← Chapters

အခန်း ၁၅၆

Vol. 12 Ch. 156

အခန်း ၁၅၆

Vol. 12 Ch. 156

အပိုင်း(၁၅၆)

နောက်ရက်များတွင် ကျန်းလျိုသည် လေမည်းဂူ၌ ဆက်လက် နေထိုင်ခဲ့သည်။ မိစ္ဆာဘုရင်များသည် ကျန်းလျိုအား ယဉ်ကျေးပျူငှာစွာ ပြုစုစောင့်ရှောက်ပေးကြပြီး ရက်အနည်းငယ်ကြာသောအခါ သူတို့သည် အချင်းချင်း ပို၍ ရင်းနှီးကျွမ်းဝင်လာကြလေသည်။

ထိုနည်းတူစွာပင် ကျန်းလျိုသည် ဆရာတော် တစ်ပါး ဖြစ်သော်လည်း ဤမိစ္ဆာများအပေါ် မည်သည့် ကြိုတင် အယူအဆမှားများမျှ မထားရှိကြောင်း ထင်ရှားလှသဖြင့် မိစ္ဆာဘုရင်များမှာ ပို၍ပင် ကျေးဇူးတင်သွားကြလေသည်။

အထူးပြောရမည်ဆိုလျှင် ဤကာလအတွင်း ကျန်းလျိုနှင့် ဆရာလင်းရွှီတို့ အသိအကျွမ်း ဖြစ်ကြောင်း သိလိုက်ရသောအခါ ဝက်ဝံနက် မိစ္ဆာသည် ကျန်းလျိုအတွက် နောက်ထပ် ဝိညာဉ်ဆေးလုံး တစ်လုံးကို ကိုယ်တိုင် သွားရောက် ယူဆောင်ပေးခဲ့လေသည်။

မည်သည့် တုံ့ဆိုင်းမှုမျှ မရှိဘဲ ဒုတိယ ဝိညာဉ်ဆေးလုံးကို မျိုချလိုက်ပြီးနောက် သူ၏ ထဲသို့ အတွေ့အကြုံမှတ် ၂၅၀,၀၀၀ တိုက်ရိုက် ဝင်ရောက်လာခဲ့လေသည်။

လေမည်းဂူတွင် သုံးရက်ခန့် အချိန်ဖြုန်းပြီးနောက် တစ်နေ့တွင်၊ ကျန်းလျိုသည် နဂါးမြင်းဖြူကို စီးကာ ဘေးမှ စွန်းဝူခုန်း လိုက်ပါလျက် လေမည်းတောင်ပေါ်မှ ဆင်းသက်လာခဲ့လေသည်။

"ဝက်ဝံနက် မိစ္ဆာ ငါ့လက်ထဲမှာ မှော်ကြေးမုံ ရှိနေတယ်နော်... နောင်အနာဂတ်မှာ မင်း မကောင်းမှု တစ်ခုခုကို ကျူးလွန်တာကို ငါ မြင်ရရင် ငါ့ကို ရက်စက်တယ်လို့ မအပြစ်တင်နဲ့..."

နဂါးမြင်းဖြူပေါ်တွင် ထိုင်နေသော ကျန်းလျိုသည် နောက်သို့ လှည့်ကာ ဝက်ဝံနက် မိစ္ဆာ ဦးဆောင်သော မိစ္ဆာအုပ်စုကို ပြောလိုက်လေသည်။

"ဆရာတော်… ကျွန်တော် နားလည်ပါပြီ... အခုကစပြီး လေမည်းတောင်မှာ ကျင်းချီဆရာတော်၊ ဆရာလင်းရွှီတို့နဲ့အတူ တိတ်တဆိတ်ပဲ ဆက်ပြီး ကျင့်ကြံနေပါ့မယ်..."

ကျန်းလျို၏ စကားကို ကြားသောအခါ ဝက်ဝံနက် မိစ္ဆာသည် သူ၏ ခေါင်းကို အလိုအလျောက် လှမ်းကိုင်လိုက်မိပြီး ကပျာကယာ ခေါင်းညိတ်ကာ ပြန်ပြောလိုက်သည်။

သူသည် ခေါင်းစွပ်ကွင်း မန္တန်၏ နာကျင်မှုကို ဒုတိယအကြိမ် ထပ်မံ မခံစားလိုတော့ပေ။

"ဒါဆိုလည်း ကောင်းပြီလေ… ဒီတောင်ပေါ်မှာ ကြိုးကြိုးစားစား ကျင့်ကြံနေကြပါ… နောင်တစ်ချိန်မှာ မင်းတို့ရဲ့ အကူအညီကို ငါ လိုအပ်လာနိုင်တယ်..."

