အခန်း ၁၃၅
Vol. 14 Ch. 135
အခန်း (၁၃၅)
မိုးတိတ်သွားပြီ
ယွမ်ရီဟွေးသည် လျင်မြန်စွာ အနီးသို့ ချဉ်းကပ်လာပြီး တိုးညင်းသော အသံဖြင့် မေးလိုက်လေသည်။
"အစ်ကိုရှီ...၊ ယနေ့ ငါးတွေ ပိုယူလာခဲ့သေးလား...။"
ရှီရွှမ်းက ခေါင်းငြိမ့်ပြကာ၊
"ငါတို့ဆီမှာ ငါးအိတ် တစ်ရာကျော် ရှိတယ်...။ မင်း အကုန်လုံး လိုချင်သလား...။"
ယွမ်ရီဟွေးသည် ခဏမျှ စဉ်းစားလိုက်ပြီးနောက် ပြောလေသည်။
"ငါတို့ ငါးအိတ် (၈၀) အထိတော့ လက်ခံနိုင်တယ်..."
ရှီရွှမ်းက လုံယုကို ကြည့်လိုက်ရာ သူက ပြောလိုက်၏။
"သဘောတူတယ်...။"
သူတို့နှင့် အကြိမ်အနည်းငယ်မျှ စီးပွားရေး လုပ်ပြီးနောက်၊ ယွမ်ရီဟွေးသည် သူတို့ကို ယုံကြည်စိတ်ချ ရကြောင်း သိထားပြီးဖြစ်ရာ ပြောလိုက်လေသည်။
"ငါ မင်းတို့အတွက် အရင်အတိုင်းပဲ ပြင်ဆင်ပေးပါ့မယ်... ။တစ်နာရီနေရင် ပုံမှန်တွေ့နေကျ နေရာမှာပဲ တွေ့ကြတာပေါ့...။"
ရှီရွှမ်းက ခေါင်းငြိမ့်ပြရင်း၊
"ကောင်းပြီလေ...။"
ယွမ်ရီဟွေး ထွက်သွားပြီးနောက်၊ ရှီရွှမ်းသည် ကုန်တိုက်ကြီး၏ အနောက်ဘက်သို့ မောင်းနှင်သွား ခဲ့လေသည်။
ရိက္ခာများ ရှားပါးပြတ်လပ်နေသဖြင့် ကုန်တိုက်ကြီးသို့ လာရောက်သူ အနည်းငယ်သာ ရှိလေသည်။ သို့သော်လည်း တရားဝင် ဆေးရုံမှာ ကုန်တိုက်ကြီး၏ အပေါ်ဆုံးထပ်တွင် တည်ရှိနေသောကြောင့်၊ ဤနေရာတစ်ဝိုက်တွင် စစ်သားများစွာ ကင်းလှည့်နေတတ်ကြ၏။
ပြဿနာများကို ရှောင်ရှားနိုင်ရန်အတွက်၊ သူတို့သည် ကုန်သွယ်မှုများကို စစ်သားများ ကင်းလှည့်ရာ ဧရိယာနှင့် ကင်းလွတ်သော ကုန်တိုက်၏ အနောက်ဘက်တွင်သာ အမြဲတစေ ပြုလုပ်လေ့ရှိကြသည်။ ထိုနေရာဝန်းကျင်၌ စစ်သားများ မရှိသကဲ့သို့၊ မည်သူမျှလည်း အကြောင်းမဲ့သက်သက် ဤနေရာသို့ လာရောက်ကြမည် မဟုတ်ချေ။
တစ်နာရီခန့် စောင့်ဆိုင်းပြီးနောက်၊ ယွမ်ရီဟွေးသည် ရိက္ခာအသုံးအဆောင်များ အပြည့်တင်ဆောင် ထားသော စက်လှေနှစ်စင်းဖြင့် ရောက်ရှိလာခဲ့လေသည်။
သူက လုံယုနှင့် အခြားသူများကို ပြုံးပြကာ ပြောလေ၏။
"အစ်ကိုလုံ...၊ ပစ္စည်းတွေကို အရင် စစ်ဆေးချင်သေးလား...။"
