ဆောင်းဦး၏ ပထမဆုံးနှင်း
Vol. 1 Ch. 10
ဝမ်ရှန်းသည် တောင်ပေါ်တွင် အချိန်ကြာမြင့်စွာ နေထိုင်လေ တာအိုဆရာပုယန်နှင့် နတ်သမီးပုယွီတို့အကြောင်းကို ပို၍ သိရှိလာလေဖြစ်သည်။ သူသည် သူကိုယ်သူ နတ်ဘုရားများကြားသို့ မတော်တဆရောက်ရှိသွားသော သာမန်ထင်းခုတ်သမားလေးတစ်ဦးကဲ့သို့ပင် ခံစားလာရသည်။
သူ၏ဆရာသည် စီနီယာအစ်မကဲ့သို့သော လူမျိုးကို မည်သို့ သင်ကြားပေးခဲ့သည်ဆိုသည်ကို သူ နားမလည်နိုင်အောင် ဖြစ်နေသည်။ မုဝမ်ရွှမ်းသည် ဖြူစင်သောနှလုံးသားရှိပြီး လောကီရေးရာကိစ္စများအပေါ်တွင် အပူပင်မရှိသူဖြစ်သော်လည်း နုံအသူတစ်ယောက်တော့ မဟုတ်ပေ။ တာအိုအပေါ် သူမ၏ နားလည်သဘောပေါက်မှုမှာ မွေးကတည်းက ပါလာသည့်အလား သူမ၏ ဝိညာဉ်ထဲတွင် စွဲထင်နေပုံရသည်။
ဝမ်ရှန်းသည် အဆက်မပြတ် ကျင့်ကြံအားထုတ်ခြင်းဖြင့် တာအိုနောက်သို့ မောပန်းနွမ်းနယ်စွာ လိုက်နေရသော သာမန်လူသားတစ်ဦးကဲ့သို့ ခံစားရလေ့ရှိသည်။ ထိုအရာနှင့် ဆန့်ကျင်ဘက်ဖြစ်သော သူ၏စီနီယာအစ်မမှာမူ တာအိုနှင့်အတူ စည်းချက်ကျစွာ ရှင်သန်နေသူဖြစ်သည်။ သူမသည် သူသိခဲ့ဖူးသမျှ လူများထဲတွင် မည်သူနှင့်မျှ မတူပေ။
မုဝမ်ရွှမ်းသည် လောကကြီး၏ လမ်းစဉ်များကို နားလည်သဘောပေါက်သော်လည်း ကျား၊ မ ခွဲခြားမှုများ အဘယ်ကြောင့် ရှိနေရသည်ကိုမူ လုံးဝနားမလည်နိုင်ချေ။ ထိုသို့သော စိုးရိမ်ပူပန်မှုမျိုးမှာ သူမ၏ စိတ်ထဲတွင် လုံးဝမရှိပေ။
သူမ၏ နေ့ရက်များက ရိုးရှင်းပေသည်၊၊ ငေးမောခြင်း၊ သိုင်းကျင့်ခြင်း၊ တီဗီကြည့်ခြင်းနှင့် စာဖတ်ခြင်းတို့ပင် ဖြစ်သည်။ အခြားသူများအတွက် ငြီးငွေ့စရာကောင်းသည်ဟု ထင်ရသော်လည်း ၎င်းတို့သည် သူမအတွက်မူ နေ့စဉ် ကြီးမားသော စိတ်ကျေနပ်မှုကို ပေးစွမ်းနိုင်လေသည်။
သူ၏ဆရာ ချင်ယန်ဇီက ပို၍ပင် ထူးခြားလှသည်။
ကျမ်းစာများအကြောင်း ဆွေးနွေးငြင်းခုံခြင်းနှင့် တာအိုအကြောင်း ပြောဆိုခြင်းလား။ ထိုအရာမှာ ချင်ယန်ဇီ၏ ကျွမ်းကျင်သောပညာရပ်ဖြစ်သည်။
ရုပ်ရည်ကြည့်၍ ကံကြမ္မာဟောခြင်း၊ ဗေဒင်တွက်ခြင်းနှင့် ယတြာချေခြင်းလား။ ထိုအရာများမှာ သူ၏ အသက်မွေးဝမ်းကျောင်းနည်းလမ်းများသာဖြစ်သည်။
အမှန်စင်စစ် သူ၏ တာအိုပညာရပ် ကျွမ်းကျင်မှုမှာ အသက်တစ်ရာခန့်ရှိသော ဆရာကြီးတစ်ဦးနှင့်ပင် ညီမျှနေသည်။
လက်ဗလာဖြင့် တိုက်ခိုက်ခြင်းမှသည် ဓားသိုင်းပညာရပ်များအထိ၊ ယင်ယန်ခြေလှမ်းသုံးကွက်၊ သင်္ကတလေးမျိုးမှသည် ကြယ်ခုနှစ်ပွင့်နှင့် ပါကွအထိ—ချင်ယန်ဇီ၏ ကျွမ်းကျင်မှုမှာ ကဏ္ဍ ပေါင်းစုံသို့ ပျံ့နှံ့နေသည်။ သူ၏ အသိပညာမှာ အဆောင်စာရွက်များပြုလုပ်ခြင်း၊ ဆေးလုံးဖော်စပ်ခြင်း၊ အပနှင်ခြင်း၊ ကောင်းချီးပေးခြင်းနှင့် အထက်လမ်းပညာများအထိ ကျယ်ပြန့်လှသည်။ ထို့အပြင် တာအိုကုထုံးများ၊ ကျန်းမာရေးစောင့်ရှောက်မှုနှင့် ဝူတန်းအကြောနှိပ်ပညာရပ်များကိုလည်း သူကျွမ်းကျင်သေးသည်။
