အခန်း ၁၃၇
Vol. 14 Ch. 137
အခန်း (၁၃၇)
အလွန်အမင်း အေးစက်သော ရာသီဥတု ရုတ်တရက် ရောက်ရှိလာခြင်း (၂)
ယောင်ရန်က ခေါင်းငြိမ့်ပြလိုက်ရာ လုံယုက သူမကို ဖြည်းညင်းစွာ အထဲသို့ တွန်းပို့လိုက်လေသည်။
"ငါ ခဏနေရင် ပြန်လာခဲ့မယ်...။"
သူက ခဏမျှ ရပ်တန့်သွားပြီးနောက် ထပ်မံပြောလိုက်လေ၏။
"တံခါးကို လော့မချထားနဲ့...။"
ထိုသို့ပြောပြီးနောက် သူသည် သူမအတွက် တံခါးကို ပိတ်ပေးလိုက်ပြီး သူ၏ မိတ်ဆွေများကို သွားနှိုးရန် ကမန်းကတမ်း ထွက်ခွာသွားလေသည်။ ပိတ်သွားသော တံခါးကို ကြည့်ရင်း ယောင်ရန်သည် တဖြည်း ဖြည်း သတိပြန်ဝင်လာခဲ့လေသည်။
ယခုလေးတင် ဖြစ်ပျက်ခဲ့သည်များကို ပြန်လည်သတိရမိသောအခါ၊ လုံယု၏ နွေးထွေးမှုနှင့် ရနံ့များ ကျန်ရစ်နေသေးသော လည်စည်းနှင့် သားမွေးအင်္ကျီတို့ကို သူမ ငုံ့ကြည့်လိုက်လေသည်။ နောက်တစ် စက္ကန့်တွင် သူမ၏ မျက်နှာမှာ ရဲနီသွားပြီး အိပ်ခန်းထဲသို့ လျင်မြန်စွာ ပြန်ဝင်သွားတော့သည်။
စင်္ကြံလမ်းထဲတွင်မူ လုံယုသည် အခန်းအမှတ် (၂၀၀၁) ၏ သံတံခါးကို ခေါက်ကာ သူ၏ မိတ်ဆွေများကို အော်ခေါ်နေဆဲပင် ဖြစ်၏။
"ရှီရွှမ်း...၊ ဟွမ်ချန်...၊ ကျားရှန်း...၊ ထကြတော့...။"
သူ၏ အဆက်မပြတ် အော်ဟစ်ကာ တံခါးခေါက်နေမှုကြောင့် နောက်ဆုံးတွင် ရှီရွှမ်း နိုးလာခဲ့လေသည်။ သူ မျက်လုံးဖွင့်လိုက်သည်နှင့် တစ်ပြိုင်နက် သူ၏ သွားများမှာ အချင်းချင်း ရိုက်ခတ်ကာ တုန်ယင်နေပြီး၊ အေးစက်သော လေထုက သူ၏ အဆုတ်များကို စူးရှနာကျင်သွားစေသည်ကို ခံစားလိုက်ရ၏။
ခြေလက်များမှ နာကျင်မှုကို ခံစားလိုက်ရသဖြင့် ရှီရွှမ်းသည် အိပ်ရာမှ ထကာ အထူစား အဝတ်အစား များကို လျင်မြန်စွာ ရှာဖွေဝတ်ဆင်လိုက်လေသည်။ ထို့နောက် သူသည် တံခါးရှိရာဘက်သို့ လှည့်ကာ တုန်ယင်သော အသံဖြင့် အော်ပြောလိုက်လေ၏။
"ငါ နိုးပြီ...၊ ငါ နိုးပြီ...။"
သူ တံခါးမဖွင့်မီ ရှီရွှမ်းသည် ဟွမ်ချန်ကို သွားနှိုးလိုက်ပြီး၊ အထူစား သားမွေးအင်္ကျီတစ်ထည်ကို သူ့ထံသို့ ပစ်ပေးလိုက်ကာ ပြောလိုက်လေသည်။
