← Chapters

တာအိုပညာရပ်များနှင့် စင်မြင့်ထက်က ပွင့်လန်းသော ပန်းများ

Vol. 2 Ch. 20

တာအိုပညာရပ်များနှင့် စင်မြင့်ထက်က ပွင့်လန်းသော ပန်းများ

Vol. 2 Ch. 20

မွန်းလွဲ ၁ နာရီ ၃၀ မိနစ် အတိအကျတွင် မော်ရှန်းတောင်မှ တာအိုဆရာနှစ်ဦးသည် လူကိုးဦးပါသောအဖွဲ့ကို တောင်ပတ်လမ်းအတိုင်း ဦးဆောင်ခေါ်သွားကြသည်။ ၎င်းတို့သည် မော်ရှန်းတောင်၏ အနောက်ဘက်တံခါးဖြစ်သော ‘လျှို့ဝှက်ဆန်းကြယ်တံခါး’ မှတစ်ဆင့် ဝင်ရောက်ကာ ‘မြင့်မြတ်သောတံတား’ ပေါ်သို့ တက်လှမ်းခဲ့ကြသည်။

တောင်ပေါ်သစ်တော၏ တိတ်ဆိတ်ငြိမ်သက်မှုမှာ ရင်သပ်ရှုမောဖွယ် ကောင်းလှသည်။ လမ်းတစ်လျှောက်တွင် အနားယူရန် ဇရပ်လေးများ ရှိပြီး မြင်ကွင်းများမှာလည်း အလွန်ထူးခြားသည်။ တောင်ပေါ်ဒေသဖြစ်သော်လည်း ၎င်း၏ အလှအပမှာ ဝူတန်းတောင်နှင့် လုံးဝမတူဘဲ ကွဲပြားနေသည်။ ဤနေရာတွင် ခဏတာ လွတ်လပ်စွာ လာရောက်နေထိုင်ချင်စိတ် ပေါက်သွားစေလောက်အောင် ဆွဲဆောင်မှု ရှိလှသည်။

သူတို့ သွားရမည့်နေရာကို ‘လရောင်စင်မြင့်’ ဟု ခေါ်သော်လည်း တကယ်တမ်း၌ ‘ချုံးရှီနန်းတော်’ ပြင်ပရှိ ကွင်းပြင်သာ ဖြစ်သည်။

ဂိုဏ်းအသီးသီးမှ တပည့်များသည် နန်းတော်အပြင်ဘက်တွင် စုဝေးနေကြပြီး မော်ရှန်းတောင်၏ အစီအစဉ်အတိုင်း နေရာယူထားကြသည်။ တစ်ချိန်တည်းမှာပင် လီရှီဝူကဲ့သို့သော အဖွဲ့ခေါင်းဆောင်များသည် ဆွေးနွေးမှုများ ပြုလုပ်ရန် ချုံးရှီနန်းတော်အတွင်းသို့ ဝင်သွားကြသည်။

မော်ရှန်းတောင်မှ တပည့်ပေါင်း တစ်ရာကျော်သည် ပွဲခင်းပြင်ဆင်မှုများကို အချောသတ်ရန် အလုပ်ရှုပ်နေကြသည်။ ပြင်ဆင်မှုမှာ အတော်လေး ရိုးရှင်းသည်။ ဗဟိုကွင်းပြင်၏ ဘေးတစ်ဖက်တစ်ချက်တွင် ဖျာများနှင့် တန်းလျားရှည်များကို စီထားပြီး ဂိုဏ်းတစ်ခုချင်းစီ၏ အမည်ဆိုင်းဘုတ်များကို ချထားသည်။

မော်ရှန်းတောင်တွင် ကျင့်ကြံနေသော တာအိုရသေ့၊ ဘုန်းကြီးအများအပြား ရှိနေခြင်းက သူတို့ တာအိုဂိုဏ်း၏ အစဉ်အလာကြီးမားမှုကို သက်သေပြနေသည်။ ဝူတန်းတောင်တွင် ဝန်ရှန်း တစ်ခါမှ မမြင်ဖူးခဲ့သော ကျင့်ကြံခြင်းအဆင့်အတန်အသင့်ရှိသည့် လူငယ်တပည့် အမြောက်အမြားကို ဤနေရာတွင် တွေ့ရသည်။

ဤနေရာ၏ ဝေးလံခေါင်ဖျားမှုမှာ အားသာချက်တစ်ခုဖြစ်ပြီး သာမန်လူများ၏ စပ်စုတတ်သော အကြည့်များမှ ကာကွယ်ပေးထားသည်။ တပည့်များကိုလည်း ဤနေရာကို မည်သည့်ပုံစံနှင့်မျှ မှတ်တမ်းတင်ခြင်း သို့မဟုတ် ဓာတ်ပုံရိုက်ခြင်း မပြုရန် ညွှန်ကြားထားသဖြင့် ကျင့်ကြံသူများသည် မိမိတို့၏ စွမ်းဆောင်ရည်များကို လွတ်လပ်စွာ ပြသနိုင်ပြီး ကျင့်ကြံမှုဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးနိုင်ကြသည်။

