အရိုးအဆစ်ပြုပြင်ခြင်းနှင့် သွေးကြောဖွင့်လှစ်ခြင်း
Vol. 1 Ch. 7
ထိုညတွင် ဝမ်ရှန်းသည် သူ၏ဆရာပြောသော အခြားဘေးအလုပ်က ဘာကိုဆိုလိုမှန်း နောက်ဆုံးတွင် နားလည်သွားတော့သည်၊၊
ရေသန့်ဘူး နှစ်ဖာကို တောင်ပေါ်ရောက်အောင် အဘယ်ကြောင့် ပင်ပန်းခံသယ်ခိုင်းခဲ့သလဲဆိုတာကိုလည်း သူသဘောပေါက်သွားခဲ့သည်၊၊
မှိန်ပျပျအလင်းရောင်အောက်တွင် ဝမ်ရှန်းသည် တိတ်ဆိတ်စွာရပ်နေသည်၊၊ စိတ်အေးလက်အေးအမူယာဖြင့် သူ၏ဆရာက ပျော့ပျောင်းသည့် စုတ်တံလေးဖြင့် ရေသန့်ဘူးခွံများပေါ်တွင် “ဝူတန်းတောင်၏ ဓမ္မစမ်းရေ” ဟု စာသားများ ရေးထွင်းနေသည်ကို ကြည့်နေမိသည်၊၊
ဝမ်ရှန်း ပါးစပ်အဟောင်းသားဖြစ်သွားကာ ခေါင်းကိုမော့ကာ သက်ပြင်းသာချလိုက်မိတော့သည်၊၊
သို့သော် သူအံ့သြသွားရသည်၊၊ နောက်တစ်နေ့တွင် သူ၏ဆရာသည် ထိုရေသန့်ဆယ်ဘူးကျော်ကို တစ်ဘူးလျှင် ယွမ်နှစ်ဆယ်မှ တစ်ရာကြား ဈေးနှုန်းများဖြင့် ရောင်းချနိုင်ခဲ့ခြင်းပင် ဖြစ်သည်၊၊
ချင်ယန်ဇီသည် တာအိုပညာရပ် ငါးမျိုးတွင် အမှန်တကယ် ကျွမ်းကျင်သူဖြစ်သော်လည်း ပုံမှန်လူများကဲ့သို့တော့မဟုတ်ပေ၊၊ သူသည် လူတစ်ယောက်ကို တစ်ချက်ကြည့်ရုံဖြင့် ကံကြမ္မာကို ဟောကိန်းထုတ်နိုင်ပြီး ချမ်းသာကြွယ်ဝကာ စိတ်သဘောထားပျော့ပျောင်းသည့် အလှူရှင်များနှင့် တွေ့သည့်အခါမျိုးတွင် တစ်ခါတစ်ရံ မတန်တဆမြင့်မားသည့် ဈေးနှုန်းများကို တောင်းဆိုတတ်သည်၊၊
ညနေခင်းတွင် ချင်ယန်ဇီသည် ဝမ်ရှန်းကို ဆုလာဘ်အနည်းငယ်ပေးရန် ဆုံးဖြတ်လိုက်သည်၊၊
အိမ်ရှေ့မီးအိမ်၏ ဝါကျင့်ကျင့်အလင်းရောင်အောက်တွင် ချင်ယန်ဇီသည် လှုပ်ရှားမှု ခုနစ်ကွက် ရှစ်ကွက်ခန့်သာရှိသော အခြေခံလက်သီးသိုင်းပညာရပ်တစ်ခုကို သင်ပေးခဲ့သည်၊၊ ဝမ်ရှန်းကို ထိုအကွက်တစ်ခုချင်းစီအား လှုပ်ရှားမှုများကို ကျွမ်းကျင်ရုံသာမက အကွက်ဖျက်ပုံနှင့် ချိတ်ဆက်ပုံများကိုပါ အဆင်ပြေချောမွေ့သွားသည်အထိ ထပ်ခါတလဲလဲ လေ့ကျင့်ခိုင်းသည်၊၊
ထိုပညာရပ်များသည် ရိုးရှင်းလှသော်လည်း အချို့အကွက်များမှာ သေချာစဉ်းစားပြီး တိကျရန် လိုအပ်သည်၊၊ လေ့ကျင့်ခန်း တစ်ကျော့ပြီးသွားသည့်အခါ ဝမ်ရှန်းသည် ခန္ဓာကိုယ်အတွင်း နွေးထွေးသည့် အပူရှိန်တစ်ခု ပျံ့နှံ့သွားသည်ကို ခံစားလိုက်ရပြီး ၎င်းမှာ ထင်မှတ်မထားလောက်အောင် ထိရောက်မှုရှိနေသည်၊၊
