← Chapters

အခန်း ၄၁၂

Vol. 35 Ch. 412

အခန်း ၄၁၂

Vol. 35 Ch. 412

အပိုင်း (၄၁၂)

ဧကရာဇ်ဟောင်းသည် နတ်ဘုရားတစ်ပါးကဲ့သို့ ဖြစ်နေပြီဆိုသည်ကို လက်ခံရန် ငြင်းဆန်၍ မရနိုင်တော့ပေ။ အထူးသဖြင့် ယခုတစ်ကြိမ် လန်ကျိုးပင်လယ်ပြင်တွင် ဖြစ်ပွားခဲ့သော ငလျင်ဘေးအန္တရာယ်ကြီး အပြီးတွင်မူ ထိုအရာကို အသိအမှတ် မပြုဘဲ နေ၍ မရတော့ချေ။

နက္ခတ်တာရာရုံးက ဤငလျင်ကို ကြိုတင်ခန့်မှန်းနိုင်ခြင်း မရှိခဲ့သလို၊ ထျန်းကျီအဖွဲ့မှ ဆရာကြီး တုန်းဖန်ရှု ကလည်း ကြိုတင်မသိနိုင်ကြောင်း ပြောခဲ့ဖူးသည်။

သို့ပေမည့် ယခုအခါတွင်မူ အောက်ယွီက ဤဘေးအန္တရာယ်ကို သူကိုယ်တိုင် ခန့်မှန်းခဲ့ခြင်း မဟုတ်ဘဲ ဧကရာဇ်ဟောင်းက ကြိုတင်မိန့်ကြားခဲ့ခြင်းဖြစ်ကြောင်း ဗြောင်ကျကျ ပြောဆိုလိုက်ပြီ ဖြစ်သည်။ ထိုသို့ဆိုလျှင် ဧကရာဇ်ဟောင်းသည် နတ်ဘုရားတစ်ပါး မဟုတ်ပါက ဘာဖြစ်မည်နည်း။

ဧကရာဇ်ဟောင်းသည် နတ်ဘုရားတစ်ပါး ဖြစ်နေပြီဆိုလျှင် အခြားသူများကို အိပ်မက်မပေးဘဲ အဘယ်ကြောင့် အောက်ယွီကိုမှ ရွေးချယ်၍ အိပ်မက်ပေးခဲ့ရသနည်း။ ဤသည်မှာ မလွဲဧကန် ရေစက်ကြောင့်ပင် ဖြစ်ပေလိမ့်မည်။

ဤသို့သော အခြေအနေအောက်တွင် အနာဂတ်၌ အောက်ယွီသည် ဧကရာဇ်ဟောင်း၏ နိုင်ငံရေးကိုယ်စားလှယ် တစ်ဦး ဖြစ်လာတော့မည်မှာ သေချာသလောက်ပင် ရှိနေသည်။

ဧကရာဇ်ဟောင်းကိုယ်တိုင် မိန့်ကြားရန် ခက်ခဲလှသော စကားများကို အောက်ယွီအား အိပ်မက်ပေး၍ ပြောဆိုခိုင်းခြင်းဖြင့် ၎င်းသည် အလွန်ပင် ထိရောက်သော လက်နက်တစ်ခု ဖြစ်လာပေတော့မည်။

ဤနည်းဗျူဟာမှာ တရုတ်သမိုင်းရှိ ထင်ရှားသော ဥပမာတစ်ခုနှင့် အလားသဏ္ဌာန် တူနေသည်။ ထိုက်ဖျင် ကောင်းကင်နိုင်ငံတော်တွင် ဟုန်ရှို့ချွမ်က မိမိကိုယ်မိမိ ကောင်းကင်ဘုံ၏ သားတော်နှင့် ယေရှု၏ ညီတော်ဟု ကြေညာခဲ့သည်။

ထိုအခါ အရှေ့ဘုရင် ယန်ရှို့ချင့်ကလည်း သူ့ထံသို့ ကောင်းကင်ဘုံမှ ခမည်းတော် အိပ်မက်လာပေးသည်ဟု ဆိုကာ၊ ခမည်းတော် ဝင်ပူးသကဲ့သို့ ဟန်ဆောင်လျက် ဟုန်ရှို့ချွမ်... ကောင်းကင်ဘုံက ခမည်းတော်ရဲ့ အမိန့်တော်ကို နာခံပါ ဟု မကြာခဏ ပြောခဲ့ဖူးသည့် သဘောမျိုးပင် ဖြစ်၏။

