အခန်း ၁၃၈
Vol. 14 Ch. 138
အခန်း (၁၃၈)
မင်း င့ါကို စိတ်ပူပေးမှာလား
ယောင်ရန်သည် လုံယုထံသို့ လက်ကမ်းပေးလိုက်ပြီး ပြောလေသည်။
"ရှင့် သွေးခုန်နှုန်းကို ကျွန်မ စမ်းကြည့်ပါရစေ...။ ကျားရှန်းနဲ့ အခြားသူတွေရဲ့ အခြေအနေကို အခုလေး တင် ကျွန်မ သွားစစ်ကြည့်ပြီးပြီ...။ ကံကောင်းထောက်မစွာနဲ့ပဲ သူတို့အားလုံး အဆင်ပြေကြပါတယ်...။"
လုံယုက မည်သည့်စကားမှ မဆိုဘဲ၊ သူမကို သွေးခုန်နှုန်း စမ်းသပ်ခွင့် ပြုရန် သူ၏ လက်ကောက်ဝတ်ကို ဆန့်ထုတ်ပေးလိုက်လေသည်။
တစ်မိနစ်ခန့် အကြာတွင်၊ ယောင်ရန်သည် သူမ၏ လက်ကို ရုပ်သိမ်းလိုက်ပြီး ပြောလေသည်။
"အအေးဒဏ်က ရှင့် ခန္ဓာကိုယ်ထဲကို စိမ့်ဝင်သွားပြီပဲ.... ကျွန်မ ရှင့်အတွက် ဆေးဖော်ပေးပါ့မယ်...၊ အဲဒါလေး သောက်လိုက်ရင် အဆင်ပြေသွားမှာပါ...။"
လုံယုက ခေါင်းငြိမ့်ပြရင်း၊
"အင်း..."
သူ၏ ပါးလွှာသော စစ်အင်္ကျီကို ကြည့်လိုက်သောအခါ၊ သူမသည် သူ၏ သားမွေးအင်္ကျီနှင့် လည်စည်း ကို ဝတ်ဆင်ထားဆဲ ဖြစ်ကြောင်း ယောင်ရန် သတိရသွားလေသည်။ သူမသည် လျင်မြန်စွာ ချွတ်လိုက် ပြီး ပြန်ပေးလိုက်လေ၏။
သူမ လက်ကို မရွှေ့နိုင်မီမှာပင်၊ လုံယုက သူမကို တားမြစ်လိုက်ပြီး ပြောလေသည်။
"ယူထားလိုက်ပါ...၊ ငါ့ဆီမှာ သားမွေးအင်္ကျီတွေ အများကြီး ရှိသေးတယ်...။"
ယောင်ရန်မှာ အထူစား ဆွယ်တာနှင့် အင်္ကျီအောက်တွင် အပူချိန်ထိန်း အဝတ်အစားကို ဝတ်ဆင်ထား လေသည်။ သူမ၏ နေရာလွတ် ထဲတွင် ဆောင်းရာသီ အဝတ်အစားများစွာ ရှိနေသေးသဖြင့်၊ သူမက ခေါင်းယမ်းလိုက်ပြီး လည်စည်းကို လုံယု၏ လည်ပင်းတွင် ပြန်လည် ရစ်ပတ်ပေးလိုက်၏။
သူမက မျက်မှောင်ကြုတ်ကာ ပြောလိုက်လေသည်။
"ကျွန်မဆီမှာ ဆောင်းရာသီ အဝတ်အစားတွေ အများကြီး ရှိတယ်...။ ရှင် ပိုပြီး ထူထူထဲထဲ ဝတ်သင့် တယ်...၊ ရှင် ဖျားသွားရင် ရှီရွှမ်းနဲ့ အခြားသူတွေ စိတ်ပူနေရလိမ့်မယ်...။"
လုံယုသည် သူမအား လည်စည်းကို ချည်နှောင်ခွင့် ပြုလိုက်ပြီး တိုးညင်းစွာ မေးလိုက်လေသည်။
"ရှီရွှမ်းနဲ့ အခြားသူတွေချည်းပဲလား...။"
ယောင်ရန်မှာ သူ ဆိုလိုသည့် အဓိပ္ပာယ်ကို နားမလည်သဖြင့် မျက်လုံးများကို ပင့်ကာ မသိမသာ မေးလိုက်မိ၏။
"ဘာလဲ..."
