← Chapters

အခန်း ၁၃၂

Vol. 14 Ch. 132

အခန်း ၁၃၂

Vol. 14 Ch. 132

အခန်း (၁၃၂)

လောဘကြီးသော လူများ

သံမှိုပစ်သေနတ်နှင့် သေနတ်တို့ကို ကံကောင်းထောက်မစွာ ရှောင်ရှားနိုင်ခဲ့သော အမျိုးသားနှစ်ဦးသည် လှေများတွင် ချည်နှောင်ထားသော ကြိုးကို လှမ်း၍ ဆွဲကိုင်လိုက်ကြလေသည်။

သူတို့ အပေါ်သို့ တက်ရန် ပြင်လိုက်ချိန်မှာပင်၊ နောက်တစ်စက္ကန့်၌ သူတို့၏ လက်များ ပျောက်ကွယ်သွား ခဲ့လေသည်။ လက်မောင်းတစ်ပြင်လုံး ပြတ်တောက်သွားကာ ရေထဲသို့ ဘွမ်းခနဲ ပြုတ်ကျသွား၏။ သူတို့ သည် ခဏမျှ မှင်သက်သွားကြပြီးနောက် စူးစူးဝါးဝါး အော်ဟစ်လိုက်ကြတော့သည်။

"အား..."

"ငါ့လက်တွေ..."

ယောင်ရန်သည် သူမ၏ ဓားရှည်ကို ကိုင်ဆောင်ထားပြီး ငရဲဘုံမှ နတ်ဆိုးတစ်ပါးကဲ့သို့ ချိုမြိန်သော အပြုံးဖြင့် သူတို့ကို ကြည့်နေခဲ့လေသည်။

ထိုလူများသည် တိုက်ခိုက်ရန် အခွင့်အရေး ဆုံးရှုံးသွားကြပြီး ပြန်လည်ခုခံခွင့်မရဘဲ ယောင်ရန်နှင့် သူမ၏ မိတ်ဆွေများ၏ သတ်ဖြတ်ခြင်းကို ခံလိုက်ကြရလေတော့သည်။

ချွမ်ယွမ်ဝေ့၏ ဖြူရော်နေသော မျက်နှာနှင့် တုန်ယင်နေသော ခန္ဓာကိုယ်ကို မြင်သောအခါ၊ ဟွမ်ချန်က ပြုံးဖြီးဖြီးလုပ်ကာ သူ၏ ပခုံးကို ပုတ်လိုက်လေသည်။ ထို့နောက် သူက ပြောလိုက်လေ၏။

"မပူပါနဲ့ အစ်ကိုချွမ်ရယ်...၊ နောက်ထပ် အကြိမ်အနည်းငယ်လောက် ကြုံတွေ့ရရင် အသားကျသွားပါ လိမ့်မယ်...။"

ချွမ်ယွမ်ဝေ့သည် သူ၏ တောက်ပသော အပြုံးကို ကြည့်လိုက်ပြီးနောက်၊ လူသတ်နေစဉ် ချိုမြိန်စွာ ပြုံးနေသည့် ယောင်ရန်ကို လှည့်ကြည့်ကာ တွေးလိုက်မိလေသည်။

*ငါကတော့ ဒီလို ကိစ္စမျိုးကို အသားမကျချင်ပါဘူး...။*

မိနစ်အနည်းငယ်အတွင်းမှာပင် လူသုံးဆယ်ကျော်ကို သူတို့က သတ်ဖြတ်ခဲ့ကြသည်။ အနောက်ဘက်ရှိ လေထိုးရာဘာလှေများပေါ်မှ လူများမှာ မှင်သက်သွားကြလေသည်။

ရေပြင်ပေါ်ရှိ သွေးများကို ကြည့်ရင်း ယောင်ရန်နှင့် သူမ၏ မိတ်ဆွေများထံသို့ မည်သူမျှ မချဉ်းကပ်ရဲ ကြသော်လည်း၊ ဤလူများမှာ ထွက်ခွာသွားရန်လည်း ဆန္ဒမရှိကြပေ။

ဤမျှများပြားသော ငါးများကို မြင်ရလျှင် မည်သူက မနာလိုမဖြစ်ဘဲ၊ စိတ်မလှုပ်ရှားဘဲ နေနိုင်မည်နည်း။ ဤငါးများသည် သူတို့ ရှင်သန်ရန် တစ်ခုတည်းသော အခွင့်အရေးပင် ဖြစ်ပေသည်။

ယောင်ရန်သည် လေထိုးရာဘာလှေများပေါ်တွင် ကျန်ရစ်နေသော လူများကို ကြည့်လိုက်သည်။ သူတို့ သည် ခုနက သတ်ဖြတ်လိုက်သော တက်တူးနှင့် အမျိုးသားများနှင့် လုံးဝ မတူညီကြပေ။