"အခြားသူတွေကို သွားနှိုးလိုက်ဦး...။ အပူချိန်တွေ ရုတ်တရက် အများကြီး ကျသွားပြီ...။"
ဟွမ်ချန်သည် သူ၏ ညီမ၊ တန်ချီချီနှင့် ကျားရှန်းတို့ကို သွားနှိုးရန် အခန်းထဲမှ ယိုင်နဲ့နဲ့ ထွက်သွားချိန်တွင်၊ ရှီရွှမ်းသည် လုံယုအတွက် တံခါးသွားဖွင့်ပေးလိုက်လေသည်။
တံခါးပွင့်သွားသည်နှင့် တစ်ပြိုင်နက် လုံယုက မေးလိုက်လေ၏။
"အားလုံး အဆင်ပြေကြရဲ့လား...။"
ရှီရွှမ်းမှာ အအေးဒဏ်ကြောင့် တုန်ယင်နေပြီး သူ၏ နှုတ်ခမ်းများမှာလည်း ဖြူရော်နေသော်လည်း သူ အဆင်ပြေနေသေး၏။ သူသည် အံကြိတ်ကာ ပြောလိုက်လေသည်။
"ငါ...၊ ငါတို့ အဆင်ပြေပါတယ်...။ အာချန်က အခြားသူတွေကို သွားနှိုးနေတယ်...။"
လုံယုက ခေါင်းငြိမ့်ပြရင်း ပြောလေသည်။
"ကျောက်မီးသွေးမီးဖိုကို မီးမွှေးထားလိုက်...။ ဘယ်သူမှ အအေးလောင်တာမျိုး မဖြစ်စေနဲ့...။"
"နားလည်ပြီ...။"
လူတိုင်း နိုးလာပြီးသောအခါ လုံယုသည် သူ၏ တိုက်ခန်းသို့ ပြန်လာခဲ့လေသည်။ သူသည် ယောင်ရန် အား သူ၏ လည်စည်းနှင့် သားမွေးအင်္ကျီကို ပေးထားခဲ့သဖြင့် ယခုအခါ ပါးလွှာသော စစ်အင်္ကျီတစ် ထည်ကိုသာ ဝတ်ဆင်ထားရ၏။ သူသည် အင်္ကျီနှစ်ထပ်ကို လျင်မြန်စွာ ထပ်ဝတ်လိုက်ပြီး ကျောက်မီး သွေးမီးဖိုကို မီးမွှေးလိုက်လေသည်။
အခန်းထဲသို့ ပြန်ရောက်သောအခါ ယောင်ရန်သည် ရေနွေးအိုးတစ်လုံးကို လျင်မြန်စွာ ထုတ်ယူလိုက်ပြီး ကျောက်မီးသွေးမီးဖိုကို မီးမွှေးလိုက်လေသည်။
ပြတင်းပေါက်ကို လေဝင်လေထွက်ရှိရန် အပေါက်ငယ်တစ်ခု ဖွင့်ထားလိုက်ပြီးနောက်၊ သူမသည် ကျောက်မီးသွေးသုံးတုံးကို မီးညှိကာ မီးဖိုအောက်တွင် ထည့်လိုက်၏။ ထို့နောက် မီးဖိုပေါ်သို့ ရေနွေး အိုးကို တင်ကာ ချင်းလက်ဖက်ရည် ဖျော်လိုက်လေသည်။
ကျောက်မီးသွေးမီးဖို ထပ်မံထည့်သွင်းလိုက်ခြင်းကြောင့် အိပ်ခန်း၏ အပူချိန်မှာ အနည်းငယ် မြင့်တက် လာသော်လည်း၊ အနုတ်ငါးဒီဂရီ စင်တီဂရိတ်တွင်သာ ရှိနေဆဲပင် ဖြစ်သည်။
