မော်ရှန်းတောင်ခြေ
Vol. 2 Ch. 17
နေ့လယ်စာ စားသောက်ပြီးနောက် ကျိုးရင်လောင်နှင့် ကျောင်းကျောင်းတို့သည် မုဝမ်ရွှမ်းနှင့် စကားစမြည်ပြောရန် အကြိမ်ကြိမ် ကြိုးစားခဲ့ကြသော်လည်း မုဝမ်ရွှမ်းကမူ ယဉ်ကျေးသော အေးစက်စက်အပြုံးလေးဖြင့်သာ တုံ့ပြန်ခဲ့ရာ ၎င်းတို့နှစ်ဦးသည် အကြောင်းရင်းမရှိဘဲ စိတ်မသက်မသာဖြစ်ခဲ့ရသည်။ သူမ၏ မျက်ဝန်းများသည် ကြည်လင်လွန်းလှသဖြင့် အခြားသူများ၏ စိတ်ထဲတွင် ဖုံးကွယ်ထားသော မဖွယ်မရာအတွေးများကိုပင် ရောင်ပြန်ဟပ်နေသကဲ့သို့ ရှိနေသည်။ ထို့ကြောင့် လူများသည် သူမ၏ အကြည့်ကို ကြာကြာ မရင်ဆိုင်ရဲကြပေ။
၎င်းတို့အားလုံးသည် ကျင့်ကြံသူများဖြစ်ကြပြီး ယောကျ်ားနှင့် မိန်းမကြားမှ ဆက်ဆံရေးကို တင်းကျပ်စွာ တားမြစ်ထားခြင်း မရှိသော်လည်း ကြည်လင်သော တာအိုနှလုံးသားကို ထိန်းသိမ်းထားရန်မှာ မဖြစ်မနေလိုအပ်သည်။ ထို့ကြောင့် ကျိုးရင်လောင်နှင့် ကျောင်းကျောင်းတို့သည် စိတ်ထဲမှ အတွေးများကို ချက်ချင်းပင် လက်လျှော့လိုက်ကြသည်။ ဝမ်ရှန်းနှင့် မုဝမ်ရွှမ်းတို့အပေါ် သူတို့ စိတ်ဝင်စားရခြင်းမှာလည်း သူတို့၏ ဆရာများက ထိုနှစ်ဦး၏ ကျင့်ကြံမှုကို ချီးမွမ်းခဲ့သောကြောင့်သာ ဖြစ်သည်။ သူစိမ်းများဖြစ်နေခြင်းထက် ရင်းနှင်းသော ဆက်ဆံရေး တည်ဆောက်ထားခြင်းက ပို၍ ကောင်းမွန်ပေသည်၊၊
ဝမ်ရှန်းသည် ကျိုးရင်လောင်နှင့် ကျောင်းကျောင်းတို့၏ ကျေးဇူးကြောင့်ပင် ထမင်းစားနေစဉ်အတွင်း အခြားသော တာအိုဆရာငယ်နှစ်ဦးနှင့် ရင်းနှီးခွင့် ရခဲ့သည်။ ၎င်းတို့အားလုံးမှာ ဝိညာဉ်ပေါင်းစည်းခြင်းအဆင့်၏ အစောပိုင်းအဆင့်တွင် ရှိကြပြီး ဝူတန်းတောင်၏ လူငယ်မျိုးဆက်သစ် ထိပ်သီးများ ဖြစ်ကြသည်။
ကျိုးရင်လောင်သည် ဂိုဏ်းချုပ်၏ မျိုးဆက်ဖြစ်ပြီး ထိုက်ယိဓားပညာကို အထူးပြုကာ ကျောင်းကျောင်းကမူ ဝူတန်နဂါးလက်သီးပညာကို အဓိကထားသည်။ ဝမ်ရှန်း၏ စီနီယာအစ်ကို နောက်တစ်ဦးဖြစ်သူ မုန့်ဟုန်သည် ဝူတန်းတန်ပြန်ထိုက်ကျိသိုင်းကို လေ့ကျင့်ပြီး နူးညံ့သိမ်မွေ့သော ပုံစံရှိသည့် စီနီယာအစ်မ ဟုန်လင်ကတော့ လေဆန်ငါးသွယ်မိုးကြိုးလက်ဝါးသိုင်းကို လေ့ကျင့်နေသည်။ ဝိညာဉ်ပေါင်းစည်းခြင်းအဆင့်၏ နောက်ဆုံးအဆင့်သို့ ရောက်ရှိနေသော ဝမ်ရှန်းနှင့် အစားအသောက်ကို အလွန်မြတ်နိုးသော စီနီယာအစ်မတို့သည် ၎င်းတို့နှင့်အတူ တစ်ဝိုင်းထဲတွင် စားသောက်ခဲ့ကြသည်။
ဝူတန်း၏ တာအိုအမွေအနှစ် အခြေခံသင်ကြားမှုများသည် စစ်မှန်သော သိုင်းပညာအနွယ်အပေါ်တွင် အဓိကထားသည်။ ၎င်း၏ အဓိကကျင့်ကြံခြင်း နည်းလမ်းများသည် သိုင်းပညာ၏ သဘောတရားများနှင့် နီးကပ်စွာ ဆက်နွှယ်နေသည်။
