← Chapters

အခန်း ၄၀၉

Vol. 35 Ch. 409

အခန်း ၄၀၉

Vol. 35 Ch. 409

အပိုင်း (၄၀၉)

စုချင်ဝမ်က ပြောလိုက်၏။ “အောက်မင် ပြောတာ မှန်တယ်။ အောက်ယွီဟာ ဒီတစ်ကြိမ်မှာ ကြီးမားတဲ့ အကျိုးဆောင်မှုကြီး ရရှိသွားရင်တောင် အာဏာမရှိ၊ ဩဇာမရှိတဲ့သူ တစ်ယောက်ပါပဲ။ ဒါပေမဲ့ သူ ဧကရာဇ်ဟောင်းကို အားကိုးသွားပြီဆိုရင်တော့ လုံးဝ မတူတော့ဘူး။ အကယ်၍ သူ မင်းသမီး ရှန်ရှန်းကို လက်ထပ်လိုက်ရင် ဧကရာဇ်ဟောင်းရဲ့ နိုင်ငံရေးကိုယ်စားလှယ် ဖြစ်လာမှာပဲ။”

အောက်မင်က ပြောလိုက်သည်။ “အခု အိမ်ရှေ့စံမင်းသား ကျိုးလီလည်း ပြန်လည် ဦးမော့လာပြီဆိုတော့ ဒီသုံးယောက် ပူးပေါင်းသွားရင် အကျိုးဆက်ကို တွေးကြည့်လို့တောင် မရနိုင်ဘူး။”

တွမ်ယင်းယင်းက ပြော၏။ “ဟုတ်တယ်။ အရင်တုန်းက အောက်ယွီဟာ တစ်ယောက်တည်း တိုက်ပွဲဝင်နေရလို့ ဘယ်လောက်ပဲ ရက်စက် ရက်စက်၊ ဘယ်လောက်ပဲ အစွမ်းထက် အစွမ်းထက် ကျုပ်တို့ရဲ့ အကျိုးစီးပွား ရှာဖွေတဲ့ အုပ်စုကြီး တစ်ခုလုံးကို ကြီးမားတဲ့ ထိခိုက်နစ်နာမှုတွေ မပေးနိုင်ခဲ့ဘူး။

အလွန်ဆုံး အခြေအနေကို အသုံးချပြီး ချောက်ချတာလောက်ပဲ ရှိတာ။ ဒါပေမဲ့ သူရယ်၊ ဧကရာဇ်ဟောင်းရယ်၊ ကျိုးလီရယ် ပူးပေါင်းလိုက်ပြီဆိုရင် သူတို့ကိုယ်တိုင်က အင်အားကြီးမားတဲ့ နိုင်ငံရေး အုပ်စု တစ်ခု ဖြစ်လာမှာပဲ။ အဲဒီအချိန်ကျရင် ကျုပ်တို့အတွက်တော့ လုံးဝ အိပ်မက်ဆိုးကြီး တစ်ခုပဲ။”

အောက်မင်က ပြောလိုက်သည်။ “ဒီအခြေအနေကို မဖြစ်လာအောင် သေချာပေါက် တားဆီးရမယ်။ အောက်ယွီ ဟာ ဧကရာဇ်ဟောင်းရဲ့ နိုင်ငံရေး ကိုယ်စားလှယ် ဖြစ်မလာအောင် သေချာပေါက် တားဆီးရမယ်။ အခု အချိန်မီသေးပေမယ့် မြန်မြန် လုပ်ရလိမ့်မယ်။ ကျုပ်တို့အတွက် အချိန် အရမ်း နည်းနေပြီ။”

စုချင်ဝမ်က ပြောလိုက်၏။ “ဟုတ်တယ်။ ကျုပ်တို့အတွက် အချိန် သိပ်မရှိတော့ဘူး။ လန်ကျိုး သဘာဝ ဘေးအန္တရာယ် ကယ်ဆယ်ရေး လုပ်ငန်းတွေ ပြီးဆုံးသွားတာနဲ့ အောက်ယွီဟာ မင်းသမီး ရှန်ရှန်းကို လက်ထပ်မယ့် အချိန် ရောက်လာတော့မှာပဲ။”