ချင်းလက်ဖက်ရည် တစ်ခွက် သောက်ပြီးနောက် ယောင်ရန်သည် သာမိုမီတာကို ကိုင်ဆောင်ကာ ဧည့်ခန်းသို့ ထွက်လာခဲ့လေသည်။ သူမသည် သာမိုမီတာကို နံရံတွင် ချိတ်ဆွဲလိုက်ပြီး ဂဏန်းများ အဆက်မပြတ် လျော့ကျသွားသည်ကို စောင့်ကြည့်နေလိုက်ရာ၊ နောက်ဆုံးတွင် အနုတ်နှစ်ဆယ်ဒီဂရီ စင်တီဂရိတ်၌ ရပ်တန့်သွားသည်ကို တွေ့လိုက်ရလေသည်။
ဤသည်ကို မြင်သောအခါ သူမ၏ ရင်ထဲတွင် လေးလံသွားခဲ့လေသည်။ ဤအလွန်အမင်း အေးစက် သော ရာသီဥတုမှာ သူမ၏ အတိတ်ဘဝက ကြုံတွေ့ခဲ့ရသော အအေးဒဏ်ထက်ပင် ပို၍ အေးစက် နေခဲ့လေသည်။
သူမသည် လသာဆောင်သို့ လျှောက်သွားကာ အောက်ဘက်သို့ ငုံ့ကြည့်လိုက်ရာ၊ ရေလှောင်တမံ ကျိုးပေါက်သွားပြီးနောက် အထပ်ဆယ့်ခြောက်အထိ ရောက်ရှိလာသော ရေကြီးမှုမှာ၊ တစ်ညတွင်း ချင်းပင် မာကျောသော ရေခဲပြင်ကြီးအဖြစ်သို့ ပြောင်းလဲသွားကြောင်း တွေ့လိုက်ရလေသည်။
ယောင်ရန်သည် အေးစက်နေပြီဖြစ်သော ချင်းလက်ဖက်ရည်ခွက်ကို တင်းကြပ်စွာ ဆုပ်ကိုင်ထားရင်း သူမ၏ ရင်ထဲ၌ လေးလံမှုကို ခံစားနေခဲ့ရလေသည်။
ဤတစ်ကြိမ်တွင် လူမည်မျှ သေဆုံးကြမည်နည်း။ အနာဂတ်တွင် လူသားများ ကျန်ရှိနေဦးမည်လား။ လူသားမျိုးနွယ်အနေဖြင့် မျိုးဗီဇပြောင်းလဲနေသော သတ္တဝါများကို တိုက်ခိုက်ရန် လူအင်အား အလုံအ လောက် မရှိဘဲ နျူကလီးယား ရေဒီယိုသတ္တိကြွ အဆင့်ကို ဖြတ်ကျော်နိုင်ပါမည်လား။
လသာဆောင်တွင် ခဏမျှ ရပ်နေပြီးနောက်၊ ယောင်ရန်သည် အိပ်ခန်းထဲသို့ ဝင်ကာ ဓာတ်ဘူး ခြောက် ဘူးထဲသို့ ချင်းလက်ဖက်ရည်များ ထည့်လိုက်လေသည်။ သူမသည် ထိုဓာတ်ဘူးများကို သယ်ဆောင်ကာ သူမ၏ တိုက်ခန်းထဲမှ ထွက်လာခဲ့လေသည်။
အခန်းအမှတ် (၂၀၀၂) ၏ တံခါး ပွင့်နေသည်ကို မြင်သောအခါ၊ ယောင်ရန်သည် တိုက်ရိုက်ပင် ဝင်သွား လိုက်ရာ၊ ဧည့်ခန်းထဲမှ ပစ္စည်းများကို ဧည့်အိပ်ခန်းထဲသို့ ရွှေ့ပြောင်းနေသော လုံယုကို တွေ့လိုက်ရလေ သည်။
