ကျော့ရှင်းလှပလာသော ပုယွီ
Vol. 2 Ch. 14
တာအိုကို ကျင့်ကြံခြင်းသည် အလွန်ပင် စိတ်ချမ်းမြေ့ဖွယ်ကောင်းသော အလုပ်တစ်ခုဖြစ်သည်။
တာအို၏ နက်နဲသော အနှစ်သာရထဲတွင် စိတ်ဝိညာဉ်ကို မြှုပ်နှံထားစဉ် စိတ်အစဉ်သည် လေနှင့်အတူ ပျံသန်းနိုင်သလို ကောင်းကင်နှင့် မြေကြီးအကြား လွတ်လပ်စွာ လှည့်လည်သွားလာနိုင်သည်။ နာရီပေါင်းများစွာ ကုန်ဆုံးသွားသည်ကို သတိမထားမိနိုင်သလို လပေါင်းများစွာသည်လည်း မျက်စိတစ်မှိတ်အတွင်း ကုန်ဆုံးသွားနိုင်သည်။ ထိုသို့ ကျင့်ကြံနေချိန်တွင် အချိန်ကုန်လွန်သွားခြင်းကို လုံးဝသတိမမူမိဘဲ စိတ်နှလုံးအေးချမ်းမှုကိုသာ ခံစားရမည် ဖြစ်သည်။
တောင်ပေါ်တွင် သုံးနှစ်တာ ကုန်ဆုံးခဲ့သော်လည်း ဝမ်ရှန်းအတွက်မူ မနေ့ကမှ ရောက်ရှိလာခဲ့သလိုမျိုး မကြာခဏ ခံစားရလေ့ရှိသည်။ ထိုစဉ်ကမူ သူသည် အရာရာကို စူးစမ်းလိုစိတ်၊ မရေရာမှုများနှင့် မျှော်လင့်ချက်များသာ ပြည့်နှက်နေခဲ့သည်။
ယခုအချိန်တွင်မူ အချိန်နောက်ပြန်ရောက်လာခြင်းကြောင့် အရင်က ဖြစ်ပေါ်ခဲ့သော စိတ်မငြိမ်မသက်မှုများမှာ သိသိသာသာ လျော့ပါးသွားခဲ့ပြီး လူငယ်ဆန်သော ပေါ့ပျက်ပျက်နိုင်မှုများလည်း ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်သည်။ သူ၏ မျက်နှာသွင်ပြင်မှာ ပို၍ ထင်ရှားပြတ်သားလာပြီး အများကြီးပြောင်းလဲသွားခြင်း မရှိသော်လည်း ခန္ဓာကိုယ်မှာမူ အပြည့်အဝ ဖွံ့ဖြိုးလာခဲ့သည်။ သူ၏ အရပ်သည် ချင်ယန်ဇီနှင့် မတိမ်းမယိမ်းအထိ မြင့်တက်လာခဲ့သလို ဆံပင်များမှာလည်း ဆရာဖြစ်သူကဲ့သို့ပင် ရှည်လျားနေပြီ ဖြစ်သည်။
တောင်တန်းများတွင် ချီစွမ်းအင်များ ပြည့်နှက်နေသဖြင့် ဝမ်ရှန်းသည် ယခင်ဘဝကထက် ပို၍ စိတ်ကြည်လင်သန့်စင်ကာ အရင်က ရှိခဲ့သော လောကီအညစ်အကြေးများ ပျောက်ကွယ်သွားပြီး ပို၍ ယဉ်ကျေးသိမ်မွေ့ကာ ခန့်ညားသောပုံရိပ်ကို ရရှိလာခဲ့သည်။
တစ်နေ့သော မွန်းလွဲပိုင်းတွင် ဝမ်ရှန်းသည် ခြံဝင်းအတွင်းရှိ အမိုးစွန်းပေါ်တွင် တင်ထားသော လေးထောင့်သစ်သားပြားပေါ်၌ တရားထိုင်နေခဲ့သည်။ သူသည် လုံးဝငြိမ်သက်နေပြီး အားစိုက်ထုတ်ရန်ပင် မလိုဘဲ တရားထိုင်နေသည့်ပုံ ပေါက်နေသည်။ သူ၏ ခန္ဓာကိုယ်ပတ်လည်တွင် အစစ်အမှန်ချီများက ကလေးငယ်များ ဆော့ကစားနေသကဲ့သို့ လှည့်ပတ်နေသည်။ ၎င်းတို့က တောင်ပေါ်မှ ချီစွမ်းအင်များကို ဆွဲယူကာ ဝမ်ရှန်း၏ ခန္ဓာကိုယ်အတွင်းသို့ စီးဝင်စေပြီး သူ၏ ခန္ဓာကိုယ်ကို ဆက်တိုက်သန့်စင်ပေးနေသည်။
