← Chapters

အခန်း ၁၆၀

Vol. 12 Ch. 160

အခန်း ၁၆၀

Vol. 12 Ch. 160

အပိုင်း(၁၆၀)

"ကျူးပါကျဲလို စွန်းဝူခုန်း ကို အရှုံးမပေးဘဲ တိုက်ခိုက်နိုင်တဲ့သူဆီကနေ အတွေ့အကြုံမှတ် တွေ အများကြီး ရနိုင်မှာ သေချာတယ်... ပြီးတော့ သူသာ စွန်းဝူခုန်း ကို ကူညီပြီး အနိုင်ယူလိုက်မယ်ဆိုရင်ရော ဘယ်လို ပစ္စည်းကောင်းတွေ ကျလာနိုင်မလဲ..."

စွန်းဝူခုန်း နှင့် ကျူးပါကျဲ တို့၏ တိုက်ပွဲကို စောင့်ကြည့်ရင်း ကျန်းလျို ၏ စိတ်ထဲတွင် အတွေးများ ပြေးလွှားနေကာ သူ၏ မျက်လုံးများမှာလည်း တောက်ပနေလေသည်။

စိန်ခေါ်ရာတွင် အဆင့်ကွာဟမှု ကြီးမားလေလေ ပစ္စည်းကောင်းများ ကျလာနိုင်ခြေ ပိုများလေလေ ပင်ဖြစ်သည်။

ကျူးပါကျဲ ၏ အဆင့်မှာ သိသာထင်ရှားစွာပင် အလွန်အမင်း မြင့်မားနေလေသည်။ အတွေ့အကြုံမှတ် များအပြင် အခြားမည်သည့်အရာများ ကျလာနိုင်မည်နည်း။

ထိုသို့ တွေးမိသည်နှင့် ကျန်းလျို သည် သူ၏လက်ကို မြှောက်ကာ စွန်းဝူခုန်း ထံသို့ လက်ညှိုးထိုးလိုက်ပြီး မိစ္ဆာနှိမ်နင်းရေး ဂါထာ ၏ အထောက်အပံ့စွမ်းရည် ကို သူ့ထံသို့ ပစ်သွင်းလိုက်လေသည်။

မိစ္ဆာနှိမ်နင်းရေး ဂါထာ (အဆင့်မြင့်) - မဟာမိတ်၏ တိုက်ခိုက်ရေးစွမ်းအား ကို ၅၀၀ တိုးမြှင့်ပေးသည်။ ကြာချိန် ၃၀၀ စက္ကန့်၊ ပြန်လည်အသုံးပြုရန် စောင့်ဆိုင်းချိန် ၆၀ စက္ကန့်။

တိုက်ခိုက်ရေးစွမ်းအား ၅၀၀ တိုးလာခြင်းသည် စွန်းဝူခုန်း အတွက် ပင်လယ်ထဲမှ ရေတစ်စက်မျှသာ ဖြစ်သော်လည်း ကျန်းလျို အတွက်မူ ၎င်း၏ အကျိုးပြုမှတ်များ ကို တိုးမြှင့်ရန် နည်းလမ်းတစ်ခုပင် ဖြစ်လေသည်။

စွန်းဝူခုန်း၏ တိုက်ခိုက်ရေးစွမ်းအား မည်မျှမြင့်မားသည်ကို ကျန်းလျို မသိသော်လည်း ဝိဒျာရာဇာ သရဖူ မှတစ်ဆင့် အနည်းငယ် ခန့်မှန်းကြည့်နိုင်လေသည်။

ဝိဒျာရာဇာ သရဖူ သည် ဒဏ္ဍာရီလာ အရည်အသွေး ရှိသော်လည်း ၎င်းမှာ သာမန်လူသားခန္ဓာကိုယ်သာရှိသော လုံဟိုင်ဆရာတော် ပေးအပ်ထားခြင်း ဖြစ်လေသည်။ သို့တိုင်အောင် ဝိဒျာရာဇာ သရဖူ သည် ကာကွယ်မှုစွမ်းအားကို အမြင့်ဆုံး အမှတ် တစ်သိန်းအထိ တိုးမြှင့်ပေးနိုင်စွမ်း ရှိပေသည်။

