← Chapters

စီနီယာအစ်မ

Vol. 1 Ch. 5

စီနီယာအစ်မ

Vol. 1 Ch. 5

ဝမ်ရှန်းက ဘယ်လောက်ပဲ မေးနေပါစေ မိဘနှစ်ပါးကမူ သူ့ကို ချစ်မြတ်နိုးစွာ စိုက်ကြည့်နေကြသည်။ ကောင်းကောင်းမွန်မွန် လေ့ကျင့်ရန်နှင့် ကိုယ်ခံပညာအတွက် ဓားသိုင်းအချို့နှင့် ပေါ့ပါးသွက်လက်သော ပညာရပ်များကို သင်ယူရန်သာ တိုက်တွန်းကြပြီး အခြားထွေထွေထူးထူးမပြောကြချေ။

“ကိုယ့်အိမ်မက်နောက်ကိုယ် လိုက်ရတာ ပျော်စရာကောင်းတဲ့ကိစ္စပဲ၊၊ ဆက်လုပ်ပါ”

မိခင်ဖြစ်သူက မှတ်ချက်ပေးသည်။

ဖခင်ဖြစ်သူကလည်း ထပ်ပြောသည်၊၊

“ငါငယ်ငယ်တုန်းကလည်း ကျင့်ကြံသူဖြစ်ပြီး အင်မော်တယ်ဖြစ်ချင်ခဲ့တဲ့ အိမ်မက်ရှိခဲ့တာပဲ၊၊ ဒါပေမဲ့ မင်းအမေနဲ့တွေ့ပြီး မင်းကိုရလာတဲ့အခါမှာတော့ အဲဒီအိမ်မက်တွေကို လက်လွှတ်လိုက်ရတော့တယ်”

ဘာတွေဖြစ်ကုန်တာလဲ…

ဝမ်ရှန်း သိထားသော သူ့မိဘများဆိုပါက ထိုစကားများကို ယုံကြည်နိုင်ရခြေမှာ တစ်ရာခိုင်နှုန်းသာ ရှိသည်။

သို့သော်လည်း ဝမ်ရှန်း အများကြီးမတွေးတော့ပေ။ ဘာတွေဖြစ်နေမှန်းလည်း သူစဉ်းစား၍ မရတော့ပေ။

နောက်တစ်နေ့ တောင်ပေါ်သို့ ရောက်သည့်အခါ ချင်ယန်ဇီကို မတွေ့ရမည်ကိုသာ သူ အမှန်တကယ် စိုးရိမ်နေမိသည်။ အကြောင်းမှာ သူ၏မိဘများသည် ထိုကဲ့သို့သော ကိစ္စမျိုးကို ပြုလုပ်နိုင်သည့် လူစားမျိုးများဖြစ်သောကြောင့်ပင်။

မိဘများနှင့်အတူ မြိန်ယှက်စွာ သက်သက်လွတ်ညစာကို စားသောက်ပြီးနောက် ဝမ်ရှန်းသည် မိမိအခန်းသို့ ပြန်ကာ စောစောအိပ်ရာဝင်ခဲ့သည်။ သို့သော်လည်း တစ်ညလုံး ဟိုဘက်ဒီဘက် လူးလှိမ့်နေခဲ့ရသည်။

နောက်တစ်နေ့ နံနက်တွင် မိုးမလင်းမီကပင် ဝမ်ရှန်းသည် နိုးနေပြီး အထုပ်အပိုးများပြင်ဆင်ပြီးဖြစ်နေသည်။ မိဘများအတွက် နံနက်စာစီစဉ်ပေးခဲ့ကာ စာတစ်စောင်ချန်ထားခဲ့ပြီးနောက် ဝူတန်းတောင်ပေါ်သို့ ပြန်တက်ရန် ခရီးဆောင်အိတ်ကို ဆွဲ၍ ထွက်လာခဲ့သည်။

နံနက်ခင်း ဖျော့တော့သော အလင်းရောင်နှင့် မြူနှင်းများ ဖုံးလွှမ်းနေသော မြင်ကွင်းမှာ အစောပိုင်းအချိန်များနှင့် လုံးဝကွဲပြားခြားနားနေသည်။

တောင်တက်လမ်းပေါ်တွင် လူငယ်အများအပြားသည် တည်ကြည်လေးနက်သော အမူယာများဖြင့် ထိုက်ကျိကျင့်စဉ် လေ့ကျင့်နေကြသည်ကို ဝမ်ရှန်း မြင်တွေ့လိုက်ရသည်။ လမ်းဘေးရှိ ဝါးတောအတွင်း၌လည်း တာအိုဝတ်စုံကို ဝတ်ဆင်ထားသော တပည့်ငယ်အချို့သည် ထိပ်တုံးနေသော ဓားရှည်များကို ကိုင်တွယ်ကာ ကျော်ကြားသော ဂိုဏ်းသားများပီသစွာ ခန့်ညားထည်ဝါသော အရှိန်အဝါများကို ထုတ်ဖော်နေကြသည်။

အင်မော်တယ်လမ်းစဉ် စတင်ထွန်းကားလာချိန်မှစ၍ ချင်ယန်ဇီ၏ အမည်မှာ အဆင့်သတ်မှတ်ချက်အမျိုးမျိုး၏ ထိပ်ဆုံးတွင် ရှိနေပုံရသော်လည်း ဝူတန်းတောင်တန်းနှင့်မူ ဆက်စပ်မှုနည်းပါးလှသည်။

