ဝိညာဉ်ပေါင်းစည်းခြင်းအဆင့်နှင့် ဓားဆန္ဒ
Vol. 2 Ch. 13
ချင်ယန်ဇီ၏ တပည့်များအပေါ် အနာဂတ်ရည်မှန်းချက်နှင့် ဆုံးမဩဝါဒပေးသည့် စကားဝိုင်းမှာ နှစ်နာရီခန့် ကြာမြင့်ခဲ့သည်။ အမြဲအာရုံစိုက်နားထောင်လေ့ရှိသည့် မုဝမ်ရွှမ်းပင်လျှင် ပင်ပန်းနွမ်းနယ်လာကာ သမ်းဝေခြင်းကို မနည်းအောင့်အီးနေရပြီး မျက်ရည်များပင် ဝိုင်းလာခဲ့သည်။
ကျင့်ကြံခြင်းနှင့် တာအိုအကြောင်း ရှည်လျားလှသော ဟောပြောမှုကို အဆုံးသတ်လိုက်ပြီး ချင်ယန်ဇီက သံချေးတက်နေသည့် သံသေတ္တာကို ညွှန်ပြလိုက်သည်။
“မင်းတို့တွေ ရွှေအမြုတေအဆင့်ကို တက်လှမ်းနိုင်တဲ့အခါကျရင်တော့ ငါတို့ဘိုးဘေးတွေ ထားရစ်ခဲ့တဲ့ ဒီရတနာတွေကို ဖွင့်ကြည့်လို့ရပြီ၊၊ အဲဒါတွေက မင်းတို့အတွက် အများကြီး အထောက်အကူပြုလိမ့်မယ်”
ဝမ်ရှန်းသည် ထိုသံသေတ္တာကို ဖွင့်ကြည့်ရန် မစောင့်နိုင်အောင် ဖြစ်နေခဲ့သည်။ ထိုသေတ္တာကို ထုတ်ပြသည်မှာ နှစ်ကြိမ်ရှိပြီ ဖြစ်သော်လည်း သတ်မှတ်ချက်ပြည့်မီမှသာ ဖွင့်ခွင့်ပေးမည်ဟုဆိုကာ ပြန်လည်ပိတ်သိမ်းထားခဲ့သည်။ ၎င်းအတွင်း၌ အစွမ်းထက်သည့် မှော်လက်နက်အချို့ ရှိနေနိုင်သလားဟု သူ တွေးနေမိသည်။
သူတို့၏ဆရာသည် သူတို့ကို တကယ်ပင် စိတ်လှုပ်ရှားအောင် လုပ်နေခဲ့သည်။
သို့သော် ရွှေအမြုတေအဆင့်ဟူသည် သူတို့အဖွဲ့ငယ်လေးအတွက် အလွန်ဝေးကွာသည့် ပန်းတိုင်တစ်ခုကဲ့သို့ပင်။ ပထမဆုံး ကျင့်ကြံခြင်းအဆင့် သုံးဆင့်အတွက် ခိုင်မာသော အခြေခံကောင်းများ တည်ဆောက်ပြီးမှသာ ပုံရိပ်ယောင်အမြုတေကို စတင်ဖွဲ့စည်းရန် စဉ်းစားနိုင်သည်။ ထို့အပြင် ပုံရိပ်ယောင်အမြုတေကို ရွှေအမြုတေအဖြစ် ပြောင်းလဲနိုင်မှသာ ပျံသန်းနိုင်ခြင်းနှင့် ထူးခြားသော စွမ်းရည်များကို အမှန်တကယ် ရရှိနိုင်မည် ဖြစ်သည်။
လမ်းကြောင်းမှာ ရိုးရှင်းသည်ဟု ထင်ရသော်လည်း ခရီးစဉ်မှာမူ လုံးဝမလွယ်ကူလှပေ။
ဝမ်ရှန်း မှတ်မိသလောက်ဆိုလျှင် သေခါနီးမှ “ကြီးမြတ်သော ဆရာသခင်” ဘွဲ့ရရန်အတွက် တသက်လုံး အားထုတ်ခဲ့ကြသော သက်ကြီးကျင့်ကြံသူများကို ဖယ်လိုက်လျှင် သူ့အရင်ဘဝက ဂိုဏ်းတစ်ခုလုံး၏ ပံ့ပိုးမှုအပြည့်အဝရရှိသော လူငယ်ကျင့်ကြံသူတစ်ဦးပင် အခြေခံတည်ဆောက်ခြင်းအဆင့်ကို ပြီးမြောက်ရန် ငါးနှစ်ခန့် အချိန်ယူခဲ့ရသည်။
ချီစုစည်းခြင်း၊ ဝိညာဉ်ပေါင်းစည်းခြင်းနှင့် အမြုတေဖွဲ့စည်းခြင်း အဆင့်များကို ငါးနှစ်အတွင်း ဖြတ်ကျော်ပြီး ပုံရိပ်ယောင်အမြုတေအဆင့်သို့ ရောက်ရှိခြင်းမှာ ထူးခြားလှသော်လည်း ထင်ရှားကျော်ကြားသော တာအိုဂိုဏ်းများ၏ ပြင်ပရှိ ကျင့်ကြံသူအများစုအတွက်မူ မဖြစ်နိုင်သော အိပ်မက်တစ်ခုသာ ဖြစ်သည်။
