← Chapters

ဝင်ခွင့်စမ်းသပ်ချက်များ

Vol. 1 Ch. 6

ဝင်ခွင့်စမ်းသပ်ချက်များ

Vol. 1 Ch. 6

ဝမ်ရှန်း၏ အခန်းသည် အိမ်မကြီးထဲတွင်ရှိပြီး စီနီယာအစ်မ၏ မြေကြီးခုတင်နှင့် နံရံပါးပါးတစ်ချပ်၊ လိုက်ကာတစ်ခုသာခြားသည်။

ဘေးခန်းတွင် နေထိုင်သော ချင်ယန်ဇီသည် ဝမ်ရှန်းအား နေရာအနှံ့လိုက်ပြပေးသည်။

ဘေးခန်းမှာလည်း အိမ်မကြီးကဲ့သို့ပင် ရိုးရှင်းစွာ ပြင်ဆင်ထားသည်။ ရေတိုင်ကီတစ်ခု၊ သစ်သားခုတင်တစ်လုံး၊ LCD တီဗွီအသေးဟောင်းတစ်လုံးနှင့် ဖုန်များ ထူထပ်စွာ တက်နေသည့် Laptop တစ်လုံးသာ ရှိသည်။

ဗီရိုထဲတွင် အဝတ်အစားများကို ဖြစ်သလို စုပုံထားပြီး ထိုအထဲတွင် မလျှော်ရသေးသည်မှာ မည်မျှကြာပြီမှန်း မသိသည့် ညစ်ပတ်နေသော တာအိုဝတ်စုံအချို့လည်း ပါဝင်သည်။

အိမ်မကြီးထဲသို့ ပြန်ရောက်သောအခါ ဝမ်ရှန်းအတွက် ပြင်ဆင်ပေးထားသော သစ်သားခုတင်ပေါ်ရှိ စောင်မှာ ချင်ယန်ဇီ၏ ကိုယ်သင်းနံ့ကို ရနေသည်ကို သူသတိပြုမိလိုက်သည်။ ၎င်းမှာ ချင်ယန်ဇီ၏ ခုတင်ပေါ်မှ တိုက်ရိုက်ယူလာခြင်း ဖြစ်နိုင်သည်။ အနည်းငယ် အားနာမိသော်လည်း ဆရာဖြစ်သူ၏ စေတနာကို စိတ်ထဲမှ ကျေးဇူးတင်နေမိသည်။

တစ်နာရီခန့် အနားယူပြီးနောက် ချင်ယန်ဇီက သူ့ကို ခြံဝင်းထဲသို့ ခေါ်လိုက်သည်။

စီနီယာအစ်မသည် နေရောင်ခြည်ကို ရှောင်ရန်အတွက် ကုလားထိုင်ကြီးတစ်လုံးကို တံခါးဝသို့ ဆွဲထုတ်လာပြီး ခြေထောက်လေးများကို ပျော်ရွှင်စွာ လွှဲယမ်းနေသည်။

“စည်းမျဉ်းတွေအရ ငါ့တပည့်အဖြစ် တရားဝင်လက်မခံခင်မှာ စမ်းသပ်ကာလတစ်ခုကို မင်း ကျော်ဖြတ်ရမယ်၊၊ မင်းမိဘတွေ ဖျောင်းဖျခပေးထားလို့ ဒီစမ်းသပ်ချက်တွေကို ရင်ဆိုင်ရတာတော့ မဟုတ်ဘူးနော်”

ချင်ယန်ဇီသည် ဝတ်စုံတွေ အထပ်ထပ်ဝတ်ရသည်မှာ အလွန်ပူအိုက်သဖြင့် သူ၏ တစ်စုံတည်းသော အကောင်းစားတာအိုဝတ်စုံကို လဲလှယ်ထားပြီးဖြစ်သည်။

“စိတ်ကို ပြင်ဆင်ထားပါ၊၊ ကိုယ့်ကိုယ်ကိုယ်လည်း အတင်းအကျပ်ဖိအားမပေးနဲ့”

