊
ယွမ်နှင့် မင်မင်းဆက်များအထိ ပြန်ကြည့်မည်ဆိုလျှင် ဝူတန်းတောင်သည် ဟန်မင်းဆက်နှောင်းပိုင်းကတည်းက ထာဝရရှင်သန်ခြင်းကို ရှာဖွေရာ မြင့်မြတ်သောမြေဖြစ်ခဲ့ပြီး လွန်ခဲ့သော နှစ်ပေါင်းတစ်ထောင်က မင်္ဂလာရှိသော မြေ ၇၂ ခုတွင် ကိုးခုမြောက်အဖြစ် ဘွဲ့ထူးရရှိခဲ့သည်၊၊ သို့သော် ယနေ့ခေတ်တွင်မူ ဝူတန်းသည် ဒဏ္ဍာရီများ၊ တာအိုကျမ်းစာများနှင့် သိုင်းပညာရပ်များကြောင့်သာ ကျော်ကြားနေပေသည်၊၊
မိဘများ ပါလာသည့်အတွက် ငွေကြေးချွေတာတတ်သော ဝမ်ရှန်းသည် လမ်းလျှောက်ရသက်သာစေရန် ကားတစ်စီး ငှားခဲ့သည်၊၊ သို့သော် ဝူတန်းတောင် ဂိတ်တံခါးကို ကျော်လိုက်သည်နှင့် ကားဆရာသည် ပိုက်ဆံယူကာ သူတို့ကို တံခါးဝတွင် ချထားခဲ့ပြီး ချက်ချင်းပင် မောင်းထွက်သွားလေသည်၊၊
တောင်ပေါ်သို့ မောင်းတက်သွားသော အခြားကားများကို မြင်ရသောအခါ ဝမ်ရှန်း၏ မိဘများမှာ ဒေါသထွက်လွန်းသဖြင့် အံကြိတ်နေမိကြသည်၊၊ အလိမ်ခံရသည်ထက် လမ်းလျှောက်ရမည်မှာ ပို၍ဆိုးပေသည်၊၊
“အမေနဲ့အဖေ ဒါကို လေ့ကျင့်ခန်းလုပ်တယ်လို့ပဲ သဘောထားလိုက်ပါ၊၊ကျောပိုးအိတ်တွေကို သားသယ်သွားမယ်”
ဝမ်ရှန်းက ပြုံး၍ ပြောရင်း မိဘများ၏ လက်ဆွဲသေတ္တာများကို ယူလိုက်သည်၊၊ သူ့လက်မောင်းမှ ကြွက်သားများ ထွက်လာသည်ကို မြင်ရမှသာ မိခင်ဖြစ်သူလည်း စိတ်သက်သာရာရသွားလေသည်၊၊
တောင်ပေါ်သည် မြေပြန့်ထက် ပို၍အေးမြသည်၊၊ ထိုသို့မဟုတ်လျှင်ပင် အထုပ်အပိုးများမှာ ဝမ်ရှန်းကို ချွေးထွက်စေလောက်အောင် မလေးလံလှပေ၊၊ ထို့အပြင် လမ်းများမှာလည်း မတ်စောက်ခြင်းမရှိသဖြင့် တက်ရသည်မှာ သိပ်မပင်ပန်းလှချေ၊၊
ကွမ်လုံဘုရားကျောင်းကို ကျော်ပြီးနောက် ဝမ်ရှန်းသည် ခြေလှမ်းကို မြှင့်လိုက်သည်၊၊ သူသည် လက်ဆွဲသေတ္တာများကို သယ်ကာ မိဘများကို နောက်တွင် ထားရစ်ခဲ့ပြီး ခပ်သွက်သွက်လျှောက်သွားသည်၊၊ မိဘများက သူ၏အစီအစဉ်ကို နည်းလမ််းအမျိုးမျိုးဖြင့် ဖျက်စီးမည်ကို သူအမှန်တကယ် စိုးရိမ်နေမိသည်၊၊
လမ်းတလျှောက်တွင် တောင်ကျစမ်းချောင်းများသည် သစ်တောများအတွင်း ပျောက်ကွယ်သွားပြီး ငှက်ကလေးများမှာလည်း တောင်ကြားထဲတွင် တေးဆိုနေကြသည်၊၊ ကွေ့ကောက်နေသော လမ်းများမှာ အဆုံးမရှိသကဲ့သို့ပင်၊၊ လူအများအပြားလည်း သွားလာနေကြသည်၊၊
