အခန်း ၁၆၁
Vol. 12 Ch. 161
အပိုင်း(၁၆၁)
ကျန်းလျို ၏ စကားကြောင့် မျောက်မှာ ဒေါသထွက်လွန်း၍ အမွေးများပင် ထောင်ထသွားကာ သွားများပေါ်အောင် ဖြဲပြီး ဒေါသတကြီး အော်ဟစ်လိုက်လေသည်
"ဆရာတော်... ဆရာတော်... ကျွန်တော်မျိုး စွန်းဝူခုန်း က ဒီ ဝက်မိစ္ဆာ ကို မနိုင်ဘူးလို့ ပြောချင်တာလား... ဆရာတော် သတ္တိရှိရင် အခု သူ့ကို နှိုးလိုက်စမ်းပါ... ကျွန်တော်မျိုး စွန်းဝူခုန်း က သူ့ကို အချီသုံးရာ... အာ မဟုတ်ဘူး... သုံးချီတည်းနဲ့ အလဲထိုးပြမယ်..."
"ကောင်းပါပြီကွာ... ကောင်းပါပြီ... မင်းက စွမ်းပါတယ်ကွ... ဟုတ်ပြီလား..."
ကျန်းလျို သည် ရိုးအသော ကလေးငယ်တစ်ဦးအား ကြည့်သည့် ကြင်နာယုယသော အကြည့်ဖြင့် ပြန်လည်တုံ့ပြန်လိုက်ပြီး နဂါးမြင်းဖြူ ပေါ်မှ ဆင်းကာ မျောက် ၏ ခေါင်းကို ဖွဖွလေးပုတ်ရင်း ညင်သာစွာ ပြောလိုက်လေသည်။
"ဆရာတော်က ကျွန်တော်မျိုး စွန်းဝူခုန်းကို မယုံဘူးလား..."
ကျန်းလျို ၏ အမူအရာနောက်ကွယ်ရှိ အဓိပ္ပာယ်မှာ ရှင်းလင်းနေပြီး စွန်းဝူခုန်း သည်လည်း ယင်းကို သတိမထားမိဘဲ မနေခဲ့ပေ။
ဒေါသထွက်နေသော စွန်းဝူခုန်း သည် နဂါးမြင်းဖြူ ဘက်သို့ လှည့်ကာ မေးခွန်းထုတ်လိုက်လေသည်
"ရှောင်ပိုင်... ပြောစမ်း... ငါ စွန်းဝူခုန်း က ဒီ ဝက်မိစ္ဆာ ကို အနိုင်မယူနိုင်ဘူးလား..."
"အာ... အဲဒါကတော့..."
ကြားဝင်ပြောဆိုရန် ရည်ရွယ်ချက် မရှိသော နဂါးမြင်းဖြူ မှာ စွန်းဝူခုန်း ၏ ရုတ်တရက် အမြင်တောင်းခံမှုကြောင့် အပြောခက်ကာ ဆွံ့အသွားလေသည်။
ငြင်းခုံကြသည့်အခါတိုင်း များသောအားဖြင့် သူတို့ဘာသာသူတို့ ငြင်းနေကြတာ မဟုတ်ဘူးလော။ အဘယ်ကြောင့် သည်နေ့မှ သူ့အမြင်ကို လာတောင်းခံနေရသနည်း။
စွန်းဝူခုန်း နှင့် ကျန်းလျို တို့၏ အကြည့်များက မိမိထံတွင် စူးစိုက်နေကြောင်း သတိပြုမိသောအခါ နဂါးမြင်းဖြူ သည် တစ်ခုခုတော့ ပြောရမည်မှန်း သိလိုက်လေသည်။ ခေတ္တမျှ တုံ့ဆိုင်းနေပြီးနောက် သူက ပြောလိုက်သည်။
"အစ်ကိုကြီး... ဆရာတော် ပြောတာ မှန်ပါတယ်..."