သူမ ဝင်လာသည်ကို မြင်သောအခါ သူက ပြောလိုက်၏။
"အပြင်မှာ အရမ်းအေးတယ်...၊ မင်း ထွက်မလာသင့်ဘူး...။"
ယောင်ရန်သည် မီးဖိုချောင် ကောင်တာပေါ်သို့ ဓာတ်ဘူးများကို တင်လိုက်ပြီး ပြောလေသည်။
"ကျွန်မ အဆင်ပြေပါတယ်...။ ရှင် ဘာတွေ လုပ်နေတာလဲ...။"
လုံယုသည် ခုတင်ပေါ်သို့ စောင်ကို ချလိုက်ပြီး ရှင်းပြလေ၏။
"အိပ်ခန်းမကြီးက အရမ်းကျယ်တော့ အပူပေးဖို့အတွက် ကျောက်မီးသွေးတွေ အများကြီး လိုတယ် လေ...။ ထင်းနဲ့ ကျောက်မီးသွေးကို ချွေတာဖို့အတွက် ပိုသေးတဲ့ ဧည့်အိပ်ခန်းကို ပြောင်းရွှေ့နေတာပါ ...။"
ယောင်ရန်က ခေါင်းငြိမ့်ပြလိုက်ပြီး၊
"ကျွန်မ ရှင့်အတွက် ချင်းလက်ဖက်ရည် ယူလာခဲ့တယ်...။ မီးဖိုချောင် ကောင်တာပေါ်မှာ တင်ထားခဲ့ မယ်...၊ အအေးဒဏ် ခံနိုင်အောင် သောက်လိုက်ဦး...။"
"ကောင်းပြီလေ...။"
သူ အလုပ်ရှုပ်နေသည်ကို မြင်သောအခါ ယောင်ရန်သည် ထွက်ခွာလာခဲ့ပြီး၊ ကျားရှန်းနှင့် အခြားသူ များထံသို့ ချင်းလက်ဖက်ရည် သွားပေးလေသည်။
ဟွမ်ချန် တံခါးလာဖွင့်ပေးသောအခါ ယောင်ရန်မှာ အံ့အားသင့်သွားခဲ့ရ၏။ သူမသည် ခရမ်းရောင် သန်းနေသော သူ၏ နှုတ်ခမ်းများနှင့် တောင့်တင်းနေသော ခြေလက်များကို ကြည့်ကာ အထဲသို့ လျင်မြန်စွာ ဝင်သွားလိုက်လေသည်။
ယောင်ရန်က သူ့အား ဓာတ်ဘူးတစ်ဘူး ကမ်းပေးရင်း ပြောလိုက်သည်။
"ဒါကို မြန်မြန် သောက်လိုက်...။"
ဟွမ်ချန်မှာ တုန်ယင်နေပြီး စကားပင် မပြောနိုင်တော့ချေ။ သူသည် ဓာတ်ဘူးကို လျင်မြန်စွာ ဖွင့်လိုက် ၏။ အတွင်းမှ အငွေ့တထောင်းထောင်း ထနေသော ချင်းလက်ဖက်ရည်ကို မြင်လိုက်ရသောအခါ၊ သူ သည် မျက်ရည်ကျမတတ် ဝမ်းသာသွားပြီး လျင်မြန်စွာ သောက်ချလိုက်လေသည်။
အအေးဒဏ်ကြောင့် သူ၏ လျှာမှာ ထုံကျင်နေပြီး အာရုံခံစားမှုများလည်း ထိုင်းမှိုင်းနေခဲ့၏။ အငွေ့တ ထောင်းထောင်း ထနေသော ချင်းလက်ဖက်ရည်ကို သောက်နေစဉ်မှာပင်၊ ဟွမ်ချန်သည် မည်သည့် အရာကိုမျှ မခံစားရပေ။
