← Chapters

အခန်း ၄၀၇

Vol. 35 Ch. 407

အခန်း ၄၀၇

Vol. 35 Ch. 407

အပိုင်း (၄၀၇)

ထိုကဲ့သို့ အော်ဟစ်ကြွေးကြော်နေသည့်အချိန်တွင် နန်းတော် တံခါး ပွင့်သွားပြီး မိန်းမစိုးကြီး တစ်ဦး ထွက်လာတော့၏။

“အရှင်မင်းမြတ်က တုံ့ပြန်မှု ရှိလာပြီ။ လန်ကျိုးက ပြည်သူတွေ ကယ်တင်ခံရတော့မယ်။” လူသိန်းချီ ရှိနေသော လူအုပ်ကြီးထဲတွင် ဆူပူမှုများ ဖြစ်ပေါ်လာတော့သည်။

ထိုမိန်းမစိုးသည် ဝမ်ဟွာကျိန့်၏ အရှေ့သို့ ရောက်ရှိလာပြီး ပြောလိုက်၏။ “ယန်ရှုံးဟောက်... အရှင်မင်းမြတ်က ဝင်လာခဲ့ဖို့ အမိန့်ပေးလိုက်ပါတယ်။”

ဤမိန်းမစိုးသည် ဤစကားကို ပြောဆိုရာတွင် မည်သည့် ခံစားချက်မှ မပါဝင်သောကြောင့် ဝမ်ဟွာကျိန့် အနေဖြင့် မည်သည့် အဓိပ္ပာယ်ကိုမှ မသိရှိနိုင်သော်လည်း သူ၏ စိတ်ထဲတွင်မူ ဝမ်းသာသွားမိသည်။ ‘အောက်ယွီ သေပြီ။ ကျိုးလီ လည်း သေပြီ။’

ထို့နောက် သူသည် လူသိန်းချီ၏ မျက်မှောက်တွင် နန်းတော် ဘက်သို့ ဒူးထောက်ကာ ပြောလိုက်၏။ “အရှင်မင်းမြတ် သနားညှာတာမှု ကြီးမားလှပါတယ်။ အရှင်မင်းမြတ် သနားညှာတာမှု ကြီးမားလှပါတယ်။”

ထို့နောက် အပြင်ဘက်ရှိ ပြည်သူ သိန်းချီကို လက်သီးဆုပ်ကာ ပြောလိုက်၏။ “ပြည်သူအပေါင်းတို့... အရှင်မင်းမြတ်ဟာ ကျုပ်တို့ရဲ့ အသံကို ကြားသွားပါပြီ။ လန်ကျိုးက ပြည်သူတွေ ကယ်တင်ခံရတော့မှာပါ။ ကယ်တင်ခံရတော့မှာပါ။”

ပြည်သူ သိန်းချီကလည်း လိုက်ပါ၍ အသံကျယ်ကျယ်ဖြင့် ဟစ်ကြွေးလိုက်ကြသည်။ “အရှင်မင်းမြတ် သနားညှာတာမှု ကြီးမားလှပါတယ်။ အရှင်မင်းမြတ် သနားညှာတာမှု ကြီးမားလှပါတယ်။”

“အောက်ယွီကို အပိုင်းပိုင်း ခုတ်ထစ်ပစ်။ လန်ကျိုးက ပြည်သူ သန်းချီအတွက် တရားမျှတမှု ပေးသနားတော်မူပါ။”

“အောက်ယွီကို အပိုင်းပိုင်း ခုတ်ထစ်ပစ်။”

ညီလာခံခန်းမ အတွင်းသို့ ဝင်ရောက်ပြီးနောက် ဝမ်ဟွာကျိန့် သည် အငွေ့အသက်မှာ အလွန် ထူးဆန်းနေပြီး ကြောက်မက်ဖွယ် ကောင်းနေသည်ဟု ခံစားလိုက်ရ၏။

