ဂိုဏ်းဝင်ခြင်းနှင့် ပညာစတင်သင်ကြားခြင်း
Vol. 1 Ch. 8
အရုဏ်ဦးအလင်းရောင် မလာခင်မှာပင် ဝမ်ရှန်းသည် တက်ကြွစွာဖြင့် နိုးထလာကာ လှုပ်ရှားနေပြီဖြစ်သည်၊၊
ဝူတန်းတောင်ပေါ်က ဘဝမှာ နေထိုင်ရသည်မှာ အဆင်ပြေလှသော်လည်း ဟောင်းနွမ်းနေသည့် ဤတာအိုကျောင်းလေးတွင် ရေချိုးရန်မှာမူ အမြဲတမ်း အခက်အခဲတစ်ခုဖြစ်သည်၊၊ ပုံမှန်ရက်များတွင် သူသည် အိမ်မကြီးနှင့် ဘေးခန်းကြား ထောင့်တစ်နေရာတွင် လိုက်ကာတစ်ခုကို ချိတ်ဆွဲကာ ရေပုံးထဲသို့ ရေအေးများဖြည့်ပြီး အမြန်ပင် လောင်းချိုးလိုက်လေ့ရှိသည်၊၊
သို့သော် ယနေ့တွင်တော့ ထိုသို့မဟုတ်ပေ၊၊ တပည့်အဖြစ် ခံယူခြင်းသည် အရေးကြီးသည့် အခိုက်အတန့်ဖြစ်သောကြောင့် ဝမ်ရှန်းသည် ရေချိုးခြင်းကို ပို၍ဂရုစိုက်ခဲ့သည်၊၊ ရိုးရှင်းသည့် အခင်းအနားသာရှိသော်လည်း သူသည် ခန္ဓာကိုယ်အနှံ့… အထူးသဖြင့် အဓိကနေရာများကို သေချာစွာ တိုက်ချွတ်ဆေးကြောခဲ့သည်၊၊
ရေချိုးပြီးနောက် ရင်ပြင်သို့ သူထွက်လာချိန်တွင် နံနက်ခင်း၏ လတ်ဆတ်သောရနံ့နှင့်အတူ လေပြေအေးလေးက ဝေ့ယမ်းတိုက်ခတ်သွားသည်၊၊ ဝမ်ရှန်းသည် လန်းဆန်းတက်ကြွမှုကို ခံစားလိုက်ရသည်၊၊ သူ၏ ခန္ဓာကိုယ်အတွင်းရှိ ချွေးပေါက်တိုင်း ပွင့်သွားပြီး လေထုထဲမှ တစ်ခုခုကို ဆွဲယူရန် တောင့်တနေသကဲ့သို့ပင်၊၊
ကံမကောင်းစွာဖြင့် သူရှာဖွေနေသည့် ချီစွမ်းအင်ကတော့ ပေါ်မလာသေးပေ၊၊ ကမ္ဘာဦးချီများ ပြန်လည်နိုးထလာရန် အနည်းဆုံး နောက်ထပ် ငါးလ၊ ခြောက်လခန့် လိုသေးသည်၊၊
နှစ်ဝက်...
ဆယ်စုနှစ်ပေါင်းများစွာ ကျင့်ကြံလာခဲ့သည့် သူ၏ဆရာ သို့မဟုတ် ငယ်စဉ်ကတည်းက အဆက်မပြတ်လေ့ကျင့်လာခဲ့သည့် စီနီယာအစ်မတို့နှင့် သူ့ကိုယ်သူ နှိုင်းယှဉ်၍မရနိုင်ပေ၊၊ သို့သော် သူသာ အံကြိတ်ပြီး အစွမ်းကုန်ကြိုးစားမည်ဆိုလျှင် ခက်ခဲကြမ်းတမ်းလှသည့် ကျင့်ကြံခြင်းလမ်းမကြီးပေါ်တွင် သူမ၏ နောက်ကျောကို အဝေးကနေ မြင်ရရုံလောက်တော့ ဖြစ်နိုင်ကောင်းပါရဲ့၊၊
ယနေ့တွင် ဝမ်ရှန်းသည် တရားဝင်တပည့်ဖြစ်လာတော့မည်ဖြစ်ပြီး သူ၏ဆရာကလည်း သူ့ကို ပညာအချို့ လွှဲပြောင်းပေးနိုင်သည်၊၊ သူသည် အတင်းအကျပ်လည်း မတောင်းဆိုလိုသလို အများကြီးလည်း မမျှော်လင့်ထားပေ၊၊ တာအိုဆရာ ပုယန်၏ ဂိုဏ်းသို့ ဝင်ခွင့်ရခြင်းကပင် သူ၏ မျှော်လင့်ချက်များကို ကျော်လွန်နေပြီ ဖြစ်သည်၊၊
သူသာ ကောင်းကောင်းကြိုးစားမည်ဆိုလျှင် ကမ္ဘာပေါ်တွင် ချီစွမ်းအင်များ ပြန်လည်ရောက်ရှိလာချိန်တွင် သူ၏ဆရာက သူ့ကို ကောင်းကောင်းမွန်မွန်ဆက်ဆံမည်မှာ သေချာပေသည်၊၊
“ဝမ်ရှန်း၊၊ ဒီမှာ လာကြည့်ဦး၊၊ မင်းနဲ့ တော်ရဲ့လားလို့’’
ချင်ယန်ဇီက ဘေးခန်းမှ လှမ်းခေါ်လိုက်သည်၊၊