မနေ့က ချင်ယန်ဇီကို ဝမ်ရှန်းတွေ့ခဲ့စဉ်က သူသည် အံ့အားသင့်လွန်းသဖြင့် အာရုံများထွေပြားနေခဲ့သည်။ ယခု ထိုတွေ့ဆုံမှုကို ပြန်လည်စဉ်းစားကြည့်သည့်အခါမှ သူသတိမထားမိခဲ့သော အချက်အလက်များကို သတိပြုမိလာသည်။ တစ်ချက်က ချင်ယန်ဇီသည် အရပ်ရှည်ပြီး သွယ်လျသူ ဖြစ်သည်။ သူသည် အလွန်ကြည့်ကောင်းသူမဟုတ်သော်လည်း အတွင်းရော အပြင်ပါ သန့်ရှင်းစင်ကြယ်သော အရှိန်အဝါတစ်ခုဖြာထွက်နေပုံရသည်။ သူ လမ်းလျှောက်သည့်အခါ ပုခုံးများက အနည်းငယ် နိမ့်ဆင်းသွားပြီး ခြေလှမ်းများက ပေါ့ပါးသွက်လက်ကာ လှုပ်ရှားမှုတိုင်းတွင် တာအို၏ စည်းချက်ဟု ခေါ်ဆိုနိုင်သော ဖော်ပြမရသည့် ထပ်တူညီမှုတစ်ခု ရှိနေသည်။

အပြင်လူများအဖို့မူ ချင်ယန်ဇီသည် ပညာအလွန်နက်နဲသော သိုင်းဆရာတစ်ဦးကဲ့သို့သာမြင်ရမည်ဖြစ်သည်။ သို့သော် ဝမ်ရှန်း၏ မျက်လုံးထဲတွင်မူ ထိုပုဂ္ဂိုလ်ကြီးသည် သူ၏ သွေးကြောဆုံမှတ်အားလုံးကို ဖွင့်လှစ်ပြီးနေလောက်ပြီ၊၊ ကမ္ဘာဦးချီများ ပြန်လည်ရောက်ရှိလာသည်နှင့် သူသည် လေဟုန်စီးကာ တိမ်များပေါ်တွင် အလွယ်တကူ ပျံသန်းနိုင်မည်ဖြစ်သည်။

ချင်ယန်ဇီကိုယ်တိုင်ရှိမနေသော်လည်း ဟောင်းနွမ်းနေသော စာအုပ်ဆိုင်လေးမှာ တစ်နေ့လုံး ခြေရာလက်ရာမပျက်ပဲ ရှိနေသေးသည်။

ဝမ်ရှန်းသည် စာအုပ်များကို တစ်ချက်ကြည့်လိုက်သည်။ ဝူတန်းဓားသိုင်း အစစ်အမှန် ရှင်းလင်းချက်၊ ချွမ်းချန်ဂိုဏ်း ခုနှစ်စင်ကြယ်ဓားအစီအရင် သရုပ်ဖော်လက်စွဲ၊ ယင်ကိုးပါးကျမ်းစာ၊ ဗုဒ္ဓလက်ဝါး… စသည့် အမည်များကို မြင်သောအခါ သူ မရယ်ဘဲ မနေနိုင်တော့ချေ။

ထို့နောက် သူသက်ပြင်းချလိုက်သည်။ ချင်ယန်ဇီနှင့် သူ့မိဘများ ပူးပေါင်းပြီး သူ့ကို လှည့်စားခဲ့ကြလျှင် သူမည်မျှဆုံးရှုံးသွားမည်ကို တွေးတောရင်း ခရီးဆောင်အိတ်နားတွင် ရပ်နေမိသည်။

အကယ်၍ သူ၏ဘဝတွင် အကြီးမားဆုံး အခွင့်အရေးကို လက်လွတ်လိုက်ရပါက ထိုဆုံးရှုံးမှုမှာ အလွန်ကြီးမားမည်ဖြစ်သည်။ သူတစ်သက်လုံး နောင်တရနေမည်မှာ သေချာသည်။ သို့သော် ထိုသို့ဖြစ်လာလျှင်ပင် သူ မိဘများကို အပြစ်တင်မည်မဟုတ်ပေ။ ၎င်းတို့က သူ့အတွက် စိုးရိမ်နေကြခြင်းသာဖြစ်သည်။ ယခုအချိန်တွင်မူ ၎င်းတို့အား သူရှင်းပြ၍ မရနိုင်သော အရာများစွာရှိနေသည်။

“ဝါး… မင်းက အစောကြီးရောက်နေတာပဲ လူငယ်လေး”

သူ့အနောက်မှ ကျယ်လောင်သော သမ်းဝေသံတစ်ခု ထွက်ပေါ်လာသဖြင့် ဝမ်ရှန်း လန့်သွားသည်။ သူအမြန်လှည့်ကြည့်လိုက်ရာ အပြာနှင့် အဖြူရောင်တာအိုဝတ်စုံကို ဝတ်ဆင်ထားသော တာအိုဆရာတစ်ဦးသည် တောင်တက်လမ်းအတိုင်း ခန့်ညားစွာ လမ်းလျှောက်လာသည်ကို တွေ့လိုက်ရသည်။

