ခုနှစ်စင်ကြယ်ဓားအစီအရင်
Vol. 1 Ch. 9
တရားဝင် တပည့်တစ်ဦးဖြစ်လာပြီးနောက် ဝမ်ရှန်းသည် သူအမြဲတောင့်တခဲ့ရသော တာအိုကျင့်ကြံခြင်းဘဝကို နောက်ဆုံးတွင် စတင်ဖြတ်သန်းခွင့်ရရှိခဲ့လေသည်။
“ငါ့မှာ ကျင့်စဉ်တွေရှိတယ်၊၊ ဆရာရှိတယ်၊၊ ကျင့်ကြံဖို့ အကောင်းဆုံး ပတ်ဝန်းကျင်လည်း ရှိနေပြီ။ မကြိုးစားစရာ ဘာအကြောင်းရှိသေးလဲ”
နံနက်တိုင်းတွင် ဝမ်ရှန်းသည် အိပ်ရာမှနိုးလျှင် ကိုယ်လက်သန့်စင်ကာ သူ၏ဆရာသင်ကြားပေးထားသော လက်သီးနှင့် လက်ဝါးသိုင်းကွက်များကို လေ့ကျင့်လေ့ရှိသည်။ ထို့နောက် သူသည် ဆရာနှင့် စီနီယာအစ်မတို့နှင့်အတူ ခြံဝင်းတံခါးရှေ့ရှိ စိမ်းစိုနေသော တောအုပ်ကြီးကို မျက်နှာမူကာ မျက်စိမှိတ်၍ တရားထိုင်ကြသည်။
ပထမဆုံးအကြိမ် တရားထိုင်ရာတွင် ဝမ်ရှန်းသည် နှစ်နာရီကျော်ကြာအောင် ထိုင်နိုင်ခဲ့သဖြင့် ချင်ယန်ဇီပင် အံ့အားသင့်သွားရသည်။ ထို့နောက် ချင်ယန်ဇီက သူ့အား အလွန်အကျွံ ဖိအားမပေးရန် သတိပေးခဲ့ရသည်။ တရားထိုင်ခြင်းဆိုသည်မှာ သဘာဝတရားနှင့် ဆက်သွယ်ခြင်းသာဖြစ်ပြီး ခံနိုင်ရည်ကို စမ်းသပ်ခြင်း သို့မဟုတ် ပြိုင်ဆိုင်ခြင်းမဟုတ်ကြောင်း သူက ရှင်းပြခဲ့သည်။
ထို့ကြောင့် ဝမ်ရှန်းသည် အခြေခံမှ ပြန်စခဲ့သည်။ မိနစ်သုံးဆယ်မှစ၍ တရားထိုင်ချိန်ကို တဖြည်းဖြည်း တိုးမြှင့်ခဲ့ရာ ဂိုဏ်း၏ကျင့်စဉ်များကို ခဏလောက် ဆင်ခြင်ရုံမျှဖြင့်ပင် သူသည် ထိုအထဲ၌ နစ်မျောသွားတတ်သည်။ သူကိုယ်တိုင်ပင် မသိလိုက်မီ ကျင့်ကြံခြင်းထဲ၌ လုံးဝအာရုံစိုက်မိနေပြီဖြစ်သည်။
ဝမ်ရှန်းသည် နှစ်ရှည်လများ မိုးခေါင်ပြီးနောက် ရွာသွန်းသော ချိုမြိန်သည့် မိုးစက်မိုးပေါက်များကို ခံစားရသကဲ့သို့ ဖြစ်နေသည်။
တရားထိုင်ပြီးသည်နှင့် သူနှင့် သူ၏စီနီယာအစ်မသည် အိမ်ကို အပေါ်မှအောက်ထိ သန့်ရှင်းရေးလုပ်ခြင်း၊ အဝတ်လျှော်ခြင်းနှင့် နေ့လယ်စာစားချိန်အထိ အိမ်မှုကိစ္စအသေးအမွှားများကို လုပ်ဆောင်ကြသည်။ ထမင်းစားပြီး တစ်ရေးတမော အိပ်စက်ပြီးနောက် ဝမ်ရှန်း အမျှော်လင့်ဆုံးအချိန်ဖြစ်သည့် သိုင်းပညာသင်ကြားချိန်သို့ ရောက်ရှိလာသည်။
တိတိကျကျပြောရလျှင် သူတို့သည် မိမိကိုယ်ကိုယ် ခုခံကာကွယ်ရန်အတွက် သိုင်းပညာကို လေ့ကျင့်ကြခြင်းဖြစ်သည်။
ကောင်းကင်နှင့် မြေကြီး၏ ကမ္ဘာဦးချီများ တည်ရှိစဉ်အခါက ကျင့်ကြံသူများသည် အမှန်တရားကို ရှာဖွေကြပြီး မဟာတာအိုကို နားလည်ရန် ကြိုးစားခဲ့ကြသည်။ သူတို့သည် မိမိကိုယ်ကိုယ် ကာကွယ်ရန်၊ တာအိုကို စောင့်ရှောက်ရန်နှင့် ဖြောင့်မတ်သော လမ်းစဉ်အတိုင်း လျှောက်လှမ်းရန် တာအိုပညာရပ်များနှင့် နည်းစနစ်များကို လေ့ကျင့်ခဲ့ကြသည်။
တာအိုပညာရှင်များ ကျင့်ကြံထားသော အမြုတေသည် သူတို့၏ ကျင့်ကြံခြင်းအဆင့်ကို ကိုယ်စားပြုသည်။ တိမ်ပေါ်၌ ပျံသန်းခြင်း၊ မိုးခေါ်ခြင်း၊ ပဲစေ့များမှ စစ်သည်များ ဖန်တီးခြင်း၊ အဆောင်လက်ဖွဲ့များရေးဆွဲခြင်းနှင့် ဆေးလုံးများ ဖော်စပ်ခြင်းတို့သည် တာအိုပညာရပ်များ ဖြစ်ကြသည်။