ဝမ်ရှန်းသည် ရှုခင်းများကို စိတ်မဝင်စားဘဲ သူ၏ အနာဂတ်ဆရာသခင်များနှင့် တွေ့ဆုံရန်သာ အာရုံစိုက်နေသည်၊၊ မည်သည့်အချက်များကို သတိထားရမည်နည်း… သူတို့က သူ့ကို တပည့်အဖြစ် လက်ခံလာအောင် ဘယ်လိုစည်းရုံးရမလဲ… အရေးကြီးဆုံးမှာ သူ့ကို တန်ဖိုးထားလာအောင် ဘယ်လိုလုပ်ရမည်နည်းဟူသော အချက်များကိုသာ စဉ်းစားနေမိသည်၊၊
သူ၏ အရင်ဘဝတွင် ဝမ်ရှန်းသည် ကံစမ်းရန် ဝူတန်းတောင်သို့ ရောက်ခဲ့ဖူးသော်လည်း ထိုအချိန်က တောင်တံခါးများ၏ တစ်ဝက်ခန့်မှ ပိတ်ထားပြီဖြစ်ပြီး သူ့ကဲ့သို့ တာအိုရှာဖွေသူ လူငယ်များသည် နှင်ထုတ်ခြင်းခံခဲ့ရသည်၊၊ ယနေ့တွင်မူ ဤနေရာမှာ ခရီးသွားများ စည်ကားနေဆဲဖြစ်ပြီး တာအိုဆရာများမှာလည်း အလှူငွေနှင့် အခမ်းအနားပွဲများအပေါ်တွင်သာ မှီခိုနေကြရသည်၊၊ ထို့ကြောင့် နေ့စဉ် လူနေမှုဘဝ၏ ရုတ်ရုတ်သဲသဲအခြေအနေများ ရှိနေဆဲဖြစ်သည်၊၊
ဝမ်ရှန်းသည် မြင့်မြတ်သောအကြီးအကဲခန်းမ၊ မဟာသူတော်စင်ဂူနှင့် အိမ်ရှေ့စံတောင်ကုန်းတို့ကို ဖြတ်ကျော်ကာ တောင်လယ်ရှိ ခရမ်းရောင်တိမ်တိုက်ဘုရားကျောင်းသို့ တိုက်ရိုက်ဦးတည်သွားခဲ့သည်၊၊
ဝူတန်းတောင်တွင် အသစ်ဆောက်ထားသော တာအိုကျောင်းများစွာ ရှိသော်လည်း ၎င်းတို့မှာ လူငယ်များကို သိုင်းပညာသင်ပေးသည့် ရှောင်လင်ကျောင်းများကဲ့သို့သာဖြစ်သည်၊၊ သင်တန်းကြေးများမှာလည်း အတူတူပင်ဖြစ်သည်၊၊
ခရမ်းရောင်တိမ်တိုက်ဘုရားကျောင်းအတွင်းသို့ ရောက်သောအခါ ဝမ်ရှန်းသည် ဟိုဟိုဒီဒီလျှောက်ကြည့်နေသည်၊၊
အသံချဲ့စက်ငယ်တစ်ခုမှ တာအိုဂီတသံများ ထွက်ပေါ်နေသည်၊၊ စိမ်းဖန့်ဖန့် အမွှေးတိုင်များမှ ထွက်လာသည့် မီးခိုးငွေ့များကြောင့် ဤနေရာသည် တိမ်တိုက်ပေါ်ရှိ နန်းတော်တစ်ခုကဲ့သို့ ခံစားရသည်၊၊
“ခရမ်းရောင်တိမ်တိုက်ဘုရားကျောင်း” ဟု ရေးထားသော ဆိုင်းဘုတ်ရှိသည့် နန်းတော်အဆောက်အအုံမှာ ထင်သလောက် ခမ်းနားခြင်းမရှိပေ၊၊ အနည်းဆုံးတော့ ဝမ်ရှန်း၏ မှတ်ဉာဏ်ထဲရှိ နာမည်သိပ်မကြီးသော ဗုဒ္ဓဘာသာကျောင်းအချို့၏ ခန်းမဆောင်များက ပို၍ ခမ်းနားနေသေးသည်၊၊