အဘယ်ကြောင့် ဤကဲ့သို့ ခန့်မှန်းချက် ပြုလုပ်နိုင်ရသနည်း။

အလွန် ရှင်းလင်းသည်။ ယခုအခါ အောက်ယွီနှင့် ဧကရာဇ်ဟောင်း တို့သည် အတူတကွ ပူးပေါင်းသွားကြပြီ ဖြစ်သည်။

ဧကရာဇ်ဟောင်း သည် ဂုဏ်သိက္ခာကို ထိန်းသိမ်းရန်အတွက် မည်သည့်ကိစ္စကိုမှ အလွယ်တကူ ဝင်ရောက် စွက်ဖက်မည် မဟုတ်သော်လည်း မင်းသမီး ရှန်ရှန်း သည် သူ၏ အချစ်ရဆုံးသော မြေးမလေး ဖြစ်ရာ သူမ၏ တစ်သက်တာ ပျော်ရွှင်မှုအတွက် ဧကရာဇ်မင်းမြတ် အနေဖြင့် ဖခင်တစ်ဦး၏ ပြောရေးဆိုခွင့် ရှိသကဲ့သို့ ဧကရာဇ်ဟောင်း တွင်လည်း ပြောရေးဆိုခွင့် ရှိ၏။

ထို့အပြင် ဧကရာဇ်ဟောင်းသည် ဖခင်ဖြစ်ပြီး ဧကရာဇ် ဝမ်ယွင်သည် သားဖြစ်ရာ သားက ဖခင်၏ စကားကို သေချာပေါက် နားထောင်ရမှာဖြစ်သည်။

ထို့ကြောင့် ဧကရာဇ်ဟောင်းကသာ နှုတ်ဟလိုက်ပါက မင်းသမီး ရှန်ရှန်း အောက်ယွီကို လက်ထပ်ရမည့် ကိစ္စမှာ သေချာသွားပြီ ဖြစ်၏။

သို့ပေမည့် ယခုအချိန်တွင် လန်ကျိုး၌ ဘေးအန္တရာယ် ကျရောက်နေပြီး လူတစ်သိန်းနီးပါး သေကြေဒဏ်ရာ ရနေသောကြောင့် မည်သူမဆို သဘာဝဘေးအန္တရာယ် ကယ်ဆယ်ရေးကိုသာ အာရုံစိုက်ရမည်ဖြစ်ပြီး မင်းသမီး ရှန်ရှန်း၏ အိမ်ထောင်ရေးကိစ္စကို လုံးဝ ပြောဆို၍ မရနိုင်ချေ။

ပြည်သူများ ဒုက္ခရောက်နေချိန်တွင် ဝမ်းမြောက်ဝမ်းသာ လက်ထပ်ပွဲကျင်းပမည် ဟုတ်လား။ လုံးဝ မဖြစ်နိုင်ချေ။ ဧကရာဇ်ဟောင်းပင်လျှင် ဤစကားကို ပြောဆို၍ မရနိုင်ချေ။ ထို့ကြောင့် အောက်မင်က သူတို့အတွက် အချိန် သိပ်မရှိတော့ဘူးဟု ပြောဆိုခြင်း ဖြစ်သည်။

ဤအချိန်အတွင်းမှာပင် အောက်ယွီ၏ အနာဂတ်ကို လုံးဝ ဖျက်ဆီးပစ်ရမည် ဖြစ်ပြီး သူ၏ကံကြမ္မာကို လုံးဝ ဖျက်ဆီးပစ်ရမှာ ဖြစ်၏။

အောက်မင်က ပြောလိုက်သည်။ “အမတ်ချုပ်ကြီးလင် အဖွဲ့၊ ဝေမြို့စားကြီး အိမ်တော်၊ ယွဲ့တန်းဖျင် အဖွဲ့အစည်း၊ ဖူယန်ထူ၊ ဒုတိယမင်းသား၊ ကျိန့်ဟိုင်မြို့စား စီးမိသားစု အားလုံးဟာ အောက်ယွီရဲ့ သေရေးရှင်ရေး ရန်သူတွေချည်းပါပဲ။

