← Chapters

တာအိုဆရာ၏ မေးခွန်းသုံးခု

Vol. 1 Ch. 4

တာအိုဆရာ၏ မေးခွန်းသုံးခု

Vol. 1 Ch. 4

“ငါ့တပည့်လုပ်မလို့လား ငါနဲ့အတူ တာအိုကျင့်မလို့လား အာ... မင်းက ငါ့ကို အငိုက်ဖမ်းမိသွားတာပဲ၊၊ ငါနှစ်ပေါင်းများစွာ ဖုံးကွယ်ထားတဲ့ ဆရာတစ်ယောက်ရဲ့ အရှိန်အဝါကို မင်းလို လူငယ်လေးက မြင်သွားလိမ့်မယ်လို့ မထင်ထားဘူး”

တာအိုဆရာသည် ပုံမှန်အတိုင်း ရယ်မောလိုက်သည်၊၊ သူ၏ ပုံစံမှာ ပေါ့ပေါ့ပါးပါးနှင့် ရည်မှန်းချက်မရှိသယောင် ထင်ရသော်လည်း သူ၏ အကြည့်များမှာမူ ကြည်လင်ထက်ရှနေသည်၊၊ ထိုတုံ့ပြန်မှုကြောင့် ဝမ်ရှန်း အနည်းငယ် စိတ်မသက်မသာဖြစ်သွားရသည်၊၊

လောလျှင် အမှားပါတတ်သည့်အတွက် ဝမ်ရှန်းသည် ဒူးထောက်ကာ အတင်းအကျပ် တပည့်အဖြစ် လက်ခံခိုင်းခြင်းမျိုး မလုပ်ရဲပေ၊၊ သူသည် တာအိုဆရာ၏ အကြည့်ကို အစစ်မှန်ဆုံးသော မျက်နှာအမူယာဖြင့်သာ တုံ့ပြန်လိုက်သည်၊၊

အရပ်ရှည်ရှည် ပိန်ပိန်ပါးပါး တာအိုဆရာသည် မျက်နှာလွှဲလိုက်ပြီး ပြုံးကာ ဆက်ပြောသည်၊၊

“မင်း သိုင်းသင်ချင်တာဆိုရင်တော့ ဒီတောင်ပေါ်မှာ သိုင်းသင်တန်းကျောင်းတွေ အများကြီးရှိပါတယ်”

“တာအိုဆရာ... ကျွန်တော် ဝူတန်းတောင်ကို လာတာက ထာဝရရှင်သန်ခြင်းနဲ့ တာအိုကို ရှာဖို့ပါ၊၊ ဆရာတစ်ယောက်ကိုလည်း ရှာနေတာပါ ဆရာ့ကို မြင်လိုက်ကတည်းက ကျွန်တော်ရှာနေတဲ့သူဆိုတာ သိလိုက်ပါတယ်”

တာအိုဆရာက မျက်မှောင်ကြုတ်လိုက်သည်၊၊

“မင်းက သိုင်းသင်ဖို့ လာတာဆိုရင်တော့ ယုံစရာရှိသေးတယ်၊၊ ထာဝရရှင်သန်ခြင်းနဲ့ တာအိုဆိုတာက... မင်း တကယ်ပဲ တာအိုပညာရပ်တွေကို လုပ်ပြနိုင်တဲ့သူတစ်ယောက်ကို မြင်ဖူးလို့လား”

ထိုသို့ မေးလာမည်ကို ကြိုတင်မှန်းဆထားသဖြင့် ဝမ်ရှန်းက အလေးအနက်ပြန်ဖြေသည်၊၊

“ကျွန်တော်က ရူးသွပ်တဲ့ကျောင်းသားတစ်ယောက်ပါ၊၊ ဒါပေမဲ့ ကျောင်းတက်နေတုန်းက တာအိုကျမ်းစာတွေကို လေ့လာခဲ့ဖူးပါတယ်၊၊ ကျွန်တော့်အတွက်တော့ တာအိုဆိုတာ စိတ်ဝိညာဉ်ပဲ၊၊ ကောင်းကင်နဲ့ စကြဝဠာကို မတူညီတဲ့ အမြင်နဲ့ နားလည်တာပါ၊၊ ဒါက ကျွန်တော် လျှောက်လှမ်းချင်တဲ့ ဝိညာဉ်ရေးရာ လမ်းစဉ်ပါ”

“အင်း...”

အရပ်ရှည်ရှည် ပိန်ပိန်ပါးပါး တာအိုဆရာသည် အနေရခက်စွာ ရယ်မောရင်း ခရမ်းရောင်တိမ်တိုက်ဘုရားကျောင်းဘက်ကို လက်ညှိုးထိုးပြသည်၊၊

“ဟိုမှာ ဆရာတွေ မကျန်တော့လို့လား”

“ရှိပါတယ် ဒါပေမဲ့...” ဝမ်ရှန်း တုံ့ဆိုင်းသွားသည်၊၊

“ကျွန်တော် ဝူတန်းတောင်အနှံ့ ရှာခဲ့ပေမဲ့ ကျွန်တော်လိုချင်တဲ့ ဆရာမျိုးကို မတွေ့ခဲ့ဘူး၊၊ အခုတော့ ဆရာနဲ့ ဒီမှာတွေ့ရပြီလေ၊၊ ဆရာ့ကို မြင်လိုက်ကတည်းက သာမန်လူမဟုတ်ဘူးဆိုတာ ကျွန်တော် သိပါတယ်၊၊ ကျေးဇူးပြုပြီး တာအိုဆရာ... ကျွန်တော့်ကို တပည့်အဖြစ် လက်ခံပေးပါ”

မြှောက်ပင့်စကားများသည် အမြဲတမ်း အလုပ်ဖြစ်ပေသည်၊၊ သို့သော် ဝမ်ရှန်းကိုယ်တိုင်ပင် အနည်းငယ် ရှက်သလို ခံစားလိုက်ရသည်၊၊

