အခန်း ၄၁၃
Vol. 35 Ch. 413
အပိုင်း (၄၁၃)
ရှန်ချင်းနန်းဆောင်၏ အပြင်ဘက်တွင် ဧကရာဇ် ဝမ်ယွင် သည် ညီလာခံရှိ အမတ်များကို ခေါ်ဆောင်ကာ နန်းတော်တံခါးဘက်သို့ ဒူးထောက်၍ ပြောလိုက်သည်။ “ဧကရာဇ်ဟောင်း... အဆုံးအစ မရှိတဲ့ စွမ်းအားတွေ ရှိပြီး အဆုံးအစ မရှိတဲ့ကုသိုလ်တွေ ရရှိကာ သက်တော်ရာကျော် ရှည်ပါစေ။”
“ဧကရာဇ်ဟောင်း... အဆုံးအစမရှိတဲ့ စွမ်းအားတွေ ရှိပြီး အဆုံးအစမရှိတဲ့ ကုသိုလ်တွေ ရရှိကာ သက်တော်ရာကျော် ရှည်ပါစေ။”
ညီလာခံရှိ အမတ်များနှင့် မှူးမတ်များ အားလုံး စုစုပေါင်း လူတစ်ထောင်ကျော်ခန့်သည် ဧကရာဇ်ဟောင်းကို အရိုအသေပေးကြတော့၏။
ထို့နောက် လူတိုင်းသည် ရှန်ချင်းနန်းဆောင်၏ တံခါးကြီး ပွင့်လာမည်လား၊ ဧကရာဇ်ဟောင်းထံမှ အမိန့်တော် ထွက်ပေါ်လာမည်လား ဆိုသည်ကို မျှော်လင့်တကြီး စောင့်ကြည့်နေကြသည်။
ဧကရာဇ် ဝမ်ယွင်သည် နန်းတော်တံခါး အရှေ့တွင် ဒူးထောက်ကာ နောက်တစ်ကြိမ် ဦးညွတ်လျက် ပြောလိုက်၏။ “ခမည်းတော်... အဆုံးအစ မရှိတဲ့ စွမ်းအားတွေ ရှိပြီး အဆုံးအစမရှိတဲ့ ကုသိုလ်တွေ ရရှိကာ သက်တော်ရာကျော် ရှည်ပါစေ။”
အမတ်များနှင့် မှူးမတ်များ အားလုံးကလည်း လိုက်ပါ၍ ဒူးထောက်ကာ ဦးညွတ်ကြသည်။
သို့ပေမည့် ရှန်ချင်းနန်းဆောင် အတွင်း၌ မည်သည့် တုံ့ပြန်မှုမှ မရှိချေ။ နန်းတော်တံခါး ပွင့်မလာသလို ဧကရာဇ်ဟောင်းထံမှ မည်သည့် တုံ့ပြန်မှုမှလည်း မရှိချေ။
လူအချို့ကမူ စိတ်ထဲတွင် သက်ပြင်းချနိုင်သွားကြသည်။ ဧကရာဇ်ဟောင်း တုံ့ပြန်မှု မပေးခြင်းက သူသည် နတ်စင်ပေါ်မှ ဆင်းလာပြီး နိုင်ငံရေးအာဏာကို ပြန်လည် ချုပ်ကိုင်ရန် ရည်ရွယ်ချက် မရှိကြောင်းကို ပြသနေခြင်းပင် ဖြစ်သည်။
သို့ပေမည့် လူအချို့၏ စိတ်ထဲတွင်မူ ပို၍ စိုးရိမ်လာကြသည်။ ဧကရာဇ်ဟောင်းက ဤမျှလောက် လျှို့ဝှက်ဆန်းကြယ်စွာ နေထိုင်ခြင်းက အောက်ယွီ၏ အိပ်မက်ပေးခြင်းကိစ္စကို သွယ်ဝိုက်၍ ဝန်ခံလိုက်ခြင်းပင် ဖြစ်၏။
