← Chapters

အခန်း ၈၀

Vol. 8 Ch. 80

အခန်း ၈၀

Vol. 8 Ch. 80

အခန်း (၈၀) ရိုင်းစိုင်းမှုဆိုသည်မှာ အဘယ်နည်း

"ပျော်ရွှင်မှုတဲ့လား..."

လီဟောင်က ဤစကားကို ကမ္ဘာပေါ်တွင် အကြီးမားဆုံး ဟာသတစ်ခုအဖြစ် ထင်မှတ်နေလေသည်။ သူ လုံးဝ မယုံကြည်သလို ကြားလည်း မကြားချင်ပေ။

သူသည် ဒုက္ခရောက်နေသော မိန်းမလှလေးကို ကယ်တင်မည့် သူရဲကောင်း ဇာတ်ကွက်ထဲတွင် လုံးလုံးလျားလျား နစ်မြောနေကာ သူ့ဟာသူ ဆက်ပြောနေတော့သည်။

"မင်း အလိမ်ခံနေရတာ... အဲ့ဒီကောင်က မင်းကို ဘာပေးနိုင်မှာလဲ... အသားကျွေးတာကလွဲပြီး မင်းနဲ့ ကဗျာတွေ စာပေတွေအကြောင်း ဆွေးနွေးနိုင်လို့လား... မင်းရဲ့ မွန်မြတ်တဲ့ စိတ်ပိုင်းဆိုင်ရာ ကမ္ဘာလေးကိုကော သူ နားလည်နိုင်မှာတဲ့လား..."

"မရပါဘူး... ငါမှ... ငါတစ်ယောက်တည်းကသာ မင်းကို ဒီသာမန် ဆင်းရဲဒုက္ခပင်လယ်ထဲကနေ ခေါ်ထုတ်သွားနိုင်ပြီး မင်းဘဝရဲ့ စစ်မှန်တဲ့ တန်ဖိုးကို သိမြင်လာအောင် ကူညီပေးနိုင်မှာပါ..."

ထိုသို့ပြောရင်း သူ၏ စိတ်ခံစားမှုများ မြင့်တက်လာကာ ရှေ့သို့ တစ်လှမ်းတိုး၍ ဟောင်းနွမ်းစုတ်ပြဲနေသော ကဗျာစာအုပ်ကို ရွှီချင်းချင်း၏ ရင်ခွင်ထဲသို့ အတင်းအဓမ္မ ထိုးထည့်ရန် ကြိုးစားလေသည်။

အလောတကြီး လုပ်လိုက်သဖြင့် သူ၏လက်က ရွှီချင်းချင်း၏ ရင်ဘတ်ကို ထိမိလုနီးပါး ဖြစ်သွား၏။

"နင် ဘာလုပ်တာလဲ..."

ကျောက်ဖန်းအာ၏ ဒေါသများ ပေါက်ကွဲထွက်လာပြီး ဆက်လက် သည်းမခံနိုင်တော့ပေ။ သူမက လှမ်းလာသော သူ၏လက်ကို ရိုက်ချလိုက်ကာ သူ့ကို အားကုန်သုံး၍ နောက်သို့ တွန်းထုတ်လိုက်ပြီး ကျယ်လောင်စွာ ဆဲဆိုလိုက်သည်။

"အရှက်မရှိတဲ့ လူယုတ်မာ... နေ့ခင်းကြောင်တောင်ကြီး နှာဘူးထချင်နေတာလား…”

"အား..."

လီဟောင် ခန္ဓာကိုယ် ဟန်ချက်ပျက်သွားပြီး နောက်သို့ ယိုင်ကျသွားကာ လယ်ကန်သင်းစပ်တွင် 'ဘုန်း' ခနဲ ဖင်ထိုင်လျက် လဲကျသွားတော့သည်။ သူ၏ အသစ်စက်စက် အင်္ကျီပေါ်တွင်လည်း ရွှံ့များ ချက်ချင်း ပေကျံသွားလေ၏။

ရွှီချင်းချင်းလည်း ထိတ်လန့်သွားကာ မျက်နှာလေး ဖြူလျော့သွားပြီး ကျောက်ဖန်းအာ၏ အင်္ကျီလက်ကို တင်းကျပ်စွာ ဆုပ်ကိုင်ထားရင်း ခန္ဓာကိုယ်လေးမှာ အနည်းငယ် တုန်ယင်နေသည်။

"မင်း... မင်းက ငါ့ကို တွန်းရဲတယ်ပေါ့လေ..."

