အခန်း ၂၇၇၂
Vol. 218 Ch. 2772
အခန်း(၂၇၇၂)
ယဇ်ပလ္လင်ပေါ်ရှိ အစီအရင်ကို ကြည့်ရင်း ကျန်းချန်၏ မျက်ဝန်းများက အနည်းငယ် ကျဥ်းမြောင်းသွားခဲ့သည်။
ယဇ်ပလ္လင်ပေါ်ရှိ အစီအရင်သည် တလော့အင်အားစုများ ခင်းကျင်းလေ့ ရှိသည့် တည်နေရာ ရွှေ့ပြောင်းခြင်း အစီအရင်နှင့် ဆင်တူသော်လည်း အနည်းငယ် ကွဲပြားနေပုံရသည်။
ဤအစီအရင်မှ တစ်ဆင့် ပို့ဆောင်မည့်နေရာမှာ အင်မော်တယ်နယ်မြေ အတွင်းရှိ မည်သည့်နေရာမှ မဟုတ်ဘဲ အင်မော်တယ်နယ်မြေ ပြင်ပရှိ အခြားကမ္ဘာတစ်ခု ဖြစ်နိုင်သည်ဟု ကျန်းချန် ခပ်ရေးရေး ခံစားမိခဲ့သည်။
“ဒီယဇ်ပလ္လင်ပေါ်က အစီအရင်က လျှို့ဝှက်နယ်မြေ တစ်ခုရဲ့ ဝင်ပေါက်များ ဖြစ်နေမလား”
ကျန်းချန်က မျက်ဝန်းများ တောက်ပသွားခဲ့ပြီး ခပ်တိုးတိုးရေရွတ်လိုက်သည်။
အမည်မဲ့အင်မော်တယ်နန်းတော်မှ ပိုင်ဆိုင်ထားသည့် လျှို့ဝှက်နယ်မြေသည် သာမန် နယ်မြေတစ်ခု ဘယ်လိုမှမဖြစ်နိုင်ပေ။
“ဟုတ်တယ် ဒါက ရှေးဟောင်း လျှို့ဝှက်နယ်မြေ တစ်ခုရဲ့ ဝင်ပေါက်ပဲ.. အဲဒီ လျှို့ဝှက်နယ်မြေက အမည်မဲ့အင်မော်တယ်နန်းတော်ရဲ့ မူလအစနဲ့ ဆက်စပ်နေတယ်”
ကျန်းချန်၏ ရေရွတ်သံကို ကြားလိုက်ရသဖြင့် အရှင်ယင်ယွဲ့သည် စိတ်ချင်းဆက်သွယ်သော နည်းလမ်းဖြင့် ကျန်းချန်ကို ရှင်းပြလိုက်သည်။
အမည်မဲ့အင်မော်တယ် နန်းတော်ကို တည်ထောင်သူ အရှင်ဝူရှီသည် သူ၏ အစောပိုင်းနှစ်များတွင် အင်မော်တယ်လောကရှိ သာမန် ကျင့်ကြံသူ တစ်ဦးမျှသာ ဖြစ်ပြီး နှစ်ပေါင်းများစွာ ကျင့်ကြံပြီးသည့်တိုင် ကောင်းကင်အင်မော်တယ် အဆင့်သို့ပင် အောင်မြင်စွာ မတက်လှမ်းနိုင်ခဲ့ပေ။
သို့သော်လည်း အရှင်ဝူရှီသည် စိတ်ဓာတ်ခိုင်မာသူ ဖြစ်ပြီး အဆင့်တက်နိုင်ရန် အတွက် နေရာအနှံ့တွင် အခွင့်အလမ်းများကို ရှာဖွေခဲ့သည်။
အခက်အခဲများနှင့် အန္တရာယ်မျိုးစုံကို ကျော်ဖြတ်ပြီးနောက်တွင် အဆုံးသတ်၌ ယခု အမည်မဲ့အင်မော်တယ်မြို့တော် တည်ရှိရာ နေရာသို့ ရောက်ရှိလာခဲ့ပြီး ကံကောင်းထောက်မစွာဖြင့် ရှေးခေတ်ကာလက အင်မော်တယ်ဘုရင်တစ်ပါး၏ အမွေအနှစ် နယ်မြေကို ရှာဖွေတွေ့ရှိခဲ့သည်။
သူက အင်မော်တယ်ဘုရင်၏ အမွေအနှစ်နယ်မြေ အတွင်းသို့ ဝင်ရောက်ခဲ့ကာ ထိုနေရာတွင် သေလုနီးပါး အထိ ဖြစ်ခဲ့သော်လည်း အဆုံးသတ်တွင် အမွေအနှစ် တစ်ခုကို ရရှိခဲ့သည်။
