← Chapters

အခန်း ၁၅၈

Vol. 12 Ch. 158

အခန်း ၁၅၈

Vol. 12 Ch. 158

အပိုင်း(၁၅၈)

"မင်း... မင်းက ကောင်းချွေ့လန် လား..."

ကျန်းလျိုမျာ အသက် ခုနစ်နှစ် ရှစ်နှစ်အရွယ်မျှသာ ရှိသေးပုံရသော မိန်းကလေးငယ်ကြောင့် မှင်တက်သွား၏။ ထို့နောက် သူသည် ဇဝေဇဝါ ဖြစ်သွားသော အမူအရာဖြင့် ရပ်တန့်သွားလေသည်။

"ကောင်းမိသားစုရွာမှာ ချွေ့လန် ဆိုတဲ့ နာမည်နဲ့ တခြားသူ ရှိသေးလား..."

မယုံနိုင်စွာဖြင့် ကျန်းလျိုက မေးလိုက်သည်။

"မရှိတော့ဘူး ထင်တယ်..."

ကလေးများသည် တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်ကြပြီး နောက်ဆုံးတွင် တစ်ယောက်ပြီး တစ်ယောက် ခေါင်းယမ်းလိုက်ကြလေသည်။

"အင်း… ကြည့်ရတာ သူ တကယ်ပဲ ဖြစ်နေပုံရတယ်..."

ကလေးများ၏ တုံ့ပြန်မှုများကြောင့် ကျန်းလျို၏ နှုတ်ခမ်းထောင့်များ အနည်းငယ် တွန့်ကွေးသွားခဲ့ပြီး သူလည်း တစ်စုံတစ်ရာကို သဘောပေါက်သွားလေသည်။

အနောက်အရပ်သို့ ခရီးစဉ် တစ်လျှောက် ယခုအချိန်အထိ ဝူရှင်းတောင် အောက်မှ စွန်းဝူခုန်း၊ လင်းယုန်ငိုကြွေးချောက် အောက်မှ နဂါးမြင်းဖြူ၊ ကျင်းချီ ရှိသော ကွမ်ယင် ဘုံကျောင်းတော်မှ ဝက်ဝံနက် မိစ္ဆာ ကဲ့သို့သော အဓိက အဖြစ်အပျက် အချို့သည် မူရင်းဝတ္ထုနှင့် ဆင်တူသော်လည်း သူသည် မူရင်းဝတ္ထုထက် နှစ်အနည်းငယ် စော၍ ထွက်ခွာလာခဲ့ခြင်း ဖြစ်ပေသည်။

မူရင်းဝတ္ထုတွင် ထန်ဆရာတော်သည် အသက် နှစ်ဆယ်ကျော် အရွယ်တွင် ခရီးထွက်ခဲ့ခြင်း ဖြစ်သော်လည်း သူကတော့ အသက် ဆယ့်ငါးနှစ် အရွယ်မှာပင် ခရီးစတင်ခဲ့ခြင်း ဖြစ်သည်။

ထို့ကြောင့် မူရင်းဝတ္ထုမှ မူလက အရွယ်ရောက်ပြီး မိန်းမပျိုလေး ကောင်းချွေ့လန် သည် ယခုအခါ အသက် ခုနစ်နှစ် ရှစ်နှစ်အရွယ် ကလေးမလေး တစ်ယောက်သာ ဖြစ်နေခြင်းက လုံးဝ အဓိပ္ပာယ် ရှိပေသည်။

"ဒါဆို ညီမလေးက ကောင်းချွေ့လန် ပေါ့… ကောင်းပြီလေ... မေးပါရစေဦး ပြီးခဲ့တဲ့ အတောအတွင်း ညီမလေးတို့ အိမ်ကို သူစိမ်းတွေများ ရောက်လာသေးလား..."