တာအိုဆရာသည် သူ၏ ကုလားထိုင်ပေါ်မှ ထလိုက်ရင်း ကျယ်လောင်စွာ ရယ်မောလိုက်သည်၊၊ ထိုအခါမှသာ နောင်နှစ်အနည်းငယ်အတွင်း ကျော်ကြားလာမည့် ထိုလူသည် ဝမ်ရှန်းထက် ခေါင်းတစ်လုံးခန့် ပိုမြင့်နေသည်ကို ဝမ်ရှန်း သတိထားမိလေသည်၊၊

ဝမ်ရှန်းကိုယ်တိုင်ကလည်း အသက် တစ်ဆယ့်ကိုးနှစ် ရောက်မှသာ အရပ်အမြင့်ဆုံး အခြေအနေသို့ ရောက်ရှိမည်ဖြစ်သည်၊၊

တာအိုဆရာသည် ပခုံးကို လျှော့ထားပြီး ပုံမှန်အသက်ရှူနှုန်းဖြင့် မတ်မတ်ရပ်နေသည်၊၊ ဖရိုဖရဲဖြစ်နေသော်လည်း သူ့ထံတွင် ဖော်ပြရခက်သော အရှိန်အဝါမျိုးရှိနေသည်၊၊ ၎င်းမှာ စစ်မှန်သော ကျင့်ကြံသူတစ်ဦး၏ ပုံစံမျိုးဖြစ်နိုင်သည်၊၊ စစ်မှန်သောကျင့်ကြံခြင်းလမ်းစဉ်သို့ ပို့ဆောင်ပေးမည့် ချီစွမ်းအင်များ မရရှိသေးသော်လည်း နှစ်ပေါင်းများစွာ နေ့စဉ်လေ့ကျင့်မှုများက သူ့ကို အတွင်းပိုင်း တည်ငြိမ်မှုမျိုးကို ရရှိစေခဲ့သည်၊၊ ချီစွမ်းအင်များရရှိလာသည်နှင့် ထိုမမြင်ရသော စုဆောင်းမှုများသည် ပေါက်ကွဲထွက်လာမည့် အသွင်ပြောင်းလဲမှုဆီသို့ ဦးတည်သွားပေလိမ့်မည်၊၊

ဝမ်ရှန်း ဆုံးဖြတ်လိုက်လေပြီ၊၊ မည်သို့ပင်ဖြစ်စေ ဤလူ၏ တပည့်ဖြစ်အောင် လုပ်ရမည်၊၊

တာအိုဆရာက နူးညံ့စွာ ပြောလိုက်သည်၊၊

“မင်းက တကယ်ကို စိတ်ဝင်စားဖို့ကောင်းတဲ့ လူငယ်လေးပဲ၊၊ တာအိုအကြောင်းတွေ ပြောပြီး ဆရာရွေးတာလည်း ဇီဇာကြောင်တယ်၊၊ အခုတော့ ငါ့ကိုမှ လာရွေးတယ်ပေါ့… နှစ်တိုင်း လူတွေအများကြီး ဒီကိုလာပြီး ဆရာရှာကြ၊ တာအိုရှာကြတယ်၊၊ မင်းလုပ်ရမှာက ဆရာတစ်ယောက်ရှာပြီး တောင်ပေါ်မှာ လေ့ကျင့်ဖို့ အလှူငွေပေးရုံပဲ၊၊ ငါက ဝူတန်းမှာ နာမည်ပဲ စာရင်းသွင်းထားတာ တပည့်တွေကို ဘုရားစာရွတ်တာတို့ နတ်ဘုရားတွေကို ကိုးကွယ်တာတို့ မသင်ပေးဘူး၊၊ ငါ့မှာ တပည့်တစ်ယောက်ရှိတယ်၊၊ ဒါပေမဲ့ သူ့ကိုတော့ ငါကရှားရှားပါးပါးဂရုစိုက်ပါတယ်”

တာအိုဆရာက အရေးမစိုက်ဟန်ဖြင့် ပြောနေသော်လည်း ဝမ်ရှန်း၏ ပုံစံကို အကဲခတ်နေသည်၊၊ ဤလူငယ်မှာ အလားအလာရှိသူဟု သူယူဆပေသည်၊၊

ဒီကောင်လေးက ဘေးအန္တရာယ်ကြီးတစ်ခုကို ကျော်ဖြတ်လာခဲ့ပုံရတယ်၊၊ ဒါပေမဲ့ အခုတော့ ကံကောင်းခြင်းတွေ လိုက်လာတဲ့ လက္ခဏာတွေ တွေ့နေရပြီ၊၊ ဖြစ်နိုင်တာက အဲဒီဘေးအန္တရာယ်ကြောင့်ပဲ သူက အရင်ဘဝကို စိတ်ကုန်ပြီး လောကီကနေ ထွက်ခွာချင်နေတာ ထင်တယ်၊၊

ထိုအတွေးကြောင့် ဝမ်ရှန်းကို တပည့်အဖြစ် လက်ခံသင့်သည်ဟု တာအိုဆရာ ခံစားလိုက်ရသည်၊၊

ဝမ်ရှန်း အံကြိတ်လိုက်သည်၊၊ ထို့နောက် တိုးတိုးလေး ပြန်ပြောသည်၊၊

“တာအိုဆရာ... ကျွန်တော်က ဘာမှမသိနားမလည်သူမို့လို့ နားဝင်ချိုအောင်လည်း မပြောတတ်ပါဘူး၊၊ ဒါပေမဲ့ ဆရာ့နောက်ကို လိုက်ချင်တယ် ခေါင်းတုံးတုံးမယ်.. တာအိုလမ်းစဥ်ထဲ ဝင်မယ်… တာအိုစည်းကမ်းတွေကို လိုက်နာပြီး တောင်ပေါ်မှာ တစ်ကိုယ်တော်ကျင့်ကြံသူအဖြစ် နေထိုင်သွားပါ့မယ်”