ဝမ်ရှန်းသည် လျှော်ရမည့် အဝတ်ပုံးကို ချက်ချင်းချထားခဲ့ပြီး စိုစွတ်နေသည့် ဆံပင်များမှ ရေစက်များ ကျနေဆဲမှာပင် အမြန်ပြေးသွားလိုက်သည်၊၊
ချင်ယန်ဇီသည် သူ့ကို အသစ်စက်စက်ချုပ်ထားသော တာအိုဝတ်စုံတစ်ခု ပေးလိုက်သည်၊၊ ၎င်း၏အတွင်းတွင်တော့ သိုင်းကျောင်းများတွင် ဝတ်ဆင်လေ့ရှိသည့် လေ့ကျင့်ရေးဝတ်စုံနှင့်တူသော အဖြူရောင် အဝတ်အစားများ ပါဝင်သည်၊၊
ဝမ်ရှန်းသည် ပါးစပ်မစိနိုင်အောင် သဘောကျနေကာ ဝတ်စုံကို ဂရုတစိုက် ဖြန့်ကြည့်ကာ ဝတ်လိုက်ပြီး မှန်ထဲတွင် ကိုယ့်ကိုယ်ကိုယ် ပြန်ကြည့်ရင်း ကျေနပ်နေလေသည်၊၊
ဒါပဲလေ... ထာဝရရှင်သန်ခြင်းလမ်းစဉ်ကို လျှောက်လှမ်းမည့်သူတစ်ဦး၏ တရားဝင်ဝတ်စုံကွ၊၊
“ကျေးဇူးတင်ပါတယ် ဆရာ’’
“ဒါတွေ ပြောနေဖို့ မလိုပါဘူး’’
ချင်ယန်ဇီက ခပ်ဖွဖွလေး ရယ်ရင်း ပြန်ပြောသည်၊၊
“လွန်ခဲ့တဲ့ ရက်အနည်းငယ်က မင်းအဖေက မင်းရဲ့ ကျောင်းလခအဖြစ် သုံးဖို့ဆိုပြီး ပိုက်ဆံအချို့ လွှဲပေးထားတယ်’’
ခေါက်ထားသည့် စက္ကူဖြူတစ်ရွက်ကို ကမ်းပေးရင်း သူက ဆက်ပြောသည်၊၊
“မွန်းတည့်ချိန်မတိုင်ခင် ဒီထဲမှာပါတဲ့ စည်းကမ်းတွေကို အလွတ်ရအောင် ကျက်ထား’’
“ဟုတ်ကဲ့ပါ ဆရာ’’
ဝမ်ရှန်းက ရိုသေစွာ ပြန်ပြောလိုက်သည်၊၊ သူသည် စက္ကူကို လှမ်းယူရင်း အနည်းငယ်တော့ မျှော်လင့်နေမိသည်၊၊ တာအိုပညာရှင်တစ်ယောက်ရဲ့ လက်ရေးအတိုင်း လှပကျော့ရှင်းသည့် လက်ရေးအလှကို မြင်ရမယ်လို့ သူထင်ထားခဲ့ခြင်း ဖြစ်သည်၊၊
သို့သော် သူ စက္ကူကို ဖြန့်ကြည့်လိုက်သောအခါ စိတ်လှုပ်ရှားမှုများက ချက်ချင်း ပျောက်ကွယ်သွားသည်၊၊ စာသားတွေကတော့ သေချာစီတန်းထားပေသည်၊၊ သို့သော် စာလုံးတိုင်းက ကွန်ပျူတာစာလုံးဖောင့်များ ဖြစ်နေသည်၊၊
သူသည် ဂိုဏ်းသားများ လိုက်နာရမည့် စည်းကမ်းချက်များကို အမြန်ဖတ်ကြည့်လိုက်သည်၊၊ ထူးထူးခြားခြားတော့ မဟုတ်ဘဲ အကျင့်စာရိတ္တကောင်းမွန်ရန်နှင့် စည်းကမ်းလိုက်နာရန် တိုက်တွန်းချက်များသာ ဖြစ်သည်၊၊
ဝမ်ရှန်း ပြန်မော့ကြည့်လိုက်သောအခါ သူ၏ဆရာသည် လက်နှစ်ဖက်ကို နောက်ပစ်ကာ စိတ်အခြေအနေ အလွန်ကောင်းနေသည့် ပုံစံဖြင့် ခြံဝင်းထဲမှ ထွက်သွားနှင့်ပြီ ဖြစ်သည်၊၊ သူ၏ ခြေလှမ်းများမှာလည်း ပုံမှန်ထက် ပိုမို ပေါ့ပါးနေသည်၊၊
အိမ်မကြီးသို့ သူပြန်ရောက်သောအခါ အရာအားလုံးက ပြင်ဆင်ပြီးသား ဖြစ်နေသည်ကို ဝမ်ရှန်း အံ့သြစွာ တွေ့လိုက်ရသည်၊၊
(ရှေ့အခန်းတွေက အစစ်အမှန်နတ်ဘုရားသုံးပါးကို သူတော်စင်သုံးပါးလို့ ပြောင်းသုံးသွားပါမယ်)
