အခန်း ၄၀၃
Vol. 35 Ch. 403
အပိုင်း (၄၀၃)
ထိုအချိန်တွင် လန်ကျိုးမြို့ဝန်သည် သူ၏ ခြေထောက်နှစ်ဖက်ကို တင်းကျပ်စွာ ဖက်ထားလိုက်သည်။ “မင်းသား... အပြစ်သား ကျုပ်ဟာ ဝက်ဆီဖုံးနေလို့ မှားသွားတာပါ။ အပြစ်သား ကျုပ် မှားမှန်း သိပါပြီ။ ဒီအရာတွေ အားလုံးက အုပ်ချုပ်ရေးမှူး ကျန်းကျိန့်ရဲ့ သွေးထိုးလှုံ့ဆော်မှုတွေကြောင့်ပါ။ သူက ကျုပ်တို့ကို ရာထူးကနေ နုတ်ထွက်ဖို့ ဖိအားပေးခဲ့တာပါ။ သူက ကျုပ်တို့ကို မင်းသားနဲ့ ဆန့်ကျင်ဖို့ ဖိအားပေးခဲ့တာပါ။”
“မင်းသား...ကျုပ်တို့ မှားသွားပါပြီ။ ကျုပ်တို့ မှားသွားပါပြီ။”
“မင်းသား... မင်းသားက ကျုပ်တို့ရဲ့ကျေးဇူးရှင် မိဘလိုပါပဲ။”
ယခုအခါ အမတ် အနည်းငယ်မျှသာ မကတော့ဘဲ အမတ် ရာချီပေါင်းများစွာက ကျိုးလီ၏ အရှေ့တွင် ဒူးထောက်ကာ အဆက်မပြတ် ဦးညွတ်နေကြ၏။
အိမ်ရှေ့စံမင်းသား ကျိုးလီက မျက်လုံးများကို ဖွင့်ကာ ဖြည်းညင်းစွာ ပြောလိုက်သည်။ “ခင်ဗျားတို့ မှားနေပြီ။ ကျုပ်က ခင်ဗျားတို့ရဲ့ ကျေးဇူးရှင် မိဘ မဟုတ်ဘူး။ ကျုပ်က လန်ကျိုးမြို့ရဲ့ကျေးဇူးရှင် မိဘလည်း မဟုတ်ဘူး။ လန်ကျိုးရဲ့ ပြည်သူသိန်းချီကို တကယ် ကယ်တင်ခဲ့တဲ့သူက အောက်ယွီ ပါပဲ။ သူကမှ ခင်ဗျားတို့ရဲ့ ကယ်တင်ရှင်ကြီးပါ။”
အသက်ကို ပြင်းပြင်း ရှူသွင်းလိုက်ပြီး အိမ်ရှေ့စံမင်းသားကျိုးလီက အေးစက်စက်ဖြင့် ပြောလိုက်၏။ “ခင်ဗျားတို့ အရင်တုန်းက အောက်ယွီကို အမြဲတမ်း ကျိန်ဆဲနေခဲ့တယ်။ ကောင်းကင်ဘုံက အပြစ်ပေးပါစေလို့ အမြဲတမ်း ပြောနေခဲ့တယ်။ အခု စကားတစ်ခုခုတော့ ပြောသင့်တယ် မဟုတ်ဘူးလား။”
“သခင်လေး အောက်ယွီက ဘာမှမပြောဘဲ နေလို့ ရပေမယ့် ခင်ဗျားတို့ကို ကယ်တင်ဖို့အတွက် မှူးမတ်တွေ အများကြီးကို ဒေါသထွက်အောင် လုပ်ရဲခဲ့တယ်။ အခုချိန်ထိ ဟေးပင်းထိုင် အကျဉ်းထောင်ထဲမှာ ပိတ်လှောင် ခံထားရပြီး အပိုင်းပိုင်း ခုတ်ထစ်ခံရဖို့ စောင့်နေရတာ။
သူက အသက်ကို ပေးဆပ်ပြီး ခင်ဗျားတို့ကို ကယ်တင်နေတာ။ ခင်ဗျားတို့က သူ့ကို ဘယ်လိုကျေးဇူးဆပ်ခဲ့လဲ။ သူ့ကို လှောင်ပြောင်ပြီး ကျိန်ဆဲခဲ့ကြတယ် မဟုတ်လား။ ခင်ဗျားတို့ သခင်လေး အောက်ယွီကို အကြွေးတင်နေပြီလို့ မထင်ဘူးလား။”
