အခန်း ၄၁၄
Vol. 35 Ch. 414
အပိုင်း (၄၁၄)
နောက်တစ်နေ့တွင် စုချင်ဝမ် သည် နန်းတော် အတွင်းသို့ ဝင်ရောက်ကာ မယ်တော်မိဖုရားခေါင်ကြီးကို တွေ့ဆုံခဲ့၏။
အဓိပ္ပာယ်မှာ အလွန် ရှင်းလင်းသည်။ ဧကရာဇ်ဟောင်းသည် တရားကျင့်ကြံရင်း အောင်မြင်မှုများ ရရှိခဲ့ပြီး လန်ကျိုး၏ ကြီးမားသော ငလျင်နှင့် ဆူနာမီကို ကြိုတင် ခန့်မှန်းနိုင်ခဲ့ကာ ပြည်သူ သန်းချီကို ကယ်တင်နိုင်ခဲ့သောကြောင့် အဆုံးအစမရှိသော ကုသိုလ်များ ရရှိခဲ့သည်။
သို့ပေမည့် ယခုအခါ လန်ကျိုးမှ ပြည်သူ သိန်းချီသည် အိမ်ရာမဲ့ ဖြစ်နေပြီး လူတစ်သိန်းနီးပါးမှာလည်း ဆူနာမီ အတွင်း သေဆုံးသွားခဲ့ရသောကြောင့် မယ်တော်မိဖုရားခေါင်ကြီး ကိုယ်တိုင် နန်းတော်မှ ထွက်ခွာကာ လန်ကျိုးရှိ ဒုက္ခသည် သန်းချီအတွက် ဆုတောင်းပေးရန်နှင့် သေဆုံးသူ တစ်သိန်းအတွက် ဝမ်းနည်းပူဆွေးမှု အထိမ်းအမှတ် ပြုလုပ်ပေးရန် တောင်းဆိုခဲ့ခြင်းပင် ဖြစ်၏။
ဤမျှလောက်ကြီးမားသော အကြောင်းပြချက်များဖြင့် တောင်းဆိုလာသောကြောင့် မယ်တော်မိဖုရားခေါင်ကြီး အနေဖြင့် သေချာပေါက် လက်ခံရမည်သာ ဖြစ်သည်။
မယ်တော်မိဖုရားခေါင်ကြီး ကိုယ်တိုင် ဆုတောင်းပေးရုံသာမက မိဖုရားကြီးလည်း သွားရောက်ရမှာဖြစ်၏။
ထို့အပြင် ယုံကြည်မှုကို ပြသရန်အတွက် ဤဆုတောင်းပွဲကို နန်းတော် အတွင်း၌ မပြုလုပ်ဘဲ နန်းတော် အပြင်ဘက်ရှိ တာ့ဖာရှန့် ဘုရားကျောင်းတွင် ပြုလုပ်ရမည်ဖြစ်ပြီး ထိုနေရာတွင် ဘုရားလောင်းများ အများအပြား ကိုးကွယ်ထားသည်။
ထို့အပြင် ဤသည်မှာ သာမန် ဆုတောင်းပွဲ မဟုတ်ဘဲ မယ်တော်မိဖုရားခေါင်ကြီးနှင့် မိဖုရားကြီး တို့သည် ခေတ္တ သီလရှင် ဝတ်ရမှာဖြစ်၏။
ထို့ကြောင့် ဆရာတော် ဝူရှင်းကိုယ်တိုင်က မယ်တော်မိဖုရားခေါင်ကြီးနှင့် မိဖုရားကြီးတို့၏ ဆံပင်တစ်မျှင်စီကို ဖြတ်တောက်ပေးပြီး သီလရှင် ဝတ်စုံများကို ဝတ်ဆင်ပေးခဲ့၏။ ဤသည်မှာ အလွန် သန့်စင်သော ကိစ္စရပ် တစ်ခုပင် ဖြစ်သည်။