သူ့အရင်ဘဝက ဝမ်ရှန်းသည် မသေဆုံးမီ အမြုတေဖွဲ့စည်းခြင်းအဆင့်၏ အစွန်းအဖျားကိုပင် မထိတွေ့နိုင်ခဲ့ပေ။ ဝိညာဉ်ပေါင်းစည်းခြင်းအဆင့်သို့ပင် မရောက်ရှိခဲ့သလို အဆင့်မြင့်တာအိုပညာရပ်များကိုလည်း မရရှိခဲ့ပေ။
အခြေခံတည်ဆောက်ခြင်းအဆင့်တွင် အချိန်ယူရန် ဝမ်ရှန်းသည် မိမိကိုယ်ကိုယ် ထပ်ခါတလဲလဲ သတိပေးနေခဲ့သည်။ အဆင့်တတ်မြန်ရန်အတွက်သာ ရည်ရွယ်ပြီး အလောတကြီး လုပ်ရန် မလိုအပ်ပေ။
ယောက်ျားဆိုတာ သည်းခံတတ်ရမယ်…
“ရှန်းလေး”
ချင်ယန်ဇီက လေသံကို အနည်းငယ် လေးနက်စေကာ ခေါ်လိုက်သည်။
“မင်းရဲ့ စီနီယာအစ်မအတွက်တော့ ငါ သိပ်မစိုးရိမ်ပါဘူး၊၊ သူနဲ့မတူတာက မင်းက တောင်ပေါ်မှာ ကြီးပြင်းလာတာ မဟုတ်တဲ့အတွက် ငါ မင်းကို အချို့အရာတွေ သတိပေးဖို့ လိုမယ်”
“တပည့် နားထောင်နေပါတယ် ဆရာ”
ဝမ်ရှန်းက ချက်ချင်းပင် ပြန်ထူးလိုက်သည်။
“ဂိုဏ်းထဲကို ဝင်တုန်းက မင်းအလွတ်ကျက်ခဲ့တဲ့ စည်းကမ်းတွေကို အမြဲတမ်း နှလုံးသွင်းထားရမယ်၊၊ ကျင့်ကြံခြင်းဆိုတာ အဓိကအားဖြင့် စိတ်နဲ့ နှလုံးသားကို သန့်စင်ဖို့ဆိုတာ မှတ်ထားပါ၊၊ မင်းရဲ့ နှလုံးသားမှာ နောင်တ ဒါမှမဟုတ် နာကြည်းချက်တွေ မရှိရဘူး၊၊ ပြီးတော့ ပေါ့ပါးအေးချမ်းစွာ ရှိနေရမယ်၊၊ အဲဒါမှ မင်း တာအိုကို အမှန်တကယ် ထိတွေ့နိုင်မယ်”
“နောင်တစ်ချိန်မှာ မင်း ဘယ်လောက်ပဲ တိုးတက်လာပါစေ၊၊ မင်းရဲ့ စွမ်းရည်တွေကို မကြွားဝါရဘူး၊၊ အားနည်းသူတွေကို အနိုင်မကျင့်ရဘူး ဒါမှမဟုတ် မင်းရဲ့ ပညာရပ်တွေကို သုံးပြီး ပြစ်မှုတွေ မကျူးလွန်ရဘူး၊၊ ကျင့်ကြံနေလို့ မင်းကိုယ်မင်း ပြိုင်ဖက်ကင်းနေပြီလို့ မထင်နဲ့၊၊ ပွင့်ပွင့်လင်းလင်း ပြောရရင် မင်းက ပုံရိပ်ယောင်အမြုတေအဆင့်ကို မရောက်မချင်း သေနတ်နဲ့ အချိန်ခံရရင် မင်းထွက်ပြေးရမှာပဲ၊၊ လောကကြီးက အေးချမ်းနေတာမို့လို့ ငါတို့က ကိုယ့်ကျင့်ကြံခြင်းကိုပဲ အာရုံစိုက်သင့်တယ်၊၊ ပြဿနာတွေ မရှာနဲ့၊၊ ပြီးတော့ မင်းရဲ့ တကိုယ်ရည် အလိုဆန္ဒတွေအတွက် တာအိုပညာရပ်တွေကို ဘယ်တော့မှ မသုံးနဲ့၊၊ နားလည်လား”
“နားလည်ပါပြီ” ဝမ်ရှန်းက ပြန်ဖြေလိုက်သည်။
ကံမကောင်းစွာဖြင့် လူတိုင်းသည် ကျိုးကြောင်းဆင်ခြင်တတ်ကြမည် မဟုတ်ပေ။
“လောကကြီးက ပြောင်းလဲလာတာနဲ့အမျှ ရှုပ်ထွေးမှုတွေ ရှိလာနိုင်တယ်၊၊ မိစ္ဆာတွေ သောင်းကျန်းတာမျိုးတောင် ဖြစ်လာနိုင်တယ်”
