← Chapters

အခန်း ၂၇၇၁

Vol. 218 Ch. 2771

အခန်း ၂၇၇၁

Vol. 218 Ch. 2771

အခန်း(၂၇၇၁)

အမည်မဲ့အင်မော်တယ် ညီလာခံ ကျင်းပမည့်ရက်က အချိန်နှင့်အမျှ ပိုမိုနီးကပ်လာပြီး အမည်မဲ့အင်မော်တယ် မြို့တော်သည်လည်း ပိုမို၍ စည်ကားလာခဲ့သည်။

အဆုံးသတ်တွင်မူ အမည်မဲ့အင်မော်တယ် ညီလာခံ ကျင်းပမည့် အချိန်အခါသို့ ရောက်ရှိလာခဲ့ပြီ ဖြစ်သည်။

ကျန်းချန်နှင့် အခြားသူများသည် အရှင်ယင်ယွဲ့၏ ဦးဆောင်မှုဖြင့် အမည်မဲ့အင်မော်တယ် မြို့လယ်ရှိ ကြီးမားသော ရင်ပြင်ကျယ်ကြီး ဆီသို့ ရောက်ရှိလာခဲ့ကြသည်။

ထိုရင်ပြင်က အလွန်ပင် ကျယ်ဝန်းပြီး ရင်ပြင်၏ အလယ်တွင် လျှို့ဝှက်ဆန်းကြယ်သော အနက်ရောင်ယဇ်ပလ္လင် တစ်ခုလည်း ရှိနေခဲ့၏။

ယဇ်ပလ္လင်၏ ပတ်ပတ်လည်တွင် လျှို့ဝှက်ဆန်းကြယ်သော အလင်းတန်း များစွာ လှည့်ပတ်စီးဆင်းနေခဲ့သည်။

ယဇ်ပလ္လင် ပတ်ပတ်လည်ရှိ ဗဟိုဧရိယာကို ဌာနခွဲ ဆယ့်ရှစ်ခုအတွက် အပိုင်း ဆယ့်ရှစ်ပိုင်း ခွဲခြားထားသည်။

ထိုသတ်မှတ်နေရာများတွင် အမည်မဲ့အင်မော်တယ်နန်းတော်၏ ဌာနခွဲ အသီးသီးမှ လူအတော်များများ နေရာယူထားကြပြီးပြီ ဖြစ်သည်။

အမည်မဲ့အင်မော်တယ်နန်းတော်၏ ဌာနခွဲ ဆယ့်ရှစ်ခုမှ လူများအပြင် အမည်မဲ့အင်မော်တယ် ညီလာခံကို လာရောက်ကြည့်ရှုကြသည့် ကျင့်ကြံသူ ထောင်ပေါင်းများစွာသည်လည်း ရင်ပြင်အတွင်း စုရုံး၍ ရှိနေကြ၏။

သူတို့က အမည်မဲ့အင်မော်တယ် နန်းတော်မှ လူငယ်ပါရမီရှင်များ၏ စွမ်းရည်များကို မြင်တွေ့လိုခဲ့ကြသည်။

ဌာနခွဲ(၁၈) အတွက် သတ်မှတ်ထားသော ဧရိယာသို့ ကျန်းချန်တို့ ရောက်ရှိလာသည်နှင့် တစ်ပြိုင်နက် ရင်ပြင်အတွင်းရှိ လူပေါင်း များစွာ၏ အာရုံစိုက်မှုကို များစွာ ရရှိခဲ့သည်။

“ဟိုမှာကြည့်စမ်း.. အမည်မဲ့အင်မော်တယ်နန်းတော်ရဲ့ ဌာနခွဲ(၁၈)က လူတွေ ရောက်လာပြီ”

“တော်စမ်းပါ.. ဌာနခွဲ(၁၈)က အမည်မဲ့အင်မော်တယ်နန်းတော်ရဲ့ ဘိတ်ချေးနေရာက ဌာနခွဲပဲဟာ.. ဘာတွေများ အာရုံစိုက်နေစရာ လိုအပ်လို့လဲ”

“ကြည့်ရတာ မင်းဘာမှမသိသေးပုံပဲ.. ဒီတစ်ကြိမ် ဌာနခွဲ(၁၈)မှာ ပါရမီရှင်တစ်ယောက် ပါလာတယ်.. ဌာနခွဲ(၃)က နံပါတ်တစ် ပါရမီရှင် ရန်လီတောင် သူ့ကို မယှဥ်နိုင်ဘဲ အရေးနိမ့်ခဲ့တယ်”

“ဒါဆို ဒီတစ်ကြိမ် ဌာနခွဲ(၁၈)မှာ ဖြတ်မြင်းတစ်ကောင် ပါလာတာပေါ့”

“..........”