ဤထူးခြားချက်မှာ ကောင်းသည်၊ ဆိုးသည်ဟု တရားသေပြော၍မရပေ။ အမှန်စင်စစ် နည်းစနစ်များဆိုသည်မှာ တာအိုကို ကာကွယ်ရန် တည်ရှိခြင်း ဖြစ်သည်။ အကောင်းဆုံးသော မဟာတာအိုသည် လူတစ်ဦးကို အင်မော်တယ်အဆင့်သို့ တက်လှမ်းစေနိုင်ပြီး မိမိကိုယ်ကို လုံခြုံအောင် စောင့်ရှောက်နိုင်သော အင်မော်တယ်စွမ်းရည်ကို ထိပ်တန်းဟု သတ်မှတ်ရမည် ဖြစ်သည်။
၎င်းတို့နှင့်အတူ လိုက်ပါလာသော အခြားလူငယ်အများစုမှာ ဝူတန်းတာအိုအမွေအနှစ်၏ တပည့်များ မဟုတ်ကြပေ။ ၎င်းတို့သည် အဓိကအားဖြင့် သိုင်းပညာပြသရန်အတွက် လိုက်ပါလာခြင်း ဖြစ်ပြီး စစ်မှန်သော ကျင့်ကြံသူများအပေါ် အာရုံမရောက်စေရန် လမ်းလွှဲပေးသည့် သဘောလည်း ဖြစ်သည်။ အထက်မှ စည်းမျဉ်းများအရ ၎င်းတို့အနေဖြင့် သိသာလွန်းစွာ ပြုမူ၍ မရသောကြောင့်ပင် ဖြစ်သည်။
ခရီးစဉ်တစ်လျှောက်လုံးတွင် ဝမ်ရှန်းသည် သူ၏ စီနီယာအစ်မကို စကားဝိုင်းထဲ၌ ပါဝင်စေရန် ဂရုစိုက်ခဲ့သော်လည်း မုဝမ်ရွှမ်းသည် လူမှုဆက်ဆံရေးကို စိတ်ဝင်စားပုံ မရပေ။ သူမသည် ပြတင်းပေါက် အပြင်ဘက်ကိုသာ ငေးကြည့်ရင်း ရှုခင်းများကို ခံစားနေခဲ့သည်။
၎င်းတို့သည် ခရီးစဉ်၏ တစ်ဝက်ကို စကားပြောရင်း ကုန်ဆုံးစေကာ ကျန်တစ်ဝက်ကိုမူ တရေးတမော အိပ်စက်ခဲ့ကြသည်။ တစ်နေ့တာမှာ လျင်မြန်စွာ ကုန်ဆုံးသွားခဲ့သည်။
နံနက်အစောပိုင်းကတည်းက စတင်ထွက်ခွာလာခဲ့သဖြင့် ကုန်တင်ကားကြီးများကို မောင်းနှင်ဖူးသော အတွေ့အကြုံရှိသည့် တာအိုဆရာတစ်ဦးက လမ်းခုလတ်တွင် ဘတ်စ်ကားဒရိုင်ဘာနှင့် လူလဲမောင်းနှင်ခဲ့သည်။ ခေတ္တမျှ နားနားပြီးနောက် ၎င်းတို့သည် လန်းဆန်းစွာ ဆက်လက်ထွက်ခွာခဲ့ရာ ညကိုးနာရီကျော်တွင် သူတို့၏ ခရီးဆုံးပန်းတိုင်ဖြစ်သည့် မော်ရှန်းတောင်ရှိ ရှန်းချင်းသို့ ရောက်ရှိခဲ့သည်။
ဤနှီးနှောဖလှယ်ပွဲသည် သန့်ရှင်းသော တောင်တန်းများမှ ထင်ရှားသော တာအိုဂိုဏ်းအသီးသီးမှ တပည့်များကို စုစည်းပေးခြင်း ဖြစ်သည်။ ဝူတန်းတောင်အဖွဲ့ ရောက်ရှိလာသောအခါ မော်ရှန်းတောင်မှ တာအိုဆရာနှစ်ဦးက ကြိုဆိုရန် စောင့်ဆိုင်းနေကြပြီ ဖြစ်သည်။
စီစဉ်ထားချက်အရ ၎င်းတို့သည် အနီးတဝိုက်မှ မြို့ငယ်လေးရှိ ဟိုတယ်တစ်ခုတွင် အရင်ဆုံး တည်းခိုကြမည် ဖြစ်ပြီး နံနက်ပိုင်းတွင် နှီးနှောဖလှယ်ပွဲအတွက် အားကစားကွင်းသို့ သွားကြမည် ဖြစ်သည်။ ကျင့်ကြံသူများ ဖြစ်သည့်အားလျော်စွာ ဘုရားဖူးများ လှူဒါန်းထားသော ပစ္စည်းများကို မသုံးဖြုန်းနိုင်ပေ။ ထို့ကြောင့် တစ်ယောက်ခန်း ငှားရမ်းသော လီရှီဝူကဲ့သို့သော သူများမှအပ ကျန်တပည့်အများစုသည် နှစ်ယောက်ခန်း သို့မဟုတ် သုံးယောက်ခန်းများကို မျှဝေသုံးစွဲကြရသည်။