သူ့ခြေလှမ်းများမှာ ကျယ်ပြီး တောင်တက်လမ်းက မည်မျှပင် မတ်စောက်ပါစေ မြေပြန့်လမ်းပေါ်တွင် လျှောက်နေသကဲ့သို့ပင်။ ခြေလှမ်းအနည်းငယ်အတွင်း ဝမ်ရှန်းထံသို့ ရောက်ရှိလာပြီး အိပ်ချင်မူးတူးမျက်လုံးများဖြင့် စိုက်ကြည့်နေသည်။

စူးရှသော ဆပ်ပြာနံ့တစ်ခုက သူ့ထံသို့ ရိုက်ခတ်လာသည်။ ချင်ယန်ဇီသည် ယနေ့တွင် သူ၏ရုပ်ရည်ကို အထူးဂရုစိုက်ထားပုံရပြီး သူ၏တာအိုဝတ်စုံမှာလည်း သင်လွင်တောက်ပနေသည်။

သူသည် ငယ်စဉ်က မိန်းကလေးများ ဝိုင်းဝိုင်းလည်နေသူတစ်ဦးဖြစ်ခဲ့မှာ သေချာပေသည်။ ယခုအချိန်၌ပင် သူက အလွန်အိုမင်းပုံမရသေးချေ။

ဝမ်ရှန်း နှုတ်ခမ်းကို သပ်လိုက်သည်။

“ဆ... ဆရာ”

“အဲဒီလို ခေါ်ဖို့ မလိုသေးပါဘူး၊၊ လောလောဆယ်တော့ တာအိုဆရာလို့ပဲ ခေါ်ပါ၊၊ ငါ့တပည့်ဖြစ်ချင်ရင်တော့ နောက်ထပ် စမ်းသပ်ချက်နည်းနည်းတော့ ဖြတ်ကျော်ရဦးမယ်”

ချင်ယန်ဇီက ရယ်မောရင်း သူ၏စာအုပ်ဆိုင်ဟောင်းလေးကို ပြန်စီရန် လျှောက်သွားသည်။

သူသည် သူ၏ ကြိမ်ကုလားထိုင်ကို မှောက်လိုက်ပြီး ဟောင်းနွမ်းနေသော စာအုပ်များပေါ်တွင် တင်လိုက်သည်။

“ငါ ရှင်းပြစရာရှိတယ်၊၊ မင်းမိဘတွေဆီကနေ မင်းကို ဖျောင်းဖျပေးဖို့အတွက် အခကြေးငွေနဲ့ စားစရိတ်ကို ငါလက်ခံထားတယ်၊၊ ဒီနေ့ကနေ မင်း အထက်တန်းကျောင်းမစခင်အထိကတော့ ဝင်ခွင့်စိစစ်တဲ့ ကာလပဲ၊၊ ငါက မင်းရဲ့ စရိုက်နဲ့ ကိုယ်ကျင့်တရားကို စစ်ဆေးပြီးမှ တပည့်အဖြစ် လက်ခံသင့်၊မသင့် ဆုံးဖြတ်မယ်၊၊ မင်းမိဘတွေက မင်းကို လက်လျှော့သွားအောင် ဖျောင်းဖျပေးဖို့ ငါ့ကို ပိုက်ဆံပေးထားတာဆိုတော့ ငါက မင်းကို ပြင်းထန်တဲ့ လေ့ကျင့်ခန်းတွေ ပေးရမှာဖြစ်သလို တောင်ပေါ်ဘဝက ဘယ်လောက်ပင်ပန်းဆင်းရဲတယ်ဆိုတာကို ပြရလိမ့်မယ်၊၊ ဒါပေါ့… ငါတို့ဆီမှာ အင်တာနက်ရော… ဒလီပို့တဲ့ ဝန်ဆောင်မှုတွေရော ရှိပါတယ်၊၊ လောကီကမ္ဘာနဲ့လည်း မိုင်အနည်းငယ်ပဲ ဝေးတာပါ၊၊ ဒါပေမဲ့ မင်း အသားကျနေတဲ့ အရောင်အသွေးစုံတဲ့ လောကကြီးနဲ့တော့ လုံးဝတူမှာမဟုတ်ဘူး”

ဖျောင်းဖျခလား… ဒါကြောင့်ကိုး...

ဝမ်ရှန်း ခါးသီးစွာ ရယ်မောလိုက်ပြီး သူ့နဖူးကို ပြန်ရိုက်လိုက်မိသည်။ သူ့မိဘများသည် သူ့ကို အံ့အားသင့်အောင် အမြဲလုပ်နိုင်ကြသည်။

တကယ်ကြီးလား… အနာဂတ်ရဲ့ အင်မော်တယ်လမ်းစဉ်ပုဂ္ဂိုလ်ကြီးကို လာဘ်ထိုးတယ်ပေါ့…

ချင်ယန်ဇီက သူ၏ ခရီးဆောင်အိတ်ကို လှမ်းယူမည် ပြုသောအခါ ဝမ်ရှန်းက အမြန်ပင် ကိုယ်တိုင် ဆွဲလိုက်သည်။