လူအများက ဆွေးနွေးပြောဆိုနေကြစဥ်မှာပင် အမည်မဲ့အင်မော်တယ်နန်းတော်၏ အခြားသော ဌာနခွဲများမှ အကြည့်များသည်လည်း ကျန်းချန်တို့ လူစု ပေါ်သို့ ကျရောက်လာခဲ့သည်။

အထူးသဖြင့် ဌာနခွဲ(၃)မှ ရန်လီ၏ ကျန်းချန်ကို ကြည့်နေသော အကြည့်သည် အလွန်ပင် သုန်မှုန်နေခဲ့၏။

ကျန်းချန်က ကောင်းကင်အင်မော်တယ် စတုတ္ထအဆင့်သို့ ရောက်ရှိနေပြီ ဖြစ်သော်လည်း ရန်လီသည် သူ့ကိုယ်သူ ကျန်းချန်ထက် အားနည်းသည်ဟု မထင်ထားပေ။

ထိုနေ့က အမည်မဲ့အင်မော်တယ် မြို့တော်၏ မြို့တံခါးဝတွင် သူ၏ စွမ်းအားကို အပြည့်အဝ အသုံးမပြုခဲ့သဖြင့်သာ ကျန်းချန်၏ လက်သီးချက်ကြောင့် နောက်သို့ ဆုတ်ပေးခဲ့ရခြင်းဟု မှတ်ယူထားသည်။

ယခုအခါ လူတိုင်းသည် ဌာနခွဲ(၁၈)မှ ကျန်းချန်ကို သူက မယှဥ်နိုင်ဟု ထင်နေကြသည်မှာ သူ့အတွက် အလွန်တရာပင် အရှက်ရစရာ ဖြစ်နေခဲ့ချေပြီ။

“ရန်လီ အဲဒီကောင်လေးကို လုံးဝ လျှော့မတွက်မိစေနဲ့”

အရှင်ဟေးယွင်က အလေးအနက် ပြောလိုက်သည်။

“ဒီလို အသက်အရွယ်နဲ့ ကောင်းကင်အင်မော်တယ် စတုတ္ထအဆင့် အထိ ရောက်နိုင်တာက တကယ်ကို သာမန်မဟုတ်ဘူး.. အဲဒီနေ့က မင်းရဲ့ စွမ်းအားကို အပြည့်အဝ ထုတ်သုံးခဲ့ရင်တောင် သူ့ကို အနိုင်ရဖို့ ခက်ခဲလိမ့်မယ်လို့ ငါထင်တယ်”

“ဘာလို့ ဆရာက ဒီ‌ကောင့်ကို ဒီလောက်တောင် ချီးကျူးနေရတာလဲ”

ရန်လီက ယုံကြည်မှုအပြည့်ဖြင့် ပြောလိုက်သည်။

“အမည်မဲ့အင်မော်တယ်ညီလာခံ ကျရင် အဲဒီကောင်ကို ကျွန်တော် အနိုင်ယူပြမယ်”

အမည်မဲ့အင်မော်တယ်နန်းတော်၏ ဌာနခွဲ(၃)မှ နံပါတ်တစ် ပါရမီရှင် အနေဖြင့် ရန်လီသည် အလွန်ပင် မာနကြီးသောသူ တစ်ဦး ဖြစ်သည်။

အမည်မဲ့အင်မော်တယ် နန်းတော်၏ ပင်မနန်းတော်ကို ဖယ်လိုက်လျှင် ဌာနခွဲ ဆယ့်ရှစ်ခုစလုံး၌ သူအသိမှတ်ပြုသည့် လူငယ်ပါရမီရှင်မှာ နှစ်ဦး၊ သုံးဦးမျှသာ ရှိသည်။

“ဒီတစ်ကြိမ် ဌာနခွဲအားလုံးမှာ ကျား နဂါးတွေ ပုန်းအောင်းနေတယ်.. ဌာနခွဲ(၃)ရဲ့ ရပ်တည်မှု အတွက် အမည်မဲ့အင်မော်တယ် ညီလာခံမှာ မင်း လုံးဝ ပေါ့ဆလို့ မဖြစ်ဘူး”

