← Chapters

တောင်ပေါ်မှ ရွယ်တူများ

Vol. 2 Ch. 16

တောင်ပေါ်မှ ရွယ်တူများ

Vol. 2 Ch. 16

တာအိုကျင့်ကြံရာတွင်ပင် ခေတ်နှင့်အညီ ရင်ဘောင်တန်းသင့်သည်၊၊ အလွယ်တကူ အသုံးပြုနိုင်သည့် အသင့်သုံး ဆက်သွယ်ရေးကိရိယာများ ရှိနေပါလျက်နှင့် အဘယ်ကြောင့် သတင်းစကားပါးရန်အတွက် အဖိုးတန်လှသော ချီစွမ်းအင်များကို အလဟဿ အကုန်ခံနေမည်နည်း၊၊

ဝမ်ရှန်းသည် သူ၏ ခရီးဆောင်အိတ်ကို ပစ္စည်းထားသည့် အကန့်ထဲသို့ ထည့်ပြီးနောက် ဂိုဏ်းတူဦးလေးများနှင့်အတူ ဘတ်စ်ကားပေါ်သို့ တက်ခဲ့သည်၊၊

တာအိုဆရာကြီးများ ကားပေါ်သို့ တက်လာသည်နှင့် တစ်ပြိုင်နက် ယခင်က ဆူညံပျော်ပါးနေကြသည့် ငယ်ရွယ်သော ချန်တာအိုဆရာများ ရုတ်တရက် ခါးမတ်သွားကြပြီး ငြိမ်ကုပ်သွားကြသည်၊၊ တစ်ဖက်တွင်လည်း ခွန်တာအိုဆရာ အမျိုးသမီးငယ်အနည်းငယ်သည် သူတို့၏ ကျော့ရှင်းလှပသော စီနီယာအစ်မကို ရှက်ကိုးရှက်ကန်း လှမ်းကြည့်နေကြပြီး အသက်ရှူသံ ပြင်းပြင်းတောင် မထွက်ရဲကြပေ၊၊

လီရှီဝူသည် ဝမ်ရှန်းနှင့် သူ၏စီနီယာအစ်မကို ကားအရှေ့ပိုင်းရှိ တာအိုဆရာကြီးများ၏ ဘေးတွင် ထိုင်ရန် ရည်ရွယ်ချက်ရှိရှိ စီစဉ်ပေးခဲ့သည်၊၊ ၎င်းမှာ သူတို့၏ အရည်အချင်းနှင့် အဆင့်အတန်းကို အသိအမှတ်ပြုခြင်းပင် ဖြစ်သည်၊၊

“စီနီယာအစ်မ၊၊ ပြတင်းပေါက်ဘေးက ခုံမှာ ထိုင်ပါ”

“အွန်း”

မုဝမ်ရွှမ်းက တိုးတိုးလေး ပြန်ထူးလိုက်သည်၊၊ သူမ၏ ဆောင်းဦးကာလကဲ့သို့ ကြည်လင်သော မျက်ဝန်းများသည် အပြင်လောကကြီးကို ငေးကြည့်ရင်း မျှော်လင့်ချက်များဖြင့် အရောင်တောက်နေသည်၊၊

“ကဲ... သွားကြရအောင်၊၊ အဘိုးကြီးဟွမ်”

လီရှီဝူက ညွှန်ကြားလိုက်သည်၊၊

သက်လတ်ပိုင်း ကားဆရာသည် နေကာမျက်မှန်ကို တက်ကြွစွာ တပ်လိုက်ပြီး ဟွန်းကို အကြိမ်အနည်းငယ် တီးကာ တောင်တံခါးမှ ပြင်ပလောကသို့ စတင်မောင်းနှင်တော့သည်၊၊

မုဝမ်ရွှမ်းသည် သူမ၏ အင်္ကျီလက်ထဲမှ စမတ်ဖုန်းတစ်လုံးကို ထုတ်လိုက်သည်၊၊ သူမသည် မျက်နှာပြင်ကို အသာအယာ ပွတ်ဆွဲလိုက်ပြီး ဝမ်ရှန်းကို ကမ်းပေးသည်၊၊

ဖုန်းထဲတွင် တောင်ကမ်းပါးယံတစ်ခုပေါ်တွင် ရပ်ကာ အဝေးသို့ ငေးကြည့်နေသည့် ဆံပင်ငွေရောင်နှင့် anime မိန်းကလေးတစ်ဦး၏ ပုံရိပ်ဖြစ်သည်၊၊

“စိတ်လှုပ်ရှားနေတာလား”

ဝမ်ရှန်းက ပြုံးပြီး မေးလိုက်သည်၊၊

“အွန်း”