အရှင်ဝူရှီသည် ထိုအမွေအနှစ်ကို အခြေခံ၍ အဆင့်များဆက်တိုက်ဆိုသလို တက်လာခဲ့ပြီး နှစ်ပေါင်းတစ်သောင်း မပြည့်မီမှာပင် တလော့အင်မော်တယ် အဆင့်သို့ ရောက်ရှိကာ မြောက်ပိုင်းအေးစက်သော အင်မော်တယ်နယ်မြေတွင် နာမည်ကျော်ကြားသည့် အရှင်ဝူရှီ ဖြစ်လာခဲ့သည်။
နောက်ပိုင်းတွင် အရှင်ဝူရှီသည် ဤနေရာတွင် အမည်မဲ့အင်မော်တယ် နန်းတော်ကို တည်ထောင်ခဲ့ပြီး အမည်မဲ့အင်မော်တယ် မြို့တော်ကို တည်ဆောက်ကာ အင်မော်တယ်ဘုရင်၏ အမွေအနှစ် နယ်မြေကို စောင့်ရှောက်ခဲ့သည်။
အချိန်အတန်ကြာတိုင်းတွင် အရှင်ဝူရှီသည် ပါရမီရှင်တပည့်အချို့ အခွင့်အလမ်းများ ရှာဖွေနိုင်ရန် အတွက် အင်မော်တယ်ဘုရင်၏ အမွေအနှစ်နယ်မြေ ထဲသို့ ဝင်ရောက်ခွင့် ပေးလေ့ရှိသည်။
အင်မော်တယ်ဘုရင်၏ အမွေအနှစ်နယ်မြေကြောင့်ပင် အမည်မဲ့အင်မော်တယ် နန်းတော်သည် လျင်မြန်စွာ ဖွံ့ဖြိုးတိုးတက်လာခဲ့ပြီး မြောက်ပိုင်းအေးစက်သော အင်မော်တယ်နယ်မြေ တစ်ခုလုံးတွင် ဌာနခွဲများ ဖွင့်လှစ်နိုင်ခဲ့ကာ မြောက်ပိုင်းအေးစက်သော အင်မော်တယ် နယ်မြေ၏ ထိပ်တန်း အင်အားစုများထဲမှ တစ်ခု ဖြစ်လာခဲ့သည်။
အမည်မဲ့အင်မော်တယ်နန်းတော်သည် အမည်မဲ့အင်မော်တယ် ညီလာခံ၏ ပထမအဆင့်ကို အင်မော်တယ်ဘုရင်၏ အမွေအနှစ်နယ်မြေ ထဲတွင် ကျင်းပခြင်းဖြစ်သည်။
သို့သော်လည်း အမည်မဲ့အင်မော်တယ် နန်းတော်တွင် အင်မော်တယ်ဘုရင်၏ အမွေအနှစ်နယ်မြေ အကြောင်း သိရှိသူ သိပ်မရှိပေ။
ပင်မနန်းတော်၏ အဆင့်မြင့် အကြီးအကဲများမှ လွဲ၍ ဌာနခွဲ ဆယ့်ရှစ်ခု၏ နန်းတော်သခင်များသာ သိရှိကြသည်။
အင်မော်တယ်ဘုရင်၏ အမွေအနှစ်နယ်မြေ အတွင်းသို့ ဝင်ရောက်ခဲ့ဖူးသော အမည်မဲ့အင်မော်တယ် နန်းတော်မှ တပည့်များသည်ပင် ရှေးခေတ်ကာလက လျှို့ဝှက်နယ်မြေ တစ်ခုဟုသာ သိရှိကြပြီး ယင်းမှာ ရှေးခေတ်ကာလက အင်မော်တယ်ဘုရင်တစ်ပါး၏ အမွေအနှစ် ဖြစ်သည်ကို မသိရှိကြပေ။
အရှင်ယင်ယွဲ့၏ ရှင်းပြမှုကို ကြားလျှင် ကျန်းချန် အံ့အားသင့်သွားခဲ့သည်။
အမည်မဲ့အင်မော်တယ်နန်းတော်သည် အင်မော်တယ်ဘုရင်အဆင့် အင်အားစု ဖြစ်သည့် မြောက်ပိုင်းအေးစက်သော အင်မော်တယ် နန်းတော်နှင့် ရင်ဘောင်တန်းနိုင်သည့် အင်အားစုတစ်စု ဖြစ်လာနိုင်ခြင်းမှာ မဆန်းတော့ပေ။