ချင်ယန်ဇီက ပြုံးလျက် ဆက်ပြောသည်။

“တကယိလို့ မင်းအတွက် အရမ်းခက်ခဲလို့ ထွက်သွားချင်တယ်ဆိုရင်လည်း ငါ အတင်းဆွဲထားမှာမဟုတ်ဘူး”

“ဆရာက ကျွန်တော့်ကို တောင်ပေါ်ကနေ မောင်းမချသရွေ့ ဘာပဲဖြစ်ဖြစ် ကျွန်တော်လက်လျှော့မှာ မဟုတ်ပါဘူး” ဝမ်ရှန်းက တည်ငြိမ်စွာ ပြန်ပြောသည်။

“ကောင်းပြီ၊၊ မင်းမှာ လူငယ်ပီသတဲ့ စိတ်ဓာတ်ရှိတာပဲ” ချင်ယန်ဇီက ခေါင်းညိတ်ရင်း ခြံဝင်းထောင့်ရှိ ကျောက်ကြိတ်ဆုံကို ညွှန်ပြလိုက်သည်။

“ဟိုမှာရှိတဲ့ ကြိတ်ဆုံကို မြင်လား၊၊ အဲဒါကို ဘယ်လိုသုံးရမလဲ သိလား”

“အင်တာနက်မှာ မြင်ဖူးပါတယ်”

“အရမ်းကောင်းတယ်၊၊ ဒါဆို စလိုက်တော့၊၊ နေ့လယ်စာ မစားခင် ဟိုဂျုံနှစ်အိတ်ကို ဂျုံမှုန့်ဖြစ်အောင် ကြိတ်ထားလိုက်”

“ဟုတ်ကဲ့ပါ”

ဝမ်ရှန်းသည် တိုက်ပွဲတစ်ခုအတွက် ပြင်ဆင်သည့်အလား အားတက်သရောသွားလိုက်သည်။ ပထမဆုံး စက်ယန္တရားကို သေချာစစ်ဆေးသည်။ လေးလံသော ကျောက်ပြားနှစ်ချပ်သည် ဂျုံများကို မှုန့်သွားအောင် ပူးပေါင်းကြိတ်ခြေရခြင်းဖြစ်ကြောင်း သူ နားလည်သွားသည်။ ၎င်းမှာ ရှေးဟောင်းရုပ်ရှင်များထဲမှ မြင်ကွင်းများကို သတိရစေသည်။

ဂျုံစေ့များကို ကြိတ်ဆုံအလယ်ရှိ အပေါက်ထဲသို့ လောင်းထည့်ပြီးနောက် လက်ကိုင်ကို ကိုင်ကာ စတင်တွန်းလိုက်သည်။ ကျောက်ပြားများ၏ အသွားများ အချင်းချင်း ထိတွေ့ကြိတ်ခြေမိသည်နှင့် ဂျုံမှုန့်လေးများ စတင်ထွက်ပေါ်လာသည်။ ဤသည်မှာ ရှေးလူကြီးတို့၏ အတတ်ပညာပင်ဖြစ်သည်၊၊

သူ ထင်ထားသလောက်တော့ မခက်ခဲလှချေ။

ဝမ်ရှန်းသည် ခွန်အားချွေတာရန်အတွက် သစ်သားလက်ကိုင်၏ အစွန်းနားမှ ကိုင်ကာ စည်းချက်မှန်မှန် လှည့်၍ တွန်းနေသည်။

၎င်းကို မြင်သောအခါ ချင်ယန်ဇီက ချီးကျူးကာ ခေါင်းညိတ်သည်။

“မလောဘူး၊ စိတ်မလှုပ်ရှားဘူး၊ စိတ်တည်ငြိမ်သားပဲ”

ထို့နောက် ချင်ယန်ဇီက လှည့်လိုက်သည်၊၊

“ရွှမ်းလေး… အအေးဓာတ် ကုန်သွားပြီ၊၊ အပြင်ထွက်ပြီး လေ့ကျင့်လို့ ရပြီ”