အထက်တွင် ချိတ်ဆွဲထားသော “တာအိုဂိုဏ်းများ နှီးနှောဖလှယ်ပွဲ” ဟူသည့် နဖူးစည်းစာတန်းကို “တာအိုဂိုဏ်းများ အကဲဖြတ်ပွဲ” ဟု အမည်ပြောင်းလိုက်လျှင် ပိုကောင်းလိမ့်မည်ဟု ဝမ်ရှန်း တွေးမိသည်။

လူတစ်ရာကျော် စုဝေးနေသော်လည်း ပွဲခင်းမှာ စနစ်တကျ ရှိနေဆဲဖြစ်သည်။ တာအိုဆရာကြီးများသည် မျက်စိမှိတ်ကာ တရားမှတ်နေကြပြီး လူငယ်တပည့်များကမူ တစ်ဦးကိုတစ်ဦး အကဲခတ်နေကြသည်။

မုဝမ်ရွှမ်းနှင့် ဝမ်ရှန်းတို့သည် တန်းလျားတစ်ခုတည်းမှာပင် အတူထိုင်နေကြသည်။ သူမတွင် ယနေ့ တာဝန်တစ်ခု ရှိပေသည်။ နေရာယူပြီးနောက် သူမသည် မျက်စိမှိတ်ကာ တိတ်ဆိတ်စွာ တရားထိုင်နေသည်မှာ နောက်ထပ် လာမည့် သရုပ်ပြမှုအတွက် ပြင်ဆင်နေခြင်း ဖြစ်ကြောင်း သိသာလှသည်။

အာရုံစိုက်မှု အများစုမှာ သူမထံသို့ ရောက်နေသည်။ ဝမ်ရှန်းသည်လည်း တစ်ခါတစ်ရံ အကြည့်ခံရတတ်သော်လည်း ခဏတာမျှသာ ဖြစ်သည်။ ဤကဲ့သို့ အရှိန်အဝါဖြင့် ဆွဲဆောင်မှုရှိသော လူငယ်တာအိုဆရာများမှာ ဤနေရာတွင် အဆန်းမဟုတ်ပေ။

မွန်းလွဲ ၁ နာရီ ၄၅ မိနစ်တွင် နန်းတော်အတွင်းမှ အေးချမ်းသော တာအိုတေးဂီတသံများ ထွက်ပေါ်လာသည်။ အဝါနုရောင် တာအိုဝတ်စုံများနှင့် ဘာသာရေးအဆောင်ယောင််များနှင့် မော်ရှန်းတောင်မှ တာအိုအကြီးအကဲ ရှစ်ဦး ထွက်ပေါ်လာသည်။ သူတို့၏ ဖြူဖွေးနေသာ ဆံပင်များနှင့် ဆွဲဆောင်မှုရှိနေသော အရှိန်အဝါများသည် နက်ရှိုင်းသော တာအိုနှင့် သဟဇာတဖြစ်မှုကို ထင်ဟပ်နေပြီး သူတို့၏ တည်ရှိမှုမှာ ထူးခြားဆန်းကြယ်လှသည်။

လီရှီဝူနှင့် အခြားဂိုဏ်းခေါင်းဆောင်များသည် နောက်မှ လိုက်လာကြပြီး နန်းတော်ရှေ့တွင် ပြင်ဆင်ထားသော တန်းလျားများပေါ်၌ ယဉ်ကျေးစွာ နေရာယူကြသည်။ ဝမ်ရှန်းသည် ဖုန်းကို ခိုးထုတ်ကာ နတ်ဘုရားနဲ့တူသည့် အဖိုးအိုများ၏ အဖွဲ့လိုက်ဓာတ်ပုံ အချို့ကို ရိုက်ပြီး သူ၏ ဆရာထံသို့ ပို့လိုက်သည်။

မကြာမီတွင် မျှော်လင့်ထားသော မိန့်ခွန်းပြောကြားသည့် အစီအစဉ် ရောက်လာသည်။ ၎င်းမှာ တာအိုဂိုဏ်းများ၏ သမိုင်းကြောင်းကို ပြန်ပြောင်းပြောပြပြီး သူတို့၏ တောက်ပသော အနာဂတ်ကို မျှော်မှန်းပြောဆိုခြင်း ဖြစ်သည်။

မော်ရှန်းတောင်ကိုယ်စားပြု ပြောကြားသော တာအိုဆရာကြီး၏ ကျင့်ကြံခြင်းမှာ အလွန်နက်ရှိုင်းလှသဖြင့် ဝမ်ရှန်းအနေဖြင့် မည်သို့မျှ ခန့်မှန်း၍ မရပေ။ ပွဲခင်းတွင် မိုက်ခရိုဖုန်းများ တပ်ဆင်မထားသော်လည်း လူတိုင်းက သူ့စကားကို ရှင်းလင်းစွာ ကြားနေရသည်။ သူ၏ အသံထုတ်လွှင့်ခြင်း နည်းစနစ်တစ်ခုတည်းနှင့်ပင် သူ၏ ထူးခြားသော တာအိုစွမ်းရည်ကို သက်သေပြရန် လုံလောက်နေပြီ ဖြစ်သည်။

