အခန်း ၁၆၄
Vol. 12 Ch. 164
အပိုင်း(၁၆၄)
"ဒါနဲ့ ဆရာတော်... ကျုပ်ကို ဘယ်တော့လောက်များ လွှတ်ပေးမှာလဲ..."
ကျန်းလျို နှင့် သူ၏ တပည့်များ နောက်ပြောင်ရယ်မောနေကြစဉ် ဘေးနားတွင် ရှိနေသော ကျူးပါကျဲ သည် ခေတ္တမျှ စဉ်းစားလိုက်ပြီး ကျန်းလျို ဘက်သို့ လှည့်ကာ မေးလိုက်လေသည်။
"ငါတို့က မင်းရဲ့ နောက်ခံအကြောင်း ဆွေးနွေးနေကြတာ မဟုတ်ဘူးလား... မင်းက ဖုံးကွယ်ဖို့ ကြိုးစားလေလေ မင်းရဲ့ နောက်ခံမှာ ပြဿနာ တစ်ခုခု ရှိနေတယ်ဆိုတာ ပိုပြီး သိသာလာလေလေပဲ... ငါတို့ကို သိခွင့်မပေးနိုင်တဲ့ အရာက ဘာများလဲ..."
ကျူးပါကျဲ စကားပြောအပြီးတွင် ကျန်းလျို က စတင်ပြောဆိုလိုက်လေသည်။
ကျူးပါကျဲ သည် သူ၏ တပည့်ဖြစ်လာမည်ဖြစ်ပြီး အနောက်ကောင်းကင်ဘုံ သို့ ကျမ်းစာပင့်ဆောင်ရန် သူ့ကို အဖော်ပြုရမည့်သူ ဖြစ်လေသည်။
ဤအချက်ကိုမူ ကျန်းလျို သည် သေချာပေါက် တိုက်ရိုက် ထုတ်ပြော၍ မရနိုင်ပေ။ ထိုသို့မဟုတ်ပါက ဤအသေးစိတ်အချက်အလက်ကို သူ မည်သို့ သိရှိနေကြောင်းကို မည်သို့ ရှင်းပြမည်နည်း။
ထို့ကြောင့် ကျန်းလျို သည် သူ့ကို သင့်တင့်လျောက်ပတ်စွာ လမ်းကြောင်းပေးရမည်ဖြစ်ပြီး ကျူးပါကျဲ ကိုယ်တိုင် ဝန်ခံလာစေရန် ဖိအားပေးခြင်းက အကောင်းဆုံးဖြစ်လေသည်။
"ဆရာတော်က သိပ်ဉာဏ်ကောင်းတယ်ဆို... ဟို ဟုမ်းစ် ဘာညာဆိုလားပဲ... ဒီဝက်ကြီးရဲ့ နောက်ခံက ဘာလဲဆိုတာ ဆရာတော်ပဲ ခန့်မှန်းကြည့်ပါလား..."
ကျန်းလျို က ကျူးပါကျဲ ၏ အတိအကျ နောက်ခံကို မေးမြန်းနေသည်ကို ကြားသောအခါ စွန်းဝူခုန်း သည် ရန်စလိုသော အရိပ်အယောင်ဖြင့် ဝင်ရောက်စွက်ဖက်လိုက်လေသည်။
ပုံမှန်ဆိုလျှင် ဆရာတော်ကို ယှဉ်၍ စကားနိုင်လု၍ မရသော်လည်း ဤတစ်ကြိမ်တွင်မူ သူ့အတွက် နောက်ပြောင်ရန် အခွင့်အရေး ရသွားပုံပေါ်လေသည်။
စွန်းဝူခုန်း ၏ နောက်ပြောင်မှုကို ကြားသောအခါ ကျန်းလျို သည် သက်ပြင်းရှည်ကြီးကို ချလိုက်ပြီး ပြောလိုက်လေသည်။
"ဝူခုန်း... ငါ တကယ်ပဲ ကောက်ချက်မချနိုင်ဘူးလို့ မင်း ထင်နေတာလား... ဒါဆိုလည်း ငါ ခွဲခြမ်းစိတ်ဖြာမှုကို လက်တွေ့ပြပေးမယ်... အဲဒါမှ ဆရာတော် အကြိမ်ကြိမ် ပြောခဲ့ဖူးတဲ့ တွေးခေါ်မှု လုပ်ငန်းစဉ်ကို မင်း သင်ယူနိုင်မှာပေါ့... ဦးနှောက်ဆိုတာ သိပ်ကို အံ့ဩစရာကောင်းတဲ့ အရာတစ်ခုပဲ... မင်းမှာလည်း အဲဒါမျိုး ရှိမယ်လို့ မျှော်လင့်ပါတယ်ကွာ..."