ဆယ်မိနစ်ခန့် လျှောက်ကြည့်ပြီးနောက် ဝမ်ရှန်းသည် ပြုံးရွှင်သောမျက်နှာနှင့် လက်ဆွဲသေတ္တာနှစ်လုံးကို သယ်ဆောင်ကာ ဖုန်းကြည့်နေသော တာအိုဆရာတစ်ဦးကို တားလိုက်သည်၊၊ ယဉ်ကျေးစွာ နှုတ်ဆက်ပြီးနောက် သူသိလိုသည်ကို မေးလိုက်သည်၊၊
လေးနက်သောလေသံဖြင့် ထိုတာအိုဆရာက ပြန်ပြောသည်၊၊
“သိုင်းနည်းပြဦးလေးကောင်းလား… ဘာလုပ်ဖို့လဲ. .. သူ့တပည့်လုပ်ချင်လို့လား… သူက ဖျော်ဖြေရေးကိစ္စနဲ့ နိုင်ငံခြားသွားတယ်… နောက်လအနည်းငယ်လောက်တော့ သူ့ကို တွေ့ရမှာမဟုတ်ဘူး”
ကောင်းရှီရှင်းသည် အနာဂတ်၏ အင်မော်တယ်တာအို ထိပ်သီး ၃၀ စာရင်းဝင်ဖြစ်ပြီး ချီစွမ်းအင်များ မနိုးထမီက ဝူတန်းသိုင်းပညာ၏ ကိုယ်စားလှယ်တစ်ဦးအဖြစ် သတ်မှတ်ခံရသူဖြစ်သည်၊၊
စွမ်းအင်များနိုးထလာပြီးနောက် သူသည် အသက်ကြီးသွားခြင်းမရှိဘဲ ပို၍ နုပျိုလာကာ သိုင်းပညာမှ စစ်မှန်သော တာအိုလမ်းစဉ်သို့ ကူးပြောင်းနိုင်သူအဖြစ် ကျော်ကြားလာခဲ့သည်၊၊ သူသည် ဝူတန်းတာအိုမျိုးဆက်၏ စစ်မှန်သောဆက်ခံသူဖြစ်ကြောင်း လူအများရှေ့တွင် ပြောကြားခဲ့သူလည်း ဖြစ်သည်၊၊
နိုင်ငံခြားမှာ ဖျော်ဖြေရေးသွားနေတာလား…
၎င်းမှာ အဓိပ္ပာယ်ရှိသည်၊၊ ကောင်းရှီရှင်းသည် အနုပညာရှင် သို့မဟုတ် အင်တာနက်ပေါ်မှ ဆယ်လီတစ်ဦးမဟုတ်သည့်အတွက် သူ၏ ခရီးစဉ်များကို အွန်လိုင်းတွင် ရှာမတွေ့နိုင်ခြင်းမှာ သဘာဝကျပေသည်၊၊
ဝမ်ရှန်း စိတ်ပျက်မှုကို မထိန်းချုပ်နိုင်တော့ပေ၊၊ သူသည် တာအိုဆရာကို ယဉ်ကျေးစွာ ကျေးဇူးတင်လိုက်ပြီး သူမှတ်မိသမျှ ဝူတန်းပညာရှင်အချို့၏ အမည်များကို မေးမြန်းကြည့်သည်၊၊ ကံဆိုးစွာပင် ရှေ့ကလူသည် အချို့ကို မသိရှိဘဲ အချို့မှာလည်း ခရမ်းရောင်တိမ်တိုက်ဘုရားကျောင်းတွင် မရှိကြချေ၊၊
အများကြီးကြိုးစားခဲ့သော်လည်း ဝမ်ရှန်း ဘာမှမရခဲ့ပေ၊၊
“လူငယ်လေး… မင်းက အရွယ်တောင် မရောက်သေးဘူး မဟုတ်လား”
တာအိုဆရာက ဝမ်ရှန်း၏ ပခုံးကို ပုတ်ကာ အလေးအနက်ပြောသည်၊၊
“စာသင်ရမယ့် အချိန်မှာ စာပဲသင်ပါ၊၊ ဒီသိုင်းစာအုပ်တွေထဲကဟာတွေကို ယုံမနေနဲ့ တကယ်လို့ သိုင်းသင်ချင်တယ်ဆိုရင်တော့ ငါ အကြံပေးနိုင်ပါတယ်… ဒီမှာကြည့် ငါတို့ ဝူတန်းသိုင်းပညာတာအိုကျောင်းတပည့်လက်ခံတဲ့ ဂရုရှိတယ်...”
