အခန်း ၄၀၄
Vol. 35 Ch. 404
အပိုင်း (၄၀၄)
ဤသတင်းများသည် ဒီရေလှိုင်းများကဲ့သို့ ဝင်ရောက်လာပြီး မြို့တော်ရှိ ပြည်သူ သန်းချီ၏ စိတ်နှလုံးကို ပြင်းထန်စွာ ရိုက်ခတ်နေတော့သည်။
သနားဖွယ်ကောင်းသော ဇာတ်လမ်း တစ်ခုပြီးတစ်ခုသည် ပြည်သူများ၏ အရှေ့တွင် သွေးသံရဲရဲ ပေါ်ထွက်လာတော့၏။
မြို့တော်၏ ပြည်သူများနှင့် စာပေပညာရှင်များသည် လုံးဝ ဒေါသထွက်သွားကြတော့၏။ လူအများအပြားသည် နန်းတော် အရှေ့သို့ စုရုံးလာကြပြီး နန်းတော်အတွင်းသို့ ကြည့်ကာ အသံကျယ်ကျယ်ဖြင့် ငိုကြွေးနေကြတော့သည်။
“အရှင်မင်းမြတ်... ကျိုးလီဟာ ရူးသွပ်နေပြီး လူ့စိတ် မရှိတော့ပါဘူး။ လန်ကျိုးမြို့ကြီးကို ငရဲပြည်အဖြစ် ဖန်တီးနေပါပြီ။”
“အရှင်မင်းမြတ်... လန်ကျိုးရဲ့ ပြည်သူ သန်းချီကို ကယ်တင်တော်မူပါ။”
ဤသနားဖွယ်ကောင်းသော ဇာတ်လမ်းများ၏ နောက်ဆုံး အထွတ်အထိပ်မှာ စစ်ဘက်ဆိုင်ရာ ဒု-ဝန်ကြီး၊ ယန်ရှုံးဟောက် ဝမ်ဟွာကျိန့်၏ မိခင် သေဆုံးမှု ပင်ဖြစ်သည်။
အမှန်တရားမှာ ဤအဘွားကြီးသည် မိသားစုဝင်များကို ဦးဆောင်ကာ အမတ်မင်းကြီး ကျိုးလီကို ခုခံခဲ့ပြီး လန်ကျိုး ပြည်သူများကိုပါ နောက်မဆုတ်ရန်နှင့် အိမ်တွင်သာ နေထိုင်ရန် လှုံ့ဆော်ခဲ့ခြင်း ဖြစ်၏။
အကယ်၍ လန်ကျိုးမှ ထွက်ခွာသွားပါက ပိုင်ဆိုင်မှုများ အားလုံး ကျိုးလီ၏ နောက်လိုက်များ လုယူသွားမည်ဟု ကောလာဟလ ဖြန့်ခဲ့သည်။
သူမ နောက်ဆုတ်ရန် ငြင်းဆန်ရသည့် အကြောင်းရင်းမှာ ဝမ်ဟွာကျိန့် သည် နက္ခတ်တာရာ အရေအတွက်မျှ ရှိသော ငွေကြေးများကို အဂတိလို က်စားထားပြီး ဤအိမ်တော်အတွင်း၌ ကြီးမားသော ပြစ်မှုများကို ဖုံးကွယ် ထားသောကြောင့် ဖြစ်၏။
ကျိုးလီ လာရောက် ရှာဖွေမည်ကို စိုးရိမ်သောကြောင့် အသက်ကြီးသည်ကို အားကိုးကာ လက်နက်ဖြင့် ခုခံခဲ့ခြင်း ဖြစ်သည်။
သို့ပေမည့် မြို့တော်သို့ သတင်းရောက်ရှိလာချိန်မှာတော့ ရင်နင့်ဖွယ်ကောင်းသော သူရဲကောင်း အမေကြီး၏ ဇာတ်လမ်း တစ်ပုဒ် ဖြစ်သွားတော့၏။