“အို” တာအိုဆရာ မျက်ခုံးပင့်သွားသည်၊၊

“မင်း ဘာပြောနေတယ်ဆိုတာရော မင်းသိရဲ့လား”

ဝမ်ရှန်းက သေချာ စဉ်းစားပြီးမှ ခေါင်းညိတ်သည်၊၊

“ဟုတ်ကဲ့ သိပါတယ်”

တာအိုဆရာက ခဏမျှ စဉ်းစားနေသည်၊၊ ထို့နောက် သူ၏ ကုလားထိုင်တွင် ပြန်ထိုင်ကာ တည်ငြိမ်သော လေသံဖြင့် မေးသည်၊၊

“မင်း မိဘတွေ ဘယ်မှာလဲ”

“သူတို့ ကျွန်တော်နဲ့အတူ လိုက်လာပါတယ်၊၊ ကျွန်တော်တို့ နောက်မှာပဲ ရှိတယ် မကြာခင် ရောက်လာပါလိမ့်မယ်”

ဝမ်ရှန်း နောက်ကို လှည့်ကြည့်လိုက်ရာ မိဘများသည် တောင်အောက်သို့ ဆင်းလာကြသည်ကို မြင်လိုက်ရသည်၊၊

သူက ခဏစဉ်းစားပြီးနောက် ထပ်ပြောသည်၊၊

“ကျွန်တော့် မိဘတွေ ကျန်းမာနေကြတုန်းမို့ တောင်ပေါ်မှာ လေ့ကျင့်နေတဲ့အချိန် သိပ်ပြီး စိုးရိမ်စရာမရှိပါဘူး၊၊ သူတို့ အသက်ကြီးလာတဲ့အခါမှာတော့ သားတစ်ယောက်ရဲ့ တာဝန်ကို ကျေပွန်အောင် ထမ်းဆောင်ပြီး သူတို့ကို ပြန်ပြီး ပြုစုစောင့်ရှောက်ပါ့မယ်”

“ကောင်းပြီ၊၊ မိဘတွေ လိုက်လာတယ်ဆိုတော့ မင်းရဲ့ စိတ်ရင်းကို ပြရာရောက်တာပေါ့၊၊ ငါကတော့ ရုပ်ရှင်တွေ အကြည့်များပြီး အစစ်မှန်နတ်ဘုရားသုံးပါးတို့၊ ဘိုးဘေးလုနဲ့ စစ်မှန်သော မဟာသိုင်းဧကရာဇ်တို့ကို ယုံပြီး အိမ်ကနေ ဝူတန်းတောင်ကို ထွက်ပြေးလာတဲ့ ကောင်လေးတစ်ယောက်လို့ ထင်နေတာ”

“ဘာပဲဖြစ်ဖြစ် မင်းကို တပည့်အဖြစ် လက်ခံဖို့ဆိုတာ လုံးဝ မဖြစ်နိုင်တာတော့ မဟုတ်ပါဘူး၊၊ ငါ့ရဲ့ တာအိုပညာရပ်တွေက သိပ်ပြီး ထူးခြားမနေပေမဲ့ တပည့်တစ်ယောက် လက်ခံဖို့ကတော့ မခက်ပါဘူး၊၊ မင်းကို မေးခွန်း ၃ခု မေးမယ်၊၊ အဲဒါတွေကို ဖြေနိုင်ရင် မင်းရဲ့ မိဘတွေကို ဒီကို ခေါ်လာပြီး ငါနဲ့ စကားပြောခိုင်းလို့ ရတယ်”

ဝမ်ရှန်း ထခုန်မိတော့မည့်ဆဲဆဲဖြစ်သွားသည်၊၊

“ဟုတ်ကဲ့”

ယနေ့ခေတ်တွင် လူငယ်အများစုမှာ တာအိုတောင်ပေါ်သို့ သိုင်းပညာသင်ရန်သာ လာကြသည်၊၊ လောကီကို စွန့်ခွာရန် ရွေးချယ်သူမှာ အလွန်နည်းပါးပေသည်၊၊

ဝမ်ရှန်း အသက်ပြင်းပြင်းရှူလိုက်သည်၊၊ သူ၏ မျက်လုံးများမှာ တောက်ပနေပြီး တာအိုဆရာကို စိုက်ကြည့်နေသည်၊၊

တာအိုဆရာက ပြုံးစစဖြင့် ရှိနေသည်၊၊

“ငါ့ကို အဲဒီလို မကြည့်နဲ့… ငါက တရားဝင်မှတ်ပုံတင်ထားတဲ့ တာအိုဆရာ အစစ်ပါ”

ဝမ်ရှန်း ရယ်မိသွားသော်လည်း ချက်ချင်း ပြန်ထိန်းကာ ခေါင်းငုံ့လိုက်သည်၊၊

“ကျေးဇူးပြုပြီး မေးပါ ဆရာ”

“ပထမဆုံးမေးခွန်း- မင်းက တာအိုကို ကျင့်ကြံချင်တယ်လို့ ပြောတယ် မင်းအမြင်အရ တာအိုဆိုတာ ဘာလဲ”

ဝမ်ရှန်းသည် သူ ကြိုတင်ပြင်ဆင်ထားသော အဖြေများကို စကားလုံး တစ်လုံးချင်းစီဖြင့် အလေးအနက်ပြန်ဖြေသည်၊၊