ဝမ်ရှန်းသည် စိတ်ရှုပ်သွားသော်လည်း သူ၏ဖုန်းကို ထုတ်ကာ ဂရုအချို့ထဲသို့ ဝင်လိုက်သည်၊၊ ထိုအခါမှသာ တာအိုဆရာက ကျေနပ်ကာ သူ့ကို လွှတ်ပေးလိုက်လေသည်၊၊
မိဘများ ရောက်မလာမီ ဝမ်ရှန်းသည် ခရမ်းရောင်တိမ်တိုက်ဘုရားကျောင်း၏ အတွင်းအပြင် နေရာအနှံ့ကို ရှာဖွေခဲ့သည်၊၊ နောက်ဆုံးတွင် သူသည် ရှည်လျားသောသက်ပြင်းကိုသာချလိုက်မိသည်၊၊ သူ၏ စိတ်အားထက်သန်မှုများမှာ ရေအေးဖြင့် လောင်းချခံလိုက်ရသကဲ့သို့ ဖြစ်သွားသည်၊၊
သို့သော် ဤမျှလောက်သော အခက်အခဲမှာ သူအချိန်အတော်ကြာ မျှော်လင့်ခဲ့ရသော ဝူတန်းခရီးစဉ်ကို လက်လျှော့ရန် မလုံလောက်ပေ၊၊
နောက်ထပ်သွားမည့်နေရာ - ရွှေတောင်ထိပ် ထိုက်ဟယ်နန်းတော်၊၊
ဝမ်ရှန်းသည် မိဘများထံ ဖုန်းဆက်ကာ ခရမ်းရောင်တိမ်တိုက်ဘုရားကျောင်းတွင် တစ်ခုခုစားရင်း စောင့်နေရန် ပြောလိုက်သည်၊၊ သူတို့လည်း မတတ်သာဘဲ သဘောတူလိုက်ကြသည်၊၊
စိတ်ဓာတ်မကျသေးဘဲ ဝမ်ရှန်းသည် လက်ဆွဲသေတ္တာကြီးနှစ်လုံးကို ဆွဲကာ ကျောက်လှေကားအတိုင်း တောင်ပေါ်သို့ ဆက်တက်ခဲ့သည်၊၊
“သည်းခံခြင်းသည် အောင်မြင်ခြင်း၏ အကြောင်းတရား” ဟု ဆိုသော်လည်း ဝမ်ရှန်းသည် အကြာကြီးရှာဖွေခဲ့သော်လည်း သူလိုချင်သည့် အင်မော်တယ်တာအိုပညာရှင်တစ်ဦးမျှ မတွေ့ခဲ့ရပေ၊၊ ထိုအစား တာအိုရသေ့များ သီလရှင်များနှင့် တောင်ပေါ်တွင် တသီးပုဂ္ဂလနေထိုင်သူအချို့ကိုသာ တွေ့ခဲ့ရသည်၊၊
“ဟူး...”