လုံယုက ခေါင်းငြိမ့်ပြရင်း၊
"အင်း...။"
သူ၏ စကားအဆုံးတွင် ရှီရွှမ်းနှင့် ဟွမ်ချန်တို့သည် အခြားလှေများပေါ်သို့ ခုန်ကူးကာ ပစ္စည်းများကို စစ်ဆေးလိုက်ကြလေသည်။ အရာအားလုံးကို တွက်ချက်စစ်ဆေးပြီးနောက်၊ သူတို့နှစ်ဦးသည် လုံယုကို ခေါင်းငြိမ့်ပြလိုက်ကြလေ၏။
ငါးအိတ်များကို ကြည့်ရင်း၊ ယွမ်ရီဟွေး၏ စိတ်ထဲ၌ ဤငါးအသုတ်က သူ၏ အဖွဲ့အတွက် အမြတ်အစွန်း မည်မျှ ယူဆောင်လာပေးနိုင်မည်ကို တွက်ချက်နေလေသည်။
အရည်အသွေးနှင့် အရေအတွက်မှာ မှန်ကန်နေသဖြင့် ကုန်သွယ်မှုမှာ လျင်မြန်စွာ ပြီးဆုံးသွားခဲ့ လေသည်။
ယွမ်ရီဟွေးက ပြုံးရင်း ပြောလေသည်။
"အစ်ကိုလုံ...၊ ခင်ဗျားတို့ဆီမှာ ငါးတွေ ထပ်ရှိသေးရင်၊ ကျွန်တော့်ကို လာရှာဖို့ ဒီနေရာကိုသာ လာခဲ့ လိုက်ပါ...။"
လုံယုသည် သူ့အား မည်သည့် ကတိမျှ မပေးဘဲ ခေါင်းငြိမ့်ပြလိုက်ရုံသာ လုပ်လေသည်။
"အင်း..."
သူတို့နောက်သို့ မည်သူမျှ လိုက်ပါလာခြင်း မရှိကြောင်း အတည်ပြုပြီးနောက်၊ သူတို့သည် ထွက်ခွာ လာခဲ့ကြပြီး လင်းယွမ်တိုက်ခန်းအဆောက်အအုံသို့ ပြန်လာခဲ့ကြလေသည်။ သူတို့သည် အထပ် (၁၉) သို့ အရင် ပြန်သွားကာ ချွမ်ယွမ်ဝေ့နှင့် စီမာယွမ်တို့၏ ဝေစုများကို ပေးလိုက်ပြီး၊ ကျန်ရှိနေသော ရိက္ခာများနှင့် ငါးများဖြင့် အထပ် (၂၀) သို့ ပြန်လာခဲ့ကြလေတော့သည်။
အိမ်သို့ ပြန်ရောက်ပြီးနောက်၊ ယောင်ရန်သည် ခန္ဓာကိုယ်မှ ညှီနံ့များကို ဆေးကြောရန် သူမ၏ နေရာလွတ် ထဲသို့ လျင်မြန်စွာ ဝင်ရောက်သွားခဲ့လေသည်။ နေရာလွတ် ထဲမှ ထွက်လာသောအခါ၊ သူမသည် ရိုးရှင်းသော အစားအစာကို စားသုံးလိုက်ပြီး စောစောပင် အိပ်ရာဝင်ခဲ့လေသည်။
နောက်တစ်နေ့တွင်၊ ယောင်ရန်သည် အတော်လေး နောက်ကျမှ နိုးလာခဲ့လေသည်။
မျက်နှာသစ်ပြီးနောက်၊ သူမသည် အပြင်ဘက်ရှိ အပူချိန်ကို စစ်ဆေးကြည့်လိုက်လေ၏။ အပူချိန်မှာ စင်တီဂရိတ် ဆယ့်ရှစ်ဒီဂရီအထိကျဆင်းသွားခဲ့ပြီဖြစ်ရာ၊ မိုးမကြာမီ တိတ်သွားတော့မည်ကို သူမ သိလိုက်လေသည်။