ထို့အပြင် သူ၏ နတ်ဘုရား ပုံရိပ်ကို ထိန်းသိမ်းထားရန်အတွက် မည်သည့် တုံ့ပြန်မှုမှ မပေးခြင်း ဖြစ်သည်။
‘သူရဲကောင်းတွေဟာ ကိစ္စပြီးတာနဲ့ ကိုယ့်နာမည်ကို ဖုံးကွယ်ပြီး ထွက်သွားတတ်ကြတယ်ဆိုတာ အားလုံး သိကြပါတယ်။ ဧကရာဇ်ဟောင်း ဆိုရင် ပိုဆိုးတာပေါ့။ သူ့ရဲ့ အဆုံးအစမရှိတဲ့ ဂုဏ်သိက္ခာကို သေချာပေါက် ထိန်းသိမ်းထားရမှာပေါ့။’
ဧကရာဇ် ဝမ်ယွင်သည် ရှန်ချင်းနန်းဆောင် တံခါးရှေ့တွင် တစ်နာရီတိတိ ဒူးထောက်နေခဲ့သော်လည်း တံခါးကြီး ပွင့်မလာသလို ဧကရာဇ်ဟောင်း ထံမှလည်း မည်သည့် အမိန့်တော်မှ ထွက်ပေါ်မလာခဲ့ချေ။
ဤမြင့်မားသော ဟန်ပန်က အလွန် ရှင်းလင်းသည်။ ဧကရာဇ်ဟောင်းသည် လုံးဝ ပြန်လည် ဦးဆောင်လာမည့် ရည်ရွယ်ချက် မရှိဘဲ နိုင်ငံရေးအာဏာ အားလုံးကို ဧကရာဇ်ထံ လွှဲပြောင်းပေးအပ်ထားပြီး မည်သည့် ဝင်ရောက် စွက်ဖက်မှုမှ ပြုလုပ်မည် မဟုတ်ကြောင်း ပြသနေခြင်း ဖြစ်သည်။
နောက်ဆုံးတွင် ဧကရာဇ် ဝမ်ယွင်သည် သုံးကြိမ် ဒူးထောက်၊ ကိုးကြိမ် ဦးညွတ်ပြီးနောက် ရှန်ချင်းနန်းဆောင်မှ ထွက်ခွာကာ နန်းတော် အတွင်းသို့ ပြန်လည် ဝင်ရောက်သွားတော့၏။
သူ အလွန် ဒေါသထွက်နေသည်။ အလွန်အမင်း ဒေါသထွက်လို့နေသည်။
အဘယ်ကြောင့်ဆိုသော် ယနေ့ သူသည်ကြီးမားသော ပြဇာတ်ကြီး တစ်ခုကို အတင်းအကျပ် ကပြခဲ့ရပြီး ဤကမ္ဘာလောကတွင် သူ့ကို အတင်းအကျပ် ဖိအားပေးနိုင်သူ ရှိနေသေးခြင်း ဖြစ်သောကြောင့်ပင်။
သို့ပေမည့် သူ မဖြစ်မနေ သရုပ်ဆောင်ရမည်သာ ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ဤသည်မှာ တရားမျှတမှု ဖြစ်ပြီး မိဘကျေးဇူး သိတတ်ခြင်း ဖြစ်နေသည်။
ထို့အပြင် ယနေ့ ဤပြဇာတ်ကြီး ပြီးဆုံးသွားပြီးနောက် ဧကရာဇ်ဟောင်း၏ ကိုယ်ပေါ်တွင် နောက်ထပ် ရွှေရောင် အလွှာတစ်ခု ထပ်မံ ဖုံးအုပ်ပေးလိုက်သကဲ့သို့ ဖြစ်သွားပြီး သူ ဧကရာဇ်၏ ခေါင်းပေါ်တွင် နောက်ထပ် တင်းကျပ်သော သရဖူ တစ်ခုကို ဆောင်းပေးလိုက်သကဲ့သို့ ဖြစ်သွား၏။
................