ဤစကားကြောင့် နဂါးမြင်းဖြူ နှင့် ကျူးပါကျဲ တို့ နှစ်ဦးစလုံးမှာ နားစွင့်သွားကြလေသည်။ သူသည် ထိုနောက်ခံကို တိုက်ရိုက်ပင် အမှန်တကယ် ကောက်ချက်ချနိုင်မည်လော။ တကယ်ကြီးလော။
"စဉ်းစားကြည့်လေ... သူက အထက်ကောင်းကင်ဘုံကနေ လာတာဖြစ်ပြီး ပြစ်မှုကျူးလွန်ခဲ့လို့ လူ့ပြည်ကို နှင်ချခံရပြီး ဝင်စားခဲ့ရတယ်ဆိုတာကို ငါ ကောက်ချက်ချခဲ့ပြီးပြီ မဟုတ်လား..."
ကျန်းလျို သည် စွန်းဝူခုန်း နှင့် နဂါးမြင်းဖြူ တို့အား စတင် ရှင်းပြလေသည်။
မျောက်တစ်ကောင်နှင့် မြင်းတစ်ကောင်တို့သည် ခေါင်းညိတ်လိုက်ကြပြီး စာသင်ခန်းထဲတွင် အာရုံစိုက်ကာ နားထောင်နေကြသော ကျောင်းသားများနှင့်ပင် တူနေလေသည်။
"စောစောက ဒီ ဝက်မိစ္ဆာ နဲ့ ဝူခုန်း တို့ တိုက်ခိုက်ခဲ့ကြတယ်လေ... သူက တော်တော်လေး စွမ်းရည်ရှိတယ်ဆိုတာ သိသာတယ် မဟုတ်လား... ပြီးတော့ သူ့ရဲ့ လက်နက်ကလည်း တော်တော်လေး ထူးကဲတဲ့ အရည်အသွေးရှိပုံရတယ်... ဒီစွမ်းရည်တွေက သူ ဝင်စားပြီးမှ ရလာတာလို့ ထင်သလား… ဒါမှမဟုတ် လူ့ပြည်ကို မနှင်ချခံရခင် အရင်ကတည်းက ပိုင်ဆိုင်ထားတဲ့ စွမ်းရည်တွေလို့ ထင်သလား... "
ကျန်းလျိုက မေးလိုက်၏။
ဖြေဆိုလိုစိတ် ပြင်းပြနေသဖြင့် ခွာကိုပင် မြှောက်လုနီးပါးဖြစ်နေသော နဂါးမြင်းဖြူ က ပြန်လည်ဖြေကြားလိုက်လေသည်။
"ဒီလို နတ်စွမ်းရည်မျိုးကို အချိန်တိုအတွင်းမှာ ရရှိဖို့ဆိုတာ မဖြစ်နိုင်ပါဘူး... နောက်ပြီး သူက သူ့ရဲ့ အတိတ်ဘဝကိုလည်း သိပ်ကို ရှင်းရှင်းလင်းလင်း မှတ်မိနေသေးတယ်ဆိုတော့ ဒီစွမ်းရည်တွေက သူ မဝင်စားခင်ကတည်းက သေချာပေါက် ရှိနေခဲ့တာ ဖြစ်ရမယ်..."
