← Chapters

အခန်း ၁၆၂

Vol. 12 Ch. 162

အခန်း ၁၆၂

Vol. 12 Ch. 162

အပိုင်း(၁၆၂)

ကျန်းလျို မည်သို့ပင် ကြံစည်နေစေကာမူ အချိန်အနည်းငယ် ကြာပြီးနောက် ဒဏ်ရာပြင်းထန်စွာ ရထားသော ကျူးပါကျဲ သည် ဖြည်းညှင်းစွာ သတိရလာခဲ့လေသည်။ သူသည် အလွန်တရာ အားနည်းနေသဖြင့် လေပြေလေးတိုက်ရုံနှင့်ပင် လဲကျသွားနိုင်သည့်အလား ထင်မှတ်ရပေသည်။

ကွမ်ယင် ဂါထာ...

ကျန်းလျို သည် စကားများများ ပြောမနေတော့ပေ။ သူ၏ ကျူးပါကျဲ ဘက်သို့ ညွှန်ပြကာ ကွမ်ယင် ဂါထာ စွမ်းရည်ကို အသက်သွင်းလိုက်လေသည်။ အသက်စွမ်းအင် ၂၀ ရာခိုင်နှုန်း ပြန်လည်ပြည့်ဝသွားသောကြောင့် ကျူးပါကျဲ ၏ ဒဏ်ရာအချို့မှာ ချက်ချင်းဆိုသလို သက်သာသွားလေတော့သည်။

မိမိခန္ဓာကိုယ်အတွင်းရှိ အပြောင်းအလဲကို ခံစားမိသောအခါ ကျူးပါကျဲ သည် ကျန်းလျို အား အံ့ဩတကြီး လှမ်းကြည့်လိုက်လေသည်။

"ဟေ့ကောင် မြင်းထိန်း... ကျုပ် ဝက်ကြီးကတော့ လုံးဝ မကျေနပ်ဘူး... စောစောက သူသာ ဝင်မကူညီခဲ့ရင် မင်း ငါ့ကို ဒီလောက် လွယ်လွယ်နဲ့ အနိုင်ရမှာ မဟုတ်ဘူး..."

ကျန်းလျိုအား တစ်ချက်ကြည့်လိုက်ပြီးနောက် ထိတ်လန့်ခြင်းနှင့် သတိထားခြင်း ရောယှက်နေသော အမူအရာဖြင့် ကျူးပါကျဲ အော်ဟစ်လိုက်လေသည်။

ကျန်းလျို၏ ကွမ်ယင် ဂါထာ သည် ကျူးပါကျဲ အား အံ့ဩမှင်တက်သွားစေခဲ့ပြီး ဝစီပိတ်တရား နှင့် သိုးအသွင်ပြောင်း နည်းစနစ် ကဲ့သို့သော စွမ်းရည်များကမူ သူ့အား စိုးရိမ်ထိတ်လန့်သွားစေခဲ့လေသည်။

"ဟီး ဟီး ဟီး... ငါ စွန်းဝူခုန်း လည်း အဲဒီလိုပဲ တွေးနေတာ... လာစမ်းပါ... နောက်တစ်ချီလောက် ထပ်ချကြရအောင်... ဆရာတော်... ဒီတစ်ခါတော့ ဝင်မစွက်ဖက်နဲ့နော်..."

ကျူးပါကျဲ ၏ အော်ဟစ်သံကို ကြားသောအခါ စွန်းဝူခုန်း သည် ၎င်း၏ ရွှေတုတ်တံ ကို ကိုင်ဆောင်ကာ အနားသို့ ရောက်လာလေသည်။ သေချာပေါက် သူ၏စကား နောက်တစ်ပိုင်းမှာ ကျန်းလျို အား ရည်ရွယ်ပြောဆိုလိုက်ခြင်းပင် ဖြစ်လေသည်။

"မင်းတို့ ချကြတော့မလို့လား... ဒါဆိုလည်း မြန်မြန်လုပ်ကြလေ..."