ဝိညာဉ်ပေါင်းစည်းခြင်းအဆင့်၏ နောက်ဆုံးအဆင့်သို့ ရောက်ရှိနေပြီဖြစ်သဖြင့် ဝမ်ရှန်း၏ ဝိညာဉ်အာရုံသည် ရင့်ကျက်လာပြီး သူ၏ အစစ်အမှန်ချီများသည်လည်း ပို၍ပြောင်းလဲလာခဲ့သည်။
ဘယ်လောက်တောင်ကြာသွားပြီလဲ…
သူ မျက်လုံးများကို ဖြည်းညှင်းစွာ ဖွင့်လိုက်သောအခါ ခြံပြင်ရှိ သစ်ပင်အောက်တွင် ငြိမ်သက်စွာ ထိုင်နေသော စီနီယာအစ်မကို မြင်လိုက်ရသည်။ ခဏမျှ သူသည် အတွေးထဲတွင် နစ်ဝင်သွားခဲ့သည်။
ထိုစဉ် လူနှစ်ဦး တောင်တက်လမ်းအတိုင်း ဖြည်းညှင်းစွာ လျှောက်လှမ်းလာကြသည်။ သူတို့၏ စကားပြောသံသဲ့သဲ့ကို ကြားလိုက်ရသဖြင့် ဝမ်ရှန်းက မျက်လုံးကို အမြန်ပြန်ပိတ်ကာ အပြင်းအထန် တရားထိုင်နေဟန်ဆောင်လိုက်သည်။
“ကျွန်တော့်ကို ကူညီပါဦး စီနီယာအစ်ကို”
ဆံပင်များ ဖြူစပြုနေပြီး မျက်နှာတွင် အရေးအကြောင်းများဖြင့် ပြည့်နှက်နေသော တာအိုဆရာ လီရှီဝူသည် ချင်ယန်ဇီ၏ နောက်မှ လိုက်ပါလာခဲ့သည်။ ချင်ယန်ဇီက ကြည့်ရသည်မှာ သိသိသာသာ ပို၍ ငယ်ရွယ်သော်လည်း လီရှီဝူက သူ့ကို “စီနီယာအစ်ကို” ဟု ခေါ်နေခြင်း ဖြစ်သည်။
လီရှီဝူသည် လွန်ခဲ့သော နှစ်နှစ်အတွင်း ဝူတန်းတောင်၏ ပြင်ပရေးရာများကို တာဝန်ယူထားရသူ ဖြစ်သည်။ သူသည် ဤခြံကလေးသို့ အများဆုံးလာသော ဧည့်သည်လည်း ဖြစ်သည်။
ယနေ့တွင်မူ ထိုတာအိုဆရာကြီးသည် ချင်ယန်ဇီနောက်သို့ လိုက်ပါလာပြီး အကူအညီမဲ့နေသော ပုံစံဖြင့် တီးတိုးအသနားခံနေခဲ့သည်။
လွန်ခဲ့သော နှစ်နှစ်အတွင်း လီရှီဝူသည် ချင်ယန်ဇီနှင့် တပည့်များအပေါ် အလွန်ပင် ဂရုစိုက်ခဲ့သည်။ သူတို့၏ အိပ်ရာခင်းများ၊ ဝတ်ရုံများနှင့် အခြားလိုအပ်သော အသုံးအဆောင်များကို ပုံမှန် လဲလှယ်ပေးခဲ့သည်။ ဝမ်ရှန်းကလည်း အပိုဝင်ငွေရရန်အတွက် ဘာသာရေးအခမ်းအနားအချို့တွင် ပါဝင်ခွင့်ရအောင် စီစဉ်ပေးရန် လီရှီဝူကို အကူအညီတောင်းဖူးသည်။
အမှန်စင်စစ် လီရှီဝူ၏ ကြင်နာမှုနောက်ကွယ်တွင် ချင်ယန်ဇီနှင့် ရင်းနှီးမှုတည်ဆောက်လိုသော ရည်ရွယ်ချက်ရှိသည်။
ချင်ယန်ဇီ၏ ကြိုတင်သတိပေးချက်ကြောင့် ဝူတန်းတောင်၏ အကြီးအကဲများသည် ကမ္ဘာဦးချီစွမ်းအင်များ ပြန်လည်ပေါ်ထွက်လာပြီးနောက် ဂိုဏ်း၏ သင်ကြားမှုများကို လျင်မြန်စွာ ပြုပြင်ပြောင်းလဲနိုင်ခဲ့သည်။ ယခုအခါ ဂိုဏ်းသည် လုံးဝပြောင်းလဲသွားခဲ့ပြီ ဖြစ်သည်။ ဝူတန်းတောင်သည် ဝမ်ရှန်း၏ အရင်ဘဝက မှတ်မိခဲ့သလိုမျိုး တစ်စိတ်တစ်ပိုင်း ငြိမ်သက်သောအခြေအနေသို့ ရောက်ရှိသွားခဲ့သည်။
