အခန်း ၂၇၇၃
Vol. 218 Ch. 2773
အခန်း(၂၇၇၃)
မိုးထိအောင်မြင့်မားသည့် သစ်ပင်အများအပြား ပေါက်ရောက်နေသည့် သစ်တောကြီး အတွင်း၌ အင်မော်တယ်လောကထက်ပင် ပိုမို ပြင်းထန်သော အင်မော်တယ်အဆီအနှစ် စွမ်းရည်များနှင့် အရှိန်အဝါများ ဖုံးလွှမ်းနေခဲ့သည်။
ရုတ်တရက် တိတ်ဆိတ်နေသော တောအုပ်အတွင်း ဟင်းလင်းပြင် စွမ်းအင်လှိုင်းတစ်ခု ရုတ်တရက် ဖြစ်ပေါ်လာခဲ့သည်။
ချက်ချင်းဆိုသလိုပင် အနက်ရောင်ဝတ်စုံဝတ် လူငယ်တစ်ဦးသည် တောအုပ်အထက်ရှိ ဟင်းလင်းပြင်ကနေ ထွက်ပေါ်လာခဲ့သည်။
ထိုအနက်ရောင်ဝတ်စုံဝတ် လူငယ်မှာ တခြားသူ မဟုတ်ပေ။
အင်မော်တယ်ဘုရင် အမွေအနှစ်နယ်မြေ အတွင်းသို့ ဝင်ရောက်လာသည့် ကျန်းချန်ပင် ဖြစ်သည်။
“ဒါက ရှေးခေတ်ကာလက အင်မော်တယ်ဘုရင်ရဲ့ အမွေအနှစ်နယ်မြေလား”
ကျန်းချန်က ဟင်းလင်းပြင်ကနေ ဆင်းသက်လာပြီးနောက်တွင် ပတ်ဝန်းကျင် အခြေအနေကို အကဲခတ်ကြည့်လိုက်သည်။
သူ၏ မျက်ဝန်းထဲတွင် ထူးဆန်းသော အမူအရာတစ်ခု ယှက်သန်းသွားခဲ့သည်။
“ဝေါင်း..”
ကျန်းချန် မြေပြင်ပေါ်သို့ ခြေချလိုက်သည်နှင့် တစ်ပြိုင်နက် သူ၏ အနောက်ဘက်ရှိ အပင်များ ထူထပ်သော တောအုပ်အတွင်းကနေ ကျားဟိန်းသံ တစ်သံ ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။
ယင်းနောက်တွင် ချက်ချင်းဆိုသလို ကြီးမားသောအနက်အရိပ် တစ်ခုသည် တောနက်ထဲကနေ တိုက်ရိုက် ခုန်ထွက်လာခဲ့သည်။
ခန္ဓာကိုယ် တစ်ခုလုံးတွင် အနက်ရောင်မီးလျှံများ ဖုံးလွှမ်းနေသည့် ဧရာမ ကျားကြီးကို မြင်လိုက်ရလျှင် ကျန်းချန်၏ မျက်ဝန်းများက အနည်းငယ် ကျဥ်းမြောင်းသွားခဲ့၏။
ဧရာမကျားကြီး၏အရှိန်အဝါသည် အားမနည်းဘဲ ကောင်းကင်အင်မော်တယ် ပထမအဆင့်နှင့် ယှဥ်နိုင်သောအဆင့်သို့ ရောက်ရှိနေပြီ ဖြစ်သည်။
ကျန်းချန်က အံ့အားအသင့်ဆုံး ဖြစ်စေသည်မှာ ထိုဧရာမကျားကြီးတွင် သက်ရှိ အငွေ့အသက် လုံးဝ မရှိခြင်းပင်။