မုဝမ်ရွှမ်းက အားရပါးရ ခေါင်းညိတ်လိုက်ပြီးနောက် သူ့ကို လျှာထုတ်ပြလိုက်သည်၊၊

ထိုင်ခုံတစ်ဖက်တွင် ရှိနေသော တာအိုဆရာနှစ်ဦးသည် တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြသည်၊၊ ထို့နောက် သူတို့နှစ်ဦးကြားရှိ ရင်းနှီးမှုမှာ အတော်လေး ထူးခြားလှသည်ဟု ယူဆကာ တီးတိုးရယ်မောလိုက်ကြသည်၊၊

တကယ်တမ်း ဝမ်ရှန်းသိထားသည်မှာ မုဝမ်ရွှမ်း၏ သူ့အပေါ် မှီခိုမှုသည် လုံးဝကို ဖြူစင်ပြီး အခြားသော ရည်ရွယ်ချက်များ မရှိခြင်းပင် ဖြစ်သည်၊၊ သို့သော်လည်း မုဝမ်ရွှမ်းသည် အခြားသော ရည်ရွယ်ချက်များဆိုသည်ကိုပင် နားလည်သူ မဟုတ်ပေ၊၊

မုဝမ်ရွှမ်းသည် သူပြောချင်သည်ကို စကားလုံးများဖြင့် ဖော်ပြရာတွင် မကျွမ်းကျင်ပေ၊၊ ပို၍နက်နဲသော အရာတစ်ခုကို ပြောပြလိုသည့် အခါတိုင်း သူမသည် ဝမ်ရှန်းကို ဖုန်းထဲက ပုံကိုသာ ပြလေ့ရှိသည်၊၊ မနှစ်က ဝမ်ရှန်းသည် အခမ်းအနားပွဲ အနည်းငယ်ပြုလုပ်ပြီး ပိုက်ဆံစုပြီး သူမအတွက် ဖုန်းသစ်တစ်လုံး ဝယ်ပေးပြီးကတည်းက သူမသည် Meme များ စုဆောင်းသည့် အလေ့အကျင့်ကို အတားအဆီးမဲ့ စတင်လာခဲ့သည်၊၊

တာအိုပညာရပ်များနှင့် ပတ်သက်လာလျှင် သူမ၏ လက်တွေ့ အတွေ့အကြုံမရှိမှုကြောင့် သူမ၏ စွမ်းအားကို အပြည့်အဝမထုတ်နိုင်သေးသော်လည်း Meme များ မျှဝေခြင်းနှင့် ပတ်သက်လာလျှင်မူ ဤဘတ်စ်ကားပေါ်ရှိ တာအိုဆရာကြီးများနှင့် လူငယ်များ အကုန်ပေါင်းတိုက်လျှင်ပင် သူမကို ယှဉ်နိုင်မည် မဟုတ်ပေ၊၊

ဘတ်စ်ကားသည် ဝူတန်းတောင်မှ ထွက်လာသည်နှင့် မုဝမ်ရွှမ်းသည် အပြင်ဘက် ရှုခင်းများကို အံ့ဩတကြီး ငေးမောနေလေသည်၊၊

ဝမ်ရှန်းကတော့ လမ်းပေါ်တွင် ဆယ်နာရီကျော်ကြာ အချိန်ဖြုန်းနေရန် စိတ်မပါပေ၊၊ သူသည် သက်သောင့်သက်သာရှိသော အနေအထားတစ်ခုကို ရှာကာ မျက်လုံးမှိတ်၍ တရားထိုင်ပြီး သူ နားမလည်သေးသော ဓားမန္တန်အချို့ကို ဆင်ခြင်နေလိုက်သည်၊၊

သို့သော် ခရီးစထွက်ပြီး နာရီဝက်ပင် မပြည့်သေးမီ ဆံပင်ဖြူနှင့် တာအိုဆရာကြီး လီသည် မှော်အတတ်ဖြင့် ထုတ်လိုက်သည့်အလား မိုက်ခရိုဖုန်းတစ်လုံးကို ထုတ်ယူလိုက်သည်၊၊

“ဟယ်လို... ဝမ်းတူးသရီး... ကဲ… ဒီတာအိုဖလှယ်ရေးအစည်းအဝေးရဲ့ အဓိကရည်ရွယ်ချက်နဲ့ ဝူတန်းကိုယ်စားလှယ်အဖွဲ့ လိုက်နာရမယ့် ကျင့်ဝတ်တွေကို အနည်းငယ် ပြောပြပါရစေ၊၊ လူတိုင်းလည်း စည်းကမ်းတွေကို သိပြီးသားဖြစ်မှာပါ၊၊ အဖွဲ့စည်းရဲ့ စည်းမျဉ်းအရ ဒီအရာတွေကို အပြင်မှာ ထုတ်ဖော်တာ ဒါမှမဟုတ် ပေါ့ပေါ့တန်တန် မျှဝေတာတွေကို တင်းတင်းကျပ်ကျပ် တားမြစ်ထားပါတယ်...”