“အွန်း”

အထဲမှ ရွှင်ပျသော အသံလေးတစ်ခုထွက်ပေါ်လာသည်။

မုဝမ်ရွှမ်းသည် အိမ်ထဲမှ သွက်လက်စွာ ခုန်ထွက်လာသည်။

ဝမ်ရှန်းသည် သူမကို တစ်ချက်လှမ်းကြည့်လိုက်မိပြီး စီနီယာအစ်မသည် အနည်းငယ် ခန္ဓာကိုယ်ဖွံ့ဖြိုးမှု အားနည်းနေသကဲ့သို့ ခံစားရသည်။ သူ့စိတ်ထဲတွင် အတွေးတစ်ခု လက်ခနဲ ဖြတ်ပြေးသွားသည်။

သူမရဲ့ အာဟာရဓာတ် ပိုကောင်းလာအောင် ငါ ဘယ်လိုကူညီပေးရမလဲ။

ခြံဝင်းတံခါးမှတစ်ဆင့် သူ ကြည့်လိုက်ရာ ဆရာနှင့် စီနီယာအစ်မတို့သည် အိမ်ရှေ့ရှိ ချောမွတ်သော ကျောက်သားထိုင်ခုံနှစ်လုံးပေါ်တွင် တင်ပျဉ်ခွေထိုင်ကာ ငြိမ်သက်စွာ တရားထိုင်နေကြသည်ကို တွေ့လိုက်ရသည်။

ဝမ်ရှန်း၏ ရင်ထဲတွင် စိတ်လှုပ်ရှားမှုများ လှိုင်းထလာသည်။

ဒါဆို ဒါက တကယ်ပေါ့၊၊ ကမ္ဘာဦးချီတွေ မရှိသေးပေမဲ့လည်း ကျင့်ကြံခြင်း ထုံးတမ်းစဉ်လာတွေက ကျန်နေသေးတာပဲ။ ချင်ယန်ဇီက အခြားတာအိုဆရာတွေလိုပဲ ဒီလို တရားထိုင်တာကို စိတ်ငြိမ်အောင် လုပ်တဲ့ ဖြစ်စဉ်တစ်ခုလို့ သဘောထားရင်တောင် နှစ်ပေါင်းများစွာ လေ့ကျင့်ထားတဲ့ အရှိန်အဝါတွေကတော့ အံ့မခန်းဖြစ်နေမှာပဲ။ ကမ္ဘာဦးချီတွေ ပြန်ရောက်လာတဲ့အခါ သူတို့တွေက သာမန်လူထက် အများကြီးပိုသန်မာလာမှာ မဆန်းပါဘူး။

ဝမ်ရှန်း ပြုံးလိုက်မိသည်။ ပို၍ အားတက်လာသဖြင့် သူ၏ အလုပ်ထဲသို့ ပြန်လည် အာရုံစိုက်လိုက်သည်။

အကယ်၍ သူသာ ဝင်ခွင့်စမ်းသပ်ချက်များကို အောင်မြင်လျှင် ဆရာက သူ့ကို ကျင့်ကြံခြင်း နည်းလမ်းအချို့သင်ပေးလာပေလိမ့်မည်။

မျှော်လင့်မထားဘဲ ထိပ်သီးပညာရှင်နှစ်ယောက်နှင့် ဆက်နွှယ်ခွင့်ရခဲ့သော်လည်း ဝမ်ရှန်းသည် ၎င်းတို့၏ အကာအကွယ်ကိုသာ အားကိုးရန် စိတ်မကူးမိပေ။ ထို့ကြောင့် သူကိုယ်တိုင် သန်မာလာရန်ထက် အရေးကြီးသောအရာမရှိချေ။