ရန်လီက အတော်လေး ယုံကြည်မှု လွန်ကဲနေသဖြင့် အရှင်ဟေးယွင်က မျက်မှောင်ကြုတ်ကာ ပြောလိုက်သည်။

ဌာနခွဲ(၁၈)မှ အနက်ရောင်ဝတ်စုံဝတ် လူငယ်သည် ထူးခြားသောပါရမီနှင့် စွမ်းရည် ရှိ၍ မည်သူမဆို အလွယ်တကူ အနိုင်ကျင့်၍ရသော ပါရမီရှင်မျိုး မဟုတ်ပေ။

ရန်လီသာ အလွန်အမင်း ပေါ့ဆနေမည် ဆိုလျှင် ထိုကောင်လေး၏ လက်ထဲတွင် အရေးနိမ့်သွားနိုင်၏။

တစ်ဖက်တွင်မူ ကျန်းချန်တို့ လူစုသည် ပတ်ဝန်းကျင်ရှိ ဆွေးနွေးမှုများကို လျစ်လျူရှုထားခဲ့ကြသည်။

အရှင်ယင်ယွဲ့က ကျန်းချန်ကို ဌာနခွဲ ဆယ့်ရှစ်ခုမှ ပါရမီရှင်များနှင့် ပတ်သက်၍ ရှင်းပြပေးခဲ့သည်။

ဌာနခွဲ ဆယ့်ရှစ်ခုစလုံးတွင် အစွမ်းထက်ဆုံးမှာ ထိပ်ဆုံးဌာနခွဲသုံးခု ဖြစ်သည်။

အကြောင်းရင်းမှာ ၎င်းတို့သည် အရင်းအမြစ်များကို ပိုမို ခွဲဝေရရှိသည့် အပြင် ၎င်းတို့ ဌာနမှ ပါရမီရှင် တပည့်များသည်လည်း ပင်မနန်းတော် အတွင်းသို့ ဝင်ရောက်ကာ ကျင့်ကြံခွင့်ရသောကြောင့်ပင်။

ထိုအကြောင်းကြောင့်လည်း ထိပ်ဆုံး ဌာနခွဲ သုံးခုမှ ပျိုးထောင်ပေးလိုက်သော တပည့်များသည် အခြားသော ဌာနခွဲများမှ တပည့်များထက် ခေါင်းတစ်လုံး သာနေခဲ့ကြသည်။

အရှင်ယင်ယွဲ့က ဌာနခွဲသုံးခုမှ ထိပ်တန်း ပါရမီရှင်များနှင့် ပတ်သက်၍ ကျန်းချန်ကို အထူး မိတ်ဆက်ပေးခဲ့သည်။

ဌာနခွဲ(၁)၏ နံပါတ်တစ် ပါရမီရှင်မှာ ကောင်းကင်အင်မော်တယ် စတုတ္ထအဆင့်သို့ ရောက်ရှိနေပြီဖြစ်သည့် လော့ကျင်းလင် ဖြစ်သည်။

မြောက်ပိုင်းအေးစက်သော အင်မော်တယ်နယ်မြေ တစ်ခုလုံးတွင်ပင် ‌လော့ကျင်းလင်၏ ပါရမီသည် ထိပ်တန်းအဆင့် ဖြစ်ပြီး မြောက်ပိုင်းအေးစက်သောအင်မော်တယ်နယ်မြေ၏ ထိပ်သီးပါရမီရှင် ဆယ်ဦးထဲတွင် တစ်ဦး အပါအဝင်လည်း ဖြစ်သည်။

လော့ကျင်းလင်သည် ထိပ်ဆုံးပါရမီရှင် ဆယ်ဦးစာရင်းတွင် အောက်ဘက်တွင်သာ ရှိသော်လည်း မည်သူကမျှ လော့ကျင်းလင်ကို အနည်းငယ်မျှပင် လျှော့မတွက်ဝံ့ကြပေ။

မြောက်ပိုင်းအေးစက်သော အင်မော်တယ်နယ်မြေ၏ ထိပ်သီးပါရမီရှင် ဆယ်ဦး စာရင်းတွင် အင်မော်တယ်ဘုရင်အဆင့်အင်အားစု ဖြစ်သော မြောက်ပိုင်းအေးစက်သော အင်မော်တယ် နန်းတော်မှ ပါရမီရှင်လေးဦးနှင့် အမည်မဲ့အင်မော်တယ်နန်းတော်၏ ပင်မနန်းတော်မှ ပါရမီရှင် နှစ်ဦး ပါဝင်၏။