“အနည်းငယ် ပြောပြပါရစေ” ဆိုသည့် စကားမှာ “ဘယ်လောက်တောင် အရသာရှိလိုက်သလဲ” ဆိုသည့် စကားကဲ့သို့ပင် ဘဝ၏ မပြောင်းလဲနိုင်သော အမှန်တရားများ ဖြစ်သည်၊၊ ဆရာကြီးလီသာ ကုမ္ပဏီတစ်ခုကို ထောင်လျှင် သို့မဟုတ် စီမံခန့်ခွဲမှု အလုပ်များလုပ်လျှင် အောင်မြင်မှုများစွာ ရနိုင်ပေလိမ့်မည်၊၊ သူ၏ ပါရမီမှာ ဤနေရာတွင် ဖြုန်းတီးခံနေရခြင်း ဖြစ်သည်၊၊

သူ၏ မိန့်ခွန်းမှာ သာမန်ပုံပြင်များ၊ စိတ်ဓာတ်တက်ကြွစေသော စကားများမှသည် တာအိုသမိုင်းနှင့် ဝူတန်း၏ အနာဂတ် မျှော်မှန်းချက်များအထိ ပါဝင်သည်၊၊ ၎င်းကို သည်းခံနိုင်သေးသော်လည်း ဆရာကြီးလီက ပြောစရာကုန်သွားသည့်အခါ အခြားတာအိုဆရာတစ်ဦးက သူတို့၏ ထူးချွန်သော တပည့်ငယ်များကို ဖျော်ဖြေခိုင်းရန် အကြံပြုလိုက်သည်၊၊

လူငယ်ဆိုသည်မှာ ထိုကဲ့သို့ အရာမျိုးကို ရှက်တတ်ကြသည် မဟုတ်ပါလား၊၊

သို့သော် ဤနေရာတွင်မူ တစ်ယောက်က တောင်ပေါ်သီချင်း ဆိုလိုက်၊ တစ်ယောက်က ဝါးပုလွေ မှုတ်လိုက်နှင့် မိုက်ခရိုဖုန်းကို စိတ်အားထက်သန်စွာ လက်ဆင့်ကမ်းကာ နေရာယူရန် ကြိုးစားနေကြသည်၊၊

ပြင်ပနှောင့်ယှက်မှုများကြောင့် စိတ်မလှုပ်ရှားနိုင်သေးသည့် ဝမ်ရှန်းသည် မိုက်ခရိုဖုန်း သူ့ဆီ ရောက်လာသည့် အခါတိုင်း စိတ်ပျက်လက်ပျက်ဖြင့် ငြင်းဆန်နေရသည်၊၊

သူနှင့်မတူဘဲ မုဝမ်ရွှမ်းမှာမူ ပုံမှန်အတိုင်းပင် တစ်ယောက်ချင်းစီ၏ ဖျော်ဖြေမှုများကို လှိုက်လှဲစွာ လက်ခုပ်တီးပေးနေသည်၊၊ သူမ၏ အကြည့်မှာ ကားထဲက ပျော်ရွှင်စရာ အငွေ့အသက်များနှင့် ပြင်ပရှုခင်းများကြား ကူးချည်သန်းချည်ဖြင့် ကြည်နူးနေသည်၊၊ သူမက အတော်လေး စိတ်ကြည်လင်နေသည်မှာ ထင်ရှားလေသည်၊၊

ဆူညံသံများကြောင့် တရားမထိုင်နိုင်တော့သဖြင့် ဝမ်ရှန်းသည် သူ၏ဖုန်းကို ယူကာ သတင်းခေါင်းစဉ်များကို လျှောက်ကြည့်နေလိုက်သည်၊၊

ကမ္ဘာဦးချီများ ပေါ်ပေါက်လာခဲ့သည်မှာ ယခုဆိုလျှင် နှစ်နှစ်ခွဲခန့် ရှိပြီ ဖြစ်သည်၊၊ လူအများစု၏ သာမန်ဘဝမှာ သိပ်မပြောင်းလဲသေးသော်လည်း ထူးခြားဆန်းကြယ်သည့် ဖြစ်ရပ်များမှာ ပိုမိုများပြားလာသည်၊၊ နတ်ဆိုးနှင်ခြင်း သို့မဟုတ် အဆောင်စာရွက်များ ရေးဆွဲခြင်းတွင် ကျွမ်းကျင်သော တာအိုဘုန်းကြီး အများအပြားသည် အွန်လိုင်းတွင် တဖြည်းဖြည်း နာမည်ကျော်ကြားလာကြသည်၊၊

