လနန်းတော်ပုံရိပ်
Vol. 2 Ch. 11
ပြက္ခဒိန်အရ ကမ္ဘာဦးချီများ ပြန်လည်နိုးထလာမည့်အချိန်သည် နီးကပ်လာခဲ့လေပြီ၊၊
နှစ်သစ်ကူးအကြိုညတွင် ဝမ်ရှန်းသည် ပြတင်းပေါက်အပြင်မှ လွင့်ပျံနေသော နှင်းပွင့်များကို ကြည့်ရင်း စီနီယာအစ်မချက်ကျွေးသည့် ကြက်ဥခေါက်ဆွဲကို မြိန်ယှက်စွာ စားနေမိသည်။ စားရင်းဖြင့် သူ၏ အရင်ဘဝတုန်းက ဖတ်ခဲ့ဖူးသည့် သုံးသပ်ချက်စာစုများကိုလည်း ပြန်တွေးနေမိ၏။
လနန်းတော်ပုံရိပ်သည် နှစ်သစ်ကူးပြီးနောက် ပထမဆုံးလပြည့်ညဖြစ်သည့် မီးထွန်းပွဲတော်ကျင်းပချိန်လောက်တွင် ပေါ်လာနိုင်ပြီး ထိုနောက်ပိုင်း၌ ကောင်းကင်နှင့် မြေကြီး၏ ကမ္ဘာဦးချီများ အရှိန်အဟုန်ဖြင့် ပြန်လည်နိုးထလာပေလိမ့်မည်။ ထိုအချိန်အထိ နှစ်ပတ်သာ လိုတော့ရာ ဝမ်ရှန်းအနေဖြင့် ဘာကိုပြင်ဆင်ထားရမည်မှန်း သေချာမသိသေးပေ။
လွန်ခဲ့သော ခြောက်လအတွင်း သူရရှိခဲ့သည့် အရာများမှာ မျှော်လင့်ထားသည်ထက်ပင် ကျော်လွန်နေခဲ့ပြီ ဖြစ်သည်။ အမှန်စင်စစ် ဝူတန်းတောင်သို့ မလာခင်က ဤအခြေအနေမျိုးကို သူ အိပ်မက်ပင် မမက်ရဲခဲ့ပေ။
သူ၏ ထူးချွန်သောဆရာသည် တာအိုလမ်းစဉ်ကို လမ်းညွှန်ပြသပေးရုံသာမက သူ၏ အရိုးအဆစ်များကို ပြုပြင်ပေးပြီး ကိုယ်တွင်းအကြောများကိုလည်း ပွင့်သွားအောင် မကြာခဏ ကူညီပေးခဲ့သည်။ ယခုအခါ ဝမ်ရှန်းသည် ချီ၏ အရိပ်အယောင် အနည်းငယ်ကိုပင် ခံစားသိရှိနေရပြီဖြစ်ရာ ၎င်းသည် နှစ်ပေါင်းများစွာ ခက်ခက်ခဲခဲ အားထုတ်ရမည့် အလုပ်ကို သက်သာစေခဲ့ခြင်းပင်။
အရေးကြီးဆုံးမှာ ခုနှစ်စင်ကြယ်ဓားအစီအရင်ကို လေ့ကျင့်ရာတွင် သိသိသာသာတိုးတက်လာခြင်းဖြစ်သည်။ ကမ္ဘာဦးချီများ ပေါကြွယ်ဝခဲ့သည့် အရင်ဘဝက ငါးနှစ်ကြာ မျက်ကန်းတောတိုးလေ့ကျင့်ခဲ့ရမှုထက်စာရင် ယခု ချီမရှိသေးဘဲ ခြောက်လကြာ လေ့ကျင့်ခဲ့ရသည့် ရလဒ်က ပိုမိုသာလွန်သည်ဟု ဝမ်ရှန်း ခံစားနေရသည်။
ကျန်ရှိနေသော အချိန်အတောအတွင်း သူ ဘာတွေ ထပ်ပြင်ဆင်နိုင်သေးသနည်း၊၊
တကယ်တော့ သူလုပ်နိုင်သည်မှာ လနန်းတော်ပုံရိပ် ပေါ်လာမည့်အချိန်ကို ငြိမ်သက်စွာ စောင့်ဆိုင်းနေရုံသာ ရှိတော့သည်။ ကမ္ဘာကြီးကို တစ်ညတည်းနှင့် အခြားခေတ်တစ်ခေတ်သို့ ကူးပြောင်းပေးမည့် ခေတ်သစ်တစ်ခု၏ တိတ်ဆိတ်သော ရောက်ရှိလာမှုကို စောင့်စားနေခြင်းပင်။