ကျန်းလျို က အလျင်စလို ပြောလိုက်ပြီး ခေါင်းညိတ်ကာ သူတို့ကို အားပေးတိုက်တွန်းလိုက်လေသည်။

ကျူးပါကျဲကို အဘယ်ကြောင့် ကုသပေးခဲ့ရသနည်း။ ဒုတိယအချီ သို့မဟုတ် တတိယအချီကို မျှော်လင့်နေ၍ မဟုတ်ပါလော။

ရရှိလာမည့် အတွေ့အကြုံမှတ် များမှာ များများစားစား မရှိသော်လည်း သူသည် ပစ္စည်းကောင်းများစွာကို ထွက်ကျလာစေနိုင်စွမ်း ရှိလေသည်။

သူ့တို့ကို ခုနစ်ကြိမ်၊ ရှစ်ကြိမ်ခန့်သာ ဖိကြိတ်တိုက်ခိုက်လိုက်ပါက ဒဏ္ဍာရီလာ အရည်အသွေး ရှိသည့် ကိရိယာများ အစုံအလင် ရလာနိုင်မည် မဟုတ်ပါလော။

သူသာ ကံကောင်းခဲ့လျှင် ရာဇဝင် အရည်အသွေး ရှိသည့် ကိရိယာ တစ်ခု သို့မဟုတ် နှစ်ခုလောက်တောင် ကျလာနိုင်သေးသည်။

"အာ... နေ... နေပါဦး... ငါ မချတော့ဘူး... ကျုပ် ဝက်ကြီး မချတော့ဘူးဗျာ..."

သို့သော်လည်း စွန်းဝူခုန်း က ရွှေတုတ်တံ ကို ရွယ်ကာ ရိုက်တော့မည်ကို မြင်လိုက်ရသည်နှင့် ကျူးပါကျဲ သည် ချက်ချင်းပင် သတ္တိကြောင်သွားကာ သူ၏လက်များကို ကမန်းကတန်း ဝှေ့ယမ်းပြလိုက်လေတော့သည်။

"ဘာလဲ... မင်းက မကျေနပ်ဘူးဆို... ဒါဆိုလည်း နောက်တစ်ချီလောက် ဆက်ချကြတာပေါ့..."

ကျူးပါကျဲ လက်ကာပြနေသည်ကို မြင်သောအခါ စွန်းဝူခုန်းက ပြောလိုက်လေသည်။

"ကျုပ် ဝက်ကြီးက မကျေနပ်ပေမယ့် ထပ်မချချင်တော့ဘူး... မင်းက မျောက်ဆိုတော့ မွေးရာပါ အပြိုင်အဆိုင်လုပ်ချင်တဲ့ စိတ်ရှိတယ်လေ... ကျုပ်ကတော့ ဝက်ဆိုတော့ ပျင်းရိပြီး အစားမက်ဖို့ပဲ သိတာ... ဘာအကျိုးအမြတ်မှ မရှိဘဲနဲ့ တိုက်ခိုက်နေရတာ ဘာအဓိပ္ပာယ်ရှိမှာလဲ..."

စွန်းဝူခုန်း၏ ရန်စမှုကို ကျူးပါကျဲက ပြန်လည်တုံ့ပြန်လိုက်သော်လည်း ထပ်မံတိုက်ခိုက်လိုစိတ်တော့ မရှိသေးပေ။

အမှန်စင်စစ် စွန်းဝူခုန်း၏ ဖိအားပေးမှုကြောင့်သာ မဟုတ်လျှင် ကျူးပါကျဲသည် အစကတည်းက တိုက်ခိုက်ခဲ့မည် မဟုတ်ပေ။ ယခု တိုက်ပွဲရပ်သွားပြီဖြစ်ရာ သူသည် ထပ်မံ၍ မတိုက်ခိုက်လိုတော့ပေ။

"မင်း..."