ထိုအချက်ကို ထောက်ရှုလျှင် စွန်းဝူခုန်း၏ ကာကွယ်မှုနှင့် တိုက်ခိုက်ရေး စွမ်းရည်များသည် အမှတ်တစ်သိန်းဆိုသော ပမာဏထက် များစွာ ကျော်လွန်နေမည်မှာ သေချာလှပေသည်။

စွန်းဝူခုန်းသည် သူ့ အပေါ်သို့ မိစ္ဆာနှိမ်နင်းရေး ဂါထာ ၏ အထောက်အပံ့စွမ်းရည် သက်ရောက်သွားသော်လည်း သူသည် များစွာ ခံစားမိခြင်း မရှိခဲ့ပေ။ ယင်းက တိုက်ခိုက်ရေးစွမ်းအား ၅၀၀ တိုးလာခြင်းသည် သူ့အတွက် ပင်လယ်ထဲမှ ရေတစ်စက်မျှသာ ဖြစ်ကြောင်း ပြသနေလေသည်။

အမှန်တကယ်ပင် ရဟန်း အသက်မွေးဝမ်းကျောင်း၏ အခြေခံ အထောက်အပံ့စွမ်းရည်များမှာ အလွန် အားနည်းလှပေသည်။ ကရုဏာရှင် ဗောဓိသတ် ၏ အထောက်အပံ့ စွမ်းရည်များကသာလျှင် အမှန်တကယ် စွမ်းအားကြီးမားပုံ ရလေသည်။

စိတ်ထဲတွင် တွေးတောနေသော်လည်း ကျန်းလျို၏ လှုပ်ရှားမှုများမှာ မြန်ဆန်နေဆဲပင် ဖြစ်၏။ သူသည် စွန်းဝူခုန်းနှင့် ကျူးပါကျဲ တို့၏ တိုက်ပွဲကို စောင့်ကြည့်နေခဲ့ရာ သူတို့နှစ်ဦး ပြင်းထန်စွာ တိုက်ခိုက်နေကြသည်နှင့်အမျှ ၎င်းတို့၏ သွေးတန်း များမှာလည်း အနည်းငယ်စီ လျော့ကျလာသည်ကို တွေ့ရလေသည်။

ကျန်းလျိုသည် အချိန်ကျပြီဟု ယူဆကာ သူ၏လက်ကို မြှောက်၍ ကွမ်ယင် ဂါထာ ကို အသုံးပြုလိုက်လေသည်။

အဆင့်မြင့် ကွမ်ယင် ဂါထာ သည် အမြင့်ဆုံး အသက်စွမ်းအင်၏ ၂၀ ရာခိုင်နှုန်းကို ချက်ချင်း ပြန်လည်ပြည့်ဝစေနိုင်ပြီး တစ်ချက် အသုံးပြုလိုက်သည်နှင့် စွန်းဝူခုန်း၏ သွေးတန်း မှာ ချက်ချင်းပင် ပြန်လည် ပြည့်ဝသွားလေတော့သည်။

ထိုအရာက စွန်းဝူခုန်းအား အံ့အားသင့်သွားစေပြီး ကျန်းလျိုဘက်သို့ လှည့်ကြည့်လာစေလေသည်။

မိစ္ဆာနှိမ်နင်းရေး ဂါထာ မှ သူ ဘာမျှ မခံစားခဲ့ရသော်လည်း ကွမ်ယင် ဂါထာ ၏ အကျိုးသက်ရောက်မှုကိုတော့ သူ သေချာပေါက် ခံစားလိုက်ရလေသည်။ ကိုယ်ကာယကြံ့ခိုင်ခြင်းအဆင့် သာ ရှိသေးသော သူတစ်ယောက်က မည်ကဲ့သို့ ဤမျှလောက် ထူးကဲသော စွမ်းရည်မျိုး ပိုင်ဆိုင်ထားရသနည်း။

"ဟေ့ကောင် မြင်းထိန်း... မင်းက နည်းနည်းလေးများ ဘဝင်မြင့်မနေဘူးလား..."

