← Chapters

အခန်း ၇၅

Vol. 8 Ch. 75

အခန်း ၇၅

Vol. 8 Ch. 75

အခန်း (၇၅) လုပ်ဆောင်ခြင်း

ဤမျှ ဆင်းရဲနွမ်းပါးပြီး ခေါင်ဖျားလှသော နေရာမျိုးတွင် ဤမျှလောက် လှပချောမောလွန်းသော မိန်းမပျိုကို တွေ့ရလိမ့်မည်ဟု လီဟောင် တစ်ခါမှ တွေးမထားခဲ့ဖူးချေ။

အရောင်လွင့်နေသော အဝတ်အစားဟောင်းများကို ဝတ်ဆင်ထားသော်လည်း သူမ၏ တက်ကြွရွှင်လန်းနေသော အငွေ့အသက်များကို ဖုံးကွယ်မထားနိုင်ပေ။ သူမ၏ မျက်ခုံးလေးများက တင့်တယ်လှပပြီး ကိုယ်လုံးကိုယ်ပေါက်မှာလည်း သွယ်လျနေကာ ဆူးပါသော တောနှင်းဆီရိုင်းလေးတစ်ပွင့်လို ဆွဲဆောင်မှုရှိပြီး အန္တရာယ်များလှသည်။

ကျန်တစ်ယောက်က ပို၍ပင် ထူးကဲလှပနေသေး၏။

အပြာနုရောင် ပန်းပွင့်အဆင် ဂါဝန်လေးကို ဝတ်ဆင်ထားပြီး သူမ၏ အသားအရေမှာ ရေညှစ်ချလိုက်လျှင် ထွက်လာနိုင်သည်အထိ ဖြူဝင်းနုဖတ်နေလေသည်။

နူးညံ့သိမ်မွေ့သော ရုပ်ရည်သွင်ပြင်နှင့် အေးချမ်းသော စိတ်သဘောထားရှိပုံရကာ သူမ၏ ကြည်လင်နေသော မျက်ဝန်းများထဲတွင် ရှက်ရွံ့တတ်သည့် အပြစ်ကင်းစင်မှုလေး ရောယှက်နေ၏။ သူမ၏ နုနယ်သယောင် လှပသော ပုံစံလေးက မြင်လိုက်ရုံဖြင့် ရင်ခုန်သွားစေပြီး ချက်ချင်းပင် ပွေ့ဖက် ယုယချင်စိတ်ကို မထိန်းနိုင်အောင် ဖြစ်စေသည်။

လီဟောင်၏ အသက်ရှူသံများ ခေတ္တမျှ ရပ်တန့်သွားသလို ခံစားလိုက်ရပြီး တစ်ခါမှ မခံစားဖူးသော ပြင်းပြသည့် စိတ်ဆန္ဒများက သူ၏ နှလုံးသားထဲတွင် တောက်လောင်လာတော့သည်။

တက်ကြွပြီး တောက်ပသူ၊ အပြစ်ကင်းစင်ပြီး ဆွဲဆောင်မှုရှိသူ… အလွန်တရာ လိုက်ဖက်ညီလှသော အတွဲပင်။

ထို့နောက် သူက အဆွဲဆောင်နိုင်ဆုံးဟု ထင်ရသော အပြုံးတစ်ခုကို ချက်ချင်း ဖန်တီးလိုက်ပြီး ရှေ့သို့ တိုးသွားကာ ချန်ကွမ်လင်ကို မေးလိုက်လေသည်။

"ရွာလူကြီး... အဲ့ဒီ မိန်းကလေးနှစ်ယောက်ကရော ပညာတတ်လူငယ် အသစ်တွေပဲလား... ကျွန်တော်တို့ကို တစ်ခါတည်း မိတ်ဆက်ပေးပါလား..."