ထိုစကားကြောင့် စွန်းဝူခုန်း တစ်ကောင် ဆွံ့အ သွားလေတော့သည်။ ရှောင်ပိုင်က ပုံမှန်ဆိုလျှင် စကားပြောချိုသာပြီး သူနှင့် အမြဲတမ်း အတွေးတူနေတတ်သည် မဟုတ်ပါလား...။
နဂါးမြင်းဖြူ သည် အနောက်ပင်လယ် နဂါးနန်းတော် ၏ တတိယမြောက် နန်းမွေခံမင်းသား ဖြစ်ပြီး လောကရေးရာများကို ရင်းနှီးကျွမ်းဝင်သူဖြစ်သည်။ ကျန်းလျိုသည် ကျမ်းစာပင့်ဆောင်သူ အဖွဲ့ ၏ ခေါင်းဆောင်ဖြစ်ကြောင်းနှင့် ကျန်းလျို ၏ ဆန္ဒကို မည်သို့မျှ ဆန့်ကျင်၍ မရနိုင်ကြောင်းကို နားလည်ထားလေသည်။
သို့သော်လည်း နဂါးမြင်းဖြူသည် မည်သူ့ကိုမျှ စိတ်ဆိုးအောင် လုပ်လို့ မရနိုင်ကြောင်းကိုလည်း သိထားရာ စကားကို အမြန်ပြောင်းကာ ဆက်ပြောလိုက်လေသည်
"ဆရာတော် ပြောတာ မှန်ပါတယ်... ဆရာတော်သာ ဝင်မစွက်ဖက်ခဲ့ရင် အစ်ကိုကြီး က ဝက်မိစ္ဆာ ကို ဒီလောက် လွယ်လွယ်ကူကူ အနိုင်ယူနိုင်ခဲ့မှာ မဟုတ်ပါဘူး... အဲဒါက အစ်ကိုကြီးမှာ ခွန်အားမရှိလို့ မဟုတ်ပါဘူး... ဝက်မိစ္ဆာ ရဲ့ စွမ်းရည်က သိပ်ကို အားကောင်းလွန်းနေပြီးတော့ သာမန် မိစ္ဆာ တွေနဲ့ လုံးဝ မတူညီလို့ပါပဲ..."
သူသည် စွန်းဝူခုန်း အား စိတ်မဆိုးစေလိုသော်လည်း ဤစကားများသည် သာမန် မြှောက်ပင့်ပြောဆိုခြင်းမျိုး မဟုတ်ဘဲ အမှန်တရားပင် ဖြစ်ကြောင်းကိုကား ပြောရပေမည်။
နဂါးမြင်းဖြူ ၏ စကားကို ကြားသောအခါ စွန်းဝူခုန်း၏ မျက်နှာမှာ အနည်းငယ် ရှင်းလင်းသွားလေသည်။ အမှန်ပင် လူ့လောကရှိ မိစ္ဆာ များထဲတွင် သူ့ကို ဤမျှအထိ တိုက်ခိုက်နိုင်စွမ်းရှိသူများအနက် မည်သူက နာမည်ကျော် မိစ္ဆာသူတော်စင် များ မဟုတ်ဘဲ နေမည်နည်း။
"ကြည့်ရတာ ရှောင်ပိုင် မင်းပြောတာ မမှားဘူးပဲ... ဒီ ဝက်မိစ္ဆာ က ငါ့ကို တစ်ချက်ကြည့်ရုံနဲ့ မှတ်မိပြီး မြင်းထိန်း လို့ ခေါ်တာကို ကြည့်ရင် သူက တကယ်ကို ထူးခြားတဲ့သူ ဖြစ်ရမယ်... နောက်မှပဲ သူ့ရဲ့ နောက်ခံသမိုင်းကြောင်းကို ငါ စုံစမ်းကြည့်ရမယ်..."
စွန်းဝူခုန်းသည် တွေးတောလိုက်ပြီး သူ၏ စိတ်မရှည်မှုများလည်း လျော့ကျသွားလေသည်။
“အမ်... ဆရာတော်...”