ကျယ်ပြန့်လှသော တာအိုရိုးရာဓလေ့များကြောင့် နည်းစနစ်များ၊ ချီမန်တုံကျား၊ပါကွ၊ အစီအရင်များ၊ အဆောင်များနှင့် ဖိုထိုးခြင်း၊ လက်နက်သွန်းလုပ်ခြင်းအပါအဝင် တာအိုပညာရပ်များသည် တစ်ခေတ်တစ်ခါက ထွန်းတောက်ခဲ့လေသည်။ ယနေ့ခေတ်တွင် ကမ္ဘာဦးချီများ ပျောက်ကွယ်နေသည်မှာ နှစ်ပေါင်းတစ်ထောင်ခန့် ရှိပြီဖြစ်သော်လည်း ဝိညာဉ်ငါးပါးဆင့်ခေါ်ခြင်း၊ တောင်များကို ရွှေ့ပြောင်းခြင်း၊ ပဲစေ့မှ စစ်သည်များဖန်တီးခြင်းနှင့် တိမ်ပေါ်ပျံသန်းခြင်းအစရှိသော တာအိုပညာရပ်များစွာကို မကြာခဏ ပြောဆိုနေကြဆဲဖြစ်သည်။
တာအိုရိုးရာ၏ အပြင်ဘက်တွင်လည်း အခြားသော ကျင့်ကြံခြင်းဂိုဏ်းခွဲများစွာ ရှိသေးသည်။ အချို့မှာ အဆိပ်ပညာ(ကူ)၊ စုန်းအတတ်နှင့် နတ်ဆရာအတတ်များကိုပင် သင်ကြားပေးကြသည်။
အကြောင်းရင်းကို မသိရသော်လည်း ကမ္ဘာပေါ်ရှိ ချီစွမ်းအင်များသည် တဖြည်းဖြည်း ခန်းခြောက်သွားခဲ့သည်။ ဤအရေးကြီးသော အရင်းအမြစ်မရှိဘဲ တာအိုပညာရပ်များသည် အပေါ်ယံသက်သက်သာဖြစ်လာခဲ့သည်။ စစ်မှန်သော စွမ်းအားကို ထိန်းသိမ်းထားနိုင်သည့် အဆောင်များနှင့် အချို့သော အစွန်းရောက်နည်းစနစ်များကတော့ ချွင်းချက်ဖြစ်သည်။
ရှေးဟောင်းဂိုဏ်းများ၏ တာအိုတောင်တန်းကြီးများနှင့် သက်တမ်းကြာမြင့်သော မျိုးနွယ်စုကြီးများတွင်သာ ပြည့်စုံလုနီးပါးရှိသော တာအိုရိုးရာများ ကျန်ရှိတော့သည်။ ကမ္ဘာဦးချီများ ဆုံးရှုံးသွားသောအခါ ကျင့်ကြံသူများသည် မိမိကိုယ်ကိုယ် ကာကွယ်ရန် နည်းလမ်းသစ်များကို ရှာဖွေခဲ့ကြသည်။ သူတို့သည် တာအိုပညာရပ်များမှ တိုက်ခိုက်ခြင်းကဏ္ဍများကို တိုးချဲ့ပြီး ဆန်းသစ်ခဲ့ကြရာမှ တာအိုသိုင်းပညာများ ပေါ်ထွန်းလာခဲ့သည်။
ညစာစားပြီးနောက် စီနီယာအစ်မ၏ အလေ့အကျင့်မှာ တီဗီကြည့်ပြီး အိပ်ရာဝင်ရန်ဖြစ်သော်လည်း ဝမ်ရှန်းကတော့ မီးအိမ်ငယ်လေးအောက်တွင် စာထိုင်ဖတ်လေ့ရှိသည်။
သူသည် သူတို့ဂိုဏ်း၏ အဓိကကျမ်းစာကို အရင်ဖတ်ပြီးနောက် တောက်တယ်ကျင်းနှင့် ၎င်း၏ အဖွင့်ကျမ်းများကို ဆက်လက်ဖတ်ရှုသည်။
ချင်ယန်ဇီ၏ စီမံကိန်းအရ ဝမ်ရှန်းသည် တာအိုကျမ်းစာ ၁၀၀ ခန့်ကို လေ့လာစေချင်ရုံသာမက စိတ်နေစိတ်ထားနှင့် အကျင့်စာရိတ္တကို ကောင်းမွန်စွာ ပျိုးထောင်ရန် ဂန္ထဝင်စာပေလက်ရာများကိုလည်း ဖတ်ရှုရမည်ဖြစ်သည်။
ဝမ်ရှန်း သည် သူတို့ဂိုဏ်း၏ အဓိကသင်ကြားမှုဖြစ်သော သန့်စင်သောအင်မော်တယ်ယန်ကျမ်းစာကို တောင်အောက်စျေးမှ ဝယ်လာသော မှတ်စုစာအုပ်ထဲသို့ ကူးယူခြင်းကို အမြန်အဆုံးသတ်ခဲ့သည်။ သူသည် ညတိုင်း အိပ်ရာမဝင်မီ ထိုစာသားများကို သေချာစွာ ခံစားပြီးမှ စာအုပ်ကို ရင်ခွင်ထဲ ထည့်၍ အိပ်စက်လေ့ရှိသည်။