အကယ်၍ သူတို့ရဲ့ သံတြိဂံ အဖွဲ့သာ ဖွဲ့စည်းပြီးသွားရင် ကျုပ်တို့ကို ရူးသွပ်မတတ် လက်စားချေတော့မှာပဲ။ တစ်ဖွဲ့ပြီး တစ်ဖွဲ့ အမြစ်ပြတ် ရှင်းလင်းပစ်တော့မှာပဲ။ ဒီ သံတြိဂံ အဖွဲ့ ဖွဲ့စည်းပြီးသွားရင် ဘယ်လောက်တောင် ဖျက်ဆီးနိုင်စွမ်း ရှိမလဲဆိုတာ တွေးကြည့်လို့တောင် ရတယ်။

ဒါကြောင့် တခြား အင်အားစုတွေ အားလုံး ပူးပေါင်းပြီး နိုင်ငံရေး အရင်းအမြစ် အားလုံးကို အသုံးပြုကာ ဒီ သံတြိဂံ အဖွဲ့ မဖြစ်လာအောင် တားဆီးရမယ်။”

ဧကရာဇ်ဟောင်း၊ အောက်ယွီ၊ အိမ်ရှေ့စံမင်းသား ကျိုးလီ ဤ သံတြိဂံ အဖွဲ့သည် အလွန် အစွမ်းထက်သည်။ ရက်စက်သော စကားတစ်ခွန်း ပြောရမည်ဆိုပါက ဤသံတြိဂံ နိုင်ငံရေး အဖွဲ့အစည်းသည် လိုအပ်ပါက မည်သူ့ကို မဆို ဖြုတ်ချနိုင်စွမ်း ရှိသည်။ ထိုပုဂ္ဂိုလ်ပင် ပါဝင်၏။

ယခုတစ်ကြိမ် လန်ကျိုး ဆူနာမီ အပြီးတွင် ဧကရာဇ်ဟောင်း၏ နာမည်ဂုဏ်သတင်းမှာ ပို၍ကြောက်မက်ဖွယ် ကောင်းသော အမြင့်သို့ ရောက်ရှိသွားမည်ဖြစ်ပြီး တောင်ပိုင်းကျိုးအင်ပါယာ တစ်ခုလုံး၏ အမြင့်ဆုံး စိတ်ပိုင်းဆိုင်ရာ ခေါင်းဆောင် အဖြစ် ဆက်လက် တည်ရှိနေမည်ဖြစ်ကာ လုံးဝ လှုပ်ခတ်၍ မရနိုင်တော့ချေ။

အိမ်ရှေ့စံမင်းသား ကျိုးလီသည်လည်း နောက်တစ်ကြိမ် ပြန်လည် ဦးမော့လာမည်ဖြစ်ပြီး အိမ်ရှေ့စံ နေရာကို ပြန်လည် လုယူနိုင်ခြေ ရှိသည်။

အောက်ယွီ၏ နည်းလမ်းများမှာ ရက်စက်ကြမ်းကြုတ်ပြီး အကွက်မြင်လေသည်။ ဤ သံတြိဂံ နိုင်ငံရေး အဖွဲ့အစည်း ကြီးမားလာသည်နှင့်အမျှ အမတ် အများအပြားသည်လည်း သူတို့ထံသို့ ဝင်ရောက်လာကြမှာ ဖြစ်၏။

အမှန်တကယ် လိုအပ်သော အချိန်များတွင် အိမ်ရှေ့စံမင်းသား ကျိုးလီသည် တိုက်ရိုက် နန်းတက်၍ပင် ရနိုင်သည်။

ဤသည်မှာ မင်မင်းဆက်၏ ယုံလဲ့ ဧကရာဇ် အချိန်က ကဲ့သို့ပင် ဖြစ်သည်။ ကျူးတိ သည် အိမ်ရှေ့စံ ကျူးကောင်ချီကို သိပ်မနှစ်သက်သော်လည်း မြေးဖြစ်သူ ကျူးကျန်းကျီကိုမူ အလွန် နှစ်သက်၏။