ကမ္ဘာဦးချီများ ပြန်လည်နိုးထလာပြီးနောက် သူ၏ ဆရာက သူ ပညာလာသင်ရခြင်း၏ ရည်ရွယ်ချက်ကို သံသယဝင်သွားလေမလား။
မသိနိုင်ပါဘူး…
ဝမ်ရှန်းက ကောက်ချက်ချလိုက်သည်။
သူ့နှလုံးသားထဲမှာ အနက်ရှိုင်းဆုံး မြှုပ်နှံထားသည့် လျှို့ဝှက်ချက်မှာ အတိတ်က ပြန်လာခြင်းပင် ဖြစ်သည်။ သူ၏ ဆရာသည် စူးရှသော မျက်စိရှိပြီး ဗေဒင်ပညာကျွမ်းကျင်သော်လည်း အသက် ၃၁ နှစ်အရွယ် လူတစ်ယောက်က ၁၇ နှစ်အရွယ်သို့ ပြန်ရောက်လာသည်ဟူသော အံ့ဖွယ်ဖြစ်ရပ်မျိုးကို ယုံကြည်လိမ့်မည် မဟုတ်ပေ။
ရှေ့တွင်ရှိနေသော အခွင့်အရေးများကို အရယူပြီး ဆရာ့အပေါ် ရိုသေကိုင်းရှိုင်းကာ စည်းကမ်းများကို လိုက်နာသရွေ့ ကြီးကြီးမားမား ပြဿနာရှိမည် မဟုတ်ပေ။ မစိုးရိမ်ဘူးဟု ပြောလျှင် လိမ်ရာကျမည်ဖြစ်သော်လည်း ထိုကိစ္စကို သူ အလွန်စိတ်မပူတော့ဘဲ ဖြစ်လာသမျှကို ရင်ဆိုင်ရန်သာ ဆုံးဖြတ်လိုက်သည်။
နေဝင်ရီတရောအချိန်မှစ၍ ဝူတန်းတောင်ခြေတွင် ဗြောက်အိုးသံများ တဖောင်းဖောင်းမြည်နေပြီး တိတ်ဆိတ်လှသော တောင်တန်းကြီးဆီသို့ ပျော်ရွှင်စရာ ပွဲလမ်းသဘင် အငွေ့အသက်များကို သယ်ဆောင်လာသည်။
မိသားစုများစွာသည် ဤနာမည်ကျော် တာအိုတောင်တန်းကို နှစ်သစ်ကူး အားလပ်ရက်ခရီးစဉ်အဖြစ် ရွေးချယ်ခဲ့ကြသည်။ သူတို့သည် ရှုခင်းများကို ကြည့်ရှုခြင်း၊ နတ်မင်းများကို ဆုတောင်းခြင်းနှင့် နှစ်သစ်ကို ကြိုဆိုခြင်းများ ပြုလုပ်ကြသည်။
အားလပ်ရက်များတွင် ဝူတန်းတောင်ပေါ်၌ တာအိုဘုန်းကြီးနှင့် ရသေ့များအနည်းငယ်သာ ကျန်ရှိတော့သည်။ ဘုရားကျောင်းအများစုတွင် ပရိတ်ရွတ်ဖတ်ရန်၊ တရားဟောရန်နှင့် နတ်ပူဇော်ပွဲများ ပြုလုပ်ပေးရန် တာအိုဆရာများ မလုံလောက်ဘဲ လူအင်အားပြတ်လပ်နေပေသည်။ ထို့ကြောင့် ချင်ယန်ဇီသည် အခြားတာအိုဘုရားကျောင်းများကို ကူညီရန် နှစ်သစ်ကူးအကြိုနေ့ နံနက်အစောကြီးကတည်းက ထွက်ခွာသွားခဲ့သည်။ ချင်ယန်ဇီသည် အိမ်နှင့် အဝေးသို့ ပထမဆုံးရောက်နေသည့် တပည့်ဖြစ်သူနှင့် အတူရှိချင်သော်လည်း ပူဇော်ပွဲအခမ်းနားတစ်ခုစီမှ ရရှိမည့် ဝင်ငွေကိုမူ လျစ်လျူမရှုနိုင်ပေ။