ခန်းမဆောင်ထဲတွင် ဝါကျင့်ကျင့်ဖြစ်နေသည့် သူတော်စင်သုံးပါး၏ ပုံတူကို ချိတ်ဆွဲထားသည်၊၊ ၎င်း၏ အောက်တွင် အမွှေးတိုင်များ ထွန်းထားပြီး အငွေ့များက အပေါ်သို့ ခမ်းနားစွာ တလူလူတတ်နေသည်၊၊ ဝမ်ရှန်းသည် သူတော်စင်သုံးပါးလုံး ဤအခန်းထဲသို့ အမှန်တကယ် ဆင်းသက်လာသလားဟုပင် ခဏတာ ထင်မှတ်မှားသွားရသည်၊၊
သူ မျက်တောင်ခတ်လိုက်ပြီး သတိပြန်ဝင်လာသည်၊၊ ဝူတန်းတောင်သည် အစစ်မှန်မဟာသိုင်းဧကရာဇ်ကို ကိုးကွယ်သည့်နေရာအဖြစ် လူသိများသော်လည်း သူတော်စင်သုံးပါးကို ကိုးကွယ်သည်မှာ ထူးခြားနေသည်၊၊ သူ၏ဆရာက သူသည် ဝူတန်းတွင် ခေတ္တနေထိုင်သူသာဖြစ်ကြောင်း ပြောခဲ့ဖူးသည်ကို သတိရလိုက်သည်၊၊ ဝမ်ရှန်း သိထားသလောက် ချင်ယန်ဇီ၏ ကျော်ကြားမှုသည် ဝူတန်းတောင်၏ ရိုးရာနှင့် တိုက်ရိုက်ဆက်စပ်မှုမရှိပုံရပေ၊၊
သူတို့၏ ဂိုဏ်းစဉ်သည် ဝူတန်းနှင့် ရေသောက်မြစ်ချင်း မတူသည့် တခြားသော တာအိုကျင့်စဉ်ခွဲတစ်ခု ဖြစ်နိုင်သည်၊၊
အဓိကပလ္လင်စင်ပေါ်တွင် အသစ်ပြုလုပ်ထားသည့် သစ်သားကမ္ပည်းပြားတစ်ခု ရှိသည်၊၊ “ကောင်းကင်နှင့် မြေကြီး” ဟု ရေးထားသည့် စာသားမှာ မှင်ပင် မခြောက်သေးပေ၊၊ ၎င်းအောက်တွင် လုမျိုးနွယ်အတွက် ရည်စူးထားသည့် စာသားများ ပါရှိသဖြင့် သူ၏ဆရာသည် ထိုသူကို ဤတာအိုဂိုဏ်းခွဲ၏ ဘိုးဘေးအဖြစ် လေးစားကိုးကွယ်ကြောင်း အတည်ပြုနိုင်သည်၊၊
အနီးတွင် မုဝမ်ရွှမ်းသည် တောင်အောက်မှ သူမ ဝယ်လာခဲ့သော မုန့်သေတ္တာနှစ်လုံးကို ပြင်ဆင်ရင်း သီချင်းလေးတစ်ပုဒ်ကို ညည်းနေသည်၊၊
မုန့်များကို ပန်းကန်ထဲသို့ သေသေချာချာ စီထည့်ပြီးနောက် သူမသည် ထိုချိုချဉ်များကို တပ်မက်စွာ စိုက်ကြည့်နေသည်၊၊ ဝမ်ရှန်း၏ အခမ်းအနားပြီးသွားလျှင် ထိုမုန့်များကို သူမ စားလို့ရမည်လား စဉ်းစားနေသည့် ပုံပင်၊၊
“စီနီယာအစ်မ’’
ဝမ်ရှန်းက လှမ်းခေါ်လိုက်သည်၊၊
“လျှော်ရမယ့် အဝတ်တွေကို ပုံးထဲ ထည့်ထားလိုက်လေ၊ ဒီမနက် ကျွန်တော် အားနေတာနဲ့ တစ်ခါတည်း လျှော်ပေးမလို့’’
“အွန်း”
သူမက လှည့်မကြည့်ဘဲ ပြန်ထူးလိုက်သည်၊၊ သူမသည် မုန့်ကို စားချင်စိတ်ကို အောင့်ထားနေရသဖြင့် နှုတ်ခမ်းလေးကို တင်းတင်းစေ့ထားသည်၊၊ သူမ သွားရည်ကျနေမှန်း သိသာလှသည်၊၊
ဝမ်ရှန်း ခေါင်းအသာယမ်းကာ ရယ်မိသွားသည်၊၊
သူမက ကလေးဆန်နေတုန်းပဲ၊၊
သူသည် အခန်းထဲသို့ အမြန်ပြေးဝင်ကာ တာအိုဝတ်စုံနှင့် လေ့ကျင့်ရေးဝတ်စုံကို လဲလှယ်ဝတ်ဆင်လိုက်သည်၊၊ ခုတင်ခြေရင်းတွင် အသစ်စက်စက် အဝတ်ဖိနပ်တစ်စုံကို တွေ့သဖြင့် စမ်းဝတ်ကြည့်ရာ သူနှင့် ကွက်တိပင်ဖြစ်နေသည်၊၊
ဝတ်စုံအပြည့်နှင့် သူ၏ပုံစံမှာ အတော်လေး ကြည့်ကောင်းလှသည်၊၊ သို့သော် ပြဿနာတစ်ခုကတော့ သူ၏ဆံပင်များက တိုနေသေးခြင်းပင်၊၊
သူ၏ဆရာကဲ့သို့ ရှည်လျားလှပသည့် ဆံနွယ်များ မရှိဘဲနှင့်တော့ အနာဂတ်တွင် သူ ကောင်းကင်မှာ ပျံသန်းနေမည့်ပုံစံက အနည်းငယ်တော့ စတိုင်မကျနိုင်ပေ၊၊
