အခန်း ၁၃၄
Vol. 14 Ch. 134
အခန်း (၁၃၄)
ကုန်သွယ်ခြင်း
လှေ ကုန်းမြေသို့ ချဉ်းကပ်လာသည်နှင့် တစ်ပြိုင်နက်၊ ဟွမ်ချန်နှင့် ယောင်ရန်တို့သည် အောက်သို့ ခုန်ဆင်းလိုက်ကြလေသည်။ သူတို့နှစ်ဦးသည် လေထိုးရာဘာလှေများတွင် ကြိုးတစ်ချောင်းကို ချည်နှောင်လိုက်ပြီးနောက် သစ်ပင်တစ်ပင်၌ အကြိမ်အနည်းငယ်မျှ ရစ်ပတ်လိုက်ကြ၏။
သူတို့ လှေများကို သေချာစွာ ချည်နှောင်ပြီးသောအခါ၊ လုံယုနှင့် ရှီရွှမ်းတို့က အင်ဂျင်များကို ပိတ်လိုက် ကြပြီး အခြားသူများလည်း အောက်သို့ ဆင်းလာခဲ့ကြလေသည်။
သူတို့ ခြောက်ဦးသား လေထိုးရာဘာလှေများကို ကုန်းမြေပေါ်သို့ ဆွဲတင်ပြီးနောက်၊ ယောင်ရန်သည် သူမ၏ မှန်ပြောင်းကို ထုတ်ယူကာ ရေလှောင်တမံ ရေတံခါးရှိရာဘက်သို့ ကြည့်ရှုလိုက်လေသည်။
ရေလှောင်တမံမှာ ကျိုးပေါက်သွားခဲ့ပြီဖြစ်ရာ၊ ထိုလူများထဲမှ တစ်ဦးတစ်ယောက်မျှ အသက်ရှင်ကျန်ရစ် ခဲ့ခြင်း မရှိပေ။ ရေမျက်နှာပြင်မှာ ဆက်လက် ကျဆင်းနေပြီး၊ ရေလှောင်တမံထဲမှ ရေများသည် ရေတံခွန် တစ်ခုကဲ့သို့ အဆက်မပြတ် စီးဆင်းနေခဲ့လေသည်။
လုံယုသည် သူမ၏ ဘေးသို့ လျှောက်လာရင်း ပြောလိုက်လေသည်။
"ဒီနေ့ ကျိုးပေါက်သွားတာ အန်းယွမ် ရေလှောင်တမံ တစ်ခုတည်း ဖြစ်ပါစေလို့ပဲ မျှော်လင့်ရတော့တာ ပဲ...။ အဲဒီလိုမှ မဟုတ်ရင်တော့ အကျိုးဆက်တွေက အရမ်းကို ဆိုးရွားသွားလိမ့်မယ်...။"
ကျွင်းချန်မြို့ ပတ်ဝန်းကျင်၌ ရေလှောင်တမံ ငါးခု ရှိလေသည်။ မိုးခေါင်ရေရှားသည့် ကာလအတွင်း ဤ ရေလှောင်တမံ ငါးခုသည် ကျွင်းချန်မြို့ အပါအဝင် အနီးအနားရှိ မြို့ဆယ်မြို့သို့ ရေများ ထောက်ပံ့ပေးခဲ့ ခြင်း ဖြစ်၏။ အကယ်၍ ရေလှောင်တမံ ငါးခုစလုံးသာ တစ်ချိန်တည်းတွင် ကျိုးပေါက်သွားခဲ့ပါက၊ ကျွင်းချန်မြို့နှင့် အနီးအနားရှိ မြို့အချို့မှာ မြေပုံပေါ်မှပင် ပျောက်ကွယ်သွားနိုင်လေသည်။
လုံယု၏ စကားကို ကြားသောအခါ အခြားသူများအားလုံး တိတ်ဆိတ်သွားကြလေသည်။ သဘာဝ ဘေးအန္တရာယ်များနှင့် ကြုံတွေ့ရသည့်အခါ လူသားများမှာ ပုရွက်ဆိတ်များထက်ပင် သေးငယ်အားနည်း လှပေသည်။ သူတို့ မည်မျှပင် ရုန်းကန်ခုခံကြပါစေ၊ သေမင်းလက်မှ မလွတ်မြောက်နိုင်ကြချေ။