“ဒီည သိပ်မမိုးချုပ်စေနဲ့ဦး၊၊ မနက်ဖြန်မနက်ကျရင် ဘိုးဘေးတွေကို ဆက်ပြီး ကန်တော့ရဦးမယ်”
ချင်ယန်ဇီက မထွက်ခွာမီ မှာသွားခဲ့သည်။
ခက်ခက်စွာ ဝတ်ဆင်ရသော ဝတ်ရုံရှည်ကြီးကို ဝတ်ဆင်ထားသည့် ချင်ယန်ဇီသည် မနက်ခင်း အလင်းရောင်နှင့်အတူ သူ့ကို လာခေါ်သော တာအိုဆရာနှင့် လိုက်ပါသွားခဲ့သည်။
ညစာစားချိန်အထိ သူပြန်မရောက်သေးပေ။
“စီနီယာအစ်မ ကျွန်တော် အပြင်မှာ ဓားသိုင်းလေ့ကျင့်လိုက်ဦးမယ်”
“အွန်း”
သူ၏ စီနီယာအစ်မက လက်ပြလိုက်သည်။
သူမသည် ကုတင်ပေါ်တွင် လဲလျောင်းရင်း ဝမ်ရှန်း၏ ဖုန်းထဲမှ ကာတွန်းများကို ကြည့်ကာ တခစ်ခစ်ရယ်မောနေ၏။ သူမသည် မကြာသေးမီကမှ ဟာသကာတွန်းများကို နှစ်သက်လာခြင်း ဖြစ်သည်။
ဝမ်ရှန်းက ခပ်တိုးတိုး ရယ်မောလိုက်ပြီး တံခါးနောက်မှ သစ်သားဓားကို ယူကာ ကွင်းပြင်သို့ ထွက်လာခဲ့သည်။ ပါးလွှာသော နှင်းလွှာပေါ်တွင် သူသည် အမြဲလေ့ကျင့်နေကျဖြစ်သည့် ခုနှစ်စင်ကြယ်ဓားအစီအရင်ကို လေ့ကျင့်နေလိုက်သည်။
ဓားအစီအရင်တွင် ၎င်း၏ ကိုယ်ပိုင်တရားသဘောများ ရှိနေသည်။ ကြိုးစားအားထုတ်မှုရှိလျှင် အသိတရားသည် သဘာဝအလျောက် ပွင့်လင်းလာပေလိမ့်မည်။
“အမ်”
ဝိုင်းစက်သော ပြတင်းပေါက်ကြားမှ မျက်လုံးကြီးတစ်စုံက သူ့ကို စောင့်ကြည့်နေသည်။ မုဝမ်ရွှမ်းသည် လက်ထဲက ဖုန်းကို တစ်ချက်ကြည့်လိုက်ပြီး ရှက်ကိုးရှက်ကန်းဖြင့် လျှာထုတ်ပြလိုက်သည်။
သိပ်မကြာခင် သူမသည် ဝမ်ရှန်း၏ မိခင်ပို့ပေးထားသော အနွေးထည်ကို ဝတ်ဆင်ကာ ထိုင်ခုံလေးတစ်လုံးကိုယူ၍ တံခါးဝသို့ ထွက်လာသည်။ အလင်းရောင်ဖျော့ဖျော့အောက်တွင် အာရုံစိုက်လေ့ကျင့်နေသော ဂျူနီယာမောင်လေးကို စိုက်ကြည့်နေမိသည်။
ဝမ်ရှန်း၏ ဓားချက်များသည် သိမ်းငှက်တစ်ကောင် ထိုးသုတ်နေကဲ့သို့ လျင်မြန်လှရာ ကြယ်များပင် နေရာရွေ့သွားသကဲ့သို့ ထင်မှတ်ရသည်။ သူ၏ လှုပ်ရှားမှုနှင့်အတူ နှင်းပွင့်များ ဝဲပျံနေပြီး သစ်သားဓားဖျားတွင် ဖျော့တော့သော ကြယ်ခုနှစ်ပွင့်၏ အလင်းရောင်များ တဖျတ်ဖျတ် တောက်ပနေသကဲ့သို့ ရှိနေသည်။ သို့သော် ဤသည်မှာ အခြေခံအဆင့်သာ ရှိသေးသည်။ အမှန်တကယ် ကျွမ်းကျင်ပိုင်နိုင်ရန်မှာ ကမ္ဘာဦးချီများ ပြန်လည်နိုးထလာပြီးနောက် သူ၏ ကျင့်စဉ်တိုးတက်မှု အရှိန်အဟုန်ပေါ်တွင် မူတည်ပေလိမ့်မည်။