သို့သော် ဝမ်ရှန်းအနေဖြင့် သူ့ကို မှတ်မိခြင်း မရှိပေ။ သူ၏ အရင်ဘဝက အင်တာနက်ပေါ်တွင် ဖတ်ခဲ့ရသည်များမှာ အတော်လေး ချဲ့ကားထားပုံရသည်ဟု သူ ထင်လိုက်သည်။

အဖွင့်မိန့်ခွန်းတွင် အားနည်းချက်တစ်ခုရှိလျှင်ပင် ၎င်းမှာ တာအိုဆရာကြီး အများစုကြုံတွေ့ရလေ့ရှိသော ပြဿနာဖြစ်သည့် ဒေသန္တရ လေယူလေသိမ်း ဝဲနေခြင်းပင် ဖြစ်သည်။ ကံကောင်းသည်မှာ သူသည် စကားကို အေးအေးဆေးဆေးနှင့် တည်ငြိမ်စွာ ပြောနေသဖြင့် နားထောင်သူများ အနေဖြင့် အနည်းငယ် ကြိုးစားအားထုတ်လျှင် သူပြောလိုသော အနှစ်သာရကို နားလည်နိုင်လေသည်။

“အခုလို ငြိမ်းချမ်းတဲ့ အချိန်ဆိုတာ ရဖို့ခဲယဉ်းသလို အရမ်းလည်း တန်ဖိုးရှိပါတယ်။ ဒါကို ရေရှည်တည်တံ့အောင် ကျင့်ကြံသူတွေအနေနဲ့ တာအိုကို ကာကွယ်စောင့်ရှောက်ဖို့ ကိုယ့်ကိုယ်ကိုယ် မြှုပ်နှံထားရပါမယ်။ တာအိုပညာရပ်တွေကို သုံးပြီး လောကကြီးကို ဘယ်တော့မှ အန္တရာယ် မပြုရဘူး”

“ဝိနည်းစည်းကမ်းတွေနဲ့ ချည်နှောင်ထားတဲ့ တာအိုတပည့်တွေအနေနဲ့ ကျင့်ကြံခြင်း ဘယ်လောက်ပဲ နက်ရှိုင်းပါစေ မဆင်မခြင်လုပ်တာကို တားမြစ်ထားတယ်ဆိုတာ နားလည်ထားရမယ်။ တာအိုပညာရပ်ကို ကိုယ့်ရဲ့ ပုဂ္ဂိုလ်ရေးဆန္ဒတွေအတွက် အလွဲသုံးစားလုပ်တာက အခုချိန်မှာ အရေးမကြီးဘူး ထင်ရပေမဲ့ ကျင့်ကြံခြင်း ပိုမြင့်လာတဲ့အခါ မပြည့်ဝတဲ့ စိတ်နှလုံးသားက တိုးတက်မှုကို ပိတ်ဆို့မိလိမ့်မယ်”

“ငါတို့ ဘိုးဘေးတွေရဲ့ သတိပေးချက်တွေကို မမေ့သင့်ဘူး။ တိုင်းပြည် မငြိမ်မသက်ဖြစ်ချိန်မှာ ငါတို့က သူရဲကောင်း ကာကွယ်စောင့်ရှောက်သူတွေအဖြစ် ထွက်ပေါ်လာရမယ်။ ငြိမ်းချမ်းတဲ့ အချိန်မှာတော့ ဥပဒေကို လိုက်နာပြီး ဒီမဟာကောင်းကင်ကြီးအောက်က လူသားတွေနဲ့ ကောင်းကင်ဘုံကို စောင့်ရှောက်ရမယ်”

လူငယ်ကျင့်ကြံသူ အများအပြားက ဤသွန်သင်ချက်ကို စိတ်ဝင်စားကြသည်။ တာအိုဆရာကြီးများသည် ကိုယ်ကျင့်တရားနှင့် ရိုးရာဓလေ့ကို လေးစားရန် အမြဲအလေးပေးပြောလေ့ရှိသော်လည်း နိုင်ငံနှင့် ကမ္ဘာကြီးအပေါ် တာဝန်ယူမှု အဆင့်အထိ ပြောဆိုခဲလှသည်။

ဝမ်ရှန်းသည် သူ၏ ဆရာ သွန်သင်ခဲ့သည်များကို ပြန်လည် စဉ်းစားနေမိသည်။

နိုင်ငံနှင့် ပြည်သူကို ကာကွယ်ရန် ဆရာကြီးက အလေးပေးပြောသွားခြင်းမှာ စကားအဖြစ် ပြောရုံသက်သက် မဟုတ်ပေ။ လွန်ခဲ့သော နှစ်ပေါင်း ခုနစ်ဆယ်၊ ရှစ်ဆယ်ခန့်ကို ပြန်ကြည့်လျှင် မြင့်မြတ်သောနတ်ဘုရားနယ်မြေများကို တိုင်းတစ်ပါးသားကျူးကျော်သူများ ဖျက်ဆီးခဲ့ကြဖူးသည်။ ထိုအချိန်က တောထွက် ကျင့်ကြံနေသော တာအိုဆရာများပင် ရှေ့ထွက်လာပြီး သူတို့ကို မောင်းထုတ်ခဲ့ကြသည်။