လီဟောင် ကပျာကယာ ကုန်းရုန်းထလိုက်သည်။ သူ၏မျက်နှာမှာ ပြာနှမ်းနေပြီး ဒေါသတကြီးဖြင့် ကျောက်ဖန်းအာကို လက်ညှိုးထိုးကာ ရန်တွေ့ရန် ပြင်လိုက်သည်။

ထိုအချိန်မှာပင် သူ၏ ပတ်ဝန်းကျင်ရှိ လေထုက တစ်ခုခု မှားယွင်းနေကြောင်း သူ ခံစားလိုက်ရ၏။

တစ်ချိန်က ဆူညံပွက်လောရိုက်နေသော လယ်ကွင်းပြင်ကြီးမှာ ခြောက်ခြားဖွယ်ရာ တိတ်ဆိတ်သွားလေသည်။

လူတိုင်းက သူတို့ လုပ်လက်စ အလုပ်များကို ရပ်တန့်လိုက်ကြပြီး မျက်လုံးအားလုံးက နေရာတစ်ခုတည်းဆီသို့ အာရုံစိုက်သွားကြသည်။ သူတို့၏ အကြည့်များထဲတွင် ကြောက်ရွံ့ရိုသေမှုများနှင့်အတူ ပွဲကောင်းတစ်ပွဲကို ကြည့်ရတော့မည်ဟူသော စိတ်လှုပ်ရှားမှု အရိပ်အယောင်များ ပြည့်နှက်နေ၏။

လီဟောင်လည်း လူအုပ်ကြီး၏ အကြည့်များနောက်သို့ လိုက်၍ လှည့်ကြည့်လိုက်သည်။

မလှမ်းမကမ်းတွင် ချန်ရှင်းက ရပ်နေလေသည်။

သူက အလုပ်သုံး ကိရိယာများကို အောက်ချလိုက်သည်။ သူ၏ မျက်နှာပေါ်မှ ပုံမှန်တွေ့နေကျ ဂရုမစိုက်တတ်သော အမူအရာများ ပျောက်ကွယ်သွားပြီး လူတစ်ယောက်ကို အေးခဲသေဆုံးသွားစေနိုင်လောက်သည့် ရေခဲတမျှ အေးစက်စက် အကြည့်များဖြင့် အစားထိုး နေရာယူလာ၏။

သူက ဘာစကားမှ မဆိုပေ။ ခြေလှမ်းကျဲကြီးများဖြင့်သာ ဤနေရာဆီသို့ တစ်လှမ်းချင်း လျှောက်လှမ်းလာလေသည်။

ချန်ရှင်း လျှောက်လာသည်ကို ရွှီချင်းချင်း မြင်လိုက်ရသောအခါ သူမ၏ မျက်လုံးလေးများက ချက်ချင်း အရောင်လက်သွား၏။ သူမ၏ အကြောက်တရားနှင့် နာကြည်းဝမ်းနည်းမှုများ အားလုံး လွင့်ပါးပျောက်ကွယ်သွားပြီး အနှိုင်းမဲ့သော စိတ်အေးချမ်းမှုတို့က အစားထိုး ဝင်ရောက်လာလေသည်။

သူမက ကျောက်ဖန်းအာ၏ အင်္ကျီလက်ကို လွှတ်လိုက်ပြီး ချန်ရှင်းကို ဆီးကြိုရန် အလိုအလျောက် သွားလိုက်လေသည်။

