အခန်း ၄၁၀
Vol. 35 Ch. 410
အပိုင်း (၄၁၀)
သန်းခေါင်ယံ အချိန်တွင် ယွင်ကျုံးဟဲ့သည် ဟေးပင်းထိုင် အကျဉ်းထောင်မှ လွတ်မြောက်လာခဲ့ပြီ ဖြစ်သည်။ ဤတိုက်ပွဲတွင် သူ အနိုင်ရရှိသွားခဲ့ပြီ ဖြစ်သည်။ သို့ပေမည့် ပို၍ ရက်စက်ကြမ်းကြုတ်သော တိုက်ပွဲကြီး ချက်ချင်း စတင်လာတော့မှာဖြစ်၏။
ယွင်ကျုံးဟဲ့ သည် အောက်ရှင်း၏ လျှို့ဝှက်နေအိမ်သို့ ရောက်ရှိလာခဲ့၏။ ဤနေရာကို ဟေးပင်းထိုင်က စီစဉ်ပေးထားခြင်း ဖြစ်သည်။ ထိုသို့မဟုတ်ပါက ဤတစ်ကြိမ်တွင် အောက်ရှင်းနှင့် မိခင်တို့သည်လည်း ဤလူစု၏ ရူးသွပ်သော ဝိုင်းရံတိုက်ခိုက်မှုကို ခံရမည်မှာ သေချာသည်။
အောက်ရှင်း သည် အမှန်တကယ်ပင် အဆုတ်နာရောဂါ ကူးစက်ခံထားရပြီး တရားလွှတ်တော်ချုပ် အကျဉ်းထောင်ထဲတွင် ကူးစက်ခံခဲ့ရခြင်း ဖြစ်သည်။ ဤအရာ၏ နောက်ကွယ်မှ ကြိုးကိုင်သူကား မည်သူနည်း။ ဒုတိယ မင်းသားလား။ အမတ်ချုပ်ကြီးလင်လား။ကျိန့်ဟိုင် မြို့စား စီးမိသားစုလား။
ဤကမ္ဘာလောကတွင် အဆုတ်နာရောဂါသည် ကုသ၍မရသော ရောဂါဆိုး တစ်ခုဖြစ်ပြီး ပင်နီဆီလင်ကို အသုံးပြုမှသာ ကုသနိုင်မှာဖြစ်သည်။ သို့ပေမည့် ပင်နီဆီလင်ကို အသုံးပြုလိုက်သည်နှင့် တပြိုင်နက် ယွင်ကျုံးဟဲ့၏ အဆင့်အတန်းမှာ ပေါ်လာမှာဖြစ်၏။
အဘယ်ကြောင့်ဆိုသော် ပင်နီဆီလင်၏ ဖော်စပ်နည်းကို ယွင်ကျုံးဟဲ့ တစ်ဦးတည်းသာ သိရှိပြီး လောက တစ်ခုလုံး၏ အမြင်တွင် သူသည် သေဆုံးသွားပြီ ဖြစ်သောကြောင့်ပင်။
သို့ပေမည့် ဖခင် အောက်ရှင်းကို မကယ်တင်ဘဲ နေ၍ မဖြစ်နိုင်ချေ။ သေချာပေါက် ကယ်တင်ရမှာ ဖြစ်သည်။
သူ၏ဖခင် အောက်ရှင်း သည် မကြာသေးမီ ကာလအတွင်း ပို၍ ဆိုးရွားစွာ ချောင်းဆိုးလာပြီး အိုမင်းရင့်ရော် သွားသကဲ့သို့ ဖြစ်နေကာ ခန္ဓာကိုယ်မှာလည်း ပိန်ချုံးလာပြီး ဆံပင်ဖြူများလည်း များပြားလာကာ သွေးများပင် အဆက်မပြတ် အန်နေပြီ ဖြစ်၏။
ယခုအချိန်တွင် မြေပြင်ပေါ်၌ အလောင်း ငါးလောင်း လဲလျောင်းနေ၏။ ဤငါးဦးမှာ အောက်ရှင်း၏ သစ္စာရှိ အစောင့်များ ဖြစ်ကြပြီး ယွင်ကျုံးဟဲ့ကို အကြိမ်ကြိမ် ကာကွယ်ပေးခဲ့ဖူးသူများ ဖြစ်သည်။
