အခန်း ၁၆၃
Vol. 12 Ch. 163
အပိုင်း(၁၆၃)
"ဆရာတော်... ဒီ ဝက်မိစ္ဆာ ကို လွှတ်ပေးလိုက်ရမလား… ဒါမှမဟုတ် သတ်ပြီး စားလိုက်ရမလား..."
ကျန်းလျို တိတ်တဆိတ် တွေးတောနေစဉ် စွန်းဝူခုန်းက ကျူးပါကျဲကို လွှတ်ပေးရန် စဉ်းစားနေဆဲဟု ထင်မှတ်ကာ မေးလိုက်လေသည်။
"ဟေး... ဆရာတော်... ခင်ဗျား နောက်နေတာပါနော်... ခင်ဗျားက ရဟန်းတစ်ပါးလေ... ကျုပ်ရဲ့ အသားကို ဘယ်လိုလုပ် စားလို့ရမှာလဲ..."
စွန်းဝူခုန်း၏ စကားကြောင့် ကျူးပါကျဲမှာ တုန်လှုပ်သွားပြီး ထိတ်လန့်တကြား အော်ဟစ်လိုက်လေသည်။
ကျူးပါကျဲအား တစ်ချက်ကြည့်လိုက်ပြီးနောက် ကျန်းလျိုက လေးနက်တည်ကြည်စွာဖြင့် ပြောလိုက်လေသည်
"ငါတို့ ရဟန်းတွေက ဘယ်တော့မှ နောက်ပြောင်လေ့မရှိဘူး..."
စကားဆုံးသည်နှင့် သူသည် စွန်းဝူခုန်းဘက်သို့ လှည့်ကြည့်ကာ လေးနက်စွာ ထပ်လောင်းပြောလိုက်လေသည်
"ဝူခုန်း... ဒီ ဝက်မိစ္ဆာ က ငါတို့ကို လှည့်စားပြီး သူ့ရဲ့ အစစ်အမှန် နောက်ခံကို ထုတ်မပြောဘူးဆိုတော့ သူ့ကို သတ်ပြီး စားလိုက်ကြတာပေါ့... ဒီနေ့ မင်းကို ဝက်နားရွက် စွပ်ပြုတ်တစ်ခွက် ချက်ကျွေးမယ်... အဲဒီ အရသာကတော့..."
ဝက်နားရွက် စွပ်ပြုတ်၏ အရသာကို မသိသော်လည်း စွန်းဝူခုန်း သည် ကျန်းလျို ၏ ဟင်းချက်စွမ်းရည်ကိုမူ အလွန်အမင်း ယုံကြည်ပေသည်။
‘ဆရာတော် ပြောပုံအရဆိုရင် ဝက်နားရွက် စွပ်ပြုတ်က ဝက်သားထမင်းထက်တောင် ပိုပြီး အရသာရှိနေတာများလား…’
ထိုသို့တွေးမိသည်နှင့် စွန်းဝူခုန်း ၏ မျက်လုံးများမှာ တောက်ပသွားပြီး အလိုအလျောက်ပင် တံတွေးမြိုချလိုက်မိကာ အားတက်သရော ခေါင်းညိတ်လိုက်လေသည်
"ဆရာတော်... သူ့ရဲ့ ဝက်နားရွက် နှစ်ဖက်စလုံးကို အခုပဲ ဖြတ်လိုက်ပါမယ်..."
"နေ... နေပါဦး..."
စွန်းဝူခုန်းက ဝက်နားရွက်ကို ဖြတ်မည်ဟု ပြောလျှင် သူ အမှန်တကယ် လုပ်မည်ပင် ဖြစ်လေသည်။ ထိုအရာကို တွေးကြည့်ရုံနှင့်ပင် ကျူးပါကျဲ သည် မခံမရပ်နိုင်ဖြစ်သွားပြီး အလျင်စလို ပြောလိုက်သလို ကျန်းလျို ဘက်သို့လည်း လှည့်ကာ မေးလိုက်လေသည်
"ဆရာတော်... ကျုပ် ဝက်ကြီးက ကိုယ့်ရဲ့ နောက်ခံကို ရည်ရွယ်ချက်ရှိရှိ ဖုံးကွယ်ထားတယ်လို့ ဆရာတော်က ဘာလို့ ပြောရတာလဲ..."
"မင်းရဲ့ ပျင်းရိမှုနဲ့ အစားမက်မှုကတော့ မင်းဟာ ဝက်တစ်ကောင်ဖြစ်တယ်ဆိုတာကို သက်သေပြနေပေမယ့် မင်းရဲ့ ဦးနှောက်ကလည်း ဝက်လိုမျိုး ဖြစ်သွားတာလား..."