သို့ပေမည့် ထိုနေရာတွင် ရှိနေသော အမတ်များ အားလုံးမှာ အလွန် ပါးနပ်သူများ ဖြစ်ကြသောကြောင့် မည်သည့် အမူအရာမှ မပြသကြဘဲ မျက်နှာသေဖြင့်သာ နေနေကြသည်။

စစ်ဘက်ဆိုင်ရာ ဒု-ဝန်ကြီး ဝမ်ဟွာကျိန့် ဒူးထောက်ကာ ဦးညွတ်လျက် လျှောက်တင်လိုက်၏။ “ကျုပ်... အရှင်မင်းမြတ်ကို အရိုအသေပေးပါတယ်။ သက်တော်ရာကျော် ရှည်ပါစေ... သက်တော်ရာကျော် ရှည်ပါစေ... သက်တော်ရာကျော် ရှည်ပါစေ။”

ဧကရာဇ် ဝမ်ယွင်က ဖြည်းညင်းစွာ မေးလိုက်သည်။ “ဝမ်ဟွာကျိန့်... ခင်ဗျား တိုင်ကြားရေးဗုံကို လာတီးတာ ဘာအတွက်လဲ။”

ဝမ်ဟွာကျိန့်က ပြန်ဖြေလိုက်၏။ “အရှင်မင်းမြတ်... အရှင်မင်းမြတ် သေခိုင်းရင် ကျုပ် သေရမှာပါ။ အိမ်ရှေ့စံ မင်းသား ကျိုးလီဟာ အမတ်မင်းကြီးဖြစ်ပြီး ကျုပ်ရဲ့ မိခင်ကို သတ်ဖြတ်ခဲ့ပါတယ်။ ကျုပ်ဟာ ဝမ်းနည်း ပူဆွေးနေပေမယ့် တရားမျှတမှု တောင်းခံဖို့ မဝံ့ရဲပါဘူး။

ဒါပေမဲ့ ဒီနေ့ကျုပ် လာရတာဟာ လန်ကျိုးက ပြည်သူ သန်းချီအတွက်ပါ။ သူတို့တွေ ဘယ်လောက်တောင် အပြစ်ကင်းလိုက်လဲ။ အောက်ယွီရဲ့ ယုတ်မာတဲ့ စကားတွေနဲ့ မင်းသား ကျိုးလီရဲ့ ရက်စက်ကြမ်းကြုတ်မှု တွေကြောင့် မရေမတွက်နိုင်တဲ့ လန်ကျိုး ပြည်သူတွေ အိမ်ရာမဲ့ဖြစ်ပြီး သနားစရာကောင်းအောင် ဒုက္ခရောက် နေကြရပါတယ်။ ဒီအတိုင်း ဆက်သွားမယ်ဆိုရင် လန်ကျိုး မှာ ပုန်ကန်မှုတွေ ဖြစ်လာမှာကို စိုးရိမ်ရပါတယ်။”

ဧကရာဇ် ဝမ်ယွင်က မေးလိုက်သည်။ “ခင်ဗျား ဘယ်လို သိတာလဲ။”

စစ်ဘက်ဆိုင်ရာ ဒု-ဝန်ကြီး ဝမ်ဟွာကျိန့်သည် ရင်ဘတ်ထဲမှ သွေးစာချွန်လွှာ တစ်ခုကို ထုတ်ယူကာ ဒူးထောက်လျက် လျှောက်တင်လိုက်၏။ “အရှင်မင်းမြတ်... ဒါက လန်ကျိုးက အမတ်တွေ အားလုံးရဲ့ သွေးစာချွန်လွှာပါ။ အားလုံးက အောက်ယွီ နဲ့ ကျိုးလီတို့ရဲ့ ရက်စက်ကြမ်းကြုတ်တဲ့ ပြစ်မှုတွေကို ဖော်ပြထား တာပါ။ ရေတွက်လို့တောင် မကုန်နိုင်ပါဘူး။