ဧရာမကျားကြီးသည် သာမန် သတ္တဝါတစ်ဦးနှင့် လုံးဝ မတူဘဲ ထိုကျားကြီးထံကနေ ပြင်းထန်သော သေခြင်း စွမ်းအင်ကိုပင် သူ ရှင်းလင်းစွာ ခံစားမိခဲ့သည်။
သို့သော်လည်း ဤအခိုက်အတန့်တွင် ကျန်းချန်သည် အလွန်အမင်း တွေးတောမနေတော့ပေ။
သူက လက်ချောင်းမှ ဓားစွမ်းအားဖြင့် ဧရာမကျားကြီးကို ပစ်ခတ်လိုက်သည်။
ဧရာမကျားကြီးသည် ကျန်းချန်၏ ဓားစွမ်းအား ထိမှန်သွားခဲ့ပြီး မြေပြင်ပေါ်သို့ ရုတ်တရက် ပြိုလဲကျသွားခဲ့သည်။
ကျန်းချန်က ဧရာမကျားကြီးကို အကဲခတ်လိုက်ရာ ကျားကြီး၏ ဒန်ထျန် တည်ရှိရာ နေရာတွင် ကြက်ဥ အရွယ်အစားခန့်ရှိ မှိန်ဖျော့ဖျော့ အလင်းများ ထွက်ပေါ်နေသည့် အစိမ်းရင့်ရောင် အမြုတေတစ်ခုကို တွေ့ရှိခဲ့သည်။
အစိမ်းရင့်ရောင် အမြုတေကို ကြည့်ရင်း ကျန်းချန်၏ မျက်ဝန်းများက အနည်းငယ် ကျဥ်းမြောင်းသွားခဲ့သည်။
“ဒါက ငါတို့ စုဆောင်းရမဲ့ အမြုတေပဲ ဖြစ်မယ် ထင်တယ်.. ဒါဆို ဒီဧရာမကျားကြီးက ရှေးဦးအင်မော်တယ်လို့ ခေါ်ကြတဲ့ လျှို့ဝှက်ဆန်းကြယ် သတ္တဝါလား”
ရှေးဦးအင်မော်တယ် ဟူသည့် သတ္တဝါသည် အင်မော်တယ်ဘုရင်၏ အမွေအနှစ်နယ်မြေ ထဲမှ ထူးခြားသော သတ္တဝါ တစ်မျိုး ဖြစ်လိမ့်မည်ဟု မူလက သူထင်မှတ်ခဲ့သည်။
ယခု ကြည့်ရသည်မှာ ရှေးဦး အင်မော်တယ်သည် သူထင်ထားသည်နှင့် အနည်းငယ် ကွဲပြားနေပုံရ၏။
ကျန်းချန်က ချက်ချင်းဆိုသလိုပင် ကျားကြီး၏ ခန္ဓာကိုယ်အတွင်းမှ အစိမ်းရင့်ရောင် အမြုတေကို ချက်ချင်းပင် သိမ်းဆည်းလိုက်ကာ တောအုပ်အတွင်း၌ ဆက်လက် စူးစမ်းခဲ့သည်။
ခဏအကြာတွင် ကျန်းချန်သည် ခြေလှမ်းတစ်ဝက် ကောင်းကင်အင်မော်တယ် အဆင့်ရှိ ဧရာမ မျောက်ဝံကြီးတစ်ကောင်နှင့် တွေ့ဆုံခဲ့သည်။
မျောက်ဝံကြီး၏ ခန္ဓာကိုယ်ကနေ ထွက်ပေါ်လာသော အရှိန်အဝါသည် ဧရာမကျားကြီးနှင့် အတူတူပင် ဖြစ်၏။
ကျန်းချန်က အလွယ်တကူ သတ်ဖြတ်လိုက်ပြီး အကဲခတ်လိုက်ရာ မျောက်ဝံ့၏ ခန္ဓာကိုယ် အတွင်း၌ အစိမ်းရင့်ရောင်အမြုတေတစ်ခု ရှိနေသည်ကို တွေ့ရှိခဲ့သည်။