ဝမ်ရှန်းသည် အမြင်သစ်များ ရရှိလာတိုင်း သူသည် ဆရာဖြစ်သူနှင့် ဆွေးနွေးလေ့ရှိသည်။ ချင်ယန်ဇီကလည်း ဝမ်ရှန်း၏ ကြိုးစားအားထုတ်မှုနှင့် တိုးတက်မှုကို ကျေနပ်ကာ သူ၏အမြင်များကို မျှဝေပေးသည်။
ဂိုဏ်းထဲသို့ တရားဝင်ဝင်ရောက်ပြီး တစ်လအကြာတွင် ဝမ်ရှန်းသည် ကျမ်းစာများကို အာဂုံဆောင်နိုင်ခဲ့ပြီး အခြေခံလက်သီးသိုင်းကိုလည်း အပြည့်အဝ တတ်မြောက်သွားခဲ့သည်။
သိုင်းကွက်များကို ဤမျှမြန်မြန်ဆန်ဆန် သဘောပေါက်နိုင်ခြင်းက ချင်ယန်ဇီကို အနည်းငယ် အံ့အားသင့်စေခဲ့သည်။
ဝမ်ရှန်း၏ သိုင်းပညာတွင် လျင်မြန်စွာ တိုးတက်လာခြင်းမှာ အကြောင်းမဲ့သက်သက်မဟုတ်ပေ။ ပထမအချက် အရင်ဘဝက ဆယ်နှစ်ကျော်ကြာ ကိုယ်တိုင်လေ့လာထားသော ကျင့်ကြံမှု အတွေ့အကြုံများ ရှိသည်။ ထို့အပြင် ချင်ယန်ဇီ၏ လမ်းညွှန်မှု၊ ပုံမှန်အရိုးအဆစ်ပြုပြင်ပေးခြင်းနှင့် သွေးကြောဖွင့်ပေးခြင်းတို့လည်း ရှိသည်။ အရေးကြီးဆုံးမှာ တောင်ပေါ်ရှိ အေးချမ်းသော ပတ်ဝန်းကျင်က သူ့အား ကျင့်ကြံခြင်း၌သာ အပြည့်အဝအာရုံစိုက်နိုင်စေခဲ့ခြင်းဖြစ်သည်။
ဝမ်ရှန်း၏ ဝီရိယရှိမှုကလည်း သူ၏ တိုးတက်မှုအတွက် အဓိကအခန်းကဏ္ဍမှ ပါဝင်ခဲ့သည်။
မွန်းလွဲပိုင်းတစ်ခုတွင် လတ်ဆတ်သော လေပြေများ တောင်တန်းတစ်လျှောက် တိုက်ခတ်နေစဉ် ချင်ယန်ဇီက မုဝမ်ရွှမ်းနှင့် ဝမ်ရှန်းတို့ကို ခြံဝင်းထဲသို့ ခေါ်လိုက်သည်။
“မင်းရဲ့ ဂျူနီယာမောင်လေးက တောင်ပေါ်ကို ရောက်နေတာ နှစ်လကျော်ပြီ။ ဒီနေ့ကစပြီး ငါ သူ့ကို တာအိုနည်းစနစ်တချို့ စသင်ပေးမယ်။ ရွှမ်းလေး… သူ့ရဲ့ အရည်အချင်းကို ငါ့အတွက် စမ်းသပ်ပေးပါဦး”
“အွန်း”
မုဝမ်ရွှမ်းက ခေါင်းကို ညင်သာစွာ ညိတ်ပြပြီး ဘေးသို့ လျှောက်သွားသည်။ သူမသည် လက်နှစ်ဖက်ကို နောက်ပစ်ကာ တည်ငြိမ်သော မျက်နှာထားဖြင့် ဝမ်ရှန်းကို ရင်ဆိုင်လိုက်သည်။
ဝမ်ရှန်းလည်း ခဏမျှ တွန့်ဆုတ်နေပြီး ဘာပြောရမှန်းမသိဖြစ်နေသည်။
နောင်တစ်ချိန်တွင် နတ်သမီးပုယွီသည် ကောင်းကင်အဆင့်သတ်မှတ်ချက်၏ ထိပ်တန်း ဆယ်ယောက်စာရင်းဝင် ဖြစ်လာလိမ့်မည်ဖြစ်သော်လည်း ဝမ်ရှန်းအနေဖြင့် သူ၏ သေးသွယ်နုနယ်သော စီနီယာအစ်မကို တိုက်ခိုက်ရန် တွန့်ဆုတ်နေမိသည်။ သို့သော် ဆရာဖြစ်သူ၏ အမိန့်ဖြစ်သောကြောင့် သူသည် အာရုံစူးစိုက်ကာ အစွမ်းကုန်ကြိုးစားရန် ဆုံးဖြတ်လိုက်သည်။
သူသည် ခြေလှမ်းကို ပြင်လိုက်ပြီး ခန္ဓာကိုယ်ကို အနည်းငယ်ကိုင်းချလိုက်သည်။ ထို့နောက် စီနီယာအစ်မကို လက်သီးဆုပ်၍ နှုတ်ဆက်လိုက်သည်။
“စီနီယာအစ်မ၊ ကျေးဇူးပြုပြီး လမ်းညွှန်ပေးပါ”
“အွန်း”
မုဝမ်ရွှမ်း၏ ထိုက်ကျိ အစပြုကွက်မှာ နူးညံ့သိမ်မွေ့ပုံရသည်။ ဝမ်ရှန်းသည် သူ၏ အသက်ရှူခြင်းနှင့် ကြွက်သားများကို ထိန်းချုပ်ကာ လွန်ခဲ့သော ရက်အနည်းငယ်ကမှ စတင်သဘောပေါက်ခဲ့သော ပါကွနဂါးခြေလှမ်းကို အသုံးပြုလိုက်သည်။ လျင်မြန်သော လှုပ်ရှားမှုအနည်းငယ်ဖြင့် သူသည် မုဝမ်ရွှမ်းထံသို့ ရောက်ရှိသွားပြီး သူမ၏ ပုခုံးကို ထိရန် ကြိုးစားလိုက်သည်။