အင်မော်တယ်ကို ရှာရန် တောင်ပေါ်တတ်ခဲ့သော်လည်း အင်မော်တယ်က်ု မတွေ့ရချေ၊၊
နှလုံးသား၏ ခိုနားရာကို ရှာနေသော်လည်း တာအို၏ ပန်းပွင့်မှာ မည်သည့်နေရာတွင် ပွင့်နေပါသနည်း၊၊
ညနေ ငါးနာရီခန့်တွင် ဝမ်ရှန်း၏ မိဘများသည် ခရမ်းရောင်တိမ်တိုက်ဘုရားကျောင်း၏ အနောက်ဘက်ရှိ ကျောက်လှေကားတွင် စိတ်ပျက်လက်ပျက်ထိုင်နေသော သူ့ကို တွေ့သွားကြသည်၊၊
မိခင်ဖြစ်သူက စိုးရိမ်တကြီးပြေးလာပြီး မေးသည်၊၊
“သား… ဘာဖြစ်လို့လဲ”
“ဘာမှမဖြစ်ပါဘူး အမေ သားရှာနေတဲ့ တာအိုဆရာကို မတွေ့လို့ပါ”
ဝမ်ရှန်းက ခေါင်းကုတ်ရင်း ဖြေသည်၊၊ မိဘများကို အမှန်အတိုင်းပြောပြ၍ မရသဖြင့် အားတင်းပြုံးပြလိုက်သည်၊၊
“ဒီည ဒီမှာပဲ အိပ်ကြရအောင်… မနက်ဖြန် တစ်ခါပြန်ရှာမယ် တကယ်လို့ မတွေ့သေးရင်တော့ အမေတို့နဲ့အတူ အိမ်ပြန်လိုက်ခဲ့ပါ့မယ်”
ထိုသို့ဆိုလျှင် သူသည် အခြားကျင့်ကြံရေးဂိုဏ်းတစ်ခုကို ရွေးချယ်ရပေတော့မည်၊၊
ဝမ်ရှန်း၏ မိဘများလည်း ချက်ချင်းပင် စိတ်ချမ်းသာသွားကြသည်၊၊ သို့သော် ဝူတန်းတောင်ပေါ်ရှိ အခန်းများမှာ ကြိုတင်ဘွတ်ကင်များဖြင့် ပြည့်နေပြီဖြစ်သည်၊၊ ကံကောင်းသည်မှာ မမှောင်သေးသဖြင့် ဝမ်ရှန်းသည် သူတို့၏ အိတ်များကို သယ်ကာ တောင်အောက်သို့ ပြန်ဆင်းခဲ့ကြသည်၊၊
အင်မော်တယ်ကို ရှာသော်လည်း မတွေ့ရခြင်းမှာ သူ၏ ကံကြမ္မာက အချိန်မကျသေး၍ ဖြစ်နိုင်သည်၊၊
အင်မော်တယ်ကံကြမ္မာဆိုသည်မှာ ဆုပ်ကိုင်ရခက်ပြီး နက်နဲလွန်းလှသည်၊၊
ဝမ်ရှန်းသည် လက်ဆွဲသေတ္တာများကို သယ်ထားရသဖြင့် လက်မောင်းများ နာကျင်လာသောကြောင့် သက်ပြင်းအသာချလိုက်မိသည်၊၊ လမ်းလယ်ခေါင်တွင် အနားယူနေသော မိဘများကို ကြည့်ရင်း အားနာစိတ်များဖြစ်ပေါ်လာသည်၊၊
သူ့ကြောင့် သူတို့ ဒီလောက်ပင်ပန်းနေရသည်မှာ သားကောင်းတစ်ယောက်၏ လုပ်ရပ် မဟုတ်ပေ...