ဤမြင်ကွင်းကို မြင်လိုက်ရလျှင် ဧရာမကျားကြီးနှင့် ဧရာမမျောက်ဝံကြီး တို့သည် သူတို့ အမဲလိုက်ရန် လိုအပ်သည့် ရှေးဦး အင်မော်တယ်ဟု ခေါ်ဝေါ်ကြသည့် လျှို့ဝှက်ဆန်းကြယ်သည့် သတ္တဝါများ ဖြစ်သည်မှာ သေချာသလောက် ရှိသွားခဲ့ချေပြီ။
ရှေးဦးအင်မော်တယ်ဟု ခေါ်ဝေါ်ခြင်းမှာ တကယ်တမ်းတွင် သားရဲ တစ်မျိုးတည်းကိုသာ ရည်ညွှန်းခြင်း မဟုတ်ပေ။
သူ၏ ခန့်မှန်းချက်သာ မမှားလျှင် အင်မော်တယ်ဘုရင်၏ အမွေအနှစ် နယ်မြေသည် တစ်စုံတစ်ရာသော ပြောင်းလဲမှုကြီး တစ်ခုကို ကြုံတွေ့ခဲ့ပုံ ရသည်။
ထိုအပြောင်းအလဲသည် ဤနေရာတွင် နေထိုင်ကြသော သတ္တဝါအားလုံးကို အပြောင်းအလဲများ ဖြစ်ပေါ်စေခဲ့ကာ ရှေးဦး အင်မော်တယ်ဟု ခေါ်ဆိုကြသည့် လျှို့ဝှက်ဆန်းကြယ်သော သတ္တဝါများ ဖြစ်လာစေခဲ့ခြင်း ဖြစ်ပုံရ၏။
“တကယ်ကို စိတ်ဝင်စားဖို့ကောင်းတဲ့ အင်မော်တယ်ဘုရင်ရဲ့ အမွေအနှစ်နယ်မြေပါလား”
ကျန်းချန်က တစ်ကိုယ်တည်း တီးတိုးရေရွတ်လိုက်ပြီးနောက်တွင် မျောက်ဝံကြီး၏ ခန္ဓာကိုယ်အတွင်းမှ အစိမ်းရင့်ရောင် အမြုတေကို ချက်ချင်းဆိုသလို သိမ်းဆည်းလိုက်ကာ အမွေအနှစ်နယ်မြေ အတွင်း ဆက်လက် စူးစမ်းခဲ့သည်။
ယင်းနောက်တွင် ကျန်းချန်သည် ရှေးဦးအင်မော်တယ်ဟု ခေါ်သည့် လျှို့ဝှက်ဆန်းကြယ်သည့် သားရဲ အတော်များများကို တစ်ကောင်ပြီး တစ်ကောင် သတ်ဖြတ်ခဲ့သည်။
ရှေးဦးအင်မော်တယ် အများစုမှ ကောင်းကင်အင်မော်တယ် ပထမအဆင့်နှင့် စတုတ္ထအဆင့်မျှသာ ရှိ၍ ကျန်းချန်သည် ၎င်းတို့ကို အလွယ်တကူပင် သတ်ဖြတ်နိုင်ခဲ့သည်။
သို့သော် လမ်းတစ်လျှောက်တွင် ကျန်းချန်သည် အမည်မဲ့အင်မော်တယ် နန်းတော်၏ ဌာနခွဲ ဆယ့်ရှစ်ခုမှ မည်သည့် လူငယ်ပါရမီရှင်နှင့်မျှ မတွေ့ခဲ့ချေ။
ထိုအချက်ကို ကြည့်ခြင်းအားဖြင့် အင်မော်တယ်ဘုရင်၏ အမွေအနှစ်နယ်မြေသည် အလွန်တရာ ကျယ်ပြောသည်မှာ ထင်ရှား၏။
အင်မော်တယ်ဘုရင်၏ အမွေအနှစ်နယ်မြေ အတွင်း အတန်ကြာ စူးစမ်းပြီးနောက်တွင် အဆုံးသတ်၌ တိုက်ခိုက်သံများကို ကြားလိုက်ရသည်။