မယ်တော်မိဖုရားခေါင်ကြီး နှင့် မိဖုရားကြီး တို့ကိုယ်တိုင် သီလရှင် ဝတ်ကာ လန်ကျိုးမှ ဒုက္ခသည်များအတွက် ဆုတောင်းပေးခြင်း ဖြစ်၏။
သို့ပေမည့် မယ်တော်မိဖုရားခေါင်ကြီးနှင့် မိဖုရားကြီး တို့သည် အလွန် မြင့်မြတ်သူများ ဖြစ်ကြသောကြောင့် သူတို့ကို ပြုစုစောင့်ရှောက်မည့်သူ မရှိဘဲ မဖြစ်နိုင်ချေ။
ထို့ကြောင့် ဧကရာဇ်မင်းမြတ်က အမိန့်တော် ထုတ်ပြန်လိုက်၏။ “စုတိုက်ကို ချိုင်ရန် အဖြစ် ခန့်အပ်ပြီး မယ်တော်မိဖုရားခေါင်ကြီးနဲ့ မိဖုရားကြီးတို့ တာ့ဖာရှန့် ဘုရားကျောင်းမှာ သီလရှင် ဝတ်ပြီး ဆုတောင်းပေးတဲ့ အချိန်မှာ ပြုစုစောင့်ရှောက်ဖို့ တာဝန်ပေးလိုက်တယ်။”
စုတိုက် ဆိုသည်မှာ မည်သူနည်း။
သူမသည် မင်းသမီး ရှန်ရှန်း၏ ဆရာမဖြစ်ပြီး တီးမှုတ်ခြင်း၊ စစ်တုရင်ကစားခြင်း၊ စာပေနှင့် ပန်းချီအနုပညာ အရပ်ရပ်တို့တွင် ပြိုင်ဘက်ကင်းအောင် ထူးချွန်ရုံမျှမက အလှတရားတွင်လည်း အနှိုင်းမဲ့သူ ဖြစ်သည်။
အောက်ယွီ၏ ပါရမီများကို အလွန်တရာ အထင်ကြီး လေးစားမိသောကြောင့် မိမိကိုယ်ကိုယ် ကျောက်တုံးမှတ်တမ်းထဲမှ လင်တိုက်ယွီနှင့်ပင် ခိုင်းနှိုင်းလေ့ရှိသူ ဖြစ်၏။
စုတိုက်၏ဖခင်သည် ယခင် နိုင်ကော်၏ ဝန်ကြီးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ပြီး သူမကိုယ်တိုင်မှာလည်း ထူးချွန်ထက်မြက်ကာ အဆင်းအင်္ဂါနှင့် ပြည့်စုံလှသဖြင့် ထိုစဉ်က အိမ်ရှေ့စံမိဖုရားအဖြစ် ရွေးချယ်ခံရရန် အလားအလာ အရှိဆုံးသူ ဖြစ်ခဲ့ဖူးသည်။
သို့ရာတွင် ဧကရာဇ် ဝမ်ယွင် အိမ်ရှေ့စံဘဝဖြင့် မိဖုရားရွေးချယ်စဉ်က စုတိုက်သည် နန်းတွင်းသို့ဝင်၍ မိဖုရား မဖြစ်လိုသောကြောင့် ဝေဒနာရှင်အဖြစ် ဟန်ဆောင်ကာ ထွက်ပြေးတိမ်းရှောင်ခဲ့ရာ ဧကရာဇ် ဝမ်ယွင်ကို အကြီးအကျယ် အမျက်ဒေါသ ပွားစေခဲ့၏။
ဧကရာဇ် ဝမ်ယွင် နန်းတက်လာပြီးနောက်၌လည်း သူမ၏ဖခင် ဝန်ကြီးချုပ်စုမှာ အရှက်တကွဲ အဖြစ်အပျက် တစ်ခုနှင့် ကြုံတွေ့ရပြီး ရာထူးမှ အနားယူကာ နေရပ်သို့ ပြန်သွားခဲ့ရသည်။