ချက်ချင်းပဲ ထိုနေရာတွင် ရှိနေသော အမတ် ရာချီနှင့် ပြည်သူ မရေမတွက်နိုင်အောင်က နောက်တစ်ကြိမ် ဒူးထောက်ကာ ဦးညွတ်လျက် ပြောလိုက်ကြသည်။ “သခင်လေး အောက်ယွီ... ကျုပ်တို့ မှားသွားပါပြီ။ ကျုပ်တို့ အပြစ်ရှိပါတယ်။”
“သခင်လေး အောက်ယွီ... ကြီးမားတဲ့ ကျေးဇူးတော်အတွက် ကျေးဇူးတင်ပါတယ်။ သခင်လေးဟာ ကျုပ်တို့ရဲ့ ကျေးဇူးရှင် မိဘတွေပါပဲ။”
အမတ် အများအပြားကလည်း ဆက်လက် ပြောဆိုလာကြ၏။ “မင်းသား စိတ်ချပါ။ ကျုပ်တို့က နောင်တချိန် လန်ကျိုးမြို့ထဲမှာ မင်းသားနဲ့ သခင်လေး အောက်ယွီ အတွက် ရုပ်တုတွေ တည်ဆောက်ပြီး သခင်လေး အောက်ယွီရဲ့ အသက်ကယ်ကျေးဇူးကို မျိုးဆက်အဆက်ဆက် ကျေးဇူးတင်နေပါ့မယ်။”
“အုပ်ချုပ်ရေးမှူး ကျန်းကျိန့်က သခင်လေး အောက်ယွီကို ဦးဆောင်ပြီး ကျိန်ဆဲရဲသေးတယ်။ သူက မင်းသားကို ဆန့်ကျင်ဖို့ ကျုပ်တို့ကို ဦးဆောင်ရဲသေးတယ်။ အုပ်ချုပ်ရေးမှူး ကျန်းကျိန့်ကို သေဒဏ်ပေးသင့်တယ်။ သေဒဏ်ပေးသင့်တယ်။”
“အပြစ်ရှိတဲ့ အုပ်ချုပ်ရေးမှူးကို ရိုက်သတ်ကြ... အပြစ်ရှိတဲ့ အုပ်ချုပ်ရေးမှူးကို ရိုက်သတ်ကြ... သခင်လေး အောက်ယွီ အတွက် ဒေါသထွက်ပေးကြ။”
ဘယ်အမတ်က စတင်လိုက်သည် မသိချေ။ လူအုပ်စုကြီးက အုပ်ချုပ်ရေးမှူး ကျန်းကျိန့် ထံသို့ အလုံးအရင်းဖြင့် ပြေးဝင်သွားကြတော့သည်။
နောက်ဆက်တွဲ အနေဖြင့် အမတ်များ တစ်စထက်တစ်စ ပိုမို များပြားလာပြီး ပြေးဝင်သွားကြကာ သွားများဖြင့် ကိုက်ကြ၊ ကျောက်ခဲများဖြင့် ထုကြတော့၏။
သနားစရာကောင်းသော ချန်းဟိုင် အုပ်ချုပ်ရေးမှူးသည် ကျိုးလီ၏ အပြစ်ပေးခြင်းကိုပင် မစောင့်နိုင်တော့ဘဲ သူ၏ လက်အောက်ခံ အမတ်များ၏ ရိုက်နှက်မှုကြောင့် သွေးသံရဲရဲ ဖြစ်သွားရတော့သည်။
ကျိုးလီ သည်လည်း လုံးဝ မတားဆီးဘဲ ဤအရုပ်ဆိုးပြီး ရယ်စရာကောင်းသော မြင်ကွင်းကို ဖြစ်ပျက်ခွင့် ပြုထားလိုက်၏။
မိနစ်အနည်းငယ် အကြာတွင် အိမ်ရှေ့စံမင်းသား ကျိုးလီသည် လက်နှစ်ဖက်ကို မြှောက်လိုက်၏။ ချက်ချင်းပဲ လူတိုင်း တိတ်ဆိတ်သွားကြတော့သည်။