အကြောင်းရင်းမှာ ရှေးခေတ်ကာလက အင်မော်တယ်ဘုရင်၏ အမွေအနှစ် နယ်မြေကို ပိုင်ဆိုင်ထားသောကြောင့် ဖြစ်၏။
“ထုံးစံအတိုင်း အမည်မဲ့အင်မော်တယ် ညီလာခံရဲ့ ပထမအဆင့်ကို အမည်မဲ့ အင်မော်တယ်နန်းတော်က ထိန်းချုပ်ထားတဲ့ လျှို့ဝှက်နယ်မြေမှာ ကျင်းပမှာဖြစ်တယ်.. အခု ပထမအဆင့် ပြိုင်ပွဲရဲ့ စည်းမျဥ်းတွေကို ကြေညာပါ့မယ်”
ဤအခိုက်အတန့်တွင် အမည်မဲ့အင်မော်တယ် နန်းတော်၏ ဒုတိယနန်းတော်သခင် မိုကျီချန်၏ စကားသံသည် အမည်မဲ့အင်မော်တယ် မြို့တော်၏ အထက်ကောင်းကင်ယံတွင် ဟိန်းထွက်လာခဲ့သည်။
အမည်မဲ့အင်မော်တယ် ညီလာခံ၏ ပထမအဆင့်တွင် ဌာနခွဲ ဆယ့်ရှစ်ခုမှ ပါရမီရှင် တပည့်အားလုံးသည် အင်မော်တယ်ဘုရင်၏ အမွေအနှစ်နယ်မြေ အတွင်းသို့ ဝင်ရောက်ကာ ရှေးဦး အင်မော်တယ်ဟု ခေါ်သည့် လျှို့ဝှက်ဆန်းကြယ်သော သတ္တဝါကို အမဲလိုက်ကြရမည် ဖြစ်သည်။
ထိုရှေးဦး အင်မော်တယ်ဟု ခေါ်သည့် လျှို့ဝှက်ဆန်းကြယ်သော သတ္တဝါများ၏ ခန္ဓာကိုယ်ထဲတွင် အင်မော်တယ်ခရစ္စတယ်နှင့် ဆင်တူသည့် အမြုတေတစ်ခု ရှိသည်။
ယခု တစ်ကြိမ် အင်မော်တယ်ဘုရင်၏ အမွေအနှစ်နယ်မြေအတွင်းသို့ ဝင်ရောက်ရသည့် သူတို့၏ တာဝန်မှာ ရှေးဦး အင်မော်တယ်များကို အမဲလိုက်ကာ ၎င်းတို့၏ ခန္ဓာကိုယ် အတွင်းရှိ အမြုတေများကို စုဆောင်းရန် ဖြစ်ပြီး စုဆောင်းရရှိသည့် အမြုတေ အရေအတွက်ပေါ် မူတည်၍ အဆင့်သတ်မှတ်ခံရမည်ဖြစ်သည်။
ထို့အပြင် သတ်မှတ်ထားသော အမြုတေ အရေအတွက်ကို စုဆောင်းနိုင်လျှင် အမည်မဲ့အင်မော်တယ် နန်းတော်မှ ဆုလာဘ်များ ချီးမြှင့်မည် ဖြစ်သည်။
ဆိုရလျှင် အမြုတေ အရေအတွက် များလေလေ ဆုလာဘ်က ပိုမို များပြားလာလေလေ ဖြစ်၏။
“ကျန်းချန်.. ဖြစ်နိုင်ရင် အမြုတေကို တတ်နိုင်သလောက် များများ စုဆောင်းပါ”
ထိုအချိန်တွင် အရှင်ယင်ယွဲ့သည် ကျန်းချန်ကို စိတ်ချင်းဆက်သွယ်၍ ထပ်မံ ပြောကြားလိုက်သည်။
ကျန်းချန်က သိချင်စိတ်ဖြင့် အရှင်ယင်ယွဲ့ကို မေးလိုက်၏။
“ဒီအမြုတေမှာ ထူးခြားတဲ့ အာနိသင်ရှိလို့လား အရှင်ယင်ယွဲ့”
“အမြုတေက သာမန် လူတွေအတွက် သိပ်အသုံးမဝင်ပေမဲ့ အမည်မဲ့အင်မော်တယ်နန်းတော် အတွက်တော့ အရမ်း အရေးကြီးတယ်.. အမည်မဲ့အင်မော်တယ် နန်းတော်ရဲ့ သီးသန့်ထုတ်ကုန် ဖြစ်တဲ့ အမည်မဲ့အင်မော်တယ် နှင်းရည်က ဒီအမြုတေနဲ့ အရမ်းကို နီးစပ်တဲ့ ဆက်စပ်မှုရှိတယ်.. မင်းသာ အမြုတေတွေကို အတိုင်းအတာ တစ်ခု အထိ စုဆောင်းနိုင်မယ်ဆိုရင် ကြီးမားတဲ့ အကျိုးကျေးဇူးတွေကို ရလိမ့်မယ်”