အသားပေါက်စီများ အားလုံးကို ဝေငှပြီးနောက် နောက်ဆုံး ပေါက်စီကို ကောင်းချွေ့လန် ၏ လက်သေးသေးလေးထဲသို့ ထည့်ပေးရင်း ကျန်းလျိုက နွေးထွေးသော အပြုံးတစ်ခုဖြင့် တိုးညင်းစွာ မေးလိုက်လေသည်။

သူမထံသို့ ကမ်းပေးလာသော အသားပေါက်စီကို ယူကာ ကောင်းချွေ့လန် သည် အားရပါးရ ကိုက်လိုက်ပြီး ပါးစပ်အပြည့်ဖြင့် ခေါင်းယမ်းကာပြန်ဖြေလိုက်လေသည်။

"ဟင့်အင်း… သမီးတို့အိမ်ကို ဘယ်သူစိမ်းမှ မရောက်လာပါဘူး..."

"သခင်မလေး ဒီမှာ ရှိနေတာကိုး... ပြန်ကြရအောင်..."

ကျန်းလျို ဆက်လက် မေးမြန်းရန် ပြင်နေဆဲမှာပင် အစေခံဝတ်စုံကို ဝတ်ဆင်ထားသော လူတစ်ယောက် ရောက်လာပြီး ကျန်းလျိုအား အနည်းငယ် သတိထားသည့်ဟန်ဖြင့် ကြည့်ကာ ပြောလိုက်လေသည်။

မူရင်းဝတ္ထုအရ ကောင်း မိသားစုသည် အတော်လေး ပြည့်စုံချမ်းသာကြောင်း သိရှိရပေသည်။ ကျူးပါကျဲ ရောက်ရှိလာမှုကြောင့် သူတို့သည် ကြွယ်ဝချမ်းသာမှု အချို့ကို ရရှိခဲ့ခြင်း ဖြစ်နိုင်သော်လည်း အိမ်တော်များ၊ အစေခံမိန်းကလေးများနှင့် အစေခံ ယောက်ျားများ ရှိနေခြင်းက မိသားစု၏ ပင်ကိုယ် စည်ပင်ဝပြောမှုကို ပြသနေပေသည်။

ဤရွာတွင် ထိုမျှ ကြွယ်ဝချမ်းသာသူ ရှိနေခြင်းမှာ အလွန် အထင်ကြီးစရာ ကောင်းလှပေသည်။

ကျန်းလျိုအား သတိထားကြည့်ရင်း ထိုအစေခံသည် ကောင်းချွေ့လန် ကို အမြန် ခေါ်ဆောင်သွားခဲ့ရာ ကျန်းလျိုသည်လည်း သူတို့ကို မတားဆီးခဲ့ချေ။

စောလွန်းစွာ ရောက်ရှိလာခဲ့ခြင်းကြောင့် ကောင်းချွေ့လန် မှာ ကလေးမလေး တစ်ယောက်မျှသာ ရှိနေသေးပြီး ကျူးပါကျဲ၏ လမ်းစကိုလည်း မသိရသေးချေ။ ထိုအချိန်၌ ကျန်းလျိုသည် နောက်ထပ် ဘယ်ကို ဆက်သွားရမည်ကို မသေချာဘဲ ဖြစ်နေလေသည်။

သို့ရာတွင် ကျန်းလျိုသည် သူ၏ စိတ်ထဲ၌ အစီအစဉ်တစ်ခုကို လျင်မြန်စွာ ဖော်ထုတ်လိုက်လေသည်။ သူ စောရောက်လာခဲ့ခြင်း ဖြစ်သောကြောင့် ယခုအချိန်တွင် ကျူးပါကျဲ သည် ဒုတိယ သခင်မလေး လွမ် နှင့်အတူ ရှိနေနိုင်သည် မဟုတ်ပါလော။