သူတို့သည် အောက်အိမ်တော်မှ ထွက်ခွာရန် ငြင်းဆန်ခဲ့ကြသောကြောင့် အောက်အိမ်တော် ဝိုင်းရံ တိုက်ခိုက်ခံရချိန်တွင် ဤအစောင့် ငါးဦးမှာ ခြေလက်များ ရိုက်ချိုးခံရပြီး အရှင်လတ်လတ် မီးရှို့သတ်ဖြတ် ခံခဲ့ရခြင်း ဖြစ်၏။
“မြို့တော်က အောက်အိမ်တော် မီးရှို့ခံလိုက်ရပြီ။ ကျန်းကျိုးမြို့ဘက်က နုလန်ဟောက် အိမ်တော်လည်း ခြွင်းချက် မဟုတ်လောက်ဘူး။ သေချာပေါက် မီးရှို့ခံလိုက်ရလောက်ပြီ။” နန်ကုန်းအာက ပြောလိုက်သည်။
ယွင်ကျုံးဟဲ့က မေးလိုက်၏။ “အစ်ကိုကြီး နန်ကုန်း... ဘယ်သူက မီးရှို့တာလဲ။ ကျုပ်ရဲ့ ဒီအစောင့် ငါးယောက်ကို ဘယ်သူက သတ်တာလဲ။”
နန်ကုန်းအာက ပြန်မေးလိုက်သည်။ “ခင်ဗျားကို ဘယ်သူက အမုန်းဆုံးလဲ။”
ယွင်ကျုံးဟဲ့က ဖြေလိုက်၏။ “ဝေမြို့စားကြီး အိမ်တော်လား။”
နန်ကုန်းအာက ပြောလိုက်သည်။ “သေချာတာပေါ့။ ခင်ဗျားကို ဘယ်သူက အမုန်းဆုံးလဲဆိုရင် ဒီကိစ္စကို အဲဒီလူပဲ လုပ်တာပေါ့။ ခင်ဗျားအိမ်ကို မီးရှို့တာ၊ ခင်ဗျားလူတွေကို သတ်တာ အကုန်လုံးကိုပေါ့။”
ယွင်ကျုံးဟဲ့သည် မျက်လုံးများကို မှိတ်လိုက်၏။ ‘လက်စားချေရမယ်။ ရူးသွပ်မတတ် လက်စားချေရမယ်။ ဝေမြို့စားကြီး အိမ်တော်ကို မျိုးနွယ်စု အားလုံး သတ်ဖြတ်ပြီး အားလုံး အသေဆိုးနဲ့ သေအောင် လုပ်ပစ်ရမယ်။ တွမ်ပိ၊ တွမ်ယင်းယင်း၊ တွမ်ယွီ တို့ကို အသေဆိုးနဲ့ သေအောင် လုပ်ပစ်ရမယ်။’
နန်ကုန်းအာက ဖြည်းညင်းစွာ ပြောလိုက်သည်။ “လက်စားချေချင်လား။ ခင်ဗျား မင်းသမီး ရှန်ရှန်းကို လက်ထပ်ပြီးမှပဲ ပြောပါတော့။”
ယွင်ကျုံးဟဲ့က ပြန်ပြောလိုက်၏။ “ကျုပ် မစောင့်နိုင်တော့ဘူး။ ဒီရက်ပိုင်းအတွင်းမှာပဲ ဝေမြို့စားကြီး အိမ်တော်ရဲ့ မျိုးနွယ်စု အားလုံးကို သတ်ဖြတ်ပြီး အကုန်လုံး သေအောင် လုပ်ပစ်ရမယ်။”
နန်ကုန်းအာက ပြောလိုက်သည်။ “အောက်ယွီ... ကျုပ် ခင်ဗျားကို သဘောကျပါတယ်။ ဒါပေမဲ့ ကျုပ်တို့က ခင်ဗျားကို ကူညီလို့ မရဘူး။ ဘာလို့လဲဆိုတော့ ကျုပ်တို့က ဧကရာဇ်မင်းမြတ်ကိုပဲ သစ္စာခံလို့ပဲ။ ဘယ်သူက ဧကရာဇ် ဖြစ်နေလဲ၊ ကျုပ်တို့ ဟေးပင်းထိုင်က သူ့ကိုပဲ သစ္စာခံမယ်။ ဒါက ဘယ်တော့မှ ပြောင်းလဲလို့ မရဘူး။”