ကျူးပါကျဲ ၏ စကားကို ကြားသောအခါ ကျန်းလျို သည် ခေါင်းယမ်းလိုက်ပြီး ပြောလိုက်လေသည်။
"ဝူခုန်း တစ်ချိန်က ကောင်းကင်ဘုံမှာ မြင်းထိန်း အဖြစ် တာဝန်ထမ်းဆောင်ခဲ့တယ်ဆိုတာက သိပ်ကြီးမားတဲ့ လျှို့ဝှက်ချက်ကြီးတော့ မဟုတ်ပေမယ့် သူ့ကို တစ်ချက်ကြည့်ရုံနဲ့ မှတ်မိနိုင်တယ်ဆိုတာက မင်းဘယ်သူလဲဆိုတာကို သက်သေပြဖို့ လုံလောက်တယ် မဟုတ်ဘူးလား..."
ကျန်းလျိုက ခေတ္တမျှ ရပ်နားလိုက်ပြီးနောက် ထက်မြက်သော စုံထောက်တစ်ဦး၏ ဟန်ပန်ဖြင့် အကြောင်းပြချက် ပေးလိုက်လေသည်။
"ငါ့ခန့်မှန်းချက်သာ မှန်မယ်ဆိုရင် မင်းက ဝူခုန်း ကို လွန်ခဲ့တဲ့ အချိန်အကြာကြီးကတည်းက သိနေတာ ဖြစ်ရမယ်… ဒါမှမဟုတ်ရင် ကောင်းကင်ဘုံမှာ ဝူခုန်း နဲ့ တွေ့ဖူးပြီး အထက်ကနေ ဆင်းသက်လာတာ ဖြစ်ရမယ်... ဒီဖြစ်နိုင်ခြေ နှစ်ခုထဲမှာတော့ ဒုတိယတစ်ခုကို ငါ ပိုပြီး ယုံကြည်တယ်..."
"အာ... ဆရာတော် ပြောတာကလည်း နည်းနည်းတော့ အဓိပ္ပာယ်ရှိသားပဲ..."
ကျန်းလျို ၏ ခွဲခြမ်းစိတ်ဖြာမှုကို ကြားပြီးနောက် ဘေးနားရှိ စွန်းဝူခုန်း သည် တွေးတောလိုက်ပြီး သဘောတူသည့်အနေဖြင့် ခေါင်းညိတ်လိုက်လေသည်။
ဘေးနားရှိ နဂါးမြင်းဖြူ ပင်လျှင် ကျန်းလျို အား အံ့ဩတကြီး ကြည့်နေလေသည်။
ဆရာတော် တွင် ဤမျှ အသေးစိတ်ကျသော အတွေးများ ရှိနေမည်ဟု မည်သူ ထင်ထားမည်နည်း။ ဤမျှလောက်သော ဉာဏ်ပညာမျိုးမှာ သာမန်လူများ ပိုင်ဆိုင်နိုင်သည့် အရာမျိုး မဟုတ်သည်မှာ သေချာလှပေသည်။
စွန်းဝူခုန်း နှင့် ဘေးနားရှိ နဂါးမြင်းဖြူ တို့၏ လေးစားအားကျသော အကြည့်များက ကျန်းလျိုအား တိတ်တဆိတ် ကျေနပ်ဂုဏ်ယူသွားစေလေသည်။
ကျူးပါကျဲ ၏ မျက်လုံးများမှာ ကျန်းလျို အား စိုက်ကြည့်ရင်း ပြူးကျယ်နေပြီး သရဲတစ္ဆေကို မြင်လိုက်ရသကဲ့သို့ အမူအရာမျိုး ဖြစ်နေလေသည်။ ကျန်းလျို ၏ ကောက်ချက်ချမှုမှာ အဓိပ္ပာယ်ရှိပါသည်။ သို့သော်လည်း... မြင်းထိန်း ကို သူ မှတ်မိသည်ဆိုသည့် အချက်လေးတစ်ခုတည်းအပေါ် အခြေခံပြီး သူသည် အထက်မှ ဆင်းသက်လာကြောင်းကို ကျန်းလျို က တကယ်ပဲ ကောက်ချက်ချနိုင်ခဲ့တာလော။
‘ဒီဘုန်းကြီး ရဲ့ ဉာဏ်ပညာက ဒီလောက်တောင် ကြောက်စရာကောင်းနေတာလား...’
"ဆရာတော်... ကျုပ်က အထက်ကနေ ဆင်းသက်လာတယ်ဆိုတာကို ဆရာတော် ကောက်ချက်ချနိုင်တယ်ဆိုတော့ ကျုပ် ဘာလို့ ကောင်းကင်ဘုံကနေ ဆင်းလာရသလဲဆိုတာကိုရော သိလား..."