ထိုခြောက်ဦးကို ဖယ်လိုက်လျှင် လော့ကျင်းလင်သည် မြောက်ပိုင်းအေးစက်သော အင်မော်တယ်နယ်မြေတွင် အစွမ်းအထက်ဆုံး ပါရမီရှင်များထဲမှ တစ်ဦး ဖြစ်၏။

ထို့ကြောင့် ဤတစ်ကြိမ် ကျင်းပသည့် အမည်မဲ့ အင်မော်တယ်ညီလာခံတွင် ပထမနေရာကို လော့ကျင်းလင် ရရှိမည်ဟု လူတိုင်းက မှန်းဆနေခဲ့ကြသည်။

အမှန်တကယ်လည်း ဌာနခွဲ ဆယ့်ရှစ်ခု စလုံးတွင်လည်း လော့ကျင်းလင်ကို ယှဥ်နိုင်သည့်သူ မရှိသလောက်ပင်။

လော့ကျင်းလင် ပြီးလျှင် အစွမ်းအထက်ဆုံး ပါရမီရှင်မှာ ဌာနခွဲ(၂)၏ နံပါတ်တစ် ပါရမီရှင် ရီချန်းခွန် ဖြစ်သည်။

ရီချန်းခွန်သည် ကောင်းကင်အင်မော်တယ် တတိယအဆင့် အထွတ်အထိပ်သို့ ရောက်ရှိနေရုံသာမက တလော့အဆင့် နည်းစနစ် တချို့ကိုပါ တတ်မြောက်ထား၍ ရီချန်းခွန်၏ ခွန်အားသည် ခန့်မှန်းရ ခက်ခဲ၏။

လော့ကျင်းလင်နှင့် ရီချန်းခွန်တို့ ပြီးလျှင် အစွမ်းအထက်ဆုံးသူမှာ ဌာနခွဲ(၃)မှ နံပါတ်တစ် ပါရမီရှင် ရန်လီ ဖြစ်ပြီး သူ၏ ကျင့်ကြံခြင်း အဆင့်သည်လည်း ကောင်းကင်အင်မော်တယ်တတိယအဆင့် အထွတ်အထိပ်သို့ ရောက်ရှိနေပြီ ဖြစ်သည်။

ထိုသုံးဦး၏ စွမ်းရည်သည် အခြားသော ပါရမီရှင်များထက် ခေါင်းတစ်လုံးမက သာလွန်နေခဲ့၏။

မတော်တဆ ကိစ္စရပ်များသာ မဖြစ်ခဲ့လျှင် ယခုတစ်ကြိမ် ကျင်းပသည့် အမည်မဲ့အင်မော်တယ် ညီလာခံ၏ ထိပ်ဆုံးသုံးနေရာကို ထိုသုံးဦးကသာ သိမ်းပိုက်သွားလိမ့်မည် ဖြစ်သည်။

ကျန်းချန်က လော့ကျင်းလင်နှင့် ရီချန်းခွန်တို့ကို ကြည့်လိုက်ပြီးနောက်တွင် စိတ်ထဲတွင် သက်ပြင်းချလိုက်သည်။

ထိုနှစ်ဦးသည် အမှန်တကယ်ပင် ထူးခြားသော ပါရမီရှင်များ ဖြစ်သည်။

အထူးသဖြင့် မြောက်ပိုင်းအေးစက်သော အင်မော်တယ်နယ်မြေ၏ ထိပ်သီး ပါရမီရှင်ဆယ်ဦး စာရင်းတွင် နံပါတ်ကိုးနေရာ၌ ရှိသော လော့ကျင်းလင်၏ ကျင့်ကြံခြင်းအဆင့်သည် သူ့ထက်ပင် အနည်းငယ် မြင့်မားနေခဲ့သည်။

သူ့အနေဖြင့် လော့ကျင်းလင်ကို အလွယ်တကူ အနိုင်ယူနိုင်လိမ့်မည်ဟု မထင်ပေ။

အရှင်ယင်ယွဲ့နှင့် ကျန်းချန်တို့ စကားပြောဆိုနေကြစဥ်မှာပင် ကြောက်မက်ဖွယ်ရာကောင်းသော အရှိန်အဝါ တစ်ခုသည် အမည်မဲ့အင်မော်တယ် မြို့တော်၏ အထက်ကောင်းကင်ယံရှိ ဟင်းလင်းပြင်တွင် ရုတ်တရက် လွှမ်းမိုးသွားခဲ့သည်။