ယွင်ကျုံးဟဲ့က ပြန်ဖြေလိုက်၏။ “ကျုပ် နားလည်ပါတယ်။ ခင်ဗျားတို့က ကျုပ်ရဲ့ မိသားစုကို ကာကွယ် ပေးထားတာကိုပဲ ကျုပ် အရမ်းကျေးဇူးတင်နေပါပြီ။”
နန်ကုန်းအာ သည် ခေတ္တမျှ တွေဝေသွားပြီးနောက် စာရွက်လေး တစ်ရွက်ကို ကမ်းပေးကာ ပြောလိုက်သည်။ “ခင်ဗျားက ဝေမြို့စားကြီးရဲ့ မျိုးနွယ်စု အားလုံးကို သတ်ချင်တယ်ဆိုတော့ ဒီပစ္စည်းက ခင်ဗျားအတွက် အသုံးဝင်လောက်တယ်။”
ယွင်ကျုံးဟဲ့ ဖတ်ရှုပြီးနောက် အနည်းငယ် အံ့ဩသွားပြီး ထိုစာရွက်ကို ဖယောင်းတိုင်မီးတွင် လောင်ကျွမ်းစေ လိုက်၏။
ဤပစ္စည်းမှာ အမှန်တကယ်ပင် အလွန် အစွမ်းထက်ပြီး အသက်အန္တရာယ် ပေးနိုင်သော လက်နက်တစ်ခု ဖြစ်သည်။ အရေးကြီးသည်မှာ ယွင်ကျုံးဟဲ့ အနေဖြင့် ၎င်းကို မည်သို့ အကောင်းဆုံး အသုံးချမည်နည်း ဆိုသည်ပင် ဖြစ်သည်။
“ကျေးဇူး အရမ်း တင်ပါတယ်။” ယွင်ကျုံးဟဲ့က ခေါင်းညိတ်၍ ပြောလိုက်၏။
နန်ကုန်းအာက ပြောလိုက်သည်။ “ဒီ…. လက်နက်က သာမန် မဟုတ်ဘူး။ ခင်ဗျား သေချာပေါက်.... အကောင်းဆုံး အစီအစဉ် တစ်ခု ဆွဲရလိမ့်မယ်။ မဟုတ်ရင် ဒါက ဝေမြို့စားကြီး အိမ်တော်ကို ဖျက်ဆီးပစ်ရုံတင် မကဘူး။ ခင်… ခင်ဗျားကိုပါ အမှုန့်ဖြစ်သွားအောင် လုပ်ပစ်လိမ့်မယ်။”
(နန်ကုန်းအာက စကားထစ်သူ ဖြစ်သော်လည်း စာဖတ်သူ အများစုက စကားထစ်သည်ကို ဖော်ပြခြင်းက စာဖတ်ရခက်သည်ဟု ဆိုသောကြောင့် ပြင်ထားခြင်း ဖြစ်သည်။)
ယွင်ကျုံးဟဲ့က ပြန်ဖြေလိုက်၏။ “ကျုပ် နားလည်ပါတယ်။”
နန်ကုန်းအာ သည် ယွင်ကျုံးဟဲ့၏ ပခုံးကို ပုတ်ကာ ပြောလိုက်သည်။ “အောက်... ယွီ... ကျုပ်... ကျုပ် အရင်စကား အတိုင်းပဲ။ ကျုပ် ခင်ဗျားကို အရမ်း သဘောကျတယ်။ ဒါပေမဲ့... တကယ်လို့ တစ်နေ့နေ့မှာ ဧကရာဇ်မင်းမြတ်က ကျုပ်ကို အမိန့်ပေးပြီး ခင်ဗျားကို ... သတ်ခိုင်းရင် ကျုပ်... ကျုပ် ခင်ဗျားကို သတ်ရမှာပဲ။”
ယွင်ကျုံးဟဲ့က ပြန်ပြောလိုက်၏။ “ကျုပ် အစ်ကိုကြီး နန်ကုန်းကို ကျေးဇူးတင်နေအုံးမှာပါ။”
နန်ကုန်းအာက ပြောလိုက်သည်။ “ဂရုစိုက်ပါ။ သွားပြီ။”
ထို့နောက် နန်ကုန်းအာ ထွက်ခွာသွားတော့၏။