ကျန်းလျိုက ခေါင်းညိတ်လိုက်၏။
"ဒါဆိုရင် ရှင်းနေတာပဲ မဟုတ်ဘူးလား... ဒီအချိန်မှာ ထပ်ပြီး ခန့်မှန်းနေစရာ လိုသေးလို့လား... သူ့ရဲ့ အတိတ်ဘဝမှာ ဒီလို စွမ်းရည်မျိုး ရှိခဲ့တယ်ဆိုရင် သူဟာ ကောင်းကင်ဘုံ မှာ သေချာပေါက် နာမည်ကျော်ကြားတဲ့ ပုဂ္ဂိုလ်တစ်ဦး ဖြစ်ခဲ့ရမယ်... ဝူခုန်း... မင်း ကောင်းကင်ဘုံ ကို တစ်ခေါက်လောက် သွားပြီး နည်းနည်းလောက် စုံစမ်းကြည့်လိုက်စမ်းပါ... ဘယ် အရေးပါတဲ့ ပုဂ္ဂိုလ်ကများ ပြစ်မှုကျူးလွန်ပြီး ဝင်စားဖို့ နှင်ချခံလိုက်ရသလဲ ဆိုတာကို ကြည့်လိုက်ရင် သူ့ရဲ့ နောက်ခံကို ငါတို့ သိရပြီ မဟုတ်ဘူးလား..."
"အာ... ဆရာတော်... အဲဒါက တကယ်ကို အဓိပ္ပာယ်ရှိတာပဲ..."
ကျန်းလျို ၏ ခွဲခြမ်းစိတ်ဖြာ ရှင်းလင်းချက် အဆုံးသတ်သွားသောအခါ စွန်းဝူခုန်း နှင့် နဂါးမြင်းဖြူ တို့ နှစ်ဦးစလုံး၏ မျက်လုံးများမှာ တောက်ပသွားကြပြီး ကျန်းလျို ၏ ကောက်ချက်ချမှုများမှာ ယုတ္တိရှိကာ ဆက်စပ်မှုရှိသည်ဟု ခံစားလိုက်ရလေသည်။
ဘေးနားရှိ ကျူးပါကျဲ မှာမူ မျက်နှာအမူအရာမှာ ပျက်ယွင်းနေပြီဖြစ်ပြီး ကျန်းလျို အား အံ့သြမှုနှင့် ကြောက်ရွံ့မှုများ ရောယှက်နေသော အကြည့်ဖြင့် စိုက်ကြည့်နေလေသည်။
‘နောက်နေတာလား… ငါက မြင်းထိန်း ကို မှတ်မိပြီး တိုက်ပွဲလေးတစ်ခု တိုက်လိုက်ရုံနဲ့တင် ငါ့ရဲ့ နောက်ခံကို သူက ကောက်ချက်ချနိုင်လုနီးပါး ဖြစ်နေပြီလား…’
‘ငါသာ သူ့နောက်ကို ဆက်လိုက်သွားမယ်ဆိုရင် ငါ့ဆီမှာ လျှို့ဝှက်ချက်တွေ ကျန်ဦးမှာလား…’
‘ဘယ်လိုမှ မဖြစ်နိုင်ဘူး... ကျုပ် ဝက်ကြီး အသေရိုက်သတ်ခံရရင်တောင်မှ သူ့နောက်ကို လိုက်ပြီး အနောက်အရပ်ဆီကို လုံးဝ မသွားနိုင်ဘူး...’
"ဟေ့... မင်းရဲ့ နောက်ခံကို မင်းဘာသာမင်း ပြောပြမှာလား... ဒါမှမဟုတ် ငါ စွန်းဝူခုန်း ပဲ ကောင်းကင်ဘုံကို တက်ပြီး သွားစစ်ဆေးလိုက်ရမလား..."