ဝမ်ရှန်းသည် ကျင့်စဉ်တစ်ခုတည်းကိုသာ စွဲလမ်းနေသူ မဟုတ်ပေ။ သူသည် ခဏလေးမျှ နားနေခြင်း မရှိဘဲ မိမိကိုယ်ကို အမြဲတွန်းအားပေးကာ နေ့စဉ်တိုးတက်မှုရနေခြင်းကိုသာ ပျော်ရွှင်နေတတ်သူ ဖြစ်သည်။
နှင်းထဲတွင် ငြိမ်သက်စွာ ရပ်နေရင်း ဓားအစီအရင်၏ သိမ်မွေ့သော ပြောင်းလဲမှုများကို စဉ်းစားဆင်ခြင်နေစဉ် သူ၏ မျက်နှာတွင် နားလည်သဘောပေါက်သွားသည့် အမူအရာတစ်ခု ပေါ်လာသည်။
သူက ပြုံးလိုက်ပြီး လက်ထဲက သစ်သားဓားကို ကြည့်ကာ အော်ပြောလိုက်သည်။
“စီနီယာအစ်မ ကျွန်တော် တစ်ခုခုကို သဘောပေါက်သွားပြီ၊၊ ခုနှစ်စင်ကြယ်ဓားအစီအရင်ရဲ့ အဓိကအနှစ်သာရက ဓူဝံကြယ်ရဲ့ တည်နေရာပဲ ကြယ်ခုနှစ်လုံးက သူ့ကို ဗဟိုပြုပြီး လည်ပတ်နေတယ်၊၊ ဒီအစီအရင်ရဲ့ တကယ့်စွမ်းအားကို ထုတ်ဖော်ဖို့ဆိုရင် ရန်သူကို အဲဒီကြယ်ကြီးအဖြစ် သဘောထားရမယ်…”
ပြောရင်းတန်းလန်းဖြင့် သူ၏ အစ်မတော်မှာ တံခါးဝတွင် ခွေခွေလေး အိပ်ပျော်နေသည်ကို သတိပြုမိသွားသည်။
“အာ… စီနီယာအစ်မကလည်း ဘာလို့ ဒီမှာ လာအိပ်ပြန်တာလဲ”
သူ အနားသို့ သွားပြီး သူမ၏ ပုခုံးကို အသာအယာ ပုတ်လိုက်သည်။
“သွား အိပ်ယာထဲမှာ သွားအိပ်တော့”
မုဝမ်ရွှမ်းက အိပ်ချင်မူးတူးနှင့် ပြန်ထူးပြီး ဝမ်ရှန်း၏ ဖုန်းကို ထိုင်ခုံပေါ် တင်ထားခဲ့သည်။ သူမသည် သမ်းဝေရင်း မျက်စိတစ်ဝက်ပိတ်လျက် နွေးထွေးသော မြေကြီးကုတင်ရှိရာသို့ တရွတ်တိုက် လျှောက်သွားလေသည်။
“အနွေးထည် ချွတ်ဖို့ မမေ့နဲ့ဦး၊၊ အဲဒီအတိုင်းကြီး မအိပ်နဲ့”
ဝမ်ရှန်းက ဂရုတစိုက် သတိပေးလိုက်သည်။
“အွန်း...”
သူမ အိပ်ယာထဲ ရောက်သွားသည်အထိ စောင့်ပြီးနောက် သူ ဖုန်းကို ကောက်ကိုင်ကာ စစ်ဆေးကြည့်လိုက်သည်။ ဖုန်းထဲတွင် အတန်းဖော်များ၊ အမျိုးများနှင် ဆရာ၊ ဆရာမဟောင်းများဆီမှ ပေးပို့ထားသော နှစ်သစ်ကူး နှုတ်ခွန်ဆက်သလွှာများဖြင့် ပြည့်နှက်နေသည်။
ထိုကမ္ဘာကြီးသည် တဖြည်းဖြည်းနှင့် ဝေးကွာသွားသကဲ့သို့ ခံစားရသည်။ တောင်တန်း၏ ငြိမ်သက်အေးချမ်းမှုက သူ့ကို စိတ်တည်ငြိမ်မှုနှင့် ကြည်လင်မှုကို ပေးစွမ်းနိုင်သောကြောင့် သူသည် မက်ဆေ့ချ်များကို လိုက်ဖတ်ကြည့်သော်လည်း အများစုကို ပြန်စာမပို့ဖြစ်ခဲ့ပေ။
ဒင်... ဒင်...