ကျူးကျော်သူများကို တွန်းလှန်ရာတွင် တာအိုဂိုဏ်းအသီးသီးမှ တပည့်များစွာ အသက်ပေးခဲ့ရပြီး ဒဏ်ရာရခဲ့ကြသည်။ အချို့ဂိုဏ်းများတွင် သက်ကြီးပိုင်း တာအိုဆရာ အနည်းငယ်သာ ကျန်ရစ်တော့သဖြင့် နှစ်ပေါင်းထောင်ချီသော အမွေအနှစ်များကို ဆက်လက် ထိန်းသိမ်းရန် ခက်ခဲသွားခဲ့သည်။

တာအို၏ မလှုပ်ရှားခြင်းလမ်းစဉ်မှာ ငြိမ်းချမ်းသော အချိန်အတွက် ဖြစ်သော်လည်း နိုင်ငံက ခက်ခဲချိန်တွင်မူ တာဝန်ယူ ရပ်တည်ရမည် ဖြစ်သည်။ ထို့ကြောင့် နိုင်ငံနှင့် ပြည်သူကို ကာကွယ်ခြင်း ဟူသော စိတ်ကူးမှာ တာအို၏ ငြိမ်သက်ခြင်းနှင့် မလှုပ်ရှားခြင်းလမ်းစဉ်နှင့် ဆန့်ကျင်ဘက် မဟုတ်ပေ။

ကံမကောင်းစွာဖြင့် ကမ္ဘာဦးချီများ ပြန်လည်ပေါ်ပေါက်လာခြင်းမှာ ရာစုနှစ်တစ်ခု နောက်ကျသွားခဲ့သည်။ သို့မဟုတ်ပါက တာအိုဆရာများသည် ကျူးကျော်သူများ၏ အခြေစိုက်စခန်းများကို ဖြိုဖျက်နိုင်ခဲ့လိမ့်မည်။

လောကကြီးမှာ ပြောင်းလဲမှုတွေ ရှိနေပေမဲ့ မငြိမ်မသက်ဖြစ်ချိန်မှာ နတ်ဘုရားတွေတောင် သူရဲကောင်းပီသစွာ တာဝန်ယူခဲ့ကြရပေသည်၊၊

ဆရာကြီး စကားပြောပြီးနောက် မော်ရှန်းတောင်မှ အနည်းငယ် ပိုငယ်သော တာအိုဆရာ တစ်ဦး ထရပ်လိုက်သည်။ အစောပိုင်းက စကားပြောခဲ့သော ဆရာကြီးမှာ ဂိုဏ်း၏ ဝါအကြီးဆုံး ပုဂ္ဂိုလ်ဖြစ်ပြီး ဂိုဏ်း၏ ကိစ္စတိုင်းတွင် ပါဝင်ခြင်း မရှိတော့ပုံ ရသည်။ ယခု ထရပ်သော တာအိုဆရာမှာမူ ဂိုဏ်းချုပ်ဖြစ်ပုံရသည်။ သူသည် အသက် ၅၀ ကျော်ခန့် ရှိပုံရပြီး မပြောဘဲနှင့် သိသာနေသော အရှိန်အဝါတစ်ခု ရှိနေသည်။

“ဒီနေ့မှာတော့ မြင့်မြတ်တဲ့ တောင်တွေက တာအိုဂိုဏ်းတွေ အားလုံး ဒီမှာ စုဝေးခွင့်ရတဲ့အတွက် ဂုဏ်ယူပါတယ်။ ဒါဟာ တာအိုအမွေအနှစ်တွေနဲ့ ရှေးဟောင်း သွန်သင်ချက်တွေရဲ့ မှန်ကန်တဲ့ လက်ဆင့်ကမ်းမှုပဲ ဖြစ်ပါတယ်။ တာအိုကို ကျင့်ကြံရာမှာ ငြိမ်သက်ခြင်းနဲ့ မလှုပ်ရှားခြင်းကို အလေးထားပေမဲ့ ငါတို့တွေ ဆွေးနွေး နှီးနှောဖို့တော့ လိုသေးတာပေါ့။ ဘယ်သူမှ တစ်ယောက်တည်းနဲ့ အောင်မြင်အောင် မလုပ်နိုင်ဘူး မဟုတ်လား”

“ဒီနှီးနှောဖလှယ်ပွဲရဲ့ ရည်ရွယ်ချက်က ကျင့်ကြံရေးဆိုင်ရာ အသိအမြင်တွေကို ဝေမျှဖို့နဲ့ ဂိုဏ်းတစ်ခုချင်းစီရဲ့ သံသယတွေကို ဖြေရှင်းဖို့ ဖြစ်ပါတယ်။ အခု ဂိုဏ်းအသီးသီးက သူတို့ရဲ့ အမွေအနှစ်တွေကို သရုပ်ပြပြီး စတင်ကြရအောင်။ ပွဲဦးထွက်အနေနဲ့ ကျုပ်တို့ မော်ရှန်းတောင်ကပဲ အရင်စလိုက်ပါ့မယ်”