ကျိုးလီသည် လန်ကျိုးမြို့တွင် သောင်းကျန်းနေပြီး မီးရှို့၊ လူသတ်၊ လုယက်မှုများ ပြုလုပ်ကာ ကလေးငယ် အများအပြားကို အိမ်ရာမဲ့ ဖြစ်စေခဲ့ကြောင်း၊ ထို့အပြင် အိမ်ရှေ့စံမင်းသားကျိုးလီ၏ နောက်လိုက်များသည် လှပသော ယောက်ျားလေးနှင့် မိန်းကလေးများကို ဖမ်းဆီးကာ ပြည့်တန်ဆာများအဖြစ် သင်ကြားပေးပြီး ဈေးကောင်းကောင်းဖြင့် ရောင်းချရန် သို့မဟုတ် မှူးမတ်များထံ ဆက်သရန် ပြင်ဆင်နေကြောင်း သတင်းများ ထွက်ပေါ်လာသည်။
သခင်မကြီးဝမ်သည် ကြင်နာတတ်သူ ဖြစ်သောကြောင့် ဤကလေးငယ် ရာချီကို အိမ်သို့ ခေါ်ဆောင်ကာ ကာကွယ်ပေးထားခဲ့ကြောင်း ပြောကြ၏။
တိရစ္ဆာန် တစ်ကောင် ကဲ့သို့သော ကျိုးလီသည် စစ်တပ်ကို ဦးဆောင်ကာ ဤသနားစရာကောင်းသော ကလေးငယ်များကို လာရောက် လုယူခဲ့သောကြောင့် သခင်မကြီးဝမ်သည် ကလေးငယ်များကို ကာကွယ်ရန် အတွက် ဓားများကို မကြောက်ဘဲ ကလေးငယ်များ၏ အရှေ့တွင် ကာကွယ်ရပ်တည်ပေးခဲ့ကြောင်း ပြောကြသည်။
ရလဒ်အနေဖြင့် ကျိုးလီ၏ အမိန့်အရ ဤလေးစားဖွယ်ကောင်းသော သခင်မကြီးဝမ်ကို မြားများဖြင့် ပစ်သတ်ခဲ့ကြောင်း ပြောကြ၏။
ထို့အပြင် ဤသနားစရာကောင်းသော ယောက်ျားလေးနှင့် မိန်းကလေး ရာချီသည် ကျိုးလီ နောက်လိုက်များ၏ ရိုင်းစိုင်းစွာ လုယူသွားခြင်းကို ခံခဲ့ရပြီး သေမလို ရှင်မလို ဘဝမျိုးသို့ ရောက်ရှိသွားခဲ့ရကြောင်း ပြောကြပြန်သည်။
ဤသတင်းမှာ အလွန် ပေါက်ကွဲထွက်စေလောက်အောင် ကြီးမားလာခဲ့၏။ သူမသည် နန်းတွင်း၏ အဆင့်နှစ် သခင်မကြီး ဖြစ်ပြီး ဧကရာဇ်ဟောင်းနှင့် ဧကရာဇ် ဝမ်ယွင် တို့ကိုယ်တိုင် ယန်ရှုံးဟောက် အိမ်တော်သို့ လာရောက် တည်းခိုခဲ့ဖူး၏။
ဤသခင်မကြီးဝမ်ကို တွေ့ဆုံ၍ သားသမီးများကို ကောင်းမွန်စွာ ဆုံးမတတ်ကြောင်း ချီးကျူးခဲ့ဖူးသည်။ သူမ၏ ဘွဲ့ကိုလည်း ဧကရာဇ်ဟောင်းကိုယ်တိုင် ပေးသနားခဲ့ခြင်း ဖြစ်သည်။