ထို့အပြင် သူသည် ဝက်ဝံနက် မိစ္ဆာထံမှ သွယ်ဝိုက်သော မစ်ရှင်တစ်ခုကိုလည်း လက်ခံရရှိထားသေးသည်။ အတန်ကြာ စဉ်းစားပြီးနောက် ကျန်းလျိုသည် ဖူလင်တောင် ၏ ယွမ်ကျန်းဂူ သို့ အရင်ဆုံး သွားရောက် စစ်ဆေးရန် ဆုံးဖြတ်လိုက်လေသည်။

အကြောင်းရင်း တစ်ခုမှာ မူရင်းဝတ္ထုတွင် တစ်ခါမျှ မပါဝင်ခဲ့ဖူးသော ဒဏ္ဍာရီလာ ဒုတိယ သခင်မလေး လွမ် ကို ရှာဖွေရန် ဖြစ်ပြီး အခြားတစ်ခုမှာ ကျူးပါကျဲ ကို ရှာတွေ့နိုင်မလား ဆိုသည်ကို သိရှိရန် ဖြစ်ပေသည်။

"ဆရာတော်… ဒီမှာ အသိအကျွမ်းတွေ ရှိလို့လား..."

ကောင်းမိသားစုရွာ မှ ထွက်ခွာလာသော ကျန်းလျို၏ နောက်မှလိုက်ပါလာရင်း စွန်းဝူခုန်းက သိချင်စိတ်ဖြင့် မေးလိုက်သည်။

ဆရာတော်က ကောင်းမိသားစုရွာသို့ ရောက်ရောက်ချင်းမှာပင် မည်သူ့ကို နာမည်နဲ့တကွ ရှာရမလဲဆိုတာကို သိနေသည်လား။

"ဘာမှ မဟုတ်ပါဘူး ဝူခုန်းရယ်... ဖူလင်တောင်က ယွမ်ကျန်းဂူ ဘယ်နားမှာလဲဆိုတာ သွားစုံစမ်းကြည့်လိုက်ပါဦး..."

ထိုကိစ္စနှင့် ပတ်သက်၍ ထပ်မံ ရှင်းပြခြင်း မပြုတော့ဘဲ ကျန်းလျိုသည် စကားလမ်းကြောင်း လွှဲလိုက်ပြီး ဒုတိယ သခင်မလေး လွမ် ၏ တည်နေရာကို ရှာဖွေရန် စွန်းဝူခုန်းကို စေလွှတ်လိုက်လေတော့သည်။ လမ်းမေးရန် လူရှာရမည်ဟူသည်မှာ ရိုးရှင်းလွယ်ကူလှသော ကိစ္စရပ်တစ်ခု မဟုတ်ပါလော။

ကျန်းလျို စေခိုင်းလိုက်သော တာဝန်ကို ကြားသည်နှင့် စွန်းဝူခုန်းသည် မြေကြီးကို ခပ်ဖွဖွတစ်ချက် ဆောင့်လိုက်ပြီးနောက် အော်ခေါ်လိုက်လေသည်။

"မြေစောင့်နတ်..."

စွန်းဝူခုန်း၏ လုပ်ရပ်နှင့်အတူ မြေကြီးသည် အက်ကွဲသွားခဲ့၏။ များမကြာမီမှာပင် ကောင်းမိသားစုရွာ နယ်မြေမှ မြေစောင့်နတ်သည် မြေကြီးထဲမှ ထွက်ပေါ်လာကာ ကျန်းလျိုနှင့် စွန်းဝူခုန်းတို့အား အလှည့်ကျ အရိုအသေပေးလိုက်လေသည်။

"ဒီနယ်မြေက မြေစောင့်နတ်က ဆရာတော်နဲ့ မဟာပညာရှိကြီးတို့ကို ဂါရဝပြုပါတယ်ဗျာ..."

"မြေစောင့်နတ်… ငါ မင်းကို တစ်ခုလောက် မေးမယ်… ဒီနားတစ်ဝိုက်မှာ ဖူလင်တောင်ရဲ့ ယွမ်ကျန်းဂူ ဆိုတာ ရှိသလား..."