အရှက်မရှိသော အသားတုံးကြီးတစ်တုံးကဲ့သို့ အမူအရာဖြင့် မကျေနပ်သော်လည်း မတိုက်ခိုက်လိုတော့သော ကျူးပါကျဲကို မြင်သောအခါ စွန်းဝူခုန်းမှာ စိတ်ပျက်အားငယ်ကာ ဘာလုပ်ရမှန်း မသိဖြစ်သွားလေသည်။

သို့သော် ဤဝက်မိစ္ဆာ ပြောသွားသည့်စကားများမှာ အတော်လေး အဓိပ္ပာယ်ရှိနေသည် မဟုတ်ပါလော။ ယင်းကိုတော့ သူ ဝန်ခံရပေမည်။

ဝက်တစ်ကောင်အနေဖြင့် သူသည် အမှန်တကယ်ပင် ပျင်းရိပြီး အစားမက်သင့်သည် မဟုတ်ပါလော။

"ဟေး... ဆရာတော်... ကျုပ်က ခင်ဗျားတို့ကို နောက်ပြောင်ချင်လို့ အပြင်ကို ခုန်ထွက်လာခဲ့တာပါဗျာ... အသေအလဲ တိုက်ခိုက်နေစရာ မလိုပါဘူး မဟုတ်လား..."

တိုက်ခိုက်လိုစိတ် မရှိတော့သော ကျူးပါကျဲသည် ကျန်းလျိုဘက်သို့ လှည့်ကြည့်ကာ ပြောလိုက်လေသည်။

"မင်းက နောက်တာလို့ ပြောတယ်ပေါ့... ဒါပေမဲ့ စောစောက ပုံစံကို ကြည့်ရတာ နောက်နေတဲ့ပုံနဲ့ လုံးဝ မတူဘူးနော်... ငါတို့သာ အင်အားနည်းနည်းလေး ပိုနည်းနေခဲ့မယ်ဆိုရင် အားလုံး မင်းဗိုက်ထဲ ရောက်သွားပြီ မဟုတ်ဘူးလား..."

ကျန်းလျို၏ အကြည့်များက ကျူးပါကျဲထံသို့ ကျရောက်သွားပြီး စိတ်အနှောင့်အယှက်ဖြစ်စွာဖြင့် ပြောလိုက်လေသည်။

မည်သို့ပင် ကြည့်စေကာမူ သူ့ကို ဒီအတိုင်း ထွက်သွားခွင့်ပေးလိုက်ရန်မှာ သဘာဝမကျပေ။

"ဆရာတော်ကလည်း နောက်နေပြန်ပါပြီ... ဘယ်လိုလုပ် အဲဒီလို ဖြစ်နိုင်မှာလဲ..."

ကျန်းလျိုအား လှည့်စားရန် မလွယ်ကူလှကြောင်း သိသိသာသာ မြင်တွေ့ရသောအခါ ကျူးပါကျဲသည် အနေခက်စွာဖြင့် ရယ်မောလိုက်လေသည်။

"ဟေ့... ဝက်ကြီး… မင်းက ဘယ်ကလာတာလဲ... ဘုံသုံးပါးနှင့် လမ်းကြောင်းခြောက်သွယ်ထဲမှာ ငါ စွန်းဝူခုန်းကို သိပြီးတော့ ငါနဲ့ လက်ရည်ယှဉ်နိုင်တဲ့ မိစ္ဆာတွေ သိပ်မရှိဘူးနော်..."

စွန်းဝူခုန်းသည် အနားသို့ ရောက်လာပြီး ဝဖြိုးကာ နားရွက်ကြီးများရှိသော ကျူးပါကျဲ၏ ပုံပန်းသဏ္ဌာန်ကို ကြည့်လိုက်ပြီးနောက် ကျူးပါကျဲ၏ နားရွက်ကို ရိုင်းစိုင်းစွာ ဆွဲကိုင်လိုက်လေသည်။ ထို့နောက် သွားများပေါ်အောင် ဖြဲကာ ကြမ်းတမ်းပြီး အန္တရာယ်ပေးမည့် အမူအရာဖြင့် စစ်ကြောမေးမြန်းလိုက်လေသည်။

"ကျုပ် ဝက်ကြီးလား... မိစ္ဆာအဖြစ် ကျင့်ကြံထားတဲ့ သာမန် ဝက်တစ်ကောင်ပါပဲ... တခြား ဘယ်ကဖြစ်နိုင်ဦးမှာလဲ... ခင်ဗျားတို့နဲ့ အရင်က ရန်ငြိုးမရှိသလို အခုလည်း ပြဿနာမရှိပါဘူး... ကျုပ်ကို သွားခွင့်ပြုပါတော့ဗျာ..."