နောက်တစ်နေ့ ညီလာခံတွင် ဧကရာဇ် ဝမ်ယွင် သည် အောက်ရှင်းတို့ သားအဖကို နောက်တစ်ကြိမ် ခေါ်ယူတွေ့ဆုံခဲ့သည်။
“အောက်ယွီ... လန်ကျိုး ပင်လယ်ပြင်မှာ ကြီးမားတဲ့ ငလျင်နဲ့ ဆူနာမီကို ကြိုတင် ခန့်မှန်းနိုင်ခဲ့တာက ဧကရာဇ်ဟောင်းရဲ့ အဆုံးအစမရှိတဲ့ ကုသိုလ်တွေ ဖြစ်ပေမယ့် ခင်ဗျားမှာလည်း အကျိုးဆောင်မှုတွေ ရှိပါတယ်။ ကိုယ်တော် မဖြစ်မနေ ဆုချီးမြှင့်ရပါလိမ့်မယ်။ မဟုတ်ရင် လောကက လူတွေက ဘယ်လို ထင်ကြမလဲ။”
ဧကရာဇ် ဝမ်ယွင်က ပြောလိုက်၏။ “အောက်ရှင်း... အမိန့်တော်ကို ခံယူပါ။ ကိုယ်တော်က ခင်ဗျားကို နုလန်ဟောက် အဖြစ် ခန့်အပ်လိုက်တယ်။”
အောက်ရှင်း သည် နောက်တစ်ကြိမ် ဒူးထောက်ကာ ဦးညွတ်လျက် လျှောက်တင်လိုက်သည်။ “အကျိုးဆောင်မှု မရှိဘဲနဲ့ ဆုချီးမြှင့်တာကို ကျုပ် မခံယူဝံ့ပါဘူး။”
ဧကရာဇ်က ပြောလိုက်၏။ “အောက်ရှင်း... ရှေးခေတ် သူတော်စင် ဧကရာဇ်တွေတောင် သုံးကြိမ် ငြင်းပယ်ပြီးမှ လက်ခံတဲ့ ဓလေ့ ရှိတယ်။ ကိုယ်တော်က ခင်ဗျားကို ဖြည့်ဆည်းပေးပါ့မယ်။”
ဤစကားသည် အမှန်တကယ်ပင် အလွန်တရာ ကောက်ကျစ်ရက်စက်ပြီး ရည်ရွယ်ချက် ဆိုးရွားလှပေသည်။
သုံးကြိမ်ငြင်းပယ်ပြီးမှ လက်ခံခြင်း ဟူသော ဓလေ့သည် သမိုင်းကြောင်းအရ အလွန်လေးနက်ပြီး အန္တရာယ် များသော အဓိပ္ပာယ်ကို ဆောင်၏။
ရှေးဟောင်းသူတော်စင် ဧကရာဇ်များဖြစ်ကြသည့် ယောင်၊ ရွှန်းနှင့် ယွီတို့၏ ခေတ်ကာလတွင်မူ ဤသည်မှာ မြင့်မြတ်သော နန်းစွန့်ခြင်း ဓလေ့တစ်ခု ဖြစ်ခဲ့သော်လည်း၊ နောက်ပိုင်း သမိုင်းတစ်လျှောက်တွင်မူ ဤဓလေ့သည် ထီးနန်းလုယူခြင်း၏ အငွေ့အသက်များ ဖြစ်လာခဲ့သည်။
အာဏာရှိလှသော အမတ်ကြီးများ သို့မဟုတ် စစ်ဗိုလ်ချုပ်များသည် နန်းလုတော့မည်ဆိုလျှင် မိမိတို့တွင် အာဏာလုလိုစိတ် မရှိကြောင်း၊ ကိုယ်ကျင့်တရား မြင့်မားကြောင်း ဟန်ဆောင်သည့်အနေဖြင့် ထီးနန်းကို သုံးကြိမ်တိုင်တိုင် ငြင်းပယ်ပြလေ့ရှိကြ၏။
ထို့ကြောင့် အောက်ရှင်းကို ဤဓလေ့ဖြင့် ခိုင်းနှိုင်းပြောဆိုခြင်းမှာ နိုင်ငံတော်ပုန်ကန်မှုဖြင့် စွပ်စွဲခြင်း၊ အောက်ရှင်းတွင် ဧကရာဇ်ဖြစ်လိုသော ရည်မှန်းချက် ရှိနေသည်ဟု သွယ်ဝိုက်၍ အပြင်းထန်ဆုံး စွပ်စွဲလိုက်ခြင်း ဖြစ်သည်။