ထိုမျှမကသေးဘဲ သူသည် ပန်းပဲထုခြင်း၊ စိုက်ပျိုးခြင်းနှင့် တီဗီပြင်နိုင်သည့်အပြင် တောင်ပေါ်မှ တာအိုဆရာလေးများထံ ပြန်ရောင်းရန် မျိုးစေ့များကိုလည်း လိုက်လံစုဆောင်းတတ်သေးသည်... သို့သော် အကြောင်းအရာများ လွဲသွားနိုင်သဖြင့်…. သူရပ်တန့်လိုက်သည်၊၊
လူတစ်ယောက်သည် အသက်လေးဆယ်ကျော်အတွင်း ဤမျှများပြားသော ပညာရပ်များကို မည်သို့ ကျွမ်းကျင်နိုင်ပါမည်နည်း။
ဝမ်ရှန်းသည် ခုနှစ်စင်ကြယ်ဓားအစီအရင်ကို ခြောက်လကြာ လေ့ကျင့်ခဲ့သော်လည်း ၎င်း၏ စစ်မှန်သော စွမ်းအားကို အနည်းငယ်မျှသာ အသုံးပြုနိုင်သေးသည်။
ဝမ်ရှန်း၏ တွက်ချက်မှုအရ ချင်ယန်ဇီထံမှ အမြဲတမ်း လမ်းညွှန်မှုရနေလျှင်ပင် သူပြသခဲ့သော အဆင့်သို့ ရောက်ရန် နှစ်ပေါင်းများစွာ အိပ်ရေးပျက်ခံကာ မနားတမ်း လေ့ကျင့်ရလိမ့်မည် ဖြစ်သည်။ ချင်ယန်ဇီတွင် ဘယ်လောက်တောင် နက်နဲသည့် တာအိုပညာရပ်များ ဖုံးကွယ်ထားသေးသည်ကို မည်သူသိနိုင်မည်နည်း။
သူ၏ အဆုံးမရှိပုံရသော စွမ်းအားများရှိသော်လည်း ချင်ယန်ဇီသည်လည်း ခက်ခဲကြမ်းတမ်းမှုများနှင့် ကင်းဝေးသူတစ်ယောက် မဟုတ်ခဲ့ပေ။ သူ့ဘဝတွင် ဘယ်သောအခါမှ မကျော်လွှားနိုင်ခဲ့သော အတားအဆီးတစ်ခုရှိနေခဲ့သည်။
ကိုးလပိုင်း၊ ကိုးရက်နေ့ပွဲတော်တွင် ချင်ယန်ဇီက ဝမ်ရှန်းကို သူနှင့်အတူ အရက်သောက်ရန် ဖိတ်ခေါ်ခဲ့သည်။ အရက်အနည်းငယ် ဝင်သွားပြီးနောက် သူက သူကိုယ်သူနှင့် ဝမ်ရှန်းကို “ငါတို့လို ယောကျ်ားတွေ” ဟူသော စကားလုံးကို သုံးကာ သူ၏ တပည့်များအပေါ် ရင်ဖွင့်လာသည်။
ချင်ယန်ဇီတွင် တစ်သက်လုံး နောင်တရနေရသော အကြောင်းအရာတစ်ခုရှိနေပြီး ၎င်းသည် သူ၏နှလုံးသားတွင် လေးလံသော ဝန်ထုပ်ဝန်ပိုးတစ်ခုအမြဲဖြစ်နေခဲ့သည်။
လွန်ခဲ့သော နှစ်ပေါင်းနှစ်ဆယ်ကျော်က ဝူတန်းတောင်သို့ မရောက်လာမီ ချင်ယန်ဇီသည် သူ၏ဆရာနှင့်အတူ ကမ္ဘာအနှံ့ လှည့်လည်ခဲ့ဖူးသည်။ မြို့တော်သို့ ရောက်ရှိနေစဉ် ယတြာချေပွဲတစ်ခုကို ပြုလုပ်နေရင်း လူငယ်လေး ချင်ယန်ဇီသည် လှပနူးညံ့သော မိန်းကလေးတစ်ဦးနှင့် ဆုံတွေ့ပြီး အကြီးအကျယ် ချစ်မိသွားခဲ့သည်။
သုံးနှစ်တိုင်တိုင် ဝမ်ရှန်းတို့၏ ဆရာအဘိုး မသိအောင် သူတို့ တိတ်တဆိတ် ချစ်ကြိုးသွယ်ခဲ့ကြသည်။ သူတို့သည် တောင်တန်းများနှင့် လယ်ကွင်းများ၏ ဆိတ်ကွယ်ရာအရပ်များတွင် ဆုံတွေ့ခဲ့ကြပြီး တည်းခိုခန်းငယ်လေးများတွင် အတူတကွ အချိန်ဖြုန်းကာ သူတို့နှစ်ဦးတည်း ရှိနိုင်မည့်နေရာတိုင်းသို့ ခိုးထွက်ခဲ့ကြသည်။