သူသည် ဆိုဖာပေါ်တွင် ကွေးကွေးလေး ထိုင်ကာ တုန်ယင်နေရင်း ချင်းလက်ဖက်ရည်ကို သောက်နေစဉ်၊ ယောင်ရန်သည် အခြားသူများကို သွားရောက် ရှာဖွေလေသည်။ စောစောနိုးနေသော ရှီရွှမ်းမှလွဲ၍ အခြားလူတိုင်းမှာ ဟွမ်ချန်နှင့် အလားတူ အခြေအနေမျိုး ရှိနေကြ၏။
ယောင်ရန်သည် သူတို့ကို ချင်းလက်ဖက်ရည် တိုက်ပြီး သူတို့၏ သွေးခုန်နှုန်းကို စစ်ဆေးကြည့်လိုက် လေသည်။ သူတို့ အဆင်ပြေကြောင်း သေချာသွားပြီးနောက်မှ သူမသည် သက်ပြင်းချနိုင်တော့သည်။
ထိုအတောအတွင်း ရှီရွှမ်းသည် ဧည့်ခန်းထဲတွင် ကျောက်မီးသွေးမီးဖို နှစ်ခုကို မီးမွှေးလိုက်ပြီး၊ ခြောက် ဦးသား ဆိုဖာပေါ်တွင် ထိုင်ကာ အနွေးဓာတ် ယူနေကြလေသည်။
အထူစား သားမွေးအင်္ကျီကို ခြုံထားသော ဟွမ်ကျိဟွေးက သူမ၏ အစ်ကိုဖြစ်သူကို ကြည့်ကာ ပြောလေ သည်။
"အစ်ကိုကြီး...၊ အစ်ကို့ပါးစပ်က တကယ်ပဲ ဂြိုဟ်ပါးစပ်ပဲ...။"
ဟွမ်ချန်သည် သူ၏ ညီမကို တစ်ချက် စွေကြည့်လိုက်သော်လည်း၊ အလွန်အမင်း ချမ်းအေးနေသဖြင့် စကားမပြောနိုင်ဘဲ သူမ၏ စကားကို ပြန်လည်မချေပနိုင်ခဲ့ချေ။
သူတို့ အဆင်ပြေနေပြီဖြစ်ကြောင်း မြင်သောအခါ၊ ယောင်ရန်သည် သူတို့ ဆေးကြောပေးထားသော ဓာတ်ဘူးခွံ ငါးဘူးကို ယူလိုက်ပြီး ပြောလေသည်။
"ကျွန်မ ချင်းလက်ဖက်ရည်တွေ အများကြီး ဖျော်ထားတယ်...။ သောက်လို့ ကုန်သွားရင် နောက်ထပ် ယူဖို့ ကျွန်မဆီ လာခဲ့ကြပါ...။"
အခြားသူများက သူမကို ကျေးဇူးတင်စကား ဆိုကြပြီး ယောင်ရန် ထွက်ခွာလာခဲ့လေသည်။ အခန်း အမှတ် (၂၀၀၂) ၏ တံခါးမှာ ပွင့်နေဆဲဖြစ်သည်ကို မြင်သောအခါ၊ ယောင်ရန်သည် အထဲသို့ ဝင်သွား လိုက်ပြီး မေးလိုက်လေ၏။
"လုံယု...၊ ဘာလို့ တံခါးကို မပိတ်ထားတာလဲ...။"
လုံယုမှာ ဧည့်အိပ်ခန်းသို့ ပရိဘောဂများကို ရွှေ့ပြောင်းပြီးကာစဖြစ်ပြီး ပြောလေသည်။
"ငါ အခုလေးတင် ဧည့်ခန်းထဲမှာ ကျောက်မီးသွေးမီးဖို မီးမွှေးထားတာမို့လို့၊ လေဝင်လေထွက် ကောင်းအောင် တံခါးကို ဖွင့်ထားလိုက်တာပါ...။"