စီနီယာအစ်မက ဘေးနားကနေ တိုးတိုးလေးရယ်ပြီး ကြည့်နေစဉ်မှာပဲ ဝမ်ရှန်းသည် ညနက်သည်အထိ မြေကွက်လပ်တွင် လေ့ကျင့်နေခဲ့သည်၊၊ နောက်ဆုံးတွင် သူ၏စီနီယာအစ်မသည် တံခါးဝကိုမှီရင်း ငိုက်ကျနေသည်၊၊ ထို့ကြောင့် ဝမ်ရှန်းသည် စိတ်ထဲတွင် အတွေးများစွာ ရှိနေသေးသော်လည်း နောက်ဆုံးတွင် အထဲသို့ဝင်ရန် ပြင်ဆင်လိုက်သည်၊၊
“စီနီယာအစ်မ… စီနီယာအစ်မ အခန်းထဲ ပြန်ဝင်အိပ်တော့လေ’’
“အွန်း... အို”
မုဝမ်ရွှမ်းသည် အိပ်ချင်မူးတူးဖြင့် တစ်ခုခုကို ရေရွတ်လိုက်ရာ ဝမ်ရှန်းမှာ ခဏတာ မှင်သက်သွားရသည်၊၊
သူမက ‘အွန်း' ဆိုတာအပြင် တခြားစကားတွေလည်း ပြောတတ်တာလား၊၊
သူသည် ထိုအကြောင်းကို ဆက်မစဉ်းစားတော့ဘဲ လေးလံသောမျက်လုံးနှင့် နှုတ်ခမ်းလေးဆူကာ အိမ်ထဲသို့ တရွတ်တိုက် လမ်းလျှောက်ဝင်သွားသည့် အိပ်ချင်မူးတူး စီနီယာအစ်မကို ကြည့်နေမိသည်၊၊ ထိုပုံစံကိုကြည့်ပြီး သူသည် ဂုဏ်ယူနေသည့် မိဘတစ်ယောက်လို သဘောကျစွာ ပြုံးမိသွားသည်၊၊
စီနီယာအစ်မတစ်ယောက် ရှိတာလည်း မဆိုးပါဘူးလေ၊၊
သူမသည် မြေကြီးခုတင်ပေါ်သို့ တက်လိုက်သည်နှင့် ချက်ချင်း အိပ်ပျော်သွားတော့သည်၊၊ ဝမ်ရှန်းသည် ကုလားထိုင်ကို အထဲသို့ အမြန်ဆွဲသွင်းကာ တံခါးကို ဂလန့်ထိုးပြီးနောက် သူ၏အခန်းသို့ ပြန်လာခဲ့သည်၊၊
မသင့်တော်သည်ကို မထိရ…. မသင့်တော်သည်ကို မကြည့်ရ၊၊
သူ၏စီနီယာအစ်မသည် သူ့အပေါ်တွင် မည်သည့်အခါမှ သတိမမူဘဲ နေတတ်သည်၊၊ မကြာမီ တရားဝင်ဖြစ်လာတော့မည့် သူမ၏ဂျူနီယာညီလေးတစ်ယောက်အနေဖြင့် ထိုယုံကြည်မှုကို အခွင့်ကောင်းမယူသင့်ကြောင်း သူသိပေသည်၊၊
စဉ်းစားကြည့်လျှင် သူ၏စီနီယာအစ်မသည် အသက် တစ်ဆယ့်ရှစ်နှစ် ရှိပြီဖြစ်သော်လည်း အရွယ်မရောက်သေးသည့် ကလေးမလေးတစ်ယောက်ကဲ့သို့ ရှိနေသေးသည်၊၊ နောက်တစ်နှစ် သို့မဟုတ် နှစ်နှစ်အတွင်း ကမ္ဘာဦးချီများ ပြန်လည်နိုးထလာချိန်တွင် သူ၏စီနီယာအစ်မသည် “နတ်သမီး” တစ်ပါးအဖြစ် ပြောင်းလဲသွားပါ့မလားဆိုသည်ကို သူနက်နက်နဲနဲ သံသယဝင်လာမိသည်၊၊
ခုတင်...