နဂါးဖြူလေးနှင့် စကားပြောနေစဉ်မှာပင် ကျန်းလျို ပျောက်နေသည်ကို ဝူခုန်း သတိထားမိသွားသည်။ သူ ပတ်ပတ်လည်သို့ ကြည့်လိုက်ရာ ကျန်းလျို မှာ လဲကျနေသော ဝက်မိစ္ဆာ ၏ ဘေးသို့ ရောက်ရှိနေပြီဖြစ်ပြီး မိစ္ဆာ၏ ခန္ဓာကိုယ်ပေါ်တွင် တစ်ခုခု လိုက်စမ်းသပ်နေသည်ကို တွေ့လိုက်ရသည်။
"ဆရာတော်... ဘာတွေ လုပ်နေတာလဲ..."
"မင်းက သုံးချီတည်းနဲ့ အလဲထိုးပြမယ်ဆိုပြီး သူ့ကို နှိုးခိုင်းနေတာ မဟုတ်ဘူးလား..."
ကျန်းလျိုသည် နောက်သို့လှည့်ကာ ပြန်ဖြေလိုက်လေသည်။ ထိုအဖြေကြောင့် စွန်းဝူခုန်း မှာ အနည်းငယ် အရှက်ရသွားလေသည်။
စိတ်တိုဒေါသထွက်နေသည့် အချိန်တွင် အကျိုးဆက်များကို မစဉ်းစားဘဲ သူ ပြောဆိုခဲ့မိသော်လည်း ယခုအခါ စိတ်အေးသွားပြီဖြစ်ရာ ဝက်မိစ္ဆာ ကို သုံးကွက်တည်းနှင့် အနိုင်ယူရန်မှာ မဖြစ်နိုင်ကြောင်းကို သူ ကောင်းစွာ နားလည်သွားလေပြီ။
ကံကောင်းစွာဖြင့် ကျန်းလျို တွင် စွန်းဝူခုန်း ကို ထပ်မံ အရှက်ခွဲရန် ရည်ရွယ်ချက် မရှိပေ။ သူ၏ စိတ်ကလည်း လောလောဆယ်တွင် စွန်းဝူခုန်း နှင့် စကားရည်လုရန် အာရုံမရှိနေခြင်းလည်း ဖြစ်နိုင်လေသည်။
နောက်သို့ ပြန်လျှောက်လာပြီးနောက် ကျန်းလျို သည် နဂါးမြင်းဖြူ ပေါ်သို့ ပြန်လည် တက်ထိုင်လိုက်ပြီး သူ၏ စိတ်ထဲတွင် 'ပစ္စည်း သိုလှောင်ခန်း' ကို တိတ်တဆိတ် ဖွင့်လိုက်လေသည်။
ကျူးပါကျဲ ၏ ခန္ဓာကိုယ်အား စစ်ဆေးနေသော ကျန်းလျို ၏ လှုပ်ရှားမှုမှာ ခန္ဓာကိုယ်အောက်ရှိ မည်သည့်ပစ္စည်းများကိုမဆို သူ၏ ပစ္စည်း သိုလှောင်ခန်း ထဲသို့ သိမ်းဆည်းရန်ပင် ဖြစ်သည်။
စွန်းဝူခုန်း နှင့် အဖွဲ့ဖွဲ့ရန် မဖြစ်နိုင်သော်လည်း မကြာသေးမီက တိုက်ပွဲတွင် ကျန်းလျို ၏ ပါဝင်ကူညီမှုမှာ သိသာထင်ရှားခဲ့ပြီး သူသည် အတွေ့အကြုံမှတ် ၃၀၀၀ ကို ရရှိခဲ့လေသည်။
သေချာပေါက် အရေးအကြီးဆုံးအရာမှာ ကျူးပါကျဲ ထံမှ ကျလာသော ပစ္စည်းများပင် ဖြစ်လေသည်။
ကျူးပါကျဲ ၏ ကျင့်စဉ်အဆင့်မှာ အနည်းဆုံး အစစ်အမှန် ထိုက်ရိ နတ် အဆင့် ရှိမည် မဟုတ်ပါလော။ ဤသည်မှာ ထိုအဆင့်ရှိသော ပစ်မှတ်ကို သူ ပထမဆုံးအကြိမ် အနိုင်ယူခြင်းဖြစ်ရာ မည်သို့သော ရတနာများ ကျလာမည်ကို မည်သူ သိနိုင်ပါမည်နည်း။