စီနီယာအစ်မကို မကျော်တက်နိုင်လျှင်ပင် နောက်ကောက် ကျမနေရန် လိုအပ်သည်။ ကောင်းကင်အဆင့်သတ်မှတ်ချက်ကို မျှော်လင့်ရန်မှာ လောလောဆယ် အလွန်ရည်မှန်းချက်ကြီးရာ ရောက်နေသော်လည်းမြေကမ္ဘာအဆင့်၊ မော်တယ်အဆင့်နှင့် ပါရမီရှင်အသစ် သတ်မှတ်ချက်များမှာမူ ရနိုင်စရာရှိသည်။

တစ်လှမ်းချင်းစီပဲ၊၊ တည်တည်ငြိမ်ငြိမ်နဲ့ အာရုံစိုက်ရမယ်…

နှစ်နာရီခန့် တရားထိုင်ပြီးနောက် မုဝမ်ရွှမ်းသည် မျက်လုံးဖွင့်လာကာ လွန်ခဲ့သော ဆယ်စုနှစ်ကျော်က သီချင်းလေးများကို တိုးတိုးလေး ညည်းဆိုနေသည်။ သူမသည် ဝမ်ရှန်း၏ ကြိတ်ဆုံနားသို့ လမ်းလျှောက်လာပြီး ဂျုံကြိတ်နေသည်ကို တိတ်ဆိတ်စွာ ကြည့်နေသည်။

“ဟေး”

ချွေးများဖြင့် ရွှဲနစ်နေသော ဝမ်ရှန်းက ခေါင်းမော့ကာ ရှက်ပြုံးလေးဖြင့် နှုတ်ဆက်လိုက်သည်။ သူ၏ ခြောက်သွေ့အက်ကွဲနေသော နှုတ်ခမ်းများကို မုဝမ်ရွှမ်းက ချက်ချင်း သတိပြုမိသွားသည်။

မုဝမ်ရွှမ်း မျက်တောင်ခတ်လိုက်ပြီး အိမ်ထဲသို့ ပြေးဝင်သွားသည်။ မကြာမီမှာပင် ရေနွေးသောက်ပန်းကန်လုံးအကြီးကြီးကို လက်နှစ်ဖက်ဖြင့် ကိုင်ကာ ရေတစ်စက်မှ မဖိတ်စင်အောင် သတိထားလျက် ပြန်ထွက်လာသည်။

သူမက ထိုပန်းကန်ကို လှမ်းပေးလိုက်သည်။

“အွန်း”

“ကျေးဇူးတင်ပါတယ် စီနီယာအစ်မ”

လည်ချောင်းများ ခြောက်ကပ်နေသော ဝမ်ရှန်းက ပြောလိုက်သည်။ ပန်းကန်ကို ကိုင်ထားသည့် သူ့လက်များမှာ အနည်းငယ် တုန်ယင်နေသော်လည်း သူသည် ရေကို အငမ်းမရသောက်လိုက်မိသည်။

စီနီယာအစ်မက သူ၏ အင်္ကျီလက်ကို ဆွဲကာ အိမ်ထဲသို့ ညွှန်ပြသည်။ ဝမ်ရှန်းက ပြုံးပြီး ခေါင်းခါပြလိုက်သည်။

“ကျွန်တော် တစ်ဝက်ပဲ ပြီးသေးတယ်၊၊ အလုပ်အရင်ပြီးအောင် လုပ်လိုက်ပါ့မယ်၊၊ စီနီယာအစ်မ အထဲ ပြန်ဝင်နေလေ၊၊ အပြင်မှာ နေပူတယ်”

မုဝမ်ရွှမ်းသည် အပြင်ဘက်တွင် တရားထိုင်နေဆဲဖြစ်သော ချင်ယန်ဇီကို တစ်ချက်ကြည့်လိုက်ပြီး မချင့်မရဲပြုံးလိုက်သည်။ အထဲသို့ ဝင်မသွားဘဲ သူမသည် ထိုင်ခုံလေးတစ်လုံး သွားယူကာ အရိပ်ထဲတွင် ထိုင်လျက် ဝမ်ရှန်း ကြိတ်ဆုံတွန်းနေသည်ကို ထိုင်ကြည့်နေလေသည်။