ချင်ယန်ဇီက သက်ပြင်းချရင်း တံခါးဝတွင် လက်နှစ်ဖက်ကို နောက်ပစ်ကာ ရပ်နေခဲ့သည်။
လေးနက်သော လေသံဖြင့် သူက ဆက်ပြောသည်၊၊
“တာအိုဂိုဏ်းတွေက လောကီရေးရာတွေကို ရှောင်ရှားတယ်ဆိုတာ ဂရုမစိုက်လို့ မဟုတ်ဘူး၊၊ ငါတို့က လောကီအညစ်အကြေးတွေ မစွန်းထင်းချင်ရုံပဲ၊၊ အကယ်၍ နောက်ပိုင်းမှာ မိစ္ဆာတွေ သောင်းကျန်းလာခဲ့ရင် မင်းတို့ ဓားကို ဆွဲကိုင်ပြီး လမ်းမှန်ကို လျှောက်လှမ်းရမယ်၊၊ တာအိုလမ်းစဥ်ကို ကာကွယ်ပြီး ငါတို့ ဘိုးဘေးတွေ နှစ်ပေါင်းထောင်ချီ စောင့်ရှောက်ခဲ့တဲ့ အမွေအနှစ်ကို ထိန်းသိမ်းရမယ်”
“တာအိုကို ကျင့်ကြံဖို့ မလွယ်သလို ကာကွယ်ဖို့က ပိုတောင် ခက်သေးတယ်၊၊ ဒါပေမဲ့ တရားမျှတမှုနဲ့ သမာဓိရှိခြင်းက ဒီလောကမှာ လျှောက်လှမ်းဖို့ကတော့ အခက်ခဲဆုံးပဲ၊၊ ဒီနေ့ကစပြီး ငါတို့တွေ အကောင်းဆုံး အတူတူကျင့်ကြံကြတာပေါ့”
ဝမ်ရှန်းက မုဝမ်ရွှမ်းကို သူ့ဘေးသို့ ဆွဲခေါ်လိုက်ကာ ခေါင်းငုံ့ကာ ရိုသေစွာဖြင့် ပြန်ဖြေလိုက်ကြသည်။
“ဟုတ်ကဲ့ပါ ဆရာ”
“ဒီနေ့ကစပြီး မင်းတို့ရဲ့ နေ့စဉ် ကျင့်ကြံခြင်းကို ငါကိုယ်တိုင် ကြီးကြပ်မယ်၊၊ ထာဝရရှင်သန်ခြင်းနဲ့ လွတ်မြောက်ရာလမ်းက မင်းတို့ရှေ့မှာ ရောက်နေပြီမို့လို့ ဘာမှ ပေါ့ဆလို့ မဖြစ်ဘူး”
“နားလည်ပါပြီ” ဝမ်ရှန်းက အခိုင်မာ ပြန်ဖြေလိုက်သည်။
မုဝမ်ရွှမ်းကတော့ မျက်တောင်လေး တဖျတ်ဖျတ်ခတ်ရင်း ကြည့်နေခဲ့သည်။ သူမဆရာ၏ ထူးဆန်းသည့် စကားများကြောင့် သူမ စိုးရိမ်နေသည်။
ဆရာ နောက်တစ်ခါ အရက်သောက်ထားပြန်ပြီလား…
ချင်ယန်ဇီက တဟားဟားရယ်ရင်း နေရောင်အောက်သို့ ထွက်သွားခဲ့သည်။
“အိမ်ပြင်ထွက်ပြီး တရားထိုင်ကြတော့၊၊ ငါကတော့ တောင်ပေါ်မှာ ထူးခြားတာတွေ ရှိမလားလို့ သွားကြည့်ဦးမယ်”
ဆရာ ထွက်သွားသည်နှင့် မုဝမ်ရွှမ်းက ဝမ်ရှန်း၏ အင်္ကျီလက်ကို ညင်သာစွာ ဆွဲလိုက်သည်။ ထို့နောက် အဝေးသို့ ထွက်သွားသော ချင်ယန်ဇီကို ညွှန်ပြကာ သူမ၏ နားထင်ကို လက်ဖြင့် တို့ပြလိုက်သည်။
“အဟမ်း”
ဝမ်ရှန်းက ချောင်းဟန့်လိုက်ရင်း မည်သို့ ရှင်းပြရမည်ကို မသိဖြစ်နေသည်။
“ဆရာက အမြဲတမ်း လန်းဆန်းတတ်ကြွတဲ့ စိတ်နှလုံးရှိတယ်၊၊ သူက နောက်ပိုင်းမှာ တီဗီဒရာမာတွေ အကြည့်များသွားလို့ အဲဒီထဲက ဇာတ်ကောင်အတိုင်း သရုပ်ဆောင်ချင်နေတာ ဖြစ်မှာပါ၊၊ မစိုးရိမ်ပါနဲ့ စီနီယာအစ်မ… ဆရာက သွေးဆုံးကိုင်ချိန်တော့ မရောက်သေးပါဘူး”
မုဝမ်ရွှမ်း၏ လုံးဝယုံကြည်သွားသော မျက်နှာအမူယာကို မြင်ရသောအခါ ဝမ်ရှန်းလည်း အနည်းငယ် အပြစ်ရှိသလို ခံစားရသော်လည်း ရယ်လည်း ရယ်ချင်နေမိသည်။