ဤလူများသည် ပိန်ချုံးကာ ညစ်ပတ်နေပြီး ဖျော့တော့ဖျားနာနေပုံရ၏။ ၎င်းတို့သည် ထိုတက်တူးနှင့် အမျိုးသားများအတွက် အလုပ်လုပ်ပေးနေသူများဖြစ်ကြောင်းကို ယောင်ရန် တစ်ချက်ကြည့်ရုံဖြင့် သိနိုင်လေသည်။

အတင်းအကျပ် ခိုင်းစေခံရသည်ဖြစ်စေ၊ မိမိသဘောဆန္ဒအလျောက် လုပ်ဆောင်သည်ဖြစ်စေ၊ ဤ လူများအပေါ်၌ ယောင်ရန် မည်သည့် အမြင်ကောင်းမှ မရှိခဲ့ပေ။

ယောင်ရန်နှင့် သူမ၏ မိတ်ဆွေများက သူတို့ကို မတိုက်ခိုက်သည်ကို မြင်သောအခါ၊ ထိုလူများသည် အချင်းချင်း အကြည့်ချင်းဖလှယ်လိုက်ကြပြီး ယောင်ရန်နှင့် အခြားသူများကို ဝန်းရံရန်အတွက် လေထိုး ရာဘာလှေများကို ဖြည်းညင်းစွာ မောင်းနှင်လာကြလေသည်။

ချွမ်ယွမ်ဝေ့သည် ထိုမြင်ကွင်းကို မြင်သောအခါ စိုးရိမ်တကြီးဖြင့် မေးလိုက်လေသည်။

"ငါတို့ အခု ဘာလုပ်ကြမလဲ...။ မင်းတို့ သူတို့အားလုံးကို သတ်ပစ်မှာတော့ မဟုတ်ပါဘူးနော်...။"

ယောင်ရန်က သူ့ထံသို့ လှည့်ကြည့်ကာ မျက်ခုံးများကို နောက်ပြောင်သကဲ့သို့ ပင့်လိုက်ပြီး ပြောလေ သည်။

"ဘာလို့ မသတ်ရမှာလဲ....။ သူတို့သာ ကျွန်မကို တိုက်ခိုက်လာရင် လွှတ်ထားပေးမှာ မဟုတ်ဘူး...။"

သူမသည် တစ်စက္ကန့်မျှ ရပ်တန့်သွားပြီးနောက် ထပ်မံပြောလိုက်၏။

"ဒါမှမဟုတ်...၊ သူတို့ သတ်တာကိုပဲ ရှင်က ခံနေမှာလား...။"

သူမ၏ အဖြေကြောင့် ချွမ်ယွမ်ဝေ့မှာ မှင်သက်သွားပြီးနောက် တုံ့ဆိုင်းစွာဖြင့် ပြောလေသည်။

"ဟိုလူတွေက သာမန်လူတွေဆိုတာ သိသာနေတာပဲလေ...။ ဟိုတက်တူးနဲ့လူတွေလို မဟုတ်ဘူး...၊ တက်တူးနဲ့လူတွေကို သတ်တာက ကိုယ့်ကိုယ်ကိုယ် ကာကွယ်တာလို့ ဆိုနိုင်ပေမယ့်၊ ဒီလူတွေကို သတ်တာကတော့...။"

ယောင်ရန်သည် သူ၏စကားကို ကြားသောအခါ ရယ်မောလိုက်လေသည်။ ချွမ်ယွမ်ဝေ့အနေဖြင့် လူသားများ၏ ရက်စက်ကြမ်းကြုတ်သော မျက်နှာအစစ်အမှန်ကို မမြင်ဖူးသေးကြောင်း သူ၏စကား များအရ သူမ သိလိုက်လေသည်။

မျက်မှောင်ကြုတ်နေသော သူ၏မျက်နှာကို ကြည့်ရင်း ယောင်ရန်က မေးလိုက်လေသည်။

"သူတို့က အပြစ်ကင်းတယ်လို့ ရှင် သေချာလို့လား...။ သူတို့လက်တွေ သန့်ရှင်းပြီး ဘယ်သူ့ကိုမှ မသတ်ဖူးဘူးဆိုတာ ရှင် အာမခံနိုင်သလား...။ သူတို့က ဟိုတက်တူးနဲ့ လူတွေအတွက် အလုပ်လုပ်ပေး ရဲကြတာလေ...။ ဒီလူတွေကို လူကောင်းတွေလို့ ရှင် ထင်နေတာလား...။"

