ပထမဆုံးအကြိမ် တောင်ပေါ်မှ ဆင်းသက်ခြင်း
Vol. 2 Ch. 15
စိတ်အာရုံဖြင့် အရာဝတ္ထုများကို ထိန်းချုပ်ခြင်းသည် အမြုတေဖွဲ့စည်းခြင်းအဆင့်ရှိ ကျင့်ကြံသူများသာ စွမ်းဆောင်နိုင်သည့် စွမ်းရည်မျိုး ဖြစ်သည်၊၊
လီရှီဝူ၏ မျက်လုံးများ အရောင်တောက်သွားပြီး ချင်ယန်ဇီ စိတ်ပြောင်းသွားမည်ကို စိုးရိမ်သည့်အလား အလောတကြီး ခေါင်းညိတ်လိုက်သည်၊၊
“စီနီယာအကို… ပုယွီနဲ့ ဖေးယွီကို ကျွန်တော်နဲ့အတူ လွှတ်လိုက်ပါ၊၊ သူတို့ ဘာပြဿနာမှ မရှိစေရဘူးလို့ ကျွန်တော် အာမခံပါတယ်”
“ငါလည်း အဲဒီလိုပဲ စိတ်ကူးထားတယ်၊၊ သူတို့ကို လောကကြီးအကြောင်း သွားပြီး လေ့လာစေချင်တယ်”
ချင်ယန်ဇီက ပြန်ပြောသည်၊၊
“ဒီအတောအတွင်း သူတို့က ငါ့ထက်တောင် ပိုပြီး ကြိုးကြိုးစားစား ကျင့်ကြံနေကြတယ်”
လီရှီဝူက ခနဲ့တဲ့တဲ့ ရယ်မောလိုက်သည်၊၊
“ကျင့်ကြံခြင်းမှာ ကြိုးစားတာ ကောင်းတဲ့အချက်ပဲပေါ့”
“ဒါပေမဲ့ အရမ်းကြိုးစားလွန်းတာကလည်း စိုးရိမ်စရာပဲ၊၊ အထူးသဖြင့် ငါ့ရဲ့ ဒုတိယတပည့်က ဓားရူးတစ်ယောက် ဖြစ်နေတယ်၊၊ နောက်ထပ် နှစ်အနည်းငယ်ကြာရင် သူ့ကို ဓားတာအိုနဲ့ ပတ်သက်ပြီး ဘာသင်ပေးရမှန်းတောင် ငါ သိတော့မှာ မဟုတ်ဘူး”
ချင်ယန်ဇီသည် ရယ်မောရင်း သက်ပြင်းချလိုက်သော်လည်း သူ၏စကားများထဲတွင် အနည်းငယ် ဂုဏ်ယူဟန် စွက်နေသည်၊၊
ဝမ်ရှန်းသည် အနေရခက်သလို ခံစားရသဖြင့် ပြုံးလိုက်ပြီး သူ၏ စီနီယာအစ်မ၏ အင်္ကျီလက်ကို ဆွဲလိုက်သည်၊၊ ထို့နောက် နှစ်ဦးသား ဦးညွှတ်နှုတ်ဆက်ကာ ခြံဝင်းထဲသို့ ပြန်လာခဲ့ကြသည်၊၊
တာအိုဆရာနှစ်ဦးသည် အခန်းထဲတွင် ယဉ်ကျေးပျူငှာစွာ စကားလက်ဆုံပြောရင်း အကျိုးအမြတ်ကိစ္စများ ညှိနှိုင်းနေစဉ် ဝမ်ရှန်းနှင့် မုဝမ်ရွှမ်းတို့သည် တစ်ယောက်ကိုတစ်ယောက် ပြုံးပြလိုက်ပြီး အပြင်ဘက်ရှိ သစ်ပင်ရိပ်အောက်တွင် အပန်းဖြေနေကြသည်၊၊
ချင်ယန်ဇီသည် သူ၏တပည့်နှစ်ဦးကို အတွေ့အကြုံရစေရန် သက်သက်အတွက်သာ တောင်ပေါ်မှ ဆင်းခိုင်းခြင်း မဟုတ်ပေ၊၊ သူတွင် သေးငယ်သော တောင်းဆိုချက်တစ်ခုလည်း ရှိနေပြီး လီရှီဝူကလည်း လွယ်လွယ်ကူကူပင် သဘောတူခဲ့သည်၊၊
အရာအားလုံး အဆင်ပြေချောမွေ့ပါက ဝမ်ရှန်းနှင့် မုဝမ်ရွှမ်းတို့ ပြန်လာချိန်တွင် တာအိုလက်မှတ်များကို ရရှိထားပြီး ဖြစ်လိမ့်မည်၊၊
တရားဝင်တာအိုဆရာအဖြစ် မှတ်ပုံတင်ခြင်းတွင် အကျိုးကျေးဇူးများစွာ ရှိသည်၊၊ လောလောဆယ်တွင် အထိရောက်ဆုံး အကျိုးကျေးဇူးမှာ တရားဝင် ဘွဲ့ထူးဂုဏ်ထူးများရရှိခြင်းဖြစ်ပြီး ၎င်းသည် နောင်တွင် ဝမ်ရှန်းနှင့် မုဝမ်ရွှမ်းတို့အတွက် ကိစ္စတိုင်းတွင် ပိုမိုအဆင်ပြေစေမည် ဖြစ်သည်၊၊
သူတို့သည် ချက်ချင်းဆိုသလိုပင် ခရီးထွက်ရမည့်ပုံ ပေါ်နေသည်၊၊ အစီအစဉ်များ အတည်ပြုပြီးနောက် လီရှီဝူသည် ချင်ယန်ဇီ၏ တပည့်များနှင့် မိနစ်အနည်းငယ်ကြာ စကားစမြည်ပြောဆိုခဲ့ပြီး နောက်တစ်နေ့ မနက်တွင် ထွက်ခွာရမည်ဖြစ်ကြောင်း အသိပေးခဲ့သည်၊၊
ညနေပိုင်းတွင် ဝမ်ရှန်းသည် မုဝမ်ရွှမ်းကို အထုပ်အပိုးများ ပြင်ဆင်ရာ၌ ကူညီပေးနေသည်၊၊ သူသည် သူ၏စီနီယာအစ်မ၏ ကိုယ်ရေးကိုယ်တာပစ္စည်းများကို မျက်တောင်မခတ်ဘဲ တည်တည်ငြိမ်ငြိမ် စီစဉ်ပေးနိုင်သည့် အဆင့်သို့ ရောက်နေပြီ ဖြစ်သည်၊၊ သို့သော် သူမ၏ အတွင်းခံအင်္ကျီများမှာမူ တစ်နေ့ထက်တစ်နေ့ ပိုမိုစုံလင်ပြီး လှပလာသည်၊၊ ထို့ကြောင့် သူ၏ စိတ်အစဉ်မှာလည်း ရံဖန်ရံခါတွင် လှိုင်းထန်ကာ တုန်လှုပ်ခြင်းကို မရှောင်လွှဲနိုင်ပေ၊၊
အဟမ်း... တာအိုနှလုံးသား... တာအိုနှလုံသား...
သူ၏ စီနီယာအစ်မသည် အပြင်လူများနှင့် ဆက်ဆံရာတွင် အတွေ့အကြုံနည်းပါးလှသဖြင့် ဝမ်ရှန်းသည် ပို၍သတိထားနေရသည်၊၊
ထိုနေ့ မွန်းလွဲပိုင်းမှစတင်ကာ သူသည် သူမကို အချက်အလက်အတော်များများကို ထပ်ခါတလဲလဲ သတိပေးနေခဲ့သည်၊၊
“တောင်ပေါ်က ဆင်းသွားရင် ဖုန်းကို ကိုယ်နဲ့မကွာ ထားနော်၊၊ အားနည်းသွားရင် power bank နဲ့ အားသွင်း…. သူစိမ်းတွေနဲ့ စကားအများကြီးမပြောနဲ့… ဘယ်သူ့ကားထဲကိုမှလည်း လိုက်မသွားရဘူး၊၊ တောင်အောက်က ယောကျာ်းတွေကို ယုံလို့မရဘူးနော်… ပြီးတော့ ဘာပဲဖြစ်ဖြစ် အစ်မက ကျွန်တော့်ကို စောင့်ရှောက်ရမယ်နော်...”
ဝမ်ရှန်း၏ အမူယာသည် ဝေးလံသော ခရီးတစ်ခုသို့ သွားတော့မည့် ကလေးတစ်ယောက်ကို မိဘက အသေးစိတ်မှာကြားနေသည့်နှယ် ရှိနေသည်၊၊
သူမ၏ ဖြူစင်သော စိတ်ထားနှင့် နတ်သမီးတမျှ လှပသော ရုပ်ရည်ကြောင့် ဝမ်ရှန်းသည် သူမ အခွင့်ကောင်းယူခံရမည်ကို အမှန်တကယ်ပင် စိုးရိမ်နေမိသည်၊၊
တောင်ပေါ်ရှိ အေးချမ်းဆိတ်ငြိမ်သောဘဝနှင့် မတူဘဲ တောင်အောက်လောကမှာ အန္တရာယ်များဖြင့် ပြည့်နှက်နေသည် မဟုတ်ပါလား၊၊
ထိုညတွင် ချင်ယန်ဇီသည် ဝမ်ရှန်းနှင့် မုဝမ်ရွှမ်းတို့ကို ခေါ်ယူကာ ဆုံးမဩဝါဒ ပေးသည်၊၊ သူက သူတို့ကို နှိမ့်ချစွာနှင့် တည်တည်ငြိမ်ငြိမ် နေထိုင်ရန်၊ အားနည်းသူကို မနှိပ်စက်ရန်နှင့် မိမိတို့၏ တာအိုပညာရပ်များကို မကြွားဝါရန် မှာကြားသည်၊၊ ထို့အပြင် ဖြစ်နိုင်သမျှ ထင်ရှားအောင်မနေရန်လည်း ပြောကြားခဲ့သည်၊၊
ဝမ်ရှန်းသည် သူ၏ရင်ဘတ်ကို ယုံကြည်ချက်အပြည့်ဖြင့် ပုတ်လိုက်သည်၊၊
“စိတ်ချပါ ဆရာ၊၊ ကျွန်တော်က လူမသိသူမသိနေတဲ့နေရာမှာ ဆရာကြီးပါ”
ထို့နောက် သူသည် ပုခုံးအထိ ရှည်နေသော ဆံပင်များကို သပ်လိုက်ပြီး ဤခရီးစဉ်တွင် ခန့်ညားထည်ဝါသော အနုပညာကျောင်းသားတစ်ဦး၏ ပုံစံကို ယူရန် ဆုံးဖြတ်လိုက်သည်၊၊
သို့သော် နောက်တစ်နေ့ မနက်စောစောတွင် သစ်သားခုတင်ပေါ်၌ တရားထိုင်နေစဉ် ဝမ်ရှန်းသည် ခြံဝင်းထဲမှ အသံများကို ကြားလိုက်ရသည်၊၊ သိချင်စိတ်ပြင်းပြလာသဖြင့် သူသည် ထိုအသံရှိရာသို့ လိုက်သွားမိသည်၊၊
အမ်...
အရုဏ်ဦး၏ နူးညံ့သော အလင်းတန်းများအောက်တွင် မုဝမ်ရွှမ်းကို လက်ရှည်အပွနှင့် အပြာနုရောင် ဟန်ဖူဝတ်စုံကို ဝတ်ဆင်ထားပြီး ဆံပင်ကို ရှေးဟောင်းပုံစံ ထုံးဖွဲ့ထားသည်ကို တွေ့လိုက်ရသည်၊၊ သူမက ကိုယ်တစ်ပတ်လှည့်လိုက်သည့်အခါ သူမ၏ မြစိမ်းရောင်ဂါဝန်ရှည်မှာ ပန်းချီကားတစ်ချပ်ထဲမှ ထွက်လာသည့် နတ်သမီးတစ်ပါးကဲ့သို့ ပျံဝဲနေသည်၊၊
ဝမ်ရှန်းသည် လုံးဝပင် မိန်းမောသွားရသည်၊၊
ဒါက ငါ နှစ်သစ်ကူးတုန်းက လက်ဆောင်ပေးထားတဲ့ ဟန်လူမျိုးစတိုင် ဝတ်စုံမဟုတ်လား… သူမက ဘာလို့ အခုမှ ဝတ်ထားတာလဲ…
ချင်ယန်ဇီသည် တည်ကြည်သော မျက်နှာထားဖြင့် ကျေနပ်စွာ ခေါင်းညိတ်လိုက်သည်၊၊
“ဒီဝတ်စုံက တကယ်ပဲ… လောကထဲမှာ လှည့်လည်သွားလာတဲ့အခါ ရုပ်ရည်သွင်ပြင်က အရေးအကြီးဆုံးပဲလို့ လူကြီးသူမတွေ ပြောခဲ့ကြတယ်၊၊ ဝမ်ရှန်း... မင်းလည်း မင်းရဲ့ အပြာရောင်တာအိုဝတ်စုံကို သွားဝတ်ပြီး စီနီယာအစ်မ ဘေးမှာ သွားရပ်လိုက်၊၊ ငါ မင်းတို့နှစ်ယောက်ကို ပုံလှလှလေးတွေ ရိုက်ပေးမယ်”
တကယ်ကြီးလား ဆရာ… ဒါက ဆရာပြောတဲ့ မထင်ရှားအောင်နေထိုင်ခြင်းဆိုတာလား….
ဝမ်ရှန်းသည် ညည်းတွားလိုက်ရင်း လက်ဖြင့် မျက်နှာကို အုပ်လိုက်မိသည်၊၊ သူသည် ဤခရီးစဉ်အပေါ် စိတ်အားထက်သန်မှုများ ရုတ်တရက် လျော့နည်းသွားသလို ခံစားလိုက်ရသည်၊၊
ဝမ်ရှန်း၏ တပည့်အဖြစ် အပ်နှင်းပွဲအခမ်းအနားတုန်းက ဝတ်ခဲ့သော တာအိုဝတ်စုံမှာ ကြာပြီဖြစ်၍ သေးနေပြီ ဖြစ်သည်၊၊ ထို့ကြောင့် ချင်ယန်ဇီက ရွာထဲမှ အပ်ချုပ်သမားကို သူ့အတွက် ဝတ်စုံသစ် နှစ်စုံ အပ်ပေးထားခဲ့သည်၊၊
တစ်စုံမှာ မိုးပြာရောင်ဖြစ်ပြီး နူးညံ့သော ပိတ်သားနှင့် လေထဲတွင် တလွင့်လွင့်ဖြစ်နေသည့် လက်အပွများပါဝင်ကာ ဝမ်ရှန်း၏ အရပ်ရှည်ရှည် သွယ်လျသော ကိုယ်လုံးကို ပေါ်လွင်စေမည့် တရားဝင်ဝတ်စုံဖြစ်သည်၊၊
အခြားတစ်စုံမှာမူ အပြာရင့်ရောင်ဖြစ်ပြီး လက်ကောက်ဝတ်နှင့် ခြေကျင်းဝတ်များတွင် ကြိုးချည်၍ရသော ရိုးရှင်းသည့် ချည်သားဖြင့် ပြုလုပ်ထားသည်၊၊ ၎င်းမှာ ဓားသိုင်းကျင့်ရန်နှင့် တိုက်ခိုက်ရန်အတွက် ရည်ရွယ်ပြီး လက်တွေ့ကျမှုနှင့် ခန့်ညားမှုကို ပေါင်းစပ်ထားသည်၊၊ ဝမ်ရှန်းကတော့ ဒုတိယတစ်စုံကို ပိုကြိုက်သည်၊၊ ၎င်းမှာ သိသာထင်ရှားမှုမရှိဘဲ သိပ်မတောက်ပသောကြောင့် ဖြစ်သည်၊၊ ပထမတစ်စုံမှာမူ သူ၏ အကြိုက်နှင့်စာလျှင် အနည်းငယ် ပိုလွန်းနေသလို ခံစားရသည်၊၊
တောင်ပေါ်မှ ဆင်းသော တပည့်များသည် တာအိုဝတ်စုံ ဝတ်ဆင်ရမည်ဖြစ်သဖြင့် ဝမ်ရှန်းသည် အပြာရင့်ရောင်ဝတ်စုံကို ဝတ်လိုက်သည်၊၊ သူ၏ ဆံပင်ရှည်များကို အစိမ်းရောင်ဖဲကြိုးဖြင့် နောက်တွင် စည်းနှောင်ထားပြီး ရှေးဟောင်းဓားတစ်လက်ကို ရင်ခွင်ထဲ ပိုက်ထားသည့်အခါ သူသည် ယဉ်ကျေးသိမ်မွေ့သော တာအိုရသေ့တစ်ပါး၏ အငွေ့အသက်ကို ထုတ်လွှင့်နေသည်၊၊
ထို့နောက် သူနှင့် စီနီယာအစ်မတို့သည် သူတို့ဆရာအတွက် ဓာတ်ပုံပေါင်းများစွာ အရိုက်ခံခဲ့ကြသည်၊၊
အမှန်တိုင်းပြောရလျှင် ချင်ယန်ဇီသည် တစ်ခါတလေ ထူးဆန်းနေသော်လည်း သူသည် ထူးချွန်သော ဆရာတစ်ဦးဖြစ်သည်၊၊
ကမ္ဘာဦးချီများ ပြန်လည်နိုးထလာပြီးနောက် ဝူတန်းတောင်ပေါ်ရှိ ထူးချွန်သော တာအိုဆရာ အများအပြားသည် သူတို့၏ ကံကြမ္မာကို ရှာဖွေရာတွင် မည်သူ့ကိုမျှ အနှောင့်အယှက်မပေးစေလိုဘဲ တောထွက်သွားကြသည်၊၊ ထိုသူများနှင့် မတူဘဲ ချင်ယန်ဇီသည် သူ၏ တပည့်များကို ပစ်ပယ်မထားပေ၊၊ ယင်းအစား ဝမ်ရှန်းနှင့် မုဝမ်ရွှမ်းတို့ လမ်းမှန်ပေါ်တွင် ရှိနေစေရန် သူတို့၏ ကျင့်ကြံခြင်း တိုးတက်မှုများကို ပုံမှန်စစ်ဆေးပေးနေခဲ့သည်၊၊
ပို၍ ချီးကျူးစရာ ကောင်းသည်မှာ သူ၏ တရားမျှတမှု ဖြစ်သည်၊၊ သူသည် တပည့်များကို တန်းတူ ဆက်ဆံသည်၊၊ မုဝမ်ရွှမ်းသည် မိန်းကလေးဖြစ်နေ၍သော်လည်းကောင်း၊ ဝမ်ရှန်းသည် အငယ်ဆုံးဖြစ်နေ၍သော်လည်းကောင်း ဘယ်သူ့ကိုမှ ပို၍ ဦးစားမပေးပေ၊၊ သူ သင်ကြားပေးသည့် အခါတိုင်း သူတို့နှစ်ဦးကို အတူတူ သင်ယူစေသည်၊၊ သူသည် ယင်ယန်ရှစ်ကွက်နှင့် ခုနှစ်စင်ကြယ်ဓားအစီအရင်ကဲ့သို့သော အကြောင်းအရာများအတွက် အချိန်ပေါင်းများစွာ ပေးကာ သူတို့တွင် အခြေခံခိုင်မညာစေရန်နှင့် သူတို့၏ နားလည်မှုကို အပြန်အလှန် စစ်ဆေးနိုင်စေရန် လုပ်ပေးခဲ့သည်၊၊
ဝမ်ရှန်း၏ ခုနှစ်စင်ကြယ်ဓားအစီအရင်တွင် ကျွမ်းကျင်မှု ပိုမိုနက်ရှိုင်းလာပြီး သူ၏ ဓားစိတ်ဆန္ဒအပေါ် နားလည်မှုမှာ ပြီးပြည့်စုံသည့် အဆင့်သို့ ရောက်လာသည့်အခါ ဓားတာအိုတွင် ပိုမိုတိုးတက်ရန်မှာ မနားမနေ လေ့ကျင့်ရုံသာမက နက်ရှိုင်းသော ဉာဏ်အလင်းရရှိမှုလည်း လိုအပ်လာသည်၊၊ ထို့ကြောင့် ချင်ယန်ဇီသည် ဝမ်ရှန်းကို “ရွက်ခြောက်များ ဝေဆာခြင်း” ဟု ခေါ်သည့် ပို၍ နက်နဲသော လက်ဝါးသိုင်းပညာကို သင်ပေးခဲ့သည်၊၊
သို့သော် ဝမ်ရှန်းက သိပ်ပြီး စိတ်မဝင်စားလှပေ၊၊ ၎င်းကို ကျွမ်းကျင်အောင် သင်ယူပြီးနောက်တွင်လည်း သူသည် သူ၏ ပြပွဲတွင် သုံးသည့် သံဓားကိုသာ ဆုပ်ကိုင်ထားပြီး နေ့တိုင်း မနားမနေလေ့ကျင့်နေခဲ့သည်၊၊ သူသည် “စာအုပ်တစ်အုပ်ကို အကြိမ်တစ်ရာ ဖတ်လျှင် ၎င်း၏ အဓိပ္ပာယ်မှာ အလိုအလျောက် ပေါ်လာလိမ့်မည်” မူဝါဒများကို လိုက်နာပြီး တာအိုကျင့်ကြံမှု နည်းလမ်းများတွင် အမြဲတစေ အသုံးချခဲ့သည်၊၊
သူ၏ တပည့်သည် ဓားတာအိုကို စွဲလမ်းနေသည်ကို မြင်ရသည့်အခါ ချင်ယန်ဇီသည် ကျေနပ်သလိုဖြစ်သော်လည်း အနည်းငယ်လည်း စိုးရိမ်နေမိသည်၊၊
အဆုံးသတ်တွင် ကျင့်ကြံခြင်းဆိုသည်မှာ မိမိ၏ ကိုယ်ပိုင်လမ်းစဉ်အပေါ် အာရုံစိုက်ခြင်းဖြစ်သည်၊၊ အကယ်၍ သူတို့သည် နည်းစနစ်များအပေါ်တွင်သာ အလွန်အကျွံ အာရုံစိုက်ပြီး တာအိုကို ပစ်ပယ်ထားမည်ဆိုလျှင် ၎င်းမှာ ဖရဲသီးကို လက်လွတ်ပြီး နှမ်းစေ့ကို ကောက်နေသကဲ့သို့ ဖြစ်ပေလိမ့်မည်၊၊ ယင်းမှာ အမြော်အမြင်မရှိသော ချဉ်းကပ်မှုမျိုး ဖြစ်သည်၊၊
သို့သော်ငြားလည်း သူ၏တပည့်က ၎င်းကို နှစ်သက်နေသဖြင့် ချင်ယန်ဇီလည်း လွှတ်ထားပေးလိုက်ပြီး တစ်ခါတစ်ရံမှသာ ဝင်ရောက်ကြီးကြပ်ပေးခဲ့သည်၊၊
****
မနက်ခင်း အလင်းတန်းများ ဖြာကျနေသော ခြံဝင်းငယ်လေးထဲတွင် စားပွဲပုလေးပေါ်၌ သူတို့၏ မနက်စာ လက်ကျန်များရှိနေသေးသည်၊၊ ၎င်းတို့မှာ တစ်ဝက်တစ်ပျက် စားထားသော မုန်ညှင်းချဉ်များနှင့် မကုန်သေးသော ဆန်ပြုတ်ပန်းကန်များ ဖြစ်သည်၊၊
ချင်ယန်ဇီနှင့် မုဝမ်ရွှမ်းတို့သည် အစာမစားဘဲ နေနိုင်စွမ်း ရှိကြသော်လည်း နှစ်ပေါင်းများစွာ အလေ့အထအရ တစ်နေ့သုံးနပ် စားနေကြဆဲ ဖြစ်သည်၊၊ ထို့အပြင် ဝမ်ရှန်းသည် အမြုတေဖွဲ့စည်းခြင်းအဆင့်သို့ မရောက်သေးသဖြင့် စားသောက်ရန် လိုအပ်နေသေးသည်၊၊
မနက်စာ စားပြီးနောက် ချင်ယန်ဇီသည် သူတို့ကို တောင်တံခါးအထိ လိုက်ပို့ခဲ့သည်၊၊ ထိုနေရာတွင် ဝမ်ရှန်းနှင့် စီနီယာအစ်မတို့သည် ဘေးချင်းယှဉ်ရပ်ကာ သူတို့ဆရာ၏ အပ်ကြောင်းထပ်နေသော မှာကြားချက်များကို နားထောင်နေကြသည်၊၊
“နှိမ့်ချမှုရှိပါ၊ ဘဝမမြင့်နဲ့၊ ပြဿနာ မရှာနဲ့၊ အားနည်းသူကို မနှိပ်စက်နဲ့၊ တစ်ခုခု မသေချာရင် ငါ့ဆီ ဖုန်းဆက်ပါ”
“ဝမ်ရှန်း...”
ချင်ယန်ဇီက ပြောသည်၊၊
“မင်း တောင်ပေါ်မှာ နေလာတာ သုံးနှစ်ရှိပြီ၊၊ မိဘတွေ ရှိနေသရွေ့ ခရီးဝေးမသွားသင့်ဘူး၊၊ တကယ်လို့ သွားရမယ်ဆိုရင်လည်း ရည်ရွယ်ချက် ရှိရမယ်ဆိုတဲ့ စကားအတိုင်းပဲ၊၊ မင်း အိမ်ကို ပြန်လည်ပတ်ဖို့ အချိန်တန်ပြီ၊၊ မင်းရဲ့ အလုပ်တွေ ပြီးသွားရင် စီနီယာအစ်မကို ခေါ်ပြီး မင်းမိဘတွေ အိမ်မှာ ရက်အနည်းငယ်လောက် သွားနေလိုက်ပါ၊၊ ရထားလက်မှတ်ခတွေကို ငါ ပြန်ပေးမယ်”
ဝမ်ရှန်းသည် ခပ်ဖျော့ဖျော့ ရယ်မောလိုက်သည်၊၊ ဆရာ၏ အကြံပြုချက်ကြောင့် သူလည်း အိမ်ကို လွမ်းဆွတ်မိသွားသည်၊၊
“ကဲ... သွားကြတော့၊၊ စောစောသွားမှ စောစောပြန်လာနိုင်မှာ”
ချင်ယန်ဇီက လက်ဝေ့ယမ်းကာ သူတို့ကို နှုတ်ဆက်သည်၊၊ ဝမ်ရှန်းနှင့် မုဝမ်ရွှမ်းတို့က ဦးညွှတ်လိုက်သည်၊၊
“ကျေးဇူးတင်ပါတယ် ဆရာ”
ဝမ်ရှန်းက ထပ်ပြောလိုက်သည်၊၊
“ကျွန်တော်တို့ မရှိတုံး ဆရာလည်း ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်ပါ”
“အင်းး”
ဝမ်ရှန်းသည် လှည့်လိုက်ပြီး သူတို့၏ ခရီးဆောင်အိတ်များကို မလိုက်သည်၊၊ အိတ်နှစ်လုံးစလုံးတွင် သူ၏ စီနီယာအစ်မ ကပ်ထားသည့် ခေတ်စားနေသော သမိုင်းနောက်ခံ အန်နီမေးရှင်း ဇာတ်ကောင် စတေကာများဖြင့် ပြည့်နေသည်၊၊
တောအုပ်ကို ဖြတ်ကျော်လာသည့်အခါ ချင်ယန်ဇီ၏ ပုံရိပ်က မြင်ကွင်းမှ ပျောက်ကွယ်သွားသည်၊၊ ဝမ်ရှန်း၏ စိတ်ထဲတွင် ခံစားချက်ပေါင်းစုံ ရောထွေးနေသည်၊၊
နတ်သမီးတစ်ပါးကဲ့သို့ နူးညံ့လှပသော ဟန်ဖူဝတ်စုံကို ဝတ်ဆင်ထားသည့် သူ၏ စီနီယာအစ်မကို တစ်ချက်ကြည့်လိုက်ပြီးနောက် ခရီးစဉ်အတွင်း သူမကို ဘယ်သူမှ စိတ်အနှောင့်အယှက်မပေးစေရဟု ဝမ်ရှန်းက အခိုင်မာဆုံးဖြတ်လိုက်သည်၊၊
ဒါပေမဲ့ စီနီယာအစ်မက ဒီလိုဝတ်စုံမျိုးကို ဆက်ဝတ်နေမယ်ဆိုရင်တော့... ဝမ်ရှန်းသည် ဝေခွဲမရဖြစ်သွားသော်လည်း အဆုံးတွင် ဘာမှမပြောဘဲ နေလိုက်သည်၊၊
မုဝမ်ရွှမ်းက ခေါင်းကို အနည်းငယ် စောင်းကြည့်လာသည်၊၊
ထားလိုက်ပါတော့လေ၊၊ သူမက ဒီလိုဝတ်ရတာကို ကြိုက်တာပဲ၊၊ ပြီးတော့ သူမရဲ့ ဝတ်စုံက ဂိုဏ်းရဲ့ စည်းကမ်းတွေကို ချိုးဖောက်နေတာမှ မဟုတ်တာ၊၊ ဒီလောက်လှတဲ့ လူတစ်ယောက်ကို လမ်းပေါ်မှာ လျှောက်သွားတာကို ဘယ်သူက တားမြစ်မှာလဲ…
ဝမ်ရှန်းသည် တစ်စုံတစ်ယောက်က သူ၏ စီနီယာအစ်မကို လာရောက်နှောင့်ယှက်မည်ကို စိုးရိမ်နေခြင်း မဟုတ်ပေ၊၊ သူ ပိုစိုးရိမ်သည်မှာ သူမက ပြန်လည်တုံ့ပြန်လိုက်လျှင် ဖြစ်လာမည့် အကျိုးဆက်ကို ဖြစ်သည်၊၊ သူမဆီက ပါးရိုက်ချက် တစ်ချက်ဆိုလျှင်ပဲ… သူမ၏ စွမ်းအားများက ကမ္ဘာမြေကို မှောက်လှန်ပစ်နိုင်သည် မဟုတ်ပါလား၊၊
ပြောစရာပင် မလိုအောင်ပင်… နောက်ဆက်တွဲ ကိစ္စရပ်များကို ကိုင်တွယ်ရသည်မှာ အလွန် လက်ဝင်ပေလိမ့်မည်၊၊
ယနေ့ခေတ် ဥပဒေစိုးမိုးသော လူ့အဖွဲ့အစည်းသည် ဆက်သွယ်ရေးခက်ခဲသော ရှေးခေတ်ကာလများနှင့် မတူပေ တရားမျှတမှုက မလွဲမသွေ သက်ရောက်လာလိမ့်မည်၊၊
ကျင့်ကြံသူများသည်လည်း ဥပဒေကို လျစ်လျူရှု၍ မရပေ၊၊ သူရဲကောင်းပီသမှုတွင်လည်း ဆင်ခြင်တုံတရား ရှိရန်လိုအပ်သည်၊၊ တစ်ပါးသူကို အဆင်အခြင်မဲ့ ဒဏ်ရာရစေခြင်း သို့မဟုတ် သတ်ဖြတ်ခြင်းမှာ မဖြစ်သင့်ပေ၊၊ ချင်ယန်ဇီက ဤအချက်ကို သူ၏ တပည့်နှစ်ဦးလုံးအား ထပ်ခါတလဲလဲ သင်ကြားထားပြီး ဖြစ်သည်၊၊
ဝမ်ရှန်းက သတိပေးလိုက်သည်၊၊
“စီနီယာအစ်မ၊၊ တကယ်လို့ တစ်ယောက်ယောက်က အစ်မကို ဓာတ်ပုံရိုက်ဖို့ ကြိုးစားရင် မသိချင်ယောင်ဆောင်နေလိုက်… ဘယ်သူ့ကိုမှ မထိခိုက်စေနဲ့နော်”
“ကောင်းပြီ” မုဝမ်ရွှမ်းက ချက်ချင်း ပြန်ပြောသည်၊၊
သို့သော် သူမ၏ မျက်ဝန်းထဲတွင် ဝေခွဲမရဖြစ်နေသည့် အရိပ်အယောင်များ ရှိနေသည်၊၊ ဝမ်ရှန်း ဆိုလိုသည်ကို သူမ ကောင်းစွာ နားမလည်သည်မှာ သိသာလှသည်၊၊
သူတို့ တောင်တံခါးရှိ ကားပါကင်သို့ပင် မရောက်သေးမီ မနက်ခင်း ဝတ်ပြုသူများနှင့် ဝူတန်းတောင်မှ တပည့်တစ်စုသည် လမ်းပေါ်တွင် စုဝေးလာကြပြီး သူတို့ကို ဝိုင်းရံလာကြသည်၊၊ မုဝမ်ရွှမ်း၏ ဘေးတွင် ရှိနေသော ဝမ်ရှန်းက လူများ အနားမကပ်ရဲအောင် သူ၏ ဓားဆန္ဒကိုသာ ထုတ်လွှင့်မထားပါက တစ်ယောက်ယောက်က သူမကို စကားလာပြောခြင်း သို့မဟုတ် ဖုန်းနံပါတ်တောင်းခြင်းများ ပြုလုပ်နေလောက်ပြီ ဖြစ်သည်၊၊
မုဝမ်ရွှမ်း၏ အကြည့်က လူအုပ်ကြီးပေါ်သို့ ဖြတ်သန်းသွားသည်၊၊ အချို့လူများက ဓာတ်ပုံရိုက်ရန်အတွက် ဖလက်ရှ်မီးများကိုပင် ဖွင့်လိုက်ကြသဖြင့် သူမ အနည်းငယ် မျက်မှောင်ကြုတ်သွားသည်၊၊
“ဆရာဦးလေးလီက ကျွန်တော်တို့ကို စောင့်နေတယ်၊၊ သူတို့ကို လျစ်လျူရှုပြီး မြန်မြန်သွားရအောင်”
ဝမ်ရှန်းက လေသံတိုးတိုးဖြင့် ပြောလိုက်သည်၊၊
ထို့နောက် နှစ်ဦးသား ခြေလှမ်းများကို မြန်နှုန်းမြှင့်လိုက်ကြသည်၊၊ တကယ်တမ်းကျ ဝူတန်းတောင်သည် ကျင့်ကြံရာ အေးချမ်းသော နေရာတစ်ခုဖြစ်သည်၊၊ ကြည့်ရှုသူများသည် သိချင်စိတ်ဖြင့် ဓာတ်ပုံအနည်းငယ် ရိုက်ကြသော်လည်း မသင့်လျော်သော အပြုအမူများကိုမူ ရှောင်ကြဉ်ကြသည်၊၊
ကားပါကင်၏ အစွန်တွင် “ဝူတန်းတောင် ရိုးရာသိုင်းပညာဖလှယ်ရေးအဖွဲ့” ဟု ရေးထားသော အလံတစ်ခု ချိတ်ဆွဲထားသည့် ဘတ်စ်ကားတစ်စီး ရှိနေသည်၊၊
၎င်းထဲတွင် တာအိုဝတ်စုံ ဝတ်ဆင်ထားသော ဆယ်ကျော်သက် တစ်ဒါဇင်ကျော်နှင့် ဝမ်ရှန်းတို့အရွယ် တာအိုရသေ့လေးပါးရှိနေသည်၊၊ သူတို့သည် သူတို့ဆီသို့ လျှောက်လာသော မုဝမ်ရွှမ်းကို စူးစိုက်ကြည့်နေကြသည်၊၊
ဘတ်စ်ကားအပြင်ဘက်တွင် သက်လတ်ပိုင်း တာအိုဆရာအနည်းငယ်သည် သူတို့၏ ယပ်တောင်များကို ကိုင်ကာ စကားပြောနေကြပြီး ဝမ်ရှန်းနှင့် မုဝမ်ရွှမ်းတို့ကို တစ်ချက်တစ်ချက် လှမ်းကြည့်နေကြသည်၊၊
လူငယ် တာအိုရသေ့များသည် အတော်အတန် တည်ငြိမ်နေသော်လည်း အငယ်တန်းတပည့်များမှာမူ အတော်လေး စိတ်လှုပ်ရှားနေကြသည်၊၊
“အဲဒါ ငါတို့ရဲ့ စီနီယာအစ်မတစ်ယောက်လား၊၊ နေဦး... သူတို့က အထုပ်အပိုးတွေနဲ့ဆိုတော့ ငါတို့နဲ့ လိုက်မှာလား”
“မင်း ဓာတ်ပုံရိုက်လို့ရလား၊၊ ရလိုက်လား”
“ဝိုး... သူမက ကောင်းကင်က ဆင်းလာတာလား၊၊ အရမ်းလှတာပဲ”
“ဒီလောက်လှတဲ့ အမျိုးသမီး တပည့်က ဝူတန်းတောင်ကို ဘယ်တုန်းက ဝင်တာလဲ၊၊ ဦးလေးလီက သူတို့ကို သွားကြိုနေပြီ၊၊ ငါတို့နဲ့အတူ လိုက်မှာထင်တယ်”
ဝမ်ရှန်းနှင့် မုဝမ်ရွှမ်းတို့သည် ထူးခြားသော အရှိန်အဝါများဖြင့် ချဉ်းကပ်လာသည့်အခါ လီရှီဝူက ဦးဆောင်ပြီး ဘတ်စ်ကားပေါ်မှ ဆင်းကာ သူတို့ကို နွေးထွေးစွာ ကြိုဆိုလိုက်သည်၊၊ စကားအနည်းငယ် ပြောပြီးနောက် သူက ထိုနှစ်ဦးကို ကားထဲသို့ ခေါ်ဆောင်သွားသည်၊၊
“အားလုံးပဲ...”
လီရှီဝူက အနီးအနားရှိ သက်လတ်ပိုင်း တာအိုဆရာများကို ညွှန်ပြရင်း ခေါ်လိုက်သည်၊၊
“ဒါက စီနီယာအကို ချင်ယန်ဇီရဲ့ အချစ်တော် ပါရမီရှင်တပည့်တွေပဲ၊၊ သူတို့က ငါတို့ကို ကူညီဖို့ ဒီကို ရောက်နေတာပါ”
မုဝမ်ရွှမ်း၏ စွမ်းရည်ကို ကြားဖူးထားကြသဖြင့် တာအိုဆရာများသည် သူတို့နှစ်ဦးကို တည်ကြည်သော မျက်နှာထားဖြင့် နှုတ်ဆက်ကြသည်၊၊
ဝမ်ရှန်းက သိမ်မွေ့စွာ ပြုံးလိုက်သည်၊၊
“နှုတ်ဆက်ပါတယ် ဂိုဏ်းတူဦးလေးတို့… ကျွန်တော်က ဝမ်ရှန်းပါ၊၊ တာအိုဘွဲ့က ဖေးယွီပါ၊၊ ကျွန်တော့်ရဲ့ စီနီယာအစ်မက ရှက်တတ်ပြီး စကားသိပ်မပြောတတ်လို့ မှာကြားစရာရှိရင် ကျွန်တော့်ကိုပဲ တိုက်ရိုက်ပြောပါ”
တာအိုဆရာများ၏ တင်းမာသော မျက်နှာထားများမှာ ကြင်နာသော အပြုံးများအဖြစ် ပြောင်းလဲသွားသည်၊၊
“စီနီယာအကို ချင်ယန်ဇီရဲ့ တပည့်တွေက မျှော်လင့်ထားတဲ့အတိုင်းပဲ… မင်းတို့နှစ်ယောက်က ယဉ်ကျေးပျူငှာပြီး ဆွဲဆောင်မှုရှိတာပဲ”
“လာ... လာ... ငါတို့ကို YouChat မှာ add လိုက်ဦး၊၊ ငါက ချန်းယန်ဘုရားကျောင်းကပါ”
“သူတို့ကို ဒီပွဲအတွက် ဖွင့်ထားတဲ့ ဂရုထဲကို ထည့်လိုက်ကြမယ်၊၊ ဒါမှ ဆက်သွယ်ရ ပိုလွယ်သွားမှာ..”
ဝမ်ရှန်း၏ စိတ်ထဲတွင် နဖူးပေါ်မှ ချွေးစက်အချို့ ကျလာသလို ခံစားလိုက်ရသည်၊၊