တိုက်ခိုက်ရန် အမှန်တကယ် စိတ်အားထက်သန်နေသော ကျူးပါကျဲ သည် ပြင်းထန်လှသော တိုက်ပွဲအတွင်း စွန်းဝူခုန်းက အခြားတစ်ဖက်သို့ အာရုံလွှဲသွားသည်ကို မြင်သောအခါ အံ့ဩဒေါသထွက်သွားလေသည်။

သူ လက်တစ်ဖက်ကို မြှောက်လိုက်သည်နှင့် မရေမတွက်နိုင်သော ရေအလျဉ်များသည် လဟာပြင်မှ ရုတ်တရက် ထွက်ပေါ်လာကာ စွန်းဝူခုန်းအား ပိုးချည်မျှင်များကဲ့သို့ ချက်ချင်း ရစ်ပတ်သွားပြီး တင်းကျပ်စွာ တုပ်နှောင်လိုက်လေသည်။

ယခင်က ရေတပ်မတော်သား ရှစ်သောင်းကို ကွပ်ကဲခဲ့သော ထျန်းဖုန် စစ်သူကြီး ဝင်စားသည့် ကျူးပါကျဲ သည် အနီးကပ် တိုက်ခိုက်ရေးစွမ်းရည်များအပြင် ရေစွမ်းအင်ဆိုင်ရာ နတ်ကျင့်စဉ် အမျိုးမျိုးကိုလည်း လွယ်ကူစွာ အသုံးပြုနိုင်စွမ်း ရှိပေသည်။

တုပ်နှောင်ခံလိုက်ရသောအခါ စွန်းဝူခုန်းသည် အပြင်းအထန် ရုန်းကန်သော်လည်း ခဏတာ အာရုံလွင့်သွားပြီး နတ်ကျင့်စဉ်၏ ဖမ်းဆီးခြင်းကို ခံလိုက်ရသဖြင့် အချိန်တိုအတွင်း ရုန်းထွက်ရန်မှာ မဖြစ်နိုင်တော့ပေ။

ယင်းကိုမြင်သော် ကျူးပါကျဲ သည် ပြုံးဖြဲဖြဲလုပ်ကာ ၎င်း၏ သွားကိုးချောင်းပါ ခက်ရင်းခွ ကို မြှောက်၍ မျောက် ထံသို့ ပြင်းထန်စွာ ရိုက်ချလိုက်လေသည်။

"ကြည့်ရတာ ငါနဲ့ မျောက်တို့က တိုက်ပွဲမှာ ပူးပေါင်းဆောင်ရွက်မှု သိပ်မရှိသေးဘူး ထင်တယ်... ကွမ်ယင် ဂါထာ က သူ့ သွေးတန်း ကို ပြန်ဖြည့်ပေးလိုက်ပေမယ့် သူ့ကို အာရုံလွင့်သွားစေခဲ့တယ်..."

ထိုအဖြစ်ကို မြင်သောအခါ ကျန်းလျိုသည် သူ၏ မကြာသေးမီက ကွမ်ယင် ဂါထာ အသုံးပြုမှုမှာ အကျိုးထက် အပြစ်က ပိုများသွားပြီဖြစ်ကြောင်း သဘောပေါက်လိုက်ပြီး တိတ်ဆိတ်စွာ ခေါင်းယမ်းလိုက်လေသည်။

ကျန်းလျိုသည် ယခုအထိ တည်ငြိမ်နေဆဲဖြစ်ပြီး လက်ကို ထပ်မံမြှောက်ကာ ကရုဏာရှင် ဗောဓိသတ် ထံမှ အသစ်သင်ယူထားသော စွမ်းရည်ကို အသုံးပြုလိုက်လေသည်။

ကျိန်စာဖြေဖျောက်ခြင်း (အခြေခံအဆင့်) - ပစ်မှတ်၏ နှုတ်ပိတ်ခြင်း၊ မလှုပ်ရှားနိုင်ခြင်း၊ အသွင်ပြောင်းခြင်း၊ မူးဝေခြင်းနှင့် အခြားသော ထိန်းချုပ်မှု သက်ရောက်မှုများကို ဖယ်ရှားပေးသည်။ ပြန်လည်အသုံးပြုရန် စောင့်ဆိုင်းချိန် ၆၀၀ စက္ကန့်။