ယင်းတို့အထဲတွင် ဆေးရည်အချို့လည်း ပါဝင်သော်လည်း ကျန်းလျို သည် သိပ်ဂရုမစိုက်ဘဲ အကြမ်းဖျင်းသာ ကြည့်လိုက်လေသည်။
အဓိကရရှိလိုက်သော တိုက်ပွဲဝင်ပစ္စည်းများမှာ တုတ်တစ်ချောင်း၊ သေသပ်လှပစွာ ပြုလုပ်ထားသော ခါးပတ်တစ်ခုနှင့် ကျွမ်းကျင်မှုစာအုပ် နှစ်အုပ် အပါအဝင် အတော်လေးကောင်းမွန်သော ကိရိယာအချို့ပင် ဖြစ်လေသည်။
သံစုံတုတ် (ဒဏ္ဍာရီလာ အရည်အသွေး) - အဆင့် ၂၅ လိုအပ်သည်။ တိုက်ခိုက်ရေးစွမ်းအား +၈၂၀၊ အထူးအကျိုးသက်ရောက်မှု - သံချပ်ကာဖောက်ထွင်း တိုက်ခိုက်မှု၊ ပစ်မှတ်၏ ကာကွယ်မှု ၃၀ ရာခိုင်နှုန်းကို လျစ်လျူရှုသည်။ ကြံ့ခိုင်မှု ၂၅/၄၀။
ဤဒဏ္ဍာရီလာ လက်နက်သည် ကျန်းလျို အတွက် အလွန်လိုအပ်နေသော ရတနာတစ်ပါး ဖြစ်လေသည်။ သူ၏ ယခင် ကြာပန်းစိမ်း တောင်ဝှေး သည် တိုက်ခိုက်ရေးစွမ်းအား ၁၈၀ သာ တိုးမြှင့်ပေးနိုင်ရာ လက်ရှိ ကျန်းလျို အတွက်မူ အတော်လေး အားနည်းလွန်းနေပြီ ဖြစ်ပေသည်။
အပိုထပ်ဆောင်း တိုက်ခိုက်ရေးစွမ်းအား ၈၀၀ ကျော်နှင့် ကာကွယ်မှု ၃၀ ရာခိုင်နှုန်း လျစ်လျူရှုခြင်း အကျိုးသက်ရောက်မှုတို့က ဤလက်နက်ကို ကျန်းလျို အတိအကျ လိုအပ်နေသော အရာတစ်ခု ဖြစ်လာစေခဲ့လေသည်။
လွန်ခဲ့သော တစ်လကျော်ခန့်က ကျန်းလျို သည် သူ၏ ဒုတိယမြောက် ဝိညာဉ်ဆေးလုံး ကို သောက်သုံးခဲ့ပြီး အဆင့်ကို ၂၄ သို့ တိုးမြှင့်ခဲ့လေသည်။ ကောင်းမိသားစုရွာ သို့ တစ်လကျော်ကြာ ခရီးသွားလာခဲ့စဉ်အတွင်း ကျန်းလျို သည် အတွေ့အကြုံမှတ် လေးသိန်းကျော်ကိုလည်း စုဆောင်းနိုင်ခဲ့ရာ လွန်ခဲ့သော ရက်အနည်းငယ်ကမှ သူ၏အဆင့်မှာ ၂၅ သို့ တက်လှမ်းသွားခဲ့ခြင်း ဖြစ်လေသည်။
ကျန်းလျို အတွက်မူ ဤကိရိယာသည် ယခုအချိန်၌ သူ အလိုအပ်ဆုံး အရာပင် ဖြစ်ပေသည်။
ရွှမ်ယွီ ခါးပတ် (ပြီးပြည့်စုံသော အရည်အသွေး) - အဆင့် ၂၅ လိုအပ်သည်။ ကာကွယ်မှု +၂၂၀၊ ကြံ့ခိုင်မှု ၁၃/၂၀။