ဖုန်းက တုန်ခါသွားပြီး ရှန်းချန်လင်ထံမှ ပွဲတော်အထိမ်းအမှတ် ကတ်ပြားလေးတစ်ခုက ဖုန်းမျက်နှာပြင်၌ ပေါ်လာသည်။
“နှစ်သစ်မှာ ပျော်ရွှင်ပါစေ ဝူတန်းမျိုးဆက်သစ်လေးရေ… နင့်ရဲ့ အိပ်မက်တွေနောက်ကို ဆက်ပြီး လိုက်ပါ၊၊ သေချာလေ့ကျင့်မယ်ဆိုရင် နောက်ဆုံးမှာ အသီးအပွင့်တွေ ရလာမှာပါ၊၊ ဒါပေမဲ့ ကိုယ့်ကိုယ်ကိုယ်တော့ ဂရုစိုက်ဦးနော်၊၊ သိုင်းသင်တာနဲ့တင် ကိုယ့်ကိုယ်ကိုယ် အရမ်းပင်ပန်းအောင် မလုပ်ပါနဲ့၊၊ ကျောင်းကိုလည်း အကြာကြီး ခွင့်မယူပါနဲ့ဦး၊၊ ပညာရေးရဲ့ အရေးပါမှုကိုလည်း မမေ့သင့်ဘူးလေ ဘက်စုံဖွံ့ဖြိုးမှသာ နင်က အတော်ဆုံးလူငယ်တစ်ယောက်ဖြစ်လာမှာပါ”
ရှန်းချန်လင်၊၊
သူမက သူ့ကို သတိရပေးသည့်အတွက် ဝမ်ရှန်း ပြုံးလိုက်မိပြီး “နှစ်သစ်မှာ ပျော်ရွှင်ပါစေ” ဟု ရိုးရိုးရှင်းရှင်းပင် ပြန်စာပို့ကာ ဖုန်းကို ထိုင်ခုံပေါ် ပြန်တင်ထားလိုက်သည်။ ထို့နောက် ကွင်းပြင်သို့ ပြန်ထွက်လာခဲ့သည်။
သူ ခဏကြာ ထပ်လေ့ကျင့်သော်လည်း တစ်ခုခုလိုနေသကဲ့သို့ ခံစားနေရသည်။ အစောပိုင်းက သူနားလည်ခဲ့သည့် အသိအမြင်များကို အသုံးချနိုင်ရန် လေ့ကျင့်မှုပုံစံကို ပြောင်းလဲဖို့ လိုအပ်သည်ကို သတိပြုမိသွားသည်။
ပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်ပြီး ထောင့်တစ်နေရာမှ သစ်သားချောင်းအရှည်အချို့ကို ယူကာ ရိုးရှင်းသော လူရုပ်တစ်ခု ပြုလုပ်လိုက်သည်။ ၎င်းကို ကွင်းပြင်အလယ်တွင် စိုက်ထူလိုက်၏။ ထိုလူရုပ်ကို ရန်သူအဖြစ် သဘောထားကာ ခုနှစ်စင်ကြယ်ဓားအစီအရင်ကို ထပ်မံလေ့ကျင့်ရာတွင် ထူးခြားသော အတွေ့အကြုံသစ်များကို ချက်ချင်း တွေ့ရှိလိုက်ရသည်။
ယခင်က ထုံထိုင်းနေသော လှုပ်ရှားမှုများသည် တဖြည်းဖြည်းနှင့် ပိုမို ချောမွေ့လာသည်။ ချင်ယန်ဇီ၏ သင်ကြားမှုများက စိတ်ထဲတွင် ပြန်ပေါ်လာသည်။ ခုနှစ်စင်ကြယ်ဓားအစီအရင်သည် မူလက ဝူတန်းတောင်တန်းကို ကာကွယ်ရန် လူခုနှစ်ယောက်ဖြင့် ခင်းကျင်းရသော အစီအရင်ဖြစ်သော်လည်း နောက်ပိုင်းတွင် တစ်ဦးတည်း ကျင့်သုံးနိုင်အောင် ပြုပြင်ပြောင်းလဲခဲ့ခြင်း ဖြစ်သည်။ ၎င်းသည် စွမ်းအား အနည်းငယ်လျော့နည်းသွားသော်လည်း ပို၍ လျင်မြန်ဖျတ်လတ်သွားခဲ့သည်။