ကျိန်စာဖြေဖျောက်ခြင်း သည် အသက်မွေးဝမ်းကျောင်း အဆင့်ကူးပြောင်းရေး တာဝန်၏ နောက်ဆုံးအပိုင်းဖြစ်သော မိစ္ဆာစစ်ဗိုလ် တစ်ကောင်နှင့် တစ်ကိုယ်တော် တိုက်ခိုက်ခဲ့စဉ်က ကျလာခဲ့သော ကျွမ်းကျင်မှုစာအုပ် ဖြစ်လေသည်။ ထင်ရှားသော တိုက်ခိုက်ရေးစွမ်းအား မရှိသော်လည်း ကရုဏာရှင် ဗောဓိသတ် ၏ ပထမဆုံး စွမ်းရည်အနေဖြင့် ဤအဆင့် ၂၀ ကျွမ်းကျင်မှုစာအုပ်မှာ ထိန်းချုပ်မှုအမျိုးအစား စွမ်းရည်အားလုံးနီးပါးကို ဖယ်ရှားပေးနိုင်စွမ်းရှိသည့် အလွန် အစွမ်းထက်သော အကျိုးသက်ရောက်မှု ရှိပေသည်။

ထင်သည့်အတိုင်းပင် ကျိန်စာဖြေဖျောက်ခြင်း ကို အသုံးပြုလိုက်သည်နှင့် စွန်းဝူခုန်းအပေါ်ရှိ ရေစွမ်းအင်ဆိုင်ရာ တုပ်နှောင်မှုများမှာ ချက်ချင်း ပြိုကျပျက်စီးသွားလေတော့သည်။

လွတ်မြောက်သွားသည်နှင့် စွန်းဝူခုန်းသည် ၎င်း၏ ရွှေတုတ်တံ ကို မြှောက်ကာ ကျူးပါကျဲ ၏ ခက်ရင်းခွကို ကာကွယ်လိုက်လေသည်။

ဂါး...

ကျူးပါကျဲ၏ တိုက်ခိုက်မှုကို ကာကွယ်ပြီးနောက် စွန်းဝူခုန်းသည် ရုတ်တရက် ကြမ်းတမ်းသော ဟိန်းဟောက်သံကြီးကို ပြုလုပ်လိုက်ပြီး ၎င်း၏ တိုက်ခိုက်လိုစိတ်များမှာလည်း ပေါက်ကွဲထွက်လာလေသည်။

အလွန်အင်မတန် စိတ်လှုပ်ရှားဖွယ်ကောင်းအောင် ပြုလုပ်ပေးနိုင်သည့် ကြောက်မက်ဖွယ်ကောင်းသော ပြိုင်ဘက်ကို ရှာတွေ့ခဲ့သော်လည်း ကျန်းလျိုနှင့် နဂါးမြင်းဖြူ တို့ရှေ့တွင် အရေးနိမ့်နေရခြင်းက စွန်းဝူခုန်းအတွက် အလွန် အရှက်ရစရာ ဖြစ်နေလေသည်။

တိုက်ခိုက်လိုစိတ်များ ပေါက်ကွဲထွက်လာကာ ဆက်လက် စိတ်ရှည်နိုင်စွမ်း မရှိတော့ပဲ စွန်းဝူခုန်း၏ ခန္ဓာကိုယ်သည် လေနှင့်အတူ ကြီးမားလာကာ ချက်ချင်းပင် အမြင့် ကျန်း တစ်ရာအထိ ကြီးထွားသွားလေသည်။ ကောင်းကင်နှင့် မြေကြီး မဟာမှော်စွမ်းအင်ကို အသုံးချလိုက်ခြင်းပင်။

ဘုန်း...

ရုတ်တရက် ကောင်းကင်ကို ထောက်ခံထားသော တိုင်ကြီးတစ်တိုင်ကဲ့သို့ စွန်းဝူခုန်း၏ ရွှေတုတ်တံ သည် ကျူးပါကျဲ ထံသို့ ပြင်းထန်စွာ ရိုက်ချလာလေသည်။

ကြီးမားလှသော တုတ်တံကြီးကြောင့် ကျူးပါကျဲ အတွက် ရှောင်တိမ်းစရာ နေရာပင် မရှိတော့ပေ။

"ဟွန့်... မင်းတစ်ယောက်တည်းပဲ ဒီလို မဟာမှော်စွမ်းအင်မျိုး ရှိတယ်လို့ ထင်နေတာလား..."