ယန်ရှို့ချင့်သည် သူ၏ ပါရမီစွမ်းအားကြောင့် ဟုန်ရှို့ချွမ်၏ အထက်သို့ ရောက်ရှိကာ အာဏာကို ချုပ်ကိုင်နိုင် ခဲ့သည်မှာ အမှန်ပင် ဖြစ်သော်လည်း၊ ဤကဲ့သို့ ခမည်းတော် ဝင်ပူးခြင်း ဟူသော နည်းလမ်းကို အသုံးချခဲ့ခြင်းမှာလည်း အဓိက အကြောင်းရင်းတစ်ရပ် ဖြစ်ခဲ့သည်။

ထိုနည်းလမ်းဖြင့်ပင် ယန်ရှို့ချင့်သည် ဟုန်ရှို့ချွမ်ကို အချိန်အတော်ကြာအောင် ဖိနှိပ်ထားနိုင်ခဲ့ပြီး အာဏာကို တစ်ဦးတည်း လက်ဝါးကြီးအုပ်နိုင်ခဲ့ခြင်း ဖြစ်၏။

ယခု ယွင်ကျုံးဟဲ့က ဧကရာဇ်ဟောင်း အိပ်မက်ပေးသည်ဟုဆိုကာ လုပ်ဆောင်နေခြင်းမှာလည်း အဆိုပါ နည်းဗျူဟာအတိုင်းပင် ဖြစ်ပေတော့သည်။ ထို့ကြောင့် သူ၏ ဤလုပ်ရပ်မှာ အလွန် ရည်ရွယ်ချက် ဆိုးရွားလေသည်။

ညီလာခံရှိ အမတ် အများစုက ချက်ချင်း သဘောမပေါက်နိုင်သော်လည်း အထက်တန်း အမတ်ကြီးများကမူ သဘောပေါက်သွားကြပြီးကြက်သီးမွေးညင်းများ ထသွားကြတော့၏။

‘ဒီ... ဒီ အောက်ယွီက ဒီလောက်တောင် ရည်မှန်းချက်ကြီးမားတာလား။ သူ... သူ ဘာလုပ်ချင်နေတာလဲ။’

အမှန်တကယ်ပင် အောက်ယွီ၏ စကားကို မည်သူကမှ အလွယ်တကူ ငြင်းဆိုနိုင်စွမ်း မရှိကြချေ။

သူက သူ အောက်ယွီတွင် ဤကဲ့သို့ ခန့်မှန်းနိုင်သည့် အရည်အချင်းမျိုး မရှိဘူးဆိုတာ ဝန်ခံထားသည်။ သို့ပေမည့် တစ်လကြိုတင်ပြီး ငလျင်နဲ့ ဆူနာမီကို သိနိုင်ခြင်းမှာ ဧကရာဇ်ဟောင်း၏ အစွမ်းကြောင့် ဖြစ်သည်ဟု ဆိုလာလျှင် မည်သူက ကန့်ကွက်ရဲပါမည်နည်း။

ဧကရာဇ်ဟောင်း တရားကျင့်ကြံနေသည်မှာ ရှစ်နှစ်ပင် ရှိပြီဖြစ်ရာ ထူးခြားသော အောင်မြင်မှုများ ရရှိနေပြီ ဆိုသည်ကို မည်သူကမှ မငြင်းရဲကြပေ။

သူ့ကို အိပ်မက်ပေးသည် ဆိုသည့် အချက်ကိုလည်း မည်သူက သက်သေပြ၍ ငြင်းဆိုနိုင်ပါမည်နည်း။ မယုံကြည်ပါက ဧကရာဇ်ဟောင်းထံ သွားရောက်မေးမြန်းရန် ဆိုသည်မှာလည်း မည်သည့် အမတ်မှ မလုပ်ရဲသော အရာဖြစ်သည်။