ဤကဲ့သို့သော ကြင်နာတတ်သော အဘွားကြီး တစ်ဦး၊ အသက် ခုနစ်ဆယ်ကျော် အရွယ်ရှိသူ တစ်ဦးသည် အပြစ်မဲ့ ကလေးငယ် ရာချီကို ကာကွယ်ရန်အတွက် ကျိုးလီ၏ သတ်ဖြတ်ခြင်းကို ခံခဲ့ရသည်လား။
“တိရစ္ဆာန်ထက်တောင် ဆိုးသေးတယ်။ လူ့စိတ် မရှိတော့ဘူးလား။”
ဤသတင်းသည် မြို့တော် တစ်ခုလုံးကို ချက်ချင်း ပေါက်ကွဲထွက်သွားစေပြီး ပြည်သူ သိန်းချီနှင့် မရေမတွက် နိုင်သော စာပေပညာရှင်များသည် နန်းတော် အရှေ့သို့ လာရောက်ကာ အသံကျယ်ကျယ်ဖြင့် ငိုကြွေးကြတော့၏။
“အရှင်မင်းမြတ်... လန်ကျိုးဟာ ပျက်စီးနေပါပြီ။ အရှင်မင်းမြတ်... လန်ကျိုးကို ကယ်တင်ပါအုံး။”
“အရှင်မင်းမြတ်... လန်ကျိုးဟာ ငရဲပြည် ဖြစ်နေပါပြီ။”
“အရှင်မင်းမြတ်...ကျိုးလီ ဟာ လူ့စိတ် မရှိတော့ပါဘူး။ အပိုင်းပိုင်း ခုတ်ထစ်ပစ်သင့်ပါတယ်။ အောက်ယွီ ဟာ ယုတ်မာတဲ့ စကားတွေနဲ့ လူတွေကို လှည့်စားပါတယ်။ အပိုင်းပိုင်း ခုတ်ထစ်ပစ်သင့်ပါတယ်။”
“အရှင်မင်းမြတ်... ကျိုးလီနဲ့ အောက်ယွီ ဟာ တိုင်းပြည်နဲ့ လူမျိုးကို ဒုက္ခပေးနေပါတယ်။ အပိုင်းပိုင်း ခုတ်ထစ်ပစ်သင့်ပါတယ်။”
နန်းတော်အတွင်းမှ ချက်ချင်း တုံ့ပြန်မှု မရှိသည်ကို မြင်တွေ့ရချိန်မှာတော့ တရားမျှတမှု အပြည့်ရှိသော စာပေပညာရှင် တစ်ဦးသည် ဆက်လက် မစောင့်ဆိုင်းနိုင်တော့ချေ။
“အရှင်မင်းမြတ်...ကျုပ်ရဲ့ သွေးနဲ့ လန်ကျိုးကို ကယ်တင်ပါရစေ။” ထို့နောက် သူသည် ရုတ်တရက် ရှေ့သို့ ပြေးထွက်သွားပြီး နန်းတော် နံရံကို ခေါင်းဖြင့် ဆောင့်ကာ ကိုယ့်ကိုယ်ကိုယ် သတ်သေသွားတော့၏။
ဤသေဆုံးမှုက ပြည်သူ သိန်းချီကို လုံးဝ ပွက်လောညံသွားစေတော့သည်။
“အရှင်မင်းမြတ်... လန်ကျိုးကို ကယ်တင်ပါ။ လန်ကျိုးကို ကယ်တင်ပါ။”
“အရှင်မင်းမြတ်...ကျိုးလီကို သတ်ဖြတ်ပါ။ အောက်ယွီကို သတ်ဖြတ်ပါ။”
အတွင်းမှ ဧကရာဇ် ဝမ်ယွင် သည် ချက်ချင်း တုံ့ပြန်မှု မပေးသေးချေ။
“ဒုန်း... ဒုန်း.. ဒုန်း...”