ကျန်းလျိုက ခေါင်းညိတ်ပြလျက် ပြောလိုက်သည်။

"ကျွန်တော်တို့ အစွမ်းကုန် ကြိုးစားပြီး သေတဲ့အထိ ကူညီပေးသွားပါ့မယ်..."

ဝက်ဝံနက် မိစ္ဆာနှင့် သူ၏ နောက်ကွယ်ရှိ မိစ္ဆာဘုရင်များက ကျန်းလျို၏ စကားကို ကြားသောအခါ တစ်သံတည်း လျှောက်တင်လိုက်ကြသည်။

"ဆရာတော်ကသာ အမိန့်ပေးမယ်ဆိုရင်… ဆရာတော့်ရဲ့ ကြီးမားတဲ့ ကျေးဇူးတရားကို ပြန်ဆပ်ဖို့ ဒီအရိုးဆွေးကြီးတွေကို စတေးဖို့ အသင့်ပါပဲ..."

ကျင်းချီဆရာတော်က ပြတ်သားသော မျက်နှာအမူအရာဖြင့် အာမခံကာ ဝင်ပြောလိုက်သည်။

အကယ်၍ ဂိုဏ်းတည်ထောင်ခြင်း တိုကင် ကို ယခု အသုံးပြု၍ ရနိုင်မည်ဆိုပါက ချက်ချင်း ဂိုဏ်းတည်ထောင်လိုက်လျှင် အကောင်းဆုံး ဖြစ်ပေလိမ့်မည်။ သို့သော်လည်း... ယခု သူတို့၏ အာမခံချက်များကြောင့် ကျန်းလျိုသည် အတော်လေး ကျေနပ်သွားလေသည်။ သူသည် အနည်းငယ် ခေါင်းညိတ်ပြကာ လက်ကို ဝှေ့ယမ်းလိုက်ပြီး ထွက်ခွာရန် လှည့်လိုက်လေသည်။

"အာ... ဆရာတော် ခဏစောင့်ပါဦး..."

ကျန်းလျို လှည့်ထွက်သွားချိန်မှာပင် ဝက်ဝံနက် မိစ္ဆာက တစ်စုံတစ်ရာကို ထပ်မံ သတိရသွားပုံဖြင့် သူ့အား အော်ခေါ်လိုက်လေသည်။

"ဘာဖြစ်လို့လဲ… မင်း ဘာပြောစရာ ရှိသေးလို့လဲ..."

ကျန်းလျိုက ဝက်ဝံနက် မိစ္ဆာကို လှည့်ကြည့်ကာ မေးလိုက်ရာ နဂါးမြင်းဖြူမှာလည်း ဇက်ကြိုးကို ဆွဲရန် မလိုအပ်ဘဲ ရပ်တန့်သွားလေသည်။

"ဆရာတော်… အနောက်အရပ်ကို ခရီးနှင်တဲ့အခါ… ဖူလင်တောင်ကို ဖြတ်သွားဖြစ်ရင် အဲဒီမှာ ဒုတိယ သခင်မလေး လွမ် နေထိုင်ပါတယ်... ကျေးဇူးပြုပြီး သူ့ကို စောင့်ရှောက်ပေးပါဦး..."

ဝက်ဝံနက် မိစ္ဆာသည် ရှေ့သို့ တိုးလာပြီး တုံ့ဆိုင်းနေသော အမူအရာဖြင့် ဆက်ပြောလိုက်လေသည်။

"ဖူလင်တောင်... ဒုတိယ သခင်မလေး လွမ် ဟုတ်လား..."

ဝက်ဝံနက် မိစ္ဆာ၏ စကားများကြောင့် ကျန်းလျိုမှာ အံ့အားသင့်သွားလေသည်။

"ဟုတ်ပါတယ်… အစကတော့ ကျွန်တော်နဲ့ ဒုတိယ သခင်မလေး လွမ်ဟာ သွေးသောက် မောင်နှမတွေပါ... ဒါပေမဲ့ ကျွန်တော် ကောင်းကင်ကပ်ဘေးကို ရင်ဆိုင်ရတုန်းက မတော်တဆ သူ့ကိုပါ တိုက်ခိုက်မှုထဲ ပါဝင်သွားစေခဲ့တယ်... ဒီနှစ်တွေထဲမှာ သူ ဘယ်လိုများ နေထိုင်ဖြတ်သန်းနေရလဲ ကျွန်တော် မသိဘူး... ဆရာတော်သာ သူ့ကို စောင့်ရှောက်ပေးနိုင်မယ်ဆိုရင်..."