အရှင်ယင်ယွဲ့က ကျန်းချန်ကို ရှင်းပြလိုက်သည်။
မိုကျီချန်က စည်းမျဥ်းများကို မိတ်ဆက်ပေးပြီးနောက်တွင် အောက်ဘက်သို့ ငုံ့ကြည့်ကာ တည်ငြိမ်စွာ ပြောလိုက်သည်။
“အမည်မဲ့အင်မော်တယ် ညီလာခံမှာ ပါဝင်ကြမဲ့ ဌာနခွဲ ဆယ့်ရှစ်ခုက ပါရမီရှင် တပည့်အားလုံး ရှေ့ကို ထွက်လာကြပါ”
မိုကျီချန်၏ စကားကိုကြားလျှင် ဌာနခွဲ ဆယ့်ရှစ်ခုမှ ပါရမီရှင်တပည့်များသည် အသီးသီး ရှေ့ထွက်လာခဲ့ကြသည်။
“အမည်မဲ့အင်မော်တယ်နန်းတော်က မင်းတို့ကို လျှို့ဝှက်နယ်မြေ ထဲမှာ အသက်အန္တရာယ် မဖြစ်စေဖို့ တာဝန်ယူထားပေမဲ့ အရာရာကို သတိထားရလိမ့်မယ်.. အထူးသဖြင့် ဌာနခွဲ(၃)က လူတွေပဲ.. ကဲ သွားကြတော့”
အရှင်ယင်ယွဲ့၏ အလေးအနက် အမှာစကားကို နားထောင်ပြီးသည်နှင့် ကျန်းချန်နှင့် ဌာနခွဲ(၁၈)မှ အခြား ပါရမီရှင် နှစ်ဦးတို့သည် တစ်ဦးပြီး တစ်ဦး ရှေ့ထွက်လာခဲ့ကြသည်။
အမည်မဲ့အင်မော်တယ် နန်းတော်၏ ပင်မနန်းတော်တွင် ကျင်းပသော အမည်မဲ့အင်မော်တယ် ညီလာခံသည် ဌာနခွဲများမှ ပါဝင်သူ အရေအတွက်ကို ကန့်သတ်ထားခြင်း မရှိပေ။
စည်းမျဥ်းအရ ခြေလှမ်းတစ်ဝက် ကောင်းကင်အင်မော်တယ်အဆင့် အနည်းဆုံး ရှိရမည်ဖြစ်ပြီး အသက် ထောင့်ငါးရာအောက် လူငယ်ပါရမီရှင်များသာ ပါဝင်ခွင့်ပြုသည်။
အချို့ ဌာနခွဲများသည် အရည်အချင်း ပြည့်မီသော လူငယ်ပါရမီရှင် အားလုံးနီးပါးကို အမည်မဲ့အင်မော်တယ် ညီလာခံတွင် ပါဝင်ရန် စေလွှတ်ခဲ့ကြသည်။
ထိုအကြောင်းကြောင့်ပင် အမည်မဲ့အင်မော်တယ်ညီလာခံ၌ ပါဝင်သော လူငယ်ပါရမီရှင် အရေအတွက်သည် မနည်းပေ။
အချို့ဌာနများ ဆိုလျှင် ပါဝင်ယှဥ်ပြိုင်မည့်သူ ဆယ်ဦးထက်မက ရှိနေခဲ့၏။
ဌာနခွဲ ဆယ့်ရှစ်ခုကနေ အင်မော်တယ်ဘုရင်၏အမွေအနှစ်နယ်မြေ အတွင်းသို့ ဝင်ရောက်မည့် ပါရမီရှင်တပည့် အရေအတွက်သည် တစ်ရာ သို့မဟုတ် နှစ်ရာခန့် ရှိပေလိမ့်မည်။
အမည်မဲ့အင်မော်တယ် နန်းတော်၏ ဒုတိယ နန်းတော်သခင် မိုကျီချန်သည် အောက်ဘက်ရှိ လူငယ် ပါရမီရှင်များကို ငုံ့ကြည့်လိုက်ပြီးနောက်တွင် သူ၏ လက်ဖဝါးကို ချက်ချင်းဆိုသလို လှုပ်ရှားလိုက်ရာ လေထဲကနေ ကျောက်စိမ်းတံဆိပ်ပြားများ ကျဆင်းလာခဲ့ပြီး လူငယ် ပါရမီရှင်များ၏ လက်ထဲသို့ ကျရောက်သွားခဲ့သည်။