ထိုညတွင် ဝမ်ရှန်းသည် သူ၏ ဆရာက အဘယ်ကြောင့် ဓားကွက်များနှင့်အတူ ခြေလှမ်းများကို ပေါင်းစပ်ရန် အလေးပေးခဲ့သည်ကို စတင်နားလည်လာသည်။ ရှေ့က လူရုပ်သည် ငြိမ်နေသော်လည်း အပြင်လောကမှ ရန်သူများသည် ငြိမ်နေမည် မဟုတ်ပေ။ အစီအရင်အတွင်း လှုပ်ရှားနေစဉ် ကြယ်များသည် နေရာရွေ့သွားပြီး တည်နေရာများ ပြောင်းလဲသွားကြသည်။
အသိဉာဏ်ပွင့်ခြင်းထဲတွင် နစ်မျောနေသော ဝမ်ရှန်းသည် ချင်ယန်ဇီတစ်ယောက် သူ့အနားမှ တိတ်တဆိတ်ဖြတ်သွားသည်ကိုပင် မသိလိုက်ပေ။
တောင်အောက်မှ ဗြောက်အိုးသံများ ပိုမိုကျယ်လောင်လာပြီး သန်းခေါင်ယံအချိန်သို့ ရောက်ရှိလာသောအခါ ချင်ယန်ဇီက အခန်းထဲမှ ထွက်လာသည်၊၊
“ဒီညအတွက် တော်လောက်ပြီ၊၊ နားလိုက်တော့ မနက်ဖြန်မှ ဆက်လေ့ကျင့်၊၊ မင်း ဒီလောက်အထိ ဖြစ်သွားမယ်မှန်း သိရင် မင်းကို ‘ဓားရူး’ လို့ အဓိပ္ပာယ်ရတဲ့ တာအိုဘွဲ့နာမည် ပေးခဲ့မှာပဲ”
ချင်ယန်ဇီက သမ်းဝေရင်း ပြောလိုက်သည်။
ဝမ်ရှန်းက မချင့်မရဲဖြင့် ရပ်လိုက်ပြီး မေးလိုက်သည်၊၊
“ဆရာ မနက်ဖြန်လည်း ထပ်သွားဦးမှာလား”
“နောက်ရက်အနည်းငယ်တော့ အလုပ်များဦးမယ်၊၊ မင်းနဲ့ စီနီယာအစ်မက တောင်အောက်ကို လမ်းဆင်းလျှောက်ချင်ရင် သွားလို့ရတယ်၊၊ ဒီမှာပဲ အမြဲအောင်းနေစရာ မလိုပါဘူး၊၊ နှစ်သစ်ကူးပဲ ရောက်နေပြီဟာ”
အလွန်ပင်ပန်းနေပုံရသော ချင်ယန်ဇီသည် ထပ်မံသမ်းဝေလိုက်ပြီး အိပ်စက်ရန် ပြင်ဆင်လိုက်သည်။ ဝမ်ရှန်းသည်လည်း အုံ့ဆိုင်းနေသော ကောင်းကင်ကို ကြည့်ကာ သက်ပြင်းတစ်ချက်ချပြီး အခန်းထဲသို့ ပြန်ဝင်လာခဲ့သည်။ ထိုည၏ အိပ်စက်ခြင်းနှင့်အတူ ကမ္ဘာပေါ်သို့ ပထမဆုံးသော ကမ္ဘာဦးချီများ ရောက်ရှိလာမည့်အချိန်မှာ ပို၍နီးကပ်လာခဲ့လေပြီ။
***
နှစ်သစ်ကူး၏ ပထမနှစ်ပတ်အတွင်း ချင်ယန်ဇီက တပည့်နှစ်ယောက်ကို တောင်အောက်ဆင်းရန် လေးငါးကြိမ်မျှ တိုက်တွန်းခဲ့သည်၊၊ သို့သော် ဝမ်ရှန်းက ဓားသိုင်းကို ဆက်၍လေ့ကျင့်နေပြီး စီနီယာအစ်မကတော့ လူစည်ကားသော နေရာများကို မနှစ်သက်ချေ၊၊