မုဝမ်ရွှမ်း မျက်တောင်ခတ်သွားသည်။ သူမသည် ဘယ်ဘက်လက်ကို နှေးကွေးစွာနှင့် အသာလေးမြှောက်လိုက်ရာ ဝမ်ရှန်း၏ လက်ဝါးသည် သူမ၏ လက်ထဲသို့ အလိုလိုတိုးဝင်သွားသကဲ့သို့ ဖြစ်သွားသည်။
မုဝမ်ရွှမ်းက သူ၏ လက်ကောက်ဝတ်ကို ဘေးသို့ အသာအယာ ပုတ်ထုတ်လိုက်ပြီး သူမ၏ ခန္ဓာကိုယ်ကို အားအနည်းငယ်ဖြင့် ရွှေ့လိုက်သည်။
ဝမ်ရှန်း၏ ဟန်ချက်ပျက်သွားကာ သူရှေ့သို့ ယိုင်ကျသွားစဥ် သူမ၏ လက်ကလေးက သူ၏ ရင်ဘတ်ကို အသာအယာထိလိုက်သည်။
ပထမတော့ သူမ၏ လက်သည် နူးညံ့ပြီး ပေါ့ပါးနေသည်။ စီနီယာအစ်မက သူ့ကို အလျှော့ပေးနေသည်ဟုပင် ဝမ်ရှန်း ထင်လိုက်မိသည်။ သို့သော် ရုတ်တရက် နားမလည်နိုင်သော စွမ်းအားတစ်ခုက သူ့ခန္ဓာကိုယ်ထဲသို့ စီးဝင်လာပြီး သူ့ကို ဘေးသို့ လွင့်စင်သွားစေသည်။
ပို၍ ထူးခြားသည်မှာ သူ့ကို ထိခိုက်ဒဏ်ရာ ရသင့်သော ထိုစွမ်းအားသည် လေပေါ်တွင်ပင် တစ်ကိုယ်လုံးသို့ ပျံ့နှံ့သွားခြင်းဖြစ်သည်။ သူသည် မြေပြင်ပေါ်သို့ ဖင်ထိုင်လျက် ကျသော်လည်း သိပ်မနာကျင်လှပေ။
သူမအသက်အရွယ်နဲ့ ထိုက်ကျိသိုင်းကို ဒီလောက်ကျွမ်းကျင်မှုရှိပြီး အတွင်းအားကို အတိအကျ ထိန်းချုပ်နိုင်တာလား...
ဝမ်ရှန်း ပထမပိုင်းတွင် အနည်းငယ် စိတ်ပျက်သွားသော်လည်း ချက်ချင်းပင် စိတ်ကို ပြန်လည်စုစည်းကာ ခုန်ထ၍ ခေါင်းကို ကိုးရိုးကားရားဟန်ဖြင့် ကုတ်လိုက်သည်။
“ကျွန်တော် စီနီယာအစ်မကို မယှဉ်နိုင်ပါဘူး”
မုဝမ်ရွှမ်းက နှုတ်ခမ်းကို စေ့ထားပြီး သူမ၏ မျက်လုံးများတွင် စိုးရိမ်ရိပ်များ ရှိနေသည်။ ထို့နောက် သူမသည် ခေါင်းကို အမြန်ခါလိုက်သည်။
ဘေးမှ ချင်ယန်ဇီက တည်ငြိမ်စွာ ပြောလိုက်သည်။
“ရွှမ်းလေး မင်းရဲ့ မောင်လေးကို အဲဒီလို မနှိပ်စက်နဲ့လေ။ သူက ခုမှ စသင်တာပဲကို ပိုရိုးရှင်းတဲ့ နည်းစနစ်တွေကို သုံးပါ”
“အွန်း” မုဝမ်ရွှမ်းက နာခံစွာ ပြန်ပြောလိုက်သည်။
သူမသည် မီတာအနည်းငယ်အကွာတွင် ရပ်ပြီး ဝမ်ရှန်း ပြန်ထလာသည်ကို စောင့်နေသည်။ ထို့နောက် သူမသည် နောက်တစ်ကြိမ် ကိုယ်ဟန်ပြင်လိုက်သော်လည်း ဤတစ်ကြိမ်တွင် သူမက စတင်၍ ရှေ့သို့ တိုးလာသည်။
သူမက ခြေလှမ်းသုံးလှမ်းသာ လှမ်းလိုက်သော်လည်း ဝမ်ရှန်းလည်း ထိုလှုပ်ရှားမှုများကို ပါကွ၏ တာအိုအနှစ်သာရပါဝင်သော ခြေလှမ်းများအဖြစ် ချက်ချင်း မှတ်မိလိုက်သည်။ ၎င်းမှာ သူယခုလေးတင် သင်ယူထားသော အခြေခံ ပါကွနဂါးခြေလှမ်းထက် များစွာ ပို၍နက်ရှိုင်းသည်။