ယောင်ရန်သည် သစ်ပင်တစ်ပင်ရှိရာသို့ လျှောက်သွားကာ ထိုင်ချလိုက်လေသည်။ သူမသည် ကျောပိုး အိတ်ထဲမှ ချောကလက်တစ်ပိုင်းကို ထုတ်ယူကာ အားအင်များ ပြန်လည်ပြည့်ဖြိုးလာစေရန် ပါးစပ်ထဲသို့ ထည့်လိုက်၏။ စောစောက ကြုံတွေ့ခဲ့ရသော အန္တရာယ်ရှိလှသည့် အခြေအနေမှာ သူမ၏ စိတ်ပိုင်းဆိုင် ရာ စွမ်းအင်များကို အမှန်တကယ်ပင် ကုန်ဆုံးသွားစေခဲ့လေသည်။
ချွမ်ယွမ်ဝေ့သည် သစ်ပင်အောက်၌ ထိုင်နေရင်း၊ အလွန်အမင်း ထိတ်လန့်ကြောက်ရွံ့နေသော်လည်း သေဘေးမှ လွတ်မြောက်လာနိုင်ခဲ့သည့်အတွက် ကျေးဇူးတင်ဝမ်းမြောက်နေမိလေသည်။ အကယ်၍ သူသာ ယနေ့ ဤနေရာတွင် သေဆုံးသွားခဲ့ပါက၊ သူ၏ အဘိုးနှင့် အဘွားတို့သည် ဤရူးသွပ်ဖွယ်ကောင်း လှသော ကမ္ဘာကြီးတွင် မည်သို့ ဆက်လက် ရှင်သန်သွားကြမည်ကို သူ မသိနိုင်ပေ။
ယောင်ရန်သည် လုံယုကို ကြည့်လိုက်ရာ သူက မျက်မှောင်ကြုတ်ကာ ရေပြင်ကို စိုက်ကြည့်နေသည်ကို တွေ့လိုက်ရလေ၏။ သူ ဘာတွေ တွေးနေသည်ကို သူမ မသိသော်လည်း၊ သူ၏ မှုန်ကုပ်နေသော မျက်နှာ အမူအရာကို ကြည့်ခြင်းအားဖြင့် သတင်းဆိုးတစ်ခုသာ ဖြစ်ရမည်ကို သူမ သိလိုက်လေသည်။
နှစ်နာရီကြာပြီးနောက်တွင်မူ၊ ရေပြင်မှာ နောက်ဆုံး၌ ငြိမ်သက်သွားခဲ့လေသည်။ ယောင်ရန်သည် မတ်တပ်ရပ်လိုက်ပြီး ပို၍ မြင့်သော နေရာတစ်ခုသို့ တက်သွားခဲ့လေ၏။ ထို့နောက် သူမသည် မှန်ပြောင်း ကို ထုတ်ယူကာ ရေလှောင်တမံ ရေတံခါးဆီသို့ ကြည့်ရှုလိုက်လေသည်။
ရေလှောင်တမံထဲရှိ ရေများမှာ အပြင်ဘက်နှင့် ဆက်သွယ်သွားသည်ကို မြင်သောအခါ၊ ယောင်ရန်သည် သူတို့ ဆက်လက် ငါးမဖမ်းနိုင်တော့ကြောင်းကို သိလိုက်လေသည်။ သူတို့သည် ငါးအများစုကို ဖမ်းဆီး ခဲ့ပြီးဖြစ်ကာ၊ ကျန်ရှိနေသော ငါးများမှာ ရေလှောင်တမံ ကျိုးပေါက်သွားချိန်တွင် မျောပါသွားခဲ့ပြီ ဖြစ် တန်ကောင်းပေသည်။
ယောင်ရန်က အောက်သို့ ဆင်းလာပြီး ပြောလိုက်လေသည်။