မိမိ၏ နောက်ခံကို မေးမြန်းနေသော စွန်းဝူခုန်း၏ ဖိအားပေးမှုအောက်တွင် ကျူးပါကျဲသည် တောင်းပန်တိုးလျှိုးသည့် လေသံဖြင့် ပြောလိုက်လေသည်။

"ဝက်မိစ္ဆာ... သာမန် ဝက်မိစ္ဆာတစ်ကောင်က ဒီလောက်အထိ ကျင့်ကြံနိုင်လို့လား..."

စွန်းဝူခုန်းသည် သူ့ကို သံသယမျက်လုံးဖြင့် စိုက်ကြည့်နေပြီး ကျူးပါကျဲ၏ စကားကို သိပ်မယုံကြည်ကြောင်း သိသာလှပေသည်။

သို့ရာတွင် သူကိုယ်တိုင် ဘုံသုံးပါးနှင့် လမ်းကြောင်းခြောက်သွယ်ကို မွှေနှောက်နေစဉ်ကာလအတွင်း အစွမ်းထက်သော မိစ္ဆာကြီးများအကြောင်းကို အတော်အသင့် ကြားဖူးခဲ့သော်လည်း ဤမျှ အစွမ်းထက်သည့် ဝက်မိစ္ဆာတစ်ကောင်အကြောင်းကိုတော့ တစ်ခါမျှ မကြားဖူးခဲ့သည်ကိုတော့ သူ ဝန်ခံရပေမည်။

သူ အဖိနှိပ်ခံထားရသည့် ဤနှစ်ငါးရာအတွင်း မိစ္ဆာမျိုးနွယ်စုများကြားမှ အသစ်ပေါ်ထွက်လာသော ခေါင်းဆောင်တစ်ဦးများ ဖြစ်နေမလော။

စွန်းဝူခုန်း၏ စိတ်ထဲတွင် မည်သို့ပင် တွေးတောနေစေကာမူ ကျူးပါကျဲ၏ ရှင်းပြချက်ကို ကြားသောအခါ ကျန်းလျိုမှာ မျက်ခုံးအနည်းငယ် ပင့်သွားလေသည်။

အနောက်အရပ်သို့ ခရီးသွားသည့် တစ်လျှောက်လုံးတွင် စွန်းဝူခုန်းသည် ကောင်းကင်နှင့်တန်းတူ မဟာပညာရှိကြီး ဟူသော သူ၏ ဂုဏ်ပုဒ်ကို အမြဲတမ်း ပြောဆိုရသည်ကို နှစ်သက်သည်။ ကောင်းကင်ဘုံကို မွှေနှောက်ခြင်း မှာလည်း သူ အဂုဏ်ယူဆုံး ပြန်လည်ပြောပြလေ့ရှိသည့် အဖြစ်အပျက်ပင် ဖြစ်လေသည်။

အလားတူပင် ကျူးပါကျဲသည်လည်း သူသည် ကောင်းကင်မြစ် ၏ စစ်သည်ရှစ်သောင်းကို ကွပ်ကဲခဲ့သော ထျန်းဖုန် စစ်သူကြီး ၏ ဝင်စားခြင်းဖြစ်ကြောင်း လူများကို အမြဲလိုလို ပြောလေ့ရှိလေသည်။

သို့သော် ယခု စွန်းဝူခုန်းက သူ၏ နောက်ခံကို မေးမြန်းသောအခါ သူက သာမန် ဝက်မိစ္ဆာတစ်ကောင်ဟုသာ အခိုင်အမာ ပြောဆိုနေသည်လော။

"ဖြစ်နိုင်တာက သူက ငါ ဘယ်သူဆိုတာကို သိသွားလို့ ဒီလိုမျိုး ပြောနေတာများလား..."