တောင်ခြေရှိ တာအိုကျောင်းများနှင့် ကိုယ်ခံပညာသင်တန်းကျောင်း အများအပြားကို အများပြည်သူအတွက် ဖွင့်လှစ်ထားဆဲဖြစ်သော်လည်း ခရမ်းရောင်တိမ်တိုက်ဘုရားကျောင်းနှင့် ထိုက်ဟယ်နန်းတော်ကဲ့သို့သော အဓိကနေရာများကိုမူ ယခုအခါ ပိတ်ထားလိုက်ပြီ ဖြစ်သည်။ ကင်းလှည့်ခြင်းများကို မကြာခဏ လုပ်ဆောင်ကြပြီး တောင်တက်လမ်းများကို ကျောက်တုံးကြီးများဖြင့် ပိတ်ဆို့ထားသည်။
တာအိုဆရာများ ကျင့်ကြံနေသည့် တောင်ဘက်ခြမ်းကိုမူ တင်းကျပ်စွာ တားမြစ်ထားသည်။ ကျူးကျော်ဝင်ရောက်သူများသည် ဒဏ်ရိုက်ခံရရုံမျှမက ပြင်းထန်သော အရေးယူမှုများနှင့် ရင်ဆိုင်ရမည် ဖြစ်သည်။
ကျင့်ကြံခြင်းလမ်းစဉ် ပြန်လည်ပွင့်လင်းလာခြင်းကြောင့် တာအိုဂိုဏ်းများသည် တာအိုအဖွဲ့အစည်းမှ ညွှန်ကြားချက်များကို ရရှိထားခဲ့သည်။ ထိုညွှန်ကြားချက်မှာ ကမ္ဘာဦးချီစွမ်းအင်များ ပြန်လည်ထွက်ပေါ်လာသည့် သတင်းကို တပည့်များအား လက်လွတ်စပယ် မဖြန့်ဝေစေရန် ဖြစ်သည်။
ဝမ်ရှန်း မျှော်လင့်ထားသလိုပင် အင်တာနက်ပေါ်တွင် ကောလာဟလများစွာ ပျံ့နှံ့နေသော်လည်း အာဏာပိုင်များက တင်းကျပ်စွာ စောင့်ကြည့်နေသဖြင့် အပြင်လောက၌ တည်ငြိမ်နေဆဲဖြစ်သည်။ ဟွာသမ္မတနိုင်ငံသည် ကျင့်ကြံသူများကြောင့် ကမ္ဘာပေါ်တွင် ဖြစ်ပေါ်လာနိုင်သော ရှုပ်ထွေးမှုများကို ကိုင်တွယ်ဖြေရှင်းရန် မဟာဗျူဟာများ ရေးဆွဲနေဆဲ ဖြစ်နိုင်သည်။
ကျင့်ကြံခြင်းလမ်းစဉ် ပြန်လည်ပွင့်လင်းလာမှုက တာအိုဆရာများကို စိတ်လှုပ်ရှားစေခဲ့သည်။ သူတို့သည် ကျင့်ကြံခြင်းတွင် စိတ်အားထက်သန်စွာဖြင့် အာရုံစိုက်လုပ်ဆောင်ခဲ့ကြသည်။ မည်သို့ပင်ဖြစ်စေ ကျင့်ကြံခြင်းက စွမ်းရည်များ တိုးတက်လာခြင်းနှင့် အသက်ရှည်နုပျိုခြင်းကဲ့သို့သော လက်တွေ့ကျသော အကျိုးကျေးဇူးများကို ပေးစွမ်းနိုင်သောကြောင့် ဖြစ်သည်။
အခြားတစ်ဖက်တွင်လည်း ချီစွမ်းအင်များ ပြန်လည်ထွက်ပေါ်လာမှုက လူများ၏ အရည်အချင်းကို ထင်ရှားစွာ ခွဲခြားလိုက်သည်။ လူတစ်ဦး၏ ကျင့်ကြံခြင်းအရှိန်အဟုန်သည် တာအိုအပေါ် နှလုံးသွင်းမှု၊ အောင်မြင်မှုနှင့် ပါရမီတို့ပေါ်တွင် မူတည်နေသည်။ ထိုအကြောင်းကြောင့် လီရှီဝူသည် တာအိုဂိုဏ်းတွင် ဆယ်စုနှစ်တစ်ခုကျော် ကုန်ဆုံးခဲ့ပြီး ကမ္ဘာဦးချီစွမ်းအင်များ ပြန်ပေါ်လာပြီးနောက် နှစ်နှစ်ခွဲကြာ ကျင့်ကြံခဲ့သော်လည်း ဝိညာဉ်ပေါင်းစည်းခြင်းအဆင့်သို့ရောက်အောင် မနည်းကြိုးစားခဲ့ရသည်၊၊