ဝမ်ရှန်းသည် ခုတင်ပေါ်သို့ လှဲချလိုက်ပြီး တစ်ကိုယ်လုံး ကိုက်ခဲနာကျင်နေမှုကြောင့် ညည်းတွားမိသည်၊၊ သူသည် ဤအချိန်တွင် တရားထိုင်ပြီး အခြေခံမန္တန်ကို လေ့ကျင့်ရန် စီစဉ်ထားသော်လည်း ၎င်းကို သတိရရုံရှိသေး ပင်ပန်းနွမ်းနယ်မှုကြောင့် အိပ်ပျော်သွားတော့သည်၊၊
အချိန်အတန်ကြာပြီးနောက် ချင်ယန်ဇီသည် အပြင်ခန်းမှ ဝင်လာပြီး တီးတိုးမေးလိုက်သည်၊၊
“နိုးနေသေးလား’’
ဝမ်ရှန်းသည် အိပ်ချင်မူးတူးဖြင့် မျက်လုံးကိုဖွင့်လိုက်ရာ သူ၏ဆရာကို မြင်လိုက်ရသည်၊၊ အိပ်မက်ဟု ထင်မှတ်ကာ သမ်းဝေရင်း အသံတိုးတိုးဖြင့် ပြန်ထူးလိုက်သည်၊၊
“ဆက်အိပ်ပြီး စိတ်လျှော့ထားလိုက်၊၊ ငါ မင်းရဲ့ အရိုးအဆစ်တွေကို ပြုပြင်ပေးပြီး သွေးကြောတွေကို ဖွင့်ပေးမယ်’’
ဝမ်ရှန်းက အိပ်ချင်မူးတူးဖြင့် အဓိပ္ပာယ်မရှိသည်များကို ပြန်ပြောနေစဉ် ချင်ယန်ဇီက ခပ်တိုးတိုး ရယ်မောလိုက်သည်၊၊
ချင်ယန်ဇီသည် အကျီလက်များကို မတင်လိုက်ပြီး ဓားလက်ချောင်းပုံစံဖော်လိုက်သည်၊၊ ထို့နောက် ဝမ်ရှန်း၏ ခန္ဓာကိုယ်ပေါ်ရှိ သွေးကြောဆုံမှတ်များကို ဖြည်းညင်းစွာနှင့် စနစ်တကျ ဖိနှိပ်ပေးလိုက်သည်၊၊
ဝမ်ရှန်းသည် နာကျင်မှုကြောင့် အသက်ရှူမှားကာ နိုးလာခဲ့သည်၊၊
“ဆရာ...’’ သူ ညည်းသံထွက်လာသည်၊၊
“ခန သည်းခံ” ချင်ယန်ဇီက တည်ငြိမ်စွာ ပြန်ပြောသည်၊၊
“မင်းက နောက်ကျမှ စတာဆိုတော့ ခန္ဓာကိုယ်က အရမ်းတောင့်တင်းနေပြီး သွေးကြောတွေက ပိတ်ဆို့နေတယ်’’
ချင်ယန်ဇီသည် သူ၏လက်ဝါးများကို ဝမ်ရှန်း၏ ပေါင်ပေါ်တွင်တင်ကာ အောက်သို့ ဖြည်းညင်းစွာ ပွတ်ဆွဲလိုက်သည်၊၊ ဝမ်ရှန်းသည် သူ၏ကြွက်သားများနှင့် အရိုးများထဲတွင် ကျဉ်ခနဲဖြစ်သွားသည့် ခံစားချက်ကို ရလိုက်သည်၊၊
စိတ်အထင်ကြောင့်လား မသိသော်လည်း သူ၏ဆရာ့လက်ဝါးမှ နွေးထွေးမှုနှင့် အေးမြမှုတို့ တစ်လှည့်စီ စီးဆင်းလာသည်ကို သူ သိသိသာသာ ခံစားနေရသည်၊၊
ဒါဟာ သိုင်းသမားတိုင်းလိုချင်ကြတဲ့ အတွင်းအားချီဖြစ်ရမယ်…
ဝမ်ရှန်းက အံ့သြစွာ တွေးမိသည်၊၊
ကမ္ဘာပေါ်တွင် ကမ္ဘာဦးချီများ မနိုးထသေးသော်လည်း သူ၏ဆရာသည် နှစ်ပေါင်းများစွာ ပြင်းထန်သော လေ့ကျင့်မှုများမှတစ်ဆင့် ထိုကဲ့သို့ မြင့်မားသည့်အဆင့်သို့ ရောက်ရှိနေပြီဖြစ်သည်၊၊ သူ၏ဆရာက အဖိုးတန်လှသော အတွင်းအားကို သုံး၍ သူ၏ အရိုးအဆစ်များကို ပြုပြင်ပေးကာ သွေးကြောများဖွင့်ပေးနေသည်ကို တွေးမိပြီး ဝမ်ရှန်းလည်း ကျေးဇူးတင်စိတ်များ ပြည့်နှက်သွားသည်၊၊