ရှေ့တွင် လုံချွမ်ဘုရားကျောင်းရှိသည်၊၊ ဝမ်ရှန်းသည် ထိုကျောင်းငယ်လေးကို အနီးကပ်ကြည့်လိုသဖြင့် အိတ်များကို ဆွဲကာ သွားလိုက်သည်၊၊ သို့သော် ခြေလှမ်းအနည်းငယ် လျှောက်ပြီးနောက် လမ်းဘေးတစ်နေရာရှိ စာအုပ်အဟောင်းဆိုင်လေးတစ်ခုကို သတိထားမိသွားသည်၊၊ ထိုဆိုင်တွင် ဟောင်းနွမ်းနေသောစာအုပ်ဆယ်အုပ်ကျော်ရှိနေပြီး ဆီစွန်းနေသော အဝတ်စတစ်ခုပေါ်တွင် စာသားလေးကြောင်းကို အထင်အရှား ရေးထားသည်၊၊
ဗေဒင်ဟောပေးသည်၊၊
ဝိညာဉ်ရေးရာ ကောင်းချီးပေးသည်၊၊
ဆေးဝါးကုသပေးသည်၊၊
သိုင်းပညာ သင်ကြားပေးသည်၊၊
ဆိုင်နောက်တွင် အရပ်ရှည်ရှည် ပိန်ပိန်ပါးပါး တာအိုဆရာတစ်ဦးသည် ကုလားထိုင်ပေါ်တွင် အိပ်မောကျနေသည်၊၊
ထိုတာအိုဆရာ၏ ပုံစံက ဖရိုဖရဲဖြစ်နေပြီး အိပ်ပျော်နေစဉ်တွင်ပင် သူ၏လည်ပင်းကို ကုတ်နေသည်၊၊ လျှော်မထားသော ဆံပင်ရှည်များကို တာအိုဆရာပုံစံ ဆံထုံးထုံးထားခြင်းက သူ့ကို တစ်ကိုယ်တော်ကျင့်ကြံသူတစ်ဦး၏ အငွေ့အသက်ကို ပေးစွမ်းနေသည်၊၊
အနားသို့ ချဉ်းကပ်လာသည်နှင့် နှစ်ပတ်ခန့် ရေမချိုးရသေးသော လူတစ်ယောက်၏ ချွေးနံ့ကို ပို၍ ရလေဖြစ်သည်၊၊
အစပိုင်းတွင် ဝမ်ရှန်းသည် ဆိုင်ပေါ်ရှိ ဟောင်းနွမ်းနေသောကျမ်းစာများကို စိတ်ဝင်စားသွားခြင်းဖြစ်သည်၊၊ သို့သော် မကြာမီပင် သူသည် ထိုတာအိုဆရာကို အကဲခတ်မိသွားသည်၊၊
ရုတ်တရက် မိုးကြိုးအပစ်ခံလိုက်ရသကဲ့သို့ ဝမ်ရှန်း၏ လက်ချောင်းများ တုန်ယင်လာပြီး ကိုင်ထားသော လက်ဆွဲသေတ္တာများမှာ မြေပြင်ပေါ်သို့ ပြုတ်ကျသွားလေသည်၊၊
ဘုတ်..
“ဟမ်”
ပေစုတ်နေသော တာအိုဆရာသည် ချက်ချင်း မျက်လုံးကို အသာဖွင့်လိုက်ပြီး အံ့ဩဝမ်းသာဖြစ်နေသော ဝမ်ရှန်းကို စိုက်ကြည့်လိုက်သည်၊၊
အရပ်ရှည်ရှည် ပိန်ပိန်ပါးပါး တာအိုဆရာသည် မျက်တောင်ခတ်ရင်း သူ၏မုတ်ဆိတ်ရိတ်ထားသော မေးစေ့ကို ပွတ်သပ်ရင်း တီးတိုးရေရွတ်လိုက်သည်၊၊
“ငါ့မှာ ဒီလောက်ကြီးတဲ့ သားတစ်ယောက် ရှိခဲ့တာလား”
“တာအိုဆရာ... ဆရာက...”