စိတ်ဓာတ်ကျကာ ကြေမွသွားသည့်ဟန်ရှိသော ကျူးပါကျဲ ၏ အမူအရာကို မြင်သောအခါ စွန်းဝူခုန်း က ပြုံး၍ မေးလိုက်လေသည်။
"ကျုပ်ဘာသာကျုပ်ပဲ ပြောလိုက်ပါ့မယ်ဗျာ..."
ဤအချိန်တွင် ကျူးပါကျဲ သည်လည်း သူ ပြောသည်ဖြစ်စေ၊ မပြောသည်ဖြစ်စေ မည်သည့် ခြားနားမှုမျှ မရှိတော့ကြောင်း သဘောပေါက်သွားလေသည်။ ထို့နောက် ခေါင်းငိုက်စိုက်ကျလျက်ဖြင့် ဝက်ကြီးသည် သူ၏ နောက်ခံအစစ်အမှန်ကို တည်ငြိမ်စွာ ဖွင့်ဟလိုက်လေသည်။
"အရင်ဘဝတုန်းက ကျုပ်က ကောင်းကင်မြစ် ရဲ့ ရေတပ်စစ်သည် ရှစ်သောင်းကို ကွပ်ကဲရတဲ့ မဟာ ထျန်းဖုန် စစ်သူကြီး ဖြစ်ခဲ့တယ်... အရက်မူးပြီး ချန်အဲ့ ကို မရိုမသေ လုပ်ခဲ့မိလို့ ကျောက်စိမ်းဧကရာဇ် က ကျုပ်ကို ဝင်စားဖို့ စေလွှတ်လိုက်တာ... အဲဒီမှာ ဝက်အဖြစ် မှားယွင်း မွေးဖွားလာခဲ့လို့ အခုလို ဒုက္ခရောက်ရတာပဲ..."
"မဟာ ထျန်းဖုန် စစ်သူကြီး..."
ဝက်မိစ္ဆာ ၏ မူလ နောက်ခံကို ကြားသောအခါ နဂါးမြင်းဖြူ မှာ စိတ်ထဲမှနေ၍ အံ့ဩတကြီး ရေရွတ်လိုက်မိလေသည်။
အနောက်ပင်လယ် နဂါးနန်းတော် ၏ တတိယမြောက် နန်းမွေခံမင်းသား ကိုယ်တိုင်ဖြစ်သောကြောင့် ထိုဂုဏ်ပုဒ်၏ ဆိုလိုရင်းကို သူ ကောင်းစွာ နားလည်ထားလေသည်။ ယင်းမှာ နတ်ပြည် တွင် အလွန်အရေးပါသော ရာထူးတစ်ခုဖြစ်ပြီး ရေတပ်စစ်သည် ရှစ်သောင်းပါဝင်သော စစ်တပ်ကြီးကို ကွပ်ကဲရခြင်းဖြစ်ရာ သူ့အား နတ်ပြည် ၏ အရာရှိကြီးတစ်ဦးဟုပင် ခေါ်ဆိုနိုင်ပေသည်။
သူ ယခုလို အခြေအနေမျိုးအထိ ရောက်သွားလိမ့်မည်ဟု မည်သူက ထင်ထားမည်နည်း။
"ထျန်းဖုန် စစ်သူကြီး ဟုတ်လား... ကျုပ် စွန်းဝူခုန်း နတ်ပြည် မှာ ကောင်းကင်မြင်း တွေကို ကျောင်းနေတုန်းက ခင်ဗျားကို တွေ့ဖူးသလိုပဲ... ခင်ဗျား ကျုပ်ကို မှတ်မိနေတာလည်း မဆန်းပါဘူးလေ..."