ဝမ်ရှန်းတွင် လေးလတာ ကာယလေ့ကျင့်ခန်းအခြေခံရှိသော်လည်း ဤကဲ့သို့ အလုပ်မျိုးကို ပထမဆုံးအကြိမ်လုပ်ဖူးခြင်း ဖြစ်သည်။ ဂျုံမှုန့်နှစ်အိတ် ကြိတ်ပြီးသွားချိန်တွင် သူ၏ ကျောမှာ အလွန်နာကျင်နေသဖြင့် ခါးပင် မဆန့်နိုင်တော့ချေ။

ကံကောင်းထောက်မစွာပင် ချင်ယန်ဇီသည် နှလုံးသားမရှိသော ဆရာတစ်ဦး မဟုတ်ပေ။ နေ့လယ်စာမှာ အတော်လေး ကောင်းမွန်သည်။ သူသည် ခရမ်းရောင်တိမ်တိုက်ဘုရားကျောင်းရှိ ထမင်းစားဆောင်မှ သက်သက်လွတ်ပေါက်စီနှင့် ခေါက်ဆွဲပြုတ်များကို ဝယ်ယူလာခဲ့သည်။

ဝမ်ရှန်းသည် ဤမျှအများကြီး မစားခဲ့သည်မှာ ကြာပြီဖြစ်သည်။ စားပြီးနောက်တွင် သူသည် လက်ဖျားပင် မလှုပ်ချင်လောက်အောင် ကုလားထိုင်ပေါ်တွင် ပုံကျသွားသည်။ သို့သော်လည်း အငယ်ဆုံးတပည့်ဖြစ်သည့်အလျောက် သိမ်းဆည်းရန်မှာ သူ၏ တာဝန်ဖြစ်သည်။ သူသည် မနေနိုင်ဘဲ ကိုယ်ကို အတင်းထူကာ ပန်းကန်ခွက်ယောက်များကို သိမ်းဆည်းလိုက်သည်။

ထို့နောက် ဆရာတပည့်သုံးဦးသား ခြံဝင်းအရိပ်အောက်တွင် လက်ဖက်ရည်သောက်ကြသည်။

ချင်ယန်ဇီက ပြုံးလိုက်သည်၊၊

“စေတနာကောင်းတဲ့ အလှူရှင်နှစ်ဦးရဲ့ ပံ့ပိုးမှုကြောင့် နောက်လအနည်းငယ်တော့ ငါတို့ အဆင်ပြေပြေနေနိုင်တော့မှာပဲ၊၊ ဝမ်ရွှမ်း... မင်းအတွက်လည်း အဝတ်အစားအသစ်တွေ ဝယ်ပေးဖို့ အချိန်တန်ပြီ”

စေတနာကောင်းတဲ့ အလှူရှင်နှစ်ဦးလား….

ဝမ်ရှန်းသည် လက်ဖက်ရည်ပင် သီးမလိုဖြစ်သွားသည်။ သူ၏ မိဘများအတွက် ‘စေတနာကောင်းသော' ဟူသည့် စကားလုံးမျိုးကို သူ တစ်ခါမှ မတွေးဖူးချေ။

“အင်း...”

မုဝမ်ရွှမ်းက ခေါင်းခါပြသည်။ သူမက ချင်ယန်ဇီကို ညွှန်ပြသည်၊၊ ထို့နောက် ဝမ်ရှန်းကို ညွှန်ပြပြီး သူမထက် သူတို့နှစ်ဦးအတွက် အဝတ်အစားအသစ်တွေ ပိုလိုအပ်ကြောင်း ပြောသည့်အလား သူမ၏ အင်္ကျီလက်ကို ဆွဲပြသည်။