ချန်ကွမ်လင်က ကပျာကယာ လက်ခါပြလိုက်ပြီး ပြုံးလျက် မိတ်ဆက်ပေးလာ၏။

"အိုး... ရဲဘော်လီဟောင်... မင်း အထင်လွဲနေပြီ... သူက ကျောက်ဖန်းအာ... သူကတော့ ရွှီချင်းချင်းတဲ့... သူတို့နှစ်ယောက်လုံးက ငါတို့ရွာက ပညာတတ်လူငယ် အဟောင်းတွေလေ..."

လီဟောင်၏ အကြည့်များက မိန်းမပျိုနှစ်ဦးအပေါ်တွင် မရှက်မရွံ့ တွယ်ကပ်နေပြီး သူ၏ စိတ်ထဲတွင်တော့ ဆုံးဖြတ်ချက်ချပြီးသား ဖြစ်နေပြီ... သူ နှစ်ယောက်လုံးကို လိုချင်သည်။

သို့သော် ချန်ကွမ်လင်၏ နောက်ထပ်စကားကို ကြားလိုက်ရချိန်တွင်တော့ သူ၏ မျက်နှာပေါ်ရှိ အပြုံးက ချက်ချင်း ခဲအေးသွားတော့သည်။

"အထူးသဖြင့် ချင်းချင်းပေါ့..."

ချန်ကွမ်လင်က ရွှီချင်းချင်းကို လက်ညှိုးထိုးပြကာ ဂုဏ်ယူဝင့်ကြွားစွာ ပြောလိုက်သည်…

"သူက ပညာတတ်လူငယ် တစ်ယောက်တင် မကဘူး... ငါတို့ရွာအတွက် အကျိုးပြုတဲ့သူ ဖြစ်သလို... ချန်ရှင်းရဲ့ ဇနီးလည်း ဖြစ်တယ်လေ..."

*ဇနီးတဲ့လား*

*သူက အိမ်ထောင်သည်တဲ့လား*

*ဒေသခံ တောင်သူလယ်သမား တစ်ယောက်နဲ့ လက်ထပ်ထားတာတဲ့လား*

လီဟောင်၏ မျက်နှာပေါ်ရှိ အပြုံးများ လုံးဝ ပျောက်ကွယ်သွားပြီး အလွန်အမင်း မကျေနပ်မှုနှင့် မယုံကြည်နိုင်မှုတို့က အစားထိုး ဝင်ရောက်လာသည်။

သူက ရွှီချင်းချင်းကို စူးစိုက်ကြည့်နေပြီး သူ၏ မျက်ဝန်းများထဲတွင်တော့ မနာလိုမှုနှင့် မကျေနပ်ချက်တို့ ပြည့်နှက်နေ၏။

ဤမျှ လှပပြီး တက်ကြွနေသော ပန်းပွင့်လေးက နွားချေးပုံပေါ် ရောက်နေရတယ်လို့။

ပြည်နယ်မြို့တော်မှလာသော တက္ကသိုလ်ကျောင်းသား တစ်ယောက်၊ ရှားပါးလှသော လူရည်ချွန် တစ်ယောက်ဖြစ်သည့် သူပင်လျှင် ဤမျှ ဆွဲဆောင်မှုရှိသော အလှပိုင်ရှင်မျိုးနှင့် မထိုက်တန်သေးပေ။

ထိုကဲ့သို့သော တောသားလေးက ဘာအရည်အချင်း ရှိလို့လဲ။ သူက ထိုက်တန်လို့လား။

...