ကျူးပါကျဲ ၏ နောက်ခံကို ကြားသောအခါ စွန်းဝူခုန်း သည် ခေတ္တမျှ စဉ်းစားလိုက်ပြီးနောက် အလင်းပွင့်သွားဟန်ဖြင့် ပြောလိုက်လေသည်။
"မှန်ပါတယ်... ခင်ဗျား ကောင်းကင်မြင်း တွေကို ကောင်းကင်မြစ် နားမှာ ကျက်စားဖို့ ခေါ်လာတုန်းက ကျုပ်တို့ ခဏလောက် ဆုံခဲ့ကြတာလေ..."
ကျူးပါကျဲ က ခေါင်းညိတ်ကာ ပြန်ဖြေလိုက်လေသည်။
စကားဆုံးသည်နှင့် ကျူးပါကျဲ ၏ အကြည့်များက ကျန်းလျို ထံသို့ ပြန်ရောက်သွားပြီး ပြောလိုက်လေသည်။
"ဆရာတော်... ကျုပ် ဝက်ကြီးက ဒီနေ့ ဒီလိုအခြေအနေမျိုးအထိတောင် ကျဆင်းနေခဲ့ပြီပဲ... ဆရာတော်က ကျုပ်ကို တကယ်ပဲ ရိုက်နှက်သတ်ဖြတ်ချင်သေးတာလား... အဲဒီအစား ကျုပ်ကို လွှတ်ပေးလိုက်ပါတော့လား..."
အထက်တန်းကျသော ထျန်းဖုန် စစ်သူကြီး ဘဝမှ ဝက်မိစ္ဆာ ဘဝသို့ ပြောင်းလဲခြင်းမှာ လွန်စွာ ဝမ်းနည်းဖွယ်ကောင်းသော ကံကြမ္မာ၏ အလှည့်အပြောင်းပင် ဖြစ်လေသည်။ နဂါးမြင်းဖြူ သာမက စွန်းဝူခုန်း ပင်လျှင် ကိုယ်ချင်းစာစိတ် တစ်ချက် ဝင်သွားခဲ့လေသည်။
သို့သော်လည်း ကျန်းလျို သည် စိတ်ထဲမှမဲ့ပြုံး ပြုံးလိုက်လေသည်။ ကျူးပါကျဲ သည် သနားစရာကောင်းအောင် ဟန်ဆောင်နေသော်လည်း အဆုံးတွင်မူ သူသည် ထွက်သွားချင်ရုံသာ ဖြစ်လေသည်။
ကြည့်ရသည်မှာ သူသည် အနောက်အရပ်သို့ သွားရမည့် ခရီးစဉ်တွင် မပါဝင်ရန် ဆုံးဖြတ်ထားပုံရလေသည်။
"အဟမ်း... ငါ့မှာ နောက်ဆုံး မေးခွန်းတစ်ခု ရှိသေးတယ်... မင်း ငါတို့ကို မြင်တော့ ဘာလို့ ထွက်ပြေးတာလဲ... ငါတို့ကို ဘယ်လို လျှို့ဝှက်ချက်တွေ ဖုံးကွယ်ထားတာလဲ... သေချာတာကတော့ မင်း ရိုးရိုးသားသား ဝန်မခံဘူးဆိုရင်တောင်မှ အဲဒါကို ငါက ယုတ္တိရှိရှိ ကောက်ချက်ချနိုင်ပါသေးတယ်..."