ဝမ်ရှန်း ရှေ့သို့ တိုးဝင်လိုက်သော်လည်း သူမကို မထိမီမှာပင် မုဝမ်ရွှမ်းသည် လွင့်မျောသွားသော လိပ်ပြာတစ်ကောင်ကဲ့သို့ ပျောက်ကွယ်သွားသည်။ သူ အလိုလျောက် နောက်သို့ လှည့်ရန် ကြိုးစားလိုက်သော်လည်း တစ်ဝက်ပင် မရောက်သေးမီ နောက်ဘက်မှ ပုခုံးကို အသာအယာပုတ်လိုက်သံကို ကြားလိုက်ရသည်။ သူသည် ပို၍မြန်မြန် ထပ်လှည့်လိုက်သော်လည်း ထိုနေရာ၌ပင် နောက်ထပ်တစ်ကြိမ် အသာအယာ ပုတ်ခြင်းကို ခံလိုက်ရပြန်သည်။
သောက်ကျိုးနဲ…
သူ၏ မျက်လုံးများက လိုက်ကြည့်နေသော်လည်း စီနီယာအစ်မ၏ အရိပ်ကိုပင် မမြင်ရချေ၊ သူမ၏ ဝတ်ရုံစွန်းကိုပင် မထိနိုင်ခဲ့ပေ။ သူ ခံစားနေရသည်မှာ သူ့နောက်ကျောမှ ထွက်လာသော လေတိုးသံသဲ့သဲ့သာဖြစ်သည်။
မိနစ်အနည်းငယ်ကြာပြီးနောက် ဝမ်ရှန်းသည် မြေပြင်ပေါ်တွင် ဆောင့်ကြောင့်ထိုင်ကာ သက်ပြင်းချလိုက်သည်။ ရှုံးနိမ့်မှုက သူ့ကို ဖုံးလွှမ်းသွားပြီး စိတ်ပျက်အားငယ်မှုများက သူ၏ ခန္ဓာကိုယ်မှ ထွက်ပေါ်နေသည်။
အနီးတွင် ရပ်နေသော ချင်ယန်ဇီသည် ဆရာတစ်ယောက်၏ သိက္ခာကို ထိန်းသိမ်းရင်း ရယ်ချင်စိတ်ကို အောင့်ထားရသဖြင့် မျက်လုံးအစုံက ကျဉ်းမြောင်းနေသည်။
ဝမ်ရှန်းကို သူမ၏ ဝတ်ရုံစွန်းပင် အထိမခံခဲ့သော မုဝမ်ရွှမ်းသည် သူ၏ ဘေးတွင် ဆောင့်ကြောင့်ထိုင်ကာ သူ၏ ဆံပင်တိုတိုလေးများကို ညင်သာစွာ ပွတ်သပ်ပေးလိုက်သည်။
“စီနီယာအစ်မ...”
ဝမ်ရှန်း ခေါင်းငိုက်စိုက်ချကာ သက်ပြင်းအရှည်ကြီး ချလိုက်သည်။
“အနာဂတ်မှာ ကျွန်တော် အနိုင်ကျင့်ခံရရင် စီနီယာအစ်မက ကျွန်တော့်ဘက်က ရှိပေးရမယ်နော်”
မုဝမ်ရွှမ်းက ခနစဉ်းစားပြီးမှ ခေါင်းညိတ်ပြီး သူမ၏ ရင်ဘတ်ကို လက်ဖြင့် အကြိမ်အနည်းငယ် ပုတ်ပြလိုက်သည်။
သူ၏ ဆရာနှင့် စီနီယာအစ်မသည် ဒဏ္ဍာရီအဆင့်နီးပါးရှိနေသည်ကို ဝမ်ရှန်း သိထားသော်လည်း သူနှင့် ရွယ်တူစီနီယာအစ်မကြားတွင် ဤမျှ ကြီးမားသော ကွာဟချက်ရှိနေသည်ကို လက်ခံရန် ခက်ခဲနေဆဲဖြစ်သည်။
အခု ငါ့မှာ အခြေအနေကောင်းတွေ ရှိနေပြီ၊၊ ငါ ထပြီး ရှေ့ဆက်ရမယ်။ သူမရဲ့ ဝတ်ရုံစွန်းကို ငါထိနိုင်တဲ့နေ့အထိ သူမနောက်ကို မခွာပဲလိုက်ရမယ်…
“ကဲ ဒီကိုလာ။ ဒီနေ့ မင်း စီနီယာအစ်မရဲ့ ယင်ယန်ခြေလှမ်းသုံးကွက်ကို ယှဉ်နိုင်တဲ့ အစီအရင်တစ်ခုကို ငါသင်ပေးမယ်”
ချင်ယန်ဇီက နွေးထွေးစွာ ပြောလိုက်သည်။
ဝမ်ရှန်းသည် စပရင်တစ်ခုကဲ့သို့ ဝုန်းခနဲ ထလိုက်ပြီး စိတ်လှုပ်ရှားစွာဖြင့် ပြေးသွားသည်။
ချင်ယန်ဇီသည် ခြံဝင်းထောင့်သို့ လျှောက်သွားပြီး သူအဆင်သင့်လုပ်ထားသော သစ်ကိုင်းသုံးကိုင်းကို ကောက်ယူလိုက်သည်။ သူက တစ်ကိုင်းကို ဝမ်ရှန်းထံသို့ ပေးလိုက်ပြီး နောက်တစ်ကိုင်းကို မုဝမ်ရွှမ်းထံသို့ လှမ်းပေးကာ ကျန်တစ်ကိုင်းကိုမူ သူကိုယ်တိုင် ကိုင်ထားလိုက်သည်။ ထို့နောက် သူသည် လက်နှစ်ဖက်ကို နောက်ပစ်ကာ ရပ်လိုက်သည်။
“လွန်ခဲ့တဲ့ နှစ်ပေါင်းတစ်ထောင်ခန့်က ကမ္ဘာပေါ်မှာ ကျင့်ကြံဖို့ ကမ္ဘာဦးချီတွေ ပြည့်နှက်နေတုန်းက ဒီဓားအစီအရင်ဟာ အဆင့်မြင့်ဆုံး တာအိုပညာရပ်တွေထဲက တစ်ခုအဖြစ် သတ်မှတ်ခံခဲ့ရတယ်။ ဒါကို မိစ္ဆာတွေကို နှိမ်နင်းဖို့၊ တာအိုကို စောင့်ရှောက်ဖို့နဲ့ ကိုယ့်ကိုယ်ကို ကာကွယ်ဖို့ သုံးခဲ့ကြတယ်။ သေချာကြည့်ထား ငါပြမယ်”