တစ်ဝက်က အံ့ဩနေပြီး တစ်ဝက်ကတော့ ကျန်းလျို ၏ ဉာဏ်ပညာသည် အမှန်တကယ်ပင် ဤမျှလောက် ကြောက်စရာကောင်းလောက်အောင် မြင့်မားခြင်း ရှိမရှိ တမင်တကာ စမ်းသပ်လိုစိတ်ဖြင့် ကျူးပါကျဲက မေးလိုက်လေသည်။
"ဟေ့... ဝက်ကြီး... အခြေအနေကို နားလည်စမ်းပါ... အခုချိန်မှာ မင်းက ငါ့ဆရာတော်ကို မေးခွန်းထုတ်ပိုင်ခွင့် မရှိဘူး..."
ယင်းကို ကြားသောအခါ စွန်းဝူခုန်း သည် အနည်းငယ် ဒေါသထွက်သွားပြီး ကျူးပါကျဲ ၏ နားရွက်ကို ဆွဲကိုင်ကာ လိမ်ဆွဲလိုက်လေသည်။
"ရွှီး..."
စွန်းဝူခုန်း သည် သက်ညှာတတ်သူတစ်ယောက် မဟုတ်ရာ သူ၏ ပြင်းထန်သော အားကြောင့် ကျူးပါကျဲ မှာ နာကျင်လွန်း၍ အသက်ကို ပြင်းပြင်းရှူသွင်းလိုက်ရပြီး အော်ဟစ်လိုက်လေသည်။
"အား... အား... အား... မျောက်ကြီး... လွှတ်... လွှတ်စမ်းပါ... ကျုပ် ဝက်ကြီးရဲ့ နားရွက်တွေ ပြတ်ထွက်သွားတော့မယ်..."
"ဟီး ဟီး... ပြတ်ထွက်သွားလည်း ကောင်းတာပဲလေ... အဲဒါဆို ငါ့ဆရာတော် စွပ်ပြုတ်လုပ်ဖို့ ဝက်နားရွက် ရသွားတာပေါ့..."
ကျူးပါကျဲ ၏ နာကျင်စွာ အော်ဟစ်သံကို ကြားသောအခါ စွန်းဝူခုန်းက ပြောလိုက်၏။ သူသည် လွှတ်ပေးမည့် အရိပ်အယောင်မျှပင် မပြခဲ့ပေ။
"ကဲ... ဝူခုန်း... လွှတ်ပေးလိုက်ပါတော့..."
ကျူးပါကျဲ ၏ သနားစရာကောင်းသော အခြေအနေကို မြင်သောအခါ ကျန်းလျို သည် လက်ကာပြကာ ပြောလိုက်လေသည်။
ထို့နောက်တွင်တော့ ကျန်းလျိုသည် ချောင်းနှစ်ချက်ခန့် ဆိုးလိုက်ပြီး ရှားလော့ဟုမ်းစ် ကဲ့သို့သော ဟန်ပန်မျိုး ဖမ်းကာ မျက်လုံးများတွင်လည်း ထိုးထွင်းသိမြင်နိုင်သော တောက်ပမှုများဖြင့် ပြောလိုက်လေသည်။
"မင်းကို ကြည့်ရတာ ဝက်မိစ္ဆာ တစ်ကောင်နဲ့ တူနေပြီး အထက်ကနေသာ ဆင်းသက်လာခဲ့မယ်ဆိုရင် မင်းဆီမှာ ဒီလို မိစ္ဆာ အငွေ့အသက်တွေ ပြည့်နှက်နေမှာ မဟုတ်ဘူး... ဒါကြောင့် မင်း ဆင်းသက်လာရတာက ဝင်စားခြင်းကြောင့် ဖြစ်ရမယ်..."
ထိုသို့ ပြောပြီးနောက် ကျန်းလျို သည် ခေတ္တမျှ ရပ်နားလိုက်ပြီး ထပ်လောင်းပြောလိုက်လေသည်။
"ငါသိသလောက်ကတော့ အမှားလုပ်မိတဲ့ အထက်က နတ်ဘုရားတွေပဲ ပြစ်ဒဏ်အနေနဲ့ လူ့ပြည်မှာ ဒုက္ခခံစားဖို့ ဝင်စားခိုင်းခံရတာ မဟုတ်ဘူးလား..."
"ဆ... ဆရာတော်... တကယ်ကို ဉာဏ်ပညာကြီးမားတာပဲ... ကျုပ်... ကျုပ် ဝက်ကြီး တကယ်ကို လေးစားသွားပါပြီ..."