မော်ရှန်းတောင် တပည့်နှစ်ဦး (အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦး) ရှေ့ထွက်လာကြသည်။ ခန့်ညားသော ထိုအမျိုးသားသည် အဝါနုရောင် တာအိုဆရာဝတ်စုံနှင့် တောင်ထိပ်ငါးခုဦးထုပ်ကို ဆင်ယင်ထားပြီး အမျိုးသမီးမှာမူ ကြာပန်းဦးထုပ်ကို ဆောင်းထားကာ သူမ၏ အလှမှာ နူးညံ့သော ဆွဲဆောင်မှု ရှိနေသည်။

သူတို့နှစ်ဦး ဘေးချင်းယှဉ်ရပ်ကာ ပရိသတ်ကို ဦးညွှတ် နှုတ်ဆက်လိုက်ကြသည်။ ထို့နောက် သူတို့၏ အစစ်အမှန်ချီများကို ထုတ်ဖော်လိုက်သည်။ သူတို့ အဝါရောင်စက္ကူများကို ထုတ်လိုက်သောအခါ ပတ်ဝန်းကျင်တွင် ကမ္ဘာဦးချီများ ဝဲပျံလာသည်။

ဝမ်ရှန်း စိတ်ဝင်စားသွားသည်။ မုဝမ်ရွှမ်းသည်လည်း မျက်တောင်မခတ်ဘဲ စိုက်ကြည့်နေသည်။

သူတို့၏ ဆရာမှာ အဆောင်လက်ဖွဲ့ပညာရပ်တွင် ကျွမ်းကျင်သူမဟုတ်သဖြင့် တစ်ခါမှ သရုပ်မပြဖူးသောကြောင့် ဤအရာများသည် သူတို့အတွက် အသစ်အဆန်းများ ဖြစ်နေသည်။

ထိုနှစ်ဦးစလုံးသည် အဝါရောင် အဆောင်စာရွက်များကို တစ်ပြိုင်တည်း ဆုပ်ကိုင်လိုက်ကြသည်။ တပြိုင်နက်တည်း ရွတ်ဆိုလိုက်ကြသည်။

“မြန်စေ”

အင်းစာရွက်ပေါ်မှ အနီရောင်စာသားများက အသက်ဝင်လာပြီး မီးတောက်နှစ်ခု ရှေ့သို့ ပွင့်ထွက်သွားသည်။

သရုပ်ပြသူများသည် ထိုမီးတောက်များထဲမှ တောင်ပိန္နဲသားဓားများကို ဆွဲထုတ်လိုက်ကြသည်။ ထို့နောက် နောက်သို့ဆုတ်၊ လှည့်ပတ်ကာ ဓားများကို ဝှေ့ယမ်းလိုက်ကြသည်။ လှုပ်ရှားမှုတိုင်းမှာ အကြိမ်ကြိမ်လေ့ကျင့်ထားသည့်အတိုင်း အပြစ်ဆိုဖွယ်မရှိအောင် လှပနေသည်။

သစ်သားဓားများကို ဆုပ်ကိုင်ထားရင်း သူတို့သည် ဂါထာများ ရွတ်ဆိုကြသည်။ ကျန်ရှိနေသော မီးလျှံများမှာ ဓားသွားများပေါ်တွင် ရစ်ပတ်နေပြီး ရင်သပ်ရှုမောဖွယ် မြင်ကွင်းတစ်ခုကို ဖန်တီးလိုက်သည်။ လှပသော ဓားကွက် အချို့အပြီးတွင် သူတို့သည် လက်ကောက်ဝတ်ကို အသာအယာ ခါလိုက်ရာ သစ်သားဓားများနှင့် မီးနဂါးများမှာ တစ်ပြိုင်တည်း ပျောက်ကွယ်သွားသည်။

သူတို့သည် မူလနေရာသို့ ပြန်သွားကာ ဘေးချင်းယှဉ်ရပ်ပြီး ပတ်ဝန်းကျင်ရှိ ပရိသတ်ကို တာအိုရိုးရာအတိုင်း ဦးညွှတ် နှုတ်ဆက်လိုက်ကြသည်။

ဒါပဲလား…

ဝမ်ရှန်းမှာ မယုံနိုင်သလို မျက်တောင်ခတ်မိသွားသည်။

ဘာလို့ လမ်းဘေးမျက်လှည့်ပွဲတစ်ခုကို ကြည့်နေရသလို ခံစားနေရတာလဲ….

ဘယ်ဂိုဏ်းကမှ သူတို့ရဲ့ တကယ့် တာအိုပညာရပ်တွေကို အလေးအနက်ပြချင်ပုံ မရဘူး…

ပရိသတ်ထဲမှ ဟိုတစ်စ၊ ဒီတစ်စ လက်ခုပ်သံများ ထွက်ပေါ်လာသည်။ ထိုအခါမှသာ လူအများက လက်ခုပ်တီးရမည်မှန်း သတိရလာကြပုံပေါ်သည်။

“ဒါပဲလား။ ဒါက မော်ရှန်းတောင်ရဲ့ ကျော်ကြားလှတဲ့ တာအိုပညာရပ်လား”