တရားထိုင်ပြီး ကျင့်ကြံကြမယ်…
ထိုနေ့တွင်ပင် သူတို့သည် စိတ်ကူးယဉ်မှုများထက် ကျော်လွန်သော ကမ္ဘာတစ်ခုသို့ ခြေလှမ်းလှမ်းရင်း ထာဝရရှင်သန်ခြင်းလမ်းစဉ်ပေါ်သို့ စတင်ရောက်ရှိခဲ့ကြသည်။
***
ချင်ယန်ဇီသည် သူတို့ကို ကြီးကြပ်ရာတွင် အမှန်တကယ်ပင် ပို၍ တင်းကျပ်လာခဲ့သည်။ နေ့စဉ် နံနက်အလင်းရောင် စတင်ရရှိသည်နှင့် သူတို့ တရားစထိုင်ရသည်။
ကောင်းကင်နှင့် မြေကြီး၏ ချီစွမ်းအင်များ လေထုထဲတွင် ပျံ့နှံ့နေသဖြင့် တရားထိုင်ခြင်းက ထိုစွမ်းအင်များကို စုပ်ယူရန်နှင့် ကျင့်ကြံမှုကို မြှင့်တင်ရန် အဓိကနည်းလမ်း ဖြစ်လာခဲ့သည်။ သူတို့၏ စိတ်အခြေအနေနှင့် ကျင့်ကြံမှုအဆင့် တိုးတက်လာသည်နှင့်အမျှ တရားထိုင်သည့် အချိန်မှာလည်း တဖြည်းဖြည်း တိုးလာခဲ့သည်။
ချင်ယန်ဇီက တစ်ခါတစ်ရံ တစ်နေကုန် တရားထိုင်နိုင်သဖြင့် သူ၏ ကျင့်ကြံခြင်းမှာ လျင်မြန်စွာ တိုးတက်လာခဲ့သည်။ မုဝမ်ရွှမ်းကတော့ နေ့လယ်စာ ပြင်ဆင်ရမည့် တာဝန်ရှိသဖြင့် နေ့လယ်မတိုင်မီ တရားထိုင်ခြင်းမှ နိုးထလာလေ့ရှိသည်။
ဝမ်ရှန်းသည် နေ့လယ်ပိုင်းအထိသာ ခံနိုင်ရည်ရှိပြီး ခြောက်နာရီကြာ တရားထိုင်ခြင်းမှာ သူ၏ အကန့်အသတ်ပင် ဖြစ်သည်။
နေ့လယ်စာစားပြီးနောက် ပညာရပ်များကို လေ့ကျင့်ကြသည်။ ဝမ်ရှန်းက ခုနှစ်စင်ကြယ်ဓားအစီအရင်ကို ကျွမ်းကျင်အောင် ကြိုးစားနေစဉ် မုဝမ်ရွှမ်းသည် ယင်ယန်ရှစ်ကွက်(ပါကွ)၏ လျှို့ဝှက်နည်းစနစ်များကို ဆက်လက်လေ့လာနေပြီး တစ်ခါတစ်ရံ သူမ၏ ဘေးပတ်လည်တွင် ယင်နှင့်ယန်ချီများကို ဝဲပျံစေသည်။
သူမသည် မိတ်ကပ်မလိမ်းဘဲ ရိုးရိုးရှင်းရှင်းပင် ဝတ်ဆင်ထားသော်လည်း တစ်နေ့ထက်တစ်နေ့ ပို၍ လှပလာခဲ့သည်။
ချင်ယန်ဇီသည် လစဉ် သုံးရက်မှ လေးရက်ခန့်အချိန်ပေး၍ သူတို့၏ ကျင့်ကြံမှုကို လမ်းညွှန်ခဲ့သည်။ ကျန်ရှိသော အချိန်များကိုမူ ဆိတ်ငြိမ်စွာ တရားထိုင်ရင်းသာ ကုန်ဆုံးစေခဲ့ပြီး တာအိုပညာရပ်များကို လေ့ကျင့်ခြင်း မရှိသလောက်ပင်။
အချိန်ကြာလာသည်နှင့်အမျှ ဝမ်ရှန်း၏ ခုနှစ်စင်ကြယ်ဓားအစီအရင်အပေါ် နားလည်မှုမှာ တဖြည်းဖြည်း နက်ရှိုင်းလာခဲ့သည်။
သူ၏ အစစ်အမှန်ချီ၏ ပံ့ပိုးမှုဖြင့် အစီအရင်၏ စွမ်းအားအချို့ကို စတင်ထုတ်ဖော်နိုင်ခဲ့သည်။ သို့သော် ချင်ယန်ဇီ၏ အစောပိုင်း လှုပ်ရှားမှုကဲ့သို့ အရိပ်ခုနစ်ခုအဖြစ် ခွဲထုတ်ပြီး တစ်ခုတည်းအဖြစ် ပြန်လည်ပေါင်းစည်းရန်မှာမူ ငါးလကျော် အချိန်ယူခဲ့ရသည်။