သို့သော်လည်း စွန်းဝူခုန်း၏ ကောင်းကင်နှင့်မြေကြီး မဟာမှော်စွမ်းအင် ကို မြင်သောအခါ ကျူးပါကျဲ က မဲ့ပြုံးပြုံးကာ လှောင်ပြောင်လိုက်လေသည်။

ထိုသို့ ပြောဆိုနေစဉ်မှာပင် ၎င်း၏ ခန္ဓာကိုယ်မှာလည်း အရွယ်အစား ကြီးမားလာလေသည်။

ဝစီပိတ်တရား...

ပလုံ...

ထိုအချိန်မှာပင် ရုတ်တရက် ကျူးပါကျဲ သည် သူ၏ အတွင်းအား စွမ်းအားများမှာ သေနေသော ရေအိုင်တစ်အိုင်ကဲ့သို့ တစ်ခဏအတွင်း ပြိုကွဲသွားပြီး အသုံးပြုရန် ခက်ခဲသွားသည်ကို ခံစားလိုက်ရလေသည်။ ထို့ကြောင့် သူ အသုံးပြုနေသော ကောင်းကင်နှင့်မြေကြီး မဟာမှော်စွမ်းအင် မှာလည်း ရပ်တန့်သွားပြီး သူ၏ ခန္ဓာကိုယ်မှာ မူလအရွယ်အစားသို့ ပြန်လည် ရောက်ရှိသွားလေတော့သည်။

ဝစီပိတ်တရား ကို အသုံးပြုပြီးနောက် ထိုနေရာတွင် ရပ်တန့်လိုက်လျှင် လုံလောက်ပြီဖြစ်သော်လည်း မိမိ၏ အကျိုးပြုမှတ်များ ကို မြှင့်တင်ရန်အတွက် ကျန်းလျို သည် သူ၏လက်ကို ထပ်မံမြှောက်လိုက်ပြန်လေသည်။

သိုးအသွင်ပြောင်း နည်းစနစ်...

သူ၏ ကိုယ်ပိုင်ခွန်အားများကိုသာ အသုံးပြုနိုင်မည်ဆိုပါက ပြောင်းလဲခြင်း သုံးဆယ့်ခြောက်ပါးကို ပိုင်ဆိုင်ထားသော ကျူးပါကျဲ သည် ဤ သိုးအသွင်ပြောင်း နည်းစနစ် ၏ ထိန်းချုပ်မှုကို လုံးဝခံရမည် မဟုတ်ပေ။ သို့သော်လည်း ဝစီပိတ်တရား ကြောင့် နှုတ်ပိတ်ခံထားရပြီး မည်သည့်စွမ်းအားကိုမှ မထုတ်သုံးနိုင်တော့ရာ ကျူးပါကျဲ သည် သိုးအသွင်ပြောင်း နည်းစနစ် ၏ အကျိုးသက်ရောက်မှုကို မည်သို့လျှင် ခုခံနိုင်ပါမည်နည်း။

"ဘဲ့..."

ဟူသော အသံလေးနှင့်အတူ သူသည် အန္တရာယ်မရှိပုံပေါ်သော သိုးငယ်လေးတစ်ကောင် အဖြစ်သို့ ပြောင်းလဲသွားလေတော့သည်။

၎င်း၏ မျက်လုံးများမှာ အပြစ်ကင်းစင်ပြီး တွေဝေနေကာ မျက်နှာတစ်ခုလုံးမှာလည်း ရှုပ်ထွေးဝေခွဲမရဖြစ်နေသည့် ပုံ ပေါ်နေလေတော့သည်။

ဘုန်း...