အကယ်၍ သွားရောက်မေးမြန်းခဲ့သည် ဆိုလျှင်တောင်မှ ဧကရာဇ်ဟောင်းကိုယ်တိုင်က ဟုတ်မှန်သည် ဟုသာ ဖြေဆိုပေလိမ့်မည်။

အကြောင်းမှာ ဧကရာဇ်ဟောင်းသည် သူ၏ တစ်သက်တာ တည်ဆောက်ခဲ့သော ဂုဏ်သတင်းကိုပင် ရင်းနှီး မြှုပ်နှံ၍ အောက်ယွီနှင့်အတူ ဤကိစ္စကို ရင်ဆိုင်ဖြတ်သန်းမည်ဟု ပြတ်ပြတ်သားသား ဆုံးဖြတ်ထားပြီး ဖြစ်သောကြောင့်ပင်။

ထိုကဲ့သို့သော နိုင်ငံရေးအရ အပေးအယူမျှမှုနှင့် နားလည်မှုရှိမှုကို မည်သူကမှ လျှော့တွက်၍ မရနိုင်တော့ချေ။

“အရှင်မင်းမြတ်... ကျုပ်ဟာ အသိပညာ မရှိပါဘူး။ ကြီးမားတဲ့ ငလျင်နဲ့ ဆူနာမီကို ကြိုတင် ခန့်မှန်းဖို့ လုံးဝ မဖြစ်နိုင်ပါဘူး။ ဒါကြောင့် ဘာအကျိုးဆောင်မှုမှ မရှိပါဘူး။ ဒီအရာတွေ အားလုံးက ဧကရာဇ်ဟောင်းရဲ့ ကျေးဇူးတော်တွေချည်းပါပဲ။” ယွင်ကျုံးဟဲ့က အသံကျယ်ကျယ်ဖြင့် အော်ဟစ်လိုက်၏။

ထို့နောက် သူသည် ရှန်ချင်းနန်းဆောင် ရှိရာသို့ လှည့်ကာ ဒူးထောက်၍ ပြောလိုက်သည်။ “ဧကရာဇ်ဟောင်း... အဆုံးအစမရှိတဲ့ စွမ်းအားတွေ ရှိပြီး အဆုံးအစ မရှိတဲ့ကုသိုလ်တွေ ရရှိကာ သက်တော်ရာကျော် ရှည်ပါစေ။”

‘ကောင်းကင်ဘုံ...’

ညီလာခံ တစ်ခုလုံး၏ အခြေအနေကို ယွင်ကျုံးဟဲ့က လွှမ်းမိုးသွားတော့၏။

ထို့ကြောင့် ဧကရာဇ် ဝမ်ယွင်သည် ဘုရင်ထိုင်ခုံပေါ်မှ ဆင်းလာပြီး ရှန်ချင်းနန်းဆောင် ရှိရာသို့ လှည့်ကာ ဒူးထောက်၍ ပြောလိုက်သည်။ “ဧကရာဇ်ဟောင်း... အဆုံးအစမရှိတဲ့ စွမ်းအားတွေ ရှိပြီး အဆုံးအစ မရှိတဲ့ကုသိုလ်တွေ ရရှိကာ သက်တော်ရာကျော် ရှည်ပါစေ။”

ညီလာခံရှိ အမတ်များ အားလုံးသည်လည်း ရှန်ချင်းနန်းဆောင် ရှိရာသို့ သုံးကြိမ် ဒူးထောက်ကိုးကြိမ် ဦးညွတ်လျက် ပြောလိုက်ကြ၏။ “ဧကရာဇ်ဟောင်း... အဆုံးအစမရှိတဲ့ စွမ်းအားတွေ ရှိပြီး အဆုံးအစမရှိတဲ့ ကုသိုလ်တွေ ရရှိကာ သက်တော်ရာကျော် ရှည်ပါစေ။”