ကျန်းလျို ခေတ္တမျှ စဉ်းစားလိုက်ပြီးနောက် ရုတ်တရက် အတွေးတစ်ခုက သူ၏ စိတ်ထဲသို့ ဝင်ရောက်လာလေသည်။

ကျူးပါကျဲသည်လည်း အနောက်အရပ်သို့ သွားရောက်ကာ ကျမ်းစာပင့်ဆောင်မည့် ခရီးစဉ်ကို မသွားချင်၍များလော။ ကျန်းလျို မည်သူဖြစ်ကြောင်း သိရှိပြီးနောက် ခရီးစဉ်ကို အလိုအလျောက် ရှောင်လွှဲချင်သွားတာများလော။

"အဟမ်း..."

ကောက်ချက်တစ်ခု ချလိုက်ပြီးနောက် ကျန်းလျိုသည် လည်ချောင်းဟန့်လိုက်ပြီး ကျူးပါကျဲအား စမ်းသပ်သည့်အနေဖြင့် ပြောလိုက်လေသည်

"ဝက်မိစ္ဆာ... မင်းဆီမှာ ကျင့်စဉ်အချို့ ရှိနေတာကို ငါ မြင်ရတယ်... မင်းကို ဘယ်လိုများ ခေါ်ရမလဲ... ငါက ရွှမ်ကျန်း လို့ခေါ်တဲ့ ရဟန်းတစ်ပါးဖြစ်ပြီး ထန်ဧကရာဇ် ရဲ့ အမိန့်တော်အရ ဗုဒ္ဓကို ပူဇော်ဖို့နဲ့ အနောက်ကောင်းကင်ဘုံ ကနေ ကျမ်းစာပင့်ဆောင်ဖို့ ခရီးထွက်လာတာပါ..."

"အို... ဆရာတော်... တွေ့ရတာ ဝမ်းသာပါတယ်ဗျာ... ကျုပ်က ကျူးကန်းလျဲ့ ပါ... ရဟန်းတွေဆိုတာ ကရုဏာထားသင့်တယ်လေ... ဆရာတော်... ကျုပ်ကို သွားခွင့်ပြုပါတော့... ဒီကနေ ထွက်သွားတာနဲ့ သက်သတ်လွတ်စားပြီး နေ့တိုင်း ဘုရားစာရွတ်ပါ့မယ်လို့ ကတိပေးပါတယ်..."

ကျန်းလျို၏ မိတ်ဆက်စကားကို ကြားသောအခါ ကျူးပါကျဲသည် မည်သည့် ထူးခြားသော တုံ့ပြန်မှုကိုမျှ မပြဘဲ ထိုနေရာမှ ထွက်သွားခွင့်ရရန် တောင်းပန်နေဆဲပင် ဖြစ်လေသည်။

"တကယ်ပဲ..."

ကျူးပါကျဲ၏ တုံ့ပြန်မှုက ကျန်းလျိုအား တွေးတောသွားစေပြီး အမှန်တကယ်ပင် ထိုသို့ဖြစ်ကြောင်း ခံစားလိုက်ရလေသည်။

မူရင်း ဇာတ်လမ်း မစတင်မီ နှစ်အနည်းငယ်စော၍ အနောက်အရပ်သို့ ခရီးထွက်ခဲ့ရသော်လည်း မည်သို့ပင်ဖြစ်စေ ကွမ်ယင် ဗောဓိသတ်က သူ့ကို ဤခရီးစဉ်အတွက် စေလွှတ်ခဲ့သည်ဆိုတော့ လမ်းတစ်လျှောက်ရှိ စီစဉ်ထားမှုများသည်လည်း အသင့်ရှိနေသင့်သည် မဟုတ်ပါလော။

စွန်းဝူခုန်းကဲ့သို့ပင် သူသည် အနောက်အရပ်သို့ ခရီးထွက်ရန် တွန့်ဆုတ်နေခဲ့သော်လည်း ကွမ်ယင် ဗောဓိသတ် က သူ့ကို ရှာတွေ့ခဲ့ပြီး ဖြေရှင်းပေးခဲ့လေသည်။