နောက်ထပ် တရားမျှတမှု အပြည့်ရှိသော ရှို့ချိုင် သုံးဦးသည် နန်းတော် နံရံကို ခေါင်းဖြင့် ဆောင့်ကာ ကိုယ့်ကိုယ်ကိုယ် သတ်သေသွားကြပြန်သည်။
“ကောင်းကင်ဘုံက မတရားဘူး။ ကောင်းကင်ဘုံက မတရားဘူး။ လူယုတ်မာတွေ ကြီးစိုးနေရင် တိုင်းပြည်က တိုင်းပြည် မပီသတော့ဘူး။”
တရားမျှတမှု အပြည့်ရှိသော ပုဂ္ဂိုလ်တစ်ဦးက အသံကျယ်ကျယ်ဖြင့် အော်ဟစ်လိုက်ပြီး အင်္ကျီကို ဆွဲဆုတ်ကာ ဓားမြှောင်ကို မြှောက်၍ ရင်ဘတ်ကို ထိုးကာ ရဲရင့်စွာကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်သွားတော့၏။
အသေခံ အကြံပြုချက်ပေးမှုများ တစ်ခုပြီးတစ်ခု ထွက်ပေါ်လာပြီး ဧကရာဇ်ကို သဘောထား ထုတ်ဖော်ရန် ဖိအားပေးနေကြတော့သည်။
ထို့နောက် လူတစ်စု ပေါ်ထွက်လာခြင်းက မြင်ကွင်းတစ်ခုလုံးကို အထွတ်အထိပ်သို့ ရောက်ရှိသွားစေတော့၏။
စစ်ဘက်ဆိုင်ရာ ဒု-ဝန်ကြီး ဝမ်ဟွာကျိန့်သည် မိသားစုဝင် ရာချီကို ခေါ်ဆောင်ကာ ဝမ်းနည်းပူဆွေးမှု အထိမ်းအမှတ် အဝတ်အစားများကို ဝတ်ဆင်လျက် တည်ကြည်လေးနက်စွာဖြင့် လျှောက်လာတော့သည်။
မြင်ကွင်းတစ်ခုလုံး တိတ်ဆိတ်သွားပြီး ထိုနေရာတွင် ရှိနေသော လူသိန်းချီသည် လမ်းဖယ်ပေး လိုက်ကြတော့၏။
ဝမ်ဟွာကျိန့်သည် မိခင်အိုကြီး၏ ကဗ္ဗည်းတိုင်ကို ပွေ့ဖက်ကာ အလွန် ဝမ်းနည်းကြေကွဲနေသော မျက်နှာထားဖြင့် လျှောက်လာသည်။
လူသိန်းချီသည် သူ့ကို သူရဲကောင်း တစ်ဦးကဲ့သို့ကြည့်ရှုနေကြပြီး သူ၏ လက်ထဲရှိ ကဗ္ဗည်းတိုင်ကို ကြည့်ရှုနေကြ၏။
“အမတ်မင်းဝမ်... စိတ်ဖြေပါ။”
“အမတ်မင်းဝမ်... သခင်မကြီးဟာ အပြစ်မဲ့ကလေး ရာချီကို ကာကွယ်ဖို့အတွက် အသက်ပေးခဲ့ရတာပါ။ သူမရဲ့ သေဆုံးမှုဟာ တောင်ကြီးထက်တောင် ကြီးမားပါတယ်။”
“အမတ်မင်းဝမ်... သခင်မကြီးဟာ ကျုပ်တို့ရဲ့ စိတ်ထဲမှာ ထာဝရ ရှင်သန်နေမှာပါ။ တချို့လူတွေကတော့ သမိုင်းရဲ့ အရှက်ရစရာ မှတ်တိုင်ပေါ်မှာ ထာဝရ ရိုက်နှက်ခံရမှာပါ။”