ယွင်ကျုံးဟဲ့ သည် ဧကရာဇ်ကို နောက်တစ်ကြိမ် ဦးညွတ်ကာ လျှောက်တင်လိုက်သည်။ “အရှင်မင်းမြတ်... ဒီကျောင်းသားဟာ ဧကရာဇ်ဟောင်းရဲ့ အိပ်မက်ပေးခြင်းကို ခံရပြီးကြီးမားတဲ့ ငလျင်နဲ့ ဆူနာမီကို တစ်လ ကြိုတင်ပြီး သတိပေးနိုင်ခဲ့လို့ လန်ကျိုးက ပြည်သူသန်းချီကို ကယ်တင်နိုင်ခဲ့တာပါ။ ဒါကြောင့် ကျောင်းသား အနေနဲ့ ရှန်ချင်းနန်းဆောင်ကို သွားပြီး ဧကရာဇ်ဟောင်းကို အရိုအသေပေးခွင့် ပြုဖို့ တောင်းဆိုချင်ပါတယ်။”

ဤသည်မှာလည်း အလွန် ရည်ရွယ်ချက် ဆိုးရွားသော စကားတစ်ခွန်းပင် ဖြစ်၏။

မှန်ပေသည်။ အောက်ယွီအနေဖြင့် ရှန်ချင်းနန်းဆောင်သို့ သွားရောက်လိုသည်ကို မည်သူကမှ တားဆီးနိုင်စွမ်း မရှိတော့ချေ။ အဘယ်ကြောင့်ဆိုသော် သူသည် ယခုအခါတွင် ဧကရာဇ်ဟောင်း၏ ကိုယ်စားလှယ်တစ်ဦးကဲ့သို့ ဖြစ်နေပြီဖြစ်သောကြောင့်ပင်။

သူက လူတိုင်းအား ယခုတစ်ကြိမ်တွင် ဧကရာဇ်ဟောင်းသည် သူ၏ ထူးကဲသော အစွမ်းသတ္တိများဖြင့် ပြည်သူသန်းပေါင်းများစွာကို ဘေးအန္တရာယ်မှ ကယ်တင်နိုင်ခဲ့ပြီဖြစ်သောကြောင့် အားလုံးက ကျေးဇူးတင်သောအားဖြင့် သွားရောက် အရိုအသေပေးအပ်သင့်သည်ဟု ပြောနေခြင်းမှာ အလွန်ပင် ခိုင်လုံသော အကြောင်းပြချက် ဖြစ်နေသည်။

ဤသည်မှာ နိုင်ငံရေးအရ အလွန်ပါးနပ်သော ရွှေ့ကွက်တစ်ခုပင် ဖြစ်၏။ လူအုပ်ကြီးက ၎င်းတို့၏ အမှားအတွက် အောက်ယွီအား ဝန်ချတောင်းပန်ရန် ခက်ခဲနေသော်လည်း၊ ကယ်တင်ရှင် ဖြစ်သွားသော ဧကရာဇ်ဟောင်းကို သွားရောက် အရိုအသေပေးရမည်ဆိုသော ကိစ္စတွင်မူ ငြင်းဆန်ရန် အကြောင်း မရှိတော့ပေ။

ဤနည်းဖြင့် အောက်ယွီသည် သူသွားလိုသော လမ်းကြောင်းကို ဧကရာဇ်ဟောင်း၏ ဘုန်းတန်ခိုးကို အကာအကွယ်ယူကာ အောင်မြင်စွာ ဖောက်လုပ်လိုက်ခြင်းပင် ဖြစ်တော့သည်။

ဧကရာဇ် ဝမ်ယွင်က ပြောလိုက်၏။ “သွားသင့်တာပေါ့... သွားသင့်တာပေါ့။ ခင်ဗျား တစ်ယောက်တည်း သွားသင့်တာ မဟုတ်ဘူး၊ ညီလာခံက အမတ်တွေ အားလုံး သွားသင့်တယ်။”

ထို့နောက် ဧကရာဇ် ဝမ်ယွင်က အမိန့်ပေးလိုက်သည်။ “ညီလာခံက အမတ်တွေအားလုံး... ရေချိုးသန့်စင်၊ နံ့သာရည်တွေ လိမ်းကျံပြီး မနက်ဖြန် မနက်စောစော ကိုယ်တော်နဲ့အတူ ရှန်ချင်းနန်းဆောင်ကို သွားပြီး ဧကရာဇ်ဟောင်းကို အရိုအသေပေးရမယ်။”

ညီလာခံရှိ အမတ်များ အားလုံး ဒူးထောက်ကာ ဦးညွတ်လျက် လျှောက်တင်လိုက်ကြ၏။ “အမိန့်တော်အတိုင်းပါ။”

…………………..