ဒီသွေးစာချွန်လွှာထဲမှာ ကျိုးလီရဲ့ လန်ကျိုးမှာ ကျူးလွန်ခဲ့တဲ့ ပြစ်မှုတွေကို တစ်ခုချင်းစီ သေချာ ရေးသားထားပြီး စာလုံးတိုင်းရဲ့ အနောက်မှာ သွေးမျက်ရည်တွေနဲ့ အသက်တွေ ရှိနေပါတယ်။ အကယ်၍ ကျုပ်ရဲ့ မိခင် အတွက် ဆိုရင် တိုင်ကြားရေးဗုံကို လာတီးဖို့ မဝံ့ရဲပါဘူး။

ဒါပေမဲ့ လန်ကျိုးက ပြည်သူ သန်းချီအတွက် ကျုပ် မဖြစ်မနေ လာရတာပါ။ သူတို့ တကယ်ကို အသက်ရှင်ဖို့ လမ်းမရှိတော့ပါဘူး။” ပြောဆိုပြီးနောက် ဝမ်ဟွာကျိန့် သည် သွေးစာချွန်လွှာကို ဆက်သလိုက်သည်။

ဤသွေးစာချွန်လွှာမှာ အမှန်တကယ်ပင် အစစ်အမှန်ဖြစ်ပြီး လန်ကျိုးမြို့ဝန်က ဆက်သလာခြင်း ဖြစ်သည်။ ဤအထဲတွင် အိမ်ရှေ့စံမင်းသားကျိုးလီ၏ ပြစ်မှုများကို တစ်ခုချင်းစီ အသေးစိတ် ရေးသားထားပြီး စာလုံးရေ ထောင်ချီ ရှိ၏။

ထို့အပြင် အပေါ်တွင် အမတ် ရာချီ၏ လက်မှတ်များ ပါဝင်သလို ပြည်သူ ထောင်ချီ၏ လက်ဗွေရာများလည်း ပါဝင်နေ၏။ ဤသည်မှာ လန်ကျိုး အစိုးရအဖွဲ့ တစ်ခုလုံးက ကျိုးလီ၏ ပြစ်မှုများကို တရားဝင် တိုင်ကြားနေခြင်းပင် ဖြစ်သည်။

ဧကရာဇ် ဝမ်ယွင်က စိတ်ထဲမှ အေးစက်စက် ပြုံးလိုက်ပြီး ဤသွေးစာချွန်လွှာကို ဖွင့်ကာ ဖြည်းညင်းစွာ မေးလိုက်၏။ “လန်ကျိုးက ပြည်သူ သန်းချီဟာ တကယ်ပဲ ဒီလောက်တောင် သနားစရာ ကောင်းနေတာလား။”

“ပိုဆိုးပါတယ် အရှင်မင်းမြတ်...”

ဝမ်ဟွာကျိန့်က ငိုကြွေးလျက် ပြောလိုက်သည်။ “အောက်ယွီ ဟာ ယုတ်မာတဲ့ စကားတွေနဲ့ လူတွေကို လှည့်စားပြီး ဒုတိယလ အလယ်လောက်မှာ လန်ကျိုး ပင်လယ်ပြင်မှာ ကြီးမားတဲ့ ငလျင်နဲ့ ဆူနာမီ ဖြစ်လာမယ်လို့ ပြောခဲ့ပါတယ်။

ကျိုးလီက စစ်တပ်ကို အသုံးပြုပြီး ပြည်သူတွေကို အတင်းအကျပ် ပြောင်းရွှေ့စေခဲ့ပါတယ်။ ရလဒ်ကတော့ အခုချိန်ထိ ဘာကြီးမားတဲ့ ငလျင်နဲ့ ဆူနာမီ လက္ခဏာမှ မတွေ့ရသေးပါဘူး။ ကျိုးလီက အခွင့်ကောင်းယူပြီး ငွေကြေးတွေ လုယူ၊ လူ့အသက်ကို မြက်ပင်လို သဘောထားကာ လန်ကျိုး ပြည်သူတွေ အားလုံး သွေးမျက်ရည်ကျနေကြရပါတယ်။