ကျောက်ဖန်းအာက လက်ပိုက်လိုက်ပြီး လီဟောင်ကို အေးဆေးတည်ငြိမ်သော ဟန်ပန်ဖြင့် ကြည့်လိုက်ကာ သူမ၏ နှုတ်ခမ်းထက်တွင် သရော်လှောင်ပြောင်သော အပြုံးတစ်ခုက ခိုတွဲနေ၏။

ပွဲကတော့ စတော့မည်ဖြစ်သည်။

လီဟောင်က သူ့ဆီသို့ တစ်လှမ်းချင်း လျှောက်လာနေသော ချန်ရှင်းကို ကြည့်လိုက်သည်။ သူက ကြောက်ရွံ့နေမည့်အစား အလိုအလျောက်ပင် ရင်အုပ်ကို မတ်လိုက်၏။

သူ့အတွက်တော့ ရွာသားများ၏ ကြောက်ရွံ့ရိုသေနေသော အကြည့်များဆိုသည်မှာ ဤတောသားများက ဒေသခံ ဗိုလ်ကျသူ ချန်ရှင်းကို ကြောက်ရွံ့နေခြင်းမျှသာ ဖြစ်သည်ဟု ထင်မှတ်ထားလေသည်။

လီဟောင်ဆိုတာ ဘယ်သူလဲ... ပြည်နယ်မြို့တော်ကနေ ဘွဲ့ရလာတဲ့သူ၊ ရွေးချယ်ခံရတဲ့သူ၊ ပညာတတ်တစ်ယောက်လေ... ခွန်အားတစ်ခုပဲရှိတဲ့ လူကြမ်းကြီးကို သူက ဘယ်လိုလုပ်ပြီး ကြောက်ရမှာလဲ...။

ဤသည်မှာ သူ၏ ဩဇာအာဏာကို တည်ဆောက်ရန် အကောင်းဆုံး အခွင့်အရေးပင် ဖြစ်သည်။ ဤဝေးလံခေါင်ဖျားပြီး ဆင်းရဲမွဲတေနေသော နေရာမှ လူတိုင်းကို မည်သူကသာ အမှန်တကယ် လေးစားခံရသင့်ကြောင်း သူ ပြသနိုင်ပေမည်။

သို့သော် ချန်ရှင်းက အစမှအဆုံးတိုင်အောင် သူ့ကို တစ်ချက်လေးပင် လှည့်မကြည့်ခဲ့ချေ။

သူက ရွှီချင်းချင်းဆီသို့ တန်းတန်းမတ်မတ် လျှောက်သွားကာ သူမကို သူ၏ ကျောဘက်သို့ ဆွဲခေါ်လိုက်သည်။

ထို့နောက် သူ၏ အေးစက်နေသော မျက်လုံးများက လီဟောင်ထံသို့ လှည့်လာ၏။

သူက ဘာမှမပြောဘဲ တိတ်ဆိတ်စွာပင် လက်ကိုသာ ဆန့်တန်းလိုက်သည်။

အဓိပ္ပာယ်က ရှင်းလင်းလှသည်။ အဲ့ဒါ ပေး... ဟူ၍ပင်။

လီဟောင် အနည်းငယ် မှင်သက်သွားသော်လည်း သူ၏ မောက်မာမှုများက ချက်ချင်း ပြန်လည်ရောက်ရှိလာ၏။

သူက ထိုကဗျာစာအုပ်ကို ရှားပါးရတနာတစ်ပါးကဲ့သို့ သူ၏ ရင်ခွင်ထဲတွင် ဆုပ်ကိုင်ထားလိုက်သည်။

"ဘာလဲ... မင်းလည်း ကြည့်ချင်လို့လား..."

သူက မေးစေ့ကို ပင့်လိုက်ကာ နှုတ်ခမ်းထက်တွင် အထင်အမြင်သေးသော လှောင်ပြုံးတစ်ခုက ချိတ်ဆွဲထားလျက်။

"ငါ မင်းကို ပြောပြမယ်... အဲ့ဒါက ငါ့ဘဝရဲ့ လက်ရာ၊ ငါ့ရဲ့ အနုပညာ၊ ငါ့ရဲ့ စိတ်ပိုင်းဆိုင်ရာ အာဟာရပဲ... မင်းလို ခေါင်းထဲမှာ ခွန်အားသုံးဖို့ကလွဲပြီး ဘာမှမရှိတဲ့ တောင်သူလယ်သမားတစ်ယောက်က နားလည်နိုင်မယ်လို့များ ထင်နေလား..."