တစ်စုံတစ်ဦးက နှာခေါင်းကို ညှစ်ထားသကဲ့သို့ အသံဖြင့် တမင်လုပ်ပြီး မေးလိုက်သည်။

“ဝိုး... တကယ့်ကို အထင်ကြီးစရာပဲ။ ငါကလေးဘဝတုန်းကဆိုရင် လမ်းဘေးဈေးထဲမှာ တစ်ယွမ်ပေးရင် ဒါမျိုး ခုနစ်ခုလောက် ကြည့်လို့ရတယ်၊၊ အကြွေတောင် ပြန်အမ်းသေးတယ်။ တကယ့်ကို အဆောင်ပညာမှာ ကျော်ကြားတဲ့ ဂိုဏ်းတွေကို ကိုယ်စားပြုပုံကတော့ အံ့ဩစရာပဲ”

လေထုမှာ ချက်ချင်း တင်းမာသွားသည်။ ရောက်ရှိနေသော တာအိုဆရာကြီးများ ကိုယ်ဟန်ကို တည့်မတ်လိုက်ကြပြီး ဤကဲ့သို့ ရဲတင်းစွာ လှောင်ပြောင်သူကို ဝိညာဉ်အာရုံဖြင့် ရှာဖွေလိုက်ကြသည်။

ပြောသူ၏ အသံမှာ အတော်လေး ငယ်ရွယ်သည်ကို သတိထားမိသဖြင့် ဝမ်ရှန်းလည်း တရားခံကို လူအုပ်ထဲတွင် လိုက်ရှာမိသည်။

မကြာမီမှာပင် မုဝမ်ရွှမ်းက သူ့လက်မောင်းကို အသာဆွဲပြီး အနီးရှိ နေရာတစ်ခုသို့ အသာအယာ ညွှန်ပြသည်။ ထိုနေရာတွင် တန်းလျားရှည်ပေါ်၌ ပေါ့ပေါ့ပါးပါး မှီထိုင်နေသော၊ မျက်နှာကို တစ်ဝက်ဖုံးထားသော လူငယ်ကျင့်ကြံသူ တစ်ဦး ရှိနေသည်။

“စိတ်ဝင်စားစရာပဲ”

ဝမ်ရှန်းက မခိုးမခန့်ပြုံးကာ ရေရွတ်လိုက်သည်။

တက်ရောက်လာသူ အများစုမှာ ဝမ်ရှန်းကဲ့သို့ ဆံပင်ကို သပ်ရပ်စွာ ထုံးထားသော လူငယ်တာအိုရသေ့များ ဖြစ်ကြသည်။ ထို့ကြောင့် ထိုလူ၏ ထူးခြားသော ပုံစံမှာ သိသာနေသည် - ဒူးပြဲ ဂျင်းဘောင်းဘီ၊ ဦးခေါင်းခွံပုံပါသော အပြာနုရောင် တီရှပ်နှင့် ညှပ်ထားသော ဆံပင်တိုတို။

သူက မော်ရှန်းတောင်နဲ့ ရန်ငြိုးများ ရှိနေတာလား…

သူက အဆောင်ပညာမှာ ကျော်ကြားတဲ့ ဂိုဏ်းတွေဟု တမင်သုံးနှုန်းသွားသဖြင့် သူသည် လုံဟူရှန်းတောင် သို့မဟုတ် ဂီဇောင်တောင် တပည့်တစ်ဦး ဖြစ်နိုင်ပါသည်။

အစောပိုင်းက ထိုသူသည် မည်သည့်ဂိုဏ်းကို ကိုယ်စားပြုသည်ကို သတိမထားမိခဲ့သဖြင့် ဝမ်ရှန်း နောင်တရသွားသည်။ ယခုတော့ ခန့်မှန်းရုံသာ တတ်နိုင်သည်။

ဤကဲ့သို့ ရဲတင်းသော လှောင်ပြောင်မှုကို ကြားရသောအခါ မော်ရှန်းတောင်မှ ကျင့်ကြံသူအချို့သည် ဒေါသကြောင့် မျက်နှာများ နီမြန်းကုန်ကြပြီး အချို့ကမူ မျက်မှောင်ကြုတ်နေကြသည်။ တာအိုဆရာကြီး အနည်းငယ်သာ တည်ငြိမ်စွာ ရှိနေကြသည်။ အစောပိုင်းက မိန့်ခွန်းပြောခဲ့သော ဆရာကြီးက သူ၏ ယပ်တောင်ကို အသာအယာ ခါပြလိုက်ပြီး တင်ဆက်သူကို ပွဲဆက်ရန် အချက်ပြလိုက်သည်။ ထို့ကြောင့် တင်ဆက်သူမှာ စိတ်ပျက်နေသော မျက်နှာထားဖြင့်ပင် ထိုလှောင်ပြောင်သူကို လျစ်လျူရှုလိုက်ရုံမှတစ်ပါး အခြား ရွေးချယ်စရာ မရှိတော့ပေ။