သေချာပေါက် ဤသည်မှာ အလွန် အစွန်းရောက်သော အခြေအနေမျိုးသာ ဖြစ်ပြီး ပုံမှန်အခြေအနေတွင် ဧကရာဇ်ဟောင်းသည် ဤကဲ့သို့သော လုပ်ရပ်မျိုးကို လုပ်ဆောင်မည် မဟုတ်ချေ။

“ဒါကြောင့်ကျိန့်ဟိုင် မြို့စားအိမ်တော်က ဒီတစ်ကြိမ်မှာ အင်အား အများကြီး စိုက်ထုတ်ရလိမ့်မယ်။ ပြီးတော့ ဘာတန်ဖိုးပဲ ပေးရပေးရ စိုက်ထုတ်ရလိမ့်မယ်။”

အောက်မင်က ပြောလိုက်၏။ “ဒီတစ်ကြိမ် အင်အား အများကြီး စိုက်ထုတ်နိုင်မယ့်သူက စီးမိသားစုပဲ။ အောက်ယွီရဲ့ကံကြမ္မာကို မဖျက်ဆီးနိုင်ဘူးဆိုရင် သံတြိဂံအဖွဲ့ ဖွဲ့စည်းပြီးသွားတာနဲ့ အားလုံး သေဖို့သာ ပြင်ထားကြတော့။”

စုချင်ဝမ်က ပြောလိုက်သည်။ “ဟုတ်တယ်။ ဧကရာဇ်ဟောင်းဟာ စိတ်ပိုင်းဆိုင်ရာ ခေါင်းဆောင် ဖြစ်ပြီး အမြင့်ဆုံး နေရာမှာ ရှိတယ်။ ဒါပေမဲ့ သူက နတ်ဘုရား တစ်ပါးလို ဖြစ်နေလို့ သူ့ရဲ့ လောကီနဲ့ကင်းကွာတဲ့ ဟန်ပန်ကို ထိန်းသိမ်းထားရမယ်။ ကိုယ်တိုင် ဝင်ပါလို့ မရဘူး။ နတ်စင်ပေါ်က ဆင်းလာတဲ့ နတ်ဘုရားဟာ နတ်ဘုရား မဟုတ်တော့ဘူးလေ။ ဒါက သူ့ရဲ့ အကန့်အသတ်ပဲ။

အိမ်ရှေ့စံမင်းသားကျိုးလီကလည်း ဧကရာဇ်ဟောင်းရဲ့ တိုက်ရိုက် ထောက်ခံမှုကို ရဖို့ မဖြစ်နိုင်ဘူး။ ဒါကြောင့် အောက်ယွီက အရေးအကြီးဆုံးပဲ။ ဒီ သံတြိဂံအဖွဲ့ရဲ့ ဗဟိုချက်ပဲ။ ဒီဗဟိုချက်ကို ဖျက်ဆီးပစ်လိုက်ရင် သံတြိဂံအဖွဲ့ လည်း ပြိုကွဲသွားမှာပဲ။ အားလုံးရဲ့ကံကြမ္မာနဲ့ သက်ဆိုင်တဲ့ အချိန် ရောက်လာပြီ။ အင်အားစု အားလုံး ပူးပေါင်းပြီး အောက်ယွီကို သတ်ဖြတ်ရမယ်။”

တွမ်ယင်းယင်းက ရုတ်တရက် မေးလိုက်၏။ “ရှင့်အထင် အောက်ယွီက အရင်တည်းက ဒီသံတြိဂံအဖွဲ့ကို ဖွဲ့စည်းဖို့ ကြိုတင်ကြံစည်ထားတာလား။ မဟုတ်ရင် လွန်ခဲ့တဲ့ တစ်လကျော်လောက်က အကြီးအကျယ် နောက်ဆုတ်မယ့် အစီအစဉ်ကို ဦးဆောင်ဖို့ ကျိုးလီကို ဘာလို့ အကြံပြုခဲ့မှာလဲ။ အဲဒီလိုသာဆိုရင်တော့ အရမ်းကြောက်စရာ ကောင်းသွားပြီ။”