နောက်ဆုံး၌ ထိုမိန်းကလေးတွင် ကိုယ်ဝန်ရှိလာခဲ့သည်။ ချင်ယန်ဇီက သူမကို လက်ထပ်လိုသော်လည်း သူ၏ဆရာက ပြတ်သားစွာ တားမြစ်ခဲ့သည်။
ချင်ယန်ဇီ၏ ဆရာက သူ ဂိုဏ်းသို့ ဝင်ရောက်စဉ်က ကတိသစ္စာပြုခဲ့သည့်အတိုင်း—လောကီအနှောင်အဖွဲ့အားလုံးကို စွန့်လွှတ်ရန်၊ တောင်ပေါ်သို့ ပြန်လာရန်နှင့် သူတို့၏ နှစ်ပေါင်းထောင်ချီသော တာအိုအမွေအနှစ်ကို စောင့်ရှောက်ရန်—သူ့ကို တောင်းဆိုခဲ့သည်။ ချင်ယန်ဇီ၏ ဆရာ၊ ထိုဆရာ၏ဆရာနှင့် ယခင်မျိုးဆက်များအတိုင်း လုပ်ဆောင်ရန် ပြောကြားခဲ့ခြင်းဖြစ်သည်။
တစ်ဖက်တွင် သူ့ကို ကျွေးမွေးပြုစုပြီး ပညာသင်ပေးခဲ့သော၊ ကျန်းမာရေး အလွန်ဆိုးရွားနေသော သူ၏ဆရာရှိနေပြီး အခြားတစ်ဖက်တွင်မူ သူ၏ရင်သွေးကို လွယ်ထားရသော သူချစ်ရသည့် မိန်းကလေးရှိနေသည်။
ချင်ယန်ဇီသည် မဖြစ်နိုင်သော အကျပ်အတည်းတစ်ခုကြားတွင် ပိတ်မိနေခဲ့သည်။ သူသည် အချိန်ဆွဲရန်ပင် စဉ်းစားခဲ့သေးသည်—သူ၏ဆရာကို နောက်ဆုံးအချိန်အထိ ပြုစုစောင့်ရှောက်ရင်း ကလေးမွေးလာပြီးနောက် ကျွေးမွေးပြုစုပေးမည့်သူကို တိတ်တဆိတ် စီစဉ်ပေးရန် ဖြစ်သည်။
ချင်ယန်ဇီ၏ နှလုံးသားထဲတွင် မျှော်လင့်ချက်တစ်ခုရှိနေခဲ့သည်။ ဆရာကွယ်လွန်သွားသည်နှင့် သူချစ်ရသူနှင့် ပြန်လည်ဆုံစည်းပြီး သူတို့၏ကလေးကို မိသားစုအဖြစ် အတူတကွ ပြုစုပျိုးထောင်ရန် သူစိတ်ကူးခဲ့သည်။
သို့သော် သူ့ချစ်သူသည် မာနကြီးသူဖြစ်သည်။ သူ၏ မပြတ်သားမှုကို စိတ်ပျက်သွားသောကြောင့် သူမသည် တစ်ညတည်းနှင့် ဆက်ဆံရေးအားလုံးကို ဖြတ်တောက်ကာ ကျယ်ပြောလှသော လူ့လောကထဲ၌ အစအနမကျန် ပျောက်ကွယ်သွားခဲ့သည်။ ဆယ်နှစ်ကျော်ကြာအောင် သူမကို သူ ရှာမတွေ့ခဲ့ပေ။
ချင်ယန်ဇီက မောပန်းနွမ်းနယ်စွာဖြင့် သက်ပြင်းအရှည်ကြီး ချလိုက်သည်။ သူ၏ မျက်လုံးများ နီရဲလာပြီး သူ၏ ဝတ်ရုံထဲမှ ဓာတ်ပုံနှစ်ပုံကို ထုတ်လိုက်သည်။ ထိုဓာတ်ပုံများကို အချိန်အတော်ကြာ တိတ်ဆိတ်စွာ စိုက်ကြည့်နေပြီးမှ ဝမ်ရှန်းထံသို့ ကမ်းပေးလိုက်သည်။
“ငါ့ရဲ့ ဒီဘဝမှာ တစ်ခုတည်းသော နောင်တကတော့ သူအလိုအပ်ဆုံးအချိန်မှာ ငါ ဂရုမစိုက်ပေးနိုင်ခဲ့တာနဲ့ ငါတို့ကလေးအတွက် အနားမှာ မရှိပေးနိုင်ခဲ့တာပဲ။ အခုထိတောင် ငါ သူ့ကို ရင်မဆိုင်ရဲသေးဘူး။ အပြစ်ရှိသလို ခံစားရတာနဲ့ ရှက်တာတွေက ငါ့အပေါ်မှာ အရမ်းဖိစီးနေလို့ ငါ ဘယ်တော့မှ စိတ်အေးချမ်းရမှာ မဟုတ်ဘူး။ အနည်းဆုံးတော့ သူမက ဘေးကင်းကင်းနဲ့ ကလေးမွေးခဲ့ပြီး ဒီနှစ်တွေတစ်လျှောက် ကောင်းကောင်းမွန်မွန် နေထိုင်ခဲ့ပုံရပါတယ်။ လွန်ခဲ့တဲ့ နှစ်နှစ်က သူငယ်ချင်းတစ်ယောက်ကတစ်ဆင့် ဒီဓာတ်ပုံကို သူ ပို့ပေးခဲ့တယ်။ ငါ့ကလေးက မိန်းကလေးပဲ၊၊ မင်းနဲ့ ရွှမ်းလေးတို့နဲ့ ရွယ်တူလောက်ပဲ”