ကျန်းချန်၏ မျက်ဝန်းများက တောက်ပသွားခဲ့ပြီး တိုက်ခိုက်သံ ထွက်ပေါ်လာရာ အရပ်ဆီသို့ တိုက်ရိုက်ပင် ဦးတည်လာခဲ့သည်။
မကြာမီမှာပင် လျှို့ဝှက်ဆန်းကြယ်သော လိုဏ်ဂူတစ်ခုက ကျန်းချန်၏ မြင်ကွင်းထဲ ပေါ်လာခဲ့သည်။
လိုဏ်ဂူအဝင်ဝတွင် အပြာရောင်ဝတ်စုံဝတ် လူငယ်တစ်ဦးသည် ကြွက်ပုံသဏ္ဌာန်ရှိပြီး ခေါင်းပေါ်တွင် ဦးချိုတစ်ချောင်း ပေါက်နေသည့် ရှေးဦးအင်မော်တယ် သုံးကောင်နှင့် တိုက်ခိုက်နေခဲ့သည်။
ထိုရှေးဦးအင်မော်တယ် သုံးကောင်၏ စွမ်းရည်သည် အားမနည်းပေ။
၎င်းတို့ထဲမှ တစ်ကောင်သည် ကောင်းကင်အင်မော်တယ် တတိယ အဆင့်သို့ပင် ရောက်ရှိနေပြီး အခြားနှစ်ကောင်မှာ ကောင်းကင်အင်မော်တယ် ဒုတိယအဆင့်သို့ ရောက်ရှိနေပြီဖြစ်သည်။
ကောင်းကင်အင်မော်တယ် ပထမအဆင့် ကျင့်ကြံသူ ဖြစ်သည့် အပြာရောင်ဝတ်စုံဝတ် လူငယ်သည် တိုက်ခိုက်ရေးစွမ်းရည် ကောင်းမွန်သော်လည်း ရှေးဦးအင်မော်တယ် သုံးကောင်၏ တိုက်ခိုက်မှုအောက်တွင် အတော်လေး ရုန်းကန်နေရပြီး အခြေအနေ ဆိုးရွားနေခဲ့သည်။
“ဒီက မိတ်ဆွေလေး.. ငါက ဌာနခွဲ(၈)က ရှကျီပါ.. ဒီရှေးဦးအင်မော်တယ်တွေကို ငါနဲ့ ပူးပေါင်းပြီး ရင်ဆိုင်ပေးနိုင်မလား.. တကယ်လို့ ငါနဲ့ ပူးပေါင်းမယ်ဆိုရင် ခဏနေရင် ရလာမဲ့ အရာတွေကို မင်းနဲ့ငါ ခွဲဝေယူကြတာပေါ့”
ကျန်းချန် ရောက်ရှိလာသည်ကိုမြင်လျှင် အပြာရောင်ဝတ်စုံဝတ် လူငယ်သည် ချက်ချင်းပင် ကျန်းချန်ကို အကူအညီတောင်းခံလိုက်သည်။
သူက ဌာနခွဲ(၈)မှ ကောင်းကင်အင်မော်တယ် ပထမအဆင့်ပါရမီရှင် ဖြစ်သော်လည်း သူ၏ ပါရမီသည် သာမန်ထက် အနည်းငယ်သာ မြင့်မားသည်။
သူ၏ ကောင်းကင်အင်မော်တယ် ပထမအဆင့် စွမ်းရည်ဖြင့်သာဆိုလျှင် အလွန်ဆုံး ကောင်းကင်အင်မော်တယ် တတိယအဆင့်နှင့် ညီမျှသည့် တိုက်ခိုက်ရေးစွမ်းရည်ကိုသာ ထုတ်ဖော်နိုင်လိမ့်မည် ဖြစ်သည်။
ယခုအခါ ရှေးဦးအင်မော်တယ် သုံးကောင်၏ ဝိုင်းရံတိုက်ခိုက်မှုနှင့် ရင်ဆိုင်နေရသည် ဖြစ်ရာ သူ့အတွက် အင်အားချင်း မမျှမတ ဖြစ်နေခဲ့သည်။