ချန်ကွမ်လင်က အသစ်ရောက်လာသော ပညာတတ်လူငယ်များအတွက် နေထိုင်ရန် နေရာများကို တက်ကြွစွာ စီစဉ်ပေးလေသည်။

ပညာတတ်လူငယ်များ နေထိုင်ရာ နေရာက ယခင်ကတည်းက ကျပ်တည်းနေပြီး ယခု နောက်ထပ် လူအနည်းငယ် ရောက်လာသောကြောင့် ပို၍ ကြိတ်ကြိတ်တိုး နေကြရသည်။

တစ်ဦးတည်းသော တက္ကသိုလ်ကျောင်းသား အနေဖြင့် လီဟောင်က သဘာဝကျကျပင် အခွင့်ထူးခံရပြီး ရွာလယ်နှင့် နီးသော နှိုင်းယှဉ်ချက်အရ သန့်ရှင်းသည့် တစ်ယောက်အခန်းငယ်လေးကို ရရှိခဲ့သည်။

ထိုအိမ်လေးသည် ချန်ရှင်း၏ လူစည်ကားနေသော ဆောက်လုပ်ရေး လုပ်ငန်းခွင်ဘေးတွင် တည်ရှိသည်။

အသစ်စက်စက် လက်ဆွဲအိတ်ကို ကိုင်ဆောင်ထားသော လီဟောင်သည် ခြံဝင်းထဲသို့ ခြေချလိုက်၏။ သူ၏ အကြည့်များက ဘေးအိမ်ဆီသို့ မရည်ရွယ်ဘဲ ရောက်သွားချိန်တွင်တော့ ရေခဲရိုက်ခံလိုက်ရသလို နေရာမှာတင် အေးခဲသွားတော့သည်။

အပြာရောင် အုတ်ချပ်များ၊ မီးခိုးရောင် အမိုးကြွပ်များဖြင့် ခေါင်မိုးစွန်းများမှာ အထက်သို့ ကော့တက်နေကာ အလွန် ခမ်းနားကြီးကျယ်သော အဆောက်အအုံကြီးပင် ဖြစ်သည်။

ခြံရိုးများက မြင့်မားပြီး ဝင်ပေါက်တံခါးကြီးကလည်း ဩဇာတိက္ကမ ရှိလှသည်။ ခိုင်ခံ့သော သစ်သားတံခါးဘောင်တစ်ခုတည်းကပင် ခရိုင်အရာရှိများ၏ အိမ်များထက်များစွာ သာလွန်နေသော ခမ်းနားထည်ဝါသည့် အငွေ့အသက်များကို ထုတ်လွှတ်နေ၏။

ဤသည်က... ဤသည်က တောရွာတစ်ရွာတွင် ရှိသင့်သော အိမ်မျိုး ဟုတ်ပါရဲ့လား။

လီဟောင်၏ မျက်လုံးများ အပြင်သို့ ကျွတ်ထွက်မတတ် ပြူးကျယ်သွားပြီး သူ၏ မျက်နှာပေါ်ရှိ မွေးရာပါ အထက်စီးဆန်သော ဟန်ပန်များမှာလည်း ချက်ချင်း လွင့်စင်သွားတော့သည်။

ခရီးပန်းလာသဖြင့် စိတ်ကူးယဉ်နေခြင်းဟု ထင်ကာ သူ၏ မျက်လုံးများကို မသိစိတ်က ပွတ်သပ်လိုက်မိသည်။

သို့သော် အိမ်ကြီးက ထိုနေရာတွင် မားမားမတ်မတ် ရပ်တည်နေပြီး သူ၏ အသိပညာနည်းပါးမှုကို လှောင်ပြောင်နေသကဲ့သို့ ရှိနေ၏။

မနာလိုမှုများက ထိန်းမရသိမ်းမရ လျှံကျလာသည်။

ဘာအကြောင်းကြောင့်လဲ။

ဤမျှ ခေါင်ဖျားပြီး လူသူကင်းမဲ့သော တောင်ပေါ်ရွာလေးတွင် မည်သူက ဤမျှ ခမ်းနားသော အိမ်ကြီးကို ဆောက်လုပ်နိုင်စွမ်း ရှိနေရသနည်း။

သူက သစ်လုံးထမ်းကာ ဖြတ်လျှောက်သွားသော ရွာသားတစ်ယောက်ကို ဆွဲဖမ်းလိုက်ပြီး သူ၏ အသံက အံ့ဩမှုကြောင့် စူးရှနေ၏။

"ဟေး... ခင်ဗျားကို မေးနေတယ်... အဲ့ဒီအိမ်က ဘယ်သူ့အိမ်လဲ..."