“ကျွန်တော် သယ်လာပါ့မယ် ဆရာ၊၊ ဆရာ့ကို အလုပ်မရှုပ်စေချင်လို့ပါ”

ချင်ယန်ဇီက ထိုအခေါ်အဝေါ်ကို ပြင်မပေးတော့ဘဲ ရှေ့မှ ဦးဆောင်ထွက်ခွာသွားသည်။

“ဒီဘက်ကို လိုက်ခဲ့… ငါ့နေရာက တောင်နောက်ဘက်မှာ ရှိတယ်၊၊ ခြေလှမ်းကို ဂရုစိုက်ပါ၊၊ ဒီလမ်းက မပြုပြင်တာ ကြာပြီ”

“ဟုတ်ကဲ့ပါ”

ချင်ယန်ဇီက မြေပြန့်လမ်းပေါ်တွင် လျှောက်နေသကဲ့သို့ တောင်ပေါ်သို့ တက်သွားသည်ကို ကြည့်ရင်း ဝမ်ရှန်း သဘောကျစွာ မပြုံးဘဲမနေနိုင်တော့ချေ။

ဘာတွေပဲ ဖြစ်လာဖြစ်လာ၊၊ ဒီပုဂ္ဂိုလ်ကြီးကိုတော့ ငါဘယ်လိုနည်းနဲ့မဆို ကပ်တွယ်ထားရမယ်။

စာအုပ်ဆိုင်ဟောင်းလေးမှာ ပုယန်လို့ လူသိများတဲ့ တာအိုဆရာ ချင်ယန်ဇီနဲ့ တွေ့ဖို့အတွက် ငါ့ရဲ့ ဘဝနှစ်ခုစာ ကံကောင်းမှုတွေအားလုံးကို သုံးလိုက်ရတာပဲ ဖြစ်မယ်…

ဒါပေမဲ့ ကမ္ဘာဦးချီတွေ ပြန်မလာခင်တုန်းက ချင်ယန်ဇီက ဝူတန်းတောင်ပေါ်မှာ ဗေဒင်ဟောတဲ့ဆိုင် ဖွင့်ပြီး ဖြတ်သွားဖြတ်လာကလေးတွေကို လိမ်စားနေခဲ့တာပဲ။

ဒါကိုတော့ လုံးဝကို ယုံနိုင်စရာမရှိဘူး။

အတန်ကြာတက်လာပြီးနောက် ဝမ်ရှန်းသည် နောက်လှည့်ကြည့်လိုက်ရာ အဝေး၌ ခရမ်းရောင်တိမ်တိုက်ဘုရားကျောင်း၏ အမိုးစွန်းတစ်ခုကို မှိန်ပျပျမြင်လိုက်ရသည်။

တဖြည်းဖြည်းနှင့် ကျောက်သားလှေကားထစ်များမှာ ပျောက်ကွယ်သွားပြီး မြေလမ်းကလေး… ထို့နောက်တွင်တော့ ရေညှိတက်နေသော တောလမ်းလေးဖြစ်သွားသည်။

“ရှုခင်း ဘယ်လိုနေလဲ”

ချင်ယန်ဇီက ညင်သာစွာ မေးလိုက်သည်။

ခေါင်းငုံ့ပြီး လမ်းလျှောက်နေသော ဝမ်ရှန်းသည် ခေါင်းမော့ကြည့်လိုက်သည်။ ထိုအခါမှ သူတို့သည် တောင်တန်းများထဲသို့ ရောက်နေပြီဖြစ်ကြောင်း သတိပြုမိတော့သည်။ ပတ်ဝန်းကျင်ကို ကြည့်လိုက်ရာ လူသူမရှိသော တောအုပ်အတွင်းမှ မြူနှင်းများမှာ အဆက်မပြတ် ထွက်ပေါ်နေပြီး တောနက်ထဲသို့ လွင့်ပါးသွားကာ လူတိုင်းမြင်တွေ့ရသည့် တိမ်တောင်တိမ်လိပ်များသဖွယ် ဖြစ်ပေါ်နေသည်။

သူ၏ ယခင်ဘဝတွင် ထိုကဲ့သို့သော နေရာမျိုးကို ရှာဖွေရန်မှာ မဖြစ်နိုင်သလောက်ပင်။ ဝမ်ရှန်း ကျင့်ကြံခြင်းစတင်ချိန်တွင် တာအိုဂိုဏ်းအသီးသီးသည် ထိုကဲ့သို့သော နေရာများကို သိမ်းပိုက်ထားကြပြီး ဖြစ်သည်။

ထို့အပြင် ထိုစဉ်က သူ့တွင် ဆရာမရှိခဲ့ဘဲ အင်တာနက်မှရသော မန္တန်မှတ်စုများကိုသာ စုဆောင်းခဲ့ရသည်။ အကယ်၍ သူသည် ကျင့်ကြံရန်အတွက် ဤကဲ့သို့ ကောင်းမွန်သော နေရာတစ်ခုသို့ ခိုးဝင်နိုင်ခဲ့လျှင်ပင် ၎င်းသည် တောင်၏ အရင်းအမြစ်များကို ဖြုန်းတီးခြင်းသာ ဖြစ်ပေလိမ့်မည်။