ချန်ရှင်း၏ မျက်နှာအမူအရာက အနည်းငယ်မျှ ပြောင်းလဲသွားခြင်းမရှိပေ။ သူက ရှေ့သို့ တစ်လှမ်း ထပ်တိုးလိုက်ရုံသာ။

လီဟောင်၏ မျက်စိရှေ့တွင် ဝေဝါးသွားသည်ဟု ခံစားလိုက်ရပြီး သူ၏ ရင်ခွင်ထဲတွင် ကာကွယ်ထားသော စာအုပ်ငယ်မှာ တစ်ဖက်လူ၏ လုယူခြင်းကို ခံလိုက်ရလေပြီ။

"ဟေး... မင်း ဘာလုပ်တာလဲ... ပြန်ပေးစမ်း..."

လီဟောင်က အံ့အားသင့်စွာ အော်ဟစ်လိုက်ပြီး ပြန်လုရန် လက်လှမ်းလိုက်သည်။

ချန်ရှင်းက သူ့ကို လျစ်လျူရှုထားလိုက်၏။

သူ၏ အကြည့်များက မျက်နှာဖုံးပေါ်သို့ ကျရောက်သွားသည်။ ထိုနေရာတွင် "ဟောင်ရန်၏ ကဗျာပေါင်းချုပ်" ဟူသော စာလုံးကြီးများဖြင့် ကြွားဝါချင်စရာကောင်းသော ဟန်ပန်ဖြင့် ရေးသားထားလေသည်။

ထို့နောက် လီဟောင်၏ မယုံကြည်နိုင်လောက်အောင် ဖြစ်နေသော အကြည့်များအောက်တွင် သူက ရုတ်တရက် လက်နှစ်ဖက်ဖြင့် အားယူလိုက်လေသည်။

“ဖြိ..."

စက္ကူပြဲသွားသော ကြည်လင်ပြတ်သားသည့် အသံတစ်သံ။

လီဟောင် တစ်သက်တာ ကြိုးပမ်းအားထုတ်မှု၏ အထွတ်အထိပ်အဖြစ် သတ်မှတ်ထားသော ကဗျာစာအုပ်မှာ ပြတ်ပြတ်သားသားပင် နှစ်ပိုင်း ပြဲထွက်သွားတော့သည်။

ထိုအခိုက်အတန့်တွင် အချိန်များ ရပ်တန့်သွားသကဲ့သို့ပင်။

လီဟောင်၏ မျက်လုံးများ ရုတ်တရက် ပြူးထွက်လာပြီး သူ၏ ပါးစပ်မှာလည်း အလိုအလျောက်ပွင့်ဟသွားကာ ခေါင်းထဲတွင် ဗလာကျင်းသွားတော့သည်။

သူက ချန်ရှင်း၏ လက်ထဲရှိ နှစ်ပိုင်းပြတ်နေသော စာအုပ်လေးကို စိုက်ကြည့်နေမိပြီး သူ မြင်တွေ့နေရသည့် အရာကို လုံးဝ မယုံကြည်နိုင်အောင် ဖြစ်နေလေ၏။

*သူ... သူ ဆုတ်ဖြဲပစ်လိုက်တာလား…*

ချန်ရှင်းက အမူအရာ ကင်းမဲ့နေဆဲပင်။ ထိုမျှနှင့် မလုံလောက်သေးသကဲ့သို့ သူက ပြတ်နေသော စာအုပ်နှစ်ပိုင်းကို ထပ်လိုက်ပြီး နောက်တစ်ကြိမ် အားထည့်လိုက်ပြန်သည်။

"ဖြိ... ဖြိ.."