ပြည်သူများ အလွယ်တကူ မှတ်မိနိုင်စေရန်အတွက် သခင်မကြီးဝမ်၏ ဇာတ်လမ်းကို အတိုချုံးလိုက်ပြီ ဖြစ်သည်။
သူမသည် အပြစ်မဲ့ကလေး ရာချီကို ကာကွယ်ရန်အတွက် ကျိုးလီ၏ သတ်ဖြတ်ခြင်းကို ခံခဲ့ရပြီး ထိုကလေး ရာချီမှာ ကျိုးလီ၏ လက်ထဲသို့ ပြန်လည် ရောက်ရှိသွားကာ သေမလို၊ ရှင်မလို ဘဝမျိုးသို့ ရောက်ရှိသွားခဲ့ရသည် ဟူ၍ပင်။
သို့ပေမည့် အမှန်တရားက မည်သို့နည်း။
အမှန်တရားမှာ လန်ကျိုး ဆိပ်ကမ်းတွင် ပုံမှန်ကုန်သွယ်ရေး အပြင် အလွန် အရုပ်ဆိုးသော လူကုန်ကူးမှုများလည်း ရှိနေသည်။ လှပသော ယောက်ျားလေးနှင့် မိန်းကလေးများကို ငယ်စဉ်တည်းက ခိုးယူကာ လန်ကျိုးသို့ ခေါ်ဆောင်လာပြီး စုပေါင်း လေ့ကျင့်သင်ကြားပေးကာ ဈေးကောင်းကောင်းဖြင့် ရောင်းချလေ့ ရှိသည်။
သေချာပေါက် ဝမ်ဟွာကျိန့်၏ မိသားစုသည် ဤကဲ့သို့သော ငွေကြေးများကို ရှာဖွေရန် မလိုအပ်ချေ။ သို့ပေမည့် အကောင်းဆုံးသော ကလေးများကို ယန်ရှုံးဟောက် အိမ်တော်သို့ ပို့ဆောင်ပေးလေ့ရှိပြီး သူက လက်ဆောင်အဖြစ် ပြန်လည် ပေးအပ်လေ့ ရှိ၏။
ဥပမာအားဖြင့် မကြာမီက ဝေကော်ကွန်း တွမ်ပိသည် မိန်းမစိုးကြီး ဟောက်ယွီ ထံသို့ လှပသော ယောက်ျားလေးနှင့် မိန်းကလေး တစ်စုံကို လက်ဆောင်ပေးခဲ့ရာ ထိုကလေးများကို ဝမ်ဟွာကျိန့်က တွမ်ပိ ထံသို့ အရင်ဆုံး လက်ဆောင်ပေးခဲ့ခြင်းပင် ဖြစ်သည်။
ဤသည်မှာ အလွန် အမြတ်အစွန်းများသော်လည်း အလွန် လျှို့ဝှက်သော စီးပွားရေး လုပ်ငန်းတစ်ခု ဖြစ်သည်။ အပေါ်ယံတွင် ဝမ်ဟွာကျိန့်၏ ယန်ရှုံးဟောက် အိမ်တော်နှင့် လုံးဝ ပတ်သက်မှု မရှိဘဲ ဤပြစ်မှုများကို လုပ်ဆောင်ရန် သီးသန့် အဖွဲ့အစည်းများ ရှိနေ၏။
သို့ပေမည့် ကျိုးလီသည် လန်ကျိုးသို့ ရောက်ရှိလာပြီးနောက် အခြေအနေများကို လုံးဝ ရှင်းလင်းပစ်ခဲ့ပြီး ဤအဖွဲ့အစည်းများကိုလည်း အပြီးအပိုင် နှိမ်နင်းပစ်ခဲ့သည်။
ထို့ကြောင့် ဤလှပသော ယောက်ျားလေးနှင့် မိန်းကလေး ရာချီကို ယန်ရှုံးဟောက် အိမ်တော်၏ မြေအောက်ခန်း အတွင်းသို့ လျှို့ဝှက်စွာ ပြောင်းရွှေ့ထားခဲ့ခြင်း ဖြစ်၏။