ခါးပတ်မှာ ပြီးပြည့်စုံသော အရည်အသွေး ရှိသည့် ရွှမ်ယွီ ခါးပတ် ဖြစ်ပြီး ၎င်းသည်လည်း အတော်လေး ကောင်းမွန်ကာ ကာကွယ်မှု ၂၂၀ တိုးမြှင့်ပေးလေရာ အဆင့် ၁၅ သာမန် အရည်အသွေး ပိုးသားခါးပတ်ထက် သိသိသာသာကို ပို၍ ကောင်းမွန်နေပေသည်။
မည်သို့ပင်ဆိုစေကာမူ ပိုးသားခါးပတ်သည် ကာကွယ်မှုစွမ်းအား ၃၅ မှတ်ကိုသာ တိုးမြှင့်ပေးနိုင်ခြင်း မဟုတ်ပါလော။
ကိရိယာ နှစ်ခုစလုံးကို ဝတ်ဆင်လိုက်သည်နှင့် ကျန်းလျို ၏ တိုက်ခိုက်မှုနှင့် ကာကွယ်မှု စွမ်းရည် နှစ်ရပ်စလုံးမှာ သိသိသာသာ တိုးတက်လာခဲ့လေသည်။ အထူးသဖြင့် သူ၏ စတုတ္ထမြောက် ဒဏ္ဍာရီလာ ကိရိယာဖြစ်သော သံစုံတုတ်သည် ကျန်းလျို ၏ လက်ရှိ တိုက်ခိုက်ရေးစွမ်းအားကို ကြီးမားစွာ မြှင့်တင်ပေးလိုက်လေသည်။
ကိရိယာနှစ်ခု၏ အချက်အလက်များကို လျင်မြန်စွာ ကြည့်ရှုပြီးနောက် ကျန်းလျို ၏ အကြည့်သည် ကျွမ်းကျင်မှုစာအုပ် နှစ်အုပ်ပေါ်သို့ ကျရောက်သွားလေရာ ထိုအထဲမှ တစ်အုပ်မှာ သူ လက်ရှိ လိုအပ်နေသော ကျွမ်းကျင်မှုစာအုပ်ပင် ဖြစ်လေသည်။
ကရုဏာရှင် ဗောဓိသတ် ၏ အဆင့် ၂၅ ကျွမ်းကျင်မှုစာအုပ် - အဆင့်မြှင့်တင်ထားသော မိစ္ဆာနှိမ်နင်းရေး ဂါထာ။
အခြားတစ်အုပ်မှာ တာအိုကျင့်ကြံသူများ အသက်မွေးဝမ်းကျောင်း ကူးပြောင်းပြီးနောက် ကောင်းကင်ဆရာကြီးများအတွက် လက်ဝါးမိုးကြိုး ကျွမ်းကျင်မှု ဖြစ်လေသည်။
ပြောရမည်ဆိုလျှင် ကျလာသမျှသော တိုက်ပွဲဝင်ပစ္စည်းများအားလုံးမှာ အလွန်ပင် သဘောကျစရာ ကောင်းလှပေသည်။ တိတ်တဆိတ် ခေါင်းညိတ်လိုက်ပြီးနောက် ကျန်းလျို ၏ အကြည့်များသည် ကျူးပါကျဲ ထံသို့ ကျရောက်သွားကာ သူ၏ မျက်လုံးများမှာလည်း တောက်ပသွားလေ၏။
စွန်းဝူခုန်း၏ အမူအရာကို ကြည့်ရသည်မှာ သူ အားမရသေးပုံ ပေါ်သည်။ ဤသို့ဆိုလျှင်... သူ့ကို နောက်ထပ် အချက်အနည်းငယ်လောက် ထပ်ရိုက်ဖို့ အားပေးသင့်သလော။
ဒုတိယအချီ... တတိယအချီ... စတုတ္ထ… ပဉ္စမ… ဆဋ္ဌမ… သတ္တမ… အဋ္ဌမအချီ...
ဤသို့ဆိုလျှင် အတွေ့အကြုံမှတ်များ ထပ်ရကာ အခြား ပစ္စည်းကောင်းများလည်း ကျကောင်း ကျလာနိုင်ပေသည်။
***