“ဒီကျောက်စိမ်းတံဆိပ်ပြားက လျှို့ဝှက်နယ်မြေရဲ့ ဝင်ခွင့်လက်မှတ်ပဲ.. ကျောက်စိမ်းတံဆိပ်ပြား ကျိုးပျက်သွားတာနဲ့ လျှို့ဝှက်နယ်မြေထဲကနေ နှင်ထုတ်ခံရလိမ့်မယ်.. ဘာမတော်တဆမှုမှ မရှိသရွေ့ ဒီကျောက်စိမ်းတံဆိပ်ပြားက မင်းတို့ကို လျှို့ဝှက်နယ်မြေထဲမှာ တစ်လကြာ နေထိုင်ခွင့် ပေးလိမ့်မယ်.. တကယ်လို့ အန္တရာယ်နဲ့ ကြုံလာခဲ့ရင် မင်းတို့အနေနဲ့ ဒီကျောက်စိမ်းတံဆိပ်ပြားကို ချိုးဖျက်ပြီး လျှို့ဝှက်နယ်မြေထဲကနေ ထွက်လာနိုင်ပါတယ်.. ဒါကြောင့် ဒီကျောက်စိမ်းတံဆိပ်ပြားကို လျှို့ဝှက်နယ်မြေထဲမှာ မင်းတို့ရဲ့ အသက်ကယ်ရတနာ အဖြစ်လည်း မှတ်ယူနိုင်တယ်”
ဒုတိယ နန်းတော်သခင် မိုကျီချန်က ကျောက်စိမ်းတံဆိပ်ပြား၏ လုပ်ဆောင်ချက်ကို ရှင်းပြလိုက်သည်။
ဌာနခွဲ ဆယ့်ရှစ်ခုစလုံးသည် အမည်မဲ့အင်မော်တယ်နန်းတော်၏ ဌာနခွဲများ ဖြစ်သော်လည်း ၎င်းတို့ကြားရှိ ယှဥ်ပြိုင်မှုက အလွန်ပင် ပြင်းထန်သည်။
အမည်မဲ့အင်မော်တယ် နန်းတော်သည် လူငယ်ပါရမီရှင်အားလုံး အတွက် ဤကဲ့သို့ ကျောက်စိမ်းတံဆိပ်ပြားများကို ပြင်ဆင်ပေးထားသည့် အကြောင်းရင်းမှာ လူငယ်ပါရမီရှင်များ အနေဖြင့် အင်မော်တယ်ဘုရင်၏ အမွေအနှစ် နယ်မြေအတွင်း အချင်းချင်း သတ်ဖြတ်ကြမည်ကို မမြင်တွေ့လိုသောကြောင့်ပင်။
လူငယ် ပါရမီရှင်များသာ အင်မော်တယ်ဘုရင်၏ အမွေအနှစ်နယ်မြေ အတွင်း အများအပြား ကျဆုံးသွားမည် ဆိုလျှင် ယင်းသည် အမည်မဲ့အင်မော်တယ်နန်းတော် အတွက် ကြီးမားသော ဆုံးရှုံးမှုတစ်ခု ဖြစ်လာပေလိမ့်မည် မဟုတ်ပါလော။
ကျောက်စိမ်းတံဆိပ်ပြားများကို ဝေငှပေးပြီးနောက်တွင် မိုကျီချန်က တိုက်ရိုက်ပင် ပြောလိုက်သည်။
“ကဲ မင်းတို့တွေအားလုံး.. လျှို့ဝှက်နယ်မြေထဲကို ဝင်ရောက်နိုင်ပြီ”
မိုကျီချန်၏ စကားအဆုံးတွင် ဌာနခွဲ ဆယ့်ရှစ်ခုမှ လူငယ်ပါရမီရှင်များသည် ၎င်းတို့၏ ခန္ဓာကိုယ်များကို အလင်းတန်းများ သဖွယ် ပြောင်းလဲကာ ယဇ်ပလ္လင်ပေါ်ရှိ အစီအရင် ဆီသို့ ဦးတည်ခဲ့ကြသည်။
ကျန်းချန်တို့ လူစု အပါအဝင် လူငယ်ပါရမီရှင် အားလုံးသည် အလွန် လျင်မြန်စွာပင် ယဇ်ပလ္လင်ပေါ်ရှိ အစီအရင် အတွင်းကနေ လုံးဝ ပျောက်ကွယ်သွားကြ၏။
အခန်း(၂၇၇၂)ပြီး၏။