အောက်ရှင်း သည် တစ်ဖက်မှ ချောင်းဆိုးရင်း တစ်ဖက်မှ လက်ကိုင်ပဝါပေါ်ရှိ သွေးကွက်များကို ကြည့်ကာ အက်ကွဲနေသည့် အသံဖြင့် ပြောလိုက်သည်။ “ဝက်ကလေး... မင်း သိလား။ ဒီလမ်းကို အဆုံးထိ လျှောက်သွားရင် မင်း ရင်ဆိုင်ရမယ့် ရန်သူက ဧကရာဇ်မင်းမြတ် ဆိုတာကို။ အမြင့်ဆုံး ဧကရာဇ်မင်းမြတ်လေ။”
ယွင်ကျုံးဟဲ့က ပြန်ဖြေလိုက်၏။ “အဖေ... ကျုပ် သိပါတယ်။”
အောက်ရှင်းက ပြောလိုက်သည်။ “ဧကရာဇ်ဟောင်း အသက်ကြီးနေပြီ။ အသက်အကြာကြီး ရှင်ချင်မှ ရှင်တော့မှာ။ ပြီးတော့ သူက နတ်ဘုရား တစ်ပါးလို ဖြစ်နေလို့ ကိုယ်တိုင် ဝင်ပါလို့ မရဘူး။ မင်းကို ဧကရာဇ်ကို ဆန့်ကျင်ဖို့ လူသိရှင်ကြား ထောက်ခံပေးဖို့က ပိုတောင် မဖြစ်နိုင်သေးတယ်။ အခု မင်းက ရာထူးလည်း မရှိဘူး၊ ဘွဲ့လည်း မရှိဘူးဆိုတော့ ဧကရာဇ်မင်းမြတ်ကို ဆန့်ကျင်ချင်တာက ပုရွက်ဆိတ်က သစ်ပင်ကြီးကို လှုပ်ခါဖို့ ကြိုးစားနေသလိုပဲ။”
ယွင်ကျုံးဟဲ့က ပြန်ဖြေလိုက်၏။ “ကျုပ် သိပါတယ် အဖေ...”
အောက်ရှင်းက ပြောလိုက်သည်။ “မင်း သိရင် ရပါပြီ။ ဘာပဲဖြစ်ဖြစ် အဖေ့မှာ အသက်တစ်ချောင်းပဲ ရှိတော့တာ။ လိုအပ်တဲ့အချိန်ကျရင် မင်း ယူသုံးလိုက်တော့။”
ခဏအကြာတွင် အပြင်ဘက်မှ မိန်းမစိုးကြီး ဟောက်ချင့်၏ အသံ ထွက်ပေါ်လာတော့၏။ “ဧကရာဇ်မင်းမြတ်ရဲ့ အမိန့်တော်... အောက်ယွီကို ခေါ်ယူတွေ့ဆုံတယ်။ ချက်ချင်း လိုက်ခဲ့။”
ယွင်ကျုံးဟဲ့ သည် အသက်ကို ပြင်းပြင်း ရှူသွင်းလိုက်သည်။
ဧကရာဇ်မင်းမြတ်အား ဗြောင်ကျကျ ဆန့်ကျင်ပုန်ကန်ရန်နှင့် ဧကရာဇ်နှင့် ရန်သူတော်ဖြစ်ရန်ဟူသော စကားမှာ ကြားရရုံမျှဖြင့် မည်မျှပင် အံ့ဩတုန်လှုပ်ဖွယ်ရာ ကောင်းလှသနည်း။ လွန်စွာ ကြောက်မက်ဖွယ် ကောင်းသော အမှုကိစ္စလည်း ဖြစ်၏။
သို့သော်လည်း ယွင်ကျုံးဟဲ့သည် ဤလမ်းစဉ်ကို ရွေးချယ်ရန် ဆုံးဖြတ်ချက် ချမှတ်ထားသည်မှာ ကြာမြင့်လှပြီ ဖြစ်သည်။
ဤလုပ်ရပ်သည် တောင်ပိုင်းကျိုးအင်ပါယာ၏ သမိုင်းတစ်လျှောက်တွင် တစ်ကြိမ်တစ်ခါမှ မရှိခဲ့ဖူးသော ကြီးမားသည့် တုန်လှုပ်ချောက်ချားဖွယ်ရာ ဖြစ်ရပ်ကြီးတစ်ခု ဖြစ်လာမည်မှာ မြေကြီးလက်ခတ်မလွဲပေ။