စွန်းဝူခုန်းနှင့် အားလုံး အဆင်ပြေသွားပြီးမှ ကျူးပါကျဲကို မေ့ကျန်ရစ်ခဲ့သည်ဆိုပါက အဓိပ္ပာယ်မရှိပေ။

ထို့ကြောင့် တစ်ခုတည်းသော ဖြစ်နိုင်ခြေမှာ ကျူးပါကျဲသည်လည်း စွန်းဝူခုန်းကဲ့သို့ပင် အနောက်အရပ်သို့ ခရီးထွက်ရန် ဆန္ဒမရှိခြင်းပင် ဖြစ်လေသည်။ ထို့ကြောင့် ကျန်းလျိုက ကျမ်းစာပင့်ဆောင်သူအဖြစ် သူ၏ နောက်ခံကို ထုတ်ပြောပြခဲ့သည့်တိုင်အောင် ကျူးပါကျဲသည် နားမလည်ဟန်ဆောင်ကာ ထွက်သွားရန်ကိုသာ အာရုံစိုက်နေခဲ့ခြင်း ဖြစ်လေသည်။

စွန်းဝူခုန်းသည် တထာဂတ ၏ လှည့်စားမှုကို ခံခဲ့ရပြီး နှစ်ပေါင်းငါးရာတိုင်တိုင် မကျေမနပ် ဖြစ်နေခဲ့သောကြောင့် အနောက်အရပ်သို့ သွားရန် တွန့်ဆုတ်နေခဲ့ခြင်း ဖြစ်လေသည်။

ဤသို့ဆိုလျှင် ကျူးပါကျဲ တွန့်ဆုတ်နေရသည့် အကြောင်းရင်းကရော ဘာများနည်း။

ကျူးပါကျဲ၏ ဘဝအတွေ့အကြုံများအပေါ် အခြေခံ၍ ကျန်းလျိုတွင် ခန့်မှန်းချက်အချို့ ရှိနေသော်လည်း ဤခန့်မှန်းချက်များ မှန်ကန်ခြင်း ရှိမရှိကို သူ အတည်ပြုရန် လိုအပ်နေသေးပေသည်။

ကျူးပါကျဲသည် မည်သည့်အကြောင်းကြောင့် အနောက်အရပ်သို့ ခရီးမသွားလိုသည်ဖြစ်စေ ဤအရာက ဗုဒ္ဓဘာသာ၏ အမိန့်များအပေါ် မနာခံလိုသော သူ၏ သဘောထားကို ပြသနေလေသည်။

ထိုအကြောင်းကြောင့်ပင် ကျန်းလျိုသည် သူ့အား အနောက်အရပ်သို့ သွားမည့် အဖွဲ့ထဲသို့ ပို၍ပင် ဆွဲသွင်းသင့်သည်ဟု ခံစားလိုက်ရလေသည်။

ကျူးပါကျဲ၏ တွန့်ဆုတ်နေမှုက ကျန်းလျိုအတွက် အလွန်ပင် အဆင်ပြေနေလေသည်။ အမှန်ဆိုရလျှင် ယခုအခါ သူ့ကို ပို၍ပင် အလိုရှိနေပြီ ဖြစ်လေသည်။

အကယ်၍သာ ကျူးပါကျဲသည် နဂါးမြင်းဖြူ ကဲ့သို့ အစပိုင်းတွင် အနောက်အရပ်သို့ ခရီးထွက်ရန် စိတ်အားထက်သန်စွာဖြင့် ပြေးလာခဲ့မည်ဆိုလျှင် ကျန်းလျိုသည် သူ့အား ငြင်းပယ်ရန် နည်းလမ်းများကိုပင် စဉ်းစားမိမည် ဖြစ်လေသည်။

အတည်တိုက်ခိုက်လျှင် စွန်းဝူခုန်းကိုပင် ယှဉ်နိုင်စွမ်းရှိသော ကောင်တစ်ကောင်သည် ဗုဒ္ဓဘာသာအပေါ် သစ္စာရှိနေမည်ဆိုပါက သူ့ကို ခေါ်သွားခြင်းက ကျန်းလျိုအတွက် ပြဿနာဖြစ်လာမည် မဟုတ်ပါလော။

***

All Chapters