အခန်း ၇၂
Vol. 8 Ch. 72
အခန်း (၇၂)နတ်သမီးလေး၏ အိမ်သစ်
ရွှီဝမ်ထောင် ခြေထောက်နှစ်ဖက် ကျိုးသွားကာ ထောင်ကျသွားပြီဆိုသော သတင်းကို ခရိုင်ဈေးမှ ပြန်လာသည့် ရွာသားတစ်ယောက်က သယ်ဆောင်လာခဲ့ရာ တစ်မုဟုတ်ချင်းပင် ချင်းရွှေရွာတစ်ရွာလုံးသို့ ပျံ့နှံ့သွားလေသည်။
တောင်ယာတွင် အလုပ်လုပ်နေသူများ၊ တံခါးဝတွင် ဖိနပ်အောက်ခံချုပ်နေသူများနှင့် ဆောက်လုပ်ရေးလုပ်ငန်းခွင်တွင် အုတ်သယ်နေသူများအားလုံး သူတို့၏ လုပ်လက်စအလုပ်များကို ရပ်တန့်လိုက်ကြသည်။
ခဏတာ အံ့အားသင့်သွားပြီးနောက် တစ်ရွာလုံး ဆူညံပွက်လောရိုက်သွားတော့သည်။
"တကယ်ကြီးလား... အဲ့ဒီကေဒါရွှီကလေ... ခြေထောက်ကျိုးပြီး အဖမ်းခံရတယ်ဆိုတာ..."
"တကယ်ပါဆို... ခရိုင်မှာ ကပ်ထားတဲ့ ကြေညာစာကို ငါ့မျက်စိနဲ့တပ်အပ် မြင်ခဲ့ရတာ... သူ့ကို တာဝန်ပေါ့လျော့မှုနဲ့ ခိုးယူမှုတွေ ကျူးလွန်တယ်ဆိုပြီး ရေးထားတယ်... ထောင်ဒဏ်ဆယ်နှစ်တောင် ကျသွားတာ... ချင်မိသားစုကလည်း သတင်းစာထဲမှာ သူ့ကို အဆက်အသွယ်ဖြတ်ကြောင်း ကြေညာထားသေးတယ်..."
"ဘုရားရေ... ဝဋ်လည်တာက မြန်လွန်းလှချည်လား..."
"မှတ်ကရော... အဲ့ဒီလို နှလုံးသားမရှိတဲ့ကောင်က ဒီလိုမျိုး သေသင့်နေတာကြာပြီ..."
"ဟုတ်ပ... အဲ့ဒီတုန်းကဆို သူတို့တွေက လေလုံးမိုးလုံးထွားပြီး မာနတွေက ကောင်းကင်အထိ ထောင်နေတာလေ... ငါတို့ရွာရဲ့ စားပေါက်ကိုတောင် ပိတ်ဖို့ ကြိုးစားခဲ့သေးတယ်... အခုတော့ ဝဋ်လည်ပြီပေါ့..."
"အဲ့ဒါကို ကိုယ်စိုက်တဲ့အပင် ကိုယ်ရိတ်သိမ်းရတယ် ခေါ်တယ်... သူနဲ့ တန်တယ်..."
ရွှီဝမ်ထောင်၏ ယုတ်မာမှုများကို ကျိန်ဆဲနေကြစဉ် မည်သည့်နတ်မင်းကများ ကောင်းကင်ဘုံကိုယ်စား ထိုမျှ ရက်စက်ကြမ်းကြုတ်သော နည်းလမ်းများဖြင့် အပြစ်ပေးလိုက်သနည်းဆိုသည်ကိုလည်း တအံ့တဩ တွေးတောဆွေးနွေးနေမိကြသည်။
ထိုသို့ တီးတိုးပြောဆိုနေကြရင်း လူအများစုမှာ မလှမ်းမကမ်းတွင် သစ်လုံးများရွှေ့ပြောင်းရန် လူများကို ညွှန်ကြားနေသည့် ချန်ရှင်းဆီသို့ မသိမသာ လှမ်းကြည့်မိကြသည်။
ချန်ရှင်းမှာမူ ထိုဆွေးနွေးသံများကို မကြားသည့်အလား မတုန်မလှုပ်ဘဲ သူ၏အလုပ်ကိုသာ အေးအေးဆေးဆေး ဆက်လုပ်နေလေသည်။
သို့သော် ဤသို့ဖြစ်လေလေ လူတို့က ပို၍ ကြောက်ရွံ့လေးစားလာလေလေ ဖြစ်၏။
လူအုပ်ကြီး၏ အစွန်အဖျားတွင် ထိုသတင်းကို ကြားလိုက်ရသော အဒေါ်ဝမ်မှာမူ ချက်ချင်းဆိုသလို မျက်နှာပေါ်မှ သွေးရောင်များ ဆုတ်ခွာသွားတော့သည်။
သူမ၏ ခြေထောက်များ အားပျော့သွားကာ မြေပြင်ပေါ်သို့ ခွေကျသွားပြီး တစ်ကိုယ်လုံး အပြင်းအထန် တုန်ယင်လာလေသည်။
ရွှီဝမ်ထောင်ဟူသည် မည်သူနည်း။ သူက ကွန်မြူနစ်မှ အရာရှိကြီးတစ်ဦးဖြစ်သည်။
ထိုကဲ့သို့သော လူမျိုးပင် ညတွင်းချင်း ခြေထောက်နှစ်ဖက် ကျိုးသွားကာ ထောင်ကျသွားနိုင်သည်ဆိုလျှင် ယခင်က ချန်ရှင်းကို အကြိမ်ကြိမ် ပြဿနာရှာခဲ့ဖူးသော သူမအဖို့ဆိုလျှင်ကော မည်သို့ဖြစ်လာမည်နည်း။
အဒေါ်ဝမ်၏ ကျောရိုးဆစ်မှနေ၍ ခေါင်းထိပ်အထိ အေးစက်သွားလေသည်။ သူမ၏ ပေါင်ကြားတွင် ရုတ်တရက် ပူနွေးသွားသည်ကို ခံစားလိုက်ရပြီး အလွန်အမင်း ထိတ်လန့်သွားကာ သေးထွက်ကျသွားတော့သည်။
ထိုနေ့မှစ၍ သူမသည် နောက်ကွယ်တွင် မည်သူ့ကိုမျှ အတင်းအဖျင်း မပြောရဲတော့ဘဲ ချန်ရှင်းတို့ မိသားစုကို မြင်သည်နှင့် ရှောင်ဖယ်သွားတော့သည်။
ရွာထဲတွင် ပြန့်နှံ့နေသော ကောလာဟလများကို ချန်ရှင်းက အနည်းငယ်မျှ အရေးမစိုက်ခဲ့ပေ။
ရွှီဝမ်ထောင်၏ ကံကြမ္မာသည် တဝီဝီမြည်နေသော ယင်ကောင်တစ်ကောင်ကို ရိုက်ချလိုက်ခြင်းနှင့်သာ တူလေသည်။
ယခုအချိန်တွင် သူ့အတွက် ပို၍ အရေးကြီးသော လုပ်စရာရှိသည်။ ၎င်းမှာ သူ၏ အိမ်သစ်ကို အလှဆင်ရန်ပင် ဖြစ်သည်။
ချန်ရှင်းက အိမ်သစ်၏ အဓိက အဆောက်အအုံအပိုင်းမှာ ပြီးစီးသွားခဲ့ပြီ ဖြစ်သည်။
အပြာရောင်အုတ်ခဲများ၊ မီးခိုးရောင် အမိုးကြွပ်များဖြင့် ခမ်းနားထည်ဝါလှသော ခြံဝင်းကြီးတစ်ခုဖြစ်ပြီး အပြင်ဘက်မှ ကြည့်လိုက်ရုံဖြင့် ရွာသားအားလုံးကို အံ့ဩမှင်တက်ကာ လေးစားအားကျသွားစေရန် လုံလောက်နေပြီ ဖြစ်သည်။
ထိုနေ့တွင် ချန်ရှင်းသည် အပြင်နံရံအလုပ်အားလုံးကို ရပ်နားစေကာ အလုပ်သမားအားလုံးကို အထဲသို့ခေါ်၍ အတွင်းပိုင်း အလှဆင်ခြင်းများကို စတင်ညွှန်ကြားလေသည်။
သူ ပထမဆုံး အမိန့်ပေး ညွှန်ကြားလိုက်သော နေရာက လူတိုင်းကို လုံးဝ နားမလည်နိုင်အောင် ဖြစ်သွားစေသည်။
၎င်းမှာ အိမ်မကြီး၏ဘေးတွင် အကန့်လေးလုပ်ထားသော အခန်းငယ်လေးတစ်ခုဖြစ်သည်။ ချန်ရှင်းက သူ၏ ပုံစံကြမ်းအတိုင်း အလုပ်သမားများကို ထူးဆန်းသော ကြွေပိုက်အချို့အား နံရံနှင့် မြေအောက်ထဲတွင် ကြိုတင်မြှုပ်နှံထားစေခဲ့သည်။
ယခုအခါတွင်မူ ဆီစိမ်ပိတ်စ ဖုံးအုပ်ထားသော သစ်သားသေတ္တာတစ်လုံးထဲမှ တစ်ခါမျှ မကြားဖူးသော ထူးဆန်းသည့် ပစ္စည်းတစ်ခုကို ဂရုတစိုက် မထုတ်ရန် လူအနည်းငယ်ကို ညွှန်ကြားနေခြင်း ဖြစ်သည်။
ထိုပစ္စည်းမှာ ဖြူစင်ဝင်းမွတ်နေပြီး မျက်နှာပြင်ကလည်း လူတစ်ယောက်၏ ပုံရိပ်ကို ထင်ဟပ်နိုင်လောက်အောင် ချောမွေ့နေသည်။ မှောင်ရိပ်သန်းနေသော အခန်းငယ်လေးထဲတွင် ထိုအရာက နွေးထွေးသော အလင်းရောင်တစ်ချက်ကို ထုတ်လွှတ်နေ၏။ ၎င်း၏ ပုံသဏ္ဌာန်မှာလည်း ထူးခြားဆန်းပြားလှကာ ခြေထောက်မပါသော ကုလားထိုင်တစ်လုံး သို့မဟုတ် အဖြူရောင် ကြွေထွေးခံကြီးတစ်ခုနှင့် တူနေလေသည်။
အလုပ်သမားများက ၎င်းကို သတ်မှတ်ထားသော နေရာသို့ သယ်ဆောင်သွားကြပြီး သူတို့အားလုံးမှာ မျက်နှာတွင် တွေဝေမှု၊ စပ်စုချင်မှု အပြည့်ဖြင့် ဝိုင်းအုံလာကြသည်။
"အစ်ကိုချန်... အဲ့ဒါက ဘာကြီးလဲ... ကျောက်စိမ်းဖြူနဲ့ လုပ်ထားတာလား... ကိုင်ကြည့်ရတာ အရမ်းကို ချောမွေ့နေတာပဲ..."
"ကုလားထိုင်နဲ့တော့ တူတယ်... ဒါပေမဲ့ ခြေထောက်မှ မပါတာ... အဲ့ဒီအပေါ် ထိုင်လိုက်ရင် မအေးဘူးလား..."
ချန်အယ်တန့်က အသတ္တိအရှိဆုံး ဖြစ်သည်။ သူက အေးစက်ချောမွေ့နေသော မျက်နှာပြင်ကို ဂရုတစိုက် လှမ်းကိုင်လိုက်ပြီးနောက် လေးနက်သော မျက်နှာထားဖြင့် ခန့်မှန်းလိုက်သည်။
"ငါ သိပြီ... အဲ့ဒါက ပလ္လင်ဖြစ်ရမယ်... အရေးကြီးတဲ့ လူကြီးတွေလာတဲ့အခါ ထိုင်ဖို့ ပြင်ဆင်ထားတာ ဖြစ်ရမယ်..."
ဤခန့်မှန်းချက်ကို လူအများက ချက်ချင်း ထောက်ခံလိုက်ကြပြီး အဖြူရောင် ကြွေကုလားထိုင်ကို လူတိုင်း ကြည့်သည့် အကြည့်များက ချက်ချင်း ပြောင်းလဲသွားကာ ကြောက်ရွံ့ရိုသေမှုများ ပြည့်နှက်သွားတော့သည်။
ချန်ရှင်းက သူတို့ အဓိပ္ပာယ်မရှိသည်များကို ပြောဆိုနေကြသည်ကို တည်ကြည်သော မျက်နှာဖြင့် ကြည့်နေပြီး သူ၏ နှုတ်ခမ်းများ တွန့်ကွေးသွားသော်လည်း တည်ငြိမ်စွာပင် ရှင်းပြလိုက်သည်။
"အဲ့ဒါက ပလ္လင်မဟုတ်ဘူး... အိမ်သာဟ..."
လူတိုင်း မှင်တက်သွားကြပြီး နားမလည်နိုင်အောင် ဖြစ်သွားကြသည်။
ချန်ရှင်းမှာ ပို၍ ပွင့်ပွင့်လင်းလင်း ပြောလိုက်ရုံမှတစ်ပါး အခြားရွေးချယ်စရာ မရှိတော့ပေ။
"နောက်ဆို ချီးပါ သေးပေါက်ရင် အဲ့ဒါကို သုံးရမှာ..."
လေထုက ချက်ချင်းဆိုသလို ခဲအေးသွားတော့သည်။
အလုပ်သမားအားလုံး နေရာမှာပင် ကျောက်ရုပ်လို ရပ်တန့်သွားကြပြီး သူတို့မျက်နှာများတွင် မယုံကြည်နိုင်မှုများ ပြည့်နှက်နေသည်။
စက္ကန့်အနည်းငယ်ကြာပြီးနောက် လူအုပ်ကြီးထံမှ ဆူညံသံများ ထွက်ပေါ်လာတော့သည်။
"ဟင်... ချီး... ချီးပါဖို့..."
"အိမ်ထဲမှာ ချီးပါရမယ်ဟုတ်လား... အစ်ကိုချန်... ခင်ဗျား ကျွန်တော်တို့ကို နောက်နေတာလား... အဲ့လိုဆို လူတွေ အသက်ရှူကျပ်သေကုန်မှာပေါ့..."
"ရူးနေတာလား... ရှေးခေတ်ကတည်းက ဘယ်သူက အိမ်ထဲမှာ အညစ်အကြေးစွန့်တာ သဘာဝကျတယ်လို့ ထင်လို့လဲ... အဲ့ဒါဆို တိရစ္ဆာန်ခြံနဲ့ ဘာကွာတော့မှာလဲ..."
ရွာသားများ၏ လောကအမြင်မှာ ယခင်က တစ်ခါမျှ မကြုံဖူးလောက်အောင် တုန်လှုပ်သွားတော့သည်။ ချန်ရှင်းတစ်ယောက် အိမ်ဆောက်ရင်း ခေါင်းရှုပ်သွား၍သာ ဤမျှ အဓိပ္ပာယ်မရှိသော အကြံဉာဏ်မျိုး ရလာခြင်းဖြစ်မည်ဟု သူတို့ ထင်မြင်လိုက်ကြသည်။
လူအုပ်ကြီး၏ ဆူညံပွက်လောရိုက်မှုများနှင့် မေးခွန်းထုတ်မှုများကို ရင်ဆိုင်ရသော်လည်း ချန်ရှင်းက တစ်ခွန်းမျှ ပြန်မပြောခဲ့ပေ။
သူက ထောင့်ဘက်သို့ လျှောက်သွားကာ ရေတစ်ပုံးကို ယူလာပြီး အိမ်သာဆီသို့ သွားလိုက်သည်။ ထို့နောက် အနောက်ဘက်ရှိ အဖုံးကိုမကာ ရေတစ်ပုံးနီးပါးကို အထဲသို့ လောင်းထည့်လိုက်သည်။
ထို့နောက် သူက မြေပြင်ပေါ်မှ သစ်ရွက်ခြောက်အချို့ကို ပေါ့ပေါ့ပါးပါး ကောက်ယူလိုက်ပြီး အညစ်အကြေးအဖြစ် သရုပ်ဖော်ရန် ပလ္လင်၏ ကျင်းထဲသို့ ပစ်ထည့်လိုက်သည်။
အချို့က လှောင်ပြောင်ပြီး အချို့က နားမလည်နိုင်ဖြစ်နေသော လူတိုင်း၏ အကြည့်များအောက်တွင် သူက ရေကန်၏ဘေးဘက်ရှိ အဖုလေးတစ်ခုကို လှမ်းနှိပ်လိုက်လေသည်။
"ဝှီး..."
ယခင်က တစ်ခါမျှ မကြားဖူးသော ကျယ်လောင်သည့် ပေါက်ကွဲသံကြီးက အခန်းငယ်လေးထဲတွင် ပဲ့တင်ထပ်သွားတော့သည်။
ရုတ်တရက် ပလ္လင်ထဲမှ အားကောင်းသော ရေစီးကြောင်းတစ်ခု ပန်းထွက်လာပြီး လျင်မြန်စွာ လည်ပတ်နေသော ရေဝဲတစ်ခု ဖြစ်ပေါ်လာသည်။
အညစ်အကြေးကို ကိုယ်စားပြုသော ထိုသစ်ရွက်များမှာ ရုန်းကန်ရန် အခွင့်အရေးပင် မရလိုက်ဘဲ ချက်ချင်းဆိုသလို ရေစီးကြောင်းထဲသို့ မျောပါသွားကာ အဆုံးအစမရှိသော အပေါက်တစ်လျှောက် အရိပ်အယောင်မျှပင် မကျန်တော့ဘဲ ပျောက်ကွယ်သွားတော့သည်။
ရေသံ တိတ်သွားပြီးနောက် အခန်းတွင်း၌ သေမင်းတမန်အလား တိတ်ဆိတ်မှုကြီး ပြန်လည်စိုးမိုးသွားလေသည်။
ဖြူစင်ဝင်းမွတ်နေသော ပလ္လင်လေးသာ ကျန်ရစ်ပြီး ကျင်းအောက်ခြေရှိ ကြည်လင်သော ရေအိုင်လေးနှင့်အတူ မည်သည့်အရာမျှ မဖြစ်ခဲ့သည့်အလား သန့်ရှင်းသပ်ရပ်နေလေသည်။
တစ်ခန်းလုံး တိတ်ဆိတ်ငြိမ်သက်သွား၏။
လူတိုင်း မယုံကြည်နိုင်စွာ စိုက်ကြည့်နေကြပြီး သူတို့၏ မျက်လုံးများမှာ ပန်းကန်ပြားပမာ ပြူးကျယ်နေကာ မေးရိုးများပင် မြေပြင်သို့ ပြုတ်ကျမတတ် ဖြစ်နေကြသည်။
သူတို့က အလွတ်ဖြစ်နေသော အိမ်သာကို စူးစိုက်ကြည့်လိုက်၊ ချန်ရှင်း၏ တည်ငြိမ်နေသော မျက်နှာထားကို ကြည့်လိုက်နှင့် သူတို့၏ စိတ်အာရုံများ လုံးဝ ဗလာကျင်းသွားတော့သည်။
"ဂလု..."
တစ်စုံတစ်ယောက်က တံတွေးကို အားပါးတရ မျိုချလိုက်သည်။
ချန်အယ်တန့်က ပထမဆုံး တုံ့ပြန်လာသူ ဖြစ်သည်။ သူက 'ဘုတ်' ခနဲ ဒူးထောက်ချလိုက်ပြီး အိမ်သာဆီသို့ လေးဖက်ထောက်ကာ တွားသွားသွားလေသည်။ သူ၏ မျက်လုံးများတွင်မူ အရူးအမူး ကြည်ညိုလေးစားမှုများ ပြည့်နှက်နေ၏။
တန်ဖိုးမဖြတ်နိုင်သော ရတနာတစ်ပါးကို ပွတ်သပ်နေသည့်အလား တုန်ယင်နေသော လက်များဖြင့် လှမ်းကာ အိမ်သာခွက်၏ အေးစက်ချောမွေ့သော မျက်နှာပြင်ကို ဂရုတစိုက် ထိတွေ့လိုက်လေသည်။ ထို့နောက် အထဲရှိ ကြည်လင်နေသော ရေအိုင်လေးကို ငုံ့ကြည့်လိုက်ပြီး မျက်ရည်လည်ရွဲ အသံဖြင့်
တစ်ကိုယ်တည်း ရေရွတ်လိုက်တော့သည်။
"ဒါက နတ်ဘုရားတွေရဲ့ ဘဝပဲ... နတ်ဘုရားတွေ နေထိုင်တာမျိုးပဲ..."
သူ၏ အော်ဟစ်သံက လူတိုင်း၏ စိတ်ခံစားမှုများကို လုံးလုံးလျားလျား မီးထိုးပေးလိုက်သကဲ့သို့ ဖြစ်သွားသည်။
ရွာသားများမှာ သူတို့ကိုယ်သူတို့ ထိန်းချုပ်မထားနိုင်တော့ဘဲ မျက်နှာများထက်တွင် အတိုင်းမသိ ဝမ်းသာပီတိဖြစ်မှုများ လင်းလက်လာကြသည်။
ချန်ရှင်းကို သူတို့ကြည့်နေသည့် အကြည့်များကို ကိုးကွယ်ယုံကြည်မှုဟု ဖော်ပြ၍ မရနိုင်တော့ပေ။ သာမန်လူသားများက နတ်ဘုရားတစ်ပါးကို မော့ကြည့်ချိန်တွင် ခံစားရသည့် ကြောက်ရွံ့ရိုသေမှုမျိုးသာ ဖြစ်တော့သည်။
စပါးအထွက်နှုန်းကို တိုးစေနိုင်သည်မှာ လူ့ပြည်သို့ ဆင်းသက်လာသော စိုက်ပျိုးရေးနတ်ဘုရား ဖြစ်ရပေမည်။
အညစ်အကြေးနှင့် ဆီးများကို လေထဲသို့ အစအနမကျန် ပျောက်ကွယ်သွားစေရန် ပြုလုပ်နိုင်သည်မှာ မည်မျှ အံ့မခန်းနိုင်သော စွမ်းအားပေနည်း။
ဤလူသည် သာမန်လူ မဟုတ်ပေ။
အချိန်အတန်ကြာသည်အထိ ထို အိမ်သာငယ်လေးသည် အထွတ်အမြတ်ထားရာ နေရာတစ်ခု ဖြစ်လာပုံပေါ်ပြီး ရွာသားများက မြင့်မြတ်သော ဆီးအိုးကို ထိတွေ့ကာ ၎င်း၏ မြင့်မြတ်သော အငွေ့အသက်အချို့ကို စုပ်ယူနိုင်ရန် အလုအယက် ကြိုးစားနေကြတော့သည်။
ဆောက်လုပ်ရေး လုပ်ငန်းခွင်ရှိ လေထုမှာ စိတ်လှုပ်ရှားမှု၏ အမြင့်ဆုံး အထွတ်အထိပ်သို့ ရောက်ရှိနေချိန်တွင် ခြံဝင်းအပြင်ဘက် အဝေးမှ ကားအင်ဂျင်သံ ဟိန်းထွက်လာလေသည်။
"တီ တီ..."
အစိမ်းရောင် စစ်ဂျစ်ကားတစ်စီးသည် ဖုန်တလိပ်လိပ် ထလျက် ဆောက်လုပ်ရေး လုပ်ငန်းခွင်ရှိ ကွက်လပ်တစ်ခုဘေးတွင် တည်ငြိမ်စွာ ရပ်တန့်သွားလေတော့သည်။