အချို့သော ဝူတန်တပည့်များနှင့် မော်ရှန်းတောင် တာအိုဆရာများသည် ဝမ်ရှန်းနှင့် မုဝမ်ရွှမ်းတို့မှာ ချစ်သူများ ဖြစ်ကြလိမ့်မည်ဟု အလိုလျောက် တွေးမိကြသည်—၎င်းတို့မှာ အလွန်လိုက်ဖက်လွန်းလှသည်မဟုတ်ပါလား။ ဝမ်ရှန်းက မုဝမ်ရွှမ်းအား ဟုန်လင်းနှင့် အခန်းအတူနေရန် စီစဉ်ပေးသောအခါ မုဝမ်ရွှမ်း၏ စိတ်ပျက်လက်ပျက်ဖြစ်သွားသောပုံစံနှင့် အလိုမကျသောအကြည့်တို့ကြောင့် သူတို့၏ ထင်မြင်ချက်မှာ ပို၍ ခိုင်မာသွားခဲ့သည်။
အမှန်စင်စစ် မုဝမ်ရွှမ်းသည် ရှက်တတ်ရုံသာဖြစ်ပြီး သူစိမ်းများနှင့် အတူရှိနေရသော အခြေအနေကို မည်သို့ကိုင်တွယ်ရမည်မှန်း မသိခြင်းသာ ဖြစ်သည်။
သို့သော် ဝမ်ရှန်းကမူ ထိုအခြေအနေကို အခြားသူများအား ထပ်မံ ရှင်းပြလိုစိတ်မရှိပေ။ သူသည် အထုပ်အပိုးများကို သယ်ဆောင်ကာ ကျိုးရင်လောင်၊ ကျောင်းကျောင်းတို့နှင့်အတူ အခန်းမျှကာ တည်းခိုခဲ့သည်။ နောက်ပိုင်းတွင် အားလုံး အလှည့်ကျ ရေချိုးပြီး အိပ်စက်တော့မည့် အချိန်၌ လီရှီဝူသည် တာအိုဆရာအချို့နှင့်အတူ အခန်းတံခါးကို ရုတ်တရက် လာခေါက်ခဲ့သည်။
“ဖေးယွီ’’
လီရှီဝူက ဝမ်ရှန်း၏ တာအိုအမည်ဖြင့် ခေါ်လိုက်သည်၊၊
“မင်းရဲ့ ဓားသိုင်းက အတော်လေး ကောင်းတယ် မဟုတ်လား’’
ဝမ်ရှန်းက ခဏမျှ စဉ်းစားပြီး “နည်းနည်းပါပဲ”
“ဒါဆိုရင် မင်း မနက်ဖြန် နှီးနှောဖလှယ်ပွဲမှာ သရုပ်ပြရမယ်’’
လီရှီဝူက ပြုံးလျက် ဝမ်ရှန်း၏ ပုခုံးကို ပုတ်ကာ ပြောသည်၊၊
“မနက်ပိုင်းအစီအစဉ်က လူထုကို အသိပေးမှာဖြစ်သလို မီဒီယာတွေတောင် ပါလာမယ်၊၊၊ သူတို့တွေ စိတ်လွတ်ပြီး ကျင့်ကြံခြင်းကို မတော်တဆ ထုတ်ပြမိမှာကို ငါစိုးရိမ်တယ်၊၊ ဒါကြောင့် မလိုအပ်တဲ့ ပြဿနာတွေ မဖြစ်အောင်လို့ မင်းက ရိုးရိုးရှင်းရှင်း ဓားသိုင်းလေးတစ်ခုပဲ ပြလိုက်ပါ၊၊ ချီစွမ်းအားတွေ မသုံးနဲ့၊၊ အမြင်လှပြီး ကြည့်ကောင်းရုံပဲ”
ရိုးရိုးရှင်းရှင်း ဓားသိုင်းသရုပ်ပြရမှာလား…
“ဒီအတွက် စီနီယာအစ်ကို ကျိုးရင်လောင်က ပိုပြီး သင့်တော်ပါလိမ့်မယ်’’
ဝမ်ရှန်းက အကြံပြုလိုက်သည်။
သူသည် မတ်တပ်ရပ်လိုက်ပြီး ဘယ်ဘက်လက်ကို နောက်ကျောတွင် ထားလိုက်သည်။ ထို့နောက် ညာဘက်လက်ကို ဓားလက်ညှိုးပုံစံဖြင် ရင်ဘတ်တွင် ကပ်ထားလိုက်သည်။ သူ၏ လှုပ်ရှားမှုများတွင် အစစ်အမှန်ချီများ လုံးဝမပါသော်လည်း သိမ်မွေ့၍ နတ်ဘုရားဆန်သော ဓားဆန္ဒတစ်ခုက သူ့ထံမှ သဘာဝအတိုင်း ထွက်ပေါ်လာသည်။ ၎င်းသည် တည်ငြိမ်၍ ဟန်ချက်ညီကာ လျှို့ဝှက်သော ထက်မြမှုများကို သယ်ဆောင်လျက် စီးဆင်းနေသည်။
သူ့လက်ထဲတွင် ဓားမရှိသော်လည်း သူကိုယ်တိုင်သည် ကြယ်ရောင်များ တောက်ပနေသော နတ်ဘုရားဓားတစ်စင်းအလား ဖြစ်နေသည်။
“ဒါက...”