သူသည် အတွင်းအားကို အသုံးပြုကာ အသံကို အဝေးဆုံးသို့ ရောက်ရှိစေရန် အသံကျယ်ကျယ်ဖြင့် အော်ဟစ်လိုက်၏။ “လန်ကျိုး ပြည်သူအပေါင်းတို့... ဆူနာမီက ခင်ဗျားတို့ရဲ့ အိမ်တွေကို ဖျက်ဆီးပစ်လိုက်ပြီ။ လန်ကျိုးမြို့ကြီးရဲ့ ထက်ဝက်ကျော်က အပျက်အစီးတွေ ဖြစ်သွားပြီ။ ဒါဟာကြီးမားတဲ့ ဘေးအန္တရာယ်ကြီး တစ်ခုပါပဲ။
ဒါပေမဲ့ ကျုပ်တို့ အားလုံး အသက်ရှင်နေသေးတယ်။ လူရှိနေသရွေ့ အရာအားလုံးထက် ပိုအရေးကြီးပါတယ်။ အခုကစပြီး ကျုပ်တို့ရဲ့ အိမ်ရာကို ပြန်လည် တည်ဆောက်ကြမယ်။ ကျုပ် ကျိုးလီ ကျိန်ဆိုပါတယ်။ လန်ကျိုးကို ပြန်လည် မတည်ဆောက်နိုင်သရွေ့၊ ခင်ဗျားတို့ အားလုံး အေးချမ်းစွာ မနေထိုင်နိုင်သရွေ့ ကျုပ် ကျိုးလီ လန်ကျိုးကနေ တစ်လှမ်းမှ မထွက်ခွာပါဘူး။
လန်ကျိုးရဲ့ မိဘ ပြည်သူအပေါင်းတို့၊ လန်ကျိုးရဲ့ စစ်သည်အပေါင်းတို့... ခင်ဗျားတို့ ကျုပ်နဲ့အတူ လန်ကျိုးကို ပြန်လည် တည်ဆောက်ဖို့ ဆန္ဒရှိကြလား။”
ချက်ချင်းပဲ အမတ် ရာချီက ဦးဆောင်၍ ဟစ်ကြွေးလိုက်ကြပြီးနောက် လူသိန်းချီက ဟစ်ကြွေးလိုက်ကြသည်။ “လန်ကျိုးကို ပြန်လည် တည်ဆောက်မယ်။ လန်ကျိုးကို ပြန်လည် တည်ဆောက်မယ်။”
ထို့နောက် အိမ်ရှေ့စံမင်းသားကျိုးလီက အသံကျယ်ကျယ်ဖြင့် ပြောလိုက်၏။ “ပိတ်စကို ဖြန့်လိုက်။”
ဟေးပင်းထိုင် စစ်သည်များ ရှေ့သို့တက်လာပြီး အဖြူရောင် ပိတ်စကြီး တစ်ခုကို ဖြန့်လိုက်ကြသည်။
အိမ်ရှေ့စံမင်းသား ကျိုးလီသည် လက်ချောင်းကို ကိုက်ဖောက်ကာ ပိတ်စဖြူပေါ်တွင် စာကြောင်း တစ်ကြောင်း ရေးသားလိုက်၏။ “သခင်လေး အောက်ယွီ... လူသန်းချီကို ကယ်တင်ခဲ့တယ်။ အဆုံးအစမရှိတဲ့ ကုသိုလ်တွေ ရရှိတယ်။”
ရေးသားပြီးနောက် သူသည် ဤအဖြူရောင် ပိတ်စကြီးကို ဖြန့်ပြကာ အသံကျယ်ကျယ်ဖြင့် ပြောလိုက်သည်။ “သခင်လေး အောက်ယွီဟာ ခင်ဗျားတို့ရဲ့ အသက်တွေကို ကယ်တင်ဖို့အတွက် အခုချိန်ထိ ဟေးပင်းထိုင် အကျဉ်းထောင်ထဲမှာ ပိတ်လှောင်ခံထားရပြီး အပိုင်းပိုင်း ခုတ်ထစ်ခံရဖို့ စောင့်နေရတယ်။
ဒါက ကျုပ် ဧကရာဇ်မင်းမြတ်ဆီ ပို့မယ့် စာချွန်လွှာပဲ။ ဒီစာလုံး ဆယ့်နှစ်လုံးကို ကျုပ်ရဲ့သွေးနဲ့ ရေးထားတာ။ ခင်ဗျားတို့ ဒီသွေးစာချွန်လွှာပေါ်မှာ လက်ဗွေနှိပ်ဖို့ ဆန္ဒရှိလား။ သခင်လေး အောက်ယွီ အတွက် လူသောင်းချီ လက်မှတ် ရေးထိုးထားတဲ့ သွေးစာချွန်လွှာကို တင်သွင်းဖို့ ဆန္ဒရှိလား။”