အောက်မင်က ပြန်ဖြေလိုက်သည်။ “သူက ကြိုတင်ကြံစည်ထားတာ ဟုတ်၊ မဟုတ်တော့ မသိဘူး။ ဒါပေမဲ့ ကျိုးလီကတော့ ဒီအဆင့်ကို သဘောပေါက်သွားပြီဆိုတာ ထင်ရှားတယ်။ သူက အောက်ယွီရဲ့ အကျိုးဆောင်မှုကို အစွမ်းကုန် မြှင့်တင်ပေးနေတယ်။ ဒီအတွက် လောကမှာရှိတဲ့ အကျိုးစီးပွားရှာဖွေတဲ့ အုပ်စုတွေ အားလုံးကို ဒေါသထွက်စေရုံသာမက ဧကရာဇ်မင်းမြတ်ကိုတောင် ဒေါသထွက်စေရဲတယ်။

ဒါကြောင့် သူ လန်ကျိုးမှာ ရှိနေတုန်း နိုင်ငံရေး သံတြိဂံအဖွဲ့ကို ဖြစ်မြောက်အောင် အစွမ်းကုန် ကြိုးစားမှာပဲ။ ဒါက သူ ဧကရာဇ် နေရာကို ပြန်ရဖို့ တစ်ခုတည်းသော မျှော်လင့်ချက်ပဲလေ။”

တွမ်ယင်းယင်းက ရုတ်တရက် မေးလိုက်၏။ “စုချင်ဝမ်... အဲဒီတုန်းက ဧကရာဇ်ဟောင်း ဘာလို့ ရုတ်တရက် နန်းစွန့်သွားတာလဲ။ တကယ်ပဲ မွန်မြတ်တဲ့ စိတ်ထားကြောင့်လား။ ဒါမှမဟုတ် ဧကရာဇ်ဟောင်းတွေရဲ့ နန်းသက်ကို မကျော်လွန်ချင်လို့လား။”

စုချင်ဝမ်က ခေတ္တမျှ တွေဝေသွားပြီးနောက် ပြန်ဖြေလိုက်သည်။ “ဒါက လုံးဝ လျှို့ဝှက်ချက်ပဲ။ ဘယ်သူမှ မသိဘူး။ ကျုပ်တောင် မသိဘူး။ ဒါပေမဲ့ ကြားရတာတော့ လွန်ခဲ့တဲ့ ရှစ်နှစ်တုန်းက ဧကရာဇ်ဟောင်း ရုတ်တရက် ပြင်းပြင်းထန်ထန် ဖျားသွားလို့တဲ့။ ဒါကြောင့် ဧကရာဇ်မင်းမြတ် နန်းတက်တာက နည်းနည်း ရုတ်တရက် ဆန်သွားတာပါ။”

တွမ်ယင်းယင်းက ထပ်မေးလိုက်၏။ “အကယ်၍ အဲဒီလိုဆိုရင် အခြေအနေတွေ ဆက်ပြီး ပြောင်းလဲသွားရင် မင်းနှစ်ပါးရဲ့ ဆန့်ကျင်ဘက် အခြေအနေမျိုး ဖြစ်လာနိုင်မလား။”

“လုံးဝ မဖြစ်နိုင်ဘူး။”

စုချင်ဝမ်က ပြန်ဖြေလိုက်သည်။ “အနည်းဆုံးတော့ အပေါ်ယံမှာ လုံးဝ မဖြစ်နိုင်ဘူး။ ဧကရာဇ်ဟောင်းရဲ့ အဆင့်အတန်းကို ခင်ဗျားတို့ အထင်မသေးနဲ့။”