ဝမ်ရှန်းသည် ဝတ်စုံကို ကြည့်ရင်း အခမ်းအနားမစခင် အဝတ်အစားများ ညစ်ပတ်သွားမည်စိုးသဖြင့် တာအိုဝတ်စုံကို ဂရုတစိုက်ပြန်ခေါက်ထားလိုက်ပြီး အရင်ဝတ်နေကျ ဘောင်းဘီတိုနှင့် ရှပ်အင်္ကျီကိုသာ ပြန်ဝတ်ထားလိုက်သည်၊၊
အခန်းထဲက ထွက်လာချိန်တွင် အဝတ်လျှော်ပုံးထဲတွင် စီနီယာအစ်မ၏ အဝတ်အချို့ ရောက်နေသည်ကို သူတွေ့လိုက်ရသည်၊၊ အမျိုးသမီး အတွင်းခံလေးတစ်ခုက အဝတ်ပုံပေါ်တွင် တင်နေသည်ကို မြင်လိုက်ရသဖြင့် ဝမ်ရှန်း မျက်နှာပူသွားရသည်၊၊
“စီနီယာအစ်မ၊၊ ကျွန်တော် အဝတ်သွားလျှော်တော့မယ်နော်’’
သူ၏စီနီယာအစ်မက လှည့်ကြည့်ပြီး လက်မထောင်ပြလိုက်သည်၊၊
“အွန်း”
ဝမ်ရှန်းသည် ပုံးထဲက အဝတ်များကို တခြားအဝတ်များဖြင့် ဖုံးအုပ်လိုက်ပြီးမှ စိတ်သက်သာရာ ရသွားလေသည်၊၊
ဟူး… ငါ့ရဲ့ စိတ်ပိုင်းဆိုင်ရာ ထိန်းချုပ်မှုက လိုနေသေးတာပဲ၊၊
တပည့်အဖြစ် ခံယူခြင်းကို ဝမ်ရှန်းတစ်ယောက်တည်းက အရေးကြီးသည်ဟု ထင်နေခြင်းမဟုတ်ပေ၊၊ ချင်ယန်ဇီအတွက်လည်း တပည့်တစ်ယောက် လက်ခံခြင်းက သေးငယ်သည့်ကိစ္စ မဟုတ်ပေ၊၊
ဝမ်ရှန်းသည် သူ၏ဆရာက တခြားတာအိုဆရာများနှင့် ဆက်ဆံသည်ကို တစ်ခါမှ မမြင်ဖူးသော်လည်း မွန်းတည့်ချိန်သို့ ရောက်သောအခါ ချင်ယန်ဇီသည် အခမ်းအနား၏ သက်သေအဖြစ် ဆံပင်ဖြူနှင့် တာအိုဆရာကြီးနှစ်ဦးကို ဖိတ်ကြားထားသည်၊၊
အရာအားလုံး ပြင်ဆင်ပြီးသောအခါ သက်သေနှစ်ဦးသည် ဘေးတွင် ထိုင်ကာ ပြုံးရွှင်စွာ ကြည့်နေကြသည်၊၊ ချင်ယန်ဇီသည်လည်း တစ်လမှာ တစ်ကြိမ်လောက်သာ ဝတ်လေ့ရှိသည့် အသစ်စက်စက်တာအိုဝတ်စုံကို ဝတ်ဆင်ကာ ခန်းမဆောင်ထဲတွင် တည်ကြည်စွာ ထိုင်နေသည်၊၊
မုဝမ်ရွှမ်းက အပြင်ခန်းမှ လက်ခုပ်တီးလိုက်ရာ အခမ်းအနားစတင်ပြီဖြစ်ကြောင်း အချက်ပေးလိုက်ခြင်းပင်၊၊
ဝမ်ရှန်းသည် အသက်ကို ပြင်းပြင်းရှူကာ သူ၏ဝတ်စုံကို သပ်ရပ်အောင် ပြင်လိုက်သည်၊၊ ဘာအတွက် သုံးမှန်းမသိသည့် သစ်သားပေတံတစ်ခုကို လက်နှစ်ဖက်ဖြင့် ကိုင်ကာ ခေါင်းငုံ့ပြီး အခန်းထဲက ထွက်လာခဲ့သည်၊၊
တာအိုဆရာကြီးနှစ်ဦးက ဝမ်ရှန်းကို ခဏမျှ စိုက်ကြည့်ပြီးနောက် ပြုံး၍ ခေါင်းငြိမ့်လိုက်ကြသည်၊၊
ချင်ယန်ဇီလည်း မတ်တတ်ရပ်လိုက်ပြီး ပြုံးပြသည်၊၊
“အခြေအနေအရ အခမ်းအနားကို ရိုးရိုးရှင်းရှင်းပဲ လုပ်ကြမယ်၊၊ ဝမ်ရှန်း ရှေ့ကို လာခဲ့’’
“ဟုတ်ကဲ့ပါ ဆရာ’’
“ဒူးထောက်လိုက်’’
ညွှန်ကြားချက်အတိုင်း ဝမ်ရှန်းသည် စင်ရှေ့ရှိ ဖျာပေါ်တွင် ဒူးထောက်လိုက်သည်၊၊
ချင်ယန်ဇီက ဆက်ပြောသည်၊၊