သူသည် သတင်းဆောင်းပါးတစ်ခုကို ဖွင့်ကြည့်လိုက်ရာ အနှစ်ချုပ်များတွင်ပင် စိတ်ဝင်စားဖွယ် သဲလွန်စအချို့ကို တွေ့လိုက်ရသည်၊၊

“ဆိုက်ဘေးရီးယား နှင်းပြင်ပေါ်တွင် ဆန်းကြယ်သော လက်သည်းရာများ ပေါ်ပေါက်လာပြီး သုတေသီများအကြား ထိတ်လန့်မှုများဖြစ်ပေါ်နေသည်”

“ရှန်းနွန်မြေပေါ်တွင် တောက်ပသော မြူများ ဖုံးလွှမ်းနေပြီး တောအုပ်ထဲတွင် တာအိုဆရာများ တိုက်ခိုက်နေကြသည်ကို တွေ့ရှိရကြောင်း မျက်မြင်သက်သေများက ဆိုသည်”

“ဖင်လန်နိုင်ငံတွင် နောက်ထပ် ဗန်ပိုင်းယားဖြစ်ရပ်တစ်ခု ဖြစ်ပွားခဲ့သည်၊၊ လယ်သမား မိသားစု (၁၀) စုမှာ လည်ပင်းတွင် ကိုက်ရာများဖြင့် သေဆုံးနေသည်ကို တွေ့ရသည်”

“မြောက်အမေရိက သူဌေးကြီးတစ်ဦး၏ မိသားစု (၅) ဦးသည် အမည်မသိအကြောင်းရင်းဖြင့် နာမကျန်းဖြစ်နေသည်၊၊ သူတို့၏ စံအိမ်ကို ရှေးဟောင်းသင်္ချိုင်းပေါ်တွင် တည်ဆောက်ထားခြင်း ဖြစ်သည်ဟု ဆိုသည်”

ဆန်းကြယ်သော သဘာဝလွန်အဖြစ်အပျက်များသည် ယခုနောက်ပိုင်းတွင် အလွန်ခေတ်စားလာသည်၊၊ စိတ်ဝင်စားသူများအနေဖြင့် အွန်လိုင်းပေါ်ရှိ ထိုအဖြစ်အပျက်များကို တစ်နေ့ကုန် ထိုင်ဖတ်၍ ရနိုင်သည်၊၊

ကံကောင်းသည်မှာ ဟွာသမ္မတနိုင်ငံ၏ ခိုင်မာသော အုပ်ချုပ်မှုနှင့် တည်ငြိမ်သော ပြည်သူ့စိတ်ဓာတ်ကြောင့် ပရမ်းပတာဖြစ်မှုများကို တားဆီးထားနိုင်ခြင်း ဖြစ်သည်၊၊ မဟုတ်ပါက ကမ္ဘာ့အခြား နေရာများကဲ့သို့ပင် နိုင်ငံတစ်ခုလုံး ပွက်လောရိုက်နေလောက်ပြီ ဖြစ်သည်၊၊

သို့သော် ဤအေးချမ်းမှုမှာ ကြာရှည်ခံမည့်ပုံ မပေါ်ပေ၊၊

ဝမ်ရှန်းသည် ထိုဖြစ်ရပ်များကို သိပ်ပြီး စိုးရိမ်မနေသော်လည်း ကမ္ဘာဦးချီများ နိုးထလာပြီးနောက် အွန်လိုင်းတွင် တွေ့ခဲ့ရသည့် ကောလာဟလအချို့ကို သတိရသွားသည်၊၊ အချို့က… နှစ်ပေါင်းထောင်ချီ အသက်ရှင်နေသော ရှေးဟောင်းကျင့်ကြံသူများသည် ပြန်လည်နိုးထလာပြီဟု ဆိုကြသည် ၊၊ တစ်ဖက်တွင်လည်း နှစ်ပေါင်းထောင်ချီ ကိန်းအောင်းနေသော ရှေးဟောင်းသားရဲများနှင့် နတ်ဆိုးများ၊ မိစ္ဆာများသည်လည်း သူတို့၏ စွမ်းအားများကို တိတ်တဆိတ် ပြန်လည်စုဆောင်းနေကြသည်ဟု ယူဆကြသည်၊၊