“ကျွန်တော်က... တာအိုဆိုတာ ဘာလဲဆိုတာ မသိပါဘူး၊၊ အဲဒါကြောင့်ပဲ ဆရာ့နောက်ကို တပည့်အဖြစ် လိုက်ချင်တာပါ တာအိုဆိုတာ အမှန်တကယ် ဘာလဲဆိုတာကို နားလည်ချင်ပါတယ်၊၊ အခု ကျွန်တော် မြင်သလောက်တော့ တာအိုဆိုတာ သဘာဝတရား၊ စနစ်တကျရှိမှုနဲ့ အရာအားလုံးကို အုပ်စိုးထားတဲ့ ဥပဒေသပါပဲ၊၊ တာအိုကို ကျင့်ကြံတယ်ဆိုတာ နှလုံးသား၊ ခန္ဓာကိုယ်၊ ကျင့်စဉ်နဲ့ သဘာဝတရားကို ပြုပြင်မွမ်းမံတာပါ”

“တာအိုထဲမှာ နေထိုင်ခြင်းက ငြိမ်းချမ်းမှုနဲ့ ကျေနပ်မှုကို ပေးစွမ်းနိုင်ပါတယ် ရှေးစကားပုံ ရှိသလိုပဲ ‘မနက်ခင်းမှာ တာအိုတရားကို နာကြားရရင် ညနေမှာ သေရလည်း နောင်တမရှိပါဘူး’ တဲ့ တကယ်လို့ ကျွန်တော် ဆရာ့နောက်ကို လိုက်ပြီး တာအိုကို နားလည်သဘောပေါက်နိုင်မယ်ဆိုရင်တော့ ဒီဘဝဟာ အချည်းနှီးမဖြစ်တော့ပါဘူး၊၊ ဒီခရီးကလည်း အလဟဿမဖြစ်တော့ပါဘူး”

သူ ပြောချင်သည်များကို တစ်ခါတည်း ပြောပြီးနောက် ဝမ်ရှန်း စိုးရိမ်တကြီးစောင့်နေမိသည်၊၊ သူပြောလိုက်သည်က များသွားသလား.. နည်းသွားသလား… သူလည်းမသိပေ၊၊

အချည်းနှီးမဖြစ်ဘူး အလဟဿမဖြစ်ဘူး ဟုတ်လား…

တာအိုဆရာသည် တစ်ယောက်တည်း ရေရွတ်ရင်း သူ၏ နားထင်ကို ပွတ်ကာ ရယ်မောလိုက်သည်၊၊

“ဟားဟားဟား မင်းကပဲ ငါ့ဆရာလာလုပ်လိုက်ပါလား၊၊ ဒီလောက်ကြီးကျယ်တဲ့ မူဝါဒတွေကို ဘယ်က ရလာတာလဲ… မင်းပဲ သိုင်းစာအုပ်တွေ အဖတ်မများဘူးဆို”

ဝမ်ရှန်းသည် ခေါင်းကုပ်ရင်း ရှက်ပြုံးသာ ပြုံးနိုင်တော့သည်၊၊

“ဒုတိယမေးခွန်း”

တာအိုဆရာက ရုတ်တရက် အသံမြှင့်ပြောလိုက်သည်၊၊ သူ၏ ပျင်းရိပျင်းတွဲပုံစံမှာ ချက်ချင်း ပျောက်ကွယ်သွားပြီး ဝမ်ရှန်းကို ကြည့်နေသော အကြည့်မှာ လျှပ်စီးကဲ့သို့ ထက်ရှလာသည်၊၊

ဝမ်ရှန်း၏ အသိစိတ်က တာအိုဆရာ၏ အကြည့်ကို ရှောင်ရန် ပြောနေသော်လည်း စက္ကန့်ပိုင်းမျှ တုံ့ဆိုင်းပြီးနောက် သူသည် တည်ငြိမ်စွာပင် ပြန်ကြည့်နေလိုက်သည်၊၊

သူသည် တာအိုကို သင်ယူရန် ဤနေရာသို့ လာခြင်းဖြစ်သည်၊၊ သူ၏ ရည်ရွယ်ချက်မှာ လုံးလုံးစင်ကြယ်နေခြင်းမရှိသော်လည်း သူ၏ နှလုံးသားထဲတွင် မကောင်းသော စိတ်ထားမရှိပေ၊၊ သူသည် ပွင့်လင်းရိုးသားသူဖြစ်သည့်အတွက် ဤကဲ့သို့ အကဲခတ်ခံရခြင်းကို ကြောက်နေစရာမလိုပေ၊၊

“မေးပါ ဆရာ”

“တာအိုရိုးရာမှာပါတဲ့ အတတ်ပညာငါးမျိုးက ဘာတွေလဲ”

“တောင်၊ ဆေး၊ ကံ၊ ရုပ်ခန္ဓာနဲ့ ဗေဒင်ပါ”

ဝမ်ရှန်းက ယုံကြည်မှုအပြည့်နှင့် ဖြေလိုက်သည်၊၊

“’တောင်’ ဆိုတာ တာအိုပညာရပ်တွေနဲ့ အင်မော်တယ်နည်းစနစ်တွေကို ဆိုလိုတာပါ၊၊ အခုခေတ်မှာတော့ တာအိုသိုင်းပညာတွေကို ဆိုလိုတာ များပါတယ်၊၊ ‘ဆေး’ ဆိုတာ တာအိုကုသရေးပညာရပ်တွေကို ဆိုလိုတာပါ၊၊ ‘တာအိုဆရာ ဆယ်ယောက်မှာ ကိုးယောက်က သမားတော်တွေပဲ’ ဆိုတဲ့ စကားပုံရှိသလိုပေါ့”

သူသည် ရပ်တန့်ခြင်းမရှိဘဲ စကားလုံး ရာဂဏန်းခန့်ကို သွက်လက်စွာ ဆက်ပြောနေသည်၊၊

“အင်း… မင်းက အိမ်စာကောင်းကောင်းလုပ်ပြီး ကြိုတင်ပြင်ဆင်လာပုံရတယ်”

တာအိုဆရာက ရိုးသားသောအပြုံးဖြင့် ပြောသည်၊၊

ဝမ်ရှန်း တိတ်တဆိတ် သက်ပြင်းချလိုက်သည်၊၊

တာအိုဆရာ ပုယန်သည် အလေးအနက်ထားလာသည့်အခါ တကယ့်ကို ကြောက်စရာကောင်းသည်၊၊ ထိုလူက စိတ်တိုပြီး လက်ဝါးတစ်ချက်တည်းနှင့် သူ့ကို ရိုက်သတ်လိုက်မှာကို ဝမ်ရှန်း အမှန်တကယ်ကြောက်နေမိသည်...