“ကျုပ်တို့ ဆန္ဒရှိပါတယ်။ ကျုပ်တို့ ဆန္ဒရှိပါတယ်။”
ဤအမတ် ရာချီမှာ အမှန်တကယ်ပင် တုံ့ဆိုင်းနေကြသော်လည်း ကျိုးလီ၏ အန္တရာယ်များသော အကြည့်များနှင့် ဧကရာဇ် ပေးအပ်တဲ့ ဓားကို ကိုင်ထားသော လက်ကို မြင်တွေ့ရချိန်မှာတော့ ချက်ချင်းပဲ အသံကျယ်ကျယ်ဖြင့် ဟစ်ကြွေးလိုက်ကြတော့၏။ “ကျုပ်တို့ ဆန္ဒရှိပါတယ်။ ကျုပ်တို့ ဆန္ဒရှိပါတယ်။”
အိမ်ရှေ့စံမင်းသား ကျိုးလီ ဤသို့ လုပ်ဆောင်ခြင်းသည် သခင်လေး အောက်ယွီကို ကယ်တင်ရန်သာမက ညီလာခံရှိ အမတ်များ အားလုံးကို မျက်နှာဖြတ်ရိုက်ရန် ရည်ရွယ်ကြောင်း သူတို့ သေချာပေါက် သိရှိထားကြသည်။
ထို့ကြောင့် ဤအမတ်များက အပေါ်တွင် လက်မှတ် ရေးထိုးလိုက်ပါက ညီလာခံရှိ မှူးမတ်များ အားလုံးကို ဒေါသထွက်စေမှာ ဖြစ်၏။
သို့ပေမည့် ညီလာခံရှိ မှူးမတ်များကို ဒေါသထွက်စေလျှင်တောင်မှ နောက်မှသာ ဒုက္ခရောက်မည် ဖြစ်သော်လည်း ကျိုးလီကို ဒေါသထွက်စေပါက ယခုချက်ချင်း ခေါင်းပြတ်မှာ ဖြစ်သည်။
ထို့ကြောင့် ဤအမတ် ရာချီသည် ရှေ့သို့တက်လာပြီး လက်ချောင်းများကို ကိုက်ဖောက်ကာ ကျိုးလီ၏ စာချွန်လွှာပေါ်တွင် သွေးဖြင့် သူတို့၏ နာမည်များကို ရေးထိုးလိုက်ကြတော့၏။
အမတ် ရာချီ အားလုံး သူတို့၏ နာမည်များကို ရေးထိုးခဲ့ကြပြီး လူတိုင်း၏ နာမည်များ ဝင်ဆံ့စေရန်အတွက် စာလုံးအရွယ်အစားကို လည်း ထိန်းချုပ်ရေးသားခဲ့ကြသည်။
သူတို့ သွေးဖြင့် နာမည်ရေးထိုးပြီးနောက် မရေမတွက်နိုင်သော ပြည်သူများ၏ အလှည့်သို့ ရောက်ရှိလာပြီး သူတို့သည်လည်း လက်ချောင်းများကို ကိုက်ဖောက်ကာ လက်ဗွေနှိပ်ကြတော့၏။
မိုးချုပ်ချိန်သို့ ရောက်ရှိလာပြီ ဖြစ်၏။ ဤသွေးစာချွန်လွှာပေါ်တွင် ချန်းဟိုင်ပြည်နယ်၏ အမတ်များ အားလုံး၏ လက်မှတ်များ ပါဝင်သလို ပြည်သူ သောင်းချီ၏ လက်ဗွေရာများလည်း ပါဝင်နေသည်။
အစစ်အမှန် လူသောင်းချီ လက်မှတ်ရေးထိုးထားသော သွေးစာချွန်လွှာ၊ သွေးဖြင့် ရေးသားထားသော စာချွန်လွှာပင် ဖြစ်၏။
“သခင်လေး အောက်ယွီ... လူသန်းချီကို ကယ်တင်ခဲ့တယ်။ အဆုံးအစ မရှိတဲ့ကုသိုလ်တွေ ရရှိတယ်။”
အိမ်ရှေ့စံမင်းသားကျိုးလီက ပြောလိုက်၏။ “နန်ကုန်းခုနစ်...”