ကံမကောင်းစွာဖြင့် ဝမ်ရှန်းသည် သူ၏ အရင်ဘဝတွင် အသက် (၃၁) နှစ်အထိသာ နေခဲ့ရသည်၊၊ နှစ်ပေါင်း တစ်ထောင်က ရှေးဟောင်းပုဂ္ဂိုလ်များ ပြန်ပေါ်လာသလား သို့မဟုတ် နှစ်တစ်ထောင်မိစ္ဆာများက လောကကြီးကို ဖျက်ဆီးသလား ဆိုသည်ကို သိခွင့်မရခဲ့ပေ၊၊ အကယ်၍သာ ထိုသို့ ဖြစ်လာပါက ကျင့်ကြံခြင်းလောက၏ ဖွဲ့စည်းပုံသည် နောင်နှစ်များတွင် သိသိသာသာပြောင်းလဲသွားပေလိမ့်မည်၊၊ သို့သော် ၎င်းမှာ သူနှင့် သိပ်မသက်ဆိုင်လှပေ၊၊ သူ၏ အဓိကဦးစားပေးမှာ သူ၏ ကိုယ်ပိုင်လမ်းစဉ်အတိုင်း ကျင့်ကြံရန်သာဖြစ်ပြီး ကျန်သည့်အရာများမှာ ဒုတိယသာ ဖြစ်သည်၊၊

မွန်းတည့်ချိန်တွင် ဘတ်စ်ကားမှာ အဝေးပြေး လမ်းဘေးရပ်နားစခန်း တစ်ခု၌ ရပ်တန့်သွားသည်၊၊ လီရှီဝူက လူငယ် တာအိုရသေ့တစ်စုကို ထမင်းစားခန်းသို့ ခေါ်ဆောင်သွားသည်၊၊

တာအိုဝတ်စုံနှင့် ဆံပင်ရှည်ထားသော လူငယ်များနှင့် တာအိုသရဖူ ဆောင်းထားသော အဘိုးကြီးများသည် လူအများ၏ အာရုံစိုက်မှုကို ချက်ချင်း ရရှိသွားသည်၊၊

မုဝမ်ရွှမ်း ကားပေါ်မှ အသာအယာ ခုန်ဆင်းလာသည့်အခါတွင်မူ သူမသည် လူအုပ်ကြီး၏ အဓိကအာရုံစိုက်ခြင်းခံရလေသည်၊၊ တစ်ဖက်တွင်မူ ဝမ်ရှန်းသည် သူ၏ စီနီယာ၊ ဂျူနီယာများနှင့် ဆင်တူဝတ်ဆင်ထားသဖြင့် မုဝမ်ရွှမ်း၏ ဘေးတွင် သိပ်ပြီး မပေါ်လွင်ပေ၊၊

အဖွဲ့နောက်သို့ ခြေလှမ်းအနည်းငယ် လိုက်သွားစဉ် နောက်မှ တစ်စုံတစ်ယောက်က ခေါ်သံကို ကြားလိုက်ရသည်၊၊

“ညီလေးဝမ်၊ ညီမလေးမု”

ဝမ်ရှန်း လှည့်ကြည့်လိုက်သည့်အခါ အပြာရောင် တာအိုဝတ်စုံ ဝတ်ဆင်ထားပြီး ဖော်ရွေသော အပြုံးများဖြင့် ချဉ်းကပ်လာသည့် လူငယ်နှစ်ဦးကို တွေ့လိုက်ရသည်၊၊

ဝူတန်းတောင်ပေါ်ရှိ ထင်ရှားသော ဆရာကြီးများ၏ လက်အောက်တွင် ဆယ်စုနှစ်တစ်ခုကျော် ပညာသင်ကြားနေသည့် တပည့်များ ဖြစ်ကြောင်း သူ သိလိုက်သည်၊၊ သူတို့မှာ အသက် (၂၄) သို့မဟုတ် (၂၅) နှစ်ခန့် ရှိပုံရပြီး လေ့ကျင့်ရန် ဦးစားပေးခံရသည့် တတိယမျိုးဆက် တပည့်များထဲမှ ဖြစ်သည်၊၊

တောင်ပေါ်တွင် အကြိမ်အနည်းငယ် ဆုံဖူးသော်လည်း ယခင်က တစ်ခါမှ စကားမပြောဖူးကြပေ၊၊

ယခုအခါ လှပသော စီနီယာအစ်မက ဘေးတွင် ရှိနေသဖြင့် သူတို့၏ စီနီယာအစ်ကိုနှစ်ဦးမှာ စကားစရန် ကြိုးစားလာကြသည်၊၊ အတော်လေးကို တိုက်ဆိုင်ပေသည်၊၊