နာရီဝက်ခန့် နှိပ်နယ်ပြီးနောက် ချင်ယန်ဇီသည် အသက်ကို ဖြည်းဖြည်းချင်း ရှူထုတ်လိုက်သည်၊၊
“မင်းမိဘတွေဆီကနေ ဖျောင်းဖျခတွေ အများကြီးယူထားမိတာဆိုတော့ တကယ်လို့ မင်းက အိမ်ပြန်ချင်လို့ ငိုယိုလာခဲ့ရင်တောင် လက်ဗလာနဲ့တော့ ပြန်မလွှတ်နိုင်ဘူး’’
ချင်ယန်ဇီက ကိုယ့်ကိုယ်ကိုယ် ကျေနပ်နေသည့် ပုံစံဖြင့် လွှတ်ခနဲ ထွက်သွားသည်၊၊
“ကျေးဇူးတင်ပါတယ် ဆရာ၊၊ ကျွန်တော် စမ်းသပ်မှုတွေကို အောင်မြင်အောင် လုပ်ပါ့မယ်’’
ဝမ်ရှန်းက ပြောလိုက်သည်၊၊ ထို့နောက် အိပ်ငိုက်လာမှုနှင့်အတူ ပြုံးရင်း ပြန်အိပ်ပျော်သွားလေသည်၊၊
ချင်ယန်ဇီသည်လည်း သူ့ကို လမ်းတစ်ဝက်မှာတင် လက်လျှော့မသွားစေချင်ပုံရသည်၊၊
နောက်တစ်နေ့တွင် ဝမ်ရှန်းသည် လက်သီးသိုင်းပညာရပ်နှင့် ပတ်သက်သည့် စမ်းသပ်မှုကို ရင်ဆိုင်ရသည်၊၊ ကံကောင်းထောက်မစွာဖြင့် သူသည် ယခင်ဘဝက ဆယ်နှစ်ခန့် ကျင့်ကြံခြင်းအတွေ့အကြုံ ရှိခဲ့သည်၊၊ ထိုစဉ်က အခြေအနေများမှာ စံပြမဟုတ်ခဲ့သော်လည်း သိုင်းပညာကို ကြိုးစားအားထုတ်ခဲ့ဖူးသည်၊၊ ထို့ကြောင့် စမ်းသပ်မှုအတွင်း သူ၏ပုံစံမှာ အနည်းဆုံးတော့ အောင်မှတ်ရရန် လုံလောက်ခဲ့သည်၊၊
စမ်းသပ်မှုအောင်မြင်ခြင်းက စိတ်ပိုင်းဆိုင်ရာသက်ရောက်မှုရှိ၍လားတော့မသိ၊ သူသည် ယခင်နေ့ကထက်စာလျှင် ခြေလှမ်းများ ပေါ့ပါးနေပြီး ခွန်အားများ ပိုမိုပြည့်ဝနေသကဲ့သို့ ခံစားရသည်၊၊ ၎င်းမှာ အရိုးအဆစ်ပြုပြင်ခြင်းနှင့် သွေးကြောများပွင့်လာခြင်းတို့၏ အကျိုးကျေးဇူးကြောင့်လည်း ဖြစ်နိုင်သည်ဟု သူယူဆလိုက်သည်၊၊
သူ၏ဆရာနှင့် စီနီယာအစ်မကို ကြည့်ရင်း ဝမ်းနည်းဝမ်းသာ အတွေးတစ်ခု ဝင်လာသည်၊၊ ယခင်ဘဝတုန်းက သူတို့သည် ဟာ့ဒ်ဒစ်ထဲက ဗီဒီယိုတွေထဲမှာပဲ ရှိနေတဲ့ ဇာတ်ကောင်တွေသာ ဖြစ်ခဲ့သည်၊၊ သူသည် ရှုံးနိမ့်ခြင်း၏ ခံစားချက်ကို ခံစားရရင်း စိတ်ထဲမှ သက်ပြင်းချလိုက်မိသည်၊၊
ငါက သူတို့ရဲ့ အဆင့်ကို ရောက်ဖို့ ဝေးပါသေးတယ်၊၊ ငါ အပျင်းထူလို့ မဖြစ်ဘူး၊၊ အရိုးကြေကြေ အရေခန်းခန်းကြိုးစားရမယ်…
ဝမ်ရှန်း၏ တိုးတက်မှုကို အမှန်တကယ် ကျေနပ်နေသည့် ချင်ယန်ဇီက သူ့ကို အားပေးစကား ပြောလိုက်သည်၊၊
“မနေ့ကေတာ့ မင်းကို အသားကျအောင် ကူညီပေးတာပဲ၊၊ ဒီနေ့ကစပြီးတော့ မင်းကို အနားပေးမှာမဟုတ်ဘူး၊၊ ကျင့်ကြံသူတစ်ယောက်ဟာ တည်ငြိမ်မှုကို ရှာဖွေရမယ်၊၊ လောကီအာရုံတွေကို ဖြတ်တောက်ရမယ်၊၊ အရေးကြီးဆုံးကတော့ ကြိုးစားအားထုတ်ရမယ်၊၊ မင်း ဘယ်လောက်အထိ လုပ်နိုင်မလဲ ကြည့်ရသေးတာပေါ့’’