တွမ်ယင်းယင်းက ပြောလိုက်၏။ “ဒါပေမဲ့ ဒီလိုပြောလို့ ရမလား။ အောက်ယွီက အဆုံးထိ နိုင်ချင်တယ်ဆိုရင် သူ့ရဲ့ နောက်ဆုံး ရန်သူက လက်ရှိ ဧကရာဇ်မင်းမြတ် ဖြစ်လာလိမ့်မယ်လို့။”

စုချင်ဝမ် စကားမပြောသလို အောက်မင် လည်း စကားမပြောခဲ့ချေ။ အဘယ်ကြောင့်ဆိုသော် ဤစကားမှာ ပြော၍ မရတော့သလို ပြောရန်လည်း မဝံ့ရဲတော့သောကြောင့် ဖြစ်သည်။

သို့ပေမည့် အမှန်တရားမှာ ဤသို့ပင် ဖြစ်သည်။ ထိုစဉ်က အောက်ယွီ သည် လန်ကျိုး၌ ဖြစ်ပေါ်လာမည့် ကြီးမားသော ဆူနာမီကို ကြိုတင် ခန့်မှန်းထားသည့် မြေပုံကို ဧကရာဇ်ထံ မဆက်သဘဲ ဧကရာဇ်ဟောင်းထံသို့ ဆက်သရန် ရွေးချယ်လိုက်တည်းက ဤရလဒ်ကို သတ်မှတ်ပြီးသား ဖြစ်သွား၏။

ယွင်ကျုံးဟဲ့ သည် ဧကရာဇ်ဟောင်းထံ ဝင်ရောက် ခိုလှုံရန် ရွေးချယ်လိုက်ခြင်းက သူ၏ အကြီးမားဆုံးသော ရန်သူမှာ လက်ရှိ ဧကရာဇ် ဝမ်ယွင် ဖြစ်ကြောင်း ပြသနေ၏။ ဧကရာဇ်ကို ဆန့်ကျင်မည်လား။ ဤအရာက တွေးကြည့်ရုံဖြင့်ပင် ကြက်သီးမွေးညင်း ထလုမတတ် ဖြစ်စေသည်။

ဝေမြို့စားကြီး သခင်လေး တွမ်ယွီက ပြောလိုက်၏။ “အောက်ယွီက တကယ်ကို ရူးသွပ်နေတာပဲ။ ဧကရာဇ်မင်းမြတ်ကိုတောင် ရန်သူအဖြစ် သတ်မှတ်ချင်နေတာလား။”

တွမ်ယင်းယင်းက ပြန်ပြောလိုက်သည်။ “သူလည်း ဧကရာဇ်မင်းမြတ်ကို သစ္စာခံချင်ခဲ့ဖူးပါတယ်။ ဒါပေမဲ့ သူ တစ်ယောက်တည်းနဲ့ တောင်ပိုင်း ပုန်ကန်မှုကို နှိမ်နင်းပြီး ပြန်လာတဲ့အခါ ဧကရာဇ်က သူ့ကို ထိရောက်တဲ့ ဆုချီးမြှင့်မှု မပေးခဲ့တဲ့အပြင် မင်းသမီး ရှန်ရှန်းကို လက်ထပ်ခွင့် တောင်းတဲ့ကိစ္စမှာလည်း သူ့ကို ဖိနှိပ်ခဲ့တယ်။ အဲဒီအချိန်ကစပြီး အောက်ယွီဟာ ဧကရာဇ်ဟောင်းဆီ ဝင်ရောက် ခိုလှုံဖို့နဲ့ ဧကရာဇ်မင်းမြတ်ကို ဆန့်ကျင်ဖို့ ဆုံးဖြတ်လိုက်တာပဲ။”

တွမ်ယွီက ဝင်ပြော၏။ “ဒါတင်မကသေးဘူး။ ဧကရာဇ်မင်းမြတ်က ဒုတိယမင်းသား ကျိုးကျီကို လွှတ်ပြီး အောက်ယွီရဲ့ တောင်ပိုင်း ပုန်ကန်မှုကို နှိမ်နင်းခဲ့တဲ့ ကြီးမားတဲ့ အကျိုးဆောင်မှုကိုတောင် လုယူခိုင်းသေးတယ်။ အခု တောင်ပိုင်း ပုန်ကန်မှုကို အောက်ယွီက နှိမ်နင်းခဲ့တာဆိုတာကို ကျုပ်တို့လို လူနည်းစုလေးကပဲ သိတာ။ သာမန် ပြည်သူတွေ ဘယ်သူက သိလို့လဲ။