ဘာပဲဖြစ်ဖြစ် သူ့ရှေ့က ဆရာသည် မကြာမီ ဆယ်စုနှစ်တစ်ခုကျော်ကြာ ချီစွမ်းအင်များကို စုပ်ယူပြီး အင်မော်တယ်တာအို၏ ထိပ်သီးပညာရှင်ကြီးဖြစ်လာမည့်သူဖြစ်သည်၊၊ လက်တစ်ချက်ဝှေ့ယမ်းရုံနှင့် တိမ်တိုက်များကို ခွဲပစ်နိုင်သူဖြစ်သည်၊၊ တရားဝင်နှင့် တရားမဝင်ပညာရှင်စာရင်းများတွင် သူသည် အမြဲတမ်း ထိပ်သီး တစ်ဆယ်၊ ငါးဦး စာရင်းဝင်သူ ဖြစ်သည်၊၊

“ကျွတ် ကျွတ်... မင်းကို ငါ တကယ် စိတ်ဝင်စားလာပြီ” တာအိုဆရာက မေးစေ့ကို ပွတ်ရင်း ရယ်သည်၊၊

“ကဲ တတိယမေးခွန်း”

သူ ဘာမေးမှာလဲ…

တာအိုဘာသာအကြောင်းလား… တာအိုဂိုဏ်းတွေရဲ့ သမိုင်းကြောင်းလား… ဒါမှမဟုတ် ဟွမ်လောင်ပညာရပ်တွေ၊ လောင်ဇီနဲ့ ကျွမ်းဇီတို့ရဲ့ စကားတွေ၊ တောက်တယ်ကျင်း ဒါမှမဟုတ် လောင်ဇီရှန်းအာရဲ့ မှတ်ချက်တွေအကြောင်းလား…

ဝမ်ရှန်းသည် အဖြေများကို ပြင်ဆင်နေစဉ် တာအိုဆရာက ချောင်းတစ်ချက်ဟန့်ကာ ပြုံးလိုက်ပြီး ဝမ်ရှန်းကို ပေါက်ကွဲသွားစေလောက်မည့် မေးခွန်းတစ်ခုကို လေသံအေးအေးဖြင့် မေးလိုက်သည်၊၊

“မင်းက ငါ့တပည့် လုပ်ချင်တယ်နော်… တကယ်လို့ ငါက မင်းရဲ့ ဆရာဖြစ်နေပြီး မင်းအဖေနဲ့ ငါ နှစ်ယောက်လုံး ရေနစ်နေရင် မင်းဘယ်သူ့ကို အရင်ကယ်မလဲ”

ဝမ်ရှန်း၏ နှုတ်ခမ်းများသည် မထိန်းနိုင်အောင် တုန်ယင်သွားသည်၊၊ တာအိုဆရာက သူ့ကို ပြုံးစစဖြင့် ကြည့်နေသည်၊၊

မင်း ဒါကို ဘယ်လိုဖြေမလဲ ကြည့်ရသေးတာပေါ့….

မေးခွန်းက ရယ်စရာကောင်းသည်ဟု ထင်ရသော်လည်း တကယ်ကို ခက်ခဲသော မေးခွန်းဖြစ်သည်၊၊ အဘယ်ကြောင့်ဆိုတော့ မှန်ကန်သောအဖြေမရှိ၍ ဖြစ်သည်၊၊

ဆရာကို အရင်ကယ်မည်ဆိုလျှင် မိဘအပေါ် မသိတတ်သူဟု အမြင်ခံရမည်ဖြစ်သည်၊၊ တာအိုလမ်းစဉ်တွင် “မိဘအပေါ် မသိတတ်သူသည် ကြီးမြတ်မှုကို မရရှိနိုင်ဘူး” ဟူသော စကားပုံရှိပေသည်၊၊

သို့သော် မိဘကို အရင်ကယ်မည်ဆိုလျှင် ဆရာထက် မိဘကို ပို၍ တန်ဖိုးထားသည်ဟု ဆိုလိုရာရောက်ပြီး “ဆရာသည် မိဘကဲ့သို့ ရိုသေထိုက်သူဖြစ်သည်” ဟူသော စကားနှင့် ဆန့်ကျင်နေပြန်သည်၊၊

၎င်းမှာ သူ၏ လုပ်ရပ်နှင့် စကားမကိုက်ညီကြောင်း ပြသရာရောက်ပေလိမ့်မည်၊၊

ဝမ်ရှန်း၏ နဖူးပေါ်တွင် ချွေးစေးများ ထွက်လာသည်၊၊

သူ၏ နှလုံးသားအတိုင်း ဆိုလျှင်တော့ သူသည် မိဘကိုသာ အရင်ကယ်မည်ဖြစ်သည်၊၊

တာအိုဆရာက ထပ်မေးသည်၊၊

“ဘယ်သူ့ကို အရင်ကယ်မှာလဲ”

“ကျွန်တော်... ကျွန်တော့်အဖေကို ကယ်ပါ့မယ်”

ထိုစကား ထွက်သွားသည်နှင့် တာအိုဆရာ၏ အပြုံးများပျောက်ကွယ်သွားပြီး ဝမ်ရှန်းကို စိုက်ကြည့်လိုက်သည်၊၊

ဝမ်ရှန်း စိတ်လှုပ်ရှားသွားပြီး သင့်တော်သော အကြောင်းပြချက်ကို အသည်းအသန်ရှာနေမိသည်၊၊