စွန်းဝူခုန်းသည် ပလီပလာများ ပြောမနေတော့ဘဲ တိုက်ရိုက်ပင် မေးမြန်းလိုက်လေ၏။

"ရှိပါတယ်… ရှိပါတယ်... ဒီကနေ လီ လေးငါးဆယ်လောက် အကွာမှာ ဖူလင်တောင် ဆိုတာ ရှိပါတယ်… အဲဒီတောင်ထဲမှာ ယွမ်ကျန်းဂူ ရှိပြီးတော့ ဒုတိယ သခင်မလေး လွမ် လို့ခေါ်တဲ့ မိစ္ဆာတစ်ကောင် နေထိုင်ပါတယ်..."

ထိုမေးခွန်းကို ကြားသည်နှင့် မြေစောင့်နတ်သည် အလျင်အမြန် ခေါင်းညိတ်ပြလိုက်ပြီး အနောက်မြောက်ဘက်ဆီသို့ လက်ညှိုးထိုးကာ ပြန်ဖြေလာလေသည်။

"ဒါဆို မှန်တာပေါ့..."

မြေစောင့်နတ်၏ စကားကို ကြားသောအခါ စွန်းဝူခုန်းသည် ခေါင်းညိတ်လိုက်လေ၏။

ယခင်က ဝက်ဝံနက် မိစ္ဆာ သည် ဒုတိယ သခင်မလေး လွမ်အား စောင့်ရှောက်ပေးရန် ကျန်းလျိုကို ပြောဆိုခဲ့ဖူးပြီး စွန်းဝူခုန်းသည်လည်း ဘေးမှနေ၍ ရှင်းလင်းစွာ ကြားနာခဲ့ရလေသည်။

"ဒီလိုဆိုရင်လည်း ယွမ်ကျန်းဂူကို သွားကြတာပေါ့… မြေစောင့်နတ်ကြီးကိုလည်း ကျေးဇူးတင်ပါတယ်..."

နဂါးမြင်းဖြူပေါ်တွင် ထိုင်နေသော ကျန်းလျိုသည် မြေစောင့်နတ်အား ယဉ်ကျေးနှိမ့်ချသော အမူအရာဖြင့် အရိုအသေပေးလိုက်လေသည်။

"ဆရာတော်က သိပ်ကို သဘောထားကြီးလွန်းပါတယ်… ဒီတော့လည်း ကျုပ်က ဆရာတော်နဲ့ မဟာပညာရှိကြီးတို့ကို ထပ်ပြီး မနှောင့်ယှက်တော့ပါဘူး… တစ်ခုခု အမိန့်ပေးစရာရှိရင် အချိန်မရွေးသာ ခေါ်လိုက်ပါဗျာ..."

ကျန်းလျိုက သူ့အား အရိုအသေပေးနေသည်ကို မြင်သောအခါ မြေစောင့်နတ်သည် အံ့သြသွားသော်လည်း ဂုဏ်ယူဝင့်ကြွားစွာဖြင့် ပြောဆိုလိုက်ပြီးနောက် အသံဆုံးသည်နှင့် မြေကြီးထဲသို့ ပြန်လည် ပျောက်ကွယ်သွားလေတော့သည်။

မြေစောင့်နတ်ထံမှ လမ်းညွှန်ချက်ရရှိပြီးနောက် ကျန်းလျိုနှင့် စွန်းဝူခုန်းတို့သည် ယွမ်ကျန်းဂူဆီသို့ ဦးတည်ထွက်ခွာလာခဲ့ကြလေသည်။

လီ လေးငါးဆယ်ဆိုသော အကွာအဝေးမှာ မဝေးလှပေ။ ထို့ပြင် သူတို့သည်လည်း အချိန်ဆွဲနေရန် ရည်ရွယ်မထားသောကြောင့် ခဏအကြာမှာပင် ဖူလင်တောင် နယ်မြေအတွင်းသို့ ဆိုက်ရောက်လာခဲ့ကြလေ၏။