အဝါရောင်သန်းနေသော ဓာတ်ပုံဟောင်းလေးထဲတွင် ဆံပင်တိုတိုနှင့် လှပသောအမျိုးသမီးတစ်ဦး ရှိနေပြီး သူမ၏ မျက်နှာသည် အေးချမ်းနေကာ နူးညံ့သောအပြုံးမှာ နွေးထွေးလှပေသည်။ သူမနှင့် ဝမ်ရှန်း၏ ဆရာတို့မှာ အမှန်တကယ်ပင် လိုက်ဖက်သော စုံတွဲတစ်တွဲဖြစ်ပုံရသည်။
နောက်ထပ် ဓာတ်ပုံထဲတွင်မူ တောက်ပသော အပြုံးရှိသည့် မိန်းကလေးတစ်ဦး ကင်မရာကို ကြည့်၍ ပြုံးနေသည်။ သူမသည် ငြင်းမရနိုင်ဘဲ ချင်ယန်ဇီနှင့် အလွန်တူကာ လှပပေသည်၊၊ အထူးသဖြင့် မျက်လုံးများမှ တစ်ပုံစံတည်းပင်ဖြစ်သည်။
“ဆရာ၊ အဆင်ပြေသွားမှာပါ”
ဝမ်ရှန်း စကားလုံးများကို ခက်ခဲစွာ ရှာဖွေနေရသည်။ ခဏမျှ စဉ်းစားပြီးနောက် သူက ခပ်တိုးတိုး ပြောလိုက်သည်။
“အမျိုးသမီးတွေ ကိုယ်ဝန်ရှိတဲ့အခါ ဟော်မုန်းတွေကြောင့် စိတ်လှုပ်ရှားလွယ်တတ်ကြတယ်။ ဆရာ့မှာလည်း ဆရာ့အကြောင်းပြချက်ရှိသလို သူမမှာလည်း သူမအကြောင်းပြချက်ရှိမှာပါ။ ဘယ်သူ့မှာမှ အပြစ်မရှိပါဘူး—အရင်မျိုးဆက်တွေဆီက ဆင်းသက်လာတဲ့ ခေတ်မမီတော့တဲ့ ရိုးရာဓလေ့တွေကြောင့်သာ ဖြစ်မှာပါ”
“ဟုတ်တယ်… အဲဒီ ရှေးရိုးစွဲတွေကြောင့်ပဲ… ငါ ဒီလောက် ပူလောင်နေခဲ့ရတာ”
စိတ်လှုပ်ရှားလာသော ချင်ယန်ဇီက ဝမ်ရှန်း၏ ပုခုံးကို ကိုင်လိုက်ပြီး လေချဉ်တစ်ချက်တက်ရင်း ပြောလိုက်သည်။
“ရှန်းလေး… မစိုးရိမ်နဲ့… မင်းရဲ့ ဆရာက ပွင့်လင်းပါတယ်၊၊ မင်းလက်ထပ်ချင်ရင် လက်ထပ်… ကလေးယူချင်ရင် ယူ… လိုအပ်ရင် ငါကိုယ်တိုင် ကူထိန်းပေးမယ်…. မင်းရဲ့ ဇနီးအပေါ် သစ္စာရှိပြီး လျှောက်မရှုပ်သရွေ့ ဘာပြဿနာမှ မရှိဘူး”
“မင်းရဲ့ ကျင့်ကြံခြင်း အဆင့်တက်သွားတာနဲ့ ငါ မင်းကို တာအိုအကယ်ဒမီကို ပို့ပေးမယ်။ ဘွဲ့ရလို့ တာအိုလက်မှတ်ရပြီဆိုရင် အဖွဲ့အစည်းဆီကနေ လစဉ်ထောက်ပံ့ကြေး ရလိမ့်မယ်။ အခမ်းအနားတွေဘာတွေလုပ်၊ ဗေဒင်ဟောတာတွေလုပ်—မိသားစုကို ကျွေးမွေးစောင့်ရှောက်ဖို့က ဘာမှပူစရာမရှိဘူး”
ဝမ်ရှန်းက ခပ်တိုးတိုး ရယ်မိသော်လည်း သူ၏နှလုံးသားထဲတွင် နွေးထွေးမှုကို ခံစားလိုက်ရသည်။ သူ၏ဆရာသည် သူ၏အနာဂတ်အတွက် သေချာစွာ စဉ်းစားပေးထားခြင်းဖြစ်သည်။
ကံမကောင်းစွာဖြင့် ဝမ်ရှန်းအနေဖြင့် သူ့ကို မပြောပြနိုင်သော အရာများ ရှိနေသည်။
နောက်လအနည်းငယ်အတွင်းမှာ ကမ္ဘာဦးချီတွေ ပြန်ရောက်လာတော့မယ်၊၊ အဲဒီအခါ နှစ်ပေါင်းထောင်ချီ သက်တမ်းရှိတဲ့ ဒီတာအိုအမွေအနှစ်တွေက ပြန်တောက်ပလာတော့မယ်….
ထိုအချိန်ရောက်လာပါက ကျင့်ကြံသူများ၏ ကံကြမ္မာနှင့် အခွင့်အလမ်းများသည် ကြီးမားသော ပြောင်းလဲမှုများကို ကြုံတွေ့ရမည်ဖြစ်သည်။
သက်ပြင်း အနည်းငယ်ထပ်ချပြီးနောက် ချင်ယန်ဇီသည် ကြိမ်ကုလားထိုင်ပေါ်တွင် လှဲချပြီး အိပ်ပျော်သွားခဲ့သည်။ ဝမ်ရှန်းသည် ဆရာ၏ရှေ့မှ တစ်ဝက်ကျန်နေသော အရက်ခွက်ကို ကြည့်ရင်း ရယ်ချင်စိတ်တစ်ဝက်၊ ကူကယ်ရာမဲ့ခြင်းတစ်ဝက်ဖြင့် စိတ်မသက်မသာဖြစ်နေသည်။
နောင်ကျရင် ဆရာ့ကို အရက် ထပ်မတိုက်တာ ပိုကောင်းမယ်ထင်တယ်။ ဆရာ ဒီနောင်တတွေကို ပြန်လည်ကုစားနိုင်မယ့် အခွင့်အရေးက တစ်နေ့နေ့မှာ ရလာမယ်လို့ ငါမျှော်လင့်ပါတယ်…
“အွန်း”
သူ၏စီနီယာအစ်မက လက်လှမ်းလိုက်သဖြင့် ဝမ်ရှန်းက ဓာတ်ပုံများကို သူမထံ ပေးလိုက်သည်။
မုဝမ်ရွှမ်းသည် ဝမ်းနည်းရိပ်သန်းနေသော မျက်လုံးများဖြင့် ချင်ယန်ဇီ၏ သမီးဓာတ်ပုံကို အချိန်အတော်ကြာ စိုက်ကြည့်နေခဲ့သည်။
သူမ နည်းနည်းတော့ မနာလိုဖြစ်နေမှာပဲ။ နောက်ဆုံးတော့ ငါတို့ဆရာက သူမအတွက် အဖေတစ်ယောက်လို ဖြစ်နေတာကိုး…
“စီနီယာအစ်မ...” ဝမ်ရှန်းက တိုးတိုးလေးခေါ်လိုက်သည်။
“တပည့်တွေအနေနဲ့ ဆရာ့ရဲ့ ဝန်ထုပ်ဝန်ပိုးတွေကို ကျွန်တော်တို့ ကူလျှော့ပေးသင့်တယ်။ အခွင့်အရေးရရင် ဆရာ့ကို သူ့ဇနီးနဲ့ သမီးဆီ သွားတွေ့ဖို့ ကျွန်တော်တို့ ဖျောင်းဖျရမယ်။ ဆရာ့ကို ဒီနောင်တတွေနဲ့ တစ်သက်လုံး နေသွားခွင့်မပေးနိုင်ဘူး”
မုဝမ်ရွှမ်းက စဉ်းစားဟန်ဖြင့် ခေါင်းညိတ်ပြီး ဓာတ်ပုံများကို ဆရာ၏ ပေါင်ပေါ်သို့ ပြန်တင်ပေးလိုက်သည်။
ရုတ်တရက် ချင်ယန်ဇီက မျက်လုံးဖွင့်လာပြီး ဘယ်ဘက်လက်ဖြင့် ညကောင်းကင်ကို ထိုးပြီး ထအော်လိုက်သည်။
“ရှေးရိုးစွဲတဲ့ ဓလေ့ထုံးတမ်းတွေ… သွားကြစမ်း”
သူ၏ မျက်လုံးများ ပြန်ပိတ်သွားပြီး ကုလားထိုင်ပေါ်တွင် ဟောက်သံကျယ်ကြီးဖြင့် ပြန်အိပ်ပျော်သွားသည်။
ဝမ်ရှန်းနှင့် မုဝမ်ရွှမ်းတို့ တစ်ဦးကိုတစ်ဦး ကြည့်လိုက်မိကြသည်—သူတို့၏ ဆရာသည် ဤကဲ့သို့ စိတ်လွတ်သွားသည့် အပြုအမူမျိုး လုပ်သည်ကို သူတို့ ပထမဆုံးအကြိမ် မြင်ဖူးခြင်းဖြစ်သည်။ သူတို့နှစ်ဦးလုံး ချက်ချင်းပင် ဖုန်းများကို ထုတ်လိုက်ပြီး ဓာတ်ပုံများ ရိုက်ကြလေသည်။
ဝမ်ရှန်းက သူ၏စီနီယာအစ်မ၏ ဖုန်းကို ကြည့်လိုက်သည်။ ၎င်း၏ ပုံစံမှာ အလွန်ဟောင်းနွမ်းနေသဖြင့် မည်သည့်ခေတ်က ဖုန်းမှန်းပင် သူ မခွဲခြားနိုင်ပေ။
ဒါက လက်နက်ပုန်းပဲဖြစ်ရမယ်… သူမသာ ဒါကို အတွင်းအားချီနဲ့ သုံးမယ်ဆိုရင် ရော်ဘာကျည်ဆံလောက် စွမ်းအားရှိမှာပဲ…
***
နွေရာသီကုန်ဆုံးသွားပြီး ဆောင်းဦးသည် ပျောက်ကွယ်ကာ ဆောင်းရာသီက တိတ်တဆိတ် ရောက်ရှိလာခဲ့သည်။
နှစ်ကုန်ခါနီးတွင် ဝူတန်းတောင်တန်းသည် ပထမဆုံးနှင်းများကို ကြိုဆိုခဲ့သည်။ တောင်ထိပ်များ၊ ဘုရားကျောင်းများ၊ ထင်းရှူးပင်များနှင့် သစ်ကိုင်းခြောက်များသည် အဖြူရောင်နှင်းများဖြင့် ဖုံးလွှမ်းသွားပြီး ရှုခင်းတစ်ခုလုံးသည် နတ်ဘုရားများ၏ ပန်းချီကားတစ်ချပ်ကဲ့သို့ ပြောင်းလဲသွားခဲ့သည်။
နှင်းများ ဖုံးလွှမ်းနေသော ခြံဝင်းထဲတွင် ဝမ်ရှန်းသည် သစ်သားဓားတစ်ချောင်းဖြင့် ခုနှစ်စင်ကြယ်ဓားအစီအရင်ကို လျင်မြန်စွာ လေ့ကျင့်နေသည်။ သူ၏ လက်နက်မှာ ရိုးရှင်းသော်လည်း သူ၏ နည်းစနစ်မှာမူ ရှင်းလင်းစွာ တောက်ပနေသည်။
သူ၏ ဓားကွက်နှင့် ခြေလှမ်းများကြားရှိ သိမ်မွေ့သောဟန်ချက်က ပို၍ပင် ထူးခြားနေသည်။ သူ၏ ခြေလှမ်းများမှာ နှင်းပေါ်တွင် ခြေရာများ ကျန်ရစ်ခဲ့ပြီး ကောင်းကင်မှ ကြယ်စင်စုများကဲ့သို့ နက်နဲသော ပုံစံတစ်ခုကို ဖော်ဆောင်နေသည်။
သေချာကြည့်ရှုသူတိုင်းသည် ခြေရာပေါင်း လေးဆယ့်ကိုးခုကို အတိအကျမြင်တွေ့ရမည်ဖြစ်သည်။ သူသည် ထိုခြေရာများကြားတွင် အစီအရင်ကို မလွဲချော်စေဘဲ အဆက်မပြတ် လှုပ်ရှားနေသည်။
သူ၏ ဓားမှာ သစ်သားဖြင့် ပြုလုပ်ထားသော်လည်း လေထဲတွင် ဝေ့ယမ်းလိုက်တိုင်း စူးရှသော လေတိုးသံများ ထွက်ပေါ်နေသည်။
အေးလွန်းသောကြောင့် စီနီယာအစ်မသည် အထဲတွင် မီးလှုံရင်း ပြောင်းဖူးဖုတ်နေသော်လည်း ဝမ်ရှန်းသည် တစ်နေ့လျှင် အနည်းဆုံး ရှစ်နာရီခန့် ဓားအစီအရင်ကို ဆက်လက်လေ့ကျင့်နေခဲ့သည်။
နေ့စဉ် တရားထိုင်ခြင်း၊ တာအိုကျမ်းစာများ လေ့လာခြင်းနှင့် ဆရာ၏ သွန်သင်ချက်များကို နားထောင်ခြင်း—ထမင်းစားခြင်းနှင့် အိပ်စက်ခြင်းတို့ကို မဆိုထားနှင့်—ဝမ်ရှန်းသည် သူ၏ အချိန်နှင့် ခွန်အားအားလုံးကို ခုနှစ်စင်ကြယ်ဓားအစီအရင် လေ့ကျင့်ခြင်းတွင်သာ မြှုပ်နှံထားသည်။
လအနည်းငယ်ကြာပြီးနောက် ခြံဝင်းထဲတွင် ခြေရာများကြောင့် မြက်တစ်ပင်မျှ မကျန်တော့ပေ။ အခြားရွေးချယ်စရာ မရှိသဖြင့် ဝမ်ရှန်းသည် သူ၏ လေ့ကျင့်မှုကို ခြံဝင်းအပြင်ဘက်ရှိ ပို၍ကျယ်ဝန်းသော နေရာသို့ ရွှေ့လိုက်ရသည်။
ဝမ်ရှန်း၏ ခုနှစ်စင်ကြယ်ဓားအစီအရင်က လျင်မြန်စွာ တိုးတက်လာခြင်း၏ တစ်စိတ်တစ်ပိုင်းက သူ၏ ယခင်ဘဝကြောင့် ဖြစ်သည်။ ထိုအချိန်ကလည်း သူသည် ဓားသိုင်းပညာကို အနည်းငယ် လေ့လာခဲ့ဖူးသည်။
ယောက်ျားလေးတိုင်းသည် ဓားနတ်ဘုရားတစ်ယောက်ဖြစ်လာရန် အိပ်မက်မက်ဖူးခဲ့ကြသည်။
ဝူတန်းတောင်သို့ ခြေမချမီကပင် ဝမ်ရှန်းသည် ဓားကျင့်ကြံမှုတွင် အခြေခံအနည်းငယ်ရှိပြီးသားဖြစ်သည်။ ချင်ယန်ဇီ၏ နက်ရှိုင်းသော လမ်းညွှန်မှုနှင့် သူ၏ မဆုတ်မနစ်သော ဇွဲလုံ့လ၊ အားလပ်ရက်များတွင်ပင် နေ့စဉ်လေ့ကျင့်ခြင်းတို့ကြောင့် သူသည် ဓားတာအိုလမ်းစဉ်တွင် လုံးဝနစ်မျောနေပြီး နေ့တိုင်း သူ၏ နည်းစနစ်များကို လေ့ကျင့်နေခဲ့သည်။
ခြောက်လအတွင်း ဤမျှ ထူးခြားသော တိုးတက်မှုကို ရရှိခြင်းမှာ အမှန်တကယ်ပင် ဖြစ်နိုင်သောအရာဖြစ်သည်။
နတ်သမီးပုယွီကို စံထားကြည့်လျှင် ဝမ်ရှန်းအနေဖြင့် ဂုဏ်ယူေနရန် အခွင့်အရေးမရှိကြောင်း သူသိပေသည်။ လွန်ခဲ့သော နှစ်လကတည်းက သူ၏စီနီယာအစ်မသည် ခုနှစ်စင်ကြယ်ဓားအစီအရင်ကို ငြီးငွေ့သွားပြီး သူမ၏ ယင်ယန်ခြေလှမ်းသုံးကွက်၊ ထိုက်ကျိသိုင်းနှင့် ပါကွနည်းစနစ်များကိုသာ ဆက်ပြီး လေ့ကျင့်နေခဲ့သည်။
သူ၏ ပြိုင်ဆိုင်လိုစိတ်ကြောင့် ဝမ်ရှန်းသည် အနားယူရန် ခက်ခဲနေသည်။ သူသည် နေ့တိုင်း မိမိကိုယ်ကိုယ် ပို၍ တွန်းအားပေးကာ ရှေ့သို့သာ ဆက်တိုးနေခဲ့သည်။ ညတိုင်း လုံလောက်စွာ အနားယူနိုင်သရွေ့ နောက်နေ့တွင် ထိခိုက်မှု မရှိပေ။
သူ၏ လေ့ကျင့်ခန်း ပြီးဆုံးသွားသောအခါ ဝမ်ရှန်းသည် ချွေးများ ရွှဲနစ်နေရင်း ဓားကို ကိုင်၍ ရပ်နေသည်။ အေးစက်သော လေထုထဲတွင် သူ၏ နဖူးမှ ရေငွေ့များ ထွက်ပေါ်နေသည်။
သူသည် အသက်ကို အောင့်ထားပြီး သစ်သားဓားကို ဆုပ်ကိုင်ကာ လက်နှစ်ဖက်ဖြင့် ဖိချလိုက်သည်။ ချင်ယန်ဇီ ဖွင့်ပေးထားသော အကြောများကြောင့် သူသည် နွေးထွေးပြီး သက်သောင့်သက်သာရှိမှုကို ခံစားနေရသည်။
ချင်ယန်ဇီသည် ထူထဲသော စောင်နှစ်ထည်ကို ချိုင်းကြားညှပ်၍ တောင်အောက်မှ ခပ်ဖြေးဖြေးတက်လာခဲ့သည်။ နှင်းများကို လမ်းမှ ဖယ်ရှားပြီးသားဖြစ်သော ဝမ်ရှန်းက ပြုံး၍ နှုတ်ဆက်လိုက်သည်။
ခြံဝင်းထဲသို့ ဝင်လာသောအခါ ချင်ယန်ဇီက ရုတ်တရက် ရပ်လိုက်ပြီး တည်ငြိမ်စွာ ပြောလိုက်သည်။
“နှင်းကျတာက နှင်းအရည်ပျော်တာလောက် မအေးဘူး။ ဒီညကစပြီး မင်းလည်း မြောက်ဘက်အခန်းက မြေကြီးကုတင်ပေါ်မှာ အိပ်ပါ”
“ဟုတ်ကဲ့...”
ဝမ်ရှန်း အနည်းငယ် တွန့်ဆုတ်နေပြီးမှ အမြန်ပြောလိုက်သည်။
“ဆရာ.. စီနီယာအစ်မတစ်ယောက်တည်း အိပ်ပါစေ။ ကျွန်တော် အဆင်ပြေပါတယ်”
“ကုတင်က အကြီးကြီးပဲ။ တစ်ယောက် တစ်ဖက်စီ အိပ်လို့ရပါတယ်”
ချင်ယန်ဇီက သူ၏ ဒုတိယတပည့်လေးကို ကြည့်လိုက်သည်။ ကျီစယ်သော အပြုံးဖြင့် သူက မေးလိုက်သည်။
“ဘာဖြစ်လို့လဲ။ မင်းရဲ့ စီနီယာအစ်မအပေါ် မကောင်းတဲ့ စိတ်ကူးတွေ ရှိနေလို့လား”
“မဟုတ်ပါဘူး ဆရာ။ ကျွန်တော်က အဲဒီလိုလူမျိုး မဟုတ်ပါဘူး...”
ဝမ်ရှန်း ကမန်းကတန်းပြန်ဖြေလိုက်သော်လည်း သူ၏ လေသံမှာ ယုံကြည်မှုကင်းမဲ့နေသည်၊၊
ခြောက်လခန့်ကြာသွားပေပြီ…. ဝမ်ရှန်း တောင်ပေါ်သို့ ပထမဆုံးရောက်ရှိစဉ်ကပင် သူ၏စီနီယာအစ်မမှာ အရွယ်ရောက်ကာ ဖွံ့ဖြိုးလာပြီ ဖြစ်သည်။ ခြောက်လအတွင်း သူမသည် ပို၍ပင် ပြောင်းလဲလာခဲ့သည်။ သူမသည် ကလေးဘဝမှ ဆယ်ကျော်သက်ဘဝသို့ ကူးပြောင်းလာခဲ့ပြီး သူမ၏ ရုပ်ရည်မှာ ပို၍ နုနယ်ချောမောလာခဲ့သည်။
“ဒါဟာ မင်းရဲ့ အကျင့်စာရိတ္တကို စမ်းသပ်တာလည်း ဖြစ်တယ်”
ချင်ယန်ဇီက ရယ်မောရင်း ဝမ်ရှန်း၏ ပုခုံးကို ပုတ်ကာ ပြောလိုက်သည်။
“ကောင်လေး… မင်းရဲ့ အတွေးတွေကို ဖြူစင်အောင်ထားပါ၊၊ ဒီစောင်တွေကို ယူပြီး မင်း စီနီယာအစ်မရဲ့ စောင်ဟောင်းနဲ့ လဲပေးလိုက်ဦး။ သူမ သုံးနေတာ ခုနှစ်နှစ်၊ ရှစ်နှစ် ရှိပြီ—အဲဒါက နွေးမှာ မဟုတ်တော့ဘူး”
ဝမ်ရှန်းသည် မယုံကြည်နိုင်လွန်းသဖြင့် ဒူးများပင် တုန်သွားခဲ့သည်။
ဆရာက ဒါကို ဘာဆိုလိုတာလဲ။ ငါတို့ကို အောင်သွယ်ပေးနေတာလား။ မဟုတ်လောက်ပါဘူး။ စီနီယာအစ်မက စက္ကူတစ်ရွက်လို ဖြူစင်တယ်။ မဟုတ်ဘူး၊၊ သူမက ပလတ်စတစ်စက္ကူနဲ့ ပိုတူတယ်… သူမက လုံးဝ ပွင့်လင်းမှုရှိပြီး ဒီလိုအကြောင်းအရာတွေကို စဉ်းစားတောင် မစဉ်းစားတတ်လောက်ဘူး…
ဝမ်ရှန်း သူ၏ နဖူးကို ရိုက်လိုက်ပြီး ကျင့်ကြံခြင်းနှင့် ဉာဏ်အလင်းရရှိရေး လမ်းစဉ်ပေါ်တွင်သာ အာရုံစိုက်ရန် မိမိကိုယ်ကိုယ် သတိပေးလိုက်သည်။ စိတ်ပျံ့လွင့်စရာများအတွက် နေရာလွတ်မရှိချေ။
ဝမ်ရှန်းသည် ထိုညတွင် သူမနှင့်အတူ ကုတင်ပေါ်၌ အိပ်ရမည်ဟု ကြားသောအခါ မုဝမ်ရွှမ်းသည် အလွန်ပျော်ရွှင်သွားသည်။ သူမသည် မြေကြီးကုတင်အောက်မှ မီးကို နွေးထွေးနေစေရန် သေချာထိုးလိုက်သည်။ သူမသည် စောင်သစ်နှစ်ထည်လုံးကို ဝမ်ရှန်းအား ပေးရန်ပင် ကြိုးစားခဲ့သေးသည်။
ဝမ်ရှန်းလည်း ရှက်ရွံ့စွာဖြင့် သူမ၏ ကမ်းလှမ်းမှုကို ငြင်းဆန်လိုက်ပြီး နွေရာသီကတည်းက သုံးခဲ့သော စောင်ပါးလေးကိုသာ ပတ်ထားလိုက်သည်။ သူသည် အဝတ်အစားများကိုပင် မချွတ်ရဲပေ။ ထို့အပြင် သူသည် ကုတင်၏ အစွန်ဆုံးထောင့်သို့ တိုးကပ်နေပြီး နံရံနှင့်ပင် ကပ်နေလေသည်။
သူ အိပ်ပျော်ခါနီးတွင် တစ်စုံတစ်ယောကိက သူ့ကို အသာအယာတို့လိုက်သည်ကို ခံစားလိုက်ရသည်။ ခေါင်းကို လှည့်ကြည့်လိုက်သောအခါ သူ့ဘေးနားသို့ ရောက်နေသော စီနီယာအစ်မ၏ သနားစဖွယ်မျက်နှာကို တွေ့လိုက်ရသည်။ သူမ၏ မျက်လုံးများက သူ့ကို ဘာလို့ ဤမျှအကွာအဝေးတွင် နေနေတာလဲဟု မေးနေသကဲ့သို့ ဖြစ်နေသည်။
ဝမ်ရှန်းက အတွင်းစိတ်ထဲမှ သက်ပြင်းချလိုက်ပြီး စီနီယာအစ်မဘက်သို့ လှည့်လိုက်သည်။
“ကျွန်တော်... နည်းနည်း ရှက်လို့ပါ”
မုဝမ်ရွှမ်းသည် နောက်ဆုံးတွင် စိတ်အေးသွားလေသည်။ သူမ၏ လက်ကလေးက ခေါင်းအုံးအောက်သို့ စမ်းလိုက်ပြီး ဂိုးနယ်ရုပ်ဘူးလေးကို ထုတ်ယူလိုက်သည်။
ဝမ်ရှန်းလည်း မရယ်ဘဲ မနေနိုင်တော့ချေ။ သူ၏ စိတ်ထဲရှိ မလိုအပ်သော အတွေးများအားလုံး ပျောက်ကွယ်သွားခဲ့သည်။
“နာရီဝက်ပဲ ကစားမယ်နော်။ မဟုတ်ရင် မနက်ဖြန် တရားထိုင်တဲ့အခါ သမ်းနေလို့ ဆရာ ဆူလိမ့်မယ်”
“အွန်း အွန်း”
***
မြေကြီးကုတင် - အပူပေးမီးဖိုပါဝင်သော မြေသားကုတင်တစ်မျိုးဖြစ်ပြီး လူနှစ်ဦးထက်မက အိပ်နိုင်လောက်အောင် ကျယ်ဝန်းလေ့ရှိသည်။