ကျန်းလျို၏ စကားများကြောင့် ကျူးပါကျဲသည် မသက်မသာနှင့် တွေဝေသွားဟန် ရှိလေသည်။ အကယ်၍ ကျန်းလျိုက အစကတည်းက ကျူးပါကျဲ၏ ရည်ရွယ်ချက်များကို လေထဲမှနေ၍ ကောက်ချက်ချနိုင်သည်ဟု ပြောခဲ့ပါက ကျူးပါကျဲသည် မည်သို့မျှ ယုံကြည်ခဲ့မည် မဟုတ်ပေ။ လောကကြီးတွင် ဤမျှ ဉာဏ်ပညာကြီးမားသော သူတစ်ယောက် အမှန်တကယ် ရှိနိုင်ပါမည်လော။
သို့သော်လည်း... သူ၏ ကိုယ်ပိုင်နောက်ခံနှင့် ပတ်သက်၍ ကျန်းလျိုသည် သဲလွန်စလေးများမှတစ်ဆင့် မှန်ကန်စွာ ကောက်ချက်ချနိုင်ခဲ့ခြင်းက ကျူးပါကျဲအား သူ၏ စွမ်းဆောင်ရည်များကို နက်ရှိုင်းစွာ လေးစားသွားစေခဲ့လေသည်။
ကျူးပါကျဲ၏ တွေဝေနေသော အမူအရာကို ကြည့်ခြင်းအားဖြင့် သူသည် အနောက်အရပ်သို့ သွားရန် တွန့်ဆုတ်နေသော်လည်း အကြောက်လုံးသွင်းခံလိုက်ရသဖြင့် လိမ်ညာရန် မဝံ့ရဲတော့ကြောင်း ထင်ရှားလှပေသည်။ ကျန်းလျို စိတ်ထဲမှ တိတ်တဆိတ် ပြုံးလိုက်လေသည်။
ဟုမ်းစ်ရွှမ်ကျန်း အနေဖြင့် ပို၍ ပြင်းထန်သော ဆေးတစ်ခွက် တိုက်ကျွေးရန် လိုအပ်နေသေးပုံ ရလေသည်။
"ငါ ခန့်မှန်းကြည့်မယ်... မင်း ပထမဆုံး ထွက်လာတုန်းက မင်းရဲ့ စကားတွေအရဆိုရင် မင်း ငါတို့ကို တကယ်စားချင်နေခဲ့တာပဲ... ဒါပေမဲ့ ငါတို့ကို မြင်ပြီးတဲ့နောက်မှာတော့ မင်းက ချက်ချင်းဆိုသလို နောက်လှည့်ပြီး ထွက်ပြေးခဲ့တယ်..."
ခေတ္တမျှ ရပ်နားလိုက်ပြီး သူက ဆက်ပြောလေသည်။
"ပထမတော့ မင်းက ဝူခုန်း ကို မှတ်မိလို့ ထွက်ပြေးတာလို့ ငါ ထင်ခဲ့တာ... ဒါပေမဲ့ မင်းရဲ့ စွမ်းရည်တွေကို ကြည့်ရတာ မင်းက ဝူခုန်း ထက် အများကြီး အားနည်းမနေဘူးလေ... ပြီးတော့ ကောင်းကင်ဘုံ မှာတုန်းက ဝူခုန်း နဲ့ အဆက်အသွယ် ရှိခဲ့တယ်ဆိုရင် သူ့ကို မြင်တာနဲ့ မင်း ဘာလို့ ထွက်ပြေးရမှာလဲ..."
"ဒါကြောင့် မင်း ထွက်ပြေးရတဲ့ အကြောင်းရင်းက ဝူခုန်း ကြောင့် မဟုတ်ဘူး..."
ဤနေရာသို့ ရောက်သောအခါ ကျန်းလျို၏ အကြည့်များက သူ့ကိုယ်သူနှင့် နဂါးမြင်းဖြူ တို့ကြားတွင် ခေတ္တမျှ ရွှေ့လျားသွားပြီးနောက် ပြောလိုက်လေသည်။
"ဝူခုန်း ကြောင့် မဟုတ်ဘူးဆိုရင် ရှောင်ပိုင် ဒါမှမဟုတ် ငါ့ကြောင့် ဖြစ်ရမယ်... ငါ့ကြောင့် ဖြစ်ဖို့ ပိုများတယ်... ဒါဆို ငါ့ကို မြင်တော့ မင်း ဘာလို့ ထွက်ပြေးရတာလဲ..."
***