ထိုစဉ်က ကျိုးလီသည် သခင်မကြီးဝမ်ကို သတ်ဖြတ်ပြီးနောက် အိမ်ကို ဝင်ရောက် ရှာဖွေရန် ရည်ရွယ်ချက် မရှိခဲ့ဘဲ ယန်ရှုံးဟောက် အိမ်တော်မှ လူအားလုံးကို အမြန်ဆုံး နောက်ဆုတ်ရန်သာ အမိန့်ပေးခဲ့ပြီး ထွက်ခွာသွားရန် ပြင်ခဲ့သည်။
သို့ပေမည့် ယန်ရှုံးဟောက် အိမ်တော်မှ စိတ်ထားကောင်းသော အစေခံ တစ်ဦးသည် နောက်ဆုံးတွင် ဆက်လက် သည်းမခံနိုင်တော့ဘဲ ကျိုးလီအား ကယ်တင်ပေးရန် အသံကျယ်ကျယ်ဖြင့် တောင်းဆိုခဲ့ပြီး အိမ်တော်၏ မြေအောက်ခန်း အတွင်း၌ လူရာချီကို လျှို့ဝှက် ဖမ်းဆီးထားကြောင်း ပြောဆိုခဲ့၏။
ကျိုးလီ သည် လူရာချီကို အသုံးပြုကာ ခက်ခက်ခဲခဲ တူးဖော်ပြီးမှသာ ဤမြေအောက်ခန်းကို တွေ့ရှိခဲ့ခြင်း ဖြစ်သည်။
ထို့နောက် ဤမြေအောက်ခန်း အတွင်း၌ ယောက်ျားလေးနှင့် မိန်းကလေး ရာချီ ရှိနေပြီး ဤနေရာတွင် ပိတ်လှောင်ခံထားရသည်မှာ ရက်အနည်းငယ်ကြာမြင့်နေပြီဖြစ်ကာ မြင်ကွင်းမှာ အလွန် သနားဖွယ်ကောင်းပြီး ငရဲပြည်ကဲ့သို့ ဖြစ်နေကြောင်း တွေ့ရှိခဲ့ရ၏။
ကျိုးလီ သည် အသက်ရှင်ကျန်ရစ်သူ ယောက်ျားလေးနှင့် မိန်းကလေး ရာချီကို ကယ်တင်ပြီးနောက် လုံးဝ ဒေါသထွက်သွားကာ ဝမ်ဟွာကျိန့်၏ မိခင်ကို အပိုင်းပိုင်း ခုတ်ထစ်ရန် အမိန့်ပေးခဲ့ပြီး ယန်ရှုံးဟောက် အိမ်တော်မှ သခင်များ အားလုံးကိုလည်း သတ်ဖြတ်ပစ်ခဲ့သည်။
သို့ပေမည့် ဤသတင်းမှာ မြို့တော် သို့ ရောက်ရှိလာချိန်မှာတော့ ပြောင်းပြန် ဖြစ်သွားတော့၏။
ကျိုးလီ သည် မီးရှို့၊ လူသတ်၊ လုယက်မှုများ ပြုလုပ်ခဲ့ပြီး သခင်မကြီးဝမ်သည် ဤကလေး ရာချီကို ကာကွယ်ရန်အတွက် အသတ်ခံခဲ့ရသည်ဟု ဖြစ်သွားသည်။
ထိုသို့ဆိုလျှင် ဧကရာဇ် သည် အမှန်တရားကို မသိရှိဘူးလား။
သူ သေချာပေါက် သိရှိသည်။ ဟေးပင်းထိုင်က ဤသတင်းအချက်အလက်များကို အသေးစိတ် အစီရင်ခံမှာ ဖြစ်သည်။