“နားလည်ပါပြီ ဆရာ’’
ချင်ယန်ဇီက လေ့ကျင့်ခန်းအရှိန် မြှင့်တော့မည်ဟု ပြောသော်လည်း ဝမ်ရှန်း၏ အကန့်အသတ်ထက် ကျော်လွန်အောင်တော့ မခိုင်းစေခဲ့ပေ၊၊ ဝမ်ရှန်းအား အမှန်တကယ် ပင်ပန်းနွမ်းနယ်သွားအောင်သာ လုပ်ဆောင်စေခြင်းဖြစ်သည်၊၊ သို့သော်လည်း နောက်ထပ် သုံးရက်တာအတွင်း ဝမ်ရှန်းသည် တစ်ချက်ကလေးမှ မညည်းညူခဲ့ဘဲ အပြုံးဖြင့်သာ ကျော်ဖြတ်ခဲ့သည်၊၊
သုံးရက်ကြာလျှင် တစ်ကြိမ် ချင်ယန်ဇီသည် ဝမ်ရှန်းကို အရိုးအဆစ်ပြုပြင်ပေးပြီး သွေးကြောများကို ကူ၍ ဖွင့်ပေးခဲ့သည်၊၊ နှစ်ကြိမ်မျှ လုပ်ဆောင်ပြီးနောက် ဝမ်ရှန်းသည် မိမိ၏ သွေးကြောတည်နေရာများကို အကြမ်းဖျင်း ခံစားသိရှိလာနိုင်ခြင်းကြောင့် အံ့သြသွားရသည်၊၊ ပြန်စဉ်းစားကြည့်မှ သူနားလည်သွားသည်မှာ သူ၏ဆရာ့အတွင်းအားများသည် သွေးကြောများအတွင်း ကျန်ရှိနေသေးခြင်းကြောင့်ပင် ဖြစ်သည်၊၊
ဤထင်မှတ်မထားသော အခွင့်အရေးကို အသုံးချကာ ဝမ်ရှန်းသည် အခြေခံမန္တန်ကို အဆက်မပြတ် လေ့ကျင့်ခဲ့သည်၊၊ ထူးခြားသည့်ရလဒ်ကို မမြင်ရသေးသော်လည်း ယခုအခါ သူ၏ခန္ဓာကိုယ်အတွင်းမှ အညစ်အကြေးများကို ပိုမြန်ဆန်ပြီး ထိရောက်စွာ စွန့်ထုတ်နိုင်နေပြီဖြစ်သည်၊၊
တစ်ခုတည်းသော အားနည်းချက်မှာ ထိုသို့ တိုးတက်လာမှုကြောင့် မနက်တိုင်း သူ့ဆီလာကစားတတ်သော စီနီယာအစ်မလေးက နှာခေါင်းကိုပိတ်ပြီး မျက်လုံးများ ပြူးသွားရခြင်းပင်ဖြစ်သည်၊၊ တစ်ခါတစ်ရံတွင် သူမသည် အနံ့ကြောင့် မေ့လဲလုနီးပါးပင် ဖြစ်ခဲ့သည်၊၊
***
မျက်စိတစ်မှိတ်အတွင်းမှာပင် သူ၏မိဘများ ဝူတန်းတောင်မှ ထွက်ခွာရမည့်နေ့သို့ ရောက်ရှိလာသည်၊၊ သူတို့ကို လိုက်ပို့ရန်အတွက် ဝမ်ရှန်းသည် ခွင့်တစ်ဝက်ယူကာ တောင်အောက်သို့ ဆင်းခဲ့ပြီး မိဘများနှင့်အတူ ထမင်းစားကာ လမ်းလျှောက်ခဲ့သည်၊၊
နောက်ဆုံးတွင် ခွဲခွာရမည့်အချိန်သို့ ရောက်သောအခါ သူ၏မိခင်က သူ့ကို တင်းကျပ်စွာ ဖက်ထားပြီး မလွှတ်နိုင်အောင် ဖြစ်နေသည်၊၊ သူ၏ဖခင်ကမူ သူ၏မာနများကို ဘေးဖယ်ကာ ပြောလာခဲ့သည်၊၊
“ငါ အရင်က တစ်ခုခုမှားခဲ့တာရှိရင် ပြောပါ၊ ငါ ပြင်ပါ့မယ်”
ဝမ်ရှန်းက ပြုံးပြီး ခေါင်းခါလိုက်ကာ မျက်ဝန်းထောင့်မှ မျက်ရည်စများကို တိတ်တဆိတ် သုတ်လိုက်သည်၊၊
ဒီလမ်းကို လျှောက်ဖို့ ငါအရာအားလုံးကို ရင်းထားတာကို ကြည့်ပြီး ငါ့မိဘတွေ နာကျင်နေမှာ သေချာတယ်၊၊ ဒါပေမဲ့ ငါ ဒါကို မလုပ်ရင် တစ်သက်လုံး နောင်တရနေမိလိမ့်မယ်၊၊