သူတို့နှစ်ဦးစလုံးက ဆရာ့အမိန့်ကို ခေါင်းမာစွာ ငြင်းဆန်ခဲ့ကြသည်။
နောက်ဆုံးတွင် မီးထွန်းပွဲတော်သို့ ရောက်ရှိလာခဲ့သည်။ ဝူတန်းတောင်ပေါ်ရှိ ကောင်းကင်သည် ကြည်လင်နေပြီး ညရောက်သောအခါ လပြည့်ဝန်းနှင့်အတူ ကြယ်ကလေးများ လင်းလက်နေသည်။
ဝမ်ရှန်းသည် ဓားလေ့ကျင့်မှုကို အကြောင်းပြကာ ကွင်းပြင်တွင် ရပ်နေရင်း လမင်းကြီးကို ခဏခဏ မော့ကြည့်နေမိသည်။ အခန်းထဲတွင် ချင်ယန်ဇီသည် တပည့်များအတွက် ဖက်ထုပ်မုန့်များ ပြင်ဆင်နေသည်၊၊ မုဝမ်ရွှမ်းကတော့ ဟာသကာတွန်းများကို စိတ်ဝင်တစားကြည့်နေဆဲပင်။
ည ၉ နာရီ ဝန်းကျင်တွင် လမင်းကြီးသည် ပိုမိုကြီးမားလာပုံရပြီး ဗန်းကြီးတစ်ချပ်ကဲ့သို့ တောက်ပနေသည်။ နူးညံ့သော လရောင်သည် ဝူတန်းတောင်တန်းတစ်ခုလုံးကို ထွန်းလင်းပေးနေသည်။
“ဟင်”
ဝမ်ရှန်း လှုပ်ရှားမှုများ ရပ်တန့်သွားသည်။ အလွန်သာယာပြီး ထူးခြားသော အသံတစ်ခုကို ကြားလိုက်ရသလို ခံစားလိုက်ရသည်။ ထိုအသံသည် လရောင်ထဲမှ ထွက်ပေါ်လာသကဲ့သို့ ရှိနေပြီး သူ၏ နှလုံးသားထဲအထိ တုန်ခါသွားသည်။
သူတစ်ယောက်တည်း မဟုတ်ပေ။ အိမ်ထဲတွင် ချင်ယန်ဇီနှင့် မုဝမ်ရွှမ်းတို့လည်း တောင့်တင်းသွားကြသည်။ ချင်ယန်ဇီ ထရပ်မည်ပြင်လိုက်သည်နှင့် ကွင်းပြင်ထဲမှ ဝမ်ရှန်း၏ အော်သံကို ကြားလိုက်ရသည်။
“ဆရာနဲ့ စီနီယာအစ်မ… မြန်မြန်ထွက်လာခဲ့၊၊ ကောင်းကင်ကို ကြည့်လိုက်စမ်း… လကြီးက အရမ်းကြီးနေပြီ”
ချင်ယန်ဇီ အပြင်သို့ ပြေးထွက်လာပြီး ကောင်းကင်သို့ ကြည့်လိုက်ရာ မျက်လုံးများ ပြူးကျယ်သွားသည်။ လမင်းကြီးသည် ကောင်းကင်၏ တစ်ဝက်ခန့်ကို နေရာယူထားသည်အထိ ကြီးမားလာခဲ့သည်။ ကြီးမားလှသော လမင်းကြီး၏ ရှေ့တွင် ကျောက်စိမ်းကဲ့သို့ သစ်ပင်တစ်ပင်၏ ပုံရိပ်ပေါ်လာပြီး ၎င်း၏ အထက်ပိုင်းတွင် နန်းတော်ကဲ့သို့ အဆောက်အအုံတစ်ခု ပေါ်ထွက်လာသည်။
“အိုး” မုဝမ်ရွှမ်း အံ့အားသင့်စွာ ရေရွတ်လိုက်သည်။
ထူးခြားသော အသံမှာ ပိုမို ရှင်းလင်းလာပြီး အေးမြသော တေးသံတစ်ခုကဲ့သို့ပင်။ ဝမ်ရှန်းသည် အသက်ကို ပြင်းပြင်းရှူသွင်းလိုက်ရာ စိတ်ကြည်လင်သွားပြီး ခန္ဓာကိုယ်ထဲတွင် စွမ်းအင်တစ်ခု လှုပ်ရှားလာသည်ကို ခံစားလိုက်ရသည်။