“ဟယ်လို စီနီယာတို့”

ဝမ်ရှန်းက တည်တည်ငြိမ်ငြိမ် ပြန်ပြောလိုက်သည်၊၊ သူ၏ မျက်နှာထားမှာ နွေးထွေးသော်လည်း အလွန်အကျွံ စိတ်အားထက်သန်ခြင်း မရှိပေ၊၊

“စီနီယာတို့ရဲ့ နာမည်ကို သိပါရစေ”

“သူဆင်းရဲတာအိုဆရာ ရှန်ရွှီဇီ” ကဲ့သို့သော သူတို့၏ တာအိုဘွဲ့များဖြင့် တရားဝင် မိတ်ဆက်လေ့ရှိသည့် သက်ကြီးတာအိုဆရာကြီးများနှင့် မတူဘဲ ဤလူငယ် ကျင့်ကြံသူများမှာမူ ရိုးရိုးရှင်းရှင်းပင် ပြောဆိုကြသည်၊၊

ဘယ်ဘက်တွင် ရှိနေသော အနည်းငယ် ပိုချောသည့် တစ်ယောက်က ဝမ်ရှန်းဆီသို့ လက်ကမ်းပေးလိုက်သည်၊၊

“ငါက ကျိုးရင်‌လောင်ပါ၊၊ တာအိုဘွဲ့ကတော့ ချင်ကျင်းပါ၊ ငါတို့ထဲမှာ ငါက အသက်အကြီးဆုံးနဲ့ ဂိုဏ်းထဲကို အစောဆုံးရောက်တဲ့သူ ဖြစ်ပုံရလို့ မင်းကို ညီလေးလို့ ခေါ်လိုက်တာကို ခွင့်လွှတ်ပါ”

ဝမ်ရှန်းက ကျိုးရင်လောင်၏ လက်ကို ဆွဲနှုတ်ဆက်လိုက်သည်၊၊

“တွေ့ရတာ ဝမ်းသာပါတယ် စီနီယာ”

သူတို့လက်ချင်းထိလိုက်သည်နှင့် ဝမ်ရှန်းသည် သူ၏ သွေးကြောများကို စမ်းသပ်နေသည့် အားနည်းသော ဝိညာဉ်အသိစိတ်ကို ခံစားလိုက်ရသည်၊၊

ဝမ်ရှန်း၏ ဝိညာဉ်အသိစိတ်က အလိုအလျောက် တုံ့ပြန်လုနီးပါးဖြစ်သွားသော်လည်း သူ၏ စွမ်းအားကို ဖုံးကွယ်ရန်အတွက် သူက တမင်တကာ ထိန်းချုပ်ထားလိုက်သည်၊၊ ထို့ကြောင့် သူ၏ ကိုယ်တွင်း၌ အမြဲတမ်း စီးဆင်းနေသော စွမ်းအင်များမှာ နှေးကွေးပြီး သာမန်အတိုင်းသာ ပေါ်လွင်နေသည်၊၊

သို့သော်လည်း ကျိုးရင်‌လောင်သည် ဝမ်ရှန်းကို ပို၍ သတိထားကာ ကြည့်လိုက်သည်၊၊

“ငါက အရမ်းသိချင်သွားလို့ မင်းကို စမ်းသပ်မိတာကို ခွင့်လွှတ်ပါ၊၊ ညီလေးဝမ်ရဲ့ ကျင့်ကြံမှုက တကယ်ကို နက်ရှိုင်းတာပဲ”

အကယ်၍ မင်းသာ ငါ့စီနီယာအစ်မရဲ့ သွေးကြောတွေကို စမ်းကြည့်မယ်ဆိုရင်တော့ တာအိုနှလုံးသား ပျက်စီးသွားတဲ့အထိ ထိတ်လန့်သွားလိမ့်မယ်…

ဝမ်ရှန်းက စိတ်ထဲမှ တွေးလိုက်သည်၊၊

သို့သော် သူ ရှိနေသရွေ့ သူ၏ စီနီယာအစ်မ၏ ဆံခြည်တစ်မျှင်ကိုပင် မည်သူမျှ မထိစေရပေ၊၊

အခြားတစ်ယောက်ကမူ သူ့ကိုယ်သူ ကျောင်းကျောင်းဟု မိတ်ဆက်ပြီး တာအိုဘွဲ့မှာ ချင်လင်းဖြစ်သည်၊၊ ကျိုးရင်လောင်ကဲ့သို့ပင် သူသည်လည်း ဝူတန်းတောင်၏ အဓိကထား လေ့ကျင့်ပေးနေသည့် အလားအလာရှိသော လူငယ်တပည့်များထဲမှ တစ်ဦးဖြစ်သည်၊၊