လုံယုက သူမကို နူးညံ့ညင်သာစွာ ကြည့်ကာ တိုးညင်းသော အသံဖြင့် ထပ်မံမေးလိုက်လေသည်။
"ငါသာ ဖျားသွားရင် ရှီရွှမ်းနဲ့ အခြားသူတွေပဲ ငါ့ကို စိတ်ပူကြမှာလား...၊ မင်းကရော...၊ မင်း ငါ့ကို စိတ်ပူပေးမှာလား...။"
သူ၏ မေးခွန်းများကို ကြားပြီးနောက် ယောင်ရန်မှာ ခဏမျှ မှင်သက်သွားလေသည်။ သူမသည် သားမွေးအင်္ကျီကို လျင်မြန်စွာ ကမ်းပေးလိုက်ပြီး ထိတ်လန့်တကြားဖြင့် ပြောလိုက်၏။
"ကျွန်...၊ ကျွန်မ...၊ ကျွန်မ ပြန်ပြီး ရှင့်အတွက် ဆေးသွားဖျော်လိုက်ဦးမယ်...။"
လုံယု၏ အဖြေကိုပင် မစောင့်တော့ဘဲ၊ သရဲတစ္ဆေတစ်ကောင်က လိုက်ဖမ်းနေသကဲ့သို့ သူမသည် ကမန်းကတမ်း ပြေးထွက်သွားတော့သည်။ အိမ်သို့ ရောက်သောအခါ၊ ယောင်ရန်သည် အထူစား စောင်အောက်တွင် ဝင်ရောက် ပုန်းအောင်းနေလိုက်လေသည်။
သူမအနေဖြင့် မည်သူနှင့်မျှ ချစ်သူ မဖြစ်ခဲ့ဖူးသော်လည်း၊ လန်လီဖေးတစ်ယောက် အမျိုးသားများစွာကို မြှူဆွယ်ကာ ချစ်သူများအဖြစ် တွဲခဲ့သည်ကို သူမ မြင်တွေ့ခဲ့ဖူးလေသည်။
ယောင်ရန်အနေဖြင့် ယခင်က သေချာမှု မရှိခဲ့ပါက၊ ယခုလေးတင် လုံယု၏ စကားများကို ကြားပြီး နောက်တွင်မူ၊ လုံယုက သူမအပေါ် ခံစားချက်များ ရှိနေကြောင်း သေချာသွားခဲ့လေသည်။ သို့သော် လည်း သူက ပွင့်ပွင့်လင်းလင်း မပြောခဲ့သကဲ့သို့၊ သူမကလည်း ထုတ်မမေးရဲခဲ့ပေ။
စိတ်တည်ငြိမ်သွားပြီးနောက်၊ ယောင်ရန်သည် အတွေးများထဲတွင် နစ်မျောကာ ခုတင်ပေါ်၌ ခံစားချက် ကင်းမဲ့စွာ ထိုင်နေလိုက်၏။ အချိန်အတော်ကြာ တိတ်ဆိတ်သွားပြီးနောက်၊ သူမသည် မိမိ၏ လက်များ ကို ကြည့်ကာ သူမ၏ အတိတ်ဘဝကို ပြန်လည် သတိရမိသွားလေသည်။
သူမ၏ ရင်ထဲတွင် တောက်လောင်လာသော မီးပွင့်လေးပေါ်သို့ ရေအေးများ လောင်းချလိုက်သကဲ့သို့၊ ပျော်ရွှင်မှုနှင့် ရှက်သွေးဖြာမှုတို့မှာ ချက်ချင်းပင် ပျောက်ကွယ်သွားတော့သည်။