ရလဒ်အနေဖြင့် ဝူတန်တောင်၏ ပြင်ပရေးရာများကို သူ့ထံ လွှဲအပ်လိုက်ခြင်း ဖြစ်သည်။ ဂိုဏ်း၏ ဒုတိယခေါင်းဆောင်ဟူသော ဘွဲ့အမည်ဖြင့် သူသည် ကိုယ်ခံပညာဖလှယ်ပွဲများ၊ တာအိုကျမ်းစာ ဆွေးနွေးပွဲများနှင့် အကယ်ဒမီဖွင့်ပွဲ အခမ်းအနားများဖြင့် အလုပ်ရှုပ်နေခဲ့ရသည်။
အမှန်စင်စစ် ၎င်းမှာ လီရှီဝူ၏ ဉာဏ်အလင်းပွင့်မည့် အခွင့်အရေးကို သွယ်ဝိုက်သောနည်းဖြင့် စတေးလိုက်ခြင်း ဖြစ်သည်။ သူ့အား လောကီရေးရာတာဝန်များ ပေးအပ်လိုက်ခြင်းက ကျင့်ကြံမှုတွင် တိုးတက်ရန် အခွင့်အလမ်းကို ပိတ်ပင်လိုက်ခြင်းပင် ဖြစ်သည်။
ယနေ့တွင် လီရှီဝူသည် မောင်ရှန်းတောင်တွင် ကျင်းပမည့် ဂိုဏ်းပေါင်း ၂၀ ကျော် ပါဝင်မည့် တွေ့ဆုံပွဲအကြောင်း ဆွေးနွေးရန် ဤခြံကလေးသို့ ရောက်လာခြင်း ဖြစ်သည်။ ဝူတန်းတောင်အနေဖြင့် ထိုပွဲတွင် ဂုဏ်တတ်စေရန်အတွက် ချင်ယန်ဇီအား ဖိတ်ကြားလိုခြင်း ဖြစ်သည်။
၎င်းကို အတွေ့အကြုံဖလှယ်ပွဲဟု ခေါ်ဆိုသော်လည်း အမှန်တကယ်တွင်မူ အဓိကတာအိုဂိုဏ်းများက တစ်ဦးကိုတစ်ဦး အကဲစမ်းမည့် အခွင့်အရေး ဖြစ်သည်။ အခြားဂိုဏ်းများတွင်လည်း ကမ္ဘာဦးချီစွမ်းအင် ပြန်ပေါ်လာသည်ကို သိရှိခြင်း ရှိ၊ မရှိနှင့် အကြီးအကဲများ၊ ဂိုဏ်းသားများနှင့် တပည့်များ၏ ကျင့်ကြံမှု အခြေအနေများကို အကဲဖြတ်ရန် ဖြစ်သည်။
ဝူတန်းတောင်အနေဖြင့် ဒုတိယမျိုးဆက် တာအိုဆရာအချို့၊ ချင်ယန်ဇီနှင့် လီရှီဝူတို့နှင့် ရွယ်တူများ၊ ထိပ်သီးတတိယမျိုးဆက် တပည့်အချို့နှင့် အလားအလာရှိသော လူငယ်အချို့ကို စေလွှတ်ရန် စီစဉ်ထားသည်။ သို့သော် ထိုအဖွဲ့ကို ဦးဆောင်ရန်အတွက် အဆင့်မြင့်ပညာရှင်တစ်ဦး လိုအပ်နေသည်။
ထို့ကြောင့် လီရှီဝူက ချင်ယန်ဇီကို လာရောက်ရှာဖွေခြင်း ဖြစ်သည်။
လီရှီဝူက သက်ပြင်းချလိုက်သည်။
“ဝူတန်တောင်ပေါ်က ဂိုဏ်းချုပ်ကနေ ကျွန်တော့်ဦးလေးနှစ်ယောက်အထိ လူတိုင်းက ကျင့်ကြံတာက ပိုအရေးကြီးတယ်ဆိုပြီး အခန်းအပြင်မထွက်ကြဘူး၊၊ နောက်ဆုံးတော့ ဒီကိစ္စက ကျွန်တော့်ခေါင်းပေါ် ရောက်လာတယ်လေ၊၊ စီနီယာအစ်ကိုလည်း သိတဲ့အတိုင်း ကျွန်တော့်ပါရမီက ညံ့တော့ အခုထိ ပြောပလောက်တဲ့ အဆင့်မှာ မရှိဘူး၊၊ ကောင်းကင်ဘုံက နတ်မင်းကြီးတွေပဲ သိပါလိမ့်မယ်၊၊ ကျွန်တော် တကယ်ပဲ အဲဒီပွဲကို မထိန်းနိုင်ဘူး”