တစ်ချက်ပြီးတစ်ချက်။

ထို "လက်ရာမြောက်" ဟုခေါ်သော စာအုပ်မှာ အရွယ်အစား အမျိုးမျိုးရှိသည့် စက္ကူစုတ် အပုံအပင်ကြီးအဖြစ် အပြီးတိုင် ပြောင်းလဲသွားသည်အထိပင်။

သူက လက်ကို လွှတ်လိုက်သောအခါ စက္ကူစုတ်များက လေထဲတွင် လွင့်မျောကာ မြေပြင်အနှံ့ ပြန့်ကျဲသွားတော့သည်။

"အား..."

လီဟောင်၏ လည်ချောင်းထဲမှ အော်ဟစ်သံတစ်ခု နောက်ဆုံးတွင် ပေါက်ကွဲထွက်ပေါ်လာ၏။

သူ၏ မျက်လုံးများထဲမှ ဗလာကျင်းနေမှုက ချက်ချင်းပင် အတိုင်းအဆမရှိသော ဒေါသများဖြင့် အစားထိုးသွားသည်။ သူ၏ မျက်နှာမှာ အဖြူရောင်မှ အနီရောင်သို့၊ ထို့နောက် အနီရောင်မှ ခရမ်းရောင်သို့ ပြောင်းလဲသွားကာ ပေါက်ကွဲတော့မည့် ဝက်အသည်းတစ်ခုနှင့် တူနေလေသည်။

"မင်း... မင်း အရိုင်းအစိုင်းကောင်... ရိုင်းစိုင်းတဲ့ လူကြမ်းကြီး..."

သူက ရူးသွပ်မတတ် ဟိန်းဟောက်လိုက်ရာ လွန်ကဲသော ဒေါသများကြောင့် သူ၏အသံမှာ စူးရှပြီး အက်ကွဲနေလေသည်။

"မင်းက ငါ့ရဲ့ ကြိုးစားအားထုတ်မှုကို ဖျက်ဆီးရဲတယ်ပေါ့... အဲ့ဒါ အနုပညာကွ... မင်း နားမလည်ဘူးလား... အဲ့ဒါ အနုပညာကွ..."

သူက ချန်ရှင်းကို လက်ညှိုးထိုးရင်း ဒေါသကြောင့် တစ်ကိုယ်လုံး တုန်ယင်နေ၏။

"မင်းက တကယ့်ကို အရူးပဲ... ခွန်အားသုံးဖို့ပဲ သိတဲ့ ငတုံးကွ... မင်းက ယဉ်ကျေးမှုကို ဖျက်ဆီးနေတာ... မင်းက ရာဇဝတ်မှု ကျူးလွန်နေတာ... ဒါက ယဉ်ကျေးမှုကို စော်ကားလိုက်တာပဲ..."

ဝန်းရံနေကြသော ရွာသားများမှာလည်း သူ၏ ရူးသွပ်နေသော အသွင်အပြင်ကြောင့် ထိတ်လန့်သွားကာ အားလုံး နောက်သို့ တစ်လှမ်း ဆုတ်လိုက်ကြသည်။

ချန်ရှင်း တစ်ယောက်တည်းသာ သူ၏ မျက်နှာအမူအရာ မပြောင်းလဲဘဲ နေရာတွင် ဆက်လက် ရပ်နေလေသည်။

သူက ဒေါသထွက်နေသော လီဟောင်ကို ရေခဲတမျှ အေးစက်နေသည့် မျက်လုံးများဖြင့် ခုန်ပေါက်နေသော လူပြက်တစ်ယောက်အား ကြည့်နေသကဲ့သို့ ကြည့်နေ၏။

လီဟောင်က အသက်ပင် မရှူနိုင်လောက်အောင် ဆဲဆိုနေပြီး ဒူးနှစ်ဖက်ကို အားပြုကာ မတ်တတ်ရပ်နေရသည့် အချိန်ကျမှသာ ချန်ရှင်းက သူ၏ နှုတ်ခမ်းထောင့်စွန်းများကို ဖြည်းညင်းစွာ ကွေးညွှတ်ကာ ပြုံးလိုက်လေသည်။

"စစ်မှန်တဲ့ ရိုင်းစိုင်းမှုဆိုတာ ဘာလဲဆိုတာကို... ဒီနေ့ မင်းကို ငါ ပြသပေးမယ်..."