သူမက မိမိကိုယ်ကိုယ် ရွံရှာသော အရိပ်အယောင်များဖြင့် တိုးတိတ်စွာ ရယ်မောလိုက်ပြီး တီးတိုးရေ ရွတ်လိုက်လေသည်။
"အမှောင်ထုထဲမှာ နေထိုင်ရတဲ့သူက အလင်းရောင်ကို မတောင့်တသင့်ဘူး...။"
စိတ်တည်ငြိမ်သွားပြီးနောက်၊ ယောင်ရန်သည် ဆေးအိုးတစ်အိုးကို ထုတ်ယူကာ လုံယုအတွက် တရုတ် တိုင်းရင်းဆေး တစ်ထုပ်ကို ကျိုချက်လိုက်လေသည်။
ဆေးရည်ကို ကျောက်မီးသွေးမီးဖိုပေါ်တွင် တည်ထားစဉ်၊ ယောင်ရန်သည် ဆေးပညာစာအုပ် တစ်အုပ် ကို ထုတ်ယူကာ ဖတ်ရှုနေရင်း ဆေးအိုးကိုလည်း တစ်ခါတစ်ရံ စစ်ဆေးကြည့်နေလိုက်၏။
မိနစ်နှစ်ဆယ် ကြာပြီးနောက်၊ ဆေးရည်မှာ အသင့်ဖြစ်သွားခဲ့လေသည်။ သူမသည် ဆေးရည်ကို ဓာတ်ဘူးတစ်ဘူးထဲသို့ ထည့်ကာ လုံယုထံသို့ သွားပို့ပေးလိုက်သည်။
သူမ လာရောက်လည်ပတ်ချိန်တွင် သူမ၏ တည်ငြိမ်နေသော မျက်နှာထားကို မြင်သောအခါ၊ လုံယု၏ မျက်ဝန်းများမှာ အနည်းငယ် မှေးမှိန်သွားခဲ့လေသည်။ သူ အနည်းငယ် စိတ်ပျက်သွားသော်လည်း၊ သူမ ကို ပြုံးပြကာ ဆေးအတွက် ကျေးဇူးတင်စကား ပြောလိုက်လေသည်။
ယောင်ရန်သည် သူ ဆေးသောက်ပြီးသည်အထိ စောင့်ဆိုင်းနေပြီးနောက် ပြောလိုက်လေသည်။
"မိုးလင်းဖို့ နာရီအနည်းငယ် လိုသေးတယ်...။ မနက်ကျရင် နောက်တစ်ကြိမ် ဆေးလာပို့ပေးပါ့မယ်...။ အအေးဒဏ်တွေ ချွေးနဲ့အတူ ထွက်သွားအောင် အိပ်တဲ့အခါ အဝတ်အစားတွေ ထူထူ ခြုံအိပ်ရ မယ်နော်...။"
လုံယုက ခေါင်းငြိမ့်ပြရင်း၊
"အင်း... နားလည်ပါပြီ...။"
အိမ်သို့ ပြန်ရောက်ပြီးနောက်၊ ယောင်ရန်သည် နွေးထွေးသော ခုတင်ပေါ်သို့ တက်ကာ ဆက်လက် အိပ်စက်လိုက်လေသည်။
နောက်တစ်နေ့ နံနက်တွင်၊ သူမ နိုးလာပြီး ပြတင်းပေါက် ကန့်လန့်ကာများကို ဖွင့်ကာ အပြင်ဘက်တွင် ဘာတွေဖြစ်နေသနည်း ဆိုသည်ကို ကြည့်ရှုလိုက်၏။ အပြင်ဘက်ရှိ ဖြူလွှလွှ မြင်ကွင်းကို ကြည့်ရင်း ယောင်ရန်သည် မျက်မှောင်အနည်းငယ် ကြုတ်လိုက်လေသည်။