ခေါင်းကို ကုတ်ကာ ဝက်ဝံနက် မိစ္ဆာသည် အနည်းငယ် ရှက်ရွံ့နေသော်လည်း အပြစ်ရှိစိတ်ကို ခံစားနေရပုံ ပေါ်လေသည်။

ဒင် - "မောင်နှမ သံယောဇဉ်" မစ်ရှင် ကို အသက်သွင်းလိုက်ပါပြီ.... ဝက်ဝံနက် မိစ္ဆာ၏ ဆန္ဒကို ဖြည့်ဆည်းပေးပါက အတွေ့အကြုံမှတ် ၁၅၀,၀၀၀ နှင့် နဂါးဝိညာဉ် လက်ကောက် တစ်ကွင်းကို ရရှိမည် ဖြစ်ပြီး၊ ကျရှုံးပါက အတွေ့အကြုံမှတ် ၁၅၀,၀၀၀ နုတ်ယူခံရမည် ဖြစ်သည်.... လက်ခံမည် / ငြင်းပယ်မည်

ဝက်ဝံနက် မိစ္ဆာက တောင်းဆိုလိုက်ချိန်တွင် စနစ်၏ သတိပေးချက် ပေါ်လာသောကြောင့် ကျန်းလျိုသည် တိတ်တဆိတ် ခေါင်းညိတ်လိုက်လေသည်။

အမှန်တကယ်ပင် တစ်စုံတစ်ယောက်က စိတ်ရင်းမှန်ဖြင့် အကူအညီ တောင်းခံလာသောအခါ ၎င်းသည် မစ်ရှင်တစ်ခုကို သွယ်ဝိုက်သောနည်းဖြင့် အသက်ဝင်သွားစေသည်။ သွယ်ဝိုက်သော မစ်ရှင်များသည် ကျရှုံးပါက ပြစ်ဒဏ်ရှိသော်လည်း၊ ဆုလာဘ်များမှာ အလိုအလျောက် အသက်ဝင်သော မစ်ရှင်များနှင့် နှိုင်းယှဉ်ပါက များစွာ ပိုမို ရက်ရောလှပေသည်။

မစ်ရှင်ကို လျင်မြန်စွာ လက်ခံလိုက်ပြီး ကျန်းလျိုက ဝက်ဝံနက် မိစ္ဆာအား အာမခံလိုက်သည်။

"စိတ်ချပါ… မင်း အပ်နှင်းလိုက်တဲ့ ကိစ္စအတွက် ငါ သေချာပေါက် စိတ်ပျက်အောင် လုပ်မှာ မဟုတ်ပါဘူး..."

"ကျေးဇူးတင်ပါတယ် ဆရာတော်... အရမ်း ကျေးဇူးတင်ပါတယ်..."

ဝက်ဝံနက် မိစ္ဆာက ခေါင်းညိတ်ပြကာ သူ၏ ကျေးဇူးတင်စကားကို ဖော်ပြလိုက်သည်။

မိစ္ဆာတစ်ကောင်အဖြစ် နေထိုင်ရသည်မှာ သဘာဝအရ ခက်ခဲလှကြောင်း ဝက်ဝံနက် မိစ္ဆာ ကောင်းစွာ သိရှိထားပေသည်။ လူသားများသည် မိစ္ဆာများ၏ မကောင်းမှုများကို ကြောက်ရွံ့ကြသော်လည်း မိစ္ဆာများသည်လည်း လူသားမျိုးနွယ် ကျင့်ကြံသူများနှင့် နတ်ဘုရားများနှင့် ဗုဒ္ဓများကို ကြောက်ရွံ့ကြပေသည်။