သူက ဖြည်းညင်းစွာ ဆိုလိုက်သည်။

စကားပြောပြီးသည်နှင့် သူက လှည့်ထွက်လိုက်၏။

သူ၏ အကြည့်များက လယ်ကန်သင်းစပ် တစ်ဝိုက်သို့ ဝေ့ဝဲသွားပြီး နောက်ဆုံးတွင် သစ်ပင်ကြီးတစ်ပင်၌ ကပ်တွယ်နေသော တုတ်ခိုင်သည့် နွယ်ပင်တစ်ပင်ပေါ်တွင် ရပ်တန့်သွားသည်။

ထိုနွယ်ပင်သည် အရွယ်ရောက်ပြီးသူ တစ်ယောက်၏ လက်မောင်းလုံးခန့် တုတ်ခိုင်ပြီး နီညိုရောင်ရှိကာ ကြမ်းတမ်းသော အစင်းကြောင်းများဖြင့် ဖုံးလွှမ်းနေသဖြင့် အလွန်အမင်း မာကျောခိုင်ခံ့မည့်ပုံ ပေါ်နေသည်။

သူ လျှောက်သွားကာ နွယ်ပင်ကို လက်တစ်ဖက်ဖြင့် ဆုပ်ကိုင်လိုက်ပြီး ခါးနှင့် ကျောဘက်မှ အားကိုသုံးကာ နွယ်ပင်ကြီး တစ်ပိုင်းကို သစ်ပင်ပေါ်မှ 'ဂျွတ်' ခနဲ မြည်သံနှင့်အတူ ဆွဲဖြဲချလိုက်တော့သည်။

သူက နှစ်မီတာနီးပါး ရှည်လျားသော နွယ်ပင်ကြီးကို လက်ထဲတွင် ဆုပ်ကိုင်ထားပြီး လေထဲသို့ အားကုန် ရိုက်ချလိုက်လေသည်။

"ရွှီး..."

တိုးညင်းသော လေခွင်းသံက ကျောချမ်းဖွယ်ရာ အင်အားတစ်ရပ်ကို သယ်ဆောင်လာ၏။

ထိုအချိန်တွင် ရှိနေကြသော ရွာသားများအားလုံး၏ နှလုံးသားများမှာ နာကျင်စွာဖြင့် ကျုံ့ဝင်သွားကြတော့သည်။

ချန်အယ်တန့်နှင့် ချန်ရှင်းနှင့်အတူ အမဲလိုက်ဖူးသော လူငယ်အချို့သည် တံတွေးများကို ခက်ခဲစွာ မျိုချလိုက်ကြသည်။

ဤပညာတတ်လူငယ် လီဟောင်တစ်ယောက်တော့... ကံဆိုးမိုးမှောင် ကျတော့မည်မှာ သေချာနေလေပြီ။

ကျောက်ဖန်းအာ၏ မျက်လုံးများက အံ့မခန်း တောက်ပနေပြီး စိတ်လှုပ်ရှားမှုကြောင့် အရောင်လက်နေလေသည်။

ရွှီချင်းချင်းက ချန်ရှင်း၏ ကျောဘက်တွင် ရပ်နေကာ သူ၏ အင်္ကျီစကို စိုးရိမ်တကြီးဖြင့် ဆုပ်ကိုင်ထား၏။

သို့သော် သူမက ချန်ရှင်း ရှုံးနိမ့်သွားမည်ကို ကြောက်ရွံ့နေခြင်း မဟုတ်ဘဲ သူ အရမ်းလွန်ကျူးသွားမည်ကိုသာ စိုးရိမ်နေခြင်း ဖြစ်လေသည်။

All Chapters