ချင်ယန်ဇီက ရယ်မောလိုက်သည်။

“ငါ့မှာ အဝတ်အစားတွေ အများကြီးပါ၊၊ လျှော်ဖို့ ပျင်းနေတာပါ၊၊ နှစ်တိုင်း ဝူတန်းတောင်က တာဝန်ရှိသူတွေက ဝတ်စုံသစ်တွေ ပေးတယ်၊၊ ငါလည်း အပိုတွေ အမြဲရပါတယ်”

“ဆရာ၊၊ ကျွန်တော် သင်တန်းကြေးပေးနိုင်ပါတယ်”

ဝမ်ရှန်းက ရိုးသားစွာ ကမ်းလှမ်းလိုက်သည်။

ချင်ယန်ဇီက လက်ကာပြသည်။

“ငါ့မှာ လစဉ်ထောက်ပံ့ကြေးရှိတယ်၊၊ ပြီးခဲ့တဲ့လအထိက မင်းစီနီယာအစ်မအတွက် ဆေးဖိုးဝယ်ပေးနေရတာနဲ့ နည်းနည်း ကျပ်တည်းသွားတာပါ၊၊ ဒီလကစပြီးတော့ စားဝတ်နေရေးအတွက် ပူစရာမလိုတော့ဘူး”

“မင်းက ငါ့တပည့်အစစ်မဖြစ်သေးဘူး၊၊ မင်းသာ ဒီစမ်းသပ်ချက်တွေကို အောင်မြင်သွားလို့ တရားဝင်ဂိုဏ်းသားဖြစ်လာရင် မင်းရဲ့ စရိတ်စကတွေက ငါ့တာဝန်ပဲ၊၊ အဲဒီအချိန်ကျရင်လည်း တောင်ပေါ်မှာ ကျင့်ကြံရတာက ကုန်ကျစရိတ် အများကြီးမရှိပါဘူး၊ ကျင့်ကြံခြင်း ဒါမှမဟုတ် သိုင်းလေ့ကျင့်ခြင်းတွေ မအားတဲ့အခါမျိုးမှာလည်း အပြင်အလုပ်လေးတွေ ငါတို့ လုပ်လို့ရပါတယ်”

အပြင်အလုပ်တွေလား… ဝမ်ရှန်း စိတ်ကူးထဲတွင် အတွေးများ ပြန့်လွင့်သွားသည်။

လျှို့ဝှက်သိုင်းကျမ်းစာအုပ်တွေကို အများကြီး ရောင်းနေတာမျိုးလား…

ဝမ်ရှန်း သူ့မျက်နှာကို လက်နှင့် အုပ်လိုက်မိသော်လည်း ချင်ယန်ဇီကတော့ အလွန် ယုံကြည်မှုရှိသည့် ပုံစံဖြင့် ဂုဏ်ယူစွာ ပြုံးနေသည်။

“အခု ခဏလောက် အိပ်လိုက်ဦး၊၊ ညနေကျရင် တောင်အောက်ဆင်းပြီး မင်းမိဘတွေကို သွားတွေ့လိုက်ဦး၊၊ သူတို့ကို စိတ်မပူအောင် ပြောပြလိုက်”

ချင်ယန်ဇီက ညွှန်ကြားသည်။

“ပြန်လာတဲ့အခါမှာတော့ ရေသန့်ဘူးနှစ်ဖာ ဝယ်ခဲ့၊၊ တောင်အောက်က ဆိုင်မှာ စျေးအချိုဆုံးဟာကို ဝယ်ခဲ့၊၊ ရော့... ဒါ ပိုက်ဆံ”

“ဟုတ်ကဲ့ပါ ဆရာ”

သူပေးမည်ဟု ငြင်းမနေတော့ဘဲ ဝမ်ရှန်းသည် ကျုံ့ကျုံ့လေးဖြစ်နေသည့် ငါးဆယ်တန် ငွေစက္ကူကို လက်ခံလိုက်သည်။