ချင်ယန်ဇီသည် သစ်ကိုင်းကို ဆုပ်ကိုင်လိုက်ပြီး ဘယ်ဘက်လက်ဖြင့် ဓားလက်ချောင်းဟန် ပြင်လိုက်သည်။ သူ၏ တစ်ကိုယ်လုံးသည် သိသိသာသာ အမူယာပြောင်းလဲသွားသည်။
“ငါ အခုပြမယ့် အစီအရင်ကို ခုနှစ်စင်ကြယ်ဓားအစီအရင်လို့ ခေါ်တယ်။ ငါ အသုံးပြုတဲ့အခါ ဒီသစ်ကိုင်းဟာ ခုနှစ်စင်ကြယ်ဓားရဲ့ စွမ်းအားကို ဆောင်ကြဉ်းလာလိမ့်မယ်”
ချင်ယန်ဇီသည် ခြံဝင်းတစ်လျှောက် လှပစွာ လှုပ်ရှားနေပြီး သူ၏ ဝတ်ရုံများသည် ခြေလှမ်းတိုင်းနှင့်အတူ လွင့်ပျံနေသည်။ သူသည် ဓားကွက်များကို ခင်းကျင်းလိုက်ရာ လေထုထဲတွင် ဓားသွားများစွာ ဝေ့ယမ်းနေသကဲ့သို့ တဖျတ်ဖျတ် အရိပ်များကို မြင်တွေ့လိုက်ရသည်။
သူ၏ ခြေလှမ်းများသည် ခုနှစ်စင်ကြယ်ပုံစံအတိုင်း ရွေ့လျားနေပြီး ကြယ်စင်စုများနှင့် အမြဲတမ်း တစ်သားတည်း ဖြစ်နေသည်။ သူသည် သစ်ကိုင်းတစ်ချောင်းကိုသာ ကိုင်ထားသော်လည်း တိုက်ခိုက်မှုတိုင်းသည် ပြင်းထန်သော လေပြင်းများကဲ့သို့ စွမ်းအားများ ပါရှိနေသည်။
“ဒီအစီအရင်ဟာ သိမ်မွေ့တဲ့ လှုပ်ရှားမှုတွေနဲ့ နက်နဲတဲ့ ခြေလှမ်းတွေကို အဓိကထားတယ်။ အပြည့်အဝတတ်မြောက်သွားတဲ့အခါ ဓားကို မမြင်နိုင်တော့ဘဲ ဓားဟာ စိတ်ထဲမှာပဲ ကျန်ရှိနေလိမ့်မယ်။ အစီအရင် ထွက်ပေါ်လာတာနဲ့ မိစ္ဆာအားလုံးကို ဖယ်ရှားပစ်နိုင်လိမ့်မယ်။ သေချာကြည့်ထား။ အခု မင်းတို့မြင်နေရတာတွေက ဓားရဲ့ ပုံရိပ်ယောင်တွေပဲ”
ချင်ယန်ဇီက အသံတိုးတိုးနှင့် ကြုံးဝါးလိုက်ပြီး ဝမ်ရှန်း၏ ဘေးမှ ဖြတ်ကျော်သွားရာ လေထဲတွင် ပုံရိပ်ယောင် ခုနှစ်ခုသာ ကျန်ရစ်ခဲ့သည်။ တစ်ခုချင်းစီသည် ခုနှစ်စင်ကြယ်ဓားအစီအရင်၏ မတူညီသောလှုပ်ရှားမှုများကို ဖော်ပြနေကြသည်။ သူတို့၏ လှုပ်ရှားမှုများသည် ကွဲပြားနေပုံရသော်လည်း ခုနှစ်စင်ကြယ်၏ လမ်းကြောင်းများနှင့် အတိအကျ ကိုက်ညီနေသည်။
ချင်ယန်ဇီသည် သတ္တမမြောက်ဓားကွက်ကို အဆုံးသတ်လိုက်သောအခါ ပုံရိပ်ယောင်အားလုံးသည် တစ်ပြိုင်နက်တည်း ရှေ့သို့ တိုးဝင်သွားကြပြီး သစ်ကိုင်းထိပ်ဖျားများက တစ်နေရာတည်းတွင် ဆုံစည်းသွားကြသည်။ ကျယ်လောင်သော အသံတစ်ခုနှင့်အတူ ခြံဝင်းတစ်ခုလုံးတွင် လေပွေငယ်များ စတင်လှုပ်ရှားသွားသည်၊၊
ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။ လေထဲမှာ ချီစွမ်းအင်တွေ ရှိနေပြီလား။ ဆရာက ဒါကို ဘယ်လိုလုပ်လိုက်တာလဲ…
ပုံရိပ်ယောင်ခုနှစ်ခုသည် တစ်ခုတည်းအဖြစ် ပေါင်းစည်းသွားပြီး ထွက်ပေါ်လာသော အရိပ်သည် နက်နဲဆန်းကြယ်သော အရှိန်အဝါကို ထုတ်လွှတ်နေသည်။