တကယ်လည်း မော်ရှန်းတောင်က ဘာပြန်လုပ်နိုင်မည်နည်း…

မုဝမ်ရွှမ်းကဲ့သို့ပင် ကျင့်ကြံသူများနှင့် အမြုတေဖွဲ့စည်းခြင်းအဆင့် ရှိသူများသည် တရားခံကို ရှာတွေ့ထားပြီး ဖြစ်သည်။ တန်းလျားပေါ်တွင် မှီထိုင်နေသော လူငယ်တာအိုဆရာကို သူတို့ ရှင်းလင်းစွာ မြင်နေရသည်။ မော်ရှန်းတောင်မှ တာအိုဆရာအချို့က သူ့ကို မှတ်မိကြသည်။ သို့သော် လုံဟူရှန်းတောင်မှ လူငယ်တစ်ဦးကို လူပုံအလယ်တွင် တုံ့ပြန်ခြင်းမှာ ဂိုဏ်းပေါင်းများစွာ ရှေ့တွင် သိမ်ဖျင်းရာကျလိမ့်မည်။

ထို့အပြင် ထိုလူသည် မကြာသေးမီက တာအိုလောကတွင် ရဲတင်းသော ပြဿနာရှာသူအဖြစ် နာမည်ကျော်နေသူ ဖြစ်သည်။ သူ့ကို တစ်ခုခုလုပ်လိုက်လျှင် မော်ရှန်းတောင်၏ ဂုဏ်သိက္ခာကို ပို၍ ထိခိုက်စေနိုင်သည်။ ဒါ့အပြင် သူတို့ သရုပ်ပြခဲ့သည်မှာလည်း တကယ်ကို အားရစရာ မရှိလှပေ။ သူတို့ဘက်မှာ အခိုင်အမာပြောစရာ အကြောင်းပြချက်မရှိပေ။ အခုလောလောဆယ်တော့ ဤဖြစ်ရပ်ကို တိတ်တိတ်ဆိတ်ဆိတ် မှတ်ထားရုံသာ ရှိသည်။ နောက်မှ လူငယ်တပည့်တွေကို လွှတ်ပြီး သူ့ကို တရားသဘောနဲ့ ဆွေးနွေးခိုင်းရပေလိမ့်မည်။

မော်ရှန်းတောင်မှ ဆရာကြီးများသည် လျစ်လျူရှုရန် ဆုံးဖြတ်လိုက်ပြီး နှီးနှောဖလှယ်ပွဲကို အစီအစဉ်အတိုင်း ဆက်လက် ဆောင်ရွက်ကြသည်။

သရုပ်ပြခဲ့သော တပည့်နှစ်ဦးမှာ အရှက်ရနေသော မျက်နှာများဖြင့် နောက်ဆုတ်သွားကြပြီး လှောင်ပြောင်သူကို လူအုပ်ထဲတွင် လိုက်ရှာနေကြသည်။

တင်ဆက်သူသည် တည်ငြိမ်မှုကို ထိန်းသိမ်းကာ ယဉ်ကျေးစွာ ပြုံးလိုက်သည်။

“နောက်ထပ် ဘယ်ဂိုဏ်းက တာအိုပညာရပ်တွေကို သရုပ်ပြချင်လဲ”

“ဟွာရှန်းတောင်”

ခန်းမရှေ့မှ တာအိုဆရာတစ်ဦးက ကြေညာလိုက်သည်။

ဟွာရှန်းတောင်မှ ဆရာကြီးအချို့သည် တပည့်များကို စုစည်းကာ လမ်းညွှန်ချက် အနည်းငယ်ပေးပြီးနောက် နှစ်ဦးကို ကွင်းအတွင်းသို့ လွှတ်လိုက်သည်။

ထိုနှစ်ဦး နေရာယူလိုက်ကြသည်။ တစ်ဦးက ငြိမ်သက်စွာ ရပ်နေပြီး အခြားတစ်ဦးက အသာအယာချဉ်းကပ်ကာ သူ၏ လက်ချောင်းဖြင့် အဖော်ဖြစ်သူ၏ နဖူးကို ထိလိုက်သည်။

ထူးခြားသော မြင်ကွင်းတစ်ခု ပေါ်လာသည် - သူတို့၏ မျက်နှာအမူအရာနှင့် လှုပ်ရှားမှုများမှာ လုံးဝ ဟန်ချက်ညီသွားပြီး စိတ်ဝိညာဉ်တစ်ခုတည်းကို မျှဝေထားသကဲ့သို့ ဖြစ်သွားသည်။ လှုပ်ရှားမှု အသေးစိတ်တိုင်းကို တိကျစွာ လိုက်လုပ်နေကြသည်။

ရုပ်သေးပညာလား…

ဝမ်ရှန်းသည် ချက်ချင်းပင် သူ မှားသွားကြောင်း သိလိုက်ရသည်။ အရင်ဘဝက တာအိုပညာရပ် ဝါသနာအိုးတစ်ဦးအနေဖြင့် သူ၏ အသိအမြင်မှာ ကျယ်ပြန့်လှသည်။

ဟွာရှန်းတောင် တပည့်များ ပြသနေသော နည်းစနစ်မှာ ‘စက္ကူအရိပ်ရုပ်သေး’ ပညာရပ် ဖြစ်ပြီး ၎င်းမှာ စစ်မှန်သော တာအိုနည်းစနစ်တစ်ခု ဖြစ်သည်။ မူလနည်းစနစ်သည် စက္ကူရုပ်လေးကို ညှပ်ကာ စိတ်ဝိညာဉ်ဖြင့် အသက်သွင်းပြီး လူကဲ့သို့ ခိုင်းစေခြင်း ဖြစ်သည်။