သို့ရာတွင် ထိုကြီးမားသော အစီအစဉ်ကို မစတင်မီ ဝေမြို့စားကြီး၏ အိမ်တော်ရှိ မျိုးနွယ်စုအားလုံးကို အမြစ်ပြတ် သတ်ဖြတ်ရှင်းလင်းပစ်ရန် သူ အရင်ဆုံး လုပ်ဆောင်ပေလိမ့်မည်။
ယွင်ကျုံးဟဲ့ သည် တစ်စက္ကန့်လေးပင် မစောင့်နိုင်တော့ဘဲ သူ၏ ရူးသွပ်ပြီး သွေးထွက်သံယိုများမည့် လက်စားချေမှု ချက်ချင်း စတင်တော့မှာဖြစ်သည်။
ဝေမြို့စားကြီး အိမ်တော်သည် သူ၏ အိမ်နှစ်လုံးကို မီးရှို့ခဲ့ပြီး သူ၏ အစောင့်ငါးဦး၊ မိသားစုဝင် ငါးဦးကို သတ်ဖြတ်ခဲ့၏။
‘ဒီရန်ငြိုးက အတူတူ ရှင်သန်လို့ မရတဲ့ ရန်ငြိုးပဲ။’
သန်းခေါင်ယံ အချိန်တွင် ယွင်ကျုံးဟဲ့သည် နန်းတော် အတွင်းသို့ ဝင်ရောက်သွား၏။ စာကြည့်ဆောင် အတွင်း၌ သူနှင့် ဧကရာဇ် ဝမ်ယွင် နှစ်ဦးတည်းသာ ရှိနေသည်။
ဧကရာဇ် ဝမ်ယွင်က ပြောလိုက်၏။ “အောက်ယွီ... ခင်ဗျား နိုင်သွားပြီ။ ခင်ဗျား အင်ပါယာအတွက် ကြီးမားတဲ့ အကျိုးဆောင်မှုကြီး ပြုလုပ်ခဲ့တယ်။ ခင်ဗျား ဘာဆုချီးမြှင့်မှု လိုချင်လဲ။ ပြောလိုက်။”
‘ဘာဆုချီးမြှင့်မှု လိုချင်လဲ ဟုတ်လား။’ ယွင်ကျုံးဟဲ့၏ စိတ်ထဲတွင် အေးစက်စက် ပြုံးလိုက်မိသည်။
ယခင်က သူစွမ်းဆောင်ခဲ့သည့် အကျိုးပြုမှုများမှာ မကြီးမားလှပေဘူးလား။ သူတစ်ဦးတည်း၏ စွမ်းပကားဖြင့်ပင် တောင်ပိုင်းပုန်ကန်မှုကြီးကို အောင်မြင်စွာ နှိမ်နင်းနိုင်ခဲ့ခြင်း ဖြစ်သည်။ ၎င်းကို ပြိုင်ဘက်ကင်းသော စွမ်းဆောင်မှုကြီးတစ်ခုဟုပင် ဆိုရပေမည်။
သို့သော်ငြား ရလဒ်က မည်သို့ဖြစ်ခဲ့သနည်း။ သူသည် မြို့တော်သို့ပင် မရောက်ရှိသေးမီ လမ်းခုလတ်၌ လုပ်ကြံခြင်းကို ခံခဲ့ရသည်။ ဤလုပ်ကြံမှု၏ နောက်ကွယ်မှ ကြိုးကိုင်သူမှာ မည်သူဖြစ်သည်ကို ဧကရာဇ် ဝမ်ယွင်အနေဖြင့် အမှန်တကယ် မသိရှိဘဲ နေမည်လား။ မည်သို့မှ မဖြစ်နိုင်ပေ။
နောက်ဆုံးတွင် ဘာမှ မဖြစ်ခဲ့သလိုပင် အရာအားလုံး ပြီးဆုံးသွားခဲ့သည်။ ထို့အပြင် ဒုတိယမင်းသား ကျိုးကျီအား တောင်ပိုင်းပုန်ကန်မှု နှိမ်နင်းခြင်း၏ အောင်ပွဲ အသီးအပွင့်များကိုပါ သွားရောက်လုယူခိုင်း ခဲ့သေးသည်။ အမှန်တကယ်ပင် သေသပ်လှပလွန်းသော အခွင့်အရေးသမားဆန်သည့် လုပ်ရပ်ပင် ဖြစ်၏။