“အခု မင်းက ဂိုဏ်းထဲဝင်ပြီဆိုတော့ ဂိုဏ်းရဲ့ အစဉ်အလာကို သိထားရမယ်၊၊ ငါတို့ရဲ့ ဂိုဏ်းဟာ လုမျိုးနွယ် ဘိုးဘေးကနေ ဆင်းသက်လာတာဖြစ်ပြီး ငါတို့ရဲ့ တည်ထောင်သူဘိုးဘေးဟာ သူ့ရဲ့ တိုက်ရိုက်တပည့်ဖြစ်တယ်၊၊ ဒီပညာရပ်တွေကို မျိုးဆက်ပေါင်းများစွာ လက်ဆင့်ကမ်းလာခဲ့တယ်၊၊ တရားဝင်ဂိုဏ်းတစ်ခုအဖြစ် မတည်ထောင်ခဲ့ပေမဲ့ နှစ်ပေါင်း ၁၀၀၀ ကျော်အတွင်းမှာ ငါတို့ရဲ့ တာအိုအမွေအနှစ်ဟာ တစ်ခါမှ မပြတ်တောက်ခဲ့ဘူး၊၊ အခုတော့ ဒါဟာ ငါ့ဆီကို ရောက်လာခဲ့ပြီ’’
ဘေးက တာအိုဆရာကြီးနှစ်ဦးက မုတ်ဆိတ်မွှေးကို သပ်ရင်း ခေါင်းငြိမ့်ထောက်ခံကြသည်၊၊
“အခု မင်း ဂိုဏ်းထဲ ရောက်ပြီဆိုတော့ မင်းဟာ တာအိုကျင့်ကြံသူတစ်ယောက် ဖြစ်သွားပြီဆိုတာ သိထားရမယ်၊၊ တာအိုဟာ ကောင်းကင်နဲ့ မြေကြီးကို ရိုသေဖို့၊ ဘိုးဘေးတွေကို လေးစားဖို့၊ မိဘတွေကို လုပ်ကျွေးဖို့နဲ့ ဆရာသမားတွေကို နာခံဖို့ သင်ကြားပေးတယ်၊၊ တာအိုကို နားလည်ဖို့ဆိုတာ ကိုယ့်ကိုယ်ကိုယ် ကျင့်ကြံခြင်းကနေ စတင်တယ်၊၊ နားလည်လား’’
“နားလည်ပါပြီ ဆရာ’’
ချင်ယန်ဇီသည် ကျေနပ်စွာ ခေါင်းငြိမ့်လိုက်သည်၊၊ ထို့နောက် သူကိုင်ထားသည့် စက္ကူလေးကို ကြည့်လိုက်သည်၊၊
“မင်းဟာ ဂိုဏ်းထဲကို ရောက်တဲ့အခါ ‘ယွီ’ မျိုးဆက်ကို ခံယူရမယ်၊၊ မင်းရဲ့ စီနီယာအစ်မရဲ့ တာအိုအမည်က ‘ပုယွီ’ ဖြစ်တဲ့အတွက် မင်းရဲ့ တာအိုအမည်ကတော့ ‘ဖေးယွီ’ ဖြစ်လိမ့်မယ်’’
“နားလည်ပါပြီ ဆရာ၊၊ ကျေးဇူးတင်ပါတယ်’’
စကားမပြောသော တာအိုဆရာပေါ့လေ၊၊
နာမည်က အနည်းငယ် ထူးဆန်းနေသော်လည်း သူသည် ‘ယွီ’ မျိုးနွယ်ဖြစ်သွားပြီ၊၊ ‘ယွီဝမ်’ သို့မဟုတ် ‘မိန်ယွီ’ ကဲ့သို့သော နာမည်မျိုးတွေ မဟုတ်သည့်အတွက် တော်သေးသည်ဟု သူတွေးလိုက်သည်၊၊
ဝမ်ရှန်းသည် သူ၏ဆရာက သူ့ကို ‘စကားမပြောဘဲ လူကိုအံ့သြစေသူ’ ကဲ့သို့သော နာမည်အဆန်းကြီးတွေ ပေးလိုက်မှာကို စိုးရိမ်နေခဲ့ခြင်းဖြစ်သည်၊၊ ကံကောင်းစွာဖြင့် သူ၏ဆရာသည် ရိုးရှင်းပြီး သင့်တော်သည့် နာမည်ကိုသာ ပေးခဲ့သည်၊၊
ရိုးရာအတိုင်း တပည့်ခံပွဲအခမ်းအနားသည် ချောမွေ့စွာ ပြီးဆုံးသွားသည်၊၊ ချင်ယန်ဇီသည် သစ်သားပေတံကို ယူလိုက်သောအခါ ဝမ်ရှန်းသည် စက္ကူပေါ်တွင် ရေးထားသည့် စည်းကမ်းချက်များကို ရွတ်ဆိုသည်၊၊ စာတစ်ကြောင်း ရွတ်ဆိုပြီးတိုင်း ချင်ယန်ဇီက ဝမ်ရှန်း၏ ပုခုံးကို ပေတံဖြင့် ခပ်ဖွဖွလေး ပုတ်သည်၊၊ ၎င်းမှာ စည်းကမ်းများကို လက်ခံလိုက်ခြင်းကို ကိုယ်စားပြုသည်၊၊
“ပထမ- သတ်ဖြတ်ခြင်း မပြုရ - သက်ရှိအားလုံးအပေါ် ကရုဏာထားရမည်”
“ဒုတိယ- ဖောက်ပြန်ခြင်း မပြုရ - အမျိုးသမီးများကို စော်ကားခြင်း မပြုရ”
“တတိယ- ခိုးယူခြင်း မပြုရ - မိမိနှင့် ထိုက်တန်သည်ကိုသာ ယူရမည်”
“စတုတ္ထ- ကောင်းမှုကို မလှည့်စားရ၊ မကောင်းမှုကို မကြောက်ရွံ့ရ...’’