သို့ပေမည့် ဤကမ္ဘာလောကတွင် တစ်ခါတစ်ရံ၌ အမှန်တရားမှာ အရေးမကြီးလှချေ။ လူတစ်သောင်း၊ လူတစ်သိန်းက ဤသည်မှာ အမှန်တရားဟု ထင်မှတ်နေပါက မည်မျှပင် ယုတ္တိမရှိစေကာမူ အမှန်တရား ဖြစ်သွားမည်သာ ဖြစ်သည်။ ဤသည်မှာ ပြည်သူ့အသံ စစ်ပွဲ ပင်ဖြစ်၏။
နန်းတွင်းရှိ မှူးမတ်အပေါင်းတို့သည်လည်း ထိုကဲ့သို့သော လက်ဆောင်ပဏ္ဏာမျိုးနှင့် မစိမ်းကြပေ။ ရုပ်အဆင်း လှပတင့်တယ်သော သားပျို၊ သမီးပျိုတို့ကို မက်မောတွယ်တာခြင်းမှာ လောကသဘာဝပင် ဖြစ်ချေသည်။
‘တော်ဝင်တရားရုံး အကြီးအကဲ... ဝန်ကြီးချုပ်ဝူ... ဝန်ကြီးချုပ်လင်... မင်းသားတို့... ခင်ဗျားတို့ထဲက ဘယ်သူကများ ဝမ်ဟွာကျိန့်ဆီက လက်ဆောင် မရဖူးလို့လဲ။’
လူသားချင်း လက်ဆောင်အဖြစ် ပေးကမ်းခြင်း ဖြစ်သော်လည်း မှူးမတ်အများစု၏ အမြင်၌မူ ဤသည်မှာ ပွဲတော်ရက်များတွင် အစဉ်အလာအရ ပေးအပ်လေ့ရှိသည့် သာမန်လက်ဆောင်များကဲ့သို့ပင် ဖြစ်နေတော့သည်။
ထို့ပြင် ဧကရာဇ်မင်းမြတ် ကိုယ်တော်တိုင်ပင်လျှင် ထိုကဲ့သို့သော လက်ဆောင်များကို လက်ခံရရှိခဲ့ဖူးသည် မဟုတ်ပါလား။ လွန်ခဲ့သည့် နှစ်အနည်းငယ်က ဆက်သလာသော မိန်းမစိုးများနှင့် အစေခံများက အရမ်းကို လှပပြီး ဉာဏ်ကောင်းကြသည်ဟု မထင်မိဘူးလား။
လူသိန်းချီ၏ အကြည့်များအောက်တွင် ဝမ်ဟွာကျိန့်သည် တိုင်ကြားရေးဗုံ အရှေ့သို့ ရောက်ရှိလာပြီး ပြင်းထန်စွာ တီးခတ်လိုက်တော့၏။
“အရှင်မင်းမြတ်... သနားညှာတာတော်မူပါ။”
“အရှင်မင်းမြတ်... သနားညှာတာတော်မူပါ။”
“ကျုပ်ရဲ့ မိခင် အလဟဿ မသေဆုံးသင့်ပါဘူး။ မတရား မသေဆုံးသင့်ပါဘူး။”
လူသိန်းချီသည် ဝမ်ဟွာကျိန့်၏ အနောက်တွင် ဒူးထောက်ကာ အသံကျယ်ကျယ်ဖြင့် ဟစ်ကြွေးလိုက်ကြသည်။
“အရှင်မင်းမြတ်... သနားညှာတာတော်မူပါ။”
“အရှင်မင်းမြတ်... လန်ကျိုးကို ကယ်တင်တော်မူပါ။”
“အောက်ယွီကို ကောင်းကင်ဘုံက အပြစ်ပေးပါစေ။ ကျိုးလီကို ကောင်းကင်ဘုံက အပြစ်ပေးပါစေ။”
ဤသည်မှာ အကျိုးစီးပွားရှာဖွေသည့် အုပ်စုများ၏ ရူးသွပ်သော တန်ပြန်တိုက်ခိုက်မှုပင် ဖြစ်၏။