နံနက်စာ စားပြီးသည်နှင့် တစ်ပြိုင်နက်၊ မိုးရွာသွန်းမှု လျော့ပါးသွားကြောင်း ယောင်ရန် သတိပြုမိ လိုက်သည်။ ဤမြင်ကွင်းကို မြင်လိုက်ရသောအခါ၊ သူမ၏ ရင်ထဲတွင် လေးလံသွားခဲ့၏။ သည်းထန်စွာ ရွာသွန်းသော မိုးအပြီးတွင်၊ အလွန်အမင်း အေးစက်သော ရာသီဥတု ရောက်ရှိလာတော့မည် ဖြစ်လေ သည်။
အတိတ်ဘဝတွင်၊ အလွန်အမင်း အေးစက်သော ရာသီဥတုမှာ ရုတ်တရက် ရောက်ရှိလာခဲ့ခြင်း ဖြစ်သည်။ မရေမတွက်နိုင်သော လူများစွာသည် အိပ်ပျော်နေစဉ်မှာပင် သေဆုံးသွားခဲ့ကြပြီး၊ လူဦးရေ၏ ထက်ဝက်ခန့်မှာ တစ်ညတည်းနှင့် သေဆုံးသွားခဲ့ကြလေသည်။
နံနက်စာ စားပြီးနောက်၊ ယောင်ရန်သည် အပြင်သို့ မထွက်တော့ဘဲ လသာဆောင်နှင့် စိုက်ပျိုးရေး အခန်း များမှ အပင်များကို သူမ၏ နေရာလွတ် ထဲသို့ ရွှေ့ပြောင်းရန် ဆုံးဖြတ်လိုက်လေသည်။ သူမသည် အိပ်ခန်းထဲတွင်သာ ကြမ်းပြင်အောက် အပူပေးစနစ်ကို တပ်ဆင်ထားခဲ့ရာ၊ အလွန်အမင်း အေးစက်သော ရာသီဥတု ရောက်ရှိလာပါက အပင်များအားလုံး အေးခဲသွားပေလိမ့်မည်။
ယောင်ရန်သည် နေ့စဉ် လေ့ကျင့်ခန်း လုပ်ခြင်းကို ကျော်လွှားလိုက်ပြီး အလွန်အမင်း အေးစက်သော ရာသီဥတုအတွက် ကြိုတင် ပြင်ဆင်မှုများ ပြုလုပ်နေလိုက်၏။ သူမသည် နေရောင်ခြည်စွမ်းအင်သုံး ဂျင်နရေတာကို အိပ်ခန်းထဲသို့ ရွှေ့လိုက်ပြီး၊ လျှပ်စစ်အပူပေးစက်ကို အိပ်ခန်း၏ ထောင့်တစ်နေရာ၌ တပ်ဆင်လိုက်လေသည်။
ထို့နောက် သူမသည် မီးဖိုချောင်သို့ သွားကာ ဓာတ်ငွေ့မီးဖိုမှ ဓာတ်ငွေ့အိုးကို ဖြုတ်လိုက်ပြီး၊ အရာ အားလုံးကို သူမ၏ နေရာလွတ် ထဲသို့ ထည့်လိုက်ရာ မီးဖိုချောင်မှာ အလွတ်ကြီး ဖြစ်ကျန်ရစ်ခဲ့လေ သည်။
ထို့နောက်တွင်၊ သူမသည် နေရာလွတ် ထဲမှ ကျောက်မီးသွေးမီးဖို တစ်ခုကို ထုတ်ယူကာ ပြတင်းပေါက် အနီးတွင် ချထားလိုက်၏။ ကျောက်မီးသွေးမီးဖိုကို အသုံးပြုသည့်အခါ၊ လေဝင်လေထွက်ကောင်း စေရန် အပေါက်ငယ်တစ်ခုကို ဖွင့်ထားရန် လိုအပ်လေသည်။ ထိုသို့မဟုတ်ပါက၊ မီးခိုးငွေ့များက သူမကို အဆိပ်သင့်စေနိုင်ပေသည်။