မှိုင်းညို့နေသော ကောင်းကင်ကြီးမှ သည်းထန်သော နှင်းများ ကျဆင်းလာပြီး၊ အေးစက်သော ကမ္ဘာ မြေကြီးကို ထူထဲသော ရေခဲလွှာများဖြင့် ဖုံးလွှမ်းသွားစေလေသည်။ နှင်းများမှာ အလွန်စောစီးစွာ ကျဆင်းလာခဲ့၏။ သူမ၏ အတိတ်ဘဝတွင်မူ၊ အလွန်အမင်း အေးစက်သော ရာသီဥတု ရောက်ရှိလာပြီး တစ်လအကြာမှသာ နှင်းကျခဲ့ခြင်း ဖြစ်သည်။
အလွန်အမင်း အေးစက်သော ရာသီဥတု မရောက်ရှိလာမီကတည်းက၊ ရေကြီးမှုမှာ အထပ် (၁၆) ၏ ထက်ဝက်ခန့်ကို ဖုံးလွှမ်းထားပြီးဖြစ်ရာ၊ ရေကြီးမှုမှာ တစ်ညတွင်းချင်း အေးခဲသွားသောအခါ အထပ် (၂၀) မှာ မြေပြင်မှနေ၍ လေးထပ်မြောက် ဖြစ်သွားခဲ့လေသည်။
ယောင်ရန်သည် သူမ၏ နေရာလွတ် ထဲမှ မှန်ပြောင်းကို ထုတ်ယူကာ ပတ်ဝန်းကျင်ကို အကဲခတ် ကြည့်လိုက်၏။ ဘေးပတ်လည်ကို ကြည့်လိုက်ရာ၊ အရာအားလုံးမှာ ထူထဲသော နှင်းများဖြင့် ဖုံးလွှမ်း နေပြီး တိတ်ဆိတ်နေသော ကမ္ဘာကြီးမှာ အဖြူရောင်အဖြစ်သို့ ပြောင်းလဲသွားခဲ့လေသည်။
နှစ်မိနစ်အကြာတွင်၊ အဆောက်အအုံ (၁) မှ လူနှစ်ဦး ထွက်လာသည်ကို သူမ မြင်လိုက်ရသည်။ သူတို့ သည် ပါးလွှာသော အင်္ကျီများကို ဝတ်ဆင်ထားပြီး အအေးဒဏ်ကြောင့် တုန်ယင်နေကြ၏။ တိုက်ခန်း အဆောက်အအုံမှ ထွက်ခွာလာပြီးနောက်၊ သူတို့သည် မီတာနှစ်ရာခန့် လျှောက်သွားကာ နှင်းပြင်ပေါ် တွင် ဆောင့်ကြောင့် ထိုင်ချလိုက်ကြလေသည်။
သူတို့ နှင်းများကို ရှင်းလင်းကာ ထူထဲသော ရေခဲပြင်ပေါ်တွင် စက်ဝိုင်းတစ်ခု ဆွဲပြီး ထိုနေရာကို စတင် တူးဆွနေသည်ကို ယောင်ရန် စောင့်ကြည့်နေလိုက်၏။ အောက်ဘက်ရှိ လူနှစ်ဦးသည် ထူထဲသော ရေခဲပြင်ကို အချက်တစ်ဒါဇင်ခန့် အဆက်မပြတ် ရိုက်နှက်ကြသော်လည်း မခွဲနိုင်ကြချေ။
အောက်ဘက်ရှိ လူနှစ်ဦး ရုန်းကန်နေရသည်ကို သူမ ကြည့်နေစဉ်၊ တိတ်ဆိတ်နေသော ပတ်ဝန်းကျင်မှ ရင်ကွဲမတတ် ငိုကြွေးသံများ ရုတ်တရက် ထွက်ပေါ်လာခဲ့လေသည်။