ထိုသို့ ပြောဆိုခြင်းသည် အောက်ရှင်းကို နိုင်ငံရေးအရ သေတွင်းထဲသို့ တွန်းပို့လိုက်ခြင်းသာ ဖြစ်ပြီး၊ ၎င်း၏ ရည်ရွယ်ချက်မှာ အလွန်ပင် ရက်စက်ယုတ်မာလွန်းလှ၏။
“အောက်ရှင်း...ခကိုယ်တော်က ခင်ဗျားကို နုလန်ဟောက် အဖြစ် ခန့်အပ်လိုက်တယ်။ အမိန့်တော်ကို ခံယူပါ။” ဧကရာဇ်က တတိယအကြိမ် အမိန့်ပေးလိုက်သည်။
အောက်ရှင်း သည် ဒေါသထွက်လွန်း၍ တစ်ကိုယ်လုံး တုန်ယင်နေပြီး နောက်ဆုံးတွင် ဆက်လက် သည်းမခံနိုင်တော့ဘဲ ပြင်းထန်စွာ ချောင်းဆိုးလာကာ သွေးတစ်လုတ်ကို တိုက်ရိုက် အန်ထုတ်လိုက်တော့၏။
‘ဧကရာဇ် ဝမ်ယွင်... ကျုပ် အောက်ရှင်းက ဧကရာဇ်ဟောင်း မြှောက်စားခဲ့တဲ့သူ ဖြစ်ပေမယ့် ခင်ဗျား နန်းတက်လာတဲ့ အချိန်မှာ ကျုပ် ဘယ်တုန်းကများ မောက်မာရိုင်းစိုင်းခဲ့ဖူးလို့လဲ။ နိုင်ငံရေးနဲ့ ပတ်သက်ပြီး ဘယ်တုန်းကများ မကျေမနပ် ဖြစ်ခဲ့ဖူးလို့လဲ။ ခင်ဗျားက ဘာဖြစ်လို့ ကျုပ်ကို ဒီလိုမျိုး စော်ကားရတာလဲ။’
“ကျုပ် မခံယူဝံ့ပါဘူး။ ကျုပ် ပြန်ခွင့်ပြုပါအုံး။” အောက်ရှင်း သည် သွေးနှစ်လုတ် အန်ပြီးနောက် လှည့်ထွက် သွားတော့၏။ ညီလာခံ အတွင်း၌ ဆက်လက် စော်ကားမခံလိုတော့ချေ။
ယွင်ကျုံးဟဲ့ သည် ဧကရာဇ်ကို ဦးညွတ်ကာ လျှောက်တင်လိုက်၏။ “အရှင်မင်းမြတ် ခွင့်လွှတ်တော်မူပါ။ ကျုပ်ရဲ့ ဖခင်ကို တွဲပြီး အိမ်ပြန်ပို့ဖို့ အရှင်မင်းမြတ် ခွင့်ပြုပေးတော်မူပါ။”
“သွားတော့။ မိဘကျေးဇူး သိတတ်တာ အရေးအကြီးဆုံးပဲလေ။”
ဧကရာဇ် ဝမ်ယွင်က နူးညံ့စွာ ပြောလိုက်သည်။ “ခင်ဗျား ဒီလောက်ထိ မိဘကျေးဇူး သိတတ်တာကို ကိုယ်တော်က ဝမ်းသာရုံပဲ ရှိပါတယ်။ ဘယ်လိုလုပ်ပြီး အပြစ်တင်နိုင်မှာလဲ။ ခင်ဗျား စိတ်ချပါ။ ခင်ဗျားရဲ့ အကျိုးဆောင်မှုတွေကို သေချာပေါက် ဆုချီးမြှင့်မှာပါ။”
ယွင်ကျုံးဟဲ့က နောက်တစ်ကြိမ် ဦးညွတ်ကာ လျှောက်တင်လိုက်၏။ “ကျောင်းသားကို ပြန်ခွင့်ပြုပါအုံး။”
ထို့နောက် ယွင်ကျုံးဟဲ့သည် အောက်ရှင်းကို တွဲကာ ညီလာခံခန်းမမှ ထွက်ခွာပြီး နန်းတော်မှ ထွက်ခွာသွား တော့သည်။
အောက်ရှင်း သားအဖ ထွက်ခွာသွားပြီးနောက် ညီလာခံ ဆက်လက်ကျင်းပနေဆဲ ဖြစ်၏။