ဝမ်ရှန်းသည် နာမည်တစ်ခုကို ခေါ်တော့မည့်ဆဲဆဲတွင် သူ၏သတိက တားဆီးလိုက်သည်၊၊
“... ရှေးဟောင်းစာအုပ်တွေ ရောင်းတာလား”
တာအိုဆရာလည်း ဝမ်ရှန်း၏ စကားကို သဘောကျသွားသည်၊၊ သူသည် ဝမ်ရှန်း၏ ဝတ်စုံကို ကြည့်ကာ ပိုက်ဆံရှိမည့်သူဟု သတ်မှတ်လိုက်ပြီးနောက် ကျေနပ်စွာခေါင်းညိတ်ပြသည်၊၊
သူသည် ကိုယ်ကို မတ်လိုက်ပြီး ဂုဏ်ယူစွာပင် ပြန်ဖြေသည်၊၊
“လျှို့ဝှက်သိုင်းကျမ်းစာတွေ တစ်အုပ်ကို သုံးရာပဲ ကျမယ်… အများကြီးဝယ်ရင် လျှော့ပေးမယ်… ဒီစစ်မှန်တဲ့ ဝူတန်းသိုင်းပညာတွေက မင်းကို ကမ္ဘာပေါ်မှာ ပြိုင်ဘက်ကင်းဖြစ်စေလိမ့်မယ်”
“ဒါတင်မကသေးဘူး အတွင်းအားနဲ့ အပြင်အားပေါင်းစပ်ထားတဲ့ ကျမ်းစာတွေလည်း ရှိသေးတယ် တကယ်လို့ ချီစွမ်းအင် လေ့ကျင့်ချင်တယ်ဆိုရင် ငါ့သင်တန်းကို တက်လို့ရတယ် အသက်ရှူနှုန်းကို မြန်မြန်ဆန်ဆန်ထိန်းချုပ်နိုင်လိမ့်မယ်.. လူငယ်လေး ဒီနေ့ ငါတို့ဆုံတာ ကံတရားပဲ၊၊ ဒီလိုအခွင့်အရေးမျိုးကို လက်မလွှတ်လိုက်နဲ့”
ဝမ်ရှန်းသည် ခေါင်းကို တရစပ်ညိတ်လိုက်သည်၊၊ သူသည် ရှေ့သို့ တိုးသွားကာ တာအိုဆရာကို စိုက်ကြည့်လိုက်သည်၊၊
ကံတရား…. ဟုတ်တယ်… ဒါက တကယ့်ကို ကံပါလာတဲ့ အခွင့်အရေးပဲ…
“ဆရာ... ကျွန်တော့်ကို တပည့်အဖြစ် လက်ခံပေးပါ ကျွန်တော် ဆရာ့နောက်ကို လိုက်ပြီး တာအိုလမ်းစဉ်ကို လေ့ကျင့်ချင်ပါတယ်”
-ကျန်းစန်းဖုန်းဆိုသည်မှာ ဒဏ္ဍာရီလာ တာအိုပညာရှင်တစ်ဦးဖြစ်ပြီး ထိုက်ကျိပညာရပ်ကို စတင်တည်ထောင်သူအဖြစ် လူသိများပါသည်၊၊ ထိုက်ကျိသည် တိုက်ခိုက်ရေးပညာနှင့် တာအိုဒဿနကို ပေါင်းစပ်ထားခြင်းဖြစ်သည်၊၊ မြွေတစ်ကောင်နှင့် ကြိုးကြာငှက်တစ်ကောင် တိုက်ခိုက်သည်ကို မြင်တွေ့ရာမှတစ်ဆင့် နူးညံ့မှုဖြင့် မာကျောမှုကို အနိုင်ယူခြင်းနှင့် အတွင်းချီစွမ်းအင် အသုံးချခြင်းတို့ကို အလေးပေးသည့် ဤပညာရပ်ကို တီထွင်ခဲ့သည်ဟု ဆိုကြသည်၊၊ ကျန်းစန်းဖုန်း၏ လွှမ်းမိုးမှုကြောင့် ထိုက်ကျိသည် သိုင်းပညာရပ်တစ်ခုသာမက ကျန်းမာရေး၊ တရားထိုင်ခြင်းနှင့် ဝိညာဉ်ရေးရာကျင့်ကြံခြင်းတို့အတွက် တာအိုအခြေခံမူများနှင့်အညီ ဟန်ချက်ညီစေသော ကျင့်စဉ်တစ်ခုဖြစ်လာခဲ့သည်၊၊