မနေ့ညက အပူချိန်မှာ ရုတ်တရက် အလွန်အမင်း ကျဆင်းသွားခဲ့ရာ လူများစွာသည် အိပ်ပျော်နေစဉ် မှာပင် သေဆုံးသွားကြပေလိမ့်မည်။ ငိုကြွေးသံများကို ကြားရသော်လည်း၊ ယောင်ရန်၏ မျက်နှာပေါ် တွင် မည်သည့် ခံစားချက်ကိုမျှ မတွေ့ရချေ။
ခန္ဓာကိုယ် အပူချိန် ကျဆင်းခြင်းမှာ လူများကို သတိလစ်မေ့မြောသွားစေနိုင်ပြီး၊ လျင်မြန်စွာ နွေးထွေး အောင် မပြုလုပ်နိုင်ဘဲ အပူပေးစရာတစ်ခုကို မရှာဖွေနိုင်ပါက ထိုအခြေအနေမှ ဘယ်တော့မှ ပြန်လည် နိုးထလာနိုင်တော့မည် မဟုတ်ပေ။
အပြင်ဘက်တွင်လည်း အေးသကဲ့သို့ အိမ်ထဲတွင်လည်း အေးစက်နေလေသည်။ မည်သူမျှ အပြင်သို့ မထွက်ရဲကြချေ။ အပြင်သို့ ထွက်သွားသည်နှင့် တစ်ပြိုင်နက် အအေးလောင်ခြင်းကို ခံရပေလိမ့်မည်။ ပါးလွှာသော အဝတ်အစားများ ဝတ်ဆင်ထားသူများမှာ ခန္ဓာကိုယ် အပူချိန် ကျဆင်းမှုဒဏ်ကို ခံစားရပြီး ထိုနေရာ၌ပင် အေးခဲကာ သေဆုံးသွားကြမည် ဖြစ်၏။
အဆောက်အအုံ (၁) မှ လူနှစ်ဦးမှာ အချိန်အတော်ကြာ ရုန်းကန်နေကြပြီးမှ တုန်ယင်ကာ ရံဖန်ရံခါ ချော်လဲရင်း အဆောက်အအုံ (၁) သို့ ပြန်သွားသည်ကို သူမ စောင့်ကြည့်နေလိုက်လေသည်။ သူတို့ နောက်ဆုံးတွင် လက်လျှော့သွားကြသည်ကို မြင်သောအခါ၊ ယောင်ရန်သည် ကန့်လန့်ကာများကို ပိတ်လိုက်ပြီး သူမ၏ နေရာလွတ် ထဲသို့ ဝင်ရောက်သွားခဲ့လေသည်။
ရေချိုးပြီးနောက်၊ သူမသည် အပူချိန်ထိန်း အဝတ်အစားကို ဝတ်ဆင်ကာ ၎င်း၏အပေါ်မှ ဆောင်းရာသီ အဝတ်အစား တစ်စုံကို ထပ်ဝတ်လိုက်ပြီး၊ ထို့နောက် အထူစား ဆောင်းရာသီ အင်္ကျီ၊ လက်အိတ်များ၊ ခြေအိတ်များ၊ ဆောင်းတွင်းစီး ဖိနပ်များနှင့် နားဖုံးများကို ဝတ်ဆင်လိုက်၏။ အသင့်ဖြစ်သွားသောအခါ ယောင်ရန်သည် နေရာလွတ် ထဲမှ ထွက်လာပြီး သူမ၏ အိပ်ခန်းထဲ၌ ပေါ်လာခဲ့လေသည်။
ရာသီဥတု အေးသောအခါ၊ လူအများစုမှာ စပ်သော အစားအစာများနှင့် အသားများကို စားသုံးလိုကြ လေသည်။