ရွှမ်ကျန်းဆရာတော်သည် ဆရာတော်တစ်ပါး ဖြစ်ပြီး ကွမ်ယင်ဗောဓိသတ် လူ့ပြည်သို့ ဆင်းသက်လာချိန်ကတည်းက သူ၏ အဆင့်အတန်းမှာ ထူးခြားကြောင်း ထင်ရှားလှပေသည်။ အနောက်ဘက်ပင်လယ် နဂါးမင်းကြီး၏ တတိယမြောက် အိမ်ရှေ့မင်းသား ပင်လျှင် သူ၏ စီးတော်ယာဉ်အဖြစ်သာ အစေခံရလေသည်။ ထို့ကြောင့် သူ၏ ကာကွယ်မှုဖြင့် မည်သည့် နတ်ဘုရားကမျှ သူတို့ကို ဒုက္ခပေးရန် မဖြစ်နိုင်တော့ချေ။ ၎င်းမှာ ဝက်ဝံနက် မိစ္ဆာ၏ အမှန်တကယ် ရည်ရွယ်ချက်ပင် ဖြစ်လေသည်။

သူနှင့် သူစုဆောင်းထားသော မိစ္ဆာဘုရင်များကိုပင်လျှင် ရွှမ်ကျန်းဆရာတော်က သူတို့ကိုယ်စား ကြားဝင်စေ့စပ်ပေးမှုကြောင့် ကွမ်ယင်ကိုယ်တိုင်ပင် သက်ညှာပေးခဲ့သည် မဟုတ်ပါလော။

နောင်အနာဂတ်တွင် သူတို့က ပြဿနာများကို စတင် မဖန်တီးသရွေ့ မည်သည့် နတ်ဘုရားကမျှ သူတို့ကို တိုက်ခိုက်မည် မဟုတ်ဟု သူတို့ ယုံကြည်ထားကြသည်။ ၎င်းမှာ သူတို့၏ အမြင့်မားဆုံးသော အာမခံချက်ပင် ဖြစ်ပေတော့သည်။

လက်ကို ဝှေ့ယမ်းပြပြီးနောက် ကျန်းလျိုသည် လှည့်ကာ အနောက်အရပ်သို့ သူ၏ ခရီးစဉ်ကို ဆက်လက် ထွက်ခွာသွားလေသည်။ နဂါးမြင်းဖြူသည် ခွာများကို မြှောက်လိုက်ရာ မြင်းခွာသံများသည် လျင်မြန်စွာ တိုးဖျော့သွားပြီး မကြာမီ လေမည်းတောင်အနီးမှ ပျောက်ကွယ်သွားလေတော့သည်။ စွန်းဝူခုန်းသည်လည်း လေထဲတွင် ဝဲပျံကာ ကျန်းလျို၏ ဘေးမှ လိုက်ပါသွားလေသည်။

"ကဲ ညီအစ်ကိုတို့… မင်းတို့အားလုံး ပြန်ရမယ့် အချိန်ရောက်ပြီ... ဒီတစ်ကြိမ် မင်းတို့ရဲ့ အကူအညီအတွက် ကျေးဇူးတင်တယ်… ဒီကျေးဇူးကို ငါ မှတ်ထားပါ့မယ်... ဒါပေမဲ့ ဆရာတော့်ကို ငါ ကတိပေးထားပြီးပြီမို့… ကျေးဇူးပြုပြီး မကောင်းမှုတွေကို ရှောင်ကြဉ်ကြပါ… မဟုတ်ရင်တော့ ငါ့ကို ရိုင်းတယ်လို့ မအပြစ်တင်နဲ့နော်..."

ဝက်ဝံနက် မိစ္ဆာသည် ကျန်းလျိုနှင့် အဖွဲ့ ပိုဝေးသွားသည်ကို စောင့်ကြည့်ပြီးနောက် မိစ္ဆာဘုရင်များဘက်သို့ လှည့်ကာ ပြောလိုက်လေသည်။

"ကျွန်တော်တို့က နောင်တော် ဝက်ဝံနက်ရဲ့ အမိန့်တွေကို နာခံမှာပါ... ဒီတစ်ကြိမ် နောင်တော့်ကို ကူညီခဲ့တာက ကျွန်တော်တို့အတွက် မထင်မှတ်ဘဲ ကံကောင်းသွားစေခဲ့ပြီး… နတ်ဘုရားတွေနဲ့ ဗုဒ္ဓတွေရဲ့ သတ်ဖြတ်ခံရမယ့် ခြိမ်းခြောက်မှုကနေတောင် ရှောင်လွှဲနိုင်ခဲ့ပြီပဲ... အကြောင်းပြချက် မရှိဘဲ ပြဿနာတွေ ဖန်တီးဖို့ ကျွန်တော်တို့ မရဲပါဘူး..."