ငါ တစ်ခါမှ ကိုယ်တိုင် ပိုက်ဆံမရှာဖူးဘူး၊၊ အခုထိ သုံးနေတာတွေက မိဘတွေ ပေးတာတွေချည်းပဲ၊၊ အဲဒါက ကိုယ့်အားကိုယ်ကိုးတာ မဟုတ်သေးဘူး၊၊ မိဘတွေပေးတဲ့ ပိုက်ဆံနဲ့ လာကြွားနေရင် ဆရာက သဘောကျမှာ မဟုတ်ဘူး။

ချင်ယန်ဇီသည် ဝမ်ရှန်းကို ပို၍ပင် သဘောကျလာသော မျက်လုံးများဖြင့် စိုက်ကြည့်နေသည်။ သူ၏ အပြင်တပည့်လေးမှာ ပိုပြီး နှစ်သက်စရာကောင်းလာသည်။

ဝမ်ရှန်းကတော့ အိပ်မောမကျဝံ့ပေ။ ဆရာခေါ်သည်ကို မကြားလိုက်မည် စိုးသဖြင့် သူသည် ခုတင်ပေါ်တွင် တင်ပျဉ်ခွေထိုင်ကာ စိတ်ကို တည်ငြိမ်အောင် ကြိုးစားရင်း တရားထိုင်နေလိုက်သည်။

အပြင်ခန်းမှ ချင်ယန်ဇီသည် လိုက်ကာကို မကာ ချောင်းကြည့်လိုက်သည်။ ဝမ်ရှန်း တရားထိုင်နေသည်ကို တွေ့သောအခါ ပြုံးလိုက်ပြီး ရှေးဟောင်းစာအုပ်တစ်အုပ်ကို ကိုင်ကာ အတွေးနက်နေသော သူ၏ တပည့်မလေးဘက်သို့ လှည့်လိုက်သည်။

“မင်းရဲ့ ဂျူနီယာမောင်လေးကို ကြည့်စမ်း… သူက အရမ်း တည်ငြိမ်ပုံရတယ်”

ချင်ယန်ဇီက သဘောကျစွာ မှတ်ချက်ပေးသည်။

ခလော…

ထိုစကားပြောပြီးသည်နှင့် အတွင်းခန်းမှ မိုးခြိမ်းသံကဲ့သို့ အသံတစ်ခု ထွက်ပေါ်လာသည်။ ဝမ်ရှန်း၏ ခေါင်းမှာ နောက်သို့ လန်သွားပြီးနောက် နံရံကို မှီကာ ခုတင်ပေါ်သို့ တဖြည်းဖြည်းလျောကျသွားတော့သည်။

“ခစ်...” မုဝမ်ရွှမ်းက ရယ်မောလိုက်တော့သည်။

“ချီးကျူးတာတောင် မခံနိုင်ဘူးလား”

ချင်ယန်ဇီလည်း လိုက်၍ ရယ်မောလိုက်သည်။

****

ညနေ ၃ နာရီခန့်တွင် ဝမ်ရှန်းသည် အပြင်သို့ ထွက်လာခဲ့ရာ ဆရာဖြစ်သူက စီနီယာအစ်မအား သိုင်းကွက်များ သင်ကြားပေးနေသည်ကို တွေ့လိုက်ရသည်။

လှုပ်ရှားမှုအချို့ကို ကြည့်ရင်း ဝမ်ရှန်းလည်း စိတ်ထဲတွင် အံ့အားသင့်သွားရသည်။

သူတို့၏ လက်သီးနှင့် လက်ဝါးလှုပ်ရှားမှုများမှာ ရေစီးသကဲ့သို့ ပြေပြစ်နေပြီး လေထဲရှိ မမြင်ရသော အင်အားတစ်ခုကို အသုံးချနေသကဲ့သို့ပင်။ ထို့အပြင် လှုပ်ရှားမှုတိုင်းမှာ သဘာဝကျပြီး ပတ်ဝန်းကျင်နှင့် လိုက်လျောညီထွေရှိလှသဖြင့် မျက်တောင်မခတ်တမ်း ကြည့်နေမိသည်။