သူ ဆွဲထားသော ရွာသားမှာ ချန်ရှင်း၏ အလုပ်သမားများထဲမှ တစ်ဦးဖြစ်ပြီး အသက် နှစ်ဆယ်ကျော်အရွယ် တောင့်တင်းခိုင်မာသော လူရွယ်တစ်ယောက် ဖြစ်သည်။

သူက လီဟောင်ကို လှည့်ကြည့်လိုက်ပြီး လီဟောင် လက်ညှိုးထိုးပြရာဆီသို့ လိုက်ကြည့်လိုက်ရာ သူ၏ မျက်နှာပေါ်တွင် ဂုဏ်ယူဝင့်ကြွားမှုများ ချက်ချင်း ပေါ်လာလေသည်။

သူက ကျောကို မတ်လိုက်ပြီး အထက်စီးဆန်သော ဟန်ပန်ဖြင့် အသံကျယ်ကျယ် ပြန်ဖြေလိုက်၏။

"အဲ့ဒါလား... အဲ့ဒါ ငါတို့ရဲ့ အတိုင်ပင်ခံ အစ်ကိုချန်ရဲ့ အိမ်လေ..."

"အတိုင်ပင်ခံ..."

လီဟောင်က အံ့ဩသွားသည်။

"ဟုတ်တယ်... ကွန်မြူနစ်ကနေ အထူးခန့်အပ်ထားတဲ့ စိုက်ပျိုးရေးနည်းပညာ အတိုင်ပင်ခံလေ..."

ရွာသား၏ အသံက ကြီးကျယ်သော ဂုဏ်ကျက်သရေကို ကြေညာနေသကဲ့သို့ ပိုမို ကျယ်လောင်လာပြီးနောက် မနားတမ်း ပြောဆိုတော့သည်။

"မင်းကို ပြောပြမယ်... ငါတို့ အစ်ကိုချန်က သာမန်လူ မဟုတ်ဘူး... လူ့ပြည်ကို ဆင်းသက်လာတဲ့ နတ်ဒေဝါတစ်ပါးလိုပဲ..."

"လွန်ခဲ့တဲ့ အချိန်တုန်းက တောင်ပေါ်က တောဝက်တွေ ဆင်းလာပြီး လူတွေကို တိုက်ခိုက်ကြတယ်... ပတ်ဝန်းကျင်က လူတွေက ကြောက်လွန်းလို့ အိမ်ပြင်တောင် မထွက်ရဲကြဘူး... အဲ့ဒါကို ငါတို့ အစ်ကိုချန်က လူအုပ်ကြီးကို ဦးဆောင်ပြီး တောင်နက်ထဲဝင်ကာ တောဝက်တွေကို သုတ်သင်ရှင်းလင်းခဲ့တာ... မင်း မြင်တဲ့အတိုင်းပဲ... အိမ်ဆောက်ဖို့ ပိုက်ဆံက ကျားနဲ့ တောဝက်တွေကို အမဲလိုက်ရာကနေ ရလာတာလေ..."