စုတိုက်သည် နန်းတွင်း၌ အမျိုးသမီးအရာရှိ ဖြစ်လာခဲ့သော်လည်း မည်သည့် ရာထူးအဆင့်အတန်းမှ မရရှိခဲ့သလို မည်သူနှင့်မှလည်း လက်ထပ်ထိမ်းမြားခွင့် မရရှိခဲ့ပေ။
မူလကမူ ဤလှပသည့် ပါရမီရှင် အမျိုးသမီးလေးသည် တစ်ကိုယ်တည်း အထီးကျန်စွာဖြင့်သာ ဘဝကို ကုန်ဆုံးသွားရတော့မည်ဟု ထင်မှတ်ခဲ့ကြသည်။
သို့သော် ယခုအခါတွင်မူ ဧကရာဇ် ဝမ်ယွင်သည် သူမကို ချိုင်ရန် ဟူသော ရာထူးအဆင့်အတန်းကို ချီးမြှင့်ခဲ့သည်။ ဤရာထူးမှာ ဝူကျဲထျန်း နန်းတွင်းသို့ စတင်ဝင်ရောက်စဉ်က ရရှိခဲ့သော ရာထူးနှင့် အဆင့်အတန်း တူညီ၏။
(ဝူကျဲထျန်း - တရုတ်သမိုင်းတစ်လျှောက်မှာ တစ်ခုတည်းသော တရားဝင် အမျိုးသမီးဧကရာဇ် ဖြစ်ပြီး တရုတ်ပြည်ကို ကျိုးမင်းဆက် အမည်နှင့် ခေတ်တစ်ခေတ်ထူထောင်ပြီး အုပ်ချုပ်ခဲ့သူ)
ချိုင်ရန်ဟူသည် ဧကရာဇ်၏ ကိုယ်လုပ်တော်တစ်ဦး ဖြစ်သွားပြီဖြစ်ရာ စုတိုက်အနေဖြင့် မယ်တော် မိဖုရားခေါင်ကြီး၊ မိဖုရားကြီးတို့နှင့်အတူ သီလရှင်ဝတ်၍ လန်ကျိုးမှ ဒုက္ခသည်များအတွက် ဆုတောင်းမေတ္တာ ပို့သပေးနိုင်သည့် အရည်အချင်း ပြည့်မီသွားခဲ့ပြီ ဖြစ်တော့သည်။
သန့်စင်မှုကို ပြသရန်အတွက် မယ်တော်မိဖုရားခေါင်ကြီးသည် ဆံပင်တစ်မျှင်ကို ဖြတ်တောက်ခဲ့ပြီး မိဖုရားကြီးသည် ဆံပင်နှစ်မျှင်ကို ဖြတ်တောက်ကာ ခေတ္တမျှ သီလရှင် ဝတ်ကြောင်း ပြသခဲ့ကြ၏။
စုတိုက် ကမူ ဆံပင်များ အားလုံးကို ရိတ်ပယ်ကာ သီလရှင် ဝတ်စုံကို ဝတ်ဆင်ခဲ့ပြီး ချိုင်ရန် အဖြစ် ခန့်အပ်ခံရပြီးနောက် ချက်ချင်းပဲ သီလရှင် ဖြစ်သွားခဲ့သည်။
ညီလာခံရှိ အမတ်များ အားလုံး ဤမြင်ကွင်းကို မြင်တွေ့လိုက်ရချိန်မှာတော့ အလွန် ဝမ်းသာကြည်နူး သွားကြပြီး ဒူးထောက်ကာ အသံကျယ်ကျယ်ဖြင့် ဟစ်ကြွေးလိုက်ကြတော့၏။ “မယ်တော်မိဖုရားခေါင်ကြီး သနားညှာတာမှု ကြီးမားလှပါတယ်။ မိဖုရားကြီး သနားညှာတာမှု ကြီးမားလှပါတယ်။”