ဝမ်ရှန်းသည် စည်းကမ်းချက် ဆယ်ခုလုံးကို ရွတ်ဆိုပြီးသွားသည်၊၊ ယခုအခါ သူ၏ တာဝန်များမှာ ပြီးဆုံးသွားပြီ ဖြစ်သည်၊၊
ချင်ယန်ဇီသည် ပလ္လင်ဆီသို့ လေးနက်စွာ သွားလိုက်ပြီး အပြာရောင်အဝတ်ထုတ်လေးကို ဂရုတစိုက် ဖြေလိုက်သည်၊၊ ၎င်း၏အတွင်းတွင်တော့ ကြေးသေတ္တာအဟောင်းလေးတစ်ခုနှင့် ကျမ်းစာအုပ်တစ်အုပ် ရှိသည်၊၊
“ဒီနေ့မှာတော့ ငါက မင်းကို သန့်စင်သောယန်အင်မော်တယ် ချန်ထားခဲ့တဲ့ ကျမ်းစာတစ်အုပ်ကို လွှဲပေးမယ်၊၊ မင်းမှာ ဒီကျမ်းစာကို ကူးယူဖို့ ဆယ့်ငါးရက် အချိန်ရှိတယ်၊၊ ဒီကျမ်းစာဟာ မင်းရဲ့ ကျင့်ကြံခြင်းအတွက် အခြေခံဖြစ်လိမ့်မယ်’’
“ပညာရပ်တွေ လွှဲပြောင်းပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် ဆရာ’’
ဝမ်ရှန်းသည် ထိုကျမ်းစာသည် အမှန်တကယ် အင်မော်တယ်ဖြစ်မည့် နည်းလမ်းဟု မထင်ထားခဲ့ပေ၊၊ သို့သော် သူ၏ဆရာက ၎င်းကို သူ၏လက်ထဲသို့ ထည့်ပေးလိုက်သောအခါ ရှင်းပြမရနိုင်အောင် လေးလံနေသကဲ့သို့ ခံစားလိုက်ရသည်၊၊
ဒါက အမွေအနှစ်ကို လက်ဆင့်ကမ်းယူရတဲ့ ခံစားချက်မျိုးလား…
တာအိုဆရာကြီးတစ်ဦးက ရယ်မောလိုက်သည်၊၊
“အခု ဦးချရမယ့် အချိန်ရောက်ပြီ - ပထမ တာအိုတရားကို၊ ဒုတိယ ကျမ်းစာကို၊ နောက်ဆုံးမှာတော့ ကျေးဇူးသိတတ်တဲ့ အနေနဲ့ ဆရာ့ကို သုံးကြိမ် ဦးချရမယ်၊၊ ဒီဦးချမှု သုံးကြိမ်ပြီးရင် မင်းဟာ တရားဝင် တာအိုလမ်းစဥ်တပည့် ဖြစ်သွားပြီ၊၊ ငါတို့က သက်သေအဖြစ်ရှိနေပါတယ်’’
“နားလည်ပါပြီ’’
ဝမ်ရှန်းက ပြန်ပြောလိုက်သည်၊၊ သူသည် ကျမ်းစာကို ဘေးတွင် ခဏချထားပြီး သူတော်စင်သုံးပါး၏ ပုံတူကို သုံးကြိမ် ဦးချလိုက်သည်၊၊ ထို့နောက် ကျမ်းစာကို ရှေ့တွင်ထားကာ သုံးကြိမ် ဦးချပြီး နောက်ဆုံးတွင် သူ၏ဆရာကို သုံးကြိမ် ဦးချလိုက်သည်၊၊
အခမ်းအနားပြီးသွားသောအခါ ဝမ်ရှန်းသည် သူ၏ ပုခုံးပေါ်တွင် တစ်ခုခုတင်ထားသကဲ့သို့ ခံစားလိုက်ရသည်၊၊
ချင်ယန်ဇီက ပြုံးလိုက်သည်၊၊
“ငါ မင်းကို ငါ့ရဲ့ ဒုတိယမြောက်တပည့်အဖြစ် တရားဝင်ကြေညာလိုက်တယ်၊၊ အခုကစပြီး မင်းဟာ စည်းကမ်းတွေကို လိုက်နာပြီး တာအိုတရားကို လေးနက်စွာ ရှာဖွေရမယ်၊၊ ငါတို့ဂိုဏ်းက လောကီကိစ္စတွေနဲ့ အိမ်ထောင်ပြုတာကို မတားမြစ်ပေမဲ့ မင်းဟာ သစ္စာ၊ ကရုဏာနဲ့ မိဘကို ရိုသေအလေးထားမှုကို အမြဲတမ်း ဦးစားပေးရမယ်၊၊ နောက်ပိုင်း ငါက မင်းကို ဂိုဏ်းက ထုတ်ပစ်ရအောင်အထိတော့ မလုပ်ပါနဲ့’’
ဝမ်ရှန်း၏ ရင်ထဲတွင် တုန်လှုပ်သွားရသည်၊၊
သူ၏ဆရာက သတိပေးရုံသာ ပြောခြင်းဖြစ်သော်လည်း ခွင့်မလွှတ်နိုင်သော အမှားတစ်ခုခုလုပ်မိပြီး တာအိုဆရာမလေးပုယွီက သူ့ကို တစ်နိုင်ငံလုံးအနှံ့ လိုက်လံဖမ်းဆီးနေမည့် ပုံရိပ်ကို တွေးမိကာ...