"ပြီးတော့ လွန်ခဲ့တဲ့ အချိန်တုန်းက ရွှီလို့ အမည်ရတဲ့ အကျင့်ပျက်အရာရှိက ငါတို့ရွာနှစ်ရွာအတွက် ဓာတ်မြေဩဇာ ထောက်ပံ့မှုကို ဖြတ်တောက်ပြီး ငါတို့ရဲ့ စပါးရိတ်သိမ်းချိန်ကို ဖျက်ဆီးဖို့ ကြိုးစားခဲ့တယ်... အဲ့ဒီအချိန်မှာ ငါတို့ အစ်ကိုချန်က ရှေ့ထွက်လာပြီး သူ့မှာ ဖြေရှင်းစရာ နည်းလမ်းရှိတယ်လို့ ပြောခဲ့တာပဲ... ဘာဖြစ်မယ်ထင်လဲ... သူက ဘိုးဘေးတွေဆီက ဆင်းသက်လာတဲ့ အံ့ဖွယ်နည်းလမ်းတစ်ခုကို ထုတ်ယူပြီး ငါတို့ကို သဘာဝမြေဩဇာပြုလုပ်ဖို့ ဦးဆောင်ခဲ့တာလေ... အဲ့ဒီအမည်းရောင် အရာတွေကို လယ်ကွင်းထဲ လောင်းထည့်လိုက်တာနဲ့ သီးနှံတွေက ရူးသွပ်နေသလိုကို ကြီးထွားလာတာ... ဓာတ်မြေဩဇာ သုံးတာထက် ဆယ်ဆလောက် ပိုကောင်းတယ်... အခုဆို ခရိုင်တစ်ခုလုံးက အစ်ကိုချန်ရဲ့ အံ့ဖွယ် မြေဩဇာကို ကြော်ငြာပေးနေကြပြီ..."

ရွာသားက ပြောလေပြောလေ ပို၍ စိတ်လှုပ်ရှားလာလေဖြစ်ကာ စကားပြောရင်း တံတွေးများပင် စင်ထွက်လာပြီး သူ၏ မျက်ဝန်းများထဲတွင် လုံးလုံးလျားလျား ကိုးကွယ်ယုံကြည်မှုနှင့် ကြည်ညိုမှုတို့ ပြည့်နှက်နေ၏။

လီဟောင်မှာတော့ ကြောင်အမ်းအမ်းဖြင့်သာ နားထောင်နေမိသည်။

ကျား အမဲလိုက်တာတဲ့လား။

ဓာတ်မြေဩဇာတဲ့လား။

အတိုင်ပင်ခံအနေနဲ့တဲ့လား။

ဤအဓိပ္ပာယ်မရှိသည်များက ဘာတွေလဲ။ တောသားတစ်ယောက်က မည်သို့လုပ်၍ ဤမျှ ထူးခြားသော အရည်အချင်းများ ရှိနေနိုင်မည်နည်း။

သူ၏ မျက်နှာက အဖြူရောင်မှ အစိမ်းရောင်သို့၊ ထိုမှတစ်ဆင့် အမည်းရောင်သို့ ပြောင်းလဲသွားပြီး နောက်ဆုံးတွင် မင်ရည်များ ကျလာမတတ် မည်းမှောင်သွားတော့သည်။

တောသားတစ်ယောက်၏ လုံးလုံးလျားလျား သာလွန်သွားခြင်းကို ခံလိုက်ရသည့် အလွန်အမင်း မကျေနပ်မှုက သူ၏ ရင်ထဲတွင် မီးတစ်ဟုန်းဟုန်း တောက်လောင်စေပြီး ဦးခေါင်းထိပ်အထိ ဒေါသများ ပေါက်ကွဲထွက်သွားလေသည်။

လိမ်လည်မှု။

ဤသည်က လိမ်လည်မှုတစ်ခု ဖြစ်ရမည်။

ထိုစကားလုံးနှစ်ခွန်းက လီဟောင်၏ စိတ်ထဲတွင် ချက်ချင်း ပေါ်လာ၏။

သူ မယုံကြည်ပေ။ တက္ကသိုလ်တောင် မတက်ဖူးသော တောသားတစ်ယောက်က ဤမျှ အံ့သြဖွယ်ကောင်းသော ကျွမ်းကျင်မှုများ ပိုင်ဆိုင်နေမည်ကို သူ လုံးဝ လက်မခံနိုင်ချေ။

ရိုးအလှသော ဤလူမိုက်များကို လှည့်စားရန်အတွက် တစ်စုံတစ်ရာသော အောက်လုံးများနှင့် ယုတ်မာသော နည်းလမ်းများကို အသုံးပြုခဲ့ခြင်း ဖြစ်ရမည်။