မိစ္ဆာဘုရင် တစ်ပါးသည် ရှေ့သို့ ထွက်ကာ ပြောလိုက်ပြီး ကျန်ရှိနေသော မိစ္ဆာဘုရင်များကလည်း သဘောတူညီစွာ ခေါင်းညိတ်လိုက်ကြသည်။

ဤတုံ့ပြန်မှုက ဝက်ဝံနက် မိစ္ဆာကို ကျေနပ်သွားစေပြီး သူက သဘောကျစွာ ခေါင်းညိတ်လိုက်လေသည်။ ထို့နောက်... သူက အနောက်အရပ်သို့ လှမ်းမျှော်ကာ ငေးကြည့်လိုက်၏။

"ဟူး... ရွှမ်ကျန်းဆရာတော့်ရဲ့ ကျေးဇူးတရားက ဒီဘဝမှာ ပြန်ဆပ်လို့တောင် ကုန်နိုင်မှာ မဟုတ်ဘူး..."

သူက တိုးညှင်းစွာ သက်ပြင်းချလိုက်လေသည်။

"ကြိုးကြိုးစားစား ကျင့်ကြံတာက ဆရာတော့်ကို ငါတို့ ပေးနိုင်တဲ့ အကောင်းဆုံး အကူအညီပါပဲ... နောင်တစ်ချိန်မှာ ငါတို့ရဲ့ အကူအညီကို သူ လိုအပ်လာနိုင်တယ်လို့ သူ ပြောခဲ့တယ် မဟုတ်လား... အဲဒီစကားတွေက ပေါ့ပေါ့ပါးပါး ပြောသွားတာမှ မဟုတ်တာ..."

ကျင်းချီဆရာတော်ကလည်း ပြတ်သားသည့် ဆုံးဖြတ်ချက်များနှင့် အတူ ဝင်ရောက် ပြောလိုက်လေတော့သည်။

…

လေမည်းတောင်၏ အောက်ခြေ၌ ကျန်းလျိုသည် လျင်မြန်စွာ ပြေးလွှားနေသော နဂါးမြင်းဖြူပေါ်တွင် ခွထိုင်လိုက်လေသည်။ မြင်းပြေးနှုန်းမှာ အလွန် မြန်ဆန်သော်လည်း ငြိမ်သက်လွန်းလှသဖြင့် သူသည် အတွေးရေယာဉ်ကြော၌ မျောလွင့်နေရန် အချိန်ရနေလေသည်။

‘ဖူလင်တောင်က ဒုတိယ သခင်မလေး လွမ်… အဲဒါက ကျူးပါကျဲရဲ့ ဇနီးဟောင်း မဟုတ်ဘူးလား… သူက မူရင်းကျမ်းစာတွေထဲမှာ တစ်ခါမှ မပါလာခဲ့ဘဲ ကျူးပါကျဲရဲ့ စကားထဲမှာတော့ ပါခဲ့တာလေ… သိရသလောက်ဆိုရင်တော့ သူတို့ လက်ထပ်ပြီး တစ်နှစ်လောက် အကြာမှာပဲ သူက သေဆုံးသွားခဲ့တာပဲ…’

မူရင်းဇာတ်လမ်းအရ ကျူးပါကျဲသည် ဖူလင်တောင်၏ ယွမ်ကျန်းဂူတွင် နေထိုင်ခဲ့သည်။ ထိုဂူသည် တစ်ချိန်က ဒုတိယ သခင်မလေး လွမ်၏ နေရာဖြစ်ခဲ့လေသည်။

တစ်နည်းအားဖြင့် ပြောရလျှင် ကျူးပါကျဲသည် သူ၏ ဇနီး နေထိုင်ရာ နေရာသို့ ပြောင်းရွှေ့နေထိုင်ခဲ့ပုံ ရပေသည်။

ခေတ္တမျှ စဉ်းစားတွေးတောပြီးနောက် ကျန်းလျိုသည် ပြန်လည် သတိဝင်လာခဲ့သည်။ လျင်မြန်စွာ ကျော်လွန်သွားသော ရှုခင်းများကို ကြည့်ရင်း သူ၏ မျက်နှာအမူအရာမှာ အနည်းငယ် မည်းမှောင်သွားလေသည်။

"ဒါနဲ့ ရှောင်ပိုင်… ငါတို့ နည်းနည်းလောက် အရှိန်လျှော့သွားလို့ ရမလား..."

***

All Chapters