ကျန်းချန်၏ စွမ်းရည်ကို အတိအကျ သူ မသိသော်လည်း ဤနေရာသို့ ဝင်ရောက်နိုင်သူများသည် ဌာနခွဲ ဆယ့်ရှစ်ခုမှ ပါရမီရှင်များ ဖြစ်ကြ၍ ၎င်းတို့၏ စွမ်းရည်သည် အလွန်အမင်း ညံ့ဖျင်းနေလိမ့်မည်တော့ မဟုတ်ပေ။
ကျန်းချန်က ရှေးဦးအင်မော်တယ် တစ်ကောင်ကို ရင်ဆိုင်ပေးနိုင်လျှင်ပင် သူ့အတွက် များစွာ သက်သာစေမည် ဖြစ်သည်။
သို့မဟုတ်လျှင် ယနေ့တွင် သူ့အနေဖြင့် အသက်ကယ် ကျောက်စမ်းတံဆိပ်ပြားကို ချိုးဖျက်ကာ လျှို့ဝှက်နယ်မြေထဲကနေ အချိန်မတိုင်မီ ထွက်သွားရပေတော့မည်။
သူက လျှို့ဝှက်နယ်မြေထဲသို့ ဝင်ရောက်လာသည်မှာ နေ့တစ်ဝက်ပင် မရှိသေး၍ စူးစမ်းရန် အချိန်မရသေးသလို အခွင့်အလမ်း တစ်စုံတစ်ရာလည်း မရရှိသေးပေ။
သို့ဖြစ်ရာ အပြာရောင်ဝတ်စုံဝတ် လူငယ်သည် မည်ကဲ့သို့ အရှုံးပေး၍ ထွက်ခွာလိုပါမည်နည်း။
ကျန်းချန်က အနည်းငယ် စဥ်းစားလိုက်ပြီးမှ အဆုံးသတ်တွင် ဝင်ရောက် ကူညီပေးရန် ဆုံးဖြတ်လိုက်သည်။
သူက ကောင်းကင်အင်မော်တယ် ဒုတိယအဆင့်ရှိ ရှေးဦးအင်မော်တယ် နှစ်ကောင်ထဲမှ တစ်ကောင်ကို လက်သီးဖြင့် ထိုးလိုက်ရာ ထိုရှေးဦးအင်မော်တယ်၏ ခန္ဓာကိုယ်က ပေါက်ကွဲသွားခဲ့သည်။
ထို့နောက်တွင် ချက်ချင်းဆိုသလိုပင် ကျန်းချန်သည် ကောင်းကင်အင်မော်တယ် ဒုတိယအဆင့် ရှေးဦးအင်မော်တယ် နောက်ထပ်တစ်ကောင်ကို လက်သီး တစ်ချက်တည်းဖြင့်ပင် ချေမှုန်းပစ်လိုက်သည်။
ကျန်းချန်က လက်သီး နှစ်ချက်မျှဖြင့် ကောင်းကင်အင်မော်တယ် ဒုတိယအဆင့်ရှိ ရှေးဦး အင်မော်တယ် နှစ်ကောင်ကို အလွယ်တကူ သတ်ဖြတ်လိုက်သည်အား မြင်လျှင် အပြာရောင်ဝတ်စုံဝတ် လူငယ်သည် သက်ပြင်းမချဘဲ မနေနိုင်တော့ပေ။
ကောင်းကင်အင်မော်တယ်ဒုတိယအဆင့်ရှိ ရှေးဦးအင်မော်တယ်ကို တိုက်ကွက်တစ်ကွက်တည်းဖြင့် သတ်ဖြတ်နိုင်သော ထိုလူငယ်၏ စွမ်းရည်သည် သူ့ထက် မညံ့လောက်ဟု သူတွေးမိလိုက်သည်။