ကျင့်ကြံခြင်းတွင် မှန်ကန်သော နည်းလမ်း၊ ကြွယ်ဝမှု၊ အဖော်များနှင့် သင့်တော်သောနေရာတို့ လိုအပ်ပေသည်။ ကြိုးစားအားထုတ်မှုနှင့် ထိုးထွင်းသိမြင်မှုတို့သည် အခြေခံမျှသာဖြစ်သည်။ ထို့ကြောင့် ကြိုးစားမှုတိုင်းသည် အမြဲတမ်း စိတ်ကျေနပ်ဖွယ်ရလဒ်ကို မပေးနိုင်ခြင်းဖြစ်သည်။

ဝမ်ရှန်းသည် ထိုသဘောတရားကို အလွန်ကောင်းမွန်စွာ နားလည်ထားလေသည်။

တောအုပ်တစ်ခုကို ပတ်ပြီးနောက် ချင်ယန်ဇီက ပြုံးလိုက်သည်။

“ရောက်ပြီ၊၊ ဘယ်လိုလဲ စိတ်ပျက်စရာကြီးဖြစ်နေလား”

ဝမ်ရှန်းသည် ခရီးဆောင်အိတ်ကို ဆွဲကာ ချင်ယန်ဇီနားသို့ အမြန်သွားပြီး ဘယ်ဘက်သို့ စောင်းကြည့်လိုက်ရာ စိမ်းပြာရောင်အုတ်ကြွပ်များဖြင့် မိုးထားသော အိမ်ငယ်အချို့နှင့် ဟောင်းနွမ်းနေသောခြံဝင်းတစ်ခုကို တွေ့လိုက်ရသည်။

အမိုးစွန်းများတွင် မြက်ပင်များ ပေါက်နေပြီး နံရံများသည် ဆေးများကွာကျနေကာ ခြံဝင်းတံခါးမှာလည်း တစ်ဝက်သာ ကျန်တော့သည်။

ဒီအန္တရာယ်ရှိတဲ့ အဆောက်အအုံတွေက ရာစုနှစ်နဲ့ချီနေလောက်ပြီ၊၊ လူတွေ နေလို့ရသေးတာ အံ့သြစရာပဲ။

“ဘယ်လိုထင်လဲ” ချင်ယန်ဇီက ပြုံးလျက် မေးသည်။

ဝမ်ရှန်းက ခေါင်းကုတ်လိုက်သည်၊၊

“ဒါက... အရမ်း အေးချမ်းတာပဲ”

ချင်ယန်ဇီက ခေါင်းမော့ကာ အားရပါးရရယ်မောလိုက်သည်။

သူ၏ဆရာမှာ ရယ်မောရသည်ကို အလွန်နှစ်သက်ကြောင်းနှင့် ရယ်လိုက်လျှင်လည်း အလွန်ကြည့်ကောင်းကြောင်း ဝမ်ရှန်း သတိပြုမိသည်။ အလှအပဆိုင်ရာ ရှုထောင့်မှ ကြည့်လျှင် ချင်ယန်ဇီသည် ငယ်စဉ်က အမျိုးသမီးဘုရားဖူးများစွာကို ညှို့ယူဖမ်းစားခဲ့မှာ သေချာသည်ဟု ဝမ်ရှန်း ယုံကြည်လေသည်။ ယခုအချိန်တွင်ပင် သူ့၌ ထူးခြားသော ဆွဲဆောင်မှု ရှိနေသေးသည်။

ဒီနေ့ကစပြီး ဒီပုဂ္ဂိုလ်ကြီးကိုပဲ အားကိုးရတော့မယ်၊၊ ငါတပည့်ကောင်းတစ်ယောက်ဖြစ်အောင် လုပ်ရမယ်။

ချင်ယန်ဇီက သူ၏ အင်္ကျီလက်စကို ဝေ့ယမ်းလိုက်ပြီး ဝမ်ရှန်းကို ခြံဝင်းတံခါးအတွင်းသို့ ခေါ်ဆောင်သွားသည်။

“စုတ်ပြတ်နေတဲ့ ဒီအိမ်လေးထဲမှာ လောကီအပူအပင်တွေ ကင်းဝေးပြီး လွတ်လပ်နေတဲ့ ဝိညာဉ်တစ်ခုရှိတယ်၊၊ ရွှမ်းလေး... မင်းရဲ့ ဂျူနီယာမောင်လေးနဲ့ မတွေ့ချင်ဘူးလား၊၊ လာကြည့်ဦး”

ချင်ယန်ဇီက အော်ပြောလိုက်သည်။

ဝမ်ရှန်းသည် မျက်တောင်ခတ်ရင်း ချင်ယန်ဇီတွင် အခြားတပည့်တစ်ဦးရှိသေးကြောင်း ပြောခဲ့သည်ကို ရုတ်တရက် သတိရသွားသည်။

ငါ့မှာ စီနီယာအစ်ကို ဒါမှမဟုတ် အစ်မရှိတာလား…

ထို့နောက် ခြံဝင်းတံခါးနှင့် မျက်နှာချင်းဆိုင်ရှိ အိမ်၏ စက္ကူကပ်ထားသော ပြတင်းပေါက်လေးမှာ အနည်းငယ် ပွင့်ဟလာသည်ကို ဝမ်ရှန်း သတိပြုမိလိုက်သည်။ ထိုအပေါက်လေးမှတစ်ဆင့် စပ်စုသော မျက်လုံးတစ်စုံသည် ခြံဝင်းအတွင်းရှိ မြင်ကွင်းကို ကြည့်ရှုနေသည်။

အရမ်းကြည်လင်တဲ့ မျက်လုံးတွေပဲ...