စုတိုက် သည် အသက်အရွယ် အနည်းငယ်ကြီးလာပြီ ဖြစ်သော်လည်း လှပတင့်တယ်နေဆဲဖြစ်ပြီး ဆံပင်များ ရိတ်ပယ်ကာ သီလရှင် ဝတ်စုံကို ဝတ်ဆင်လိုက်ချိန်မှာတော့ ပို၍ပင် လှပဆွဲဆောင်မှု ရှိလာကာ တစ်မျိုးတစ်ဖုံ လှပနေသောကြောင့် ဧကရာဇ် ဝမ်ယွင်ပင်လျှင် အနည်းငယ် စိတ်ဝင်စားသွားမိသည်။
သူ၏ ကိုယ်လုပ်တော် ပီသသည်။ ဤကဲ့သို့သော အလှတရား၊ ဤကဲ့သို့သော အငွေ့အသက်မှာ သောင်းဂဏန်းတွင် တစ်ယောက်သာ ရှိနိုင်၏။
ထို့နောက် ညီလာခံရှိ အမတ်များ အားလုံး၏ ပို့ဆောင်မှုဖြင့် မယ်တော်မိဖုရားခေါင်ကြီး၊ မိဖုရားကြီး နှင့် စုချိုင်ရန် တို့သည် နန်းတော်မှ ထွက်ခွာကာ တာ့ဖာရှန့် ဘုရားကျောင်းသို့ သွားရောက်ကြတော့သည်။
ပြည်သူ သိန်းချီက ဒူးထောက်ကာ ပို့ဆောင်ကြ၏။ “မယ်တော်မိဖုရားခေါင်ကြီး သနားညှာတာမှု ကြီးမားလှပါတယ်။ မိဖုရားကြီး သနားညှာတာမှု ကြီးမားလှပါတယ်။ စုချိုင်ရန် သနားညှာတာမှု ကြီးမားလှပါတယ်။”
ဤမြင်ကွင်းမှာ အမှန်တကယ်ပင် မြို့တော်၏ ပြည်သူများကို ဝမ်းသာကြည်နူးစေခဲ့ပြီး ကြီးကျယ်ခမ်းနားသော ပွဲကြီးတစ်ခု ဖြစ်လာခဲ့သည်။
တစ်ဖက်တွင် ဧကရာဇ်ဟောင်းသည် တရားကျင့်ကြံရင်း ကောင်းကင်နှင့် မြေကြီးကို လွှမ်းမိုးနိုင်ခဲ့ကာ လန်ကျိုးမှ ပြည်သူ သန်းချီကို ကယ်တင်နိုင်ခဲ့၏။
တခြားတစ်ဖက်တွင် မယ်တော်မိဖုရားခေါင်ကြီးနှင့် မိဖုရားကြီး တို့သည် ခေတ္တ သီလရှင် ဝတ်ကာ လန်ကျိုးမှ ဒုက္ခသည်များအတွက် ဆုတောင်းပေးကြသည်။
‘ဒါက ဘယ်လောက်တောင် ကြီးကျယ်ခမ်းနားလိုက်လဲ။ ဘယ်လောက်တောင် ကြည်နူးစရာကောင်းလိုက်လဲ။ ဘယ်လောက်တောင် သန့်စင်လိုက်လဲ။’
ယွင်ကျုံးဟဲ့ လည်း ကြည့်ရှုသူများထဲတွင် ပါဝင်နေပြီး မတော်တဆ ဤဆံပင်ရိတ်ပယ်ထားသော စုချိုင်ရန် နှင့် မျက်လုံးချင်း ဆုံသွားကာ စိတ်ထဲတွင် တုန်လှုပ်သွားရ၏။
စုတိုက်၊ မင်းသမီး ရှန်ရှန်း၏ ဆရာမသည် ယခုအခါ ဧကရာဇ်၏ တရားဝင် အမျိုးသမီး တစ်ယောက် ဖြစ်သွားခဲ့ပြီ ဖြစ်သည်။
‘ဒီသီလရှင် ဝတ်စုံလေးနဲ့က တကယ်ကို ဆွဲဆောင်မှု ရှိတာပဲ။ အရမ်းကို လှပလွန်းတယ်။’
သုံးရက်အကြာ ညပိုင်း...