ချွမ်ယွမ်ဝေ့သည် သူမ၏ မေးခွန်းကို ကြားလိုက်ရသောအခါ၊ သူ ပြောချင်နေသော စကားများမှာ လည် ချောင်းထဲ၌ပင် တစ်ဆို့သွားတော့သည်။ ထို့နောက် သူသည် အရိုးပေါ်အရေတင် ပိန်ချုံးနေသော လူများ ထံသို့ လှည့်ကြည့်လိုက်ရာ၊ သူတို့၏ လောဘရမ္မက်အပြည့်ပါသော မျက်ဝန်းများက ငါးအိတ်များကို စိုက်ကြည့်နေကြသည်ကို မြင်လိုက်ရ၏။

သူတို့၏ လက်နက်များပေါ်တွင် ပေကျံနေသော မည်းနက်နက် အရောင်များကိုလည်း သူ တွေ့လိုက်ရ လေသည်။ ၎င်းမှာ ခြောက်သွေ့နေသောသွေးများဖြစ်ကြောင်း အထင်အရှားပင်ဖြစ်၏။

သူ တိတ်ဆိတ်သွားသည်ကို မြင်သောအခါ၊ ယောင်ရန်သည် သူ့ကို လျစ်လျူရှုထားလိုက်ပြီး ထိုလူများ ကိုသာ အကဲခတ်နေလိုက်လေသည်။ သူတို့၌ တုတ်များနှင့် ဓားများ ရှိကြသော်လည်း သေနတ်များမူ မပါရှိကြပေ။

သူမ ခဏမျှ စဉ်းစားလိုက်ပြီးနောက် ပြောလေသည်။

"လုံယု...၊ အကွာအဝေးက အရမ်းဝေးနေရင် ကျွန်မရဲ့ သံမှိုပစ်သေနတ်က တိကျမှုနဲ့ စွမ်းအား လျော့ကျ သွားလိမ့်မယ်...။ ဟိုလူတွေကို ရှင့်ကိုပဲ လွှဲပေးလိုက်တော့မယ်...။"

လုံယုက ခေါင်းငြိမ့်ကာ ပြောလိုက်၏။

"နားလည်ပြီ...။"

အချိန်ဖြုန်းရာကျနေသဖြင့် လက်ရှိ ရင်ဆိုင်နေရသော အခြေအနေမှာ မကောင်းလှပေ။ တစ်ဦးနှင့် တစ်ဦး စိုက်ကြည့်နေကြစဉ်အတွင်း၊ စောင့်ဆိုင်းနေရသော ထိုလူများမှာ ပို၍ပင် စိုးရိမ်ပူပန်လာကြ လေသည်။

လုံယုနှင့် အခြားသူများက စတင်လှုပ်ရှားခြင်း မရှိသည်ကို မြင်သောအခါ၊ ထိုလူများထဲမှ တစ်ဦးက ပြောလိုက်လေသည်။

"ငါတို့ အရင်ဆုံး ငါးတွေကို ဖမ်းကြရအောင်...။"

ထိုအမျိုးသား၏ စကားအဆုံးတွင် အမျိုးသမီးအချို့သည် လက်လုပ်ငါးဖမ်းပိုက်များကို လျင်မြန်စွာ ကောက်ကိုင်လိုက်ကြပြီး သတိလစ်နေသော ငါးများကို ဆယ်ယူလိုက်ကြလေသည်။

"ခေါင်းဆောင်...၊ ငါတို့ အခု ဘာလုပ်ကြမလဲ...။" ဟု ဟွမ်ချန်က မေးလိုက်၏။

ရေစီးကြောင်းကြောင့် မျောပါသွားသော ငါးများကို ဖမ်းဆီးရန် အလုပ်ရှုပ်နေကြသည့် ထိုလူများကို မြင်သောအခါ လုံယုက ပြောလိုက်လေသည်။

"ငါးဆက်ဖမ်းကြ...။ သူတို့ ငါတို့ဆီ မလာသရွေ့ လျစ်လျူရှုထားလိုက်...။"

"ဟုတ်ကဲ့ပါ ခေါင်းဆောင်...။"

လုံယု၏ စကားကို လိုက်နာကာ ချွမ်ယွမ်ဝေ့သည် ငါးဖမ်းစက်ကို ဖွင့်၍ ဆက်လက် ငါးဖမ်းနေလိုက်လေ သည်။

ငါးများ သတိလစ်ကာ ရေပေါ်သို့ ပေါလောပေါ်လာသောအခါ တစ်ဖက်အုပ်စုမှ အမျိုးသားအချို့သည် လှေကို ဖြည်းညင်းစွာ ခတ်ကာ ချဉ်းကပ်လာကြလေသည်။ သို့သော်လည်း သူတို့ အနီးသို့ မရောက်လာ နိုင်ခင်မှာပင်၊ ယောင်ရန်က သူမ၏ သံမှိုပစ်သေနတ်ကို မြှောက်ကာ သူတို့၏ လှေကို ပစ်ခတ်လိုက်၏။