ချင်ယန်ဇီက တဟားဟား ရယ်လိုက်သည်။
“တွေ့ဆုံပွဲကို တက်ရောက်မယ့်သူတွေက နာမည်ကြီး တာအိုဂိုဏ်းတွေကပဲလေ၊၊ ငါတို့တွေက ပင်စည်တစ်ခုထဲက ဆင်းသက်လာတဲ့ အမြစ်တွေပဲ… ဘာပြဿနာမှ ရှိမှာမဟုတ်ပါဘူး”
“တစ်ယောက်ယောက်က ကျွန်တော်တို့ကို တမင်သက်သက် ပြဿနာလာရှာကို စိုးရိမ်တာပါ”
လီရှီဝူက သူ၏ ဖြူစပြုနေသော ဆံပင်များကို ညွှန်ပြရင်း ခါးသီးသော အပြုံးဖြင့် ပြန်ဖြေခဲ့သည်။
“ကျွန်တော့် မျက်နှာပျက်တာကတော့ ကိစ္စမရှိပါဘူး၊ ဒါပေမဲ့ ဝူတန်းတောင်ရဲ့ ဂုဏ်သိက္ခာကို အကျခံလို့ မဖြစ်ဘူး၊၊ အခု ကျွန်တော်တို့ အခြေအနေက နည်းနည်းတော့ အကျပ်ရိုက်နေတယ်၊၊ စီနီယာအစ်ကိုက တောင်ပေါ်မှာ အမြုတေဖွဲ့စည်းခြင်းအဆင့်ကို ရောက်နေတဲ့ လူနည်းစုထဲက တစ်ယောက်ပဲ၊၊ ကျွန်တော့်ကို ကူညီပါ”
ချင်ယန်ဇီက ခဏမျှ စဉ်းစားလိုက်ပြီး စိုးရိမ်သော အမူအယာဖြင့် ပြောလိုက်သည်။
“မင်းက အမြုတေဖွဲ့စည်းခြင်းအဆင့် ကျင့်ကြံသူကို လိုတာဆိုရင်တော့ ငါ လိုက်လို့ရမှာ မဟုတ်တော့ဘူး”
လီရှီဝူ ဆွံ့အသွားပြီး အလောတကြီး မေးလိုက်သည်။
“စီနီယာအစ်ကိုက အဆင့်ကျသွားလို့လား၊၊ အဲဒါ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ”
“အဆင့်ကျသွားတာတော့ မဟုတ်ပါဘူး”
ချင်ယန်ဇီက သူ၏ လက်ဝါးကို လှန်လိုက်ရာ ခပ်ဖျော့ဖျော့အလင်းရောင်ဖြာထွက်နေသော စွမ်းအင်စီးကြောင်း အချို့ ပေါ်လာခဲ့သည်။ တည်ငြိမ်ပြီး ဆန်းကြယ်သော အော်ရာက အခန်းအတွင်းသို့ ပျံ့နှံ့သွားခဲ့သည်။
“လွန်ခဲ့တဲ့ လအနည်းငယ်ကပဲ ငါ ပုံရိပ်ယောင်အမြုတေအဆင့်ကို တက်လှမ်းသွားပြီ၊၊ ငါက အဲဒီပွဲကို တက်ဖို့ဆိုတာ မသင့်တော်တော့ဘူး”
လီရှီဝူ၏ မျက်လုံးများ ပြူးကျယ်သွားခဲ့သည်။ ထိုမျက်နှာဝိုင်းဝိုင်းနှင့် မျက်ခုံးထူထူ တာအိုဆရာကြီးသည် စိတ်ပျက်လက်ပျက်ဖြင့် ထခုန်လုမတတ် ဖြစ်သွားခဲ့သည်။
“ဘာပြောတယ်”
ချင်ယန်ဇီက အေးအေးဆေးဆေးပင် သူ၏ လက်ချောင်းများကို ပြန်ဆုပ်လိုက်သည်။ ပုံရိပ်ယောင်အမြုတေသည် သူ၏ ခန္ဓာကိုယ်အတွင်းသို့ ပြန်ဝင်သွားပြီး မည်သည့် အော်ရာမျှ ကျန်ရစ်ခြင်းမရှိတော့ပေ။