ညီလာခံ ပြီးဆုံးသွားပြီးနောက် တော်ဝင်တရားရုံး အကြီးအကဲ စုချင်ဝမ် သည် သူ၏ အိမ်တော်သို့ ပြန်လာပြီး ယနေ့ ဖြစ်ပျက်ခဲ့သမျှ အရာအားလုံးကို အောက်မင် နှင့် တွမ်ယင်းယင်း တို့အား ပြောပြလိုက်သည်။

အောက်မင် သည် အသက်ကို ပြင်းပြင်း ရှူသွင်းလိုက်ပြီး တွမ်ယင်းယင်းနှင့် အံ့ဩတုန်လှုပ်သော အကြည့်ချင်း ဖလှယ်လိုက်ကြ၏။

‘အောက်ယွီရဲ့ ဒီလှည့်ကွက်က တကယ်ကို အစွမ်းထက်တယ်၊ ရက်စက်တယ်၊ ရည်ရွယ်ချက် ဆိုးရွားတယ်။ သူ့မှာ ဘာအကျိုးဆောင်မှုမှ မရှိဘူးလို့ ပြောပြီး အကျိုးဆောင်မှုတွေ အားလုံးကို ဧကရာဇ်ဟောင်းဆီ ပုံချလိုက်ကာ ဧကရာဇ်ဟောင်းကို လုံးဝ နတ်ဘုရား အဖြစ် ဖန်တီးလိုက်တယ်။

အောက်ရှင်းက နုလန်ဟောက် ရာထူးကို လက်မခံဘူး။ မနက်ဖြန် ဧကရာဇ်မင်းမြတ်က တကယ်ပဲ ညီလာခံရှိ အမတ်များ အားလုံးကို ခေါ်ဆောင်ပြီး ဧကရာဇ်ဟောင်းကို အရိုအသေပေးဖို့ သွားခဲ့ရင် ဧကရာဇ်ဟောင်းက ဒီကိစ္စကို လက်ခံလိုက်တယ်ဆိုတဲ့ သဘောပဲ။ အဲဒီလိုဆိုရင် အောက်ယွီဟာ ဧကရာဇ်ဟောင်း အိပ်မက်ပေးတဲ့သူ ဖြစ်သွားပြီဆိုတဲ့ အဓိပ္ပာယ်ပဲ။ ဒါ... ဒါ ဘယ်လောက်တောင် ကြောက်စရာ ကောင်းလိုက်လဲ။’

အောက်မင်၏ ခွဲခြမ်းစိတ်ဖြာမှုမှာ အလွန်ပင် တိကျလှပေသည်။ ဧကရာဇ်ဟောင်း၊ အောက်ယွီနှင့် ကျိုးလီတို့ ပေါင်းစည်းထားသည့် သံတြိဂံအဖွဲ့သည် စတင်ပုံပေါ်လာရုံမျှမက ယနေ့တွင် အောက်ယွီက ထိုအစီအစဉ်ကို အရှိန်အဟုန်ပြင်းစွာဖြင့် လက်တွေ့အကောင်အထည်ဖော်လိုက်ပြီ ဖြစ်သည်။

ဤဗျူဟာ၏ အထိရောက်ဆုံးအချက်မှာ ၎င်းသည် လျှို့ဝှက်ကြံစည်မှု မဟုတ်ဘဲ အားလုံး၏ ရှေ့မှောက်တွင် ဗြောင်ကျကျ လုပ်ဆောင်လိုက်သည့် ပွင့်လင်းသော အကြံအစည် ဖြစ်နေခြင်းပင်။

လန်ကျိုးသတင်းများက အောက်ယွီနှင့် ကျိုးလီတို့၏ မှန်ကန်မှုကို သက်သေပြနေသလို၊ ဧကရာဇ်ဟောင်း၏ အိပ်မက် ကလည်း ဘာသာရေးနှင့် နတ်ဘုရားအယောင်ဆောင်မှုဖြင့် လူထု၏ ယုံကြည်မှုကို ဖမ်းစားထားပြီး ဖြစ်သည်။