"ဒီနေရာက ရေတွေက အပြင်ဘက်ကရေတွေနဲ့ ဆက်သွယ်သွားပြီ...။"
လုံယုသည် သူမ၏ လက်ထဲမှ မှန်ပြောင်းကို ယူလိုက်ပြီး ရေလှောင်တမံ ရေတံခါးရှိရာသို့ ကြည့်ရှု လိုက်လေသည်။
စက္ကန့်အနည်းငယ် ကြာပြီးနောက် သူက ပြောလေသည်။
"ရေလှောင်တမံ ရေတံခါးနားက မြေမျက်နှာပြင်က ပိုနိမ့်နေတယ်...။ ရေတွေက တောင်ကိုပတ်ပြီး စီးဆင်းသွားကာ နောက်ဆုံးမှာ အပြင်ဘက် လမ်းမအထိ ရောက်သွားလိမ့်မယ်...။"
ဟွမ်ချန်သည် ထိုစကားကို ကြားသောအခါ မေးလိုက်လေသည်။
"ဒါဆို ငါတို့က တောင်ပေါ်တက်စရာ မလိုဘဲ တိုက်ရိုက် ထွက်သွားလို့ရပြီပေါ့...။"
လုံယုက ခေါင်းငြိမ့်ပြရင်း ပြောလေ၏။
"သီအိုရီအရတော့ ဟုတ်တယ်...။"
ငါးအိတ်ပေါင်း နှစ်ရာကျော်ကို တောင်တန်းများနှင့် တောင်ကြောများပေါ်မှ သယ်ဆောင်သွားရန်မှာ နောက်ပြောင်နေသည့် ကိစ္စရပ် မဟုတ်ချေ။ အကယ်၍ သူတို့သာ ရေလှောင်တမံထဲမှနေ၍ အပြင်သို့ တိုက်ရိုက် မောင်းနှင်ထွက်ခွာသွားနိုင်ပါက၊ ၎င်းမှာ အကောင်းဆုံး ရလဒ်ပင် ဖြစ်ပေလိမ့်မည်။
ထိုအကြောင်းကို စဉ်းစားပြီးနောက်၊ သူတို့သည် စမ်းကြည့်ရန် ဆုံးဖြတ်လိုက်ကြလေသည်။
လူခြောက်ဦးသားသည် သစ်ပင်မှ ကြိုးများကို ဖြုတ်လိုက်ကြပြီး လေထိုးရာဘာလှေများကို ရေထဲသို့ တွန်းချလိုက်ကြ၏။ ကံကောင်းထောက်မစွာဖြင့် ယနေ့တွင် သူတို့သည် လုံယု၏ စက်လှေကို ယူဆောင် လာခဲ့ခြင်း မရှိပေ။ ထိုသို့မဟုတ်ပါက၊ ဤမျှကောင်းမွန်သော စက်လှေကြီးမှာ ပျောက်ကွယ်သွားရ ပေလိမ့်မည်။
လူတိုင်း လေထိုးရာဘာလှေများပေါ်သို့ တက်ရောက်ပြီးနောက်၊ လုံယုနှင့် ရှီရွှမ်းတို့သည် ရေလှောင်တမံ ရေတံခါးဆီသို့
မောင်းနှင်သွားကြလေသည်။ အခြေအနေ မဟန်ပါက အသင့်ဖြစ်စေရန်အတွက် သူတို့သည် လှေနှစ်စင်း ကို ဆက်သွယ်ထားသော ကြိုးများကို ဖြုတ်မပစ်ခဲ့ကြပေ။
သူတို့ မိနစ်သုံးဆယ်ကျော်ခန့် မောင်းနှင်ပြီးသောအခါမှသာ ရေလှောင်တမံ ရေတံခါး၌ အကျယ် မီတာ ငါးဆယ်ခြောက်ဆယ်ခန့်ရှိသော အပေါက်ကြီးတစ်ခုကို မြင်လိုက်ကြရ၏။ ဤအချိန်တွင် ကောင်းကင် ကြီးမှာ ပို၍ မှောင်မိုက်လာခဲ့လေသည်။