ဝမ်ရှန်းသည် ဓားကွက်ပြနေသော ချင်ယန်ဇီကို တခြားကမ္ဘာမှ အံ့ဖွယ်တစ်ခုကို မြင်တွေ့နေရသကဲ့သို့ စိုက်ကြည့်နေမိသည်။ ပထမတွင် သူသည် ချင်ယန်ဇီ၏ အရည်အချင်းကို အံ့ဩရင်း ချီးကျူးနေမိသော်လည်း မကြာမီမှာပင် သူ၏ ချီးကျူးမှုများသည် ‘သောက်ကျိုးနည်း'ဟူသော စကားလုံးများအဖြစ် ပြောင်းလဲသွားသည်၊၊
ချင်ယန်ဇီ၏ ဓားကွက်အဆုံးသတ်လိုက်ချိန်တွင် ဝမ်ရှန်းတစ်ကိုယ်လုံး အေးခဲသွားခဲ့သည်။ သူသည် အစီအရင်တစ်ခုလုံးကို မှတ်မိမည်ဟု မျှော်လင့်ခဲ့သော်လည်း သူ၏ စိတ်ထဲတွင် စွဲထင်ကျန်ရစ်သည်မှာ ရင်သပ်ရှုမောဖွယ် ပုံရိပ်ယောင်ခုနှစ်ခုသာ ဖြစ်သည်။
“လှုပ်ရှားမှုတွေကို သေချာမြင်လိုက်ရဲ့လား”
ချင်ယန်ဇီက ဘေးမှ မေးလိုက်သည်။
ဝမ်ရှန်းက ရှက်ပြုံးပြုံးလိုက်သည်၊၊ သူ၏ စီနီယာအစ်မကတော့ အတန်ကြာ စဉ်းစားပြီးမှ ခေါင်းညိတ်ပြသည်။
“မလောပါနဲ့”
ချင်ယန်ဇီက ဆက်ပြောသည်။
“သုံးနှစ်အတွင်းမှာ ဒီဓားအစီအရင်ရဲ့ တစ်စိတ်တစ်ပိုင်းလေးကို မင်းသဘောပေါက်နိုင်မယ်ဆိုရင် မင်းကို ရှားပါးတဲ့ ပါရမီရှင်လို့ သတ်မှတ်လို့ရတယ်”
ထို့နောက် သူသည် ဝမ်ရှန်းကို ကျောခိုင်းလိုက်သည်။
“လာ။ အခြေခံလှုပ်ရှားမှုတွေကို အသေးစိတ် ခွဲခြားကြည့်… ငါ့ရဲ့ လှုပ်ရှားမှုတွေကို သေချာကြည့်ပါ။ အစပြုကွက်က ပေါ့ပါးနေရမယ်၊၊ ဒါပေမဲ့ ထိန်းချုပ်ထားနိုင်ရမယ်...”
ဝမ်ရှန်းသည် မလိုအပ်သော အတွေးများကို ချက်ချင်းဖယ်ထုတ်ပြီး ချင်ယန်ဇီ၏ လှုပ်ရှားမှုများအပေါ်တွင်သာ အာရုံစိုက်လိုက်သည်။
သူသည် ထိုလှုပ်ရှားမှုများကို အတတ်နိုင်ဆုံး တူအောင် လိုက်လုပ်သည်။ တာအိုသိုင်းပညာ သို့မဟုတ် နည်းစနစ်တစ်ခုသည် မည်မျှပင် နက်နဲသည်ဖြစ်စေ ၎င်းသည် မန္တန်များကို မှတ်သားခြင်းနှင့် အခြေခံပုံစံများကို ကျွမ်းကျင်ခြင်းမှ စတင်ရမည်ဖြစ်သည်။ ဤအခြေခံကို ပိုင်နိုင်နိုင်မှသာ ထိုနည်းစနစ်ကို အမှန်တကယ် နားလည်ပြီး မိမိကိုယ်ပိုင်ဖြစ်လာပေမည်၊၊
ဝမ်ရှန်း၏ စိတ်ထဲတွင် ပြိုင်ဆိုင်လိုစိတ်ရှိနေသည်။ လက်ရှိတွင် သူ၏ စီနီယာအစ်မကို မယှဉ်နိုင်သည်ကို သူလက်ခံနိုင်သော်လည်း သူမ၏ နောက်တွင်သာ အမြဲတမ်း ကျန်ရစ်နေရန် ရည်ရွယ်ချက် မရှိပေ။
ငါ့ရဲ့ ချစ်စရာကောင်းတဲ့ စီနီယာအစ်မကို ငါ ကာကွယ်ပေးရမယ်…
ဝမ်ရှန်း ခုနှစ်စင်ကြယ်ဓားအစီအရင်ကို လေ့ကျင့်နေစဉ် ချင်ယန်ဇီက မုဝမ်ရွှမ်းကို ရုတ်တရက် ပြောလိုက်သည်။
“ရွှမ်းလေး… မင်းက အခုလောလောဆယ်တော့ ကြည့်ပဲကြည့်နေဦး။ မလောနဲ့… မင်းက ယင်ယန်ခြေလှမ်းသုံးကွက်ကိုတောင် အပြည့်အဝသဘောမပေါက်သေးဘူး။ မှတ်ထားပါ… တစ်ကြိမ်တည်းနဲ့ အများကြီးလုပ်ဖို့ ကြိုးစားတာဟာ မင်းရဲ့ အခြေခံကိုပဲ အားနည်းစေလိမ့်မယ်”
“အွန်း”
မုဝမ်ရွှမ် က ခပ်တိုးတိုး ပြန်ပြောသော်လည်း သူမသည် အပြည့်အဝ အာရုံစိုက်ကာ ဆက်လက်လေ့ကျင့်နေဆဲ ဖြစ်သည်။
သစ်ကိုင်းတစ်ယောက်တစ်ကိုင်းဖြင့် ဆရာတပည့်သုံးဦးသည် ဝူတန်းတောင်တန်း၏ နောက်ဘက်ရှိ ဟောင်းနွမ်းသော ခြံဝင်းငယ်လေးတွင် နက်နဲသော ဓားအစီအရင်ကို လေ့ကျင့်နေကြသည်။