ကြောက်စရာကြီး၊၊
“ဆရာ့ကို စိတ်ပျက်အောင် မလုပ်ပါဘူး’’
“ထတော့’’
ချင်ယန်ဇီက ရှေ့သို့ လှမ်းလာပြီး သူ့ကို ထူလိုက်သည်၊၊ ဝမ်ရှန်းလည်း မတ်တတ်ရပ်လိုက်ပြီး နှစ်ယောက်သား ပြုံးမိသွားကြသည်၊၊ ထိုစဉ် ဘေးနားက လက်ခုပ်တီးသံများကို ကြားလိုက်ရသည်၊၊
တာအိုဆရာကြီးနှစ်ဦးသည် လက်များ နီရဲသွားသည်အထိ အားတက်သရော လက်ခုပ်တီးကာ ချီးကျူးနေကြသည်၊၊
“မင်းနဲ့ စီနီယာအစ်မက ဒီမှာ အဝတ်အစားတွေ သိမ်းလိုက်ဦး၊၊ ငါက မင်းရဲ့ဆရာဦးလေးတွေကို သက်သက်လွတ်နေ့လည်စာကျွေးလိုက်ဦးမယ်’’
ချင်ယန်ဇီက ညွှန်ကြားလိုက်သည်၊၊ တာအိုဆရာကြီးနှစ်ဦးသည် ထမင်းတစ်နပ်တော့ ထိုက်တန်ပေသည်၊၊
ဝမ်ရှန်းနှင့် သူ၏စီနီယာအစ်မတို့သည် ဆရာဦးလေးနှစ်ဦးကို တောင်တံခါးအထိ လိုက်ပို့လိုက်ကြသည်၊၊ ချင်ယန်ဇီက သူတို့အတွက် စားစရာအချို့ ပြန်ယူလာပေးမည်ဟု ကတိပေးကာ ထွက်ခွာသွားလေသည်၊၊
သူတို့ ထွက်သွားသည်နှင့် ဝမ်ရှန်းက ချက်ချင်း လှည့်လိုက်သည်၊၊
“စီနီယာအစ်မ’’
မုဝမ်ရွှမ်းက ကြောင်အမ်းအမ်းဖြင့် မျက်တောင်ခတ်လိုက်သည်၊၊
“မုန့်သွားစားကြမယ်လေ’’
“အွန်း”
မုဝမ်ရွှမ်းလည်း သတိဝင်လာသည်၊၊
သူမသည် ခန်းမဆောင်ဆီသို့ လေပြင်းတိုက်သလို ပြေးဝင်သွားသည်၊၊ ဝမ်ရှန်းလည်း သူမ၏ လှုပ်ရှားမှုကိုပင် မျက်စိဖြင့် အမှီမလိုက်နိုင်ခဲ့ချေ၊၊
ဒါဟာ ပညာရှင်တစ်ယောက်ရဲ့ ပုံစံမျိုးဖြစ်ရမယ်…
သူ၏ဆရာသည် ကြေးသေတ္တာကို ယူသွားသော်လည်း ကျမ်းစာကတော့ ကျန်ရှိနေသေးသည်၊၊ တာအိုဆရာပုယန် ကူးယူထားခြင်းဖြစ်ကြောင်း ရေးထားသဖြင့် သူ၏ဆရာက လွန်ခဲ့သည့် အချိန်ကတည်းက ကူးယူထားခြင်းဖြစ်ကြောင်း သိနိုင်သည်၊၊
ဝမ်ရှန်းသည် ကျမ်းစာအုပ်ကို စိတ်လှုပ်ရှားစွာ စတင်ဖတ်ရှုလိုက်သည်၊၊ ပထမတော့ သူသည် ရိုးရိုးတာအိုကျမ်းစာဟု ထင်ထားခဲ့သော်လည်း အခန်းတစ်ခန်း ဖတ်ပြီးသည်နှင့် သူ၏ လည်ချောင်းများ ခြောက်သွေ့လာကာ လက်ဝါးများတွင်လည်း ချွေးများ စို့လာသည်...
“လူသားတွေမှာ ချို့ယွင်းချက် ငါးမျိုးရှိပြီး တာအိုမှာတော့ ဓာတ်ငါးပါး ရှိသည်၊၊ ချီများ နိုးထလာပြီး ဝိညာဉ်က စုစည်းသည်၊၊ ထိန်းချုပ်နိုင်မှုက မြင့်မြတ်ခြင်းကို ဆောင်ကြဉ်းပေးသည်’’
ဒါက ဘာလဲ...