လီရှိဝူသည် သက်ပြင်းအရှည်ကြီး ချလိုက်မိပြီး အခြားသော တာအိုဆရာများလည်း အံ့အားသင့်ကာ တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြသည်။ ဝမ်ရှန်းသည် သူ၏ တာအိုစည်းချက်ကို ရှာဖွေတွေ့ရှိသွားပြီ ဖြစ်သည်။
ကျိုးရင်လောင်နှင့် ကျောင်းကျောင်းတို့လည်း အံ့အားသင့်သွားကြသည်။ သူတို့ မြင်တွေ့နေရသည်ကို အပြည့်အဝ နားမလည်ကြသော်လည်း ၎င်းမှာ ထူးခြားနေသည်ကိုမူ သူတို့ သိကြသည်။
တာအိုစည်းချက်ဆိုသည်မှာ ကျင့်ကြံခြင်းအဆင့် မဟုတ်ဘဲ ရှားပါးသော ရတနာတစ်ခုကဲ့သို့ နက်ရှိုင်းသော နားလည်မှုကို သဘာဝအတိုင်း ဖော်ပြခြင်းဖြစ်သည်။ ၎င်းက လူတစ်ဦးကို ထင်ရှားပေါ်လွင်စေရန် ပြုလုပ်ပေးသည်။ သို့သော် ဝမ်ရှန်းသည် သူ၏ တာအိုစည်းချက်ကို အပြည့်အဝ မကျွမ်းကျင်သေးသဖြင့် ၎င်းကို ထိန်းချုပ်ရန် သို့မဟုတ် ဖုံးကွယ်ရန် ခက်ခဲနေဆဲဖြစ်သည်။ ဤအခြေအနေနှင့် ဓားသိုင်းသရုပ်ပြခြင်းမှာ မလိုလားအပ်သော အာရုံစိုက်မှုများကိုသာ ဆွဲဆောင်မိပေလိမ့်မည်။
ထိုအခါမှသာ ကျိုးရင်လောင်နှင့် ကျောင်းကျောင်းတို့သည် ယခင်က သူတို့ လျစ်လျူရှုထားခဲ့သော ဝမ်ရှန်းသည် သူတို့အဆင့်ထက် များစွာသာလွန်နေသည်ကို သဘောပေါက်သွားကြသည်။ အနာဂတ်တွင် ဝမ်ရှန်း၏ လမ်းညွှန်မှုကိုပင် သူတို့ယူရနိုင်ပေသည်။
နောက်ဆုံးတွင် ကျိုးရင်လောင်ကိုသာ ဓားသိုင်း သရုပ်ပြရန် တာဝန်ပေးလိုက်ရသည်။
ဝမ်ရှန်း၏ သရုပ်ပြမှုကို မြင်တွေ့ပြီးနောက် ကျိုးရင်လောင်နှင့် ကျောင်းကျောင်းတို့သည် သူနှင့် ဆက်ဆံရာတွင် ပို၍ သတိထားလာကြသည်။ ထိုဂျူနီယာလေးသည် အသက်ငယ်ပြီး နောက်ကျမှ စတင်ခဲ့သော်လည်း ဓားသိုင်းတွင် ဉာဏ်အလင်းရထားပြီး ကိုယ်ပိုင်ဓားတာအိုစည်းချက်ကို ဖော်ဆောင်နိုင်ကာ ဝိညာဉ်ပေါင်းစည်းခြင်း၏ နောက်ဆုံးအဆင့်သို့ပင် ရောက်ရှိနေပြီ ဖြစ်သည်။
၎င်းတို့အားလုံးမှာ တောင်တန်းတစ်ခုတည်းတွင် ကျင့်ကြံနေကြသူများ ဖြစ်သဖြင့် အချင်းချင်း မနှိုင်းယှဉ်သင့်သော်လည်း လူငယ်တပည့်များဖြစ်သည့်အားလျော်စွာ တစ်ယောက်နှင့်တစ်ယောက် ယှဥ်တွေးမိခြင်းကတော့ ရှောင်လွှဲ၍ မရနိုင်ပေ။
ထိုညတွင် ဝမ်ရှန်းသည် ကုတင်ပေါ်၌ တင်ပလ္လင်ခွေထိုင်ကာ တရားထိုင်နေသည်။ အစပိုင်းက အိပ်စက်ရန် ပြင်ဆင်နေသော ကျိုးရင်လောင်နှင့် ကျောင်းကျောင်းတို့လည်း အားကျမခံ တရားထိုင်ရန် ထလိုက်ကြသည်။
သို့သော် ဝိညာဉ်ပေါင်းစည်းခြင်းအဆင့်ရှိသူများအတွက် အိပ်စက်ခြင်းကို တရားထိုင်ခြင်းဖြင့် အစားထိုးရန်မှာ မလွယ်ကူပေ။ နောက်ဆုံးတွင် နှစ်ဦးလုံး လက်လျှော့ကာ လှဲအိပ်လိုက်ကြသည်၊၊
ဒီကောင်က ထိုင်ပြီး အိပ်တာကို ကျင့်သားရနေပြီလား…