အောက်ယွီ၏ ယာယီ နေအိမ်တွင် သူသည် ဆေးစာရွက် တစ်ရွက်ကို ကိုင်ဆောင်ထားပြီး ဖခင် အောက်ရှင်း အတွက် ဆေးများကို ကိုယ်တိုင် သွားရောက် ဝယ်ယူရမှာဖြစ်၏။
“ယွမ်ထျန်းရှဲ့... ခင်ဗျား ဒီမှာ ရှိနေတယ်ဆိုတာ ကျုပ် သိပါတယ်။ ထွက်လာခဲ့ပါ။ ကျုပ် ခင်ဗျားနဲ့ တွေ့ချင်တယ်။”
ယွင်ကျုံးဟဲ့က ပြောလိုက်သည်။ “ဘာဖြစ်လို့လဲ ဆိုတာကို ကျုပ် သိချင်တယ်။ ခင်ဗျား ဘာလို့ ကျုပ်နောက်ကို လိုက်လာတာလဲ။ ကျုပ်က ဘယ်လို အဆင့်အတန်း ရှိတဲ့သူမို့လို့လဲ။ ခင်ဗျား ဘာလို့ ကျုပ်ကို မသတ်ဘဲ ကယ်တင်ပေးရတာလဲ ဆိုတာကို ကျုပ် သိချင်တယ်။”
လေထုထဲတွင် တိတ်ဆိတ်နေ၏။
“ထွက်မလာချင်လည်း နေပေါ့။ ခင်ဗျား သဘောပဲ။”
ယွင်ကျုံးဟဲ့က ဖြည်းညင်းစွာ ပြောလိုက်၏။ “ရန်သူတွေက ကျုပ်ကို သတ်ဖို့ အစီအစဉ်တွေ လုပ်နေပြီ။ ဧကရာဇ်ကို ကျုပ်က ဦးထုပ်စိမ်းဆောင်းပေးလိုက်သလို ဖြစ်အောင် လုပ်ပြီး ကျုပ်ကို သေလုမတတ် ဖြစ်အောင် လုပ်တော့မှာ။ ဧကရာဇ်ဟောင်းတောင် ကယ်လို့ မရအောင် ရက်စက်ကြမ်းကြုတ်လွန်းတဲ့ အစီအစဉ်တွေ ဆွဲနေကြပြီ။
ကျုပ် ဒီတံခါးကနေ ထွက်သွားတာနဲ့ ရန်သူတွေ ပြင်ဆင်ထားတဲ့ ထောင်ချောက်ထဲကို သေချာပေါက် ကျရောက်သွားတော့မှာပဲ။ ယွမ်ထျန်းရှဲ့... ကျုပ် ခင်ဗျားကို မေးချင်တယ်။ ခင်ဗျား အဆင်သင့် ဖြစ်ပြီလား။ ဘာလို့လဲဆိုတော့ ဒီနေ့ည ကျုပ် ဝေမြို့စားကြီး အိမ်တော် မျိုးနွယ်စု အားလုံးကို သတ်ပစ်တော့မှာ။
တွမ်ယင်းယင်းကိုလည်း သတ်ပစ်တော့မှာ။ ဝေမြို့စားကြီး အိမ်တော်က ကျုပ်အိမ် နှစ်လုံးကို မီးရှို့ပြီး ကျုပ် အစောင့် ငါးယောက်ကို သတ်ပစ်ခဲ့တယ်။ သူတို့ မျိုးနွယ်စု အားလုံး သတ်ဖြတ်ခံရပြီး အကုန်လုံး သေဆုံးသွားအောင် ကျုပ် လုပ်ပစ်မယ်။
ယွမ်ထျန်းရှဲ့... အကယ်၍ ခင်ဗျား အဆင်သင့် ဖြစ်ပြီဆိုရင် ကျုပ်တို့ စတင်လိုက်ကြရအောင်။”
လေထုထဲတွင် တိတ်ဆိတ်နေဆဲ ဖြစ်သည်။
ယွင်ကျုံးဟဲ့က ပြောလိုက်၏။ “ကြည့်ရတာ ခင်ဗျား အဆင်သင့် ဖြစ်နေပြီ ထင်တယ်။ ကျုပ်တို့ ရူးသွပ်မတတ် လက်စားချေ သတ်ဖြတ်မှုကို စတင်ကြတာပေါ့။”
ထို့နောက် သူသည် ဆေးစာရွက်ကို ရင်ဘတ်ထဲ ထည့်ကာ တံခါးကို တွန်းဖွင့်ပြီး သွေးရောင်လွှမ်းသော ညအမှောင်ထုထဲသို့ ဝင်ရောက်သွားတော့သည်။
ယနေ့ညသည် အလွန် လှပတင့်တယ်မည့် ညတစ်ည ဖြစ်သလို သွေးချောင်းစီးမည့် ညတစ်ညလည်း ဖြစ်ပေလိမ့်မည်။
...................
မယ်တော်မိဖုရားခေါင်ကြီးနှင့် မိဖုရားကြီးတို့သည် လန်ကျိုး၏ ဒုက္ခသည်များအတွက် ဆုတောင်းပေးရန် ခေတ္တ သီလရှင် ဝတ်ခဲ့သည်မှာ ရက်အနည်းငယ်ကြာမြင့်ခဲ့ပြီဖြစ်ပြီး ဤကိစ္စသည် မြို့တော် တစ်ခုလုံးတွင် ကြီးမားသော ဂယက်ရိုက်ခတ်မှုများ ဖြစ်ပေါ်စေခဲ့သည်။
လူအများအပြားသည် မယ်တော်မိဖုရားခေါင်ကြီးနှင့် မိဖုရားကြီးတို့၏ စေတနာထား လုပ်ဆောင်မှုကြောင့် စိတ်လှုပ်ရှားသွားကြပြီး ရွှေငွေများ ရက်ရက်ရောရော လှူဒါန်းခဲ့ကြ၏။
မြို့တော် တစ်ခုလုံးရှိ မှူးမတ်များ၊ အမတ်များနှင့် သာမန် ပြည်သူများသည် လန်ကျိုး သဘာဝဘေးအန္တရာယ် အတွက် ငွေကြေးများနှင့် ပစ္စည်းများ အမြောက်အမြားကို လှူဒါန်းခဲ့ကြသည်။
ထို့အပြင် ဤလှူဒါန်းမှုများကို ဘဏ္ဍာရေး ဝန်ကြီးဌာန သို့မဟုတ် နန်းတော်သို့ လှူဒါန်းခြင်း မဟုတ်ဘဲ တာ့ဖာရှန့် ဘုရားကျောင်းသို့ အလှူငွေ အဖြစ် လှူဒါန်းခဲ့ကြခြင်း ဖြစ်၏။
ဤသည်မှာ အနည်းငယ် ထူးဆန်းနေသည်။ မယ်တော်မိဖုရားခေါင်ကြီးနှင့် မိဖုရားကြီးတို့ ဤနေရာတွင် ဆုတောင်းပေးနေသည် မှန်သော်လည်း အစိုးရ အဖွဲ့အစည်းများထံသို့သာ လှူဒါန်းသင့်သည် မဟုတ်ပါလား။
အစကို ပြန်ကြည့်မည်ဆိုပါက ယုံချန်ဟောက် အိမ်တော်၊ နုလန်ဟောက် အိမ်တော်၊ ဝေမြို့စားကြီး အိမ်တော် စသည့် မှူးမတ် အနည်းငယ်က ဦးဆောင်၍ တာ့ဖာရှန့် ဘုရားကျောင်း သို့ ငွေကြေးများ လှူဒါန်းခဲ့ခြင်း ဖြစ်သည်။
ထို့အပြင် ကောလာဟလများလည်း ပျံ့နှံ့နေသေး၏။ မယ်တော်မိဖုရားခေါင်ကြီး၊ မိဖုရားကြီးနှင့် စုချိုင်ရန် တို့သည် ဤနေရာတွင် သီလရှင် ဝတ်ကာ ဆုတောင်းပေးနေသောကြောင့် ဘုရားလောင်းများ၏ ကာကွယ် စောင့်ရှောက်မှု ရရှိနေကြောင်း၊ ထို့ကြောင့် လှူဒါန်းသော ငွေကြေးများ အားလုံးမှာလည်း သန့်စင်ပြီးသား ဖြစ်ကာ လန်ကျိုး သဘာဝဘေးအန္တရာယ်တွင် အသုံးပြုပါက အကျိုးကျေးဇူး နှစ်ဆ ရရှိမည် ဖြစ်ကြောင်း ပြောနေကြ၏။
ထို့ကြောင့် မှူးမတ်များ၊ အမတ်များနှင့် ပြည်သူများ အားလုံးသည် ငွေကြေးများကို ဤနေရာသို့သာ လှူဒါန်းခဲ့ကြသည်။
လာရောက် လှူဒါန်းသူများမှာ တစ်နေ့ထက် တစ်နေ့ ပိုမို များပြားလာပြီး ယနေ့တွင်မူ လူသုံးသောင်းကျော်ပင် ရှိနေပြီ ဖြစ်၏။
ဤရက်အနည်းငယ်အတွင်း လှူဒါန်းရရှိသော ငွေပမာဏမှာလည်း ငွေသား တစ်သန်းနီးပါး ရှိနေပြီဖြစ်ရာ တောင်ပိုင်းကျိုးအင်ပါယာ၏ အခြေခံအင်အား မည်မျှကြီးမားကြောင်း သိရှိနိုင်သည်။
လွန်ခဲ့သော ခြောက်လခန့်က တောင်ပိုင်း ပုန်ကန်မှုကို နှိမ်နင်းရာတွင်လည်း မြို့တော်၏ လှူဒါန်းငွေမှာ ငွေသား တစ်သန်းကျော် ရှိခဲ့၏။
သေချာပေါက် ဤငွေသား တစ်သန်းနီးပါးသည် လန်ကျိုး၏ ဘေးအန္တရာယ်ကြီး အတွက်မူ သမုဒ္ဒရာထဲ ရေတစ်စက် ချသကဲ့သို့သာ ဖြစ်သည်။
သို့ပေမည့် မကြာမီကာလအတွင်း မြို့တော်ရှိ ပြည်သူများ၏ လှူဒါန်းမှုများမှာ ပို၍ပို၍ များပြားလာမည်ဖြစ်ရာ လန်ကျိုး ပြန်လည် တည်ဆောက်ရေးအတွက် လိုအပ်ချက်မှာ တဖြည်းဖြည်း လျော့နည်းလာမည်မှာ သေချာ၏။
မြို့တော်ရှိ ပြည်သူများ၏ ကျေးဇူးကို တုံ့ပြန်သည့် အနေဖြင့် နေ့စဉ် နေထွက်ချိန်တွင် မယ်တော်မိဖုရားခေါင်ကြီး၊ မိဖုရားကြီးနှင့် စုချိုင်ရန် တို့သည် လာရောက် လှူဒါန်းကြသော ပြည်သူများကို တွေ့ဆုံလေ့ ရှိကြသည်။
ပြည်သူ အများအပြားက မယ်တော်မိဖုရားခေါင်ကြီးတို့ သုံးဦးလုံးမှာ သိသိသာသာ ပိန်ကျသွားကြောင်း မြင်တွေ့ခဲ့ကြရ၏။
ယုံကြည်မှုကို ပြသရန်အတွက် မယ်တော်မိဖုရားခေါင်ကြီးတို့ သုံးဦးသည် တာ့ဖာရှန့် ဘုရားကျောင်းတွင် ခေတ္တ သီလရှင် ဝတ်နေစဉ်အတွင်း အစာ အနည်းငယ်သာ စားသုံးခဲ့ကြ၏။ တစ်နေ့လျှင် တစ်ကြိမ်သာ စားသုံးပြီး ၎င်းမှာလည်း အလွန်ကျဲသော ဆန်ပြုတ်သာ ဖြစ်သည်။
မယ်တော်မိဖုရားခေါင်ကြီး၊ မိဖုရားကြီးနှင့် စုချိုင်ရန် တို့သာမက ဧကရာဇ်မင်းမြတ် ကိုယ်တိုင်လည်း ခြိုးခြံ ချွေတာကာ တစ်နေ့လျှင် ဆန်ပြုတ် တစ်ကြိမ်သာ စားသုံးပြီး လန်ကျိုး၏ ဒုက္ခသည်များနှင့်အတူ အခက်အခဲကို ကျော်ဖြတ်နေကြောင်း ပြသနေ၏။
ရက်အတော်ကြာ ဆက်တိုက် နေ့စဉ် ဆန်ပြုတ်ကျဲကျဲ တစ်ကြိမ်သာ စားသုံးရသောကြောင့် မယ်တော် မိဖုရားခေါင်ကြီး နှင့် မိဖုရားကြီး တို့မှာ အမှန်တကယ်ပင် ပိန်ကျသွားခဲ့ပြီ ဖြစ်သည်။
မိဖုရားခေါင်ကြီးက ဤကာလအတွင်း လန်ကျိုး၏ ဒုက္ခသည်များ စားသောက်ရသည့် အရာများကိုသာ သူမလည်း စားသောက်မည်ဟု ပြောဆိုထားခဲ့၏။
ချက်ချင်းပဲ မရေမတွက်နိုင်သော ပြည်သူများက ဒူးထောက်ကာ ဦးညွတ်လျက် ပြောလိုက်ကြသည်။ “မယ်တော်မိဖုရားခေါင်ကြီး သနားညှာတာမှု ကြီးမားလှပါတယ်။ မိဖုရားကြီး သနားညှာတာမှု ကြီးမားလှပါတယ်။”
............................