ယခင်က ဆုလာဘ်ချီးမြှင့်မည်ဟု မိန့်ကြားစဉ်က အောက်ယွီသည် မင်းသမီးရှန်ရှန်းနှင့် လက်ထပ်ခွင့် တောင်းခံလိုကြောင်း ပြောဆိုခဲ့ဖူးသည်။ ခက်ခဲပင်ပန်းစွာဖြင့် မျက်နှာချင်းဆိုင် တွေ့ဆုံခွင့် တစ်ကြိမ်တစ်ခါ ရရှိခဲ့သော်လည်း ထိုတွေ့ဆုံမှုမှာလည်း အသတ်ခံရလုနီးပါး အခြေအနေသို့ ရောက်ရှိခဲ့ရလေသည်။
ယွင်ကျုံးဟဲ့ အတန်ကြာ စဉ်းစားပြီးနောက် ပြန်မေးလိုက်၏။ “အရှင်မင်းမြတ်... ကျုပ်ကို တကယ်ပဲ ဆုချီးမြှင့်မှာလား။”
ဧကရာဇ် ဝမ်ယွင်က ပြောလိုက်သည်။ “သေချာတာပေါ့။ ဘုရင် ဆိုတာ စကားတစ်ခွန်းပဲ ရှိရမယ်လေ။”
ယွင်ကျုံးဟဲ့က ပြောလိုက်၏။ “ကျုပ် လူတစ်ယောက်ကို သတ်ချင်ပါတယ်။”
ဧကရာဇ် ဝမ်ယွင်၏ မျက်ခုံးများကျုံ့သွားပြီး မေးလိုက်သည်။ “ဘယ်သူ့ကို သတ်ချင်တာလဲ။”
ယွင်ကျုံးဟဲ့က ပြန်ဖြေလိုက်၏။ “တရားလွှတ်တော်ချုပ် အမတ်ကြီးပါ။ ကျုပ်ရဲ့ ဖခင်ဟာ တရားလွှတ်တော်ချုပ် အကျဉ်းထောင်မှာ ရှိနေတုန်းက အဆုတ်နာရောဂါ ကူးစက်ခံခဲ့ရတာပါ။ တရားလွှတ်တော်ချုပ် အမတ်ကြီးဟာ ဒီကိစ္စနဲ့ လုံးဝကင်းလွတ်ခွင့် မရနိုင်ပါဘူး။”
ဧကရာဇ် ဝမ်ယွင်က ဒေါသတကြီး အော်ဟစ်လိုက်သည်။ “ရိုင်းစိုင်းလိုက်တာ။ ခင်ဗျားမှာ ဘာသက်သေ ရှိလို့လဲ။ တရားလွှတ်တော်ချုပ် အမတ်ကြီး ဆိုတာ နန်းတွင်းရဲ့ အမတ်ကြီး တစ်ယောက်ပါ။ သူ့ကို အပြစ်ပေးနိုင်တာ နိုင်ငံတော်ရဲ့ ဥပဒေပဲ ရှိတယ်။ ခင်ဗျား ပြောသလို သတ်ချင်တိုင်း သတ်လို့ ရမလား။”
ယွင်ကျုံးဟဲ့က ပြန်ပြောလိုက်၏။ “အဲဒါဆိုလည်း ကျုပ်မှာ တောင်းဆိုစရာ ဘာမှ မရှိတော့ပါဘူး။”
ဧကရာဇ် ဝမ်ယွင် သည် ယွင်ကျုံးဟဲ့ကို အတန်ကြာ စိုက်ကြည့်နေပြီးနောက် နူးညံ့စွာ ပြောလိုက်သည်။ “အောက်ယွီ... မြို့တော်ဟာ အနောက်ဘက်ကို ရောက်နေတော့ ရာသီဥတုက သိပ်မကောင်းဘူး။ ကျန်းကျိုးမြို့ ဘက်ကတော့ ပိုပြီး စိုစွတ်နွေးထွေးတယ်။ ခင်ဗျားအဖေ အောက်ရှင်းရဲ့ ရောဂါကလည်း ကောင်းကောင်း အနားယူဖို့ လိုအပ်တယ်။