မလှမ်းမကမ်းတွင် လမင်းကို ခြံရံထားသော ကြယ်များကဲ့သို့ အလုပ်သမား ဒါဇင်ပေါင်းများစွာ ဝန်းရံခြင်းခံထားရပြီး ဂရုမစိုက်သော ဟန်ပန်ဖြင့် အလုပ်များကို ညွှန်ကြားနေသည့် ထိုလူကို သူ ကြည့်လိုက်သည်။ ထို့နောက် ဘေးဖယ်ခံထားရပြီး လျစ်လျူရှုခံထားရသော ပြည်နယ်မြို့တော်မှ တက္ကသိုလ်ကျောင်းသားဖြစ်သည့် သူ၏ ကိုယ်သူ ပြန်တွေးမိသွား၏။

ပြင်းထန်သော အရှက်ရမှုနှင့် ဒေါသလှိုင်းများကြောင့် သူ၏ လက်သီးများကို တင်းတင်းဆုပ်ထားမိပြီး လက်သည်းများက အသားထဲသို့ နက်ရှိုင်းစွာ စိုက်ဝင်သွားသည်။

သူ့ရင်ထဲတွင် တိတ်တဆိတ် ကတိတစ်ခု ပြုလိုက်၏။

"မင်း စောင့်နေလိုက် ချန်ရှင်း... မင်းရဲ့ အစစ်အမှန် မျက်နှာကို ဖော်ထုတ်ပြီး မင်းကို ငါ့ခြေထောက်အောက်မှာ နင်းခြေပစ်မယ်…”

"ချင်းရွှေရွာရဲ့ အစစ်အမှန် ရွေးချယ်ခံရသူက ဘယ်သူလဲဆိုတာကို လူတိုင်းသိအောင် ငါ ပြသပေးမယ်..."

...

ညနေခင်း၊ ချန်ရှင်း၏ အိမ်တွင် ဖြစ်သည်။

ရေနံဆီမီးခွက်၏ မီးတောက်လေးက ညင်သာစွာ လှုပ်ခတ်နေပြီး အခန်းတစ်ခန်းလုံးကို နွေးထွေးသော အဝါရောင် အလင်းတန်းများ ပေးစွမ်းနေ၏။

ရွှီချင်းချင်းနှင့် ကျောက်ဖန်းအာတို့က အုတ်ကုတင်ပေါ်တွင် တင်ပျဉ်ခွေထိုင်ကာ တီးတိုး စကားပြောနေကြသည်။

"အိုး... နင် သူ့ပုံစံကို မမြင်လိုက်လို့ပါ..."

နေ့လယ်က လီဟောင်၏ မောက်မာသော ဟန်ပန်ကို အတုခိုးလျက် ကျောက်ဖန်းအာက သူမ၏ မျက်လုံးများကို ပြူးပြကာ မေးစေ့ကို အမိုးတန်းနှင့် ထိလုမတတ် မော့ထားပြီး ခေါင်းကို ရမ်းလျက် စူးရှသော အသံဖြင့် ပြောလိုက်လေသည်။

"ငါက လီဟောင်ကွ... ပြည်နယ်မြို့တော်က ဘွဲ့ရလာတဲ့ တက္ကသိုလ်ကျောင်းသား... မင်းတို့ တောသားတွေ အခုချက်ချင်း လာပြီး အရိုအသေပေးကြစမ်း..."

သူမက အလွန်ပီပြင်စွာ အတုခိုးနိုင်ခဲ့ပြီး ထို မောက်မာပြီး ကိုယ့်ကိုယ်ကိုယ် အထင်ကြီးနေသော ဟန်ပန်ကို အပြစ်အနာအဆာကင်းစွာ ဖမ်းယူနိုင်ခဲ့လေသည်။

All Chapters