ချက်ချင်းပဲ ဟေးပင်းထိုင်၏ နန်ကုန်းခုနစ် သည် ဒူးထောက်လိုက်သည်။
အိမ်ရှေ့စံမင်းသားကျိုးလီက ပြောလိုက်၏။ “မင်း အမြန်ဆုံး အမြန်နှုန်းနဲ့ ဒီလူသောင်းချီ လက်မှတ် ရေးထိုးထားတဲ့ သွေးစာချွန်လွှာကို မြို့တော်ဆီ ပို့ပြီး ခမည်းတော်ရဲ့ လက်ထဲကို ထည့်ပေးလိုက်။”
နန်ကုန်းခုနစ်က ဦးညွတ်၍ ပြန်ပြောလိုက်သည်။ “အမိန့်တော်အတိုင်းပါ။ လူရှိရင် သွေးစာချွန်လွှာ ရှိရပါမယ်။”
ထို့နောက် သူသည် လက်နှစ်ဖက်ကို အမြင့်သို့ မြှောက်ထားလိုက်ပြီး အိမ်ရှေ့စံမင်းသား ကျိုးလီက ဤ လူသောင်းချီ လက်မှတ်ရေးထိုးထားတဲ့ သွေးစာချွန်လွှာကို သူ၏ လက်ထဲသို့ ထည့်ပေးလိုက်၏။
နန်ကုန်းခုနစ်သည် သန့်စင်သော နည်းလမ်းဖြင့် လက်ခံရယူလိုက်သည်။ “သွား... မြို့တော်ကို ဝင်မယ်။”
အမိန့်ပေးသံနှင့်အတူ ဟေးပင်းထိုင် စစ်သည် ရာချီသည် ဤ လူသောင်းချီ လက်မှတ်ရေးထိုးထားသည့် သွေးစာချွန်လွှာကို တည်ကြည်လေးနက်စွာဖြင့် ကာကွယ်စောင့်ရှောက်ကာ တောင်အောက်သို့ ဖြည်းညင်းစွာ ဆင်းသွားကြတော့၏။
သူတို့သည် မြင်းကောင်းများကို စီးနင်းကာ လူသောင်းချီ လက်မှတ်ရေးထိုးထားတဲ့ သွေးစာချွန်လွှာကြီးကို ယူဆောင်၍ မြို့တော်ဘက်သို့ အရှိန်အဟုန်ဖြင့် ပြေးထွက်သွားကြတော့သည်။
.................