ကျယ်လောင်လှသော အသံကြီးနှင့်အတူ ကြီးမားလှသော ရွှေတုတ်တံ ကြီးသည် ကောင်းကင်နှင့် မြေကြီးကိုပင် တုန်လှုပ်သွားစေမတတ် ပြင်းထန်စွာ ရိုက်ချလိုက်ရာ ဖူလင်တောင် တစ်ခုလုံးပင် ပြိုကျတော့မည့်အလား ဖြစ်သွားလေသည်။

ကံကောင်းထောက်မစွာဖြင့် နဂါးမြင်းဖြူ သည် ဖူလင်တောင် ကြီး ပြိုကျတော့မယောင် ခံစားရချိန်တွင်ပင် တည်ငြိမ်နေခဲ့ရာ မြင်းပေါ်တွင် ထိုင်နေသော ကျန်းလျို မှာ အံ့ဩစရာကောင်းလောက်အောင် တည်ငြိမ်မှုကို ခံစားနေရလေသည်။

ရွှေတုတ်တံ ကို ရုပ်သိမ်းလိုက်ပြီးနောက် စွန်းဝူခုန်း သည် ကောင်းကင်နှင့်မြေကြီး မဟာမှော်စွမ်းအင် ကို ရပ်တန့်လိုက်ပြီး ကျန်းလျို ၏ ဘေးသို့ ခုန်ဆင်းလာကာ စိုးရိမ်တကြီး အသံပြဲဖြင့် ပြောလာလေသည်။

"ဆရာတော်... ဒါက ကျွန်တော်မျိုး စွန်းဝူခုန်း နဲ့ ဒီ ဝက်မိစ္ဆာ တို့ကြားက တိုက်ပွဲပါဗျာ... ဆရာတော်က ဒီလိုမျိုး ဝင်မစွက်ဖက်သင့်ဘူးလေ... ဒီလိုဆိုတော့လည်း ကျွန်တော်မျိုး စွန်းဝူခုန်း နိုင်ရတာ ဂုဏ်မတက်တော့ဘူးပေါ့..."

ဤတိုက်ပွဲတွင် ဝင်ရောက်စွက်ဖက်နိုင်စွမ်း ကျန်းလျို တွင် မရှိခဲ့လျှင် တစ်မျိုးဖြစ်မည်ဖြစ်သော်လည်း သူ၏ ဝစီပိတ်တရား၊ သိုးအသွင်ပြောင်း နည်းစနစ် နှင့် ကွမ်ယင် ဂါထာ တို့သည် အရေးပါသော အချိန်များတွင် အဓိကအခန်းကဏ္ဍမှ ပါဝင်ခဲ့ခြင်းကြောင့် စွန်းဝူခုန်း အား အကြီးအကျယ် စိတ်အနှောင့်အယှက် ဖြစ်စေခဲ့လေသည်။

ဤအဖြစ်အပျက်က စွန်းဝူခုန်း အား အာလန်နတ်မင်း နှင့် တိုက်ခိုက်ခဲ့စဉ်က အချိန်ကို ပြန်လည်သတိရစေခဲ့သည်။ ထိုစဉ်ကသာ တိုက်ရှန်းလောင်ကျွင်း၏ လျှို့ဝှက်အကူအညီ မပါခဲ့ပါက သူသည် မည်သို့မျှ ရှုံးနိမ့်ခဲ့မည် မဟုတ်ပေ။

"မျောက်လေး... ငါသာ မကူညီခဲ့ရင် မင်း ဒီ ဝက်မိစ္ဆာ ကို ဒီလောက် လွယ်လွယ်ကူကူ အနိုင်ယူနိုင်ပါ့မလား... မင်းက အားနည်းတဲ့သူကို အနိုင်ကျင့်ပြီး အားကြီးတဲ့သူကို ကြောက်တယ်လို့ ငါ အရင်က ပြောခဲ့ဖူးတယ်... ဒါပေမဲ့ ငါ မင်းကို အထင်သေးခဲ့မိတယ်လို့ ပြောရမယ်... အခုကြည့်ရတာ မင်းက အားနည်းတဲ့သူကိုတောင် အနိုင်မကျင့်နိုင်တော့ဘူး ထင်တယ်..."

ကျန်းလျို သည် စွန်းဝူခုန်းကို လှောင်ပြောင်သရော်သည့် အပြုံးဖြင့် ပြောလိုက်လေတော့သည်။

***

All Chapters