သစ်ကိုင်းများ လေထဲတွင် ဝေ့ဝဲလှုပ်ရှားနေစဉ် ဝမ်ရှန်း၏ ကိုယ်တိုင်လေ့လာထားသော ကျင့်ကြံမှုအတွေ့အကြုံများက သူ၏ တန်ဖိုးကို သက်သေပြခဲ့သည်။ မွန်းလွဲပိုင်းမှ နေဝင်စပြုချိန်တွင် သူသည် ဓားအစီအရင်၏ တစ်ဝက်ခန့်ကို မှတ်မိနေပြီဖြစ်သည်။
သို့သော် ညနေစောင်းချိန်တွင်မူ သူ၏ စီနီယာအစ်မက ဓားအစီအရင်တစ်ခုလုံးကို ချောမွေ့စွာ ဖော်ထုတ်နေသည်ကို တွေ့လိုက်ရသောအခါ ဝမ်ရှန်းသည် သူ၏ ရှုံးနိမ့်မှု ဝဲဂယက်ထဲသို့ တစ်ဖန် ပြန်လည် နစ်မြုပ်သွားရပြန်သည်။
ကောင်းပြီ၊၊ ငါ အသေအလဲကြိုးစားမှ ရတော့မယ်…
သူ၏ ယခင်ဘဝတွင် မှန်ကန်သော ကျင့်စဉ်များ သို့မဟုတ် စွမ်းအားကြီးသောမန္တန်များမရှိခြင်းက ဝမ်ရှန်းကို တစ်လျှောက်လုံး ဒုက္ခပေးခဲ့သည်။ ယခုဘဝတွင်မူ သူလိုအပ်သမျှ အရာအားလုံးသည် သူ၏ ရှေ့မှောက်သို့ ရောက်ရှိနေပြီဖြစ်သည်။
ငါသာ ကြိုးစားအားထုတ်မှု မရှိရင် ငါ့ရဲ့ဝိညာဉ် ပျက်စီးသွားတုန်းက နာကျင်မှုတွေကို ခံစားခဲ့ရတဲ့ ငါ့ကိုယ်ငါ ပြန်တောင်းပန်ရလိမ့်မယ်…
ဝမ်ရှန်းသည် စိတ်ကို တည်ငြိမ်အောင်ထားပြီး အသက်ရှူခြင်းကို ထိန်းညှိကာ ဓားအစီအရင်ကို ပြည့်စုံအောင် လေ့ကျင့်ခြင်းနှင့် ဆရာ၏ သင်ကြားချက်များကို ဆင်ခြင်ခြင်းတို့တွင် မြှုပ်နှံထားလိုက်သည်။ သူသည် လေ့ကျင့်ခြင်းထဲတွင် နက်ရှိုင်းစွာ နစ်မျောသွားကာ ထိုအထဲမှ ပြန်ထွက်လာရန်ပင် ခက်ခဲနေလေသည်။
သူ၏ ယခင်ဘဝတွင် ဝမ်ရှန်း သည် “နံနက်ခင်းမှာ တာအိုတရားကို နာကြားရမယ်ဆိုရင် ညနေခင်းမှာ ကျေနပ်စွာ သေဆုံးနိုင်ပါတယ်” ဟူသော စကားကို မကြာခဏ ကြားခဲ့ဖူးသည်။
ယခုအခါ ချင်ယန်ဇီ၏ အဆက်မပြတ် လမ်းညွှန်မှုအောက်တွင် ဝမ်ရှန်းသည် ထိုစကား၏ နက်နဲမှုကို အမှန်တကယ် စတင်နားလည်လာပြီဖြစ်သည်။ သူ ဆယ်နှစ်ကျော်ကြာ တောင့်တခဲ့ရသော အရာများ၊ မရေမတွက်နိုင်သော နေ့ရက်များနှင့် ညပေါင်းများစွာ ရှာဖွေခဲ့ရသော အရာများသည် ယခုအခါ သူ၏ လက်တစ်ကမ်းတွင် ရှိနေပြီဖြစ်သည်။
ထို့အပြင် ချင်ယန်ဇီ၏ လမ်းညွှန်မှုနှင့် ဂိုဏ်း၏ သွန်သင်ချက်များကြောင့် သူ့ကို အချိန်အတော်ကြာ ဒုက္ခပေးခဲ့သော ကျင့်ကြံခြင်းဆိုင်ရာ မေးခွန်းများသည် တစ်ခုပြီးတစ်ခု ပြေလည်သွားခဲ့သည်။ ဝမ်ရှန်းသည် ထပ်ခါလဲလဲ ဉာဏ်အလင်းပွင့်သွားသကဲ့သို့ ခံစားနေရလေသည်။
***
ကူ- တရုတ်ပြည်တောင်ပိုင်း၊ အထူးသဖြင့် နန်ယွဲ့ဒေသ၏ ယဉ်ကျေးမှုများနှင့် ဆက်နွှယ်နေသော အဆိပ်ပညာတစ်မျိုးဖြစ်သည်။
တောက်တယ်ကျင်း သို့မဟုတ် လောင်ဇီသည် တရုတ်ဂန္ထဝင်စာပေတစ်ခုဖြစ်ပြီး တာအိုဘာသာ၏ အခြေခံကျမ်းစာဖြစ်သည်။ ၎င်းကို ပညာရှိလောင်ဇီ ရေးသားခဲ့သည်ဟု ယူဆကြသော်လည်း ကျမ်းစာပြုစုသူနှင့် ရေးသားသည့် ကာလအပေါ် တွင် အငြင်းပွားမှုများ ရှိခဲ့သည်။ ဤနေရာတွင်မူ pinyin အသံထွက်အတိုင်း အသုံးပြုထားပါသည်။