စွန်းဝူခုန်း၏ လိမ်ဆွဲမှုကြောင့် နီရဲနေသော နားရွက်ကို ပွတ်ရင်း ကျူးပါကျဲသည် ကျန်းလျို အား အံ့သြထိတ်လန့်မှုနှင့် လေးစားမှုများ ရောယှက်နေသော အကြည့်ဖြင့် ကြည့်လိုက်လေသည်။ ဤတုံ့ပြန်မှုက ကျန်းလျို ၏ ခန့်မှန်းချက်ကို ရှင်းလင်းစွာ ဝန်ခံလိုက်ခြင်းပင် ဖြစ်လေသည်။
"ဆရာတော်... ဘယ်တုန်းကများ ဒီလောက် လည်သွားရတာလဲ..."
စွန်းဝူခုန်း သည် မျက်လုံးပြူးကာ ကျန်းလျို အား မယုံနိုင်စွာဖြင့် စိုက်ကြည့်နေလေသည်။
"မျောက်လေး... မရိုမသေ မပြောနဲ့... သေချာပြောစမ်း... ငါက အရင်တုန်းက အဲဒီလောက်တောင် အ ထားလို့လား..."
စွန်းဝူခုန်း ၏ စကားကြောင့် ကျန်းလျို ၏ မျက်နှာက မကျေမနပ်ဖြစ်သွားကာ ပြောလိုက်လေသည်။
"မဟုတ်ပါဘူး ဆရာတော်... ကျွန်တော်မျိုး စွန်းဝူခုန်း က အဲဒီလို သဘောမျိုး ပြောတာ မဟုတ်ပါဘူး... ဆရာတော်က အရင်တုန်းက ဉာဏ်မထိုင်းပေမယ့် အခုလောက်တော့ မထက်မြက်ဘူး မဟုတ်လားလို့..."
စွန်းဝူခုန်း သည် ခေါင်းယမ်းကာ ပြန်လည်ခြေပလိုက်လေသည်။
"မျောက်လေး... မင်းက ဒါကို နားမလည်တာပဲ... အရင်တုန်းက ငါ့ကို ဟုမ်းစ်ရွှမ်ကျန်း ဆိုတဲ့ နာမည်နဲ့ လူသိများခဲ့တာကွ... ဒီလို ခံစားချက်မျိုးကို မင်းလို တဇွတ်ထိုးနိုင်ပြီး ဒေါသကြီးတဲ့ မျောက်တစ်ကောင်က ဘယ်တော့မှ နားလည်နိုင်မှာ မဟုတ်ပါဘူး..."
ဉာဏ်ရည်မမီသူ တစ်ဦးအား ကြင်နာယုယစွာ ကြည့်သည့် အကြည့်မျိုးဖြင့် ကျန်းလျို က ပြောလိုက်ပြီး စွန်းဝူခုန်း ၏ ခေါင်းကို ပုတ်လိုက်လေသည်။
"ဟုမ်းစ် ဘာ... ဘာကြီး..."
ထိုဂုဏ်ပုဒ် ဆိုသည်မှာ အသံထွက်ရခက်ခဲသည်ဟု စွန်းဝူခုန်း ခံစားလိုက်ရပြီး သူ့အတွက် မည်သည့် အဓိပ္ပာယ်မျှ မရှိပေ။
‘ဒီဂုဏ်ပုဒ်က ဘာကြီးလဲ... ငါ့ရဲ့ ကောင်းကင်နှင့်တန်းတူ မဟာပညာရှိကြီး ဆိုတဲ့ ဂုဏ်ပုဒ်လောက် ရှင်းလင်းပြတ်သားပြီး ကြားလို့ကောင်းတာမှ မဟုတ်တာ...’
"ဟုမ်းစ် ဟုတ်လား... အဲဒါက အရမ်း ဉာဏ်ကောင်းတယ်လို့ ဆိုလိုတာလား..."
အချိန်အတော်ကြာ တိတ်ဆိတ်နေခဲ့သော နဂါးမြင်းဖြူ သည် ရုတ်တရက် ဝင်ပြောလာပြီး ကျန်းလျို အား မြှောက်ပင့်သည့် ဟန်ဖြင့် မေးလိုက်လေသည်။
"မှန်တာပေါ့... ရှောင်ပိုင် က တကယ်ကို ဉာဏ်ကောင်းတာပဲ..."
ကျန်းလျို သည် ခေါင်းညိတ်လိုက်ပြီး နဂါးမြင်းဖြူ ၏ ခေါင်းကို ယုယကြင်နာစွာ ပုတ်ပေးလိုက်လေသည်။
***