ဧကရာဇ် ဝမ်ယွင်က ပြောလိုက်သည်။ “အောက်ယွီမှာ အကျိုးဆောင်မှုတွေ ရှိလို့ မဖြစ်မနေ ဆုချီးမြှင့်ရမယ်လေ။ အောက်ရှင်းကလည်း ဒီနုလန်ဟောက် ရာထူးကို လုံးဝ လက်မခံဘူး။ အမတ်ကြီးတွေ... ဘယ်လို လုပ်ရင်ကောင်းမလဲ။”
လူတိုင်း တိတ်ဆိတ်နေကြ၏။ အဘယ်ကြောင့်ဆိုသော် နောက်ဆက်တွဲ အနေဖြင့် အလွန် ရယ်စရာကောင်းသော ပြဇာတ်တစ်ခုကို သူတို့ မြင်တွေ့ရတော့မည် ဖြစ်သောကြောင့်ပင်။
အောက်ယွီ၏ အကျိုးဆောင်မှုများကို ချီးကျူးဂုဏ်ပြုမည် ဖြစ်သော်လည်း သူကိုယ်တိုင်က ထိုနေရာတွင် ရှိမနေသလို သူ့အတွက်လည်း လုံးဝ သက်ဆိုင်မှု မရှိချေ။
တော်ဝင်တရားရုံး အကြီးအကဲ စုချင်ဝမ် ထွက်လာပြီး ပြောလိုက်၏။ “အရှင်မင်းမြတ်... ကျုပ်မှာ နည်းလမ်း တစ်ခု ရှိပါတယ်။”
ဧကရာဇ် ဝမ်ယွင်က ပြောလိုက်သည်။ “ဘထွေးတော်... ပြောပါ။”
စုချင်ဝမ်က ပြောလိုက်၏။ “အောက်ရှင်းက နုလန်ဟောက် ရာထူးကို လက်မခံဘူးဆိုတော့ အောက်ယွီက သားဖြစ်တဲ့အတွက် တိုက်ရိုက် ဆက်ခံဖို့ မဖြစ်နိုင်ပါဘူး။ ဒါကြောင့် ဒီ နုလန်ဟောက် ရာထူးကို အောက် မိသားစုက တခြားလူတွေကို ပေးသနားလိုက်တာ ပိုကောင်းပါတယ်။ ဘာပဲဖြစ်ဖြစ် အောက် ဆိုတဲ့ စာလုံး တစ်လုံးတည်းကို ပဲ ရေးရတာပဲလေ။”
ဧကရာဇ် ဝမ်ယွင်က မေးလိုက်သည်။ “အောက် မိသားစုက တခြားလူတွေကို ခန့်အပ်မယ် ဟုတ်လား။ ဘယ်သူက ပိုသင့်တော်မလဲ။”
တော်ဝင်တရားရုံး အကြီးအကဲ စုချင်ဝမ်က ပြန်ဖြေလိုက်၏။ “ရှီးချုံး ပြည်နယ် စစ်သေနာပတိ အောက်တုန်းကို ကျုပ် အကြံပြုပါတယ်။ သူဟာ စစ်သေနာပတိ အဖြစ် တာဝန်ထမ်းဆောင်နေတဲ့ ဒီခြောက်နှစ်အတွင်းမှာ တာ့လျန်နိုင်ငံရဲ့ ခိုးတိုက်မှုတွေကို ကာကွယ်ပေးနိုင်ခဲ့ပြီး အကျိုးဆောင်မှုတွေ အများကြီး ရှိပါတယ်။ ပြီးတော့ သူက အောက်ရှင်းရဲ့ ညီအရင်းလည်း ဖြစ်ပါတယ်။”
ညီလာခံရှိ အမတ်များ အားလုံး၏ မျက်လုံးများ အနည်းငယ် တုန်ယင်သွားကြတော့သည်။
‘အောက်တုန်း ဟာ အောက်မင်ရဲ့ အဖေ ဖြစ်ပြီး အောက်ထင်ရဲ့ သား ဆိုတာ ဘယ်သူက မသိလို့လဲ။ သူတို့ဟာ အောက်ယွီ နဲ့ အောက်ရှင်းတို့ရဲ့ ရန်သူတွေဖြစ်ပြီး အရင်တုန်းက နုလန်ဟောက် ရာထူးကို လုယူဖို့ နည်းလမ်းပေါင်းစုံနဲ့ ကြိုးစားခဲ့ကြသူတွေလေ။ အခု အောက်ယွီရဲ့ အကျိုးဆောင်မှုတွေကို ဆုချီးမြှင့်တဲ့ အနေနဲ့ သူ့ရဲ့ ရန်သူတွေကို ဆုချီးမြှင့်မယ် ဟုတ်လား။’