အမိုးပေါ်မှ ဝမ်ရှန်းသည် ရယ်ချင်စိတ်ကို မနည်းထိန်းကာ အောင့်ထားရသည်။ သူ၏ ဆရာသည် အမြဲတမ်း တည်ငြိမ်သော်လည်း တစ်ခါတစ်ရံ နောက်ပြောင်တတ်ပြီး ခန့်မှန်းရခက်သူဖြစ်သည်။
“စီနီယာအစ်ကိုရဲ့ ကျင့်ကြံမှု တိုးတက်တဲ့အမြန်နှုန်းကတော့ တကယ်ပဲ”
လီရှီဝူသည် တစ်စုံတစ်ယောက်က သူ့ထံမှ ငွေစင်တစ်ရာ ခိုးသွားသည့်အလား မချင့်မရဲဖြစ်နေခဲ့သည်။
ချင်ယန်ဇီက ပြုံးလိုက်သည်။
“ငါ မလိုက်နိုင်ပေမဲ့ ငါ့မှာ မင်းရဲ့ သတ်မှတ်ချက်တွေနဲ့ ကိုက်ညီတဲ့ တပည့်နှစ်ယောက် ရှိတယ်”
“ဘာလဲ၊၊ ပုယွီနဲ့ ဖေးယွီတို့က အမြုတေဖွဲ့စည်းခြင်းအဆင့်ကို ရောက်နေကြပြီလား”
“ဟုတ်တယ်၊၊ ရွှမ်းလေးက ပြီးခဲ့တဲ့ လအနည်းငယ်ကမှ အဆင့်တက်သွားတယ်၊၊ ရှန်းလေးကတော့ တပည့်ခံတာ နောက်ကျတာရော၊ ဓားလမ်းစဉ်ကို ပိုအာရုံစိုက်တာရောကြောင့် သူ့စီနီယာအစ်မလောက်တော့ အဆင့်မမြင့်သေးဘူး၊၊ ဒါပေမဲ့ သူ့ပါရမီကလည်း မဆိုးပါဘူး၊၊ အားမနာတမ်း ပြောရရင် သူက ဝိညာဉ်ပေါင်းစည်းခြင်းရဲ့ နောက်ဆုံးအဆင့်ကို ရောက်နေပြီ”
ချင်ယန်ဇီက ပို၍ အေးအေးဆေးဆေး ရှိနေလေလေ… လီရှီဝူမှာ ပို၍ ဒေါသထွက်ကာ အော်ဟစ်ချင်လာေလ ဖြစ်နေခဲ့သည်။
“ရွှမ်းလေးနဲ့ ရှန်းလေး… ဒီကိုလာကြဦး”
ချင်ယန်ဇီက အေးအေးဆေးဆေးပင် ခေါ်လိုက်ရာ သူ၏ အသံသည် နံရံများနှင့် ခြံဝင်းကို ဖြတ်ကျော်ကာ အပြင်ဘက် တောအုပ်ထဲတွင် တရားထိုင်နေသော မုဝမ်ရွှမ်းထံသို့ပင် ရောက်ရှိသွားခဲ့သည်။
“ဟုတ်ကဲ့ပါ ဆရာ” ဝမ်ရှန်းက ပြန်ထူးလိုက်သည်။
သူသည် အမိုးပေါ်မှ ပေါ့ပါးသေသပ်စွာဖြင့် တစ်ပတ်လှည့်ကာ ခုန်ဆင်းလိုက်သည်။ သူထိုင်နေခဲ့သော သစ်သားပြားသည် အမိုးစွန်းပေါ်တွင် မလှုပ်မယှက် ကျန်ရစ်ခဲ့ပြီး အသံလုံးဝမထွက်ပဲ သူ၏ စည်းထားသော ဆံပင်များသာ အနည်းငယ် လှုပ်ခတ်သွားခဲ့သည်။ သူ၏ ဝတ်စုံမှာ အကျီလက်တို၊ဘောင်းဘီတို၊ ဖိနပ်ပါးနှင့်ဖြစ်နေသဖြင့် သူ၏ ကျော့ရှင်းစတိုင်ကျမှုကို အနည်းငယ် လျော့ပါးသွာစေသည်။
ဝမ်ရှန်းသည် ခြံဝင်းအတွင်း ငြိမ်သက်စွာ ရပ်နေပြီး စီနီယာအစ်မ ရောက်လာသည်ကို စောင့်ဆိုင်းနေခဲ့သည်။ အိမ်အတွင်း၌ လီရှီဝူသည် ဝိညာဉ်ပေါင်းစည်းခြင်း နောက်ဆုံးအဆင့်သို့ ရောက်နေသော လူငယ်တာအိုဆရာလေးကို သေချာမြင်ရရန် ခေါင်းကို ပြူထွက်၍ ကြည့်နေခဲ့သည်။