ယောင်ရန်သည် အအေးဒဏ်ခံ အဝတ်အစား တစ်စုံကို ထုတ်ယူကာ အဝတ်ချိတ်ပေါ်တွင် ချိတ်ဆွဲထား လိုက်လေသည်။ သူမသည် အိပ်ရာခင်းကိုလည်း ပို၍ ထူထဲသောအရာဖြင့် လဲလှယ်လိုက်ပြီး၊ အထူစား စောင်တစ်ထည်နှင့် လျှပ်စစ်စောင် တစ်ထည်ကိုလည်း ထုတ်ယူလိုက်လေသည်။
အိပ်ခန်းထဲမှ မထွက်ခွာမီ၊ သူမသည် ထူထဲသော သားမွေးအင်္ကျီရှည်၊ အထူစား ဆွယ်တာနှင့် အနွေး ဘောင်းဘီ၊ နှင်းတောစီး ဖိနပ်များ၊ အနွေးမျက်နှာဖုံး၊ နားဖုံး၊ လက်အိတ်များနှင့် လည်စည်းတစ်ခုတို့ကို ထုတ်ယူလိုက်လေသည်။
အရာအားလုံး အသင့်ဖြစ်သွားသောအခါ၊ သူမသည် အပြင်သို့ ထွက်လာပြီး လသာဆောင်တွင် ထိုင်ကာ၊ အာလူးအိုးတစ်အိုးဖြင့် သူမ၏ သစ်သားစွမ်းအင်ကို လေ့ကျင့်ရင်း မိုးရွာနေသည်ကို ငေးကြည့်နေလိုက် လေ၏။
ညနေပိုင်းသို့ ရောက်သောအခါ၊ မိုးမှာ တဖြည်းဖြည်း တိတ်သွားပြီး ကောင်းကင်ကြီးမှာ ကြည်လင်သွား ခဲ့လေသည်။ လွန်ခဲ့သော နှစ်လအတွင်း၊ မရေမတွက်နိုင်သော လူများစွာမှာ ရေကြီးမှုနှင့် ငတ်မွတ် ခေါင်းပါးမှုတို့ကြောင့် သေဆုံးခဲ့ကြရပြီ ဖြစ်သည်။
ယောင်ရန်သည် အဝေးမှ နေဝင်ဆည်းဆာကို ကြည့်ရင်း သူမ၏ လက်များကို တင်းကြပ်စွာ ဆုပ်ကိုင် လိုက်လေသည်။
လသာဆောင်တွင် ထိုင်နေစဉ်၊ ယောင်ရန်သည် လူများ တစ်ယောက်ပြီးတစ်ယောက် သူတို့၏ လသာ ဆောင်များသို့ ထွက်လာကြကာ ကောင်းကင်ပေါ်ရှိ နေဝင်ဆည်းဆာကို မော်ကြည့်နေကြသည် ကို မြင်လိုက်ရ၏။ သူတို့သည် လှပသော ကောင်းကင်ကြီးကို ကြည့်နေစဉ်၊ အသက်ဝင်မှုမရှိ တော့သော သူတို့၏ မျက်ဝန်းများထဲတွင် မျှော်လင့်ချက်များ တဖြည်းဖြည်း ရှင်သန်လာခဲ့လေသည်။
စိတ်လှုပ်ရှားစွာ အော်ဟစ်နေကြသူများ၊ ရှိုက်ကြီးတငင် ငိုကြွေးနေကြသူများ၊ သို့မဟုတ် နေဝင်ဆည်း ဆာကို ငေးမောကြည့်နေကြသူများကို ယောင်ရန်က တည်ငြိမ်စွာ စောင့်ကြည့်နေလိုက်သည်။ သူတို့ ရှင်သန်နိုင်ရန်အတွက် မလွယ်ကူခဲ့ချေ။ သို့သော်လည်း၊ အနာဂတ်မှာ သူတို့ ထင်မှတ်ထားသလောက် တောက်ပနေမည် မဟုတ်ပေ။