ဤလုပ်ရပ်ကို ထောက်ရှုခြင်းဖြင့် အောက်ယွီက ဧကရာဇ်ဟောင်းအား အိပ်မက်ပေးခဲ့သည့် ကိစ္စသည် လက်ရှိ ဧကရာဇ်မင်းမြတ်ကို အလွန်အမင်း အမျက်ဒေါသ ပွားများစေခဲ့သည်မှာ ထင်ရှားလှပေသည်။ သို့ရာတွင် ယခုကဲ့သို့ စီရင်လိုက်ခြင်းမှာလည်း အကြောင်းယုတ္တိ ခိုင်လုံလှသည်ဟု ဆိုရမည်။
အမှန်စင်စစ် ဧကရာဇ်မင်းမြတ်သည် အောက်ယွီအား ဆုလာဘ်များ ချီးမြှင့်ရန် ရည်ရွယ်ခဲ့သော်လည်း အောက်ရှင်းက လက်မခံဘဲ ငြင်းပယ်နေသည့်အတွက် ခက်ခဲသော အခြေအနေသို့ ဆိုက်ရောက်ခဲ့ရသည်။
နိုင်ငံတော်အပေါ် အကျိုးပြုထားသူကို ဆုမချီးမြှင့်ဘဲ နေရန်မှာလည်း မဖြစ်နိုင်သည့်အဆုံး အောက် ဟူသော မျိုးရိုးအမည်တစ်ခုတည်းအောက်တွင် ရှိနေကြသည့် ၎င်း၏ ညီအစ်ကိုများကိုသာ အစားထိုး၍ ဆုလာဘ်များ ပေးသနားလိုက်ခြင်း ဖြစ်၏။
ခြုံငုံ၍ သုံးသပ်ရလျှင် အောက်မိသားစုဝင်များကို ဂုဏ်ပြုလိုက်ခြင်းသည် အောက်ရှင်းကို ဆုချီးမြှင့်လိုက်ခြင်းနှင့် အလားတူပင် ဖြစ်တော့သည်။
အောက်ယွီနှင့် အောက်မင်တို့သည်လည်းကောင်း၊ အောက်တုန်းနှင့် အောက်ရှင်းတို့သည်လည်းကောင်း သေခြင်းရှင်ခြင်း ရန်သူများ ဖြစ်နေကြသည်ဟူသော အချက်မှာ မည်သို့မှ မဖြစ်နိုင်သော ကိစ္စရပ်သာ ဖြစ်၏။
အားလုံးသည် ညီအစ်ကိုရင်းချာများ ဖြစ်ကြပြီး အောက် ဟူသော မိသားစုဝင်များပင် မဟုတ်ပါလား။ အကယ်၍ ညီအစ်ကို အချင်းချင်း ရန်စောင်နေကြသည်ဆိုပါက သူတစ်ပါးတို့၏ ကဲ့ရဲ့လှောင်ပြောင်မှုကိုသာ ခံရပေလိမ့်မည်။
ထို့ကြောင့် ဧကရာဇ်က အမိန့်ပေးလိုက်၏။ “အမိန့်တော် ရေးလိုက်... အောက်ယွီဟာ တိုင်းပြည်အတွက် အကျိုးဆောင်မှုတွေ ရှိခဲ့လို့ ကိုယ်တော်က နုလန်ဟောက် ရာထူးကို အောက်မိသားစုကို ပြန်လည် ပေးသနားလိုက်တယ်။ အောက်ရှင်းက လက်မခံတဲ့အတွက် ရှီးချုံး စစ်သေနာပတိ အောက်တုန်းကို နုလန်ဟောက် အဖြစ် ခန့်အပ်လိုက်တယ်။”
ဤအမိန့်တော်ကို ရေးသားပြီးစီးသွားပြီးနောက် ဧကရာဇ်၏ကိုယ်စားလှယ် အမတ်က ရှီးချုံး ပြည်နယ်သို့ ပို့ဆောင်ပေးရန် ထွက်ခွာသွားတော့သည်။