ဝမ်ရှန်း ဘာပြန်ပြောရမှန်း မသိခဲ့ပေ၊၊ သူသည် မတည်နိုင်မည့် ကတိများကိုလည်း မပေးချင်ပေ၊၊ သူ သိသည်မှာ အနာဂတ်တွင် သူ့မိသားစုကို ကာကွယ်နိုင်ရန် ခွန်အားလိုအပ်ခြင်းသာ၊၊
ဟိုတယ်တံခါးဝတွင် ကားစောင့်နေစဉ် ဝမ်ရှန်းသည် အနီးရှိ သစ်သီးဆိုင်ကို မြင်လိုက်ရသည်၊၊ သူ အမြန်ပြေးသွားကာ လိမ္မော်သီးအချို့ ဝယ်လိုက်ပြီး ဖခင်ဖြစ်သူ အလွန်ကြိုက်တတ်မှန်း သိသဖြင့် ဖခင်၏လက်ထဲသို့ ထည့်ပေးလိုက်သည်၊၊ ၎င်းမှာ သေးငယ်သော အပြုအမူလေးဖြစ်သော်လည်း ခရီးစဉ်အတွင်း သူတို့ စားစရာရှိသွားအောင် လုပ်ပေးခြင်းသာဖြစ်သည်၊၊
ထိုအချိန်တွင် သူ၏ မိဘအပေါ် သိတတ်မှုကို ပြသနိုင်သည့် တစ်ခုတည်းသော နည်းလမ်းပင် ဖြစ်သည်၊၊
မိဘများကို လိုက်ပို့ပြီးနောက် ဝမ်ရှန်းသည် ရင်ထဲတွင် ဟာတာတာကြီးဖြစ်သွားသလို ခံစားရသည်၊၊ သို့သော်လည်း သူသည် ပြုံးလျက် လက်ဝှေ့ယမ်းနှုတ်ဆက်ကာ သူတို့ကို မြို့ပြဘဝသို့ ပြန်လွှတ်ခဲ့သည်၊၊
ကားထွက်သွားသောအခါ ဝမ်ရှန်းသည် လမ်းသွားလမ်းလာများ၏ ကြည့်နေမှုကို ဂရုမစိုက်ဘဲ ကားနောက်တွင် ဒူးထောက်ကာ အကြိမ်ပေါင်းများစွာ ဦးချကန်တော့လိုက်သည်၊၊ ထို့နောက် မိဘများ ထားရစ်ခဲ့သော ခရီးဆောင်အိတ်အသစ်နှစ်လုံးကို မကာ တောင်ပေါ်သို့ လှမ်းတက်ခဲ့သည်၊၊
ခရီးဆောင်အိတ်များအတွင်းတွင် ဝမ်ရှန်း အကြိုက်ဆုံးမုန့်အချို့နှင့် နေ့စဉ်သုံးပစ္စည်းများ ပါဝင်သည်၊၊ သူ၏မိခင် ဝယ်ပေးလိုက်သော အတွင်းခံအထုပ်ကြီးများကို သုံး၍ကုန်ဖို့ တစ်နှစ်လောက် ကြာပေလိမ့်မည်၊၊
ဒင်၊၊
သူ့ဖုန်းမှ အသံအချို့ ထွက်ပေါ်လာသည်၊၊ ဝမ်ရှန်းသည် သူတို့၏ ခြံဝန်းလေးသို့ ရောက်သောအခါ ဖုန်းကို ကြည့်လိုက်ရာ ဘဏ်အကောင့်ထဲတွင် ဂဏန်းအသစ်များ တိုးနေသည်ကို တွေ့လိုက်ရသည်၊၊ သူသည် တံခါးဝတွင် ရပ်ရင်း ခေါင်းငုံ့ကာ စိတ်လှုပ်ရှားမှုကြောင့် နှာခေါင်းများ ကျဉ်တက်လာပြီး အတော်ကြာအောင် မလှုပ်မယှက် ရပ်နေမိသည်၊၊
“ပြန်ရောက်ပြီလား’’
ချင်ယန်ဇီက ဘေးမှ နှုတ်ဆက်လိုက်သဖြင့် ဝမ်ရှန်း သတိပြန်ဝင်လာသည်၊၊ သူသည် မျက်ရည်များကို အမြန်သုတ်ကာ အိတ်များကို အထဲသို့ သယ်သွားလိုက်သည်၊၊
“ဆရာ၊၊ ကျွန်တော်တို့ ခြံဝင်းအတွက် တံခါးအသစ်တစ်ခုလောက် လုပ်ရင် မကောင်းဘူးလား’’
“ငါက ဒီမှာ ဧည့်သည်သက်သက်ပဲ၊၊ ငါလာတုန်းက ဘယ်လိုရှိလဲ ပြန်တဲ့အခါလည်း အဲဒီအတိုင်းပဲ ရှိနေရမယ်’’
ချင်ယန်ဇီက ကောင်းကင်ကို တည်ငြိမ်စွာ ကြည့်ရင်း ပြန်ပြောသည်၊၊