အဘယ်ကြောင့်ဆိုသော် ယခုတစ်ကြိမ် အိမ်ရှေ့စံမင်းသား ကျိုးလီသည် လန်ကျိုးသို့ သွားရောက်ကာ အကြီးအကျယ် နောက်ဆုတ်မည့် အစီအစဉ်ကို လုပ်ဆောင်ခဲ့ရုံသာမက လျှို့ဝှက်ချက် များစွာကိုပါ မတော်တဆ တွေ့ရှိခဲ့ပြီး ဟေးပင်းထိုင်က အားလုံးကို အစီရင်ခံမည် ဖြစ်သောကြောင့်ပင်။
ဤ အကျိုးစီးပွားရှာဖွေသည့် အုပ်စုများသည် အပြစ်ပေးမခံရစေရန် မည်သို့ လုပ်ဆောင်သင့်သနည်း။ သေချာပေါက် ပြည်သူ့အသံကို အသုံးပြု၍ ကျိုးလီ နှင့် အောက်ယွီကို လုံးဝ တိုက်ခိုက်ဖျက်ဆီးပစ်ရန်သာ ရှိသည်။
ဤလူနှစ်ဦးမှာ ကျားသေများနှင့် တူနေပြီ ဖြစ်သည်။ ဒုတိယလ အလယ်ပိုင်းကုန်ဆုံးတော့မည် ဖြစ်သော်လည်း ကြီးမားသော ငလျင်နှင့် ဆူနာမီ လုံးဝ မဖြစ်ပေါ်လာခဲ့ချေ။
ထို့ကြောင့် ဤလူနှစ်ဦးသည် သေချာပေါက် တိုင်းပြည်နှင့် လူမျိုးကို ဒုက္ခပေးသူများအဖြစ် သမိုင်းမှတ်တိုင်တွင် ရေးထိုးခံရမှာ ဖြစ်သည်။
ဤလူနှစ်ဦးမှာ လူဆိုးများ ဖြစ်နေပြီဆိုလျှင် လန်ကျိုး အကျိုးစီးပွားရှာဖွေသည့် အုပ်စုများသည် သေချာပေါက် လူကောင်းများ ဖြစ်သွားမည် မဟုတ်ပါလား။
‘အမှန်တရားက အရေးမကြီးပါဘူး။ အရေးကြီးတာက ပြည်သူတွေက ဘယ်လို မြင်လဲဆိုတာပဲ။ ပြည်သူတွေဆိုတာ အရမ်း ရိုးရှင်းပြီး ချစ်စရာကောင်းတဲ့ အဖွဲ့အစည်း တစ်ခုပါ။ သူတို့ရဲ့ အမြင်မှာ အဖြူနဲ့ အမည်း၊ လူဆိုးနဲ့ လူကောင်း ဆိုတာ ရှင်းရှင်းလင်းလင်း ခွဲခြားထားရမယ်လေ။
ကျိုးလီက လူတွေကို ဒုက္ခပေးနေလို့ စစ်ဘက်ဆိုင်ရာ ဒု-ဝန်ကြီး ဝမ်ဟွာကျိန့် တောင်မှ တိုင်ကြားရေး ဗုံကို လာတီးပြီး တိုင်ကြားရတယ်လေ။ သူ့ရဲ့ အသက် ခုနစ်ဆယ်ကျော်အရွယ် မိခင်အိုကြီးတောင် ရက်ရက်စက်စက် အသတ်ခံလိုက်ရတယ်ဆိုတော့ အောက်ယွီ နဲ့ကျိုးလီ ဟာ လူဆိုးတွေ မဟုတ်ဘူးလား။
သူတို့နှစ်ဦးက လူဆိုးတွေ ဖြစ်နေပြီဆိုတော့ သနားစရာကောင်းအောင် သေဆုံးသွားတဲ့ သခင်မကြီးဝမ်က သေချာပေါက် လူကောင်း ဖြစ်ပြီး လန်ကျိုး ဆိပ်ကမ်း အကျိုးစီးပွားရှာဖွေတဲ့ အုပ်စုလည်း လူကောင်းတွေ ဖြစ်သွားတာပေါ့။’
……………..