ဤသို့ဖြင့် အောက်တုန်း သည် နုလန်ဟောက် အသစ် ဖြစ်လာခဲ့ပြီ ဖြစ်၏။
ထိုနေ့ညတွင် စုချင်ဝမ် အိမ်တော် အတွင်း၌ အောက်မင်၊ တွမ်ယင်းယင်း နှင့် တွမ်ယွီ တို့သည် အောင်ပွဲခံနေကြသည်။
တွမ်ယင်းယင်း သည် အလွန်အမင်း ဝမ်းသာကြည်နူးနေပြီး ပြောလိုက်၏။ “အစ်ကို အောက်မင်... တွေးကြည့်ရင် ဒီကမ္ဘာကြီးက တကယ်ကို ရယ်စရာကောင်းတာပဲ။ အရင်တုန်းက ကျွန်မတို့က ဒီ နုလန်ဟောက် ရာထူးကို အောက်ယွီ ဆီကနေ လုယူဖို့ နည်းလမ်းပေါင်းစုံနဲ့ ကြိုးစားခဲ့တယ်။ တန်ဖိုးတွေ အများကြီး ပေးဆပ်ခဲ့ပြီး လူဘယ်လောက်တောင် သေခဲ့ရလဲ။ ဒါပေမဲ့ အောင်မြင်မှု မရခဲ့ဘူး။ အခုတော့ ဘာအားစိုက်ထုတ်စရာမှ မလိုဘဲနဲ့ အောင်မြင်သွားပြီပဲ။”
ဝေမြို့စားကြီး အိမ်တော်၏ သခင်လေး တွမ်ယွီက ပြောလိုက်သည်။ “အောင်မြင်သွားရုံတင် မကဘူး။ ခြေလှမ်း တစ်လှမ်းတည်းနဲ့ ရောက်သွားတာပဲ။ အရင်တုန်းက ကျုပ်တို့က အောက်မင်ကို နုလန်ဟောက်ရဲ့ ဆက်ခံသူ ဖြစ်လာအောင်ပဲ လုပ်ချင်ခဲ့တာ။ အခုတော့ သခင်ကြီး အောက်တုန်းကိုယ်တိုင် နုလန်ဟောက် တိုက်ရိုက် ဖြစ်သွားပြီ။”
အောက်မင်က ပြောလိုက်၏။ “အောက်ယွီက နုလန်ဟောက် ရာထူးကို စွန့်လွှတ်လိုက်ပေမယ့် ပိုပြီး အစွမ်းထက်တဲ့ နိုင်ငံရေး လက်နက်ကြီး တစ်ခုကို ရသွားတယ်။”
ဧကရာဇ်ဟောင်း၏ အိပ်မက်ပေးခြင်းကို ခံရသူ၊ ဧကရာဇ်ဟောင်း၏ နိုင်ငံရေးကိုယ်စားလှယ် ဖြစ်သွားခဲ့ခြင်းပင်။
“အောက်ယွီရဲ့ နည်းလမ်းတွေကို အားလုံးလည်း မြင်ကြတယ်လေ။ ဧကရာဇ်မင်းမြတ် ကိုယ်တိုင်တောင် ရှန်ချင်း နန်းဆောင်ကို သွားပြီး ဧကရာဇ်ဟောင်းကို အရိုအသေပေးရတဲ့အထိ ဖြစ်အောင် လုပ်နိုင်ခဲ့တယ်။ ဧကရာဇ်ဟောင်းရဲ့ ဩဇာတိက္ကမကို အသိအမှတ်ပြုအောင် လုပ်နိုင်ခဲ့တယ်။”
အောက်မင်က ပြောလိုက်၏။ “ဒါကြောင့် အောက်ယွီကို ဖျက်ဆီးပစ်မယ့် အစီအစဉ်ကို မြန်မြန် လုပ်ရလိမ့်မယ်။ မဟုတ်ရင် သူ ပြန်လည် တိုက်ခိုက်လာရင် အချိန် မမီတော့ဘူး ဖြစ်သွားမယ်။”
တော်ဝင်တရားရုံး အကြီးအကဲ စုချင်ဝမ်က ပြောလိုက်သည်။ “မနက်ဖြန် ကျုပ် နန်းတော်ကို သွားပြီး မယ်တော်မိဖုရားခေါင်ကြီးကို ဖျောင်းဖျမယ်။”
......................