နှစ်ဦးစလုံးမှာ ဝိညာဉ်ပေါင်းစည်းခြင်းအဆင့်၏ အစောပိုင်းအဆင့်တွင် ရှိနေကြပြီး ထိပ်တန်း တတိယမျိုးဆက် တပည့် (၁၀) ဦးထဲတွင် ပါဝင်ကာ ကျင့်ကြံခြင်း၌ ထူးခြားသော ပါရမီရှိသူများဟု သတ်မှတ်ခံထားရသည်၊၊ လောလောဆယ်တွင်မူ ဝူတန်းတပည့်များထဲ၌ ပျမ်းမျှအဆင့်ဟု ဆိုနိုင်သည်၊၊ အထူးသဖြင့် ကမ္ဘာဦးချီများ ပြန်လည် နိုးထလာသည်မှာ နှစ်နှစ်ခွဲသာ ရှိသေးသောကြောင့် ဖြစ်သည်၊၊

ကျိုးရင်လောင်နှင့် ကျောင်းကျောင်းတို့သည် သိသိသာသာပင် ရင်းနှီးမှု ရရန် ကြိုးစားနေကြသည်၊၊ သူတို့မှာ လေးစားမှုရှိပြီး စည်းကျော်ခြင်းမရှိသဖြင့် ဝမ်ရှန်းကလည်း သူတို့ကို ငြင်းပယ်ရန် မဆုံးဖြတ်ခဲ့ပေ၊၊

သုံးဦးသားမှာ ကျင့်ကြံခြင်း၏ ပျော်ရွှင်ဖွယ်ရာ အချက်အလက်များကို အနည်းငယ် စကားပြောဖြစ်ကြသည်၊၊ စကားဝိုင်းမှာ အနည်းငယ် ထူးဆန်းနေသော်လည်း အခြေအနေမှာ ဖော်ရွေဆဲဖြစ်သည်၊၊

တစ်ဖက်တွင်မူ မုဝမ်ရွှမ်းက ထိုနှစ်ယောက်ကို လုံးဝ အာရုံမရှိပေ၊၊ အစားအသောက်နံ့များကြောင့် သူမသည် လွတ်ထွက်သွားတော့မည့် သိုးငယ်လေးကဲ့သို့ ဖြစ်နေသည်၊၊ ကံကောင်းသည်မှာ သူမသည် မိန်းမပျိုလေးတစ်ယောက်ဖြစ်နေသောကြောင့် ဣန္ဒြေကို အနိုင်နိုင်ထိန်းထားနိုင်ခြင်း ဖြစ်သည်၊၊

ထမင်းစားရန် အချိန်ရောက်သည့်အခါ ဝမ်ရှန်းသည် သူ၏ စီနီယာအစ်မ၏ ထမင်းစားကတ်ကို အမြန်ပင် ငွေဖြည့်ပေးလိုက်ပြီး အခြားသူများ ဝင်ရောက်စွက်ဖက်ဖို့ အခွင့်ရေးမပေးခဲ့ပေ၊၊

ပုံမှန်အတိုင်းပင် မုဝမ်ရွှမ်းသည် ဝမ်ရှန်းသွားရာ နောက်သို့ အရိပ်တစ်ခုလို လိုက်နေသည်၊၊ သူမသည် စားချင်စရာ တစ်ခုခုကို မြင်သည့်အခါ ဈေးနှုန်းနှင့် သူမ၏ အစားရှောင်နေသည့် အခြေအနေကို ထည့်တွက်နေသည်၊၊ အဆုံးတွင် သူမသည် မြည်းစမ်းကြည့်ရန်အတွက် သက်သက်လွတ် ပေါက်စီ နှစ်လုံးကိုသာ ရွေးချယ်လိုက်သည်၊၊

သူ၏ စီနီယာအစ်မကို စိတ်မကောင်းမဖြစ်စေလိုသဖြင့် ဝမ်ရှန်းသည် သူ၏ မိဘများဆီမှ ရထားသော မုန့်ဖိုးများနှင့် အခမ်းအနားများမှ ရထားသော ပိုက်ဆံများကို သုံးကာ သူမ နှစ်သက်သော ဟင်းပွဲအချို့ကို ဝယ်ပေးလိုက်သည်၊၊ သို့သော် လူများစွာ ရှိနေသဖြင့် အချို့က ခိုးကြည့်ခြင်း သို့မဟုတ် ဖုန်းဖြင့် ဓာတ်ပုံရိုက်ခြင်းများကြောင့် မုဝမ်ရွှမ်းသည် စားနေစဉ်အတွင်း အနေရခက်နေသည်၊၊