ကျန်းချန်က ကောင်းကင်အင်မော်တယ် ဒုတိယအဆင့်ရှိ ရှေးဦးအင်မော်တယ် နှစ်ကောင်ကို ရှင်းပစ်လိုက်သဖြင့် အပြာရောင်ဝတ်စုံဝတ် လူငယ်အပေါ်တွင် ကျရောက်နေသော ဖိအားများသည် ချက်ချင်းပင် လျော့ပါးသွားခဲ့သည်။
သူက နောက်ဆုံး ကျန်ရှိသည့် ကောင်းကင်အင်မော်တယ် တတိယအဆင့် ရှေးဦးအင်မော်တယ်ကို အစွမ်းကုန်တိုက်ခိုက်လိုက်ရာ သိပ်မကြာမီမှာပင် ထိုရှေးဦးအင်မော်တယ်သည် အောက်စည်းသို့ ရောက်ရှိသွားခဲ့သည်။
တိုက်ကွက်ဆယ်ကွက်ခန့် တိုက်ခိုက်ပြီးနောက်တွင် အပြာရောင်ဝတ်စုံဝတ် လူငယ်သည် တလော့အဆင့် နည်းစနစ်တစ်ခုကို အသုံးပြုကာ အဆုံးသတ်၌ ကောင်းကင်အင်မော်တယ်တတိယအဆင့် ရှေးဦးအင်မော်တယ်ကို သတ်ဖြတ်နိုင်ခဲ့၏။
အပြာရောင်ဝတ်စုံဝတ် လူငယ်က ရှေးဦးအင်မော်တယ်ကို သတ်ဖြတ်လိုက်ပြီးနောက်တွင် ကျန်းချန်ကို အလျင်အမြန်ပင် ဂါဝရပြုကာ နှုတ်ဆက်လိုက်သည်။
“မိတ်ဆွေရဲ့ အသက်ကယ်တင်ပေးမှုကို ရှကျီ ကျေးဇူးတင်ပါတယ်.. ဒါနဲ့ ဘယ်ဌာနခွဲကလည်း ဆိုတာ သိခွင့်ရှိမလား”
ကျန်းချန်က ပေါ့ပေါ့ပါးပါးပင် ပြန်ဖြေလိုက်သည်။
“ငါက ဌာနခွဲ(၁၈)က ကျန်းချန်ပါ”
ထိုအခိုက်အတန့်တွင် ရှကျီသည် တစ်စုံတစ်ရာကို ချက်ချင်းဆိုသလို အမှတ်ရသွားခဲ့ပြီး အံ့အားသင့်သော အမူအရာဖြင့် ကျန်းချန်ကို ကြည့်ကာ ပြောလိုက်သည်။
“မင်းက ရန်လီကို လက်သီး တစ်ချက်တည်းနဲ့ နောက်ဆုတ်သွားအောင် လုပ်ခဲ့တဲ့သူလား”
ဌာနခွဲ(၁၈)တွင် အလွန်တရာ ထူးချွန်သော ပါရမီရှင် တစ်ဦး ပေါ်ထွက်လာခဲ့ပြီး အမည်မဲ့အင်မော်တယ် မြို့တော်၏ အပြင်ဘက်တွင် ဌာနခွဲ(၃)မှ ရန်လီကို လက်သီး တစ်ချက်တည်းဖြင့် နောက်ဆုတ်သွားစေခဲ့သည့် အကြောင်းသည် အမည်မဲ့အင်မော်တယ်မြို့တော် အတွင်း ပျံ့နှံ့နေခဲ့ပြီ ဖြစ်ရာ ရှကျီသည်လည်း ထိုအကြောင်းကို ကြားသိထားခဲ့သည်။
သူ လျှို့ဝှက်နယ်မြေထဲတွင် ပထမဆုံး တွေ့ဆုံခဲ့သူက ဌာနခွဲ(၁၈)မှ ထူးချွန်သော ပါရမီရှင် ဖြစ်နေလိမ့်မည်ဟု ရှကျီ လုံးဝ ထင်မှတ်မထားခဲ့ပေ။
အခန်း(၂၇၇၃)ပြီး၏။