အရှင်မင်းမြတ်... သနားညှာတာပြီး လန်ကျိုးက ပြည်သူသန်းချီကို ကယ်တင်တော်မူပါ။ အောက်ယွီ ဟာ ကိုယ်ကျိုးအတွက် ဧကရာဇ်ဟောင်းကို လှည့်စားပြီး လန်ကျိုးက မရေမတွက်နိုင်တဲ့ ပြည်သူတွေကို သေဆုံးစေခဲ့ကာ အိမ်ရာမဲ့ ဖြစ်စေခဲ့ပါတယ်။ ဒီလောက် ရက်စက်ကြမ်းကြုတ်ပြီး အပြစ်ကြီးမားတဲ့ သူကို အပိုင်းပိုင်း ခုတ်ထစ်ပစ်သင့်ပါတယ်။”

ဧကရာဇ် ဝမ်ယွင်က ပြောလိုက်၏။ “ဝမ်ဟွာကျိန့်... ခင်ဗျား အခန်းထဲ မဝင်လာခင်လေးတင် ကိုယ်တော်က ကျန်းကျိုး ဆိပ်ကမ်းဆီကနေ စာချွန်လွှာ တစ်စောင် လက်ခံရရှိခဲ့တယ်။ ကျိုးလီက လန်ကျိုး ရေတပ်က စစ်သူကြီး ဆယ်ယောက်ကျော်ကို သတ်ဖြတ်ပြီး ဟေးပင်းထိုင် စစ်သူကြီးတွေကို ရေတပ်ကို အုပ်ချုပ်ခိုင်းကာ အတင်းအကျပ် ကျန်းကျိုး ဆိပ်ကမ်းကို ပြောင်းရွှေ့ခိုင်းခဲ့တယ်။

ရလဒ်ကတော့ ခင်ဗျားရဲ့သား ဝမ်ကျွီက လမ်းတစ်ဝက်မှာ ရေတပ်ရဲ့ အမိန့်ပေးကွပ်ကဲခွင့်ကို ပြန်လုယူပြီး ရေတပ် တစ်ဝက်ကို လန်ကျိုး ဆိပ်ကမ်းဆီ ပြန်ခေါ်သွားခဲ့တယ်။ အခြေအနေကို ထိန်းသိမ်းဖို့၊ ပြည်သူတွေကို ကယ်တင်ဖို့၊ အမှားတွေကို ပြင်ဆင်ဖို့ ဆိုပြီးတော့ပေါ့။ ခင်ဗျား တကယ်ကို သားကောင်း တစ်ယောက် မွေးထားတာပဲ။”

အမှန်တကယ်ပင် နာရီဝက်ခန့် အလိုတွင် ဧကရာဇ်သည် ကျန်းကျိုး ဆိပ်ကမ်းမှ စာချွန်လွှာကို လက်ခံရရှိခဲ့ခြင်း ဖြစ်သည်။

ဤစာချွန်လွှာမှာ အစောတည်းက ပို့ဆောင်ခဲ့ခြင်းဖြစ်ပြီး ထိုစဉ်က ကြီးမားသော ဆူနာမီနှင့် ငလျင် မဖြစ်ပေါ်သေးချေ။ ယခုမှသာ နန်းတော်သို့ ရောက်ရှိလာခြင်း ဖြစ်၏။

ဝမ်ဟွာကျိန့်၏ ခန္ဓာကိုယ် တုန်ခါသွားသော်လည်း အတင်းအကျပ် ဆက်လက် လျှောက်တင်လိုက်သည်။ “ကျုပ်ရဲ့ သားဟာ တိုင်းပြည်နဲ့ ပြည်သူတွေအတွက် စိတ်စေတနာ အပြည့် ရှိပါတယ်။ သူက အစိုးရကို ကူညီပြီး လန်ကျိုးရဲ့ အခြေအနေ ပိုဆိုးမသွားအောင် ထိန်းသိမ်းပေးချင်လို့ပါ။

ပြီးတော့ ပြည်သူတွေ ပိုပြီးကယ်တင်နိုင်ဖို့၊ အင်ပါယာအတွက် ဆုံးရှုံးမှုတွေ လျော့နည်းအောင် လုပ်ပေးချင်လို့ပါ။ ဒါတွေ အားလုံးက သူ လုပ်နိုင်တာတွေချည်းပါပဲ။ အကျိုးဆောင်မှုလို့ မသတ်မှတ်ရဲပါဘူး။”

“ဟား... ဟား... ဟား...”