ယောင်ရန်သည် မှန်ပြောင်းဖြင့် ပတ်ဝန်းကျင်ကို ကြည့်ရှုလိုက်သော်လည်း ထိုလူများကို မတွေ့ရချေ။ သူတို့ထဲမှ တစ်ဦးတစ်ယောက်မျှ အသက်ရှင်ကျန်ရစ်ပုံ မရပေ။
အန်းယွမ် ရေလှောင်တမံမှ ထွက်ခွာလာသောအခါ၊ လုံယုက သူ၏ အင်ဂျင်ကို ပိတ်လိုက်ပြီး ရွှမ်းက ဦးဆောင်သွားခဲ့လေသည်။ လောင်စာဆီ ချွေတာနိုင်ရန်အတွက်၊ သူတို့သည် အင်ဂျင်တစ်လုံးကိုသာ နှိုးထားခဲ့ကြလေသည်။
အန်းယွမ် ရေလှောင်တမံ ကျိုးပေါက်သွားပြီးနောက်၊ ရေမျက်နှာပြင်မှာ နှစ်မီတာကျော်ခန့် မြင့်တက် လာခဲ့လေသည်။
ထိုအခြေအနေကို မြင်သောအခါ၊ ယောင်ရန်သည် မျက်မှောင်ကြုတ်ကာ ကျန်ရှိနေသေးသော ရေလှောင်တမံ လေးခုမှာ သည်းထန်စွာ ရွာသွန်းနေသော မိုးဒဏ်ကို ခံနိုင်ရည်ရှိပါစေရန် ဆုတောင်း နေမိလေသည်။ ထိုသို့မဟုတ်ပါက၊ ရေမျက်နှာပြင်မှာ မျက်စိတစ်မှိတ်အတွင်း ရှစ်မီတာကျော်ခန့် မြင့်တက်သွားပေလိမ့်မည်။
အကယ်၍ ထိုသို့သာ အမှန်တကယ် ဖြစ်လာခဲ့ပါက၊ လင်းယွမ်တိုက်ခန်းအဆောက်အအုံပင်လျှင် အန္တရာယ်ရှိလာနိုင်ပြီး၊ သူတို့ထဲမှ မည်သူမျှ လွတ်မြောက်နိုင်ကြမည် မဟုတ်ချေ။
စီဟန်နှင့် သဘောတူထားသော နေရာသို့ ရောက်ရှိလာသောအခါ၊ ရှီရွှမ်းသည် လေထိုးရာဘာလှေများ ကို ရပ်တန့်ရန် တိတ်ဆိတ်သော နေရာတစ်ခုကို ရှာဖွေလိုက်လေသည်။ သူတို့ စောစော ရောက်ရှိ လာခဲ့သဖြင့်၊ အင်ဂျင်နှင့် မီးများကို ပိတ်ကာ စီဟန်ကို စောင့်ဆိုင်းရန် ထိုင်နေလိုက်ကြ၏။
တစ်နာရီခန့် အကြာတွင်၊ အဝေးမှ ချဉ်းကပ်လာသော မီးရောင်များကို သူတို့ မြင်လိုက်ကြရလေသည်။ ယောင်ရန်သည် သူမ၏ ကျောပိုးအိတ်ထဲသို့ နှိုက်ကာ ညကြည့်မှန်ပြောင်းကို ထုတ်ယူလိုက်လေသည်။
သည်းထန်စွာ ရွာသွန်းနေသော မိုးကြောင့် သူမ၏ အမြင်အာရုံကို ကန့်သတ်ထားဆဲ ဖြစ်သော်ငြားလည်း ၊ စီဟန်ကို သူမ မြင်တွေ့လိုက်ရ၏။ လှေပေါ်တွင် စီဟန် အပါအဝင် လူသုံးဦးသာ ပါရှိပြီး၊ ကုန်ပစ္စည်း များကို ရေစိုခံစောင်များဖြင့် ဖုံးအုပ်ထားလေသည်။