သူမသည် ထိုနေရာတွင် အချိန်အတော်ကြာ ထိုင်နေပြီးမှ မတ်တပ်ရပ်လိုက်ကာ ပလတ်စတစ်အိတ် နှစ် အိတ်ထဲသို့ ဟင်းသီးဟင်းရွက်များ၊ အာလူးများနှင့် မှိုများကို အပြည့်ထည့်လိုက်လေသည်။ ထို့နောက် သူမသည် အင်္ကျီကို ဝတ်ဆင်ကာ အိတ်များကို ကိုင်ဆောင်၍ တိုက်ခန်းထဲမှ ထွက်လာခဲ့လေသည်။
သူမ တံခါးကို သော့ခတ်လိုက်ချိန်မှာပင်၊ လုံယုသည်လည်း သူ၏ တိုက်ခန်းထဲမှ ထွက်လာခဲ့လေသည်။
"ယောင်ရန်...၊ ငါ မင်းဆီ လာမလို့ပဲ...။"
ယောင်ရန်သည် နောက်သို့ လှည့်ကြည့်လိုက်ရာ သူ၏ လက်ထဲရှိ ထမင်းချိုင့်ကို တွေ့လိုက်ရ၏။ သူမ၏ လေးလံနေသော စိတ်အခြေအနေမှာ ရုတ်တရက် ပျောက်ကွယ်သွားပြီး၊ နွေးထွေးမှုတို့ဖြင့် အစားထိုး ဝင်ရောက်လာခဲ့လေသည်။
သူမသည် ထမင်းချိုင့်မှ မျက်လုံးများကို အပေါ်သို့ ပင့်ကာ လုံယုအား ပြုံးပြလိုက်လေသည်။
"တိုက်ဆိုင်လိုက်တာ...၊ ကျွန်မလည်း ရှင့်ဆီ ဟင်းသီးဟင်းရွက်တွေ လာပေးမလို့ပဲ...။"
လုံယုသည် အပြည့်ထည့်ထားသော ပလတ်စတစ်အိတ်များကို ကြည့်ကာ ပြောလေသည်။
"ငါ့ဆီမှာ ဟင်းသီးဟင်းရွက် တချို့ ကျန်နေသေးတယ်...။ အေးတဲ့ ရာသီဥတုမှာ ဟင်းသီးဟင်းရွက် စိုက်ပျိုးဖို့က မလွယ်ကူဘူးလေ...။ မင်းဘာသာမင်းပဲ သိမ်းထားလိုက်ပါ...။"
အချိန်ကို တွက်ချက်ကြည့်လိုက်ရာ၊ သူမ ပေးထားသော ဟင်းသီးဟင်းရွက် အများစုကို သူ စားသုံးပြီး သွားပြီ ဖြစ်ကြောင်း ယောင်ရန် သိထားလေသည်။ သူ ဘာကြောင့် ဤသို့ ပြောရသည်ကို သိလိုက်ရသ ဖြင့်၊ သူမ ဝမ်းသာသွားခဲ့လေသည်။
ယောင်ရန်သည် ပို၍ သေးငယ်သော ပလတ်စတစ်အိတ်ကို ကမ်းပေးလိုက်ရင်း ပြောလေသည်။
"ယူထားလိုက်ပါ...။ ကျွန်မ တစ်ယောက်တည်းလည်း အကုန်မစားနိုင်ပါဘူး၊ ဟင်းသီးဟင်းရွက်တွေ ကလည်း ရက်အနည်းငယ်ကြာရင် ပုပ်သွားလိမ့်မယ်...။"
လုံယုမှာ သူမ၏ စကားကို မငြင်းဆန်နိုင်တော့သဖြင့်၊ ပလတ်စတစ်အိတ်ကို ယူလိုက်ပြီး ထမင်းချိုင့်ကို သူမအား ကမ်းပေးလိုက်လေသည်။
"အရင်တုန်းက မင်းချက်တဲ့ ငါးနဲ့ ချင်းစွပ်ပြုတ်ကို ငါ သဘောကျလို့ စမ်းချက်ကြည့်ထားတယ်...။ မြည်းကြည့်ပါဦး...။"
"..."
*တောင်းပန်ပါတယ်...၊ ဒါပေမဲ့ ကျွန်မ မမြည်းကြည့်ရဲပါဘူး...။*