ချက်ချင်းဆိုသလိုပင် ရွှေရောင် နန်းဝတ်နန်းစားကို ဝတ်ဆင်ထားပြီး ခန့်ညားသော မျက်နှာထားရှိသည့် လူလတ်ပိုင်းအရွယ် အမျိုးသား တစ်ဦးသည် ကောင်းကင်ယံရှိ ဟင်းလင်းပြင်တွင် ပေါ်လာခဲ့သည်။

ထိုအမျိုးသားသည် ပေါ်လာသည်နှင့် တစ်ပြိုင်နက် ရင်ပြင်တစ်ခုလုံး တိတ်ဆိတ်သွားခဲ့၏။

“ကျန်းချန်.. ဒါက ပင်မနန်းတော်ရဲ့ ဒုတိယနန်းတော်သခင်ပဲ.. သူ့ရဲ့ စွမ်းရည်က မြောက်ပိုင်းအေးစက်သော အင်မော်တယ်နယ်မြေမှာ ရှိတဲ့ တလော့အရှင်တွေ ထဲမှာ အစွမ်းအထက်ဆုံးလို့ ဆိုလို့ရတယ်”

ထိုအခိုက်အတန့်တွင် အရှင်ယင်ယွဲ့၏ စကားသံက ကျန်းချန်၏ စိတ်ထဲတွင် ထွက်ပေါ်လာခဲ့သည်။

ဟင်းလင်းပြင်ထဲရှိ လူလတ်ပိုင်းအရွယ် အမျိုးသားကို ကြည့်ရင်း ကျန်းချန်၏ အမူအရာက လေးနက်သွားခဲ့သည်။

စင်စစ် အရှင်ယင်ယွဲ့ မရှင်းပြလျှင်ပင် ကျန်းချန်သည် ထိုလူလတ်ပိုင်းအရွယ် အမျိုးသားထံမှ ထူးခြားမှုကို ခံစားမိခဲ့၏။

သူ မြင်တွေ့ဖူးသမျှ အစွမ်းထက်ပုဂ္ဂိုလ်များ ထဲတွင် အဘိုးအိုသော်ပေါင်မှ လွဲလျှင် သူ့ရှေ့တွင် ရှိနေသော သူနှင့် ယှဥ်နိုင်သူမှာ မရှိသလောက်ပင်။

“ငါက အမည်မဲ့အင်မော်တယ် ညီလာခံကို ကြီးကြပ်မဲ့ ပင်မနန်းတော်ရဲ့ ဒုတိယ နန်းတော်သခင် မိုကျီချန်ပါ”

မိုကျီချန်က စူးရှသော မျက်ဝန်းများဖြင့် အနည်းငယ် ဝေ့ကြည့်လိုက်ပြီးနောက်တွင် တည်ငြိမ်စွာ ပြောလိုက်သည်။

“အခုအချိန်ကစပြီး အမည်မဲ့အင်မော်တယ် ညီလာခံကို တရားဝင် စတင်ပြီလို့ ကြေညာပါတယ်”

ထိုစကားကို ပြောဆိုပြီးနောက်တွင် မိုကျီချန်သည် ဆန်းကြယ်သော လက်ဟန်များကို လျင်မြန်စွာ ပြုလုပ်လိုက်ပြီး ရင်ပြင်၏ အလယ်ဗဟိုရှိ ယဇ်ပလ္လင်ထဲသို့ စွမ်းအားများ ထည့်သွင်းလိုက်သည်။

“ဝုန်း..”

အလွန်ကျယ်လောင်သော အသံတစ်သံ ထွက်ပေါ်လာခဲ့ပြီး ယဇ်ပလ္လင်ပေါ်ရှိ အလင်းတန်းများက ရုတ်တရက် စူးရှစွာ တောက်ပလာခဲ့သည်။

ထို့နောက်တွင်မူ အင်မော်တယ် အလင်းတန်းများဖြင့် ဖွဲ့စည်းထားသော အစီအရင် တစ်ခုသည် ယဇ်ပလ္လင်ပေါ်တွင် ဖြည်းညင်းစွာ စုစည်းလာခဲ့၏။

အခန်း(၂၇၇၁)ပြီး၏။

All Chapters