“နေမဝင်ခင် အချိန်နည်းနည်းတော့ ရှိသေးတယ်၊၊ မင်း ဒီနေ့ နေ့တစ်ဝက်လောက် အားနေတာပဲ၊၊ ရွှမ်းလေးက တောင်နောက်ဘက်မှာ အဝတ်သွားလျှော်နေတယ်၊၊ မင်းလည်း သွားလိုက်ဦး’’
“ကျေးဇူးတင်ပါတယ် ဆရာ’’
ဝမ်ရှန်းက ပြုံးပြီး ပြောလိုက်သည်၊၊ လွန်ခဲ့သည့် ရက်အနည်းငယ်အတွင်း သူအစွမ်းကုန် ကြိုးစားခဲ့ရသဖြင့် ခန္ဓာကိုယ် ပြိုလဲသွားမည်ကို စိုးရိမ်နေခဲ့ခြင်း ဖြစ်သည်၊၊
သူသည် ခရီးဆောင်အိတ်များကို အခန်းထဲတွင် ထားခဲ့ပြီး အကျီလက်ကို မတင်ကာ တောင်နားရှိ စမ်းချောင်းလေးဆီသို့ ပြေးသွားလိုက်သည်၊၊
သူ၏ အတည်မပြုရသေးသည့် တပည့်လေး ထွက်သွားသည်ကို ကြည့်ပြီး ချင်ယန်ဇီက အသံမထွက်ပဲ ရယ်မောလိုက်ကာ သက်ပြင်းအရှည်ကြီး ချလိုက်သည်၊၊ သူ၏ မျက်နှာတွင် ရှုပ်ထွေးသော အရိပ်အယောင်အချို့ ရှိနေသည်၊၊
“နောက်ဆုံးတော့ ရွှမ်းလေးက မိန်းကလေးပဲလေ၊၊ တစ်နေ့ကျရင် သူမက အိမ်ထောင်ပြုသွားမှာပဲ၊၊ ဘိုးဘေးတွေဆီက ဆင်းသက်လာတဲ့ ပညာရပ်တွေကို ဆက်ခံဖို့ အမျိုးသားတပည့်တစ်ယောက် လိုအပ်တယ်၊၊ ဟူး... ဘိုးဘေးတို့… အခု နှစ်ပေါင်းတစ်ထောင် ရှိခဲ့ပြီ၊၊ ဘယ်လောက်အထိ ကြာဦးမှာလဲ၊၊ ဘယ်နှစ်ဆက်အထိ ဒီအမွေအနှစ်ကို စောင့်ရှောက်နေရဦးမှာလဲ’’
ချင်ယန်ဇီသည် ခပ်ဖွဖွလေး ခုန်လိုက်ကာ ပျက်စီးနေသော ခြံဝင်းတံတိုင်းပေါ်သို့ ကျော့ရှင်းစွာ ဆင်းသက်လိုက်သည်၊၊ သူသည် လက်နှစ်ဖက်ကို နောက်ပစ်ကာ စမ်းချောင်းနားက မြင်ကွင်းကို လှမ်းကြည့်နေသည်၊၊
“စီနီယာအစ်မ၊၊ ကျွန်တော့်ကို ပေး၊ ကျွန်တော် ဆက်လျှော်လိုက်မယ်’’
အဝေးမှ ဝမ်ရှန်းနှင့် မုဝမ်ရွှမ်းတို့၏ ရယ်မောသံများသည် လေနှင့်အတူ လွင့်ပါလာသည်၊၊
****
အရိုးအဆစ်ပြုပြင်ခြင်း ၁၆ ကြိမ် ပြုလုပ်ပြီးနောက် ဝမ်ရှန်းသည် ဝူတန်းတောင် နောက်ဘက်ရှိ တိတ်ဆိတ်သော ခြံဝင်းလေးထဲတွင် ၄၇ ရက်တာ ကုန်ဆုံးခဲ့သည်၊၊
စက်တင်ဘာ ၂ ရက်သို့ ရောက်သောအခါ ကျောင်းဖွင့်ချိန် ကျော်လွန်သွားပြီဖြစ်သည်၊၊ သူ၏ ဆံပင်မှာ စရောက်သောအချိန်ကထက် အနည်းငယ် ရှည်လာသည်ကလွဲလျှင် ဝမ်ရှန်း၏ ပုံစံမှာ များစွာပြောင်းလဲခြင်း မရှိသေးပေ၊၊ သို့သော်လည်း သူ၏ဆရာ၏ အကူအညီဖြင့် သူသည် စတင်ပြောင်းလဲနေပြီ ဖြစ်ကြောင်း သူကိုယ်တိုင် သိပေသည်၊၊
နေ့တိုင်း သူသည် မိဘများထံ စာပို့ပြီး တစ်ပတ်တစ်ကြိမ် Video Call ပြောသည်၊၊ သူတို့ကို စိတ်ချစေရန် ပြောရုံသာမက ဝမ်ရှန်းသည် သူ တောင်ပေါ်တွင် ကျင့်ကြံနေခြင်းအပေါ် စိုးရိမ်မှုများ လျော့ကျသွားစေရန် ဆက်တိုက် နားချခဲ့သည်၊၊