ဝူတန်းတောင်ပေါ်ရှိ သူ၏ ပထမဆုံးတစ်နှစ်တာမှာ မျက်စိတစ်မှိတ်အတွင်း ကုန်ဆုံးသွားခဲ့သည်။
သူတို့၏ အနည်းငယ် တင်းကျပ်သော ကျင့်ကြံခြင်း အစီအစဉ်များကြားတွင် ဝမ်ရှန်းသည် မိသားစုနှင့် အဆက်အသွယ်မပြတ်အောင် နေထိုင်ခဲ့သည်။ မတ်လရှိ ချင်မင်ပွဲတော်အတွင်း၌ သူ၏ မိဘများက သူ့ထံ လာရောက်ကြည့်ရှုကြပြီး ဘိုးဘွားဂူများသို့ သွားရောက်ကာ ဆုတောင်းကန်တော့ခဲ့ကြသည်။
သူ၏ မိဘများသည် ဒုတိယမြောက်ရင်သွေး ရရှိရန် ပြောဆိုနေကြသော်လည်း မည်သည့်တိုးတက်မှုမှ မရှိသဖြင့် ဝမ်ရှန်း အနည်းငယ် စိုးရိမ်နေမိသည်။ သူသည် မိဘများနှင့်အတူ တောင်အောက်တွင် နှစ်ရက်ခန့် ကုန်ဆုံးပြီးနောက် ဆက်ပြီးကျင့်ကြံရန် ပြန်လာခဲ့သည်။
သူ၏ မိဘများက ကျောင်းပိတ်ရက်ပြီးဆုံးရန် လအနည်းငယ်သာ လိုတော့ကြောင်း သတိပေးခဲ့သော်လည်း ဝမ်ရှန်းသည် ခုနှစ်စင်ကြယ်ဓားအစီအရင်မှ ထူးခြားသော အကွက်အချို့ကို ထုတ်ပြလိုက်သောအခါတွင်မူ သူတို့ စကားမပြောနိုင်အောင် ဖြစ်သွားခဲ့ကြသည်။
သားဖြစ်သူ၏ မျက်လုံးထဲမှ စိတ်အားထက်သန်မှုကို မြင်ရသောအခါ ကျောင်းပြန်တက်ရန် မည်သို့နားချရမည်ကို သူတို့လည်း မသိတော့ပေ၊၊
ဝမ်ရှန်း၏ ကျင့်ကြံခြင်းအဆင့်တွင် လိုအပ်ချက်များ ရှိနေသေးသည်။ ဝိညာဉ်ပေါင်းစည်းခြင်းအဆင့်၏ အစွန်းအဖျားတွင်သာ ရှိသေးသဖြင့် ဓားစွမ်းအင်များကို ထုတ်ဖော်ရန် ဝေးကွာနေသေးသည်။ မဟုတ်လျှင် သူ၏ ပြသမှုမှာ ယခုထက် ပို၍ ဆွဲဆောင်မှု ရှိနေပေလိမ့်မည်။
ဝမ်ရှန်း နောင်တစ်ချိန်တွင် ဘယ်လိုအသက်မွေးဝမ်းကျောင်းပြုမည်ကို စိုးရိမ်နေကြသော်လည်း မိဘများက သူ့ကို အိမ်ပြန်ရန် ထပ်မံ မတောင်းဆိုတော့ပေ။ ချင်ယန်ဇီနှင့် မုဝမ်ရွှမ်းတို့အတွက် လက်ဆောင်များ ပေးအပ်ပြီးနောက် သူတို့သည် စိတ်မကောင်းစွာဖြင့် ပြန်သွားခဲ့ကြသည်။
မိဘများ ပြန်သွားသည့်အခါတွင်မူ ဝမ်ရှန်း၏ စိတ်အခြေအနေမှာ ကြည်လင်သွားခဲ့ပြီး သူ၏ နတ်ဘုရားအာရုံ စတင်ဖွဲ့စည်းလာသည့် လက္ခဏာများကို သတိထားမိလာသည်။
သုံးလအကြာတွင် နွေရာသီ၏ ပူပြင်းလှသော အပူရှိန်က သူတို့ထံသို့ ရောက်ရှိလာခဲ့သည်။
တစ်နေ့တွင် ဝမ်ရှန်းက သစ်ပင်ရိပ်အောက်၌ တရားထိုင်နေစဉ် သူ၏ နားထင်၌ အနည်းငယ် လှုပ်ခတ်သွားမှုကို ခံစားလိုက်ရသည်။ ကမ္ဘာဦးချီစွမ်းအင်များသည် ချွေးပေါက်များမှတစ်ဆင့် သူ၏ ခန္ဓာကိုယ်အတွင်းသို့ စီးဝင်လာခဲ့ပြီး သူ၏ အစစ်အမှန်ချီများသည် ပထမတွင် ငြိမ်သက်သွားပြီးနောက် လျင်မြန်စွာ တိုးဝင်လာခဲ့သည်။
ငါ အဆင့်တက်တော့မှာလား….