နှစ်ပေါင်းများစွာအတွင်း ပါရမီရှင်လူငယ်များစွာကို တွေ့ခဲ့ဖူးသဖြင့် လီရှီဝူသည် လူကဲခတ်ရာတွင် အလွန်ပင် ကျွမ်းကျင်သည်။ ပထမဆုံးအနေဖြင့် သူသည် ဝမ်ရှန်း၏ ခြေရပ်ဟန်ကို သတိထားမိသည်။ သူ၏ ခြေထောက်များမှာ တဖြောင့်တည်းဖြစ်နေပြီး ပုခုံးများကို လျှော့ချထားကာ သူ၏ ဟန်ပန်တစ်ခုလုံးမှာ ထင်းရှူးပင်တစ်ပင်ကဲ့သို့ မားမားမတ်မတ် ရှိနေသည်။
သေချာကြည့်လိုက်ရင် ဝမ်ရှန်းသည် ဓားအိမ်အတွင်း ထည့်ထားသော နာမည်ကြီး ဓားတစ်လက်နှင့် တူညီနေသည်ဟု လီရှီဝူ ခံစားလိုက်ရသည်။ သန်မာသော်လည်း မောက်မာခြင်းမရှိ၊ ထက်မြက်သော်လည်း ဖုံးကွယ်ထားသည်။ ဓားအိမ်မှာ ရိုးရှင်းသော်လည်း အတွင်း၌ ဝှက်ထားသော ဓားသွား၏ ထက်မြက်မှုကို ခန့်မှန်းကြည့်ချင်စရာ ဖြစ်နေသည်။
လူတစ်ဦးကို အကဲဖြတ်ရာတွင် သူ၏ မျက်နှာသွင်ပြင်လည်း ပါဝင်သည်။ ဝမ်ရှန်းသည် ထင်ရှားသော ရုပ်ရည်မျိုး မဟုတ်ပေ၊၊ သူ၏ ဓားသွားကဲ့သို့သော မျက်ခုံးများနှင့် ကြည်လင်သော မျက်လုံးများသည် ယဉ်ကျေးသိမ်မွေ့မှုကို ဖော်ပြနေသော်လည်း သူ့၏ ရုပ်ရည်တစ်ခုမဟုတ်ပေ။ သို့သော် ဆံပင်များကို အရှည်ထားလိုက်သည့်အခါတွင်မူ သူသည် ခက်ထန်ရိုးရှင်းပြီး လွတ်လပ်ပေါ့ပါးသော ဆွဲဆောင်မှုတစ်ခုရှိလာခဲ့သည်၊၊
လီရှီဝူက သူ၏ မုတ်ဆိတ်ကို သပ်ရင်း ရေရွတ်လိုက်သည်။
“တကယ့်ကို ငယ်ရွယ်တဲ့ ဓားနတ်ပဲ၊၊ ငါ ကျင့်ကြံလာတာ နှစ် ၂၀ နီးပါး ရှိပြီ၊၊ ဒါပေမဲ့ သူ့ကို မမှီပါလား၊၊ ရှက်စရာပဲ… တကယ်ကို ရှက်စရာပဲ”
ချင်ယန်ဇီက ညင်သာစွာ ရယ်လိုက်ပြီး သူ၏ မျက်လုံးများမှာ ပျော်ရွှင်မှုများဖြင့် ပြည့်နှက်နေခဲ့သည်။ တပည့်ဖြစ်သူ ချီးကျူးခံရခြင်းမှာ ဆရာအတွက် ဂုဏ်ယူစရာပင် ဖြစ်သည်။
ခြံတံခါးဝတွင် အဖြူရောင်ဝတ်စုံဖြင့် ပုံရိပ်တစ်ခု ပေါ်လာခဲ့သည်။ သူမသည် ဖြည်းညင်းစွာ လျှောက်လှမ်းလာသည်ဟု ထင်ရသော်လည်း ခြေလှမ်းအနည်းငယ်ဖြင့် ပေပေါင်းများစွာကို ဖြတ်ကျော်ကာ ဝမ်ရှန်း၏ ဘေးတွင် လာရပ်ခဲ့သည်။ မြေပြင်ပေါ်တွင် ယင်ယန်ချီအချို့သာ ကျန်ရစ်ခဲ့ပြီး လေပွေငယ်လေးတစ်ခုဖြစ်ပေါ်ကာ တဖြည်းဖြည်း ပျောက်ကွယ်သွားခဲ့သည်။
ဝမ်ရှန်း ခေါင်းလှည့်ကြည့်လိုက်သောအခါ နက်မှောင်ပြီး ကြည်လင်သော မျက်လုံးတစ်စုံနှင့် ဆုံတွေ့လိုက်ရသည်။ သူ၏ စိတ်အစဉ်မှာ ချက်ချင်းပင် တည်ငြိမ်သွားခဲ့သည်။
ဝမ်ရှန်း တောင်ပေါ်သို့ ပထမဆုံးရောက်ရှိလာခဲ့ချိန်နှင့် နှိုင်းယှဉ်လျှင် သူ၏ စီနီယာအစ်မမှာ လုံးဝ တခြားလူတစ်ယောက်ကဲ့သို့ ဖြစ်နေခဲ့သည်။ ပထမတစ်နှစ်တွင် သူမသည် စတင်ပွင့်အာလာသော ဖူးပွင့်စ ပန်းကလေးတစ်ပွင့်ဖြစ်ခဲ့သော်လည်း နောက်တစ်နှစ်တွင်မူ သူမ၏ ပွင့်ချပ်များမှာ ပွင့်အာလာခဲ့သည်။ ယခုအခါတွင်မူ သူမသည် အပြည့်အဝ ဖူးပွင့်နေပြီ ဖြစ်သည်။