သို့သော်လည်း သူတို့ ဖူလင်တောင်အတွင်းသို့ ဝင်ရောက်လာပြီး မကြာမီမှာပင် ရုတ်တရက် အမွေးနက်များ ဖုံးလွှမ်းနေကာ နွားအိုကြီးတစ်ကောင်ကဲ့သို့ တုတ်ခိုင်သန်စွမ်းလှသော ဝက်နက်ကြီးတစ်ကောင် ထွက်ပေါ်လာပြီး ကျန်းလျိုတို့၏ လမ်းကို ပိတ်ဆို့လိုက်လေသည်။

"ဟီး ဟီး ဟီး... ငါ ကံကောင်းတာပဲ… ငါက ဗိုက်ဆာနေတာ… ဒီနေ့တော့ အသားစိမ်းတွေက ငါ့တံခါးဝကို အရောက် လာပို့နေသလိုပဲ..."

ဝက်နက်ကြီးသည် လူစကားကို ပြောဆိုကာ ကျန်းလျိုအား စိုက်ကြည့်နေလေသည်။ ထိုသို့ပြောနေစဉ်မှာပင် ၎င်း၏ ပါးစပ်ထောင့်များမှ သွားရည်များ စီးကျလာလေ၏။

သို့ရာတွင် ဤတောဝက်ကြီးသည် ကျန်းလျို၏ ဘေးနားရှိ ပိန်ပိန်ပါးပါး မျောက်ငယ်လေးကို မြင်လိုက်ရသောအခါ ၎င်း၏ မျက်လုံးများမှာ သရဲတစ္ဆေကို မြင်လိုက်ရသကဲ့သို့ ပြူးကျယ်သွားကာ ခြေလှမ်းများလည်း နောက်သို့ အလိုအလျောက် ဆုတ်သွားလေတော့သည်။

"ဒါ... ဒါက ကျူးပါကျဲ မဟုတ်ဘူးလား..."

မိမိ၏ လမ်းကို ပိတ်ဆို့ရန် ခုန်ထွက်လာသော တောဝက်ကြီးကို ကြည့်ကာ ကျန်းလျိုက စိတ်ထဲမှ တွေးလိုက်လေသည်။

သာမန် ဝက်မိစ္ဆာတစ်ကောင်ဆိုလျှင် တစ်မျိုးဖြစ်မည်ဖြစ်သော်လည်း ယခု ဝက်မိစ္ဆာသည် စွန်းဝူခုန်းကို တစ်ချက်ကြည့်ရုံဖြင့် မှတ်မိနေခြင်းက ရိုးရှင်းသော ကိစ္စတစ်ခုတော့ မဟုတ်ပေ။

"နေပါဦး… ဒီဝက်မိစ္ဆာရဲ့ ရည်ရွယ်ချက်ကို နားထောင်ကြည့်ရတာ သူက ပုံမှန်ဆို လူတွေကို စားနေကျလား..."

မိမိရှေ့ရှိ ဝက်မိစ္ဆာ၏ မည်သူမည်ဝါဖြစ်ကြောင်းကို သဘောပေါက်သွားပြီး ၎င်းပြောခဲ့သော စကားများကို ပြန်လည် စဉ်းစားမိသောအခါ ကျန်းလျို၏ စိတ်ထဲတွင် ထိတ်လန့်သွားလေသည်။

ကျူးပါကျဲသည် ကျမ်းစာပင့်ဆောင်သူ ခရီးစဉ်ကို မစတင်မီက ဤမျှ ရက်စက်ကြမ်းကြုတ်ခဲ့သလော။ သူသည် ထျန်းဖုန် စစ်သူကြီး ဝင်စားခြင်း မဟုတ်ပါလော။

***

All Chapters