“ချိုင့်ဝှမ်းသည် နက်ရှိုင်းလှ၏။ ထိုချိုင့်ဝှမ်း၏ အင်မော်တယ်ဝိညာဉ်သည် တာအိုပင်၊၊ တာအိုသည် ကောင်းကင်နှင့် မြေကြီး၏ မြစ်ဖျားခံရာဖြစ်၏”
“ဝိညာဉ်သည် ကြည်လင်သန့်စင်မှုကို ရရှိ၏။ ချိုင့်ဝှမ်းသည် ငြိမ်းချမ်းမှုကို ရရှိ၏။ တာအိုကျင့်ကြံသူသည် သဘာဝနှင့် တစ်သားတည်းဖြစ်အောင် ထိန်းသိမ်းခြင်းဖြင့် ထာဝရရှင်သန်ခြင်းသို့ ရောက်ရှိလေသတည်း”
ဒါ အင်မော်တယ်မန္တန်…
လုမျိုးနွယ်ဘိုးဘေးကိုယ်တိုင် လက်ဆင့်ကမ်းခဲ့တဲ့ - ဒါဟာ ပြည့်စုံတဲ့ အခြေခံကျင့်ကြံခြင်း နည်းစနစ်တွေနဲ့ မန္တန်တွေပဲ၊၊ ဒီထဲမှာ ချီစုစည်းခြင်း၊ ဝိညာဉ်ပေါင်းစည်းခြင်း၊ အမြုတေဖွဲ့စည်းခြင်းစတဲ့ ကျင့်ကြံခြင်းအဆင့်တွေကို အစဥ်လိုက် အသေးစိတ်ရှင်းပြထားတာပဲ…
အချက်လက်များကို ရှေးဟောင်းစကားလုံးတွေနဲ့ ဖုံးကွယ်ထားပေမဲ့ ဝမ်ရှန်းသည် ဒီလိုစာသားများကို ဆယ်နှစ်ကျော် လေ့လာခဲ့၍ အဓိပ္ပာယ်ကို သဘောမပေါက်ဘဲ မနေပေ၊၊
ဘယ်လို... ဒီလိုကျမ်းကို ဒီလောက်လွယ်လွယ်လေး ငါ့ကို ပေးလိုက်တာလား…
ကောင်းကင်နဲ့ မြေကြီးရဲ့ ကမ္ဘာဦးချီတွေ ပြန်မလာသေးသော်လည်း ၎င်းသည် တာအိုလမ်းစဉ်ရဲ့ အနှစ်ချုပ်ပင်၊၊
ဒီအစောပိုင်းစာသားတွေကို ဖတ်ကြည့်ရုံနဲ့တင် ဒီထဲမှာပါတဲ့ နည်းစနစ်တွေက ငါ့ရဲ့ အရင်ဘဝက သုံးခဲ့တဲ့ အခြေခံကျင့်စဉ်ထက် အဆပေါင်းများစွာ ပိုပြီး နက်ရှိုင်းနေတယ်…
ဝမ်ရှန်းသည် အသံထွက်ပြီး ညည်းမိသွားသည်၊၊ သူ၏ ယခင်ဘဝက သေဆုံးမှုမှာ ပိုပြီးတော့ သနားစရာကောင်းပြီး အဓိပ္ပာယ်မဲ့နေသလို သူခံစားလိုက်ရသည်၊၊
“အာ...’’
ဖြူဖျော့ဖျော့ လက်ကလေးတစ်ဖက်က သူ့ဆီသို့ ကမ်းလာပြီး လက်ချောင်းလေးနှစ်ချောင်းကြားမှာ ချိုချဉ်တစ်လုံးကို ကိုင်ထားသည်၊၊
“အွန်း”
ဝမ်ရှန်းသည် ပါးစပ်ကိုဟကာ သကြားလုံးကို ငုံလိုက်သည်၊၊ ထို့နောက် စီနီယာအစ်မကို ပြုံးပြလိုက်ပြီး ကျမ်းစာထဲသို့ ပြန်အာရုံစိုက်လိုက်သည်၊၊
သူ အခန်း သုံးခန်းတောင် မဖတ်ရသေးသော်လည်း ယခင်ဘဝက နှစ်ပေါင်းများစွာ သူ့ကို ဒုက္ခပေးခဲ့သည့် ပြဿနာများမှာ ပြေလည်သွားခဲ့သည်၊၊ သူ၏ အနာဂတ်လမ်းစဉ်မှာ ယခုအခါ လုံးဝ ရှင်းလင်းသွားခဲ့ပြီ၊၊
စိတ်လှုပ်ရှားမှုကြောင့် ဝမ်ရှန်းသည် သူ၏ ရင်ဘတ်နှင့် ပေါင်ကို တဖတ်ဖတ် ရိုက်နေမိရာ ဘေးနားက စီနီယာအစ်မသည် သဘောကျစွာ တခစ်ခစ်ရယ်မောနေလေသည်၊၊ သို့သော် မကြာခင်မှာပင် မုဝမ်ရွှမ်းသည် သူမ၏ ဆရာပြောခဲ့သည့် စကားကို သတိရလိုက်သည်၊၊
“သူသာ သာမန်ကလေးတစ်ယောက်ဆိုရင် ဒီလို ဒုက္ခခံဖို့ တောင်ပေါ်ကို ရောက်လာပါ့မလား’’
သူမသည် သူမ၏ ဂျူနီယာမောင်လေးကို ကြည့်သည့် အကြည့်များ၌ သနားဂရုဏာများ ပို၍ပြည့်လျှံလာသည်၊၊
ပုယွီ - တိတ်ဆိတ်ခြင်း
ဖေးယွီ- စကားမပြောခြင်း
ယွီဝမ်- ဘာသာစကား
မိန်ယွီ- ပဟေဠိ