ပျော်ရွှင်မှုက သူ့ထံသို့ လှိုင်းလုံးကဲ့သို့ ရိုက်ခတ်လာသော်လည်း စိတ်ကို ချက်ချင်းပင် တည်ငြိမ်စေလိုက်ကာ ခန္ဓာကိုယ်အတွင်း ပြောင်းလဲမှုများကို အာရုံစိုက်လိုက်သည်။ ခဏအကြာတွင် သူ၏ မျက်လုံးများကို ပိတ်ထားသော်လည်း ပတ်ဝန်းကျင်ကို စိတ်ထဲ၌ ရှင်းလင်းစွာ သူခံစားမိနေသည်။
မျက်စိဖြင့် ကြည့်နေခြင်း မဟုတ်ဘဲ သူ၏ ဝိညာဉ်အာရုံ သို့မဟုတ် နတ်ဘုရားအာရုံကို ထုတ်ဖော်လိုက်ခြင်း ဖြစ်ပြီး ပတ်ဝန်းကျင်ကို အာရုံခံလိုက်သည်။ သူ့ခြေထောက်ဘေးရှိ မြက်ပင်လေးများ၊ မြက်ပင်အောက်တွင် သွားလာနေသော ပုရွက်ဆိတ်နှစ်ကောင်နှင့် ၎င်းတို့၏ အာရုံခံဦးမှင်များနှင့် ခြေလက်များကိုပါ မြင်ရနေသည်။ မြက်ပင်နှင့် မြက်ရွက်ပေါ်ရှိ သေးငယ်သော အကြောလေးများကိုပင် အားစိုက်စရာမလိုဘဲ အာရုံခံမိနေသည်။
ကမ္ဘာဦးချီစွမ်းအင်များ မရှိတော့သည့် ခေတ်တွင်မူ ထိုကဲ့သို့ ရှင်းလင်းစွာ မြင်နိုင်မှုကို “အသေးစိတ်သိမြင်ခြင်း” ဟု ခေါ်ဆိုကြပြီး ကိုယ်ခံပညာရှင်များစွာသည် ထိုအဆင့်သို့ ရောက်ရန် တစ်သက်လုံး ကြိုးစားကြရသည်။ သို့သော် ၎င်းမှာ ဝိညာဉ်ပေါင်းစည်းခြင်းအဆင့်၏ အခြေခံနတ်ဘုရားအာရုံမျှသာ ဖြစ်သည်။
ငြိမ်သက်စွာ ထိုင်ရင်း ဝမ်ရှန်းက သူ၏ ပတ်ဝန်းကျင် ပေအစိတ်ခန့်အတွင်းရှိ လှုပ်ရှားမှုများကို စောင့်ကြည့်နေခဲ့သည်။ သူ၏ အတွေးများက တဖြည်းဖြည်း နက်ရှိုင်းလာခဲ့ပြီး ယခင်က သူ နားမလည်ခဲ့သော ခုနှစ်စင်ကြယ်ဓားအစီအရင်၏ အသေးစိတ် အချက်အလက်များကို အလိုလို နားလည်လာသည်။
အဆင့်တက်ခြင်းဆိုသည်မှာ အဆင့်တက်ခြင်းပင်။
ဝမ်ရှန်းအတွက် ထွေထူးစွာ အောင်ပွဲခံစရာ မရှိပေ၊၊ အထူးသဖြင့် သူ၏ စီနီယာအစ်မမှာ လွန်ခဲ့သော လေးလကတည်းက ဝိညာဉ်ပေါင်းစည်းခြင်းအဆင့်သို့ ရောက်ရှိနှင့်ပြီး ဖြစ်သောကြောင့်ပင်။
နေ့တစ်ဝက်ခန့် ကြာပြီးနောက် ဝမ်ရှန်းက မျက်လုံးဖွင့်လိုက်သည့်အခါ အလွန်ဆာလောင်မွတ်သိပ်မှုကို ခံစားလိုက်ရသည်။ ဘေးနားရှိ သစ်သားဓားကို ဆွဲကိုင်လိုက်ပြီး ခဏမျှ ငြိမ်သက်နေကာ ယခုတစ်ကြိမ်တွင် ပို၍ ထူးခြားသော နည်းစနစ်များဖြင့် ပြန်လည်လေ့ကျင့်လိုက်သည်။
သူ၏ လှုပ်ရှားမှုတိုင်းနောက်သို့ ကမ္ဘာဦးချီစွမ်းအင်များက ပါဝင်လာခဲ့သည်။ သူ၏ အစစ်အမှန်ချီများသည် အတွင်း၌ တည်ငြိမ်စွာ စီးဆင်းနေပြီး သူ၏ သစ်သားဓားသည် ဖျော့တော့သောအလင်းများ ထွက်ပေါ်လာခဲ့သည်။
သူ၏ လှုပ်ရှားမှုများသည် တည်ငြိမ်ပြီး ဟန်ချက်ညီကာ ပြတ်တောက်သွားခြင်းမရှိပဲ အဆက်မပြတ် ရွေ့လျားနေသည်၊၊
ဝမ်ရှန်းသည် တောင်ပေါ်ရှိ သူ၏ ပထမဆုံးနှစ်နှင့် ထို့ထက်ပိုသော အချိန်အများစုကို ဓားအစီအရင် လေ့ကျင့်ရန်အတွက်သာ မြှုပ်နှံခဲ့သည်။ ချင်ယန်ဇီ၏ အဆက်မပြတ်လမ်းညွှန်မှုဖြင့် သူ၏ ခုနှစ်စင်ကြယ်ဓားအစီအရင်မှာ သိသိသာသာ တိုးတက်လာခဲ့သည်။
ယနေ့တွင် သူ လေ့ကျင့်မှု တစ်ပတ်ပြည့်သွားတဲ့အခါမှာ သူ့ပတ်ဝန်းကျင်မှာ စွမ်းအင်များ ဝန်းရံနေသလို ခံစားနေရလေသည်။ သို့သော်လည်း သူ အားမရသေးဘဲ တစ်ကြိမ်၊ သုံးကြိမ်၊ နောက်ဆုံး ငါးကြိမ်အထိ အစမှအဆုံး ထပ်ခါတလဲလဲ လေ့ကျင့်လိုက်သည်၊၊
ဝမ်ရှန်းသည် ဆာလောင်ခြင်းနဲ့ ရေဆာခြင်း အစရှိသော အချက်များကိုပင် မေ့သွားပုံရလေသည်။ သူ့၏ သစ်သားဓားသည် သူ့၏ ကမ္ဘာဖြစ်လာပြီး ရှုပ်ထွေးလှသော ဓားအစီအရင်က သူ့၏ ကိုယ်ပိုင်နားလည်မှုကို ဖော်ပြချက်ဖြစ်လာခဲ့သာ်။
နောက်ဆုံး မြောက်ဘက်ကောင်းကင်ယံကို ကြည့်လိုက်ပြီး သူ့ရဲ့ မျက်လုံးများထဲတွင် သံသယအရိပ်အယောင်လေးတစ်ခု ပေါ်လာခဲ့သည်။
သူ့၏ ဘယ်ဘက်လက်ကို မြှောက်လိုက်ပြီး လက်ချောင်းနဲ့ ဓားဟန်ပြုလုပ်ကာ သစ်သားဓားရဲ့ ကိုယ်ထည်ကို အသာလေး အကြိမ်အနည်းငယ် ပုတ်လိုက်သည်။
ဓားသည် ခုနှစ်စင်ကြယ်ကြယ်စု၏ တျန်းရှူး၊ တျန်းရွှမ်း၊ တျန်းကျိနဲ့ တျန်းချွမ်ကြယ်များနဲ့ တစ်တန်းတည်းဖြစ်သွားကာ ဓားသွားအဖြစ်….