ဝမ်ရှန်း ဘာမှမပြောရသေးမီ တာအိုဆရာက ရုတ်တရက် ထလိုက်သည်၊၊ သူသည် စာအုပ်ဆိုင်ဟောင်းလေးကို ပတ်ပြီး ဝမ်ရှန်းကို ကျော်ကာ ရှေ့သို့ နှစ်လှမ်းဆက်လျှောက်သွားသည်၊၊

ဝမ်ရှန်း နားမလည်နိုင်စွာ နောက်လှည့်ကြည့်လိုက်ရာ သူ၏ မိဘများ ရောက်ရှိလာသည်ကို တွေ့လိုက်ရသည်၊၊

“မင်္ဂလာပါ အလှူရှင်တို့”

တာအိုဆရာသည် ဝမ်ရှန်း၏ မိဘများထံ သွားကာ ခေါင်းအနည်းငယ်ညွှတ်လိုက်ပြီး ကြည်လင်ပြတ်သားသောအသံဖြင့် ပြောသည်၊၊

“ကျုပ်က ချင်ယန်ဇီပါ ဝူတန်းတောင်က တာအိုရသေ့တစ်ပါးဖြစ်ပါတယ်၊၊ ဒါက ကျုပ်ရဲ့ တာအိုရသေ့လက်မှတ်ပါ… ကြည့်လို့ရပါတယ်၊၊ တာအိုအသင်းရဲ့ တရားဝင်တံဆိပ်တုံး ပါပါတယ်… ကျုပ်ရဲ့ မှတ်တမ်းတွေကိုလည်း တောင်ပေါ်က မော်ကွန်းတိုက်တွေမှာ ရှာကြည့်လို့ ရပါတယ်”

ချင်ယန်ဇီ... သူက တကယ်ပဲ ဒဏ္ဍာရီထဲက တာအိုဆရာပဲ၊၊

ဝမ်ရှန်းသည် အစပိုင်းတွင် အံ့ဩသွားသော်လည်း မကြာမီပင် ပြုံးလိုက်သည်၊၊ သူ အင်တာဗျူးအောင်မြင်သွားလေပြီ၊၊

“ဒီလူငယ်လေးက ကျုပ်ဆီမှာ တပည့်ခံပြီး တာအိုလေ့ကျင့်ချင်တယ်လို့ ပြောပါတယ်”

ချင်ယန်ဇီက ဆက်ပြောသည်၊၊

“အဟမ်း… ကျုပ်ကတော့ သူ့ကို ဒီလမ်းစဉ်နဲ့ ကိုက်ညီတယ်လို့ ထင်ပြီး တပည့်အဖြစ် လက်ခံဖို့ စဉ်းစားနေပါတယ်၊၊ ဒါပေမဲ့ တာအိုလမ်းစဥ်ထဲ ဝင်ဖို့ဆိုတာ မိဘတွေရဲ့ ခွင့်ပြုချက်လိုအပ်ပါတယ်၊၊ အလှူရှင်တို့ရဲ့ သဘောထားက ဘယ်လိုရှိပါသလဲ”

“တာအိုလမ်းစဥ်ထဲဝင်မယ်… ဟုတ်လား လုံးဝမဖြစ်နိုင်ဘူး”

မိခင်ဖြစ်သူက အော်ပြောလိုက်သည်၊၊

ထိုအချိန်တွင် ဝမ်ရှန်းသည် ယနေ့ တပည့်ဖြစ်ရန်မှာ မဖြစ်နိုင်သေးကြောင်း သိလိုက်ရသည်၊၊ အခြားနည်းလမ်းမရှိတော့ပေ၊၊ မိဘများကို နားဝင်အောင် ပြောပြီး ချင်ယန်ဇီနှင့် ပြန်တွေ့အောင် လုပ်ရပေတော့မည်၊၊

ဘယ်လို နားဝင်အောင် ပြောရမလဲ….

တကယ်လို့ လိုအပ်လာရင် သိက္ခာတွေ အသာဘေးဖယ်ထားပြီး အော်ဟစ် ငိုယိုခြင်း၊ စိတ်ဆိုးပြခြင်းနဲ့ အစာငတ်ခံ ဆန္ဒပြတာမျိုးတွေ လုပ်ရမယ်၊၊

နောက်ဆုံးတော့ ချင်ယန်ဇီလို ပုဂ္ဂိုလ်ကြီးတစ်ယောက်ကို တွေ့ပြီပဲ… ဘာပဲဖြစ်ဖြစ် သူ့ကို တွယ်ကပ်ထားရမယ်…

ဝမ်ရှန်း၏ စိတ်ပျက်သွားသော မျက်နှာကို မြင်သောအခါ ဖခင်ဖြစ်သူက ဇနီးဖြစ်သူ၏ လက်မောင်းကို ဆွဲကာ ချင်ယန်ဇီကို တစ်ဖက်သို့ ခေါ်သွားသည်၊၊

“တာအိုဆရာ... ကျွန်တော်တို့ သီးသန့်စကားပြောကြရအောင်”

ဝမ်ရှန်း လိုက်သွားချင်သော်လည်း ဖခင်ဖြစ်သူက လက်ကာပြ၍ တားလိုက်သည်၊၊ သူသည် လက်ဆွဲသေတ္တာများနားတွင် ရပ်ပြီး စောင့်နေရုံမှအပ အခြားမရှိတော့ပေ၊၊

ရှေးလူကြီးတွေ ပြောတာ တကယ်မှန်တယ်၊၊ အပြင်လူနဲ့ မဆက်ဆံခင် မိသားစုကို အရင်ငြိမ်အောင် လုပ်ရမယ်၊၊