ထိုမြင်ကွင်းက ဝမ်ရှန်း၏ ရင်ထဲတွင် တစ်ခုခုကို နိုးကြားစေသည်။

ငါသာ စမ်းသပ်ချက်တွေကို အောင်မြင်သွားရင် ငါလည်း ဆရာနဲ့အတူ တရားထိုင်ပြီး ဒီသိုင်းကွက်တွေကို လေ့ကျင့်နိုင်မှာပဲ။

ပင်ပန်းနေသေးသော်လည်း အနာဂတ်ကို တွေးရင်း ဝမ်ရှန်းအားတက်လာကာ ခြံဝင်းထဲမှ ပြေးထွက်လာခဲ့သည်။

တောင်အောက်သို့ ဆင်းကာ မိဘများနှင့် စကားစမြည်ပြောဆိုပြီးနောက် ဝမ်ရှန်းက တောင်ပေါ်ရှိ အခြေအနေများကို ပြောပြကာ အိပ်ရာခင်းအသစ်နှစ်စုံ ဝယ်ပေးရန် တောင်းဆိုလိုက်သည်။

မိုးချုပ်တော့မည်ဖြစ်သဖြင့် ဝမ်ရှန်းလည်း အလျင်အမြန် ပြန်ထွက်လာခဲ့သည်။ သူသည် ပစ္စည်းများကို တောင်ပေါ်သို့ သယ်သွားရဦးမည် ဖြစ်သည်။

ချင်ယန်ဇီ၏ ညွှန်ကြားချက်အတိုင်း ဝမ်ရှန်းသည် တောင်ခြေရှိ ကုန်စုံဆိုင်သို့ ပြေးသွားကာ ဈေးအချိုဆုံး ရေသန့်နှစ်ဖာကို ဝယ်လိုက်သည်။ ၎င်းတို့ကို ကြိုးအထူဖြင့် ချည်နှောင်ပြီး ခရီးသွားများ၏ စူးစမ်းသော အကြည့်များကို ဂရုမစိုက်ဘဲ ဝူတန်းတောင်တံခါးမှတစ်ဆင့် သယ်ဆောင်လာခဲ့သည်။

ဝမ်ရှန်း မသိလိုက်သည်မှာ သူ၏ ကျောပြင်ကို ကြည့်ရင်း စိတ်မကောင်းဖြစ်နေသော မိခင်ဖြစ်သူ၏ မျက်လုံးများတွင် မျက်ရည်များဝဲနေခြင်းပင်။

“ဒီကလေး... ဘာတွေဖြစ်နေတာလဲ”

“ကျောင်းက ဖိအားတွေကို ရှောင်ချင်လို့ ဖြစ်မှာပါ၊၊ သူ့ကို သေချာဂရုမစိုက်မိခဲ့တာ ငါတို့ အမှားပါကွာ”

နှစ်ဦးသား သက်ပြင်းချရင်း အချင်းချင်းမှီထားလိုက်ကြသည်။ ဟိုတယ်တံခါးဝတွင် ရပ်ရင်း ဝမ်ရှန်း ပျောက်ကွယ်သွားသည်အထိ ကြည့်နေကြပြီးနောက် အတန်ကြာ တိတ်ဆိတ်သွားကြသည်။

မြေကြီးကုတင်- တရုတ်နိုင်ငံမြောက်ပိုင်းတွင် အသုံးများသော အုတ်များဖြင့် ပြုလုပ်ထားပြီး အောက်ခြေမှ မီးထည့်ကာ အနွေးဓာတ်ပေးနိုင်သည့် ခုတင်မျိုးဖြစ်သည်။

မုဝမ်ရွှမ်း- အမည်ကို တရုတ်စာလုံး 绾萱 ဖြင့် ရေးသားထားခြင်း ဖြစ်သည်။

ပုယွီ- စကားမပြောခြင်းဟု အဓိပ္ပာယ်ရသည်။

All Chapters