ထို့ကြောင့် ပြိုင်ဘက်များအနေဖြင့် ၎င်းတို့နောက်ကွယ်တွင် ဘာရည်ရွယ်ချက်ရှိသည်ကို သိနေပါစေဦးတော့၊ လက်တွေ့တွင်မူ မည်သို့မျှ ဝင်ရောက်တားဆီး၍ မရနိုင်သော အခြေအနေသို့ ရောက်ရှိသွားခြင်း ဖြစ်၏။

ဤအာဏာသံတြိဂံသည် တောင်ပိုင်းကျိုးအင်ပါယာ၏ နိုင်ငံရေးအခင်းအကျင်းကို လုံးဝ ပြောင်းလဲပစ်တော့မည်မှာ သေချာလို့နေသည်။

တွမ်ယင်းယင်းက ပြောလိုက်၏။ “အစီအစဉ်တွေကို မြန်မြန် လုပ်ရလိမ့်မယ်။ အမြန်ဆုံး အကောင်အထည်ဖော် ရမယ်။ အောက်ယွီကို ချက်ချင်း ဖျက်ဆီးပစ်ရမယ်။ မဟုတ်ရင် ကျွန်မတို့ သေချာပေါက် သေသွားလိမ့်မယ်။”

တော်ဝင်တရားရုံး အကြီးအကဲ စုချင်ဝမ်က ပြောလိုက်သည်။ “အောက်မင်... ခင်ဗျားက ဉာဏ်ကောင်းတယ်။ လက်ရှိ အခြေအနေအရ အောက်ယွီကို ဥပဒေနဲ့အညီ ဘယ်လို ဖယ်ရှားပစ်နိုင်မလဲ။”

အောက်မင်သည် မျက်လုံးများကို မှိတ်ကာ စဉ်းစားခန်း ဝင်သွားသည်။ အချိန်အတော်ကြာပြီးမှသာ အောက်မင်က ပြောလိုက်၏။ “အောက်ယွီက ဧကရာဇ်ဟောင်းကို အသုံးချပြီး ဘာသာရေး အာဏာကို အသုံးချခဲ့တယ်။ ဒါကြောင့် ကျုပ်တို့ကလည်း ဘာသာရေး အာဏာကို စော်ကားတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ သူ့ကို ဖယ်ရှားပစ်ရမယ်။”

“အစီအစဉ်ကို ပွင့်ပွင့်လင်းလင်း ပြောပါအုံး။” စုချင်ဝမ်က ပြောလိုက်သည်။

အောက်မင်က စားပွဲကို လက်ချောင်းဖြင့် ခေါက်ကာ ပြောလိုက်၏။ “ကျုပ်မှာ အစီအစဉ် တစ်ခု ရှိပါတယ်။ ဒါပေမဲ့ လူအများကြီးရဲ့ ပူးပေါင်းဆောင်ရွက်မှု လိုအပ်ပါတယ်။ ဧကရာဇ်မင်းမြတ်လည်း ပါဝင်ဖို့ လိုအပ်ကောင်း လိုအပ်ပါလိမ့်မယ်။”

စုချင်ဝမ်က ပြောလိုက်သည်။ “ပြော။”

...........................

နောက်တစ်နေ့တွင် ဧကရာဇ် ဝမ်ယွင်သည် ရေချိုးသန့်စင်၊ နံ့သာရည်များ လိမ်းကျံပြီးနောက် ညီလာခံရှိ အမတ်များ အားလုံးကို ခေါ်ဆောင်ကာ ခမ်းနားကြီးကျယ်စွာဖြင့် ရှန်ချင်းနန်းဆောင်သို့ သွားရောက်ပြီး ဧကရာဇ်ဟောင်းကို အရိုအသေပေးကြတော့၏။

ဧကရာဇ်ဟောင်းသည် သူ၏ စွမ်းအားများကို အနစ်နာခံကာ ကောင်းကင်ဘုံ၏ လျှို့ဝှက်ချက်များကို ဖွင့်ဟပြီး ကြိုတင် သတိပေးခဲ့သောကြောင့် လန်ကျိုး၏ ပြည်သူ သန်းချီကို ကယ်တင်နိုင်ခဲ့ကြောင်း ကျေးဇူးတင်စကား ဆိုကြသည်။