ပြီးတော့ ခင်ဗျားကလည်း ပါရမီ ပါတဲ့သူဆိုတော့ ကျောက်တုံးမှတ်တမ်းရဲ့ ဒုတိယတွဲကို ရေးဖို့ အချိန်ရတာပေါ့။ ဧကရာဇ်ဟောင်းနဲ့ ကိုယ်တော်ကလည်း ဖတ်ချင်နေတာ။ ခင်ဗျားတို့ရဲ့ ဘွဲ့ကိုလည်း ကိုယ်တော်က ပြန်ပေးပါ့မယ်။”
ဤသည်မှာ သူက ယွင်ကျုံးဟဲ့ကို မြို့တော်ကနေ ထွက်သွားခိုင်းနေခြင်း ဖြစ်ကြောင်း အလွန် ထင်ရှားလေသည်။ ဧကရာဇ်သည်လည်း အာဏာ သံတြိဂံ အဖွဲ့ တစ်ခု တဖြည်းဖြည်း ပုံပေါ်လာနေပြီကို ရိပ်မိနေပြီး ဤသံတြိဂံအဖွဲ့ ရှိနေခြင်းကို သူ လုံးဝ မလိုလားချေ။
ယွင်ကျုံးဟဲ့က ပြန်ဖြေလိုက်၏။ “အရှင်မင်းမြတ်...ကျုပ်တို့ရဲ့ ကျန်းကျိုးမြို့က နုလန်ဟောက် အိမ်တော်ဟာ မီးရှို့ခံလိုက်ရပါပြီ။ ပြန်သွားဖို့ အိမ်လည်း မရှိတော့ပါဘူး။”
ဧကရာဇ် ဝမ်ယွင်က မေးလိုက်သည်။ “ဘယ်သူက ပြောတာလဲ။ ဟေးပင်းထိုင်တောင်မှ စာချွန်လွှာ မရသေးဘူးလေ။”
ယွင်ကျုံးဟဲ့က ပြန်ဖြေလိုက်၏။ “မြို့တော်က အောက်အိမ်တော်တောင် မီးရှို့ခံရသေးတာပဲ။ ကျုပ်ရဲ့ ကျန်းကျိုးမြို့က နုလန်ဟောက် အိမ်တော်ကိုရော သူတို့ ချမ်းသာပေးပါ့မလား။”
ဧကရာဇ်က ပြောလိုက်သည်။ “အဲဒါဆိုရင် ကိုယ်တော်က ငွေထုတ်ပေးပြီး ခင်ဗျားတို့အတွက် နုလန်ဟောက် အိမ်တော် အသစ်တစ်ခု ပြန်ဆောက်ပေးမယ်။ အခုထက် ပိုကြီးပြီး ပိုခမ်းနားတဲ့ အိမ်တော်ကို ဆောက်ပေးမယ်။”
ယွင်ကျုံးဟဲ့က ဦးညွတ်၍ ပြန်ပြောလိုက်၏။ “အရှင်မင်းမြတ်... ကျုပ်ဟာ ငယ်ရွယ်သေးလို့ မြို့တော်မှာပဲ ဆက်နေပြီး အရှင်မင်းမြတ်နဲ့ အင်ပါယာအတွက် အလုပ်အကျွေး ပြုချင်ပါသေးတယ်။”
ဧကရာဇ် မျက်လုံးများကို မှေးလိုက်သည်။ ‘အောက်ယွီက ငြင်းပယ်လိုက်တာပဲ။’
ထို့နောက် သူက အောက်ယွီကို အတန်ကြာ စိုက်ကြည့်နေပြီးနောက် လက်ဝှေ့ယမ်းပြကာ ပြောလိုက်၏။ “ခင်ဗျား သွားတော့။”
သူ ယခုချိန်တွင် အလွန် ဒေါသထွက်နေသော်လည်း အပြင်ပန်းတွင်မူ လုံးဝ မပြသခဲ့ချေ။
ဧကရာဇ်၏ အမြင်တွင် သူသည် အောက်ယွီကို ဤတိုက်ပွဲမှ လွတ်မြောက်နိုင်ရန် အခွင့်အရေး တစ်ခု ပေးလိုက်ခြင်းပင် ဖြစ်သည်။
‘အောက်ယွီ... ခင်ဗျားက အခြေအနေကို နားမလည်ဘူးဆိုရင်လည်း ဒီမှာပဲ ဆက်နေလိုက်တော့ပေါ့။’
………………..