လွန်ခဲ့သော နှစ်နှစ်အတွင်း သူမ၏ ခန္ဓာကိုယ်သည် အစစ်အမှန်ချီများ၏ အားဖြည့်မှုကြောင့် အပြည့်အဝဖွံ့ဖြိုးလာခဲ့သည်။ သူမသည် ဝမ်ရှန်းနှင့် ချင်ယန်ဇီတို့ထက် ငါးစင်တီမီတာ သို့မဟုတ် ခြောက်စင်တီမီတာခန့်သာ ပုပြီး ခန္ဓာကိုယ် အချိုးအစားမှာလည်း အပြစ်ပြောစရာ မရှိပေ။
သူမတွင် ရှည်လျားသွယ်လျသော ခြေထောက်များ၊ လက်တစ်ဖက်ဖြင့် ပတ်နိုင်လောက်သော ခါးလေးနှင့် သူမ၏ အဖြူရောင် အင်္ကျီအောက်တွင် လှပသော ခန္ဓာကိုယ်အချိုးအစားကို ပိုင်ဆိုင်ထားသည်။ ထို့အပြင် တောင်ပေါ်တွင် ကျင့်ကြံနေသော်လည်း သူမ၏ အသားအရေမှာ နူးညံ့ချောမွေ့ကာ ဝင်းပနေသည်၊၊ နေရောင်အောက်တွင် သူမ၏ အသားအရေမှာ ကမ္ဘာပေါ်တွင် အသန့်စင်ဆုံး ကျောက်စိမ်းဖြူကဲ့သို့ အလင်းရောင်ဖျော့ဖျော့ထွက်နေသည်အလားပင်၊၊
ယခုအချိန်တွင် သူမသည် အမှန်တကယ်ပင် နတ်သမီးပုယွီနှင့် တူညီနေခဲ့သည်။
နေ့တိုင်းအတူတူ အချိန်ကုန်ဆုံးခဲ့ရသဖြင့် ဝမ်ရှန်းသည် သူ၏ စီနီယာအစ်မ ရှေ့တွင် တည်ငြိမ်စွာ နေနိုင်ခဲ့သည်။
“ဆရာက ကျွန်တော်တို့ကို စောင့်နေတယ်”
သူက ပြောလိုက်သည်။
“အွန်း”
သူတို့နှစ်ဦးအတူတူ အိမ်ထဲသို့ ဝင်လာခဲ့ကြသည်။
ဝမ်ရှန်းက ဦးညွှတ်လိုက်သည်။
“ဆရာ၊ ဦးလေးလီ”
“ကောင်းတယ်၊၊ ကောင်းတယ်”
လီရှီဝူက မှတ်ချက်ပေးလိုက်သည်။ သူသည် ဂုဏ်သရေရှိ တာအိုဆရာကြီးဖြစ်သဖြင့် မုဝမ်ရွှမ်းကို ခဏမျှသာ ကြည့်ပြီးနောက် မျက်လုံးကို လွှဲလိုက်သည်။ ထို့နောက် ချင်ယန်ဇီကို တိုးတိုးလေး မေးလိုက်သည်။
“ပုယွီက တကယ်ပဲ အမြုတေဖွဲ့စည်းခြင်းအဆင့်ကို ရောက်နေတာလား”
ချင်ယန်ဇီက ပြုံးရုံသာ ပြုံးနေခဲ့သည်။
“စီနီယာအစ်မ၊ ကျွန်တော့်ကို ဓားလေး ခဏလောက် ပေးပါဦး”
ဝမ်ရှန်းက သူ၏ စီနီယာအစ်မကို တိုးတိုးလေးပြောလိုက်သည်။
“အွန်း”
မုဝမ်ရွှမ်းက ဂရုမစိုက်သလို လက်တစ်ချက်ဝှေ့ယမ်းလိုက်ရာ အခန်းအတွင်းရှိ နံရံ၌ ချိတ်ထားသော ထိုက်ကျိဓားသည် ဝမ်ရှန်း၏ လက်ထဲသို့ ငြိမ်သက်စွာ ပျံသန်းလာခဲ့သည်။
ထို့နောက် မုဝမ်ရွှမ်းက ဝမ်ရှန်းကို မျက်စိတစ်ဖက် မှိတ်ပြလိုက်သည်၊၊ သူမ၏ အမူယာက သူ့ကို အခြား ကူညီစရာရှိသေးသလားဟု မေးနေသကဲ့သို့ပင်…၊၊