ဤနည်းစနစ်မှာ ကျင့်ကြံခြင်းအဆင့် မြင့်မားရန် လိုအပ်သဖြင့် ယခုခေတ်တွင် လက်တွေ့ မလုပ်နိုင်သေးပေ။ ထို့ကြောင့် ထိုနှစ်ဦးမှာ ဖြတ်လမ်းနည်းကို သုံးထားခြင်း ဖြစ်သည်။ တစ်ဦးက ခုခံမှုကို လျှော့ချကာ စိတ်ကို တည်ငြိမ်အောင်ထားပြီး ရုပ်သေးရုပ်အဖြစ် ဟန်ဆောင်နေခြင်းဖြစ်ပြီး အခြားတစ်ဦးကမူ ထိန်းချုပ်နည်းစနစ်ကို အသုံးပြုနေခြင်း ဖြစ်သည်။ မည်သို့ပင်ဆိုစေ သူတို့၏ သရုပ်ပြမှုမှာ အတော်လေး ကောင်းမွန်သလို ထူးဆန်း အေးစက်သော ခံစားချက်ကိုလည်း ပေးစွမ်းသည်။

ပွဲတက်လာသော အခြားဂိုဏ်းအချို့တွင်လည်း ဖုံးကွယ်ထားသော ကျင့်စဥ်များရှိကြသည်။ သို့သော် ဟွာရှန်းတောင်က အနည်းဆုံးတော့ လျှို့ဝှက်ကျင့်စဥ်တစ်ခုကို ပြသရန် ကြိုးစားခဲ့သည်။

မော်ရှန်းတောင်နှင့် ဟွာရှန်းတောင်တို့၏ နောက်တွင် အခြားဂိုဏ်းများကလည်း သူတို့၏ တပည့်များကို လွှတ်၍ သရုပ်ပြစေကြသည်။ သရုပ်ပြမှု အများစုမှာ အပေါ်ယံသာ ဖြစ်ပြီး တကယ့် အနှစ်သာရကို အနည်းငယ်သာ ထုတ်ပြကြသည်။ သို့သော်လည်း အမျိုးမျိုးသော နည်းစနစ်များမှာ ပရိသတ်ကို စွဲမက်စေလေသည်။

ကျင့်ကြံသူတစ်ဦးသည် တြိဂံပုံ အလံငယ်အချို့ကို ကိုင်ထားသည်။ သူ၏ လက်များမှာ တိကျစွာ လှုပ်ရှားနေပြီး ကခုန်နေရင်း အလံများကို ပတ်ဝန်းကျင်တွင် တစ်ခုပြီး တစ်ခု စိုက်လိုက်ရာ ပတ်ဝန်းကျင်ရှိ ကမ္ဘာဦးချီများကို ပြင်းထန်သော လှိုင်းလုံးကြီးများအဖြစ် ဆွဲဆောင်လိုက်သည့် အစီအရင်တစ်ခု ဖြစ်ပေါ်လာသည်။

အခြားကျင့်ကြံသူ တစ်ဦးမှာမူ သူ၏ ဂိုဏ်းသားများကို အစီအရင်ပုံစံများ ထွင်းထုထားသော သစ်သားတိုင်နှစ်ခုကို သယ်လာခိုင်းသည်။ လက်ဟန်တစ်ခုကို ပြုလုပ်ပြီးနောက် သူသည် သစ်သားတိုင် တစ်ခုကို ကြည့်ကာ ဂါထာ ရွတ်လိုက်သည်။ ဝုန်းခနဲ အသံနှင့်အတူ ထိုသူက ပျောက်ကွယ်သွားပြီး နှစ်မီတာခန့်အကွာရှိ အခြားသစ်သားတိုင် ဘေးတွင် ပြန်ပေါ်လာသည်။

သူသည် တာအို အစဉ်အလာအရ လက်ဆင့်ကမ်းလာသော ဒဏ္ဍာရီလာ ‘ကိုယ်ပျောက် နေရာရွှေ့ပြောင်းခြင်း’ ပညာရပ်၏ နည်းစနစ်တစ်ခုကို ပြသခဲ့ခြင်း ဖြစ်သည်။

တာအိုဆရာကြီးများ၏ တပည့်များမှာ ကျင့်ကြံခြင်းအဆင့်နိမ့်ပါးနေသေးသဖြင့် တာအိုပညာရပ်များ၏ တကယ့် စွမ်းအားကို အပြည့်အဝမထုတ်ဖော်နိုင်ကြသေးပေ။ သို့သော်လည်း ၎င်းမှာ အရေးမကြီးလှပေ။

ဤသည်မှာ သရုပ်ပြမှုသက်သက်သာဖြစ်ပြီး သူတို့၏ နက်ရှိုင်းသော တာအိုအမွေအနှစ်ကို အနည်းငယ်သာ ထုတိပြခြင်းဖြစ်ပေသည်။

All Chapters