ကျိုးရင်လောင်နှင့် ကျောင်းကျောင်းတို့သည် သူတို့ရှေ့တွင် ထိုင်နေကြပြီး အနည်းငယ် အနေရခက်ပုံပေါ်နေသော်လည်း ဝမ်ရှန်းကမူ ဘာမှမဖြစ်သည့်အလား ပုံမှန်အတိုင်းပင် စားသောက်နေသည်၊၊

“ညီလေးဝမ်က ဓားတာအိုကို အဓိကလေ့ကျင့်တာလား”

ကျိုးရင်လောင်က စကားစရန် မေးလိုက်သည်၊၊

“အဓိက လေ့ကျင့်တယ်လို့တော့ မပြောလိုပါဘူး၊၊ ကျွန်တော်က ဆရာ သင်ပေးတဲ့ အတိုင်းပဲ လိုက်နာပါတယ်၊၊ ဓားသိုင်းဆိုတာကတော့ ကိုယ့်ကိုယ်ကိုယ် ကာကွယ်ဖို့အတွက် တာအိုပညာရပ်တစ်ခုပါပဲ”

ဝမ်ရှန်း၏ စကားကို ကျိုးရင်လောင်နှင့် ကျောင်းကျောင်းတို့က ထောက်ခံကာ ခေါင်းညိတ်ကြသည်၊၊

ကျိုးရင်လောင်က သူတို့၏ ကျင့်ကြံရေးအသေးစိတ်များကို ဆက်ပြောပြနေသော်လည်း ဝမ်ရှန်းက သိပ်ပြီး နားမထောင်ချင်ပေ၊၊

ဝူတန်းတောင်၏ တတိယမျိုးဆက် တပည့်အများစုမှာ ထိုက်ယိကျိန်းရန်ထံမှ လက်ဆင့်ကမ်းလာသော နက်နဲသည့် သင်ကြားမှုများကို ကျင့်ကြံကြသည်၊၊ ကျိုးရင်လောင်က သူသည် ထိုက်ယိဓားသိုင်းတွင် အတော်လေး ကျွမ်းကျင်ကြောင်း ပြောကြားပြီး တောင်ပေါ်သို့ ပြန်ရောက်သည့်အခါ သူတို့နှစ်ဦး ယှဉ်ပြိုင်ကြရန် အကြံပြုခဲ့သည်၊၊

ဝမ်ရှန်းကလည်း တွန့်ဆုတ်မနေဘဲ သဘောတူလိုက်သည်၊၊ အမှန်တော့ တာအိုပညာရပ်များကို အသုံးပြု၍ ယှဉ်ပြိုင်ခြင်းမှာ နှစ်ဦးစလုံးအတွက် အကျိုးရှိပေသည်၊၊ ကံမကောင်းစွာဖြင့် ဝမ်ရှန်းသည် သူ၏ စီနီယာအစ်မနှင့် ယှဉ်ပြိုင်သည့် အခါတိုင်း သူကသာ အမြဲ ရှုံးနိမ့်နေခဲ့ပြီး သူ၏ဆရာမှာလည်း ကိုယ်ပိုင်ကျင့်ကြံခြင်းတွင် အလုပ်ရှုပ်နေသဖြင့် သူ၏ ဓားသိုင်းကို မကြာခဏ လမ်းညွှန်မပေးနိုင်ပေ၊၊ ထို့ကြောင့် ကျွမ်းကျင်သော ဓားသမားများနှင့် ယှဉ်ပြိုင်ခြင်းက သူ၏ တိုးတက်မှုကို ပိုမိုမြန်ဆန်စေမည်မှာ သေချာသည်၊၊

သူ၏ ဓားတာအို တိုးတက်မှုအကြောင်းကိုမူ ပြောမနေတော့သည်က ပိုကောင်းပါလိမ့်မည်၊၊ သူ၏ဆရာ ချင်ယန်ဇီက တစ်ခါက သူ့ကို ပြောဖူးသည်၊၊

“စွဲလမ်းသော စိတ်ဆန္ဒဖြင့် မောင်းနှင်နေခြင်း”

•••

တာအိုဂိုဏ်းများတွင် တာအိုဘုန်းကြီး အမျိုးသားများကို “ချန်တာအို” ဟု ခေါ်ပြီး အမျိုးသမီးများကို “ခွန်တာအို” ဟု ခေါ်သည်၊၊

ကျိန်းရန်- မြင့်မားသော ဝိညာဉ်ကျင့်ကြံမှုနှင့် တာအိုနှင့် တစ်သားတည်းဖြစ်သူကို ဆိုလိုသည်၊၊

All Chapters