ဧကရာဇ် ဝမ်ယွင်က ရုတ်တရက် အသံကျယ်ကျယ်ဖြင့် ရယ်မောလိုက်ပြီး အေးစက်စက်ဖြင့် ပြောလိုက်၏။ “ဝမ်ဟွာကျိန့်... ခင်ဗျား သားကောင်း တစ်ယောက် မွေးထားတာပဲ။ ခင်ဗျားက တကယ်ကို သားကောင်း တစ်ယောက် မွေးထားတာပဲ။ ကျိုးလီက ရေတပ်ကို လန်ကျိုး ပင်လယ်ပြင်ကနေ ထွက်ခွာပြီး ကျန်းကျိုး ဆိပ်ကမ်းကို ခိုလှုံဖို့ အမိန့်ပေးခဲ့တယ်။

ရလဒ်ကတော့ ခင်ဗျားရဲ့သား ဝမ်ကျွီက အာဏာလုပြီး ရေတပ်တစ်ဝက်ကို လန်ကျိုး ဆိပ်ကမ်းဆီ ပြန်ခေါ် သွားခဲ့တယ်။ ဒုတိယလ ဆယ့်ရှစ်ရက်နေ့မှာ လန်ကျိုး ပင်လယ်ပြင်မှာ ကြီးမားတဲ့ ငလျင်နဲ့ ဆူနာမီ ဖြစ်ပေါ်လာပြီး အဲဒီ ရေတပ် တစ်ဝက် အားလုံး ပျက်စီးသွားခဲ့တယ်။ အားလုံး ပျက်စီးသွားခဲ့တယ်။

အင်ပါယာက ငွေကြေးတွေ အများကြီး အကုန်အကျခံပြီး ဆယ်စုနှစ်များစွာ အချိန်ယူ တည်ဆောက်ခဲ့ရတဲ့ ရေတပ်ကြီးဟာ ခင်ဗျားရဲ့သားကြောင့် တစ်ဝက်လောက် ပျက်စီးသွားခဲ့ရပြီ။ ပြီးတော့ ခင်ဗျားက ခင်ဗျားရဲ့ မိခင်ဟာ အပြစ်မဲ့ကလေး ရာချီကို ကာကွယ်ဖို့အတွက် ကျိုးလီရဲ့ သတ်ဖြတ်ခြင်းကို ခံခဲ့ရတယ်လို့ ပြောတယ် မဟုတ်လား။

အမှန်တရားက ဘာလဲ။ အမှန်တရားက ခင်ဗျားတို့ ယန်ရှုံးဟောက် အိမ်တော်ဟာ ညစ်ပတ်တဲ့ လူကုန်ကူးမှု တွေ လုပ်နေတာပဲ။ ဒီလှပတဲ့ ယောက်ျားလေးနဲ့ မိန်းကလေးတွေကို ဝယ်ယူပြီး လေ့ကျင့်ပေးကာ မှူးမတ်တွေဆီ လက်ဆောင်ပေးဖို့ လုပ်နေတာပဲ။

ဒီကလေး ရာချီကို ခင်ဗျားတို့အိမ်ရဲ့ မြေအောက်ခန်းထဲမှာ ပိတ်လှောင်ထားတာကို ကျိုးလီက ကယ်တင်ခဲ့တာပဲ။ ဝမ်ဟွာကျိန့်... ခင်ဗျားက ရက်စက်ကြမ်းကြုတ်ပြီး လူ့စိတ် မရှိတဲ့အပြင် ကျိုးလီကိုပါ ပြန်ပြီး စွပ်စွဲနေသေးတယ်ပေါ့။