မိနစ်အနည်းငယ်ကြာပြီးနောက် ချင်ယန်ဇီသည် ကျေနပ်သောမျက်နှာဖြင့် ပြန်လာသည်၊၊ ဝမ်ရှန်း၏ မိဘများကလည်း အရာအားလုံး အဆင်ပြေသွားသကဲ့သို့ စိတ်အေးလက်အေးအပြုံးဖြင့် လိုက်လာကြသည်၊၊

ဝမ်ရှန်း အဖြေကို အကြမ်းဖျင်းသိနေသည်၊၊

“ဝမ်ရှန်း” ချင်ယန်ဇီက ခေါ်လိုက်သည်၊၊

ဆရာက သူ့ကို ပြုံးကြည့်နေသည်ကို မြင်သောအခါ ဝမ်ရှန်းက အလျင်အမြန် ပြန်ထူးသည်၊၊

“ဟုတ်ကဲ့ ဆရာ”

“မင်းရဲ့ မိဘတွေက မင်းကျင့်ကြံဖို့ သဘောတူလိုက်ပြီဆိုတော့ အခုလောလောဆယ် တောင်ပေါ်မှာ နေလို့ရပြီ၊၊ ဒီညတော့ မိဘတွေနဲ့အတူ တောင်အောက်က ဟိုတယ်မှာ အိပ်လိုက်ဦး၊၊ မနက်ဖြန်ကျမှ ဒီကို ပြန်လာပြီး ငါ့ကို စောင့်နေလိုက်”

ထို့နောက် ချင်ယန်ဇီသည် အဝေးသို့ လွင့်မျောသွားသကဲ့သို့ ထွက်ခွာသွားသည်၊၊ သူ၏ စာအုပ်ဆိုင်ဟောင်းလေးကို သိမ်းရန်ပင် စိတ်မကူးခဲ့ချေ၊၊

ဒါက ဘယ်လိုကြီးလဲ…

ဝမ်ရှန်းသည် မိဘများကို လှည့်ကြည့်လိုက်မိသည်၊၊ သူတို့က သူ့ကို နူးညံ့စွာ ပြုံးပြနေကြသည်၊၊

ဖခင်ဖြစ်သူက လက်ဝေ့ယမ်းပြသည်၊၊

“သွားကြစို့ သားရေ… ညအိပ်ဖို့ ဟိုတယ်သွားရှာရအောင်”

“အဖေနဲ အမေ ဘာတွေဖြစ်ကုန်တာလဲ”

ဝမ်ရှန်း ခေါင်းကုပ်ရင်း အိပ်မက်မဟုတ်ကြောင်း သေချာစေရန် သူ၏ ပေါင်ကို ဆိတ်ကြည့်လိုက်သည်၊၊

အ…

“သွားကြစို့”

မိခင်ဖြစ်သူက သူ့လက်မောင်းကို ချိတ်လိုက်သည်၊၊

“တောင်ပေါ်မှာ လေ့ကျင့်တာပဲလေ… အဖေနဲ့ အမေက သဘောတူပါတယ်”

ထိုဝါကျထဲက စကားလုံးတိုင်းမှာ ယုံချင်စရာမရှိလှပေ၊၊

ပူးပေါင်းကြံစည်မှုပဲ... ဒီမှာ တစ်ခုခုတော့ ပူးပေါင်းကြံစည်နေကြပြီ…

ဝမ်ရှန်းသည် သူ၏မိဘများကို ကြည့်ရင်း သူတို့ ဘာကြောင့် ရုတ်တရက် သဘောတူလိုက်ရလဲဆိုသည်ကို စဉ်းစားနေမိသည်၊၊ သူတို့က ချင်ယန်ဇီကို သိုင်းသင်တန်းကျောင်းတစ်ခုမှ ဆရာတစ်ဦးဟု ထင်သွားကြခြင်း ဖြစ်နိုင်သလို သို့မဟုတ် ချင်ယန်ဇီက သူတို့အား တစ်နှစ်အတွင်း ဝမ်ရှန်း စိတ်ပျက်ပြီး အိမ်ပြန်လာအောင် လုပ်ပေးမည်ဟု ကတိပေးလိုက်ခြင်းလည်း ဖြစ်နိုင်သည်၊၊

မည်သို့ပင်ဖြစ်စေ ဝမ်ရှန်းအတွက်မူ ဤသည်မှာ အခွင့်အရေးတစ်ခုပင်ဖြစ်သည်၊၊ ချင်ယန်ဇီကဲ့သို့သော ထူးခြားသောပုဂ္ဂိုလ်ထံတွင် တပည့်ခံခွင့်ရခြင်းမှာ သူ့ဘဝအတွက် အကြီးမားဆုံးသော ကံကောင်းခြင်းပင်…

“ကဲ...ဟိုတယ်သွားရှာကြစို့”

ဝမ်ရှန်းက သူ၏ စိုးရိမ်စိတ်များကို ဖျောက်ပစ်ရင်း တက်ကြွစွာ ပြောလိုက်သည်၊၊ မနက်ဖြန်ကျလျှင် သူ၏ ကျင့်ကြံခြင်းခရီးလမ်း အမှန်တကယ် စတင်ပေတော့မည်၊၊

မှတ်စု-

အစစ်အမှန်နတ်ဘုရားသုံးပါး- တာအိုဘာသာ၏ အမြင့်ဆုံး နတ်ဘုရားသုံးပါးဖြစ်ပြီး တာအိုတရား၏ စစ်မှန်သောကိုယ်ပွားများအဖြစ် သတ်မှတ်ကြသည်၊၊

ဘိုးဘေးလု- လုတုန်ပင်းသည် ထန်မင်းဆက်ခေတ်က ဒဏ္ဍာရီလာပညာရှိနှင့် ကဗျာဆရာတစ်ဦးဖြစ်သည်၊၊ အင်မော်တယ်တာအိုအဖြစ် ကိုးကွယ်ခံရပြီး အင်မော်တယ်ရှစ်ပါးတွင် အကျော်ကြားဆုံးဖြစ်သည်၊၊