တစ်လကျော်ကြာအောင် တားဆီးခဲ့ပြီးနောက် နောက်ဆုံးတွင် သူ၏မိဘများ လက်လျှော့သွားခဲ့သည်၊၊ သူတို့သည် ကျောင်းသို့ အကြောင်းကြားကာ နိုင်ငံခြားတွင် ဆေးကုသမှု ခံယူမည်ဟု အကြောင်းပြချက်ပေးပြီး တစ်နှစ် ခွင့်ယူပေးခဲ့သည်၊၊
ထို့အပြင် သူတို့သည် အစိုးရရုံးပိတ်ရက်များတွင် ဝူတန်းတောင်သို့ လာရောက်လည်ပတ်ရန်နှင့် ဝမ်ရှန်း၏ သိုင်းပညာဆရာဖြစ်သော ချင်ယန်ဇီနှင့် တွေ့ဆုံရန်လည်း စီစဉ်ထားကြသည်၊၊ သူတို့၏သားဖြစ်သူ၏ လုပ်ရပ်ကို သိုင်းပညာအပေါ် ရူးသွပ်မှုတစ်ခုအဖြစ် သတ်မှတ်လိုက်ခြင်းက သူတို့အတွက် လက်ခံရပိုလွယ်ကူသွားစေသည်၊၊
ညနေခင်းတွင် ဆရာနှင့် စီနီယာအစ်မတို့နှင့်အတူ ခြံဝင်းလေးထဲတွင် ညစာစားပြီးနောက် ဝမ်ရှန်းသည် ပန်းကန်များကို အားတက်သရော ဆေးကြောကာ သွားတိုက်လိုက်သည်၊၊ ထို့နောက် သူ၏ဆရာ သင်ပေးထားသည့် အခြေခံလက်သီးသိုင်း တတိယအဆင့်ကို လေ့ကျင့်ရန် ပြင်ဆင်လိုက်သည်၊၊
“မင်းက စမ်းသပ်မှုတွေကို ထူးထူးချွန်ချွန်နဲ့ အောင်မြင်ခဲ့တယ်’’
ချင်ယန်ဇီက တည်ကြည်စွာ ပြောလိုက်သည်၊၊
“ဒီနေ့ ငါ မင်းကို မေးရမယ်၊၊ ဝမ်ရှန်း… မင်း ငါ့ရဲ့ တပည့်အဖြစ် တရားဝင်ဖြစ်လာချင်လား”
ဝမ်ရှန်းမှာ ခဏတာ မှင်သက်သွားပြီးနောက် အမြန် ခေါင်းငြိမ့်လိုက်သည်၊၊ စိတ်လှုပ်ရှားမှုကြောင့် သူ၏ လည်ချောင်းထဲတွင် စကားလုံးများ တစ်ဆို့နေသည်၊၊
လွန်ခဲ့သည့် နှစ်လနီးပါး ကြိုးစားအားထုတ်မှုများက အချည်နှီးမဖြစ်ခဲ့ကြောင်း သိလိုက်ရသည့် ကျေနပ်မှုကြောင့် သူ့ကို မျက်ရည်ပင် ကျလုနီးပါး ဖြစ်သွားစေသည်၊၊
“မနက်ဖြန်ကျရင် ငါ တာအိုအကြီးအကဲတစ်ဦးကို သက်သေအဖြစ် ဖိတ်ခေါ်ပြီး မင်းကို ပညာရပ်တွေ လွှဲပြောင်းပေးမယ်၊၊ မနက်မိုးလင်းတာနဲ့ မင်းကိုယ်မင်း သန့်စင်အောင် လုပ်ထားပါ၊၊ မင်းက မွန်းတည့်ချိန်မှာ တရားဝင်ဂိုဏ်းသားဖြစ်လာလိမ့်မယ်’’
ချင်ယန်ဇီက ညွှန်ကြားလိုက်သည်၊၊
“ကျေးဇူးတင်ပါတယ် ဆရာ’’
ဝမ်ရှန်းက ဒူးထောက်ကာ ဦးချရန် ပြင်သော်လည်း ချင်ယန်ဇီက ပြုံးလျက် ဘေးသို့ ရှောင်လိုက်သည်၊၊ တရားဝင်တပည့်ဖြစ်သည့် အခမ်းအနား မတိုင်ခင်အထိ ထိုသို့ အပြုအမူမျိုးကို လက်မခံလိုသည့် ပုံပင်ဖြစ်သည်၊၊
ဘေးတွင် မေးစေ့ကို လက်ဖြင့်ထောက်ကာ ကြည့်နေသည့် စီနီယာအစ်မသည် ထိုမြင်ကွင်းကို ကြည့်ပြီး တောက်ပစွာ ပြုံးနေသည်၊၊ ဝမ်ရှန်းသည် မကြာမီ သူမ၏ ဂျူနီယာမောင်လေး တရားဝင်ဖြစ်လာတော့မည်ကို သိရှိကာ သူမ၏ မျက်ဝန်းများမှာလည်း ပျော်ရွှင်မှုကြောင့် တလက်လက်တောက်ပနေလေသည်၊၊