ဝမ်ဟွာကျိန့်... ခင်ဗျား လက်ထဲမှာ သွေးစာချွန်လွှာ ရှိတယ် မဟုတ်လား။ ကိုယ်တော်ဆီမှာလည်း သွေးစာချွန်လွှာ တစ်ခု ရှိတယ်။ ခင်ဗျား သေချာကြည့်စမ်း။” ဧကရာဇ် ဝမ်ယွင်က ပြင်းထန်သောအသံဖြင့် ပြောလိုက်ပြီး ထို သွေးစာချွန်လွှာကို ရုတ်တရက် ဖြန့်ပြလိုက်သည်။

အပေါ်တွင် စာလုံးကြီး ဆယ့်နှစ်လုံး ရေးသားထား၏။ “သခင်လေး အောက်ယွီ... လူသန်းချီကို ကယ်တင်ခဲ့တယ်။ အဆုံးအစမရှိတဲ့ ကုသိုလ်တွေ ရရှိတယ်။”

“တကယ်ကို တိုက်ဆိုင်တာပဲ။ အရမ်း တိုက်ဆိုင်တာပဲ။ ဒီသွေးစာချွန်လွှာ ပေါ်မှာလည်း ချန်းဟိုင်ပြည်နယ်က အမတ်ရာချီရဲ့ လက်မှတ်တွေ ပါသလို ပြည်သူ သောင်းချီရဲ့ သွေးလက်ဗွေရာတွေလည်း ပါတယ်။

ဝမ်ဟွာကျိန့်... ဒီမှာ သွေးစာချွန်လွှာ နှစ်ခု ရှိတယ်။ တစ်ခုက အောက်ယွီနဲ့ ကျိုးလီဟာ အပြစ်ကြီးမားပြီး လန်ကျိုးကို ဒုက္ခရောက်အောင် လုပ်တယ်လို့ ပြောထားတယ်။ နောက်တစ်ခုက အောက်ယွီနဲ့ ကျိုးလီ ဟာ ကုသိုလ်တွေ ကြီးမားပြီး လူသန်းချီကို ကယ်တင်ခဲ့တယ်လို့ ပြောထားတယ်။ ခင်ဗျား ပြောစမ်း။ ကိုယ်တော်က ဘယ်သူ့ကို ယုံရမလဲ။ ဘယ်ဟာကို ယုံရမလဲ။”

ဧကရာဇ် ဝမ်ယွင် သည် အသံကျယ်ကျယ်ဖြင့် အော်ဟစ်နေပြီး သူ အမှန်တကယ်ပင် ဒေါသထွက်နေခြင်း ဖြစ်သည်။

သေချာပေါက် ယန်ရှုံးဟောက် အိမ်တော်က ညစ်ပတ်သော လူကုန်ကူးမှုများ လုပ်ဆောင်နေခြင်းကြောင့် မဟုတ်ဘဲ လန်ကျိုး ပင်လယ်ပြင်တွင် အမှန်တကယ်ပင် ကြီးမားသော ဆူနာမီ ဖြစ်ပေါ်လာပြီး အလွန် ကြီးမားသော ဆုံးရှုံးမှုများ ဖြစ်ပေါ်လာသောကြောင့် ဖြစ်၏။

ရေတပ် တစ်ဝက်ကို ဝမ်ကျွီက ပျက်စီးစေခဲ့ပြီး နိုင်ငံတော် ဘဏ္ဍာတိုက်ကို ကြီးမားစွာ ထိခိုက်စေခဲ့သောကြောင့် ဖြစ်သည်။ ဤရေတပ်သည် သူ၏ တပ်တော်ပင် ဖြစ်သည်။