“ထိုင်… တရားထိုင်ကြ… ငါတို့ဂိုဏ်းရဲ့ စိတ်ကျင့်စဉ်နည်းလမ်းအတိုင်း စွမ်းအင်ကို လည်ပတ်ကြ”
ချင်ယန်ဇီက ချက်ချင်း အမိန့်ပေးလိုက်သည်။
ဝမ်ရှန်းနှင့် မုဝမ်ရွှမ်းတို့လည်း ထိုင်ချလိုက်ပြီး စိတ်ထဲမှ ကျင့်စဉ်မန္တန်များကို ရွတ်ဆိုနေကြသည်။ ခဏအကြာတွင် ဝမ်ရှန်းသည် အေးမြပြီး သန့်စင်သောစွမ်းအင်များ သူ၏ ကိုယ်ထဲသို့ စီးဝင်လာသည်ကို ခံစားလိုက်ရသည်။ ၎င်းသည် ဝမ်းဗိုက်အောက်ပိုင်းတွင် စုစည်းကာ အကြောများအတိုင်း လည်ပတ်သွားသည်။
ရောက်လာပြီ…. နောက်ဆုံးတော့ အရင်တိုင်းဖြစ်လာပြီ…
ဤသည်မှာ ကမ္ဘာပေါ်ရှိ ပထမဆုံးသော ကမ္ဘာဦးချီပင်၊၊ ဝမ်ရှန်း အံ့ဩနေစဉ်မှာပင် သူ၏ ကျောပြင်ပေါ်သို့ လက်တစ်ဖက် ရောက်လာသည်။ အေးမြသော ချီစွမ်းအင်များသည် သူ၏ ခန္ဓာကိုယ်အတွင်းသို့ အဆက်မပြတ် စီးဝင်လာပြီး ပိတ်နေသေးသော အကြောများဆီသို့ ဦးတည်သွားသည်။
သူ လှည့်ကြည့်လိုက်ရာ ချင်ယန်ဇီက ခပ်တိုးတိုး ပြောလိုက်သည်။
“အာရုံစိုက်ထား… ဒီအခွင့်အရေးကို အလဟဿမဖြစ်စေနဲ့၊၊ မင်းရဲ့ စီနီယာအစ်မက အကြောတွေ အကုန်ပွင့်နေပြီ၊၊ အခု ငါ မင်းကို ကူညီပေးမယ်”
“ဆရာ...”
ဝမ်ရှန်း၏ နှလုံးသား တုန်လှုပ်သွားသည်။ ဆရာသည် သူ့အတွက် အလွန်အရေးကြီးသော ဤအခွင့်အရေးကို စွန့်လွှတ်ကာ တပည့်ဖြစ်သူကို ကူညီနေခြင်းပင်။ ဆရာ၏ ကျေးဇူးတရားမှာ တောင်ကြီးတစ်လုံးကဲ့သို့ ကြီးမားလှသည်။
ဝမ်ရှန်းသည် စိတ်ကို ငြိမ်အောင်ထားကာ ကိုယ်တွင်းသို့ စီးဝင်လာသော ကမ္ဘာဦးချီများကို ထိန်းချုပ်ရန်သာ အာရုံစိုက်လိုက်သည်။ ခဏအကြာတွင် ဝမ်ရှန်း၏ ကိုယ်တွင်းစွမ်းအင်လည်ပတ်မှုမှာ အလွန် မြန်ဆန်လာသည်။ ထိုအခါမှသာ ချင်ယန်ဇီသည် သူ၏လက်ကို ပြန်ရုပ်လိုက်ပြီး ကိုယ်တိုင်ကျင့်ကြံခြင်းကို ပြန်လည်စတင်လိုက်သည်။
လေပြေများ ဆက်လက်တိုက်ခတ်နေပြီး အခွင့်အလမ်းများက ပေါ်ပေါ်လာသည်၊၊
လနန်းတော်ပုံရိပ်နှင့်အတူ ကြီးမြတ်သောခေတ်သစ်တစ်ခုသည် အစပျိုးလာခဲ့လေပြီ။