ချင်ယန်ဇီက အိမ်ထဲသို့ ဝင်သွားသည်။

“လာလေ၊၊ အဲဒီမှာ ရပ်မနေနဲ့”

အကြောင်းရင်းတစ်စုံတစ်ခုကြောင့် ဝမ်ရှန်း စိတ်လှုပ်ရှားနေမိသည်။ သူ၏စီနီယာမှာ မည်သို့ပုံစံရှိမည်ကိုလည်း မသိစိတ်မှ စူးစမ်းနေမိသည်။

မှန်အချို့တပ်ဆင်ထားသော အိမ်၏ တံခါးနှစ်ချပ်မှာ စက္ကူကပ်ထားသော ပြတင်းပေါက်များထက် လေဒဏ်ကို ပို၍ ခံနိုင်ရည်ရှိပုံရသည်။

ချင်ယန်ဇီသည် ခြေထောက်တစ်ဖက် ကျိုးနေသော ဟောင်းနွမ်းနေသော ကုလားထိုင်တစ်ခုပေါ်တွင် ထိုင်လိုက်သည်။ ထိုအချိန်တွင် ဝမ်ရှန်း၏ အကြည့်မှာ အနီးရှိ မြေကြီးခုတင်ပေါ်သို့ ရောက်ရှိသွားပြီး ပြုံးလိုက်မိသည်။

စီနီယာအစ်မပဲကိုး၊၊ တကယ်ကို ငယ်ရွယ်ပြီး အလှလေးပဲ၊၊

သူမသည် အားနည်းပုံရပြီး အသက် တစ်ဆယ့်နှစ်နှစ် သို့မဟုတ် တစ်ဆယ့်သုံးနှစ်ခန့်သာရှိဦးပေမည်။ ဆံပင်တိုတိုကို သေသပ်စွာညှပ်ထားပြီး အကြိမ်ကြိမ်လျှော်ဖွတ်ထားလွန်းသဖြင့် မူလအရောင်ကိုပင် မခွဲခြားနိုင်တော့သော တီရှပ်တစ်ထည်ကို ဝတ်ဆင်ထားသည်။ ပြတင်းပေါက်နားတွင် တင်ပျဉ်ခွေထိုင်ရင်း ခေါင်းကို အသာစောင်းကာ သူ့ကို စူးစမ်းကြည့်နေသည်။

သူမသည် အလွန်လှပနေသည်မျိုးမဟုတ်သော်လည်း ရုပ်ရည်မှာ အချိုးအစားကျကာ နုနယ်ပြီး တက်ကြွသော ဆွဲဆောင်မှုရှိလေသည်။

ဒီလိုအချိန်မျိုးမှာ ဘယ်လိုတုံ့ပြန်ရမလဲ… ခရီးဆောင်အိတ်ထဲက မုန့်တွေကို ထုတ်ပြီး ပေးရမလား…

ဒါပေမဲ့ အဲဒါက ပရဟိတလာလုပ်သလိုများ ဖြစ်သွားမလား။

ဒီနေရာက ဘယ်လောက်ပဲ ရိုးရှင်းပါစေ၊၊ ငါ ဒီကိုလာရတဲ့ အကြောင်းရင်းကိုတော့ မမေ့ရဘူး၊၊ အဲဒါက တပည့်ခံဖို့၊ တာအိုကို သင်ယူဖို့နဲ့ ငါ့ကံကြမ္မာကို ပြောင်းလဲဖို့ပဲ။

ဝမ်ရှန်းက ရိုသေစွာ လက်သီးဆုပ်လိုက်သည်။

“စီနီယာအစ်မကို အရိုအသေပေးပါတယ်၊၊ ကျွန်တော့်နာမည်က ဝမ်ရှန်းပါ၊၊ နောက်ပိုင်းမှာ ကျွန်တော့်ကို လမ်းညွှန်ပေးဖို့ မျှော်လင့်ပါတယ်”

“အွန်း”

ထိုမိန်းကလေးသည် မျက်တောင်ခတ်လိုက်ပြီးနောက် တောက်ပစွာ ပြုံးပြလိုက်သည်။ သူမသည်လည်း သူ့ကဲ့သို့ပင် လက်သီးဆုပ်ကာ ရွှင်ပျစွာ ပြန်တုံ့ပြန်လိုက်သည်။

ဘေးတွင်ရှိနေသော ချင်ယန်ဇီက ညင်သာစွာ ရယ်မောလိုက်သည်။ ယခု သူသည် ဝမ်ရှန်းကို ပို၍ လက်ခံသဘောကျလာသည်။

“သူက သူစိမ်းတွေနဲ့ဆိုရင် ရှက်တတ်တယ်”