အခန်းထဲတွင် ဟောက်သံများ တဖြည်းဖြည်း ထွက်ပေါ်လာသောအခါ ဝမ်ရှန်း တရားထိုင်နေရင်း ပြုံးလိုက်မိသည်။
****
နောက်တစ်နေ့ နံနက်တွင် ဝမ်ရှန်းသည် အစောကြီး နိုးလာသည်။ ကိုယ်လက်သန့်စင်ပြီးနောက် လမ်းလျှောက်ထွက်ရန် တံခါးကို ဖြည်းညင်းစွာ ဖွင့်လိုက်ရာ သူ၏ စီနီယာအစ်မသည် တံခါးဝရှိ ကော်ဇောပေါ်တွင် တင်ပလ္လင်ခွေ ထိုင်လျက် ဖုန်းကို အာရုံစိုက်ကြည့်နေသည်ကို အံ့အားသင့်ဖွယ်တွေ့လိုက်ရသည်။
မုဝမ်ရွှမ်းသည် သူသတိမထားမိချိန်ထဲက စောင့်နေခဲ့ပုံရသည်၊၊
ယနေ့တွင် သူမသည် သူမ၏ ပညာရှင်ဝတ်စုံဖြစ်သော အဖြူရောင် လေ့ကျင့်ရေးဝတ်စုံပေါ်တွင် တာအိုဝတ်ရုံပွပွကို ထပ်ဝတ်ထားသည်။ ၎င်းမှာ သူမ၏ ခန္ဓာကိုယ်အချိုးအစားကို ဖုံးကွယ်ရန် ရည်ရွယ်သော်လည်း သူမ၏ လူအများနဲ့ကွဲထွက်နေသော အော်ရာကိုမူ မဖုံးကွယ်နိုင်ခဲ့ပေ၊၊
“နှစ်ပတ်တောင်ရှိပြီ၊၊ ဒီအဆင့်မှာပဲ ပိတ်နေတုန်းလား’’ ဝမ်ရှန်းက စနောက်လိုက်သည်။
မုဝမ်ရွှမ်းက မျက်နှာမဲ့လိုက်ပြီး ခပ်တိုးတိုး အသံပြုကာ စိတ်ကောက်သလို အခြားဘက်သို့ လှည့်သွားသည်။
သို့သော် သူမ၏ ဖုန်းမျက်နှာပြင်တွင်မူ သူမ၏ စိတ်အခြေအနေကို ဖော်ပြနေသည့် “လာပါ၊ ငါ့ကို အားပေးပါဦး’’ ဆိုသော ပုံလေးတစ်ခု ပေါ်နေသည်။
ဝမ်ရှန်းက ခပ်တိုးတိုး ရယ်လိုက်သည်၊၊
“ကဲပါ… စိတ်မကောက်နဲ့တော့၊၊ လမ်းလျှောက်သွားကြရအောင်… အနည်းဆုံးတော့ ဆရာ့အတွက် ဒီဒေသထွက် လက်ဆောင်ပစ္စည်းလေးတွေ ဝယ်သွားရမှာပေါ့’’
ထိုအချိန်တွင် အသံတစ်ခုထွက်ပေါ်လာသည်၊၊
“မော်ရှန်းတောင်ရဲ့ ဒေသထွက်လက်ဆောင်က ဘာတွေလဲ၊၊ ငါတို့လည်း ငါတို့ဆရာအတွက် ဝယ်သွားသင့်တယ်’’
လှည့်ကြည့်လိုက်သောအခါ ဟုန်လင်းနှင့် မုန့်ဟုန်တို့ ၎င်းတို့ဆီသို့ လျှောက်လာသည်ကို ဝမ်ရှန်း တွေ့လိုက်ရသည်။
မုဝမ်ရွှမ်း ချက်ချင်းပင် မတ်တပ်ရပ်လိုက်သည်။ မျက်စိတစ်မှိတ်အတွင်းမှာပင် သူမသည် စိတ်ကောက်နေသော စီနီယာအစ်မအဖြစ်မှ ပြုံးရွှင်ပြီး တည်ငြိမ်သော ကျင့်ကြံသူအဖြစ်သို့ ပြောင်းလဲသွားသည်။ သူမ၏ အပြုံးမှာ အနည်းငယ် လုပ်ယူထားပုံပေါက်နေသည်မှလွဲ၍… ၊၊
“ဟယ်လို စီနီယာအစ်ကိုနဲ့ စီနီယာအစ်မ’’
ဝမ်ရှန်းက ယဉ်ကျေးစွာ နှုတ်ဆက်လိုက်သည်။ သူသည် ဂိုဏ်းထဲသို့ ၎င်းတို့ထက် နောက်ကျမှ ဝင်ခဲ့သူ ဖြစ်သဖြင့် မိမိကိုယ်ကို ဂျူနီယာအဖြစ် သတ်မှတ်ခြင်းက ထူးဆန်းသည် မဟုတ်တော့ပေ။
မုန့်ဟုန်နှင့် ဟုန်လင်းတို့က ပြန်၍ ခေါင်းညိတ်ပြကြသည်။ သူတို့သည် ဝမ်ရှန်းအပေါ် အမြင်ကောင်းရှိကြသည်မှာ သိသာသည်။