စီဟန်နောက်သို့ မည်သူမျှ လိုက်ပါလာခြင်း မရှိသည်ကို မြင်သောအခါ၊ ယောင်ရန်သည် ဟွမ်ချန်ကို ခေါင်းငြိမ့်ပြလိုက်လေသည်။ သူသည် လက်နှိပ်ဓာတ်မီးကို မြှောက်ကာ နှစ်ကြိမ်တိတိ အဖွင့်အပိတ် လုပ်ပြလိုက်၏။
အဝေးမှ မီးရောင်ကို မြင်လိုက်ရသောအခါ စီဟန်သည် မျက်မှောင်အနည်းငယ် ကြုတ်သွားလေသည်။ သူတို့ ရောက်မလာသေးဘူးဟု သူ ထင်မှတ်ထားခဲ့သော်လည်း၊ တကယ်တမ်းတွင် သူတို့မှာ စောစော ရောက်ရှိနေပြီး မှောင်မိုက်ထဲမှနေ၍ သူ့ကို အကဲခတ်နေခဲ့ကြခြင်းပင် ဖြစ်၏။ အကယ်၍ သူတို့သာ သူ့အား ရန်ပြုလိုပါက၊ သူ လွတ်မြောက်ရန် အခွင့်အရေး ရမည်မဟုတ်ကြောင်း စီဟန် သိထားလေ သည်။
ထိုအကြောင်းကို တွေးမိသောအခါ သူ၏ မျက်နှာအမူအရာမှာ တည်တင်းသွားပြီး သူ၏ အဖော်နှစ်ဦးကို ပြောလိုက်လေသည်။
"ခဏနေရင် ဘာစကားမှ မပြောကြနဲ့တော့...။"
သူ၏ အဖော်နှစ်ဦးက ခေါင်းငြိမ့်ပြကာ လှေများကို လူသူကင်းမဲ့သော ထောင့်ဆီသို့ မောင်းနှင်သွားကြ လေသည်။ ကုန်သွယ်မှုမှာ ချောမွေ့စွာ ပြီးဆုံးသွားခဲ့ပြီး၊ မိနစ်ဆယ်ခန့်အကြာတွင် စီဟန်သည် ငါးအိတ် တစ်ရာဖြင့် ထွက်ခွာသွားခဲ့လေသည်။
သူ ထွက်သွားပြီးနောက်၊ ရှီရွှမ်းသည် ချွမ်ယွမ်ဝေ့နှင့် စီမာယွမ်တို့ကို ကြည့်လိုက်၏။ သူက မေးလိုက် လေသည်။
"မင်းတို့ ငါးတွေကို လိုချင်သလား...။ ဒါမှမဟုတ် အသုံးအဆောင်ပစ္စည်းတွေနဲ့ လဲလှယ်ချင်သလား...။"
မနေ့က၊ ချွမ်ယွမ်ဝေ့နှင့် စီမာယွမ်တို့သည် ငါးကီလိုဂရမ် တစ်ရာကျော်ခန့် ယူဆောင်လာခဲ့ကြသည်။ ၎င်းတို့ထဲမှ အများစုကို ဆားနယ်ခြင်း သို့မဟုတ် အချဉ်တည်ခြင်းများ ပြုလုပ်ထားပြီးဖြစ်ရာ၊ အချိန် ကြာမြင့်စွာ စားသုံးနိုင်လေသည်။
ချွမ်ယွမ်ဝေ့နှင့် စီမာယွမ်တို့သည် အချင်းချင်း အကြည့်ချင်းဖလှယ်လိုက်ကြပြီးနောက် ရှီရွှမ်းအား ပြောလိုက်ကြလေသည်။
"ငါတို့ ပစ္စည်းတွေပဲ လိုချင်ပါတယ်...။"
သူတို့၏ အဖြေကို ရရှိပြီးနောက်၊ ရှီရွှမ်းသည် အင်ဂျင်ကိုနှိုးကာ ကုန်တိုက်ကြီးရှိရာသို့ မောင်းနှင်သွား ခဲ့လေသည်။ ယွမ်ရီဟွေးသည် သူတို့ လာနေသည်ကို မြင်သောအခါ၊ သူတို့ကို ပြုံးပြလိုက်လေသည်။