ချင်ယန်ဇီက ပြောသည်။

“သူ မင်းကို ပုန်းမနေဘူးဆိုတာက မင်းတို့နှစ်ယောက်ကြားမှာ ရေစက်အနည်းငယ်ရှိနေလို့ပဲ၊၊ ရွှမ်းလေးက ဒီနှစ်မှာ အသက် ၁၈နှစ် ရှိပြီ၊၊ တစ်သက်လုံး ဂိုဏ်းထဲမှာပဲ နေလာတာပဲ၊၊ မင်းက ငါ့တပည့်မဖြစ်လာသေးပေမဲ့ သူ့ကို စီနီယာအစ်မလို့ ခေါ်တာ မမှားပါဘူး”

တစ်ဆယ့်ရှစ်နှစ်လား… ဂိုဏ်းထဲမှာ နေတာ ၁၈နှစ် ရှိပြီပေါ့။ မွေးကတည်းက ဆရာကပဲ ပြုစုပျိုးထောင်လာတာလား….

မွေးကတည်းက...

ဒီကိစ္စရဲ့ နောက်ကွယ်မှာ ဇာတ်လမ်းတစ်ပုဒ်ရှိနေမှာ သေချာသော်လည်း ဝမ်ရှန်းသည် သူမ ရှေ့တွင် ထိုအကြောင်းကို မမေးဝံ့ပေ။

“ကဲ... မင်းတို့ဘာသာ မိတ်ဆက်ကြဦး”

ချင်ယန်ဇီက ဆက်ပြောသည်။

“မင်းက ဝင်ခွင့်စမ်းသပ်ချက်ကို မအောင်မြင်ရင်တောင် ငါ့ရဲ့ အပြင်တပည့်တစ်ယောက်အဖြစ် နေလို့ရပါတယ်”

ဝမ်ရှန်းလည်း ရွေးချယ်စရာမရှိတော့သဖြင့် နောက်တစ်ကြိမ် မိတ်ဆက်လိုက်ရသည်၊၊

“အမ်း... ဟုတ်ကဲ့... စီနီယာအစ်မ မင်္ဂလာပါ၊၊ ကျွန်တော်က ဝမ်ရှန်းပါ”

ခုတင်ပေါ်ရှိ စီနီယာအစ်မက သူ့ကို မှတ်မိသွားကြောင်း အတည်ပြုသည့်အလား ခေါင်းကို လေးနက်စွာ ပြန်ညိတ်ပြသည်။

“အွန်း”

ဝမ်ရှန်းက သူ၏ဆရာကို စူးစမ်းသော မျက်လုံးများဖြင့် ကြည့်လိုက်သည်။

ချင်ယန်ဇီက သက်ပြင်းချလိုက်သည်။

“ရွှမ်းလေးက မွေးရာပါချို့ယွင်းချက်တစ်ခုပါလာတယ်၊၊ ငါ ဒီနှစ်တွေတစ်လျှောက် ဆေးဝါးတွေနဲ့ ကုသပေးခဲ့ရတယ်၊၊ အခုတော့ အများကြီးသက်သာသွားပါပြီ၊၊ ဒါပေမဲ့ စကားအများကြီးမပြောနိုင်တဲ့ အခြေအနေမျိုးတော့ ကျန်နေသေးတယ်၊၊ ငါ သူမကို နာမည်ပေးထားတယ်… ‘မု' က မြက်ခင်းပြင်… ‘ဝမ်’ ကတော့ ဆံပင်စည်းနှောင်ခြင်းဖြစ်ပြီး ‘ရွှမ်း’ ကတော့ အပင်တစ်မျိုးရဲ့ တရုတ်စာလုံးဖြစ်တယ်”

မုက မျိုးရိုးနာမည်လား။ အဲဒါက တွေ့ရခဲတာပဲ။ ဆရာက နာမည်ပေး တကယ်တော်တာပဲ။ ဝမ်ရွှမ်း... ဝမ်...

“မုဝမ်ရွှမ်း”

ဝမ်ရှန်းက ထိတ်လန့်တကြားလှည့်ကြည့်လိုက်ရာ ချင်ယန်ဇီလည်း လက်ဖက်ရည် သီးမလိုပင် ဖြစ်သွားရသည်။

“ဘာလို့ မင်းက ထူးဆန်းနေရတာလဲ”

“ကျွန်တော့်စီနီယာအစ်မက မုဝမ်ရွှမ်းလား”

“ဟုတ်တယ်လေ”

ချင်ယန်ဇီက ရယ်လိုက်သည်။

“ငါကိုယ်တိုင် နာမည်ပေးထားတာပဲ၊၊ မင်းကို နာမည်မှားပြောပါ့မလား”

ဂျူနီယာမောင်လေး၏ အမူယာကြောင့် စီနီယာအစ်မသည် သဘောကျစွာ ရယ်မောနေသည်။

ဝမ်ရှန်းသည် အသက်ပြင်းပြင်းရှူလိုက်ပြီး သူ့ရင်ဘတ်ကို လက်ဖြင့်ဖိကာ စိတ်အေးအေးထားရန် သူ့ကိုယ်သူ အကြိမ်ကြိမ်သတိပေးနေမိသည်။ အင်မော်တယ်လမ်းစဉ်ရဲ့ ကောင်းကင်အဆင့်ဇယား ထိပ်သီးပညာရှင်အယောက် ၁၀၀ ထဲမှာ အဆင့် ၈ ဒါမှမဟုတ် ၉ ချိတ်တဲ့ နာမည်ကျော် ‘နတ်သမီးပုယွီ’ က အခု ဒီမြေကြီးခုတင်ပေါ်မှာ ထိုင်နေတာပဲဟူသော အတွေးကြောင့် စိတ်ကို မနည်းထိန်းချုပ်နေရသည်။