ဝမ်ဟွာကျိန့် သည် မိုးကြိုးပစ်ခံလိုက်ရသကဲ့သို့ ဖြစ်သွားပြီး သူ၏ နားကိုပင် မယုံကြည်နိုင်အောင် ဖြစ်သွားရသည်။ အချိန်အတော်ကြာပြီးမှသာ သူက အသံကျယ်ကျယ်ဖြင့် ပြောလိုက်၏။ “အရှင်မင်းမြတ်... ဒါ သေချာပေါက် ကောလာဟလပါ။ သေချာပေါက် ကောလာဟလပါ။

လန်ကျိုး ပင်လယ်ပြင်မှာ ကြီးမားတဲ့ ငလျင်နဲ့ ဆူနာမီ လုံးဝ မဖြစ်နိုင်ပါဘူး။ ဒုတိယလ ဆယ့်ရှစ်ရက်နေ့မှာ ဖြစ်တာဆိုရင် ပိုပြီးတော့တောင် မဖြစ်နိုင်ပါဘူး။ လေးရက်တည်းနဲ့ သတင်းက ဘယ်လိုလုပ်ပြီး ရောက်လာနိုင်မှာလဲ။ မိုင်ထောင်ချီကွာဝေးတာကို လေးရက်တည်းနဲ့ သတင်းရောက်လာတယ် ဆိုတာ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။

အရှင်မင်းမြတ်... ဒါ သေချာပေါက် အောက်ယွီနဲ့ ကျိုးလီတို့ ဖန်တီးထားတဲ့ ကောလာဟလပါ။”

ဤကဲ့သို့သော ကိစ္စမျိုးကို ငြင်းဆို၍ မရနိုင်ကြောင်း လူတိုင်း သိရှိထားကြသည်။ သို့ပေမည့် သေခါနီး လူတိုင်းသည် နောက်ဆုံးအချိန်အထိ ရုန်းကန်ကြမည်သာဖြစ်ပြီး မည်သို့သော အသိဉာဏ်မျိုး ကျန်ရှိတော့မည်နည်း။

ဧကရာဇ် ဝမ်ယွင်က အေးစက်စက် ပြုံးကာ ပြောလိုက်၏။ “မလောပါနဲ့... မလောပါနဲ့။ လန်ကျိုးဘက်က သတင်းတွေ မကြာခင် တစ်ခုပြီးတစ်ခု ရောက်လာပါလိမ့်မယ်။ ကျုပ်တို့ အတူတူ စောင့်ကြတာပေါ့။”

တကယ်ပဲ နှစ်နာရီ အကြာမှာတော့ လန်ကျိုး၏ သတင်းအချက်အလက်များသည် နှင်းပွင့်များသဖွယ် တစ်စောင်ပြီးတစ်စောင် အဆက်မပြတ် ရောက်ရှိလာတော့သည်။

ထိုသတင်းများသည် လန်ကျိုးနှင့် ချန်းဟိုင်ပြည်နယ်တို့တွင် မူလကတည်းက တပ်စွဲထားသော ဟေးပင်းထိုင်၏ လျှို့ဝှက်တမန်များထံမှ ပေးပို့ခြင်းဖြစ်ပြီး ကျိုးလီနှင့်အတူ ပါသွားသူများထံမှ မဟုတ်ပေ။

အသီးသီး ရောက်ရှိလာကြသော သတင်းများအားလုံးတွင် ဖော်ပြပါရှိသည့် အကြောင်းအရာများမှာလည်း တစ်ခုတည်း ဖြစ်နေလေတော့သည်။ “ဒုတိယလ ဆယ့်ရှစ်ရက်နေ့၊ လန်ကျိုးမှာ ကြီးမားတဲ့ ငလျင်နဲ့ ဆူနာမီ ဖြစ်ပွား၊ သေကြေဒဏ်ရာရသူ မရေမတွက်နိုင်။ မင်းသား ကျိုးလီက ပြည်သူ သိန်းချီကို ကြိုတင် ပြောင်းရွှေ့ပေးခဲ့။”

All Chapters