ခင်ဗျားတို့ စောင့်ကြည့်နေလိုက်။ မကြာခင်မှာကြီးမားတဲ့ အောင်ပွဲသတင်းကြီး ရောက်လာလိမ့်မယ်။ ဒုတိယ မင်းသားကျိုးကျီက တောင်ပိုင်း ပုန်ကန်မှုကို နှိမ်နင်းပြီး တောင်ပိုင်းကို ပြန်လည် ထိန်းချုပ်နိုင်ခဲ့ပြီ ဆိုတာကိုပဲ ပြောလိမ့်မယ်။”

အောက်မင်က ပြောလိုက်သည်။ “အောက်ယွီက ဧကရာဇ်ကို ဆန့်ကျင်ဖို့ ဆုံးဖြတ်ခဲ့တာ ပိုပြီး စောနိုင်ပါတယ်။”

တွမ်ယင်းယင်းက ဆက်ပြောလိုက်၏။ “ဟုတ်တယ်။ အောက်ယွီက တောင်ပိုင်း ပုန်ကန်မှုကို နှိမ်နင်းပြီး မြောက်ဘက်ကို ပြန်လာတဲ့ လမ်းမှာ ဒုတိယမင်းသား ကျိုးကျီက သူ့ကို လုပ်ကြံဖို့ လူလွှတ်ခဲ့တယ်။ အောက်ယွီ မြို့တော်ကို ပြန်ရောက်တဲ့အခါ ဧကရာဇ်က ဒီကိစ္စကို သိပ်အရေးမစိုက်တဲ့ ပုံစံမျိုးနဲ့ ဒုတိယမင်းသားကို အပြစ်ပေးဖို့ နည်းနည်းလေးမှ အရိပ်အယောင် မပြခဲ့ဘူး။

အဲဒီအစား သူ့ကို တောင်ပိုင်းကို လွှတ်ပြီး အကျိုးဆောင်မှုကို လုယူခိုင်းခဲ့တယ်။ အဲဒီအချိန်တည်းက အောက်ယွီဟာ ဧကရာဇ်မင်းမြတ် အပေါ် လုံးဝ စိတ်ပျက်သွားခဲ့တာပဲ။ ဒါကြောင့် နောက်ဆက်တွဲ အနေနဲ့ ကျွန်မတို့ တောင်ပိုင်းကျိုးအင်ပါယာဟာ သမိုင်းတစ်လျှောက် အံ့မခန်းဖွယ်ရာ အကောင်းဆုံးနဲ့ ရူးသွပ်မှု အရှိဆုံး နိုင်ငံရေး အားပြိုင်မှုကြီးကို ရင်ဆိုင်ရတော့မယ်။ အောက်ယွီရဲ့ အနောက်မှာ ဧကရာဇ်ဟောင်း ရှိနေပြီး ကျွန်မတို့ရဲ့ အနောက်မှာ ဧကရာဇ်မင်းမြတ် ရှိနေတယ်။ နှစ်ဖက်စလုံး အသေအကြေ တိုက်ခိုက်ကြတော့မှာပဲ။”

ဟေးပင်းထိုင်၏ သဘောထားမှာလည်း အမှန်တကယ်ပင် အနည်းငယ် ဝေဝါးနေ၏။ နန်ကုန်းချော့သည် ဧကရာဇ် ဝမ်ယွင်ကို သစ္စာခံသည်မှာ မှန်သော်လည်း ထိုတစ်ကြိမ်က အောက်ယွီ လုပ်ကြံခံရစဉ် သေဆုံးသွားခဲ့သူများမှာ ဟေးပင်းထိုင် စစ်သည် တစ်ရာကျော် ဖြစ်သည် မဟုတ်ပါလား။

……………..

All Chapters