ဒါက မဖြစ်နိုင်ဘူး။ ဗီဒီယိုတစ်ခုထဲမှာ တစ်ကမ္ဘာလုံးကို အံ့အားသင့်စေခဲ့တဲ့ အစိမ်းရောင်ဝတ်စုံနဲ့ ကျော့ရှင်းတဲ့ နတ်သမီးလေးက... ဘယ်လိုဖြစ်ပြီး ဒီလောက် သေးသေးသွယ်သွယ်နဲ့ အားနည်းနေရတာလဲ။

“ဆရာ၊၊ ကျွန်တော် ခဏလောက် ထိုင်လို့ရမလား”

“ငါတို့ဆီမှာ တင်းကျပ်တဲ့ ဓလေ့ထုံးတမ်းတွေ မရှိပါဘူး၊၊ ကိုယ့်အိမ်ကိုယ်လိုပဲ သဘောထားပါ”

“ကျေးဇူးတင်ပါတယ် ဆရာ”

ဝမ်ရှန်းသည် ခြေထောက်များ အနည်းငယ် တုန်ယင်လျက် ခုတင်ပေါ်တွင် ထိုင်လိုက်သည်။ သူသည် တစ်ယောက်ကို ကြည့်လိုက်၊ နောက်တစ်ယောက်ကို ကြည့်လိုက်နှင့် လုပ်နေမိသည်။

တာအိုဆရာ ပုယန်။

နတ်သမီး ပုယွီ။

ဟုတ်သားပဲ၊၊ သူတို့ရဲ့ နာမည်‌ပြောင်တွေက အတော်လေးတူနေတာပဲ။ ငါ ဒီထိပ်သီးပညာရှင်တွေရဲ့ သတင်းတွေကို ဒီလောက်နှစ်တွေအကြာကြီး စောင့်ကြည့်နေခဲ့ပြီးတော့… သူတို့က ဆရာနဲ့ တပည့်ဖြစ်နေမယ်လို့ ဘာလို့ တစ်ခါမှ မတွေးမိခဲ့တာလဲ။

“ဆရာ၊၊ ကျွန်တော် ခြံထဲမှာ သွားကြည့်လိုက်ဦးမယ်”

ဝမ်ရှန်းသည် အိမ်ထဲမှ ခြေနှစ်လှမ်းတည်းဖြင့် ပြေးထွက်သွားပြီး ယနေ့အတွက် တတိယအကြိမ်အဖြစ် သူ့ပေါင်ကို သူ ပြန်ဆိတ်ကြည့်သည်။ ထို့နောက် ငြိမ်သက်စွာ ရပ်နေရင်း မထိန်းနိုင်ဘဲ အားရပါးရ ရယ်မောလိုက်မိသည်။

ကောင်းကင်အဆင့်ရဲ့ ထိပ်သီးဆယ်ယောက်ထဲက နှစ်ယောက်က ငါ့ကို ကာကွယ်ပေးနေတာပဲ။ ဒီအချိန်ကစပြီး တစ်ကမ္ဘာလုံးက ငါ့လက်ခုပ်ထဲမှာပဲ….

“ဟားဟားဟားဟား”

အိမ်ထဲတွင်မူ လူနှစ်ယောက်သည် တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြသည်။ မိန်းကလေးက အပြင်ဘက်သို့ လက်ညှိုးထိုးပြပြီးနောက် သူမ၏ခေါင်းကို လက်ဖြင့် တို့ပြသည်။

ချင်ယန်ဇီက စိတ်မကောင်းသည့်အမူယာဖြင့် သက်ပြင်းချလိုက်ပြီးနောက် ခေါင်းညိတ်ပြသည်။

“သူက သာမန်ကလေးဆိုရင် ဒီလိုနေရာမျိုးမှာ ဒုက္ခခံဖို့ ရောက်လာပါ့မလား၊၊ စီနီယာအစ်မတစ်ယောက်အနေနဲ့ သူ့ကို ကောင်းကောင်းဂရုစိုက်ပေးလိုက်ပါဦး”

မိန်းကလေးက သဘောတူသည့်အလား ခေါင်းညိတ်ပြသည်။

“အွန်း”

ခြံဝင်းအတွင်း၌ စိတ်ပြန်တည်ငြိမ်သွားသော ဝမ်ရှန်းကို ကြည့်ရင်း ချင်ယန်ဇီက ပြုံးလိုက်သည်။ ခြံဝင်းအတွင်းရှိ နွေးထွေးသော နံနက်ခင်း နေရောင်ခြည်သည် ထိုကောင်လေးအပေါ်သို့ နူးညံ့စွာကျရောက်နေသည်။

“ကောင်းတယ်… သူ့မှာ သင့်တော်တဲ့ အသက်အရွယ်ရှိတယ်”

မှတ်ချက်-

ပုယွီ- စကားမပြောခြင်းဟု အဓိပ္ပာယ်ရသည်။

All Chapters