ယွီဟန်၊ ခိုင်ယန်နဲ့ ယောင်ကွမ်း ကြယ်များက ဓားရိုးအဖြစ် ဖွဲ့စည်းလိုက်သည်။
ခုနှစ်စင်ကြယ်ဓားအစီအရင်တွင် နက်နဲလှသော လျှို့ဝှက်ချက်များ ပါဝင်နေသည်။ ကောင်းကင်ယံရှိ ခုနှစ်စင်ကြယ်ကြယ်စုသည် ရာသီဥတုစက်ဝန်းကို မှတ်သားလျက် စဉ်ဆက်မပြတ် လည်ပတ်နေသကဲ့သို့ပင်…၊၊
ဝမ်ရှန်းသည် တစ်စုံတစ်ခုကို နားလည်သွားသလိုရှိသော်လည်း ချက်ချင်းပင် ရှုပ်ထွေးသွားသည်၊၊ ထို့နောက် ရှေ့သို့တိုးကာ ကြယ်များ၏ တည်နေရာအတိုင်း ပေါ့ပေါ့ပါးပါးဟန်ဖြင့် ရွေ့လျားကြည့်သည်။ ထိုအခါ ကောင်းကင်မှ ကြယ်စုများ၏ အနေအထားအတိုင်း မြက်ခင်းပြင်ပေါ်တွင် ခြေရာခုနစ်ခု ပေါ်လာခဲ့သည်။ ဝမ်ရှန်းသည် ကြယ်တာရာတို့၏ စွမ်းအားကို အပြည့်အဝ မယူနိုင်သေးသော်လည်း ခဏတာ ဉာဏ်အလင်းတန်းတစ်ခုကိုတော့ ရရှိလိုက်ပြီ ဖြစ်သည်။
သူသည် ကျေနပ်အားရစွာ ပြုံးလျက် သက်ပြင်းတစ်ချက်ကို အသာအယာ ချလိုက်သည်။ အဲဒီနောက် လေထဲသို့ ပေါ့ပါးစွာ ခုန်တက်လိုက်ရာ ၁၀ပေ ခန့် မြင့်တတ်သွားပြီး ပျံဝဲကာ ပြန်လည်ဆင်းသက်လာခဲ့သည်။ သူ၏ လှုပ်ရှားမှုတိုင်းတွင် ခုနှစ်စင်ကြယ်ဓားအစီအရင်၏ အနှစ်သာရများ အလိုလျောက်ပါဝင်နေပြီ ဖြစ်သည်။ လှုပ်ရှားမှုများသည် စနစ်တကျမရှိသေးသော်လည်း တစ်ကွက်မှ တစ်ကွက်သို့ ကူးပြောင်းမှုသည် ချောမွေ့ကာ ခန့်မှန်းရခက်လှသည်။
ဖွဲ့စည်းပုံက ပျံ့ကျဲနေသယောင် ရှိသော်လည်း စည်းချက်ကျနေပြီး ဓားဆန္ဒသည် သူ၏ တစ်ကိုယ်လုံးတွင် စီးဝင်နေခဲ့သည်။
ခဏအကြာတွင် ဝမ်ရှန်းသည် လူခုနစ်ယောက်အဖြစ် ကွဲထွက်သွားသကဲ့သို့ ထင်ယောင်ထင်မှားဖြစ်စေကာ အရိပ်တစ်ခုချင်းစီက ဓားကွက်များကို အသီးသီး ယူထားကြသည်။ ထိုအရိပ်များသည် ခဏမျှ လွင့်မျောနေပြီးမှ တစ်နေရာတည်းတွင် ပြန်လည်ပေါင်းစည်းသွားပြီး ဘေးနားရှိ ကျောက်တုံးကြီးကို သစ်သားဓားဖြင့် ထိုးမိလိုက်သည်။
ကျယ်လောင်သော အသံကြီးကြောင့် ဝမ်ရှန်းသည် ဉာဏ်အလင်းပွင့်နေသည့် အခိုက်အတန့်မှ နိုးထလာခဲ့သည်။ သူသည် အက်ကွဲသွားသော ကျောက်တုံးကြီးနှင့် သူ၏ မပျက်မစီးသေးသော သစ်သားဓားကို ကြည့်လိုက်မိသည်၊၊
ဒါက ဝူတန်းတောင်ရဲ့ ပိုင်ဆိုင်မှုကို ဖျက်ဆီးမိတာတော့ မဟုတ်ဘူးမလား…
ထို့နောက် သူ ရှက်ကိုးရှက်ကန်းနှင့် ခေါင်းကုတ်နေမိသည်။