မဟာသိုင်းဧကရာဇ်- တာအိုဘာသာနှင့် တရုတ်ရိုးရာဘာသာရေးတွင် အဆင့်မြင့် နတ်ဘုရားတစ်ပါးဖြစ်သည်၊၊

ပုယန်- “စကားမပြောခြင်း” ဟု အဓိပ္ပာယ်ရသည်၊၊ “စကားနည်းသော တာအိုဆရာ” ဟုလည်း အဓိပ္ပာယ်ရနိုင်သည်၊၊

ဟွမ်လောင်ကျိရှု (ဟွမ်လောင်အတတ်ပညာ)- အဝါရောင်ဧကရာဇ် (ဟွမ်တိ) နှင့် လောင်ဇီတို့၏ သင်ကြားမှုများကို ပေါင်းစပ်ထားသည့် နိုင်ငံရေးနှင့် ဒဿနဆိုင်ရာအတွေးအခေါ်ကို ဆိုလိုသည်၊၊ ၎င်းသည် သဘာဝတရားအတိုင်း အုပ်ချုပ်ခြင်း၊ ဝင်ရောက်စွက်ဖက်မှု မပြုခြင်းနှင့် အုပ်ချုပ်ရေးတွင် ဟန်ချက်ညီမှုနှင့် တည်ငြိမ်မှုရရှိရန် တာအိုအခြေခံမူများကို အသုံးပြုခြင်းကို အလေးပေးသည်၊၊ ဤနည်းလမ်းသည် တာအိုဘာသာကို ဥပဒေပြုရေး နည်းစနစ်များနှင့် ပေါင်းစပ်ထားပြီး ပညာရှိသော ခေါင်းဆောင်မှု၊ အနည်းဆုံးသော ဥပဒေများနှင့် အာဏာကို မဟာဗျူဟာမြောက် အသုံးပြုမှုကို ထောက်ခံသည်၊၊ ၎င်းသည် ဟန်မင်းဆက်အစောပိုင်းတွင် လွှမ်းမိုးမှုရှိခဲ့ပြီး အုပ်ချုပ်ရေးကို ပုံဖော်ပေးကာ အာဏာနှင့် ကျင့်ဝတ်ဆိုင်ရာ ကျင့်ဝတ်များကို ဟန်ချက်ညီစေရန် လမ်းပြပေးခဲ့သည်၊၊

တောက်တယ်ကျင်း- လောင်ဇီရေးသားခဲ့သည်ဟု ယူဆရသော အခန်းပေါင်း ၈၁ ခန်းပါသည့် အခြေခံတာအိုကျမ်းစာဖြစ်သည်၊၊ ၎င်းသည် တာအိုလမ်းစဉ်၏ သဘောသဘာဝကို ရှာဖွေဖော်ထုတ်ထားပြီး ရိုးရှင်းမှု၊ နှိမ့်ချမှုနှင့် လုပ်ဆောင်မှုကင်းခြင်းတို့မှတစ်ဆင့် တာအိုနှင့် ဟန်ချက်ညီညီ နေထိုင်ရန် အလေးပေးထားသည်၊၊ ကျမ်းစာသည် ဒဿန၊ ကျင့်ဝတ်နှင့် အုပ်ချုပ်ရေးတို့ကို လေ့လာထားပြီး မျှတမှုနှင့် သဘာဝတရားကို ထောက်ခံသည်၊၊ ၎င်း၏ ကဗျာဆန်သော လင်္ကာများသည် လူတစ်ဦးချင်းစီအား အတွင်းစိတ်ငြိမ်းချမ်းမှုနှင့် စကြဝဠာကို ပိုမိုနက်နဲစွာ နားလည်မှုဆီသို့ လမ်းပြပေးသည်၊၊

လောင်ဇီရှန်းအာ၏ မှတ်ချက်- တာအိုလမ်းစဉ်ဂိုဏ်းနှင့် ဆက်နွှယ်နေသော တောက်တယ်ကျင်း၏ အစောပိုင်း တာအိုအဓိပ္ပာယ်ဖွင့်ဆိုချက်ဖြစ်သည်၊၊ ၎င်းသည် လောင်ဇီ၏ သင်ကြားမှုများအပေါ် လက်တွေ့ကျပြီး နက်နဲသော မှတ်ချက်များကို ပေးထားပြီး ကိုယ်ကျင့်တရား၊ စကြဝဠာစနစ်နှင့် ပုဂ္ဂိုလ်ရေး ကျင့်ကြံမှုကို အလေးပေးသည်၊၊ ကျမ်းစာသည် တာအိုကို နားလည်ရန် လမ်းညွှန်အဖြစ် ဆောင်ရွက်ပြီး သဘာဝဥပဒေသများနှင့် ကျင့်ဝတ်မူများနှင့်အညီ နေထိုင်ရန် တိုက်တွန်းထားသည်၊၊ ၎င်းသည် အစောပိုင်း တာအိုဘာသာရေးထုံးတမ်းစဉ်လာများနှင့် ယုံကြည်ချက်များကို ထင်ဟပ်စေပြီး ဒဿနဆိုင်ရာ အမြင်များကို ဝတ်ပြုရေးဆိုင်ရာ အစိတ်အပိုင်းများနှင့် ပေါင်းစပ်ထားသည်၊၊

ဘာသာပြန်သူမှတ်ချက်- ဒီစာအုပ်မှာ တရုတ်သမိုင်းကြောင်းထဲက ပညာရှင်တွေရဲ့ နာမည်တွေ အများကြီးပါဝင်ပါတယ်၊၊ အမှားအယွင်းရှိခဲ့လျှင် ကျွန်တော့ရဲ့ လေ့လာမှု အားနည်းခြင်းသာဖြစ်ပါတယ်၊၊ လိုအပ်နေတာရှိရင်လည်း ပြောပေးကြပါဦး၊၊

All Chapters