မကြာမီ လေးဦးသား ဟိုတယ်မှ ထွက်ခွာကာ ပတ်ဝန်းကျင်ကို လေ့လာပြီး တစ်ခုခုစားရန် ထွက်ခဲ့ကြသည်။ လမ်းလျှောက်နေစဉ်အတွင်း ဝမ်ရှန်းသည် မုဝမ်ရွှမ်းနှင့် ဟုန်လင်းတို့ကြားရှိ ဆက်ဆံရေးကို လျှို့ဝှက်အကဲခတ်ကြည့်နေသည်။ ညက အခန်းတစ်ခုထဲ တည်းခိုခဲ့သော်လည်း သူတို့ကြားတွင် အနည်းငယ် စိမ်းသက်နေဆဲဖြစ်သည်။
ဟုန်လင်းကတော့ ထိုအချက်ကို ဂရုမစိုက်ပုံရသည်။ သူမသည် မုဝမ်ရွှမ်းကို ဘယ်လိုမှ မတွေးပေ၊၊
စောသေးသော်လည်း မော်ရှန်းတောင်မှ တပည့်အချို့သည် ဟိုတယ်အပြင်ဘက်တွင် ရောက်ရှိနေကြပြီး အဖွဲ့အသီးသီးကို နံနက်စာ စားသောက်မည့် နေရာများသို့ လမ်းညွှန်ပေးနေကြသည်။ သူတို့လေးယောက်လည်း အခမဲ့နံနက်စာကို လက်လွှတ်မခံနိုင်ကြပေ။
ဟိုတယ်ပတ်ဝန်းကျင်တွင် နံနက်ခင်း ဝတ်ပြုနေသော ဝတ်ရုံဝတ် တာအိုဆရာများကို တွေ့ရသည်။ တူညီသော လေ့ကျင့်ရေးဝတ်စုံများ ဝတ်ထားသော လူငယ်များက ရယ်ရယ်မောမော စကားပြောနေကြပြီး ထူးခြားသော စွမ်းအားများ ရှိပုံရသည့် တာအိုဆရာကြီးများမှာမူ တစ်ခါတစ်ရံတွင် လျင်မြန်စွာ ဖြတ်သန်းသွားနေကြသည်။
တစ်နေရာတွင် မုဝမ်ရွှမ်းသည် ဝမ်ရှန်း၏ အင်္ကျီလက်ကို ဆွဲကာ လမ်းကြားလေးတစ်ခုတွင် ရပ်လိုက်သည်။ သူမက ဆိုင်နှစ်ဆိုင်ကြားရှိ နေရာတစ်ခုကို ညွှန်ပြလိုက်သည်၊၊
သူမ ညွှန်ပြသည့်အတိုင်း ကြည့်လိုက်သောအခါ နေရောင်အောက်တွင် တင့်တယ်လှပပြီး မြူနှင်းများကြား၌ ဖုံးကွယ်နေသော လောကီနှင့်ကင်းကွာနေဟန်ရသော နန်းတော်တစ်ခုကို ဝမ်ရှန်း မြင်လိုက်ရသည်။
“ဒါက ကျိုးရှောင်နန်းတော်ပဲ’’ မုန့်ဟုန်က ပြောသည်၊၊
“ဒါက ဝူတန်းတောင်ရဲ့ ရွှေတောင်ထိပ်နဲ့ အဆင့်တန်းတူညီတယ်၊၊ အခုခေတ်မှာတော့ အလွယ်တကူ သွားလို့မရတော့ဘူး’’
“ဒါပေမဲ့ မော်ရှန်းတောင်က တက်ရတာ ပိုလွယ်တယ်နော်’’
ဟုန်လင်းက ခပ်တိုးတိုး မှတ်ချက်ပေးသည်။
ဝမ်ရှန်းက ပြုံးလိုက်သည်၊၊
“တောင်ရဲ့ အမြင့်က အရေးမကြီးပါဘူး၊၊ အင်မော်တယ်တွေ နေထိုင်တဲ့ တောင်ဆိုရင် သန့်ရှင်းပြီးသားပါ’’
“ဖေးယွီ ပြောတာ မှန်တယ်’’
မုန့်ဟုန်က ရယ်မောလိုက်သည်၊၊
“မော်ရှန်းတောင်ရဲ့ တာအိုပညာရပ်တွေက နည်းလမ်းအမျိုးမျိုးနဲ့ ထူးခြားတာတော့ အမှန်ပဲ’’
အားလုံး ရယ်မောပြီးနောက် စားသောက်ရန်နေရာကို ဆက်လက် ရှာဖွေခဲ့ကြသည်။
မော်ရှန်းတောင်၏ အဓိကတောင်ထိပ်မှာ မီတာ ရာဂဏန်းမျှသာ မြင့်သဖြင့် အလွန်ခန့်ညားထည်ဝါခြင်း သို့မဟုတ် အန္တရာယ်များခြင်း မရှိပေ။
သို့သော် ၎င်း၏ ပြေပြစ်သော တောင်စောင်းများတွင် တာအိုဘုရားကျောင်းများစွာ ရှိပြီး အေးချမ်းသော နေရာများကို နေရာတိုင်းတွင် တွေ့နိုင်သည်။ ရှေးဟောင်းကျင့်ကြံရေးနယ်မြေ အဆင့်သတ်မှတ်ချက်များအရ မော်ရှန်းတောင်သည် အလှပဆုံးနယ်မြေများထဲတွင် ၈ ခုမြောက် ဖြစ်ပြီး မင်္ဂလာအရှိဆုံး နယ်မြေများထဲတွင် ပထမမြောက်ဖြစ်သဖြင့် တာအိုကျင့်ကြံရန် အကောင်းဆုံးနေရာများထဲမှ တစ်ခုဖြစ်သည်။
ဝမ်ရှန်းသည် သူ၏ ဝိညာဥ်အသိစိတ်ကို ဖြန့်ကျက်လိုက်သောအခါ ကောင်းကင်နှင့် မြေကြီး၏ ချီစွမ်းအားများသည် တောင်တစ်လျှောက်တွင် စမ်းချောင်းလေးတစ်ခုကဲ့သို့ စီးဆင်းနေသည်ကို ခံစားလိုက်ရသည်။ လူမှုပတ်ဝန်းကျင်နှင့် နီးစပ်သော နေရာများတွင်ပင် ချီစွမ်းအားမှာ အလွန်သန့်စင်နေသည်။ ခြုံငုံကြည့်လျှင် မော်ရှန်းတောင်၏ ပတ်ဝန်းကျင်သည် ဝူတန်တောင်ထက် အနည်းငယ် သာလွန်နေပေသည်။
ချီစွမ်းအားများ ပြန်လည်နိုးထလာပြီးနောက် မော်ရှန်းတောင်သည် တာအိုဂိုဏ်းများထဲတွင် အဆင့်သုံးအတွင်း အမြဲရှိနေရခြင်းမှာ အံ့ဩစရာမဟုတ်တော့ဟု ဝမ်ရှန်း တွေးလိုက်မိသည်။
တစ်ချိန်က တာအိုနှင့် သိုင်းပညာပေါင်းစပ်မှုကြောင့် ထွန်းကားခဲ့သော ဝူတန်းတောင်မှာမူ အလယ်အလတ် အဆင့်သို့ ကျဆင်းသွားခဲ့သည်—၎င်းမှာ တာအိုရိုးရာအစဉ်အလာအတွင်း သိုင်းပညာ လျင်မြန်စွာ ကျဆင်းလာမှုနှင့် ဆက်စပ်နေသည်။
မော်ရှန်းတောင်ကတော့ ထိုသို့မဟုတ်ပေ။ ချီစွမ်းအားများ ခန်းခြောက်နေသော နှစ်ပေါင်းတစ်ထောင်အတွင်းမှာပင် ၎င်းသည် မကောင်းဆိုးဝါးနှင်ခြင်းနှင့် အဆောင်လက်ဖွဲ့ပညာများတွင် ကျော်ကြားခဲ့သည်။ ရိုးရာအမွေအနှစ်များ ကြွယ်ဝသော မော်ရှန်းတောင်၏ တာအိုပညာရပ်များသည် အဆောင်များ၊ အစီအရင်များ၊ ဆေးဖော်စပ်ခြင်းနှင့် ဂါထာမန္တန်များတို့တွင် နာမည်ကြီးလေသည်။ ၎င်းတို့သည် မှော်စွမ်းရည်အချို့ကိုပင် ပေါင်းစပ်ထားသည်။ အမွေအနှစ် ထိန်းသိမ်းမှုတွင် ၎င်းကို ယှဉ်နိုင်သော ဂိုဏ်းမှာ အနည်းငယ်မျှသာ ရှိသည်။
သမိုင်းတစ်လျှောက်တွင် ၎င်းသည် သန့်ရှင်းသော တာအိုတောင်တန်းများကြားတွင် ထိပ်သီးအင်အားစုတစ်ခု ဖြစ်ခဲ့သည်။
မနေ့ညက လီရှီဝူနှင့် တာအိုဆရာအချို့ ပြောနေသည်ကို ဝမ်ရှန်း ကြားခဲ့ရသည်။ ချီစွမ်းအားများ ပြန်လည် နိုးထလာမှုသည် ဝူတန်းတောင်ကဲ့သို့ပင် မော်ရှန်းတောင်ကိုလည်း သွေးသစ်လောင်းပေးခဲ့သည်။ အနားယူနေသော တာအိုဆရာကြီးအချို့ပင် ပြန်လည်ရောက်ရှိလာကြပြီး မော်ရှန်းတောင်၏ သင်ကြားမှုများကို ပြန်လည်သုံးသပ်ကာ ရှန်းချင်းအတတ်ပညာများကို ပြန်၍ ဖော်ထုတ်နေကြသည်။ ယနေ့တွင် မော်ရှန်းတောင်၏ အချို့သော နေရာများကို ဘုရားဖူးများအတွက် ဖွင့်လှစ်ထားဆဲဖြစ်သော်လည်း ၎င်း၏ အနောက်ဘက်တောင်သည် တားမြစ်နယ်မြေဖြစ်လာခဲ့သည်—၎င်းမှာ သန့်ရှင်းသော တာအိုတောင်အများစု၏ အခြေအနေလည်း ဖြစ်သည်။
ဤနှီးနှောဖလှယ်ပွဲကို တရားဝင်အားဖြင့် သိုင်းပညာသရုပ်ပြပြိုင်ပွဲအဖြစ် ကြေညာထားပြီး အဆင့်သတ်မှတ်ချက်များနှင့် ဆုများလည်း ပါဝင်သည်။ သို့သော် ၎င်း၏ စစ်မှန်သော ရည်ရွယ်ချက်မှာ တာအိုခေါင်းဆောင်များ တွေ့ဆုံရန်၊ တာအိုဂိုဏ်းများ၏ အနာဂတ်ကို ဆွေးနွေးရန်နှင့် တစ်ဦးနှင့်တစ်ဦး၏ စွမ်းအားကို အကဲဖြတ်ရန် ဖြစ်သည်။
ဂိုဏ်းများကြားတွင် ချက်ချင်းလက်ငင်း ရန်ငြိုးဖွဲ့စရာ ကိစ္စများမရှိပေ။ နောက်ဆုံးတွင် တာအိုဆရာအားလုံးသည် တောက်တယ်ကျင်းအပေါ်တွင် အခြေခံထားကြသူများ ဖြစ်ပြီး အားထုတ်မှုကင်းသော လုပ်ဆောင်ချက်နှင့် မပြိုင်ဆိုင်ခြင်း သဘောတရားများကို လက်ခံထားကြသူများ ဖြစ်သည်။ သို့သော်လည်း ကျင့်ကြံခြင်း အရင်းအမြစ်များနှင့် ရတနာများအတွက် အနာဂတ်တွင် ပြိုင်ဆိုင်မှုများကတော့ ရှောင်လွှဲ၍ မရနိုင်ပေ။ ဂိုဏ်းတစ်ခုချင်းစီ၏ အားသာချက်၊ အားနည်းချက်များကို ကြိုတင်သိရှိထားခြင်းဖြင့် ပို၍ကောင်းမွန်စွာ ပြင်ဆင်နိုင်မည် ဖြစ်သည်။
ထို့အပြင် ဤကဲ့သို့ နှီးနှောဖလှယ်ခြင်းက လူတိုင်းအတွက် သူတို့ လျှောက်လှမ်းနေသော လမ်းကြောင်းမှာ မှန်ကန်ခြင်း ရှိ/မရှိနှင့် သင်ကြားမှုများ ပြည့်စုံခြင်း ရှိ/မရှိကို စူးစမ်းရန် အခွင့်အရေးပင်၊၊
ထိုအကြောင်းပြချက်များကြောင့် နှီးနှောဖလှယ်ပွဲမှာ ၎င်းတို့အတွက် အလွန် အရေးကြီးလှပေသည်။
မော်ရှန်းတောင်မှ တာအိုဆရာများသည် ရက်ရောကြပြီး လာရောက်သူများကို ဒေသတွင်း နံနက်စာဆိုင်များနှင့် ဈေးဆိုင်များတွင် စိတ်ကြိုက် စားသောက်ခွင့်ပြုထားသည်။ နှီးနှောဖလှယ်ပွဲ အပြီးတွင် မော်ရှန်းတောင်က ထိုကုန်ကျစရိတ်များကို ရှင်းပေးမည် ဖြစ်သည်။
ထို့ကြောင့် မုဝမ်ရွှမ်းလည်း ဝန်လေးမနေတော့ပေ။
နံနက်စာဆိုင်များကို လှည့်လည် ကြည့်ရှုပြီးသောအခါ မုဝမ်ရွှမ်း၏ လက်ထဲတွင် အစားအသောက်များ ပြည့်နေပြီ ဖြစ်သည်—ခေါက်ဆွဲခြောက် နှစ်ထုပ်၊ ဂျုံစွပ်ပြုတ်သုံးထုပ်နှင့် ကင်ထားသော ကန်စွန်းဥ အချို့လည်း ပါသည်။ သူမ၏ လက်ကောက်ဝတ်တွင်လည်း နောက်ထပ် ပလတ်စတစ်အိတ် နှစ်အိတ် ချိတ်ထားသေးသည်။ ဝမ်ရှန်းက ထိုအရာများသည် ဝူတန်းတောင်သို့ ပြန်ရောက်သည့်အထိ အထားမခံနိုင်ကြောင်း သတိမပေးခဲ့လျှင် သူမသည် တစ်ဖွဲ့လုံးအတွက် တစ်ပတ်စာ စားစရာများကို ဝယ်ယူထားပေလိမ့်မည်။
၎င်းတို့ လှည့်သွားနေစဉ်အတွင်း တာအိုဂိုဏ်းသားတစ်စု—အမျိုးသားသုံးဦးနှင့် အမျိုးသမီးနှစ်ဦး—၎င်းတို့ဆီသို့ လျှောက်လာသည်။ သူတို့၏ ဝတ်ရုံများတွင် “မော်ရှန်းတောင်’’ ဟု စာလုံးများ ထိုးထားပြီး သူတို့၏ ဖော်ရွေသော အပြုံးများကြောင့် တစ်ဦးချင်းစီသည် သဘောကောင်းပြီး ချဉ်းကပ်ရလွယ်ကူပုံပင်၊၊