ခြံတံခါးဝတွင်မူ မုဝမ်ရွှမ်းက အံ့သြတကြီး ကြည့်နေခဲ့ပြီး ချင်ယန်ဇီကမူ ဝမ်ရှန်းကို ပြုံးလျက် ကြည့်နေသည်။ ချင်ယန်ဇီသည် အားရကျေနပ်စွာ ခေါင်းငြိမ့်ပြကာ အခန်းထဲသို့ ပြန်ဝင်သွားသည်။ ဝမ်ရှန်း ဗိုက်ဆာဆာဖြင့် ခြံထဲသို့ ပြန်ရောက်လာချိန်တွင် ချင်ယန်ဇီသည် သေတ္တာရှည်ကြီးတစ်လုံးကို ပွေ့ကာ ထွက်လာခဲ့သည်၊၊
“မင်းက ခုနှစ်စင်ကြယ်ဓားအစီအရင်ရဲ့ နက်နဲတဲ့ လျှို့ဝှက်ချက်တွေကို ကျွမ်းကျင်သွားပြီ။ ဒါကို မင်းရဲ့ အဆင့်တက်တဲ့ ဂုဏ်ပြုလက်ဆောင်အဖြစ် မှတ်လိုက်ပါ။ မနက်ဖြန်ကစပြီး ဒီဓားနဲ့ လေ့ကျင့်တော့”
ဓားသည် လူကြီးလူကောင်းဆန်သော လက်နက်ဖြစ်သော်လည်း စစ်သားများနှင့် တွေ့ပါက ပြဿနာများကို ခေါ်ဆောင်လာနိုင်သဖြင့် ချင်ယန်ဇီသည် ဝမ်ရှန်းကို ယနေ့အထိ သစ်သားဓားသာ ပေးသုံးခဲ့ခြင်း ဖြစ်သည်။
“ကျေးဇူးတင်ပါတယ် ဆရာ”
ဝမ်ရှန်းက သစ်သားသေတ္တာကို စိတ်လှုပ်ရှားစွာဖြင့် လက်ခံလိုက်သည်။
ထိုသေတ္တာကို ဖွင့်ကြည့်လိုက်သောအခါ ဓားရိုးပေါ်ရှိ ပလပ်စတစ် ယင်ယန်တံဆိပ်လေးကို မြင်လိုက်ရသဖြင့် ဝမ်ရှန်းမှာ မရယ်ဘဲ မနေနိုင်တော့ပေ။ သို့သော်လည်း အနည်းဆုံးတော့ ဓားအစစ်တစ်လက်ရပြီဖြစ်သဖြင့် သူကျေနပ်နေသည်။ တစ်ရက်တည်းမှာပင် ဝမ်ရှန်းသည် ဝိညာဉ်ပေါင်းစည်းခြင်းအဆင့်သို့ ရောက်ရှိသွားကာ ခုနှစ်စင်ကြယ်ဓားဆန္ဒကိုလည်း နားလည်သွားခဲ့သည်။ သစ်သားဓားမှ ထိုက်ကျိဓားအဖြစ် အဆင့်တိုးသွားခြင်းသည်လည်း ဝမ်းသာစရာပင်။
သို့သော် ကျင့်ကြံခြင်းလမ်းကြောင်းမှာ နှေးကွေးပြီး ငြီးငွေ့ဖွယ်ကောင်းလှသည်။ နောက်ထပ် (၁၈) လအတွင်း ကြိုးစားကျင့်ကြံခဲ့သော်လည်း ဝိညာဉ်ပေါင်းစည်းခြင်း၏ နောက်ဆုံးအဆင့်သို့သာ ရောက်ရှိနိုင်ခဲ့သည်။ နေ့ရက်များ ကုန်လွန်ကာ တောင်ပေါ်တွင် (၃) နှစ်နီးပါး ရှိလာခဲ့ပြီး သူ၏ အသက် (၂၀) ပြည့် မွေးနေ့သို့ ရောက်ရှိလာခဲ့သည်။
ထိုအချိန်တွင် စီနီယာအစ်မဖြစ်သူသည် အမြုတေဖွဲ့စည်းခြင်းအဆင့်သို့ အောင်မြင်စွာ ရောက်ရှိသွားပြီ ဖြစ်သည်။ ဝမ်ရှန်းတွင် ဖိအားများစွာမရှိပေ။ သူ၏ လက်ရှိစွမ်းအားသည် ယခင်ဘဝထက်ပင် များစွာ သာလွန်နေပြီ ဖြစ်သည်။ သို့သော် တိတ်ဆိတ်အေးချမ်းလှသော သူ၏ ကျင့်ကြံခြင်းနေ့ရက်များသည် တာအိုဆရာကြီးတစ်ဦး၏ မထင်မှတ်ဘဲ ရောက်ရှိလာမှုကြောင့် မကြာခင်မှာပင် ပျက်စီးသွားတော့မည် ဖြစ်သည်။