"ဖောက်... ရွှီး...။"

"ဟင့်အင်း...၊ လှေနစ်နေပြီ...။"

"အား...၊ ကယ်ကြပါဦး...။ ငါ ရေမကူးတတ်ဘူး...။"

လေထိုးရာဘာလှေမှာ လျင်မြန်စွာ လေများထွက်သွားပြီး လှေပေါ်ရှိ အမျိုးသားနှင့် အမျိုးသမီး ခြောက်ဦးနှင့်အတူ နစ်မြုပ်သွားတော့သည်။ ဤမြင်ကွင်းကို မြင်သောအခါ မည်သူမျှ ယောင်ရန်နှင့် အခြားသူများထံသို့ မချဉ်းကပ်ရဲကြတော့ပေ။

ယောင်ရန်သည် ကျန်ရှိနေသော လေထိုးရာဘာလှေ နှစ်စင်းဆီသို့ သံမှိုပစ်သေနတ်ဖြင့် ချိန်ရွယ်လိုက်ပြီး အေးစက်စက် လေသံဖြင့် ပြောလိုက်လေသည်။

"ငါတို့အနားကို လာရဲတဲ့သူ မှန်သမျှ ခေါင်းပွင့်သွားမယ်...။"

ထိုလူများသည် ထိုစကားကို ကြားသောအခါ အလွန်အမင်း ထိတ်လန့်သွားကြပြီး သူမနှင့် ဝေးရာသို့ လျင်မြန်စွာ လှေခတ်သွားကြလေသည်။ မည်သူမျှ မချဉ်းကပ်ရဲတော့ကြောင်း အတည်ပြုပြီးနောက်၊ ယောင်ရန်သည် သတိလစ်နေသော ငါးများကို ဆယ်ယူရန် ငါးဖမ်းပိုက်ကို ဆက်လက် အသုံးပြုနေလိုက် လေသည်။

ယောင်ရန်နှင့် သူမ၏ မိတ်ဆွေများက အစွမ်းကုန် ကြိုးစားလုပ်ဆောင်နေကြသော်ငြားလည်း၊ ရေစီး ကြောင်းကြောင့် ငါးများစွာ မျောပါသွားခဲ့လေသည်။ မိနစ်အနည်းငယ် ကြာပြီးနောက် ထိုလူများသည် ဝမ်းသာလုံးဆို့ကာ အော်ဟစ်လိုက်ကြလေ၏။

"ငါ…၊ ငါးဖမ်းမိပြီဟေ့...။"

"ငါလည်း မိပြီ...။"

"ကောင်းလိုက်တာ...၊ ငါတို့ ဒီနေ့ ဗိုက်ဆာရတော့မှာ မဟုတ်ဘူး...။"

လူများစွာမှာ အလွန်အမင်း ဗိုက်ဆာလွန်းလှသဖြင့် မည်သည့်အရာကိုမျှ ဂရုမစိုက်နိုင်တော့ဘဲ ငါးများ ကို အစိမ်းလိုက် ကိုက်စားလိုက်ကြလေသည်။ မစီမံရသေးသော ငါးများသည် ညှီနံ့ထွက်နေပြီး စားရ ခက်ခဲသော်လည်း၊ သူတို့၏ နာကျင်နေသော အစာအိမ်များကို ပြည့်စေနိုင်ပေသည်။ ငါးစိမ်းစားရခြင်း က အစာငတ်ပြတ်၍ သေဆုံးရခြင်းထက် များစွာ ပိုကောင်းလှပေသည်။

လူများစွာမှာ ကမ္ဘာပေါ်တွင် အရသာအရှိဆုံး အစားအစာကို စားသုံးနေရသကဲ့သို့ ထိုနေရာ၌ပင် ငါး များကို မဆိုင်းမတွ စားသုံးလိုက်ကြတော့သည်။ သူတို့၏ ပါးစပ်များတွင် ငါးသွေးများနှင့် ငါးကြေးခွံများ ပေကျံနေသော်ငြားလည်း၊ သူတို့ ဂရုမစိုက်ဘဲ ငါးများကို တစ်ကောင်ပြီးတစ်ကောင် စားနေကြလေ သည်။

အချို့မှာ လည်ချောင်းတွင် ငါးအရိုးများ စူးနေသောအခါ ရေလှောင်တမံထဲမှ ရေကို တိုက်ရိုက်ပင် သောက်ချလိုက်ကြလေ၏။ ရေအောက်တွင် အလောင်းများစွာရှိနေသော်လည်း၊ ဤလူများကတော့ ဂရုမစိုက်ကြပေ။

All Chapters