ဤသတင်း ထွက်ပေါ်လာပြီးနောက် မြို့တော်ရှိ ပြည်သူ သန်းချီသည်လည်း ချက်ချင်း နားလည်သဘောပေါက် သွားကြတော့၏။

‘ဩော်... ကြီးမားတဲ့ ငလျင်နဲ့ ဆူနာမီကို တစ်လကြိုတင်ပြီး သတိပေးခဲ့တာက အောက်ယွီ မဟုတ်ဘဲ ဧကရာဇ်ဟောင်းကိုး။ ဒါဆိုရင်တော့ ဖြစ်နိုင်တာပေါ့။ ဒါဆိုရင်တော့ ရှင်းပြလို့ ရသွားပြီ။’

‘အောက်ယွီမှာ ဘာစွမ်းရည် ရှိလို့လဲ။ သူကကောင်းကင်ဘုံရဲ့ လျှို့ဝှက်ချက်ကို ဘယ်လိုလုပ်ပြီး သိနိုင်မှာလဲ။ အဓိပ္ပာယ် မရှိတာ။’

‘ဒါပေမဲ့ ဧကရာဇ်ဟောင်းကတော့ လုံးဝ ဖြစ်နိုင်တာပေါ့။ သူက တောင်ပိုင်းကျိုးအင်ပါယာရဲ့ သမိုင်းတစ်လျှောက် အတော်ဆုံး ဧကရာဇ် ဖြစ်ရုံသာမက တရားကျင့်ကြံလာတာ ရှစ်နှစ်တောင် ရှိပြီဆိုတော့ သေချာပေါက် နတ်ဘုရားတို့ရဲ့ အစွမ်းတွေ ရှိနေမှာပေါ့။’

ချက်ချင်းပဲ မြို့တော်ရှိ ပြည်သူသန်းချီသည် ရှန်ချင်းနန်းဆောင် ရှိရာသို့ ဒူးထောက်ကာ ဧကရာဇ်ဟောင်းကို အရိုအသေပေးကြတော့၏။

“ဧကရာဇ်ဟောင်း... အဆုံးအစ မရှိတဲ့ ကုသိုလ်တွေ ရရှိပြီး သက်တော်ရာကျော် ရှည်ပါစေ။”

“ဧကရာဇ်ဟောင်း... အဆုံးအစမရှိတဲ့ စွမ်းအားတွေ ရှိပြီး အခုချိန်ကစပြီး ကျုပ်တို့ တောင်ပိုင်းကျိုးအင်ပါယာကို ကာကွယ်ပေးနိုင်ပါစေ။”

ဤသည်မှာ တကယ်ကို အကူအညီမဲ့စရာ ကောင်းသော ကိစ္စရပ်တစ်ခု ပင် ဖြစ်သည်။ အောက်ယွီက ကြီးမားသော ငလျင်ကို ကြိုတင် ခန့်မှန်းနိုင်ခဲ့သည်ဟု ပြောလိုက်ချိန်မှာတော့ လူတိုင်းက တိတ်ဆိတ် သွားကြပြီး အမှားကို ဝန်ခံရန် မပြောနှင့် တောင်းပန်စကား တစ်ခွန်းပင် မပြောခဲ့ကြချေ။

ဧကရာဇ်ဟောင်း၏ အစွမ်းများဟု ပြောလိုက်ချိန်မှာတော့မှသာ လူတိုင်းက ဒူးထောက်၍ အရိုအသေပေး ကြတော့၏။

ဤသည်မှာ တကယ့်ကို ကျင့်ဝတ်နှင့် မညီသည့်နေရာ ဆိုသည့် စကားလိုပင်ဖြစ်သည်။ ပိုပြီး ရိုးရှင်းအောင် ပြောရလျှင် ကိုယ်နှင့်မတန်သည့် အဝတ်ကို မဝတ်သင့်ဘူး ဆိုသည့် သဘောမျိုးပင် ဖြစ်သည်။

အဆင့်အတန်းနှင့် နာမည်ဂုဏ်သတင်း မပြည့်မီဘူးဆိုရင် ဘယ်လောက်ပဲ ကြီးမားသည့် အကျိုးဆောင်မှု ရှိရှိ အလကားပင်ဖြစ်၏။

........................

All Chapters