မြို့တော်၏ အခြေအနေမှာ ဝမ်ကျွီ ပြောခဲ့သကဲ့သို့ပင် အောက်ခြေမှ ပြင်းထန်စွာ လောင်ကျွမ်းနေသော ဒယ်အိုးကြီး တစ်လုံးကဲ့သို့ ဖြစ်နေသည်။ အတွင်းရှိ ဆီပူများမှာ ဆူပွက်နေကာ ရေတစ်စက် ကျသွားသည်နှင့် ဒယ်အိုးတစ်ခုလုံး ပေါက်ကွဲထွက်သွားတော့မည့် အခြေအနေ ဖြစ်၏။
ထို့အပြင် အချိန်ကြာလာသည်နှင့်အမျှ အခြေအနေများမှာ ပို၍ ပို၍ ဆိုးရွားလာတော့၏။
အစပိုင်းတွင် ထွက်လာပြီး ဆူပူသူများမှာ လန်ကျိုးဆိပ်ကမ်း ကုန်သွယ်ရေးနှင့် သက်ဆိုင်သော အကျိုးစီးပွား ရှာဖွေသည့် အုပ်စုများနှင့် တိုင်းပြည်နှင့် လူမျိုးအတွက် စိုးရိမ်ပူပန်နေသော စာပေပညာရှင် တစ်စုသာ ဖြစ်သည်။
ပြည်သူအများစုမှာမူ ဤကိစ္စကို ပွဲကြည့်သကဲ့သို့သာ သဘောထားပြီး သူတို့နှင့် လုံးဝ မသက်ဆိုင်ဟု ထင်မှတ်ထားကြ၏။
သို့ပေမည့် နောက်ပိုင်းတွင် လန်ကျိုးမှ လာသော သတင်းများမှာ တစ်စထက်တစ်စ ပို၍ ပြင်းထန်လာပြီး ပို၍ သနားဖွယ် ကောင်းလာချိန်မှာတော့ အခြေအနေများ ပြောင်းလဲသွားတော့သည်။
ချန်းဟိုင်ပြည်နယ် စစ်သေနာပတိ အသတ်ခံရပြီး အိမ်ရှေ့စံမင်းသား ကျိုးလီသည် တပ်တော် သောင်းချီ၏ စစ်တပ်အာဏာကို လုယူသွားကြောင်း သတင်းများ ထွက်ပေါ်လာ၏။
ပြည်သူအများစုကမူ ချန်းဟိုင်ပြည်နယ် စစ်သေနာပတိသည် အဆင့်မြင့်အမတ်ကြီး တစ်ဦးဖြစ်သောကြောင့် သေချာပေါက် အဂတိ လိုက်စားမှုများစွာ ကျူးလွန်ထားမည်မှာ မြေကြီးလက်ခတ်မလွဲဟု ယူဆနေကြသည်။
ထို့ကြောင့် သူအသတ်ခံရသည်ကို စိုးရိမ်ခြင်း မရှိကြဘဲ ပွဲကြည့်ရုံသာရှိသည်ဟု တွေးထင်နေခဲ့ကြသည်။ အဆိုပါ မျိုးနွယ်စု ကိုးဆက်လုံး သတ်ဖြတ်ခံရမည့် ဘေးဒုက္ခနှင့် ကြုံတွေ့ရသည့် အချိန်မှာတော့ လူအများက လျစ်လျူရှုသည့် သဘောထားမျိုးသာ ရှိကြတော့၏။
သို့ပေမည့် နောက်ဆက်တွဲ သတင်းများအရ ချန်းဟိုင်ပြည်နယ် စစ်သေနာပတိသည် အမိန့်ကို ဖီဆန်ပြီး လန်ကျိုး၏ ပြည်သူများကို ဖိနှိပ်ရန် ငြင်းဆန်ခဲ့သောကြောင့် ကျိုးလီ၏ ခေါင်းဖြတ်ကွပ်မျက်ခြင်းကို ခံခဲ့ရခြင်း ဖြစ်ကြောင်း သိရှိလာကြသည်။
ထိုအခါ ပြည်သူများ စတင် ခံစားလာရတော့၏။
ကျိုးလီ သည် လက်နက်အားကိုးဖြင့် လန်ကျိုး ပြည်သူ သိန်းချီကို အိမ်မှ အတင်းအကျပ် မောင်းထုတ်ခဲ့ပြီး တပ်တော် သောင်းချီကို အသုံးပြုကာ ထွက်ခွာရန် ငြင်းဆန်သူတိုင်း၏ အိမ်များကို မီးရှို့ခဲ့ကြောင်း၊ အချို့မှာ အသက်ကယ်ဆေး ယူရန် သို့မဟုတ် ဖျားနာနေသော ဖခင်အိုကြီးကို သယ်ယူရန် အိမ်သို့ ပြန်လာခဲ့သော်လည်း ခေါင်းဖြတ်ခံခဲ့ရကြောင်း သတင်းများ ထွက်ပေါ်လာပြန်သည်။
ကျိုးလီသည် အပြစ်မဲ့ ပြည်သူ ထောင်ချီကို သတ်ဖြတ်ခဲ့ပြီး သူတို့၏ ခေါင်းများကို ချွန်ထက်သော သစ်သားတိုင်များပေါ်တွင် စိုက်ကာ မြို့တံခါး အပြင်ဘက်၌ ပြသထားပြီး အလောင်းများကိုလည်း မြို့ရိုးပေါ်တွင် ဆွဲချိတ်ထားကြောင်း သတင်းများ ပျံ့နှံ့လာတော့၏။
ဤတစ်ကြိမ်တွင် မြို့တော်၏ ပြည်သူ့အသံများ လုံးဝ ပေါက်ကွဲထွက်သွားတော့၏။ ‘အရမ်းကို သနားစရာ ကောင်းလွန်းတယ်။’
ထို့နောက် အလားတူ ကောလာဟလများ တစ်ခုပြီးတစ်ခု ထွက်ပေါ်လာပြန်သည်။
ချန်းဟိုင်ပြည်နယ်၏ စစ်တပ်သည် မိမိတို့၏ မိဘပြည်သူများကို မသတ်ဖြတ်လိုသောကြောင့် စစ်သူကြီး ရာချီမှာ ကျိုးလီ၏ ခေါင်းဖြတ်ကွပ်မျက်ခြင်းကို ခံခဲ့ရကြောင်း၊ ကျိုးလီက လန်ကျိုး ရေတပ်ကို ကုန်သည် သင်္ဘောများအား ပစ်ခတ်ရန် အမိန့်ပေးခဲ့ရာ ရေတပ် အုပ်ချုပ်ရေးမှူးက တရားမျှတစွာဖြင့် အမိန့်ကို ဖီဆန်ခဲ့သောကြောင့် အသတ်ခံခဲ့ရကြောင်း။
လန်ကျိုး ရေတပ်မှ စစ်သူကြီး ဆယ်ယောက်ကျော်ခန့်သည် အပြစ်မဲ့ကုန်သည်သင်္ဘောများကို မတိုက်ခိုက်လို သောကြောင့်ကျိုးလီ၏ ခေါင်းဖြတ်ကွပ်မျက်ခြင်းကို ခံခဲ့ရကြောင်း၊ ကျိုးလီသည် အကြီးအကျယ် နောက်ဆုတ်မည့် အစီအစဉ်၏ အမည်ကို အသုံးပြုကာ ငွေလဲလှယ်ရေး လုပ်ငန်း အားလုံး၏ ငွေတိုက်များကို လုယူခဲ့ပြီး ငွေလဲလှယ်ရေး လုပ်ငန်းမှ အကြီးအကဲများနှင့် ဝန်ထမ်းများ အားလုံးကို သတ်ဖြတ်ခဲ့ကြောင်း စသည့် ကောလဟလများ ပျံ့လာ၏။
“လူသတ်ပြီး ငွေလုတာလား။ ဒါက ဓားပြတွေထက်တောင် ပိုပြီး ရက်စက်သေးတယ်။ ဒီငွေတိုက်တွေထဲက ငွေတွေက လန်ကျိုး ပြည်သူတွေရဲ့ သွေးနဲ့ချွေးနဲ့ ရှာထားတဲ့ ငွေတွေလေ။”
“ဒါတင်မကသေးဘူး။ ကျိုးလီက စစ်တပ်ကို ဦးဆောင်ပြီး စားနပ်ရိက္ခာတွေ သွားလုသေးတယ်။ ပြည်သူတွေ တစ်နှစ်ပတ်လုံး ပင်ပင်ပန်းပန်း စုဆောင်းထားတဲ့ စားနပ်ရိက္ခာတွေကို အတင်းအကျပ် လုယူခဲ့ပြီး ပြန်လည် ခုခံတဲ့သူ အားလုံးကို သေလုမျောပါး ရိုက်နှက်ခဲ့တယ်။”
“သနားစရာကောင်းလိုက်တာ။ အရမ်းကို သနားစရာကောင်းလိုက်တာ။ အဲဒီကုန်သည်သင်္ဘော တွေကရော ဘယ်လောက်တောင် အပြစ်ကင်းလိုက်လဲ။ ကျိုးလီရဲ့ အမိန